အခန်း (၂၃၃-၂၃၄)
Vol. 24 Ch. 233-234
အခန်း (၂၃၃)
ဝါဂွမ်းရောင် Lamborghini Aventador လေးက ကျယ်ပြောလှတဲ့ ဂျာယူရို အမြန်လမ်းမပေါ်မှာ အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေတယ်။
ကျွန်တော် ဘေးခုံမှာ ထိုင်နေရင်း ကားမောင်းနေတဲ့ မျက်မှန်အမည်းတပ်ထားတဲ့ ဆံပင်အညိုရောင်နဲ့ မိန်းမလှလေးကို မေးလိုက်တယ်။
"မောင်းရတာ ဘယ်လိုနေလဲ"
"သုံးထားတဲ့ပစ္စည်းတွေကတော့ ဒါလေးက ပိုကောင်းတာ သေချာတယ်"
"ဥက္ကဌ လင်ဂျင်ယုံ ကို ပြောပြီး လဲလိုက်ရမလား။ သူ အကုန်လုံးတော့ ရောင်းမပစ်သေးလောက်ဘူး။ ကောင်းကောင်းမွန်မွန် ပြောရင် သူ လဲပေးမှာပါ"
သူက ခဏလောက် စဉ်းစားနေပုံရပြီးမှ ပြတ်ပြတ်သားသား ပြောလိုက်တယ်။
"တော်ပါပြီ။ ငါကတော့ Ferrari မောင်းရတာကိုပဲ ပိုသဘောကျတယ်"
"ဘာဖြစ်လို့လဲ"
"အဲဒါက ပြောပြရခက်တဲ့ ခံစားချက်မျိုး ရှိလို့လေ။ ပြီးတော့ အပေါ်က အမိုးလည်း ဖွင့်လို့ရတယ်။ ရာသီဥတုကလည်း ပူလာပြီဆိုတော့ အမိုးဖွင့်ပြီး မောင်းရတဲ့ အရသာကို ခံစားကြည့်ချင်တယ်လေ"
အယ်လီ က Ferrariကို အမိုးဖွင့်ပြီး မောင်းနေတဲ့ ပုံရိပ်ကို ကျွန်တော် မြင်ယောင်ကြည့်မိတယ်။ သူက Ferrariနဲ့ အရမ်းလိုက်ဖက်လွန်းလို့ Ferrariရဲ့ မော်ဒယ်လ်တစ်ယောက်တောင် ကျနေတာပဲ။ ဘေးမှန်ကနေ လှမ်းကြည့်လိုက်တော့ သက်တော်စောင့်တွေ လိုက်ပါလာတဲ့ အမည်းရောင် Sedanကားတွေက ကျွန်တော်တို့နောက်ကနေ ကပ်လိုက်လာတာကို တွေ့ရတယ်။
အယ်လီ က ပြောတယ်။
"သူ့ကို အမြန်ရှာတွေ့လို့ တော်သေးတာပေါ့။ ဒါနဲ့ သူ အခု ဘာလုပ်နေတာလဲ"
"ပါဂျူ မှာ ပီဇာဆိုင် ဖွင့်ထားတယ်လို့ သိရတယ်"
ဒါကြောင့်ပဲ ကျွန်တော်တို့ အလုပ်ကနေ တန်းပြီး သွားနေကြတာပေါ့။ ကျွန်တော် ပါဂျူကို သွားမယ်လို့ ပြောတော့ အယ်လီကလည်း လိုက်ခဲ့မယ်ဆိုပြီး ဇွတ်ပြောနေတာနဲ့ အစ်မ ဟျွန်းဂျူး ရဲ့ ကားကိုယူပြီး လာခဲ့လိုက်တာပါ။
တက်ဂယူ ကတော့ ဒီနေ့ အစ်မ ဟျွန်းဂျူးနဲ့အတူ သူ့မိဘတွေအိမ်ကို သွားရမှာမလို့ မလိုက်နိုင်ခဲ့ဘူး။
"ဒါပေမဲ့ ဂျင်ဟူ က ဒီလိုမျိုး လိုက်ရှာတယ်ဆိုတော့ သူက လူကောင်းတစ်ယောက် ဖြစ်မှာပဲနော်"
"ဟုတ်တယ်။ သူက လူကောင်းတစ်ယောက်ပါ"
စစ်တပ်ထဲက စီနီယာတွေကို အမျိုးအစား နှစ်မျိုး ခွဲလို့ရတယ်။ စစ်တပ်က ထွက်ပြီးရင် နောက်တစ်ခါ ဘယ်တော့မှ မတွေ့ချင်တော့တဲ့သူတွေနဲ့ သေချာပေါက် ပြန်တွေ့ချင်တဲ့သူတွေ ဆိုပြီးတော့ပေါ့။
ပြန်တွေ့ချင်တဲ့သူတွေကိုလည်း နောက်ထပ် အမျိုးအစား နှစ်မျိုး ထပ်ခွဲလို့ရသေးတယ်။ လက်သီးနဲ့ ထိုးချင်တဲ့သူတွေနဲ့ အရက်အတူတူ သောက်ချင်တဲ့သူတွေ ဆိုပြီးတော့ပေါ့။
ကင်ဂျေဟတ် ကတော့ သေချာပေါက် အရက်အတူတူ သောက်ချင်တဲ့ အမျိုးအစားထဲကပါ။
ဂျာယူရို အမြန်လမ်းကနေ ထွက်ပြီး မြို့ထဲကို ဝင်လိုက်တာနဲ့ လူတွေရဲ့ အကြည့်တွေက ကျွန်တော်တို့ဆီ ရောက်လာတာကို ခံစားရတယ်။ ဒီဘက်ခေတ်မှာ နိုင်ငံခြားကားတွေ အများကြီး ရှိလာပြီ ဆိုပေမဲ့ Ferrariတို့ Lamborghinisတို့လို စူပါကားတွေကို မြင်ရဖို့ကတော့ မလွယ်ဘူးလေ။
အယ်လီ က ကားကို အနားက အများသုံး ကားပါကင်မှာ ရပ်လိုက်တယ်။ ကျွန်တော်တို့ လမ်းကြားလေးထဲကို လမ်းလျှောက်ဝင်ခဲ့ကြပြီး အရပ်ဝတ်ဝတ်ထားတဲ့ သက်တော်စောင့်တွေကတော့ ကျွန်တော်တို့ နောက်ကနေ နည်းနည်းလှမ်းပြီး လိုက်လာကြတယ်။
ခဏနေတော့ ကျွန်တော်တို့ လမ်းလျှောက်တာကို ရပ်လိုက်ကြတယ်။
"ဒီမှာလား"
"ဒီမှာထင်တာပဲ"
ဆိုင်းဘုတ်မှာ 'Meister Pizza' လို့ ရေးထားတယ်။
အဲဒါက ဒီဘက်ခေတ်မှာ နာမည်ကြီးနေတဲ့ ပီဇာ Franchise တစ်ခုပါပဲ။ ရုပ်မြင်သံကြား ဖွင့်လိုက်ရင် နာမည်ကြီး အနုပညာရှင်တွေနဲ့ ကြော်ငြာနေတာကို တွေ့ရပါလိမ့်မယ်။ Franchiseအသစ် ဖြစ်ပေမဲ့ ဆိုင်ခွဲတွေ အမြန် တိုးချဲ့နေတာပါ။
မကြာသေးခင်က ကုမ္ပဏီနားမှာလည်း ဆိုင်အကြီးကြီး တစ်ဆိုင် ဖွင့်ခဲ့တယ် ထင်တာပဲ။ တက်ဂယူ က တစ်ခါ မှာစားဖူးပြီး အရသာ တော်တော်ကောင်းတယ်လို့ ပြောခဲ့သေးတယ်။
ကျွန်တော်တို့ ဆိုင်ထဲဝင်ဖို့ လုပ်နေတုန်းမှာပဲ လူတစ်ယောက်က ဆေးလိပ်သောက်ဖို့ အပြင်ထွက်လာတယ်။ သူက အရပ် ၁၇၅ စင်တီမီတာလောက် ရှိပြီး မေးရိုးချွန်ချွန်၊ ဖော်ရွေတဲ့ မျက်လုံးတွေ၊ ဆံပင်တိုတိုနဲ့ နဖူးက နည်းနည်း ကျယ်ပါတယ်။
သူ့မျက်လုံးတွေက ကျွန်တော့်ဆီ ရောက်လာတဲ့အခါ သူ တုန်လှုပ်သွားပြီး ကိုင်ထားတဲ့ ဆေးလိပ်ကိုတောင် လွှတ်ချလိုက်မိတယ်။
"မ-မဟုတ်မှလွဲရော ကန်ဂျင်ဟူ များလား"
ကျွန်တော် ပြုံးပြီး ပြောလိုက်တယ်။
"မတွေ့တာ ကြာပြီနော်"
သူက ကျွန်တော့်ဆီကို ခြေထောက် ထော့နဲ့ထော့နဲ့နဲ့ လျှောက်လာတယ်။
"ဟေ့… ကန်ဂျင်ဟူ။ မင်း ဒီကို ဘယ်လိုရောက်လာတာလဲ"
ကျွန်တော် ပြုံးပြီး ပြန်ပြောလိုက်တယ်။
"စစ်တပ်က ထွက်ရင် လာရှာပါလို့ ပြောခဲ့တယ် မဟုတ်လား"
သူက ဘောင်းဘီရှည် ဝတ်ထားတာမလို့ မမြင်ရပေမဲ့ သူ့ရဲ့ ညာဘက်ခြေထောက်က ခြေတု ဖြစ်နေမှာ သေချာပါတယ်။ သူက အရင်ကထက် အများကြီး ပိန်သွားတယ်။ အရင်တုန်းကတော့ သူက လေ့ကျင့်ခန်းတွေ လုပ်ပြီး ဖြည့်စွက်စာတွေ စားတာကြောင့် ကြွက်သားတွေနဲ့ ရှိခဲ့တာပါ။
သူက ဝမ်းသာအားရ ဖြစ်နေရင်း ကျွန်တော့်ဘေးကို ကြည့်လိုက်တယ်။
"ဒါက ဘယ်သူလဲ"
"ကျွန်တော့်ရဲ့ ချစ်သူပါ"
"အာ…. မင်းရဲ့ ချစ်သူလား…"
သူ့မျက်နှာမှာ အံ့သြမှုနဲ့ အားကျမှုတွေ ပြည့်နှက်သွားတယ်။
"သူက နိုင်ငံခြားသူလား"
"သူက ကိုရီးယားစကား ကောင်းကောင်း တတ်တာမလို့ စိတ်မပူပါနဲ့"
အယ်လီ က ပြုံးပြီး နှုတ်ဆက်လိုက်တယ်။
"မင်္ဂလာပါရှင်။ ဂျင်ဟူ က ရှင်နဲ့ပတ်သက်ပြီး ကျွန်မကို အများကြီး ပြောပြဖူးပါတယ်။ ကျွန်မနာမည်က အယ်လီ ပါ"
"ဟုတ်ကဲ့၊ မင်္ဂလာပါ။ ကျွန်တော်က ကင်ဂျေဟတ် ပါ၊ ဂျင်ဟူ ရဲ့ စီနီယာပါ"
စီနီယာကင်ဂျေဟတ် က ဝမ်းသာအားရ ပြောတယ်။
"ညစာ မစားရသေးဘူး မဟုတ်လား။ ငါ ပီဇာ လုပ်ပေးမယ်၊ ဆိုင်ထဲ ဝင်ခဲ့ကြပါ"
သက်တော်စောင့်တွေက အပြင်မှာ စောင့်နေကြပြီး ကျွန်တော်တို့ ဆိုင်ထဲကို ဝင်ခဲ့ကြတယ်။
ဆိုင်က စားပွဲ ခြောက်လုံးလောက်ပဲ ရှိတဲ့ ဆိုင်အသေးလေး တစ်ဆိုင်ပါပဲ။ ဆိုင်ရဲ့ အတွင်းပိုင်းနဲ့ ပရိဘောဂတွေက သန့်ရှင်းနေတာကြောင့် ဖွင့်တာ သိပ်မကြာသေးဘူးလို့ ထင်ရတယ်။
ကျွန်တော်တို့ ထိုင်နေတုန်း သူက ကျွမ်းကျင်စွာနဲ့ ပီဇာ စလုပ်တော့တယ်။ အဖွင့်မီးဖိုချောင် ပုံစံမျိုးမလို့ သူ လုပ်နေတာကို မြင်နေရပါတယ်။
အယ်လီ က ကျွန်တော့်ကို အသံတိုးတိုးနဲ့ ပြောတယ်။
"ဘာဖြစ်လို့လဲ။ ဂျင်ဟူ။ နင့်ရဲ့ လေသံက စောစောကတည်းက နည်းနည်း တောင့်တောင့်ကြီး ဖြစ်နေတယ်နော်"
"အာ…"
စစ်တပ်ထဲက စီနီယာနဲ့ တွေ့လိုက်တာကြောင့် ကျွန်တော်လည်း မသိစိတ်ကနေ စစ်တပ်သုံး စကားလုံးတွေကို သုံးမိသွားပုံပဲ။ အလေ့အထဆိုတာ တကယ်ပဲ ကြောက်ဖို့ကောင်းတာလား။
ပူပူနွေးနွေး ပီဇာက စားပွဲပေါ် ရောက်လာတယ်။ အရသာက တော်တော်လေး ကောင်းပါတယ်။
ကျွန်တော်တို့ ပီဇာစားရင်း အမျိုးမျိုးသော အကြောင်းအရာတွေကို ပြောခဲ့ကြတယ်။
"မင်းကို ရုပ်မြင်သံကြားမှာ မြင်လိုက်ရတုန်းက ငါ နှလုံးရပ်မတတ် ဖြစ်သွားသေးတယ်။ တပ်ဖွဲ့ထဲက လူတိုင်းလည်း အဲဒီလိုပဲ ဖြစ်မှာ သေချာတယ်"
တကယ်လည်းပဲ စစ်တန်းလျားထဲမှာ အတူတူ စားအတူတူ အိပ်ခဲ့တဲ့ ရဲဘော်တစ်ယောက်က ဧရာမ ကော်ပိုရေးရှင်းကြီးတစ်ခုရဲ့ စီအီးအို ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
စီနီယာ ကင်ဂျေဟတ် က ပြုံးတယ်။
"စဉ်းစားကြည့်ရင် ငါ့အတွက်လည်း အတူတူပါပဲ။ ရုပ်မြင်သံကြားမှာ မသန်စွမ်းသူတွေကို မြင်ရတဲ့အခါ တခြားလူတွေဆီမှာ ဖြစ်ပျက်နေတာလို့ပဲ ခံစားခဲ့မိတာလေ။ ငါကိုယ်တိုင် ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး"
စဉ်းစားကြည့်ရင် ဒါက ထူးဆန်းတဲ့ အရာတစ်ခုပါပဲ။
ကျွန်တော်တို့က နေရာတစ်ခုထဲမှာ မတော်တဆမှု တစ်ခုထဲကို ကြုံတွေ့ခဲ့ကြတာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ အနာဂတ်ကို ကြိုမြင်နိုင်တဲ့ စွမ်းအားကို ရရှိခဲ့ပြီး သူကတော့ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရတယ်။
အဲဒီအချိန်ကစပြီး ကျွန်တော်တို့ နှစ်ယောက်စလုံးရဲ့ ဘဝတွေက သိသိသာသာ ပြောင်းလဲသွားခဲ့တာလေ။
"မတော်တဆမှု ဖြစ်ပြီးတော့ ကျွန်တော်လည်း စစ်ဆေးရုံမှာ တစ်လလောက် နေခဲ့ရသေးတယ်။ တပ်ဖွဲ့ကို ပြန်ရောက်မှ သတင်းကြားရတာ။ အဲဒီအချိန်ကစပြီး ဘာတွေ လုပ်နေခဲ့တာလဲ"
ကျွန်တော်တို့က မတူညီတဲ့ စစ်ဆေးရုံတွေကို ပြောင်းရွှေ့ခံခဲ့ရတာပါ။ ကျွန်တော်က အကောင်းတိုင်း ရှိနေခဲ့ပေမဲ့ သူ့အခြေအနေကတော့ ပြင်းထန်ခဲ့တယ်။
စီနီယာ ကင်ဂျေဟတ် က စစ်ဆေးရုံမှာ ကုသမှု ခံယူခဲ့တာတွေနဲ့ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခဲ့တာတွေကို ပြောပြတယ်။
" နစ်နာကြေး ရခဲ့ရဲ့လား"
"နစ်နာကြေးကတော့ အဆင့်အလိုက် ကွဲပြားတာပေါ့။ ဒါပေမဲ့ မသန်စွမ်းမှု စစ်ဆေးတာတွေ ပြီးသွားတော့ မသန်စွမ်း နစ်နာကြေး ရပါတယ်"
"ဘယ်လောက်လဲ"
"ဝမ် ရှစ်သန်း"
အဲဒီစကားကြောင့် အယ်လီ ရဲ့ မျက်လုံးတွေက အံ့သြမှုနဲ့ ဝိုင်းသွားတယ်။
"ခဏလေးပါ။ ဝမ် ရှစ်သန်း ဟုတ်လား။ ဒေါ်လာ ရှစ်သန်းလို့ ပြောတာ မဟုတ်ဘူးလား"
တကယ်လို့ အလားတူ မတော်တဆမှုမျိုး အမေရိကန်စစ်တပ်မှာ ဖြစ်ခဲ့ရင် နစ်နာကြေး ဒေါ်လာ ရှစ်သန်း ရတာက ထူးဆန်းမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဒါက တောင်ကိုရီးယားလေ။
တပ်သားတစ်ယောက်ရဲ့ ခြေထောက်တန်ဖိုးက ဝမ်ရှစ်သန်းပဲ ရှိတာပါ။ ဒါကိုတောင် အများကြီး ပေးတယ်လို့ စစ်တပ်က ယူဆနေကြလောက်ဦးမယ်။
အယ်လီ က အော်ပြောသလိုမျိုး ပြောလိုက်တယ်။
"ဒါက မယုံနိုင်စရာပဲ။ ဘာလို့ ကိုရီးယားက နိုင်ငံအတွက် တာဝန်ထမ်းဆောင်ရင်း ဒဏ်ရာရခဲ့တဲ့ စစ်သားတွေကို ဒီလိုမျိုး ဆက်ဆံရတာလဲ"
ဒါကို ကျွန်တော်လည်း မေးချင်တာပါပဲ။
တကယ်လို့ နိုင်ငံမှာ တကယ်ပဲ ငွေမရှိတာဆိုရင် ကျွန်တော် နားလည်ပေးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ တောင်ကိုရီးယားက ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ အဆင့်အတန်းထဲကို ရောက်နေပြီဖြစ်ပြီး ဥရောပနိုင်ငံ အများစုထက်တောင် ပိုပြီး ချမ်းသာနေပြီလေ။
ဒါကြောင့် ဒါက ငွေကြေးပြဿနာ မဟုတ်ဘဲ အမြင်နဲ့ စေတနာရဲ့ ပြဿနာပါ။ စစ်သားတွေက နိုင်ငံအတွက် အနစ်နာခံတာက သဘာဝကျတယ်၊ ဒါကြောင့် ဘာလို့ သူတို့ကို နစ်နာကြေး ပေးနေရမှာလဲ ဆိုတဲ့ အတွေးအခေါ်မျိုးပေါ့။
"တခြား နစ်နာကြေးတွေကော ရသေးလား"
"အဲဒါက နိုင်ငံတော်ရဲ့ နောက်ဆုံး နစ်နာကြေးပဲ"
သူက ကျွန်တော်တို့ကို ရှင်းပြတယ်။
ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုကနေရတဲ့ မသန်စွမ်း နစ်နာကြေးကို တစ်ကြိမ်ပဲ ပေးတာပါ။ ပြီးတော့ တပ်သားသစ်တွေက အမြဲတမ်း စစ်မှုထမ်းတွေ မဟုတ်တာကြောင့် စစ်မှုထမ်း ပင်စင်ရဖို့ အရည်အချင်း မပြည့်မီကြဘူး။ ဒါကြောင့် သူတို့က ဒဏ်ရာရ ပင်စင် ဒါမှမဟုတ် နိုင်ငံတော်ဂုဏ်ထူးဆောင် ပင်စင်တွေကိုလည်း မရနိုင်ကြဘူးလေ။
ပိုပြီးတော့ ရယ်စရာကောင်းတာက မြောက်ကိုရီးယားရဲ့ စိန်ပြောင်းဒဏ်ကြောင့် ဒဏ်ရာရရင် တိုက်ပွဲဝင်ဒဏ်ရာအဖြစ် သတ်မှတ်ပြီး တောင်ကိုရီးယားရဲ့ စိန်ပြောင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရင်တော့ တာဝန်ထမ်းဆောင်ရင်း ရတဲ့ဒဏ်ရာအဖြစ် သတ်မှတ်တာကြောင့် နစ်နာကြေး လျော့နည်းသွားတာပါပဲ။ ဒါကြောင့် ဒဏ်ရာရမယ်ဆိုရင် မြောက်ကိုရီးယားကြောင့် ဒဏ်ရာရတာက နစ်နာကြေး နည်းနည်း ပိုရမယ့် နည်းလမ်းပါ။
ဒါက အရူးတစ်ယောက် ပြောတဲ့ စကားလိုပဲ၊ ဒါပေမဲ့ ဥပဒေက အဲဒီလို ပြောနေတာလေ။
ဒီအချိန်မှာတော့ ဆွံ့အဖို့ပဲ ကောင်းတော့တယ်။
အယ်လီ က တစ်ခုခုကို သတိရသွားသလို မေးတယ်။
"ကုမ္ပဏီရဲ့ နစ်နာကြေးကော။ တကယ်လို့ မတော်တဆမှုက အသုံးပြုသူရဲ့ အမှားကြောင့် မဟုတ်ဘဲ ပစ္စည်းရဲ့ အပြစ်အနာအဆာကြောင့် ဖြစ်တာဆိုရင် ထုတ်လုပ်တဲ့ ကုမ္ပဏီကလည်း နစ်နာကြေးအတွက် တာဝန်ရှိမှာပဲလေ"
"ဟုတ်တယ်။ အဲဒါ မှန်တယ်"
စစ်သားတွေက အစိုးရကို နစ်နာကြေးအတွက် တရားမစွဲနိုင်ကြပေမဲ့ ထုတ်လုပ်တဲ့ ကုမ္ပဏီကိုတော့ တရားစွဲနိုင်ပါတယ်။
ကင်ဂျေဟတ် ရဲ့ မျက်နှာ အမူအရာ ညိုးငယ်သွားတယ်။
"ငါကတော့ ဝမ် သန်းငါးဆယ်နဲ့ပဲ ကြေအေးလိုက်ရတယ်။ အာ… ဒါက လျှို့ဝှက်ချက်နော်။ ကြေအေးတဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်မပြောရဘူးလို့ ပါတယ်"
"ဝမ် သန်းငါးဆယ် ဟုတ်လား။ ဘာလို့ အဲဒီလောက်နဲ့ ကြေအေးလိုက်ရတာလဲ"
"တပ်မမှူးနဲ့ တပ်မဟာမှူးတို့က ဆေးရုံကို လာပြီး ကြေအေးတဲ့ စာချုပ်မှာ လက်မှတ်ထိုးဖို့ ပြောနေတာကို ငါက ဘာလုပ်နိုင်မှာလဲ။ ပြီးတော့ ငါလည်း ကုသမှု ခံယူဖို့ လိုနေတာလေ"
သူ ဆေးရုံတက်ပြီး ကုသမှု ခံယူနေတုန်း ဗိုလ်ချုပ်တွေက ရုတ်တရက် ပေါ်လာပြီး သူ့ကို ကြေအေးဖို့ တိုက်တွန်းခဲ့ကြတာပါ။ သူတို့က တိုက်တွန်းတယ်လို့ ပြောပေမဲ့ တပ်ကြပ်ကြီး တစ်ယောက်အနေနဲ့ ဗိုလ်ချုပ်တွေရဲ့ စကားကို ငြင်းပယ်ဖို့က မလွယ်ဘူးလေ။
နိုင်ငံတော် နစ်နာကြေးတွေ သေချာ ရဖို့အတွက် ကုမ္ပဏီနဲ့ အရင်ဆုံး ကြေအေးထားဖို့ လိုအပ်တယ်လို့ သူတို့က ပြောခဲ့ကြတာပါ။ သူတို့က သူ့ကို ကြေအေးဖို့ တွန်းအားပေးခဲ့တာကြောင့် သူလည်း ဘာမှန်းမသိဘဲ လက်မှတ်ထိုးလိုက်ရတာပဲ။
အတိုချုပ်ပြောရရင် ကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ်ရေးကန်ထရိုက်တာ ကိုယ်စား ကြေအေးဖို့ ကြားဝင်ညှိနှိုင်းပေးခဲ့တာပေါ့။
အယ်လီ က နောက်တစ်ကြိမ် ကြောင်သွားပြန်တယ်။
"ကာကွယ်ရေးဝန်ကြီးဌာနက စစ်သားတွေ အများဆုံး နစ်နာကြေး ရအောင် ကူညီပေးရမှာ မဟုတ်ဘူးလား။ ဘာလို့ သူတို့က ကုမ္ပဏီဘက်က ရပ်တည်နေရတာလဲ"
"ကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ်ရေးကန်ထရိုက်တာတွေကို သဘောကျလို့ ဖြစ်မှာပေါ့"
စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးအဖွဲ့က အပြစ်အနာအဆာတွေကို မျက်ကွယ်ပြုခဲ့တာကြောင့် အခုလို ဖြစ်ရပ် ဖြစ်ပွားခဲ့တာမလို့ သူတို့ကလည်း ပြဿနာ အကြီးအကျယ် မဖြစ်ဘဲ တိတ်တိတ်ဆိတ်ဆိတ် ပြီးသွားစေချင်တာ ဖြစ်မှာလေ။
စီနီယာ ကင်ဂျေဟတ် က အတင်းအကြပ် ပြုံးလိုက်တယ်။
"ဒါပေမဲ့ အဲဒီငွေကြောင့်ပဲ ငါ ဒီဆိုင်လေးကို ဖွင့်နိုင်ခဲ့တာ။ မဟုတ်ရင် ငါ အိမ်မှာ မိဘတွေကိုပဲ မှီခိုနေရလောက်ဦးမယ်"
နေရထိုင်ရခက်သလို ဖြစ်နေတာကြောင့် ကျွန်တော် စကားလမ်းကြောင်း ပြောင်းလိုက်တယ်။
"ကျွန်တော့်ကို ရုပ်မြင်သံကြားမှာ မြင်ခဲ့တာကို ဘာလို့ ကုမ္ပဏီကို လာမလည်တာလဲ"
သူက နောက်ပြောင်ပြီး ပြောတယ်။
"မင်း တပ်သားသစ်တုန်းက ငါ မင်းကို တော်တော် ဆူခဲ့တာလေ။ ငါ လာရင် မင်း ငါ့ကို ပြန်ထိုးမလားလို့ စဉ်းစားမိလို့ပါ"
ကျွန်တော် တဟားဟားနဲ့ ရယ်မောလိုက်တယ်။
"အပြင်လောကမှာ တွေ့ရင် တစ်ယောက်ကိုတစ်ယောက် မရိုက်ကြေးလို့ ကတိပေးခဲ့ကြတယ် မဟုတ်လား"
"ဟဲဟဲ…. အဲဒီစကားကို ဘယ်လို ယုံရမှာလဲ"
တကယ်လည်းပဲ လမ်းပေါ်မှာ သူတို့ရဲ့ စစ်တပ်စီနီယာတွေကို တိုက်ခိုက်တဲ့ သတင်းတွေက ရံဖန်ရံခါ ပေါ်လာတတ်တာပဲလေ။
သူ့မျက်နှာမှာ ခါးသီးတဲ့ အမူအရာ ပေါ်လာတယ်။
"ပြီးတော့ ငါ့ရဲ့ ဒီလို ခန္ဓာကိုယ်နဲ့ လာလည်ဖို့ အဆင်မပြေတာလည်း ပါတာပေါ့"
အဲဒီစကားကြောင့် နောက်တစ်ကြိမ် နေရထိုင်ရခက်သွားပြန်ပါတယ်။
"အာ… တခြား တပ်ဖွဲ့ဝင်တွေကော လာလည်ကြသေးလား"
"တချို့တော့ လာကြပါတယ်။ ဒါပေမဲ့ ငါ သူတို့ကို မတွေ့ခဲ့ဘူး"
သူ သိပ်မမှတ်မိတဲ့ ဂျူနီယာနဲ့ စီနီယာ စစ်သားတွေတောင် လာလည်နိုင်ခဲ့ကြပေမဲ့ သူ့ရဲ့ အရင်းနှီးဆုံး ရဲဘော်၊ သူ့ရဲ့ အထက်အရာရှိကတော့ ပြဿနာ ဖြစ်မှာစိုးလို့ မလာခဲ့တာကို မြင်ရတာက "ရှိတဲ့သူက မလာဘူး၊ မရှိတဲ့သူက မခွာဘူး" ဆိုတဲ့ စကားက မှန်နေသလိုပဲ။
"နာလား"
စီနီယာ ကင်ဂျေဟတ် က သူ့ရဲ့ ညာဘက် ဒူးအောက်ပိုင်းကို ကိုင်လိုက်တယ်။
"နာတာပေါ့။ တစ်ခါတလေ ခြေချောင်းတွေက ယားသလိုလို၊ နာသလိုလိုတောင် ခံစားရတယ်"
Phantom pain (အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးပြီးနောက် ဖြစ်ပေါ်တတ်သော နာကျင်မှု)များလား။
မရှိတော့တဲ့ ခြေထောက်က ဘယ်လိုလုပ် နာနိုင်မှာလဲလို့ တွေးကောင်း တွေးမိလောက်မယ်ထင်တယ်။ ဒါပေမဲ့ ဒါက ခြေလက်ဖြတ်တောက် ထားရသူတွေအတွက် အဖြစ်များတဲ့ လက္ခဏာတစ်ခုပါ။
"ဒဏ်ရာရပြီး တစ်နှစ်လောက်အထိ ညဘက်တောင် အိပ်မရဘူး။ အဲဒါက အရမ်းနာပြီး ယားတာ၊ ဒါပေမဲ့ ကုတ်လို့လည်း မရ၊ ကိုင်လို့လည်း မရတာကြောင့် ရူးမတတ် ဖြစ်ခဲ့ရတာ"
တွေးကြည့်ရုံနဲ့တင် ကြောက်စရာကောင်းလိုက်တာ။ အယ်လီ ကလည်း ထိတ်လန့်သွားပုံရပြီး သူ့လက်နဲ့ ပါးစပ်ကို ပိတ်ထားမိတယ်။
" အခုတော့ အများကြီး သက်သာသွားပါပြီ။ တစ်ခါတလေ စိတ်အနှောင့်အယှက် ဖြစ်ရတာကလွဲရင် ညဘက် အိပ်မပျော်တာမျိုး မရှိတော့ဘူး"
ကျွန်တော် ပီဇာဆိုင်ကို ဝေ့ကြည့်လိုက်တယ်။
"ဒါတောင် စီနီယာက ဆိုင်တစ်ဆိုင် ဖွင့်နိုင်ခဲ့တာပဲနော်"
စီနီယာ ကင်ဂျေဟတ် က ရယ်မောလိုက်တယ်။
"ဘာမှမလုပ်လို့ ဘယ်ဖြစ်မလဲ။ ဒီလို ခန္ဓာကိုယ်နဲ့ ဘယ်နေရာမှာမှ အလုပ်ခန့်မှာ မဟုတ်ဘူးလေ"
ကျန်းမာသန်စွမ်းတဲ့ လူတွေတောင် အလုပ်ရှာဖို့ ခက်ခဲနေတဲ့ လောကကြီးလေ။ မသန်စွမ်းသူတစ်ယောက်အတွက်တော့ ပိုပြီး ခက်ခဲမှာ သေချာတယ်။
ကျွန်တော်တို့ စကားပြောနေရင်း တစ်ခုခု မှားနေတာကို ကျွန်တော် သတိထားမိလိုက်တယ်။ ကျွန်တော်တို့ ဒီမှာရှိနေတာ တစ်နာရီလောက် ရှိပြီဖြစ်ပေမဲ့ ဆိုင်က အရမ်း တိတ်ဆိတ်လွန်းနေတယ်။
တကယ်လို့ ဝယ်သူတစ်ယောက်က ကျွန်တော့်ကို မှတ်မိသွားရင် ကျွန်တော် သူတို့နဲ့ ဓာတ်ပုံရိုက်ပေးပြီး လက်မှတ်ထိုးပေးမှာပါ။ ဒါက လူမှုကွန်ရက်ပေါ် ရောက်သွားရင် ဆိုင်အတွက် ကြော်ငြာကောင်းတစ်ခု ဖြစ်မှာပဲလေ။
ဒါပေမဲ့ ကျွန်တော်တို့ရောက်စကတည်းက ဝယ်သူတစ်ယောက်မှ ဝင်မလာခဲ့ဘူး။ ဆိုင်က သေးတာကြောင့် သူတို့က အိမ်တိုင်ရာရောက် ပို့တာကိုပဲ အဓိက လုပ်တာ ဖြစ်နိုင်ပေမဲ့ မှာယူတာလည်း တစ်ခုမှ မရှိခဲ့ဘူး။
ကျွန်တော်က သတိထားပြီး မေးလိုက်တယ်။
"ဒါက ပုံမှန်အားဖြင့် လူပါးတဲ့ အချိန်လား"
အယ်လီ ကလည်း ဇဝေဇဝါ ဖြစ်နေပုံရတယ်။
"စဉ်းစားကြည့်ရင် ဝယ်သူတွေ သိပ်မရှိဘူးပဲ။ ပီဇာကလည်း အရမ်းကောင်းတာကို"
"စကားပြောနေတာထက်စာရင် ကိုယ်တိုင် မြင်ရတာ ပိုကောင်းပါလိမ့်မယ်။ ခဏလောက် လိုက်ခဲ့ပါလား"
ကျွန်တော်တို့ အပြင်ထွက်ခဲ့ကြတယ်။
ထိုင်နေတုန်းကတော့ သိပ်သတိမထားမိပေမဲ့ သူ လမ်းလျှောက်နေတာကို အနောက်ကနေ ကြည့်လိုက်တဲ့အခါ သူ တကယ်ပဲ ထော့နဲ့ထော့နဲ့ဖြစ်နေတာကို မြင်ရတယ်။ သူက အရင်တုန်းက အဲဒီလေးလံတဲ့ စိန်ပြောင်းကြီးကို ထမ်းပြီးတောင် ကောင်းကောင်း ပြေးလွှားနိုင်ခဲ့တာလေ။
လမ်းကြားထဲကနေ ထွက်လာပြီးတဲ့နောက် ခြောက်လမ်းသွား လမ်းမကြီးတစ်ခုဆီ ရောက်လာခဲ့ကြတယ်။ လူကူးမျဉ်းကြားမှာ ရပ်နေရင်း သူက အရှေ့ဘက်ကို ညွှန်ပြလိုက်တယ်။
"ဟိုဆိုင်ကို မြင်လား"
လူကူးမျဉ်းကြားရဲ့ တစ်ဖက်ခြမ်းမှာ ရှစ်ထပ်ရှိတဲ့ အဆောက်အဦးကြီး တစ်ခု ရှိပါတယ်။ အဲဒီအဆောက်အဦးရဲ့ ဒုတိယထပ်မှာ ပီဇာဆိုင်တစ်ဆိုင် ရှိနေတာပါ။
ဆိုင်းဘုတ်က အတူတူပါပဲ။ 'Meister Pizza' တဲ့။
ပြတင်းပေါက်မှာ ကပ်ထားတဲ့ ဆိုင်းဘုတ်ကြီးမှာ 'ပီဇာအားလုံး ၄၀ ရာခိုင်နှုန်း လျှော့စျေး' လို့ ရေးထားတယ်။ လုံးဝ အားနေတဲ့ သူ့ဆိုင်နဲ့မတူဘဲ လမ်းတစ်ဖက်က ဆိုင်မှာတော့ ဝယ်သူတွေနဲ့ စည်ကားနေတာပါ။
ကျွန်တော်က ကြောင်အန်းအန်းနဲ့ မေးလိုက်တယ်။
"အဲဒါက ဘာလဲ"
စီနီယာ ကင်ဂျေဟတ် က ဆေးလိပ်တစ်လိပ်ကို ပါးစပ်မှာ တပ်လိုက်တယ်။
"ပီဇာဌာနချုပ်က တိုက်ရိုက်ဖွင့်ထားတဲ့ ဆိုင်ခွဲလေ။ လွန်ခဲ့တဲ့ နှစ်လကမှ အဲဒီမှာ ဖွင့်လိုက်တာ"
ပီဇာဌာနချုပ်ရဲ့ တိုက်ရိုက်ဆိုင်ခွဲက မီတာ ၁၀၀ တောင် မဝေးတဲ့ နေရာမှာ လာဖွင့်တာတဲ့လား။
အခန်း (၂၃၄)
စစ်တပ်ကနေ ဂုဏ်သိက္ခာရှိရှိ ထွက်လာပြီးတဲ့နောက် စီနီယာ ကင်ဂျေဟတ် က ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေ လုပ်ခဲ့ပြီး ဘဝကို ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ စိုးရိမ်ခဲ့ရတယ်။
နောက်ဆုံးမှာတော့ သူက ကာလရှည်ကြာမက်ခဲ့တဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူက စားသောက်ဆိုင်တွေမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိတာကြောင့် ဆိုင်တစ်ဆိုင်ကို လည်ပတ်နိုင်စွမ်းရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခဲ့တာပါ။
သူ့ခြေထောက်အခြေအနေကြောင့် အချိန်အကြာကြီး မတ်တတ်ရပ်ရတာ ဒါမှမဟုတ် စားပွဲထိုးရတာမျိုး လိုအပ်တဲ့ ကိုရီးယား အကင်ဆိုင်လိုမျိုး လုပ်ဖို့က ခက်ခဲပါတယ်။ အသေအချာ စဉ်းစားပြီးတဲ့နောက် သူက Franchise တစ်ခုကို ရွေးချယ်ခဲ့တယ်။ အဲဒါကတော့ Meister Pizza ပါပဲ။
အဲဒါက အသစ်ထွက်ထားတဲ့ ဘရန်းတစ်ခု ဖြစ်ပေမဲ့ အရသာက အရမ်းကောင်းတာကြောင့်ရော၊ ဌာနချုပ်ရဲ့ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကြောင့်ရော သူက ယုံကြည်ခဲ့တာပါ။
သူက ဌာနချုပ်နဲ့ Franchise သဘောတူညီချက် လက်မှတ်ထိုးပြီး ဆိုင်ခန်းတစ်ခု ငှားလိုက်တယ်။ ဆိုင်အတွင်းပိုင်းကို ပြင်ဆင်နေတုန်း သူက သင်တန်းအမျိုးမျိုးကို တက်ရောက်ခဲ့သေးတယ်။
လအနည်းငယ်အကြာမှာတော့ Meister Pizza ဆိုင်ခွဲအမှတ် ၁၅ ကို ပါဂျူ မှာ ဖွင့်လှစ်နိုင်ခဲ့တယ်။
ပီဇာစျေးကွက်က ကြက်ကြော်စျေးကွက်လောက် မပြင်းထန်ပေမဲ့ ပြိုင်ဆိုင်မှုကတော့ အရမ်းကြီးမားနေတုန်းပဲ။ ဆိုင်ဖွင့်ပြီး ပထမဆုံး လအနည်းငယ်မှာ သူ တော်တော်လေး ရုန်းကန်ခဲ့ရတယ်။ ဒါပေမဲ့ ဌာနချုပ်ကနေ နာမည်ကြီး အနုပညာရှင်တွေနဲ့ ရုပ်မြင်သံကြားမှာ ကြော်ငြာပေးတာကြောင့်ရော သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ရော အရောင်းက တဖြည်းဖြည်း တက်လာခဲ့တယ်။
သူ့မှာ ပုံမှန်ဖောက်သည်တွေ ရလာပြီး အမြတ်လည်း ပိုထွက်လာတာကြောင့် ဆက်ပြီး ကြိုးစားမယ်ဆိုရင် ဒီထက်မက ပိုကောင်းလာလိမ့်မယ်လို့ မျှော်လင့်ချက်တွေ ရလာခဲ့တာပေါ့။
အဲဒီနောက် တစ်နေ့မှာတော့ ဌာနချုပ်က မန်နေဂျာတစ်ယောက် သူ့ဆိုင်ကို ရောက်လာတယ်။
မန်နေဂျာက စီးပွားရေးနယ်မြေနဲ့ လူဦးရေ တိုးတက်လာတာကို အကြောင်းပြပြီး ဆိုင်ကို နှစ်ထပ်ဆိုင်ခန်းအဖြစ် တိုးချဲ့ဖို့ အကြံပြုတယ်။ သူက ဆိုင်ဖွင့်တာ တစ်နှစ်ပဲ ရှိသေးသလို အခုမှ အခြေကျရုံ ရှိသေးတာလေ။ ဆိုင်တိုးချဲ့မယ်ဆိုရင် နေရာပြောင်းရမှာဖြစ်သလို ဆိုင်အတွင်းပိုင်းကိုလည်း အကုန်အသစ် ပြန်လုပ်ရမှာပါ။
အထူးသဖြင့် သူ့ရဲ့ ကနဦးရင်းနှီးမြှုပ်နှံမှုတောင် ပြန်မရသေးခင်မှာ ဒါက အရမ်း စွန့်စားရာကျလွန်းတယ်။
ဌာနချုပ်က တာဝန်ရှိသူအတော်များများက သူ့ဆီကို တသီတတန်းကြီး လာပြီး ဆိုင်တိုးချဲ့ဖို့ တိုက်တွန်းခဲ့ကြပေမဲ့ သူက အကြိမ်ကြိမ် ငြင်းပယ်ခဲ့တယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က သူတို့ လာတာ ရပ်သွားတာကြောင့် ကိစ္စပြီးသွားပြီလို့ သူ ထင်ခဲ့တယ်။
ဒါပေမဲ့ တစ်နေ့ အလုပ်သွားတဲ့လမ်းရဲ့ လမ်းမကြီးရဲ့ တစ်ဖက်ခြမ်းမှာ Meister Pizza ဆိုင်းဘုတ်ကြီး တက်လာတာကို သူ မြင်လိုက်ရတယ်။
စီနီယာ ကင်ဂျေဟတ် က သူ့ဇာတ်လမ်းကို ပြောပြပြီးတဲ့နောက် အယ်လီ က မေးတယ်။
"ဌာနချုပ်ကို သွားပြီး မတိုင်ကြားကြည့်ဘူးလား"
"တိုင်တာပေါ့။ ငါ ချက်ချင်းပဲ ဌာနချုပ်ကို သွားပြီး ကန့်ကွက်ခဲ့တယ်"
Franchiseဆိုင်နဲ့ ဒီလောက်နီးတဲ့ နေရာမှာ တိုက်ရိုက်ဆိုင်ခွဲ လာဖွင့်တဲ့အပေါ် သူက ကန့်ကွက်တဲ့အခါ ဌာနချုပ်ဘက်ကတော့ ဖောက်သည်တွေ အဆင်ပြေဖို့အတွက် တိုက်ရိုက်ဆိုင်ခွဲ ဖွင့်တာဖြစ်သလို အုပ်ချုပ်ရေးနယ်မြေချင်းလည်း မတူတာကြောင့် ဘာပြဿနာမှ မရှိဘူးလို့ ငြင်းချက်ထုတ်တယ်။
ခြောက်လမ်းသွား လမ်းမကြီးရဲ့ ဟိုဘက်ဒီဘက်မှာ အုပ်ချုပ်ရေးနယ်မြေ ကွဲပြားသွားတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ အဲဒါကို နိုင်ငံရေးသမားတွေနဲ့ ဝန်ထမ်းတွေကပဲ ဂရုစိုက်ကြတာ၊ တခြားလူတွေကတော့ ဂရုစိုက်မှာ မဟုတ်ဘူးလေ။
စားသုံးသူ ရှုထောင့်ကကြည့်ရင်တော့ ဒါက လမ်းကူးလိုက်ရုံနဲ့ ရောက်တာလေ။
တကယ်လို့ သူတို့က Brandတစ်ခုထဲ၊ အစားအသောက်တစ်ခုထဲကို ရောင်းနေတာဆိုရင် စားသုံးသူတွေက ဘယ်ဆိုင်ကို ရွေးမလဲဆိုတာ မေးနေဖို့တောင် မလိုပါဘူး။ လမ်းကြားထဲက ဆိုင်အသေးလေးကို ရွေးမှာလား။ ဒါမှမဟုတ် လမ်းမကြီးပေါ်က နှစ်ထပ်ဆိုင်အကြီးကြီးရွေးမှာလား။
သူက ခဏခဏ သွားပြီး ကန့်ကွက်နေတဲ့အခါ နောက်ဆုံးမှာတော့ သူတို့က တွေ့ဖို့တောင် ငြင်းဆန်ခဲ့ပြီး လုံခြုံရေးဝန်ထမ်းတွေကို သုံးပြီး သူ့ကို အပြင်ကို ဆွဲထုတ်ခိုင်းခဲ့ကြတယ်။
"ဒီလိုမျိုး ဆက်လုပ်နေမယ်ဆိုရင် နောက်ပိုင်းမှာ တခြား အဆင်မပြေမှုတွေ ရှိလာနိုင်တယ်လို့ ငါ့ကို သတိပေးခဲ့ကြတာကြောင့် ငါလည်း ထပ်ပြီး မကန့်ကွက်ရဲတော့ဘူး"
ဌာနချုပ်တွေမှာ Franchiseပိုင်ရှင်တွေကို အပြစ်ပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် Franchiseပိုင်ရှင်တွေက ဌာနချုပ်ရဲ့ လုပ်ရပ်တွေကို သတိထားနေကြရတာပါ။
အနီးအနားမှာ ကင်ချီဟင်းရည်ဆိုင် တစ်ဆိုင် ရှိနေရုံနဲ့ နောက်ထပ် ကင်ချီဟင်းရည်ဆိုင် တစ်ဆိုင် လာဖွင့်လို့မရဘူးလို့ မဆိုလိုပါဘူး။ ဘာလို့လဲဆိုတော့ ထုတ်ကုန်တွေက မတူကြလို့ပါပဲ။
အသစ်ဖွင့်တဲ့ဆိုင်ရဲ့ ကင်ချီဟင်းရည်က အရသာ၊ ပမာဏနဲ့ စျေးနှုန်းတွေ မတူနိုင်ဘူးလေ။ ဘယ်ကင်ချီဟင်းရည်ကို ရွေးမလဲဆိုတာက စားသုံးသူရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်ပါတယ်။
ဒါပေမဲ့ Franchiseတွေကတော့ တူညီတဲ့ ထုတ်ကုန်တွေကို တူညီတဲ့ စျေးနှုန်းတွေနဲ့ ရောင်းကြတာပါ။ ဒါကြောင့် သူတို့မှာ များသောအားဖြင့် နီးကပ်တဲ့ နေရာတွေမှာ ဆိုင်ခွဲမဖွင့်ရဘူးဆိုတဲ့ ကန့်သတ်ချက်တွေ ရှိတတ်ကြတယ်။
တူညီတဲ့ Franchiseတွေ နယ်မြေတစ်ခုထဲမှာ လာဖွင့်တာမျိုးလည်း ရှိတော့ရှိပါတယ်။ ဒါပေမဲ့ အဲဒါက ဂန်နမ်၊ ဟွန်ဒေး ဒါမှမဟုတ် မြောင်ဒုံ လိုမျိုး လူစည်ကားတဲ့ နေရာတွေမှာပဲ ဖြစ်လေ့ရှိတာပါ။
အခုနေရာက ဆိုးလ်ရဲ့ ဗဟိုချက်လည်း မဟုတ်သလို နာမည်ကြီး ခရီးသွားနေရာလည်း မဟုတ်ပါဘူး။ လူ ဘယ်လောက်တောင် များမှာမလို့လဲ။
တိုက်ရိုက်ဆိုင်ခွဲက အနီးအနားမှာ ဖွင့်လိုက်တဲ့ အချိန်ကစပြီး အရောင်းကျဆင်းသွားမှာကတော့ ရှောင်လွှဲလို့မရပါဘူး။
"တိုက်ရိုက်ဆိုင်ခွဲထက် ပိုကြီးတဲ့ ပြဿနာက လျှော့စျေးပဲ"
ဆိုင်ဖွင့်ပွဲ အစီအစဉ်အနေနဲ့ တိုက်ရိုက်ဆိုင်ခွဲက ပစ္စည်းအားလုံးကို ၄၀ ရာခိုင်နှုန်း လျှော့စျေးနဲ့ ချက်ချင်း ရောင်းချပေးခဲ့တယ်။
တူညီတဲ့ ပီဇာကို ၄၀ ရာခိုင်နှုန်း လျှော့စျေးနဲ့ ရောင်းတဲ့ဆိုင် ပေါ်လာတဲ့အခါ သူ့ရဲ့ အရောင်းက သဘာဝအတိုင်း ထိုးကျသွားတာပေါ့။ အခုဆိုရင် သူ့ဆီမှာ ဝယ်သူ လုံးဝ မရှိသလောက်ပါပဲ။
"အဲဒါဆို ဘာဆက်လုပ်မလဲ"
"လျှော့စျေးပေးတာ ပြီးသွားရင်တော့ အခြေအနေ ပြန်ကောင်းလာမှာပါ။ လူတွေက ဟိုဘက်ဆိုင်ကို သွားစားကြရင်တောင် အနည်းဆုံးတော့ ငါ့ရဲ့ အိမ်တိုင်ရာရောက် ပို့တာကတော့ ပြန်ကောင်းလာမှာ မဟုတ်လား"
ဒါပေမဲ့ ဆိုင်ဖွင့်ပွဲ အစီအစဉ်က နှစ်လတောင် ရှိနေပြီဖြစ်ပြီး ဘယ်တော့ပြီးမလဲဆိုတာ မသိရပါဘူး။ သူ့ဆိုင်ကတော့ တကယ်ကို ပိတ်ထားရသလို ဖြစ်နေတာပါ။ ဌာနချုပ်ကနေ သူမှာထားတဲ့ ပါဝင်ပစ္စည်းတွေက အသုံးမပြုရဘဲ အမှိုက်ပုံးထဲကို တန်းရောက်နေတာလေ။
"ဒါပေမဲ့ အဲဒီစျေးနှုန်းနဲ့ ရောင်းတာက သူတို့အတွက် အမြတ်ကော ရှိရဲ့လား"
စီနီယာ ကင်ဂျေဟတ် က ခေါင်းခါပြတယ်။
"ပါဝင်ပစ္စည်း ကုန်ကျစရိတ်ကို ထည့်မတွက်ရင်တောင် ဆိုင်ခန်းခနဲ့ လုပ်အားခတွေကို ထည့်တွက်ရင် ရှုံးနေမှာ သေချာတယ်"
သူက ဆိုင်ဖွင့်ပွဲ အစီအစဉ်အပေါ် သွားတိုင်တဲ့အခါ ဌာနချုပ်က သူလည်း အလိုရှိရင် ၄၀ ရာခိုင်နှုန်း လျှော့စျေးနဲ့ ရောင်းနိုင်တယ်လို့ ပြန်ပြောခဲ့တယ်။
ဌာနချုပ်ကတော့ အရှုံးခံပြီး လည်ပတ်နိုင်စွမ်းရှိပေမဲ့ သူ့ရဲ့ Franchiseဆိုင်ကတော့ အဲဒီလို မလုပ်နိုင်ဘူးလေ။
ဒီအတိုင်းဆိုရင် သူဟာ လအနည်းငယ်အတွင်းမှာ ဆိုင်ပိတ်လိုက်ရတော့မှာပါ။
စီနီယာ ကင်ဂျေဟတ် က သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်တယ်။
"ငါ တစ်ခုခု မှားခဲ့လို့ ဒါမှမဟုတ် စီးပွားရေး အခြေအနေကြောင့် ဆိုင်မကောင်းတာဆိုရင် ငါ ဒီလောက် နာကျည်းမှာ မဟုတ်ဘူး"
သူက ကြိုးစားပမ်းစား လုပ်နေတုန်းမှာ ဌာနချုပ်ကြောင့် သူ့စီးပွားရေး ပျက်စီးသွားတာကို မြင်ရတာက တကယ်ကို ရူးချင်စရာပါပဲ။
သူက သူ့ရဲ့ ညာဘက်ခြေထောက်ကို ပွတ်သပ်ရင်း ညည်းညည်းညူညူ ပြောတယ်။
"တခြားလူတွေ ဘယ်လိုထင်မလဲတော့ မသိဘူး။ ငါ ခြေထောက်ဆုံးရှုံးခဲ့လို့ ရတဲ့ နစ်နာကြေး အကုန်လုံးကို ဒီဆိုင်ထဲမှာ သွန်ထည့်ထားတာ။ ဒီလို ခန္ဓာကိုယ်နဲ့ ငါ ဘယ်နေရာမှာမှ အလုပ်မရနိုင်သလို အချိန်ပိုင်းအလုပ်တောင် မရနိုင်ဘူး။ တကယ်လို့ ဒီဆိုင်သာ ပျက်စီးသွားရင် ငါတော့ အကုန်လုံး ပြီးသွားပြီ"
Franchise ဌာနချုပ်တွေ အကုန်လုံးက သူတို့ရဲ့ Franchiseပိုင်ရှင်တွေနဲ့ အပြန်အလှန် အကျိုးခံစားခွင့်ရဖို့ ကြိုးစားတယ်လို့ အမြဲ ပြောလေ့ရှိကြတယ်။ Franchiseပိုင်ရှင်တွေ အောင်မြင်ရင် ဌာနချုပ်လည်း အောင်မြင်လိမ့်မယ် ဆိုတဲ့ အတွေးပေါ့။
ဒါက သီအိုရီအရတော့ မှန်ပါတယ်။ ဒါပေမဲ့ လက်တွေ့ဘဝကတော့ နည်းနည်း ကွဲပြားပါတယ်။
Franchiseတစ်ခု ကျရှုံးတဲ့အခါ ပိုင်ရှင်က သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှု အားလုံး ဆုံးရှုံးသွားပေမဲ့ ဌာနချုပ်အတွက်ကတော့ ဒါက အနည်းငယ် ဆုတ်ယုတ်မှုတစ်ခုပါပဲ။ သူတို့က တခြား Franchiseပိုင်ရှင်သစ်တွေကို အလွယ်တကူ ရှာနိုင်တာပဲလေ။
ဒါကြောင့် ဌာနချုပ်နဲ့ Franchiseပိုင်ရှင်တွေကြားက ဆက်ဆံရေးက အထက်နဲ့ အောက် ဆက်ဆံရေးလိုမျိုး ဖြစ်နေတာပါ။
ဒါက Franchiseတွေမှာတင် မဟုတ်ဘူး၊ နယ်ပယ်အားလုံးမှာလည်း ဒီလိုပါပဲ။ ဒီမိုကရေစီမှာတော့ တစ်ယောက်ကို တစ်မဲစီဖြစ်ပေမဲ့ အရင်းရှင်စနစ်မှာတော့ တစ်ဝမ်ကို တစ်မဲပါ။
ဘဏ္ဍာရေးနယ်ပယ်မှာပဲဖြစ်ဖြစ်၊ စက်မှုနယ်ပယ်မှာပဲဖြစ်ဖြစ် ငွေပိုရှိတဲ့သူက အမြဲတမ်း အသာစီး ရတာပါပဲ။ စျေးကွက်မူဝါဒတွေအပေါ်မှာပဲ ပစ်ထားမယ်ဆိုရင် ချမ်းသာတဲ့သူတွေက အကုန်လုံးကို လက်ဝါးကြီးအုပ်သွားမှာပါ။
ဒါကို တားဆီးဖို့အတွက် Fair Trade Act နဲ့ Franchise Business Act လိုမျိုး ဥပဒေတွေ ရှိပေမဲ့… အမြဲတမ်းလိုပဲ ဥပဒေက အများကြီး အထောက်အကူ မပေးနိုင်ပါဘူး။
အယ်လီ က ကျွန်တော့်ကို ကြည့်ပြီး မေးတယ်။
"ကိုရီးယားက ဘာလို့ ဒီလို ဖြစ်နေရတာလဲ"
"……"
ကျွန်တော့်မှာ အဖြေမရှိဘူး။
Franchise ဌာနချုပ်တွေရဲ့ အာဏာအလွဲသုံးစားလုပ်မှုတွေက သမိုင်းကြောင်း အရှည်ကြီး ရှိခဲ့တာပါ။ Franchise သဘောတူညီချက်တွေကို တစ်ဖက်သတ် ဖျက်သိမ်းတာ၊ ဆိုင်အတွင်းပိုင်းကို အတင်းအကြပ် ပြင်ဆင်ခိုင်းတာ၊ စျေးကွက်မြှင့်တင်ရေး စရိတ်တွေကို အလွန်အကျွံ ကောက်ခံတာနဲ့ ထောက်ပံ့တဲ့ ပစ္စည်းတွေအပေါ်မှာ ကော်မရှင်ခတွေ အများကြီး ထပ်ပေါင်းတာ စတာတွေပေါ့။
ပြဿနာတစ်ခု ပေါ်လာတိုင်း Franchise Business Act ကို ပြင်ဆင်ဖို့ လိုအပ်ကြောင်း ထောက်ပြကြပေမဲ့ သက်ဆိုင်ရာ ဥပဒေတွေကတော့ လွှတ်တော်ထဲမှာပဲ ပိတ်မိနေတုန်းပဲ။
ဒါကြောင့်ပဲ ဂျိုဆွန်းငရဲ (ကိုရီးယားငရဲ) လို့ ခေါ်ကြတာလား။
တကယ်တော့ ဌာနချုပ်နဲ့ Franchiseပိုင်ရှင်တွေ ပြဿနာမရှိဘဲ အတူတူယှဉ်တွဲနေထိုင်တဲ့ Franchiseတွေလည်း အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဌာနချုပ်အမှားနဲ့ တွေ့လိုက်တဲ့အခါ အခုဖြစ်နေသလိုမျိုး Franchiseပိုင်ရှင်တွေမှာ သွေးမျက်ရည် ကျရတော့တာပဲ။
"အဲဒီ Franchise ဌာနချုပ်က ဘယ်ကုမ္ပဏီလဲ"
"MCK အုပ်စု ပါ"
"MCKဟုတ်လား"
အဲဒီနာမည်က ရင်းနှီးနေသလိုပဲ။
"သူတို့က ဘာလုပ်တာလဲ"
"မင်း Master Chicken ကို သိတယ်မဟုတ်လား။ Meister Pizza က သူတို့ရဲ့ လက်အောက်ခံ ကုမ္ပဏီပဲ"
"Master Chicken ဆိုတော့… ချဲမြောင်ဟို လား"
ကင်ဂျေဟတ် က ခေါင်းညိတ်ပြတယ်။
"ဟုတ်တယ်။ Meister Pizza ရဲ့ စီအီးအို က ချဲမြောင်ဟို ပဲ"
"……"
ဒါက Master Chicken နဲ့ ပတ်သက်နေလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးဖူးဘူး။
အယ်လီ က ကျွန်တော့်မျက်နှာကို ကြည့်ပြီး မေးတယ်။
"ဘာဖြစ်လို့လဲ"
ကျွန်တော်က ခပ်အေးအေးပဲ ရယ်လိုက်တယ်။
"ဘာမှမဟုတ်ပါဘူး။ အရင်က အမှတ်တရဟောင်းတချို့ကို သတိရသွားလို့ပါ"
ကံကြမ္မာရဲ့ အလှည့်အပြောင်းက ထူးဆန်းလိုက်တာ။ ကျွန်တော့်ရဲ့ တက္ကသိုလ်က ဂျူနီယာက ကျွန်တော့်ရဲ့ စစ်တပ်စီနီယာကို နှိပ်စက်နေတာပဲ။
လွန်ခဲ့တဲ့ နှစ်တွေက တက္ကသိုလ်မှာ ကျွန်တော် မြင်ခဲ့ရတဲ့ စီးပွားရေးစီမံခန့်ခွဲမှုဌာနက ဂျူနီယာအကြောင်း ကျွန်တော် ပြန်စဉ်းစားမိတယ်။ သူ သင်ခန်းစာ ရသွားပြီလို့ ကျွန်တော် ထင်ခဲ့ပေမဲ့ လူတစ်ယောက်ရဲ့ အကျင့်က ဖျောက်ရခက်ပုံရတယ်။
ဘာပဲဖြစ်ဖြစ် အခု ကျွန်တော် သိသွားပြီဆိုတော့ ဒီအတိုင်း ငြိမ်နေလို့ မဖြစ်တော့ဘူး။
ကျွန်တော်က စိတ်ဓာတ်ကျပြီး သက်ပြင်းတွေ ချနေတဲ့ စီနီယာကို အားပေးစကား ပြောလိုက်တယ်။
"စိတ်မပူပါနဲ့။ ကျွန်တော် စီနီယာ့ကို ကူညီမယ်"
"ဘယ်လိုမျိုးလဲ"
"အဲဒါကတော့…"
ကျွန်တော့်မှာ ငွေတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အဲဒါက ကျွန်တော် လုပ်ချင်ရာ လုပ်နိုင်တယ်လို့ မဆိုလိုပါဘူး။
တကယ်လို့ ကျွန်တော်က ငွေအားကို သုံးပြီး Meister Pizza ကို မတရား တိုက်ခိုက်မယ်ဆိုရင် ဒါက ချေဘော တွေရဲ့ အာဏာအလွဲသုံးစားလုပ်မှုနဲ့ ဘာမှ ခြားနားမှာ မဟုတ်တော့ဘူးလေ။ ပြီးတော့ ဒီဘက်ခေတ်မှာ ပြည်သူ့ဆန္ဒက အဲဒီလိုမျိုးတွေကို လက်ခံမှာ မဟုတ်ဘူး။
ဥပမာအားဖြင့် ဥက္ကဌ လင်ဂျင်ယုံ က Heungbu Stew ဆိုင်ကို ဖျက်ဆီးဖို့ ကြိုးစားရင် လူတွေက ဘယ်လို ထင်ကြမလဲ။
ဒါဆိုရင် ဒီအခြေအနေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက ဘာဖြစ်မလဲ။
ကျွန်တော်က ကားတွေ၊ ဘတ္ထရီတွေနဲ့ အိုင်တီအကြောင်းတွေ သိပေမဲ့ စားသောက်ကုန် လုပ်ငန်းအကြောင်းတော့ သိပ်မသိပါဘူး။ စားသောက်ဆိုင်မှာ အချိန်ပိုင်းအလုပ်တောင် မလုပ်ဖူးဘူးလေ။
တစ်ခုခုကို မသိတဲ့အခါ ပညာရှင်နဲ့ တိုင်ပင်သင့်တာပေါ့။
စားသောက်ကုန် လုပ်ငန်းက ပညာရှင်တွေကို သိသလားလို့ ကျွန်တော် စဉ်းစားကြည့်တယ်။ ကံကောင်းစွာနဲ့ပဲ လူတစ်ယောက်ကို သတိရလိုက်တယ်။
ကျွန်တော် ချက်ချင်းပဲ ဖုန်းခေါ်လိုက်တယ်။
[မင်္ဂလာပါ၊ စီအီးအို ကန်ဂျင်ဟူ]
"မင်္ဂလာပါ၊ ဥက္ကဌ လင်ဆိုမီ"
ဆီလွန်ဟိုတယ် ရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေက ဟိုတယ်တွေနဲ့ အကောက်ခွန်မဲ့ အရောင်းဆိုင်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ဟိုတယ်တွေက ကိုယ်ပိုင် ကဖေးတွေ၊ မုန့်တိုက်တွေ၊ ကိုရီးယား စားသောက်ဆိုင်တွေနဲ့ ဘူဖေး ဆိုင်တွေကိုလည်း လည်ပတ်နေတာပါ။
ဒီစားသောက်ဆိုင်တွေ အကုန်လုံးက အရသာ ကောင်းမွန်တာကြောင့် နာမည်ကြီးပြီး မုန့်တိုက် brandဆိုရင် သီးခြား Franchise အနေနဲ့တောင် ထုတ်ထားတာပါ။ ဒါကြောင့် သူက စားသောက်ကုန် လုပ်ငန်းအကြောင်း တော်တော်လေး သိမှာ သေချာပါတယ်။
"အကူအညီတစ်ခု တောင်းချင်လို့ ဖုန်းဆက်လိုက်တာပါ"
တစ်ခုခု လိုအပ်မှပဲ ဆက်သွယ်မိတာကြောင့် ကျွန်တော် နည်းနည်းတော့ အားနာမိတယ်။
ဥက္ကဌ လင်ဆိုမီ က ရွှင်ရွှင်ပျပျ အသံနဲ့ ပြောတယ်။
[စီအီးအို ကန်ဂျင်ဟူ ရဲ့ တောင်းဆိုချက်ဆိုရင်တော့ သေချာပေါက် ကူညီပေးရမှာပေါ့]
ကျွန်တော် အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်ပြီးတော့ ပြောလိုက်တယ်။
"Franchise ပညာရှင် တစ်ယောက်လောက် လွှတ်ပေးလို့ ရမလား"
[ရတာပေါ့။ အခုချက်ချင်း လွှတ်ပေးလိုက်မယ်]
"ကျေးဇူးတင်ပါတယ်။"
ဖုန်းချလိုက်ပြီးနောက် ကျွန်တော် သူတို့နှစ်ယောက်ကို ပြောလိုက်တယ်။
"ပညာရှင် တစ်ယောက် မကြာခင် ရောက်လာလိမ့်မယ်။ သူ ဘာပြောမလဲဆိုတာ နားထောင်ကြည့်ကြတာပေါ့"
တစ်နာရီလောက် ကြာတဲ့အခါ
အမည်းရောင် S-Class Maybach တစ်စီး ဆိုင်ရှေ့မှာ ဆိုက်ရောက်လာပြီး စမတ်ကျကျ ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် ဆိုင်ထဲကို ဝင်လာတယ်။
"မင်္ဂလာပါ"
သူ့ကို မြင်လိုက်ရတော့ ကျွန်တော် အံ့သြသွားတယ်။
"ပညာရှင်တစ်ယောက်ပဲ လွှတ်လိုက်ရင် ရပါတယ်ဆိုတာကို…"
ဥက္ကဌ လင်ဆိုမီ က ပြုံးပြီး ပြောတယ်။
"ဒီနယ်ပယ်မှာ ငါက အကြီးဆုံး ပညာရှင်ပဲလေ"
"အာ…. ဟုတ်ကဲ့။ ဟုတ်ပါတယ်။"
စီနီယာ ကင်ဂျေဟတ် လည်း တော်တော်လေး တုန်လှုပ်သွားပုံရတယ်။ ဆီလွန်ဟိုတယ် ရဲ့ ဥက္ကဌက လမ်းကြားထဲက Franchise ပီဇာဆိုင်ကို လာလိမ့်မယ်လို့ ဘယ်သူမှ ထင်ထားမှာ မဟုတ်ဘူး။
ဒါက Windows မှာ Error တက်လို့ Bill Gates ကိုယ်တိုင် လာပြင်ပေးသလိုမျိုးပဲ…
"ကျွန်မ နေ့လယ်စာ မစားရသေးဘူး။ ကျွန်မကို ပီဇာ တစ်ချပ် အရင် လုပ်ပေးလို့ ရမလား"
"အာ…. ဟုတ်ကဲ့၊ ရပါတယ်ခင်ဗျာ"
စီနီယာ ကင်ဂျေဟတ် က မီးဖိုချောင်ထဲ ဝင်သွားပြီး ပီဇာကို မြန်မြန်ဆန်ဆန်ပဲ လုပ်ပေးလိုက်တယ်။
ဥက္ကဌ လင်ဆိုမီ က ထိုင်ပြီး လတ်လတ်ဆတ်ဆတ် လုပ်ထားတဲ့ ပီဇာကို မြည်းစမ်းကြည့်တယ်။
"အရင်ကလည်း အကြိမ်အနည်းငယ် စားဖူးတယ်။ အရသာကတော့ တကယ်ကို ကောင်းပါတယ်။ MCK အုပ်စု က အရသာနဲ့ အရည်အသွေးအပေါ်မှာ အများကြီး အလေးထားတယ်လေ။ သူတို့မှာ Menuအသစ် ဖော်ထုတ်တဲ့ အဖွဲ့နဲ့ အရည်အသွေး ထိန်းသိမ်းရေး အဖွဲ့တွေတောင် သီးခြား ရှိတာ"
Master Chicken က ဌာနချုပ်နဲ့ ဥက္ကဌရဲ့ အာဏာအလွဲသုံးစားလုပ်မှုတွေကြောင့် အငြင်းပွားဖွယ်ရာတွေ အများကြီး ကြုံတွေ့ခဲ့ရဖူးတယ်။ သပိတ်မှောက်တာတွေတောင် ရှိခဲ့ပေမဲ့ အဲဒါက ခဏပဲ ကြာခဲ့တာပါ။ အရောင်းအပေါ်မှာ သက်ရောက်မှုက အနည်းငယ်ပဲ ရှိခဲ့တာလေ။
တချို့လူတွေက ကျင့်ဝတ်နဲ့ညီတဲ့ စားသုံးမှုကို တန်ဖိုးထားကြပေမဲ့ စားသုံးသူ အများစုကတော့ Brandနာမည်၊ စျေးနှုန်းနဲ့ အရသာကိုပဲ ဦးစားပေးကြတာပါ။
သူ့ရဲ့ စရိုက်က ဘယ်လိုပဲရှိရှိ Master Chicken ရဲ့ ဥက္ကဌ ချဲဒေဟို ကတော့ စီးပွားရေး အမြင်ရှိတာ သေချာပါတယ်။ အထူးသဖြင့် အရသာနဲ့ အရည်အသွေးနဲ့ ပတ်သက်လာရင် သူက ရင်းနှီးမြှုပ်နှံမှုမှာ ဘယ်တော့မှ တွန့်တိုတာ မရှိပါဘူး။
ကောင်းမွန်တဲ့ အရသာ၊ စနစ်ကျတဲ့ လည်ပတ်မှုနဲ့ ဆိုင်ခွဲအားလုံးမှာ တူညီတဲ့ ဝန်ဆောင်မှုတွေက Master Chicken ရဲ့ အကြီးမားဆုံး အားသာချက်တွေပါပဲ။ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ကြက်ကြော်စျေးကွက်မှာ သူတို့တွေ ထိပ်ဆုံးကို ရောက်လာတာက အလကားတော့ မဟုတ်ဘူးပေါ့။
စီနီယာ ကင်ဂျေဟတ် က ခေါင်းညိတ်ပြတယ်။
"ကျွန်တော်လည်း ပီဇာ Franchise တော်တော်များများနဲ့ ယှဉ်ကြည့်ခဲ့သေးတယ်။ မြည်းစမ်းကြည့်ပြီးတဲ့နောက် Meister Pizzaက အကောင်းဆုံးမလို့ ရွေးချယ်ခဲ့တာပါ"
"ကျွန်မ ဒီကို လာတဲ့လမ်းမှာ အသစ်ဖွင့်ထားတဲ့ တိုက်ရိုက်ဆိုင်ခွဲကို ဝင်ကြည့်ခဲ့တယ်။ အကွာအဝေးကတော့ တကယ်ကို နီးလွန်းတယ်။ ဒီနယ်မြေရဲ့ လူဦးရေကို ကြည့်မယ်ဆိုရင် တူညီတဲ့ Franchise ဆိုင်ခွဲ နှစ်ဆိုင် ရှိနေစရာ အကြောင်းမရှိဘူး။ ဘာတွေ ဖြစ်ခဲ့လဲတော့ မသိဘူး။ ဒါပေမဲ့ ဌာနချုပ်က ဒီFranchiseဆိုင်ကို သတ်ဖို့ ကြိုးစားနေတယ်လို့ပဲ ပြောရမှာပဲ"
"ဒီလိုလုပ်လို့ ဌာနချုပ်က ဘာအကျိုးအမြတ် ရမှာမလို့လဲ"
"ရှင် သတိထားမိမှာပါ။ အခု အခန်းသစ်တွေ ဆောက်နေသလို မြေယာဖွံ့ဖြိုးရေးတွေလည်း အများကြီး လုပ်နေတာလေ။ လူတွေ ပြောင်းလာဖို့က နောက်ထပ် နှစ်အနည်းငယ် ကြာဦးမှာ မှန်ပေမဲ့ ဒီနေရာက စီးပွားရေးနယ်မြေက ပိုကြီးလာမှာကတော့ သေချာတယ်။ တကယ်လို့ Franchiseဆိုင်က မခံနိုင်ဘဲ ပိတ်သွားရင် တိုက်ရိုက်ဆိုင်ခွဲက အဲဒီနေရာမှာ အစားထိုး ဝင်ရောက်သွားမှာပဲ"
သူ့စကားကို နားထောင်ရတာက အခုလိုမျိုး အောင်မြင်နေတဲ့ Franchiseဆိုင်တွေကို ဌာနချုပ်က သိမ်းပိုက်တာက Franchise လုပ်ငန်းနယ်ပယ်မှာ လုပ်လေ့လုပ်ထရှိတဲ့ အလုပ်တစ်ခု ဖြစ်ပုံရတယ်။
"ဒါဆို အကောင်းဆုံး ဖြေရှင်းနည်းက ဘာဖြစ်မလဲ"
"အရိုးရှင်းဆုံး နည်းလမ်းကတော့ စီအီးအို ကန်ဂျင်ဟူ ကိုယ်တိုင် ဝင်ရောက် ကန့်ကွက်တာပါပဲ"
ဌာနချုပ်က Franchiseပိုင်ရှင်ရဲ့ တိုင်ကြားချက်ကို လျစ်လျူရှုနိုင်ပေမဲ့ ကျွန်တော့်ကိုတော့ လျစ်လျူရှုမှာ မဟုတ်ပါဘူး။
ဥက္ကဌ လင်ဆိုမီ က ကျွန်တော့်ကို ကြည့်ပြီး ပြောတယ်။
"တကယ်လို့ ဌာနချုပ်က စီအီးအို ကန်ဂျင်ဟူ နဲ့ Franchiseပိုင်ရှင်ကြားက ဆက်ဆံရေးကို သိသွားရင် သူတို့ ချက်ချင်း တောင်းပန်ပြီး တိုက်ရိုက်ဆိုင်ခွဲကို ပိတ်ပစ်မှာပါ"
အလွယ်တကူ ဖြေရှင်းလို့ရတဲ့ ကိစ္စကို ခက်ခဲအောင် လုပ်နေဖို့ မလိုပါဘူး။
"ဌာနချုပ်ကို သွားပြီး သူတို့နဲ့ စကားပြောကြည့်လိုက်ပါ"
စီနီယာ ကင်ဂျေဟတ် က ခေါင်းခါပြတယ်။
"ငါ ပြောခဲ့တယ်လေ။ ငါ ဌာနချုပ်ကို အကြိမ်ကြိမ် သွားတိုင်ခဲ့ပေမဲ့ သူတို့က ငါ့ကို မောင်းထုတ်ခဲ့တာ။ အခုဆိုရင် သူတို့က တွေ့ဖို့တောင်းဆိုတာကိုတောင် လက်မခံတော့သလို အဆောက်အဦးထဲကိုတောင် ပေးမဝင်တော့ဘူး"
ကျွန်တော်က သူ့ကို စိတ်ချစေဖို့ ပြောလိုက်တယ်။
"စိတ်မပူပါနဲ့။ စီနီယာနဲ့အတူ ကျွန်တော်ပါ လိုက်ခဲ့မှာပါ"