အခန်း (၂၃၅-၂၃၆)
Vol. 24 Ch. 235-236
အခန်း (၂၃၅)
တောင်ကိုရီးယားက ကြက်ကြော်နိုင်ငံတော်ပါ။
ဒါကို ငြင်းမယ့်သူ သိပ်မရှိပါဘူး။ ဒီနိုင်ငံအသေးလေးမှာ ရှိတဲ့ ကြက်ကြော်ဆိုင် အရေအတွက်က တစ်ကမ္ဘာလုံးမှာရှိတဲ့ MacDonaldဆိုင်တွေထက်တောင် ပိုများနေတာပါ။ လမ်းတစ်လမ်းထဲမှာတင် ကြက်ကြော်ဆိုင် ငါးဆိုင်၊ ခြောက်ဆိုင်လောက် တန်းစီနေတာကို မြင်ရတာက ထူးဆန်းတဲ့ မြင်ကွင်းတစ်ခု မဟုတ်တော့ပါဘူး။
ဒီလို ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ ကြက်ကြော်စျေးကွက်မှာ ထိပ်ဆုံးကို ရောက်လာတဲ့ ကုမ္ပဏီကတော့ တခြားမဟုတ်ဘဲ Master Chicken ပဲ ဖြစ်ပါတယ်။
Master Chicken မှာ တိုက်ရိုက်စီမံတဲ့ဆိုင်နဲ့ Franchiseဆိုင် အားလုံးပေါင်း ၂၃၀၀ လောက် ရှိပါတယ်။ သူတို့က ဒေသတွင်း စျေးဝယ်စင်တာတွေရဲ့ ထောင့်တိုင်းမှာအထိ ပျံ့နှံ့နေတာကြောင့် နောက်ထပ် Franchiseဆိုင်တွေ ထပ်တိုးဖို့တောင် ခက်ခဲတဲ့အခြေအနေဖြစ်နေတာပါ။
Franchiseဆိုင်တွေကို ပါဝင်ပစ္စည်းတွေ သီးသန့်ထောက်ပံ့ ပေးရတာကနေ ရတဲ့ အမြတ်ငွေနဲ့ Royalties ခတွေက အများကြီးပါ။ ဒါပေမဲ့ ကိုရီးယား Franchiseတွေမှာ ဆိုင်ခွဲအရေအတွက်ကို အဆုံးမရှိ တိုးချဲ့ချင်တဲ့ ထူးဆန်းတဲ့ အတ္တတစ်ခု ရှိနေကြပါတယ်။
ဒါကြောင့် ကြက်ကြော်စျေးကွက်က ပြည့်နှက်သွားတဲ့အခါ သူတို့က ပီဇာစျေးကွက်ထဲကို ခြေဆန့်လာကြတာလေ။
MCK အုပ်စု ရဲ့ ဥက္ကဌ ချဲဒေးဟို က သူ့သားဖြစ်သူ ချဲမြောင်ဟို ရဲ့ အောက်မှာ ကော်ပိုရေးရှင်းအသစ်တစ်ခု တည်ထောင်ပြီး ပီဇာဘရန်းအသစ်တစ်ခုကို မိတ်ဆက်ခဲ့တယ်။ အဲဒီနောက် Franchiseပိုင်ရှင်တွေကို ဖိတ်ခေါ်ရင်း ရုပ်မြင်သံကြားမှာ ကြော်ငြာတွေ အကြီးအကျယ် လုပ်ခဲ့တာပေါ့။
ဆယ်စုနှစ်တစ်ခုကျော်ကြာ Franchise လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံနဲ့ အရင်းအနှီးတွေ ရှိတာကြောင့် Meister Pizza က ပီဇာလောကထဲကို နောက်ကျမှ ဝင်လာတာဖြစ်ပေမဲ့ စျေးကွက်ဝေစုကို မြန်မြန်ဆန်ဆန် သိမ်းပိုက်နိုင်ခဲ့တယ်။
သူတို့က မြို့လယ်ခေါင်တွေမှာ တိုက်ရိုက်ဆိုင်ခွဲတွေ ဖွင့်ခဲ့သလို စည်ကားတဲ့ ရပ်ကွက်တိုင်းမှာလည်း Franchiseဆိုင်တွေ ဖွင့်ခဲ့တယ်။ စီးပွားရေး အရမ်းကောင်းနေတယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့သွားတဲ့အခါ နေရာအနှံ့ကနေ Franchiseဖွင့်ချင်သူတွေ တသီတတန်းကြီး ရောက်လာခဲ့ကြတယ်။
ဒီအတိုင်းဆိုရင် သူတို့က တစ်နှစ်အတွင်းမှာ ပီဇာလောကရဲ့ ထိပ်တန်းသုံးခုစာရင်းထဲ ဝင်နိုင်တော့မှာပါ။
တက္ကသိုလ်အတန်းပြီးတဲ့နောက် ချဲမြောင်ဟို က ဒရိုင်ဘာမောင်းတဲ့ ကားနဲ့ ကုမ္ပဏီကို ထွက်လာခဲ့တယ်။
"ဒီချီးထုတ် တက္ကသိုလ်ကို ဘယ်တော့မှ ပြီးမှာလဲ မသိဘူး"
သူ့ရဲ့ ပထမနှစ်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စပြီးကတည်းက သူ ကျောင်းပြန်တက်ဖို့ သိပ်စိတ်မပါတော့ပါဘူး။ စာသင်ရတာကိုလည်း စိတ်မဝင်စားသလို စီမံခန့်ခွဲမှုပညာကိုလည်း သူ့အဖေဆီကနေ သင်ယူလို့ ရနေတာပဲလေ။
အဲဒီအချိန်မှာ ကားထဲမှာ အတူပါလာတဲ့ စီးပွားရေးဌာနမှူးက ပြောတယ်။
"ဥက္ကဌက အလုပ်အပေါ် မျှော်လင့်ချက် အများကြီး ထားနေတာပါ"
"သိပါတယ်။ ဒါကြောင့်လည်း သွားနေတာပဲလေ"
MCK အုပ်စု ရဲ့ ဥက္ကဌ ချဲဒေးဟို က အထက်တန်းတောင် မအောင်ခဲ့ပေမဲ့ ကြက်ကြော်ရောင်းပြီး သူ့ရဲ့ အင်ပါယာကို အောက်ခြေကနေ တည်ဆောက်ခဲ့တာပါ။ ကိုယ်တိုင် ပညာမတတ်ခဲ့ရတာကို နောင်တရလို့ ထင်ပါတယ်။ သူက သူ့ရဲ့ သားသမီးတွေကိုတော့ ထိပ်တန်းတက္ကသိုလ်တွေကနေ ဘွဲ့ရစေချင်နေတာပါ။
ဒါကြောင့် သူ့အဖေကို စိတ်ချမ်းသာစေဖို့နဲ့ ကုမ္ပဏီကို အဆင်ပြေပြေ ဆက်ခံနိုင်ဖို့အတွက် သူက ကိုရီးယားတက္ကသိုလ် ကနေ ဘွဲ့တစ်ခု ရဖို့ လိုအပ်နေတာပေါ့။
အချိန်အကြာကြီး နားပြီးမှ ကျောင်းပြန်တက်ရတာက သိပ်တော့ စိတ်ဝင်စားစရာ မကောင်းပါဘူး။ သူ သဘောကျတဲ့ တစ်ခုထဲသောအချက်က ရှင်ယူရီ နဲ့ ပြန်တွေ့ရတာပါပဲ။
သူက အမျိုးသမီး အများကြီးနဲ့ တွေ့ခဲ့ဖူးသလို အခုထိလည်း အမျိုးသမီးတချို့နဲ့ တွဲနေတုန်းပါပဲ…
'သူက တကယ်ကို လှတာပဲ။ အဲဒီတုန်းက ကိစ္စသာ မရှိခဲ့ရင် သူက ငါ့အပိုင် ဖြစ်နေတာ ကြာလှပြီ'
သူက ရှင်ယူရီ အကြောင်း စဉ်းစားနေတုန်း ဘေးက စီးပွားရေးဌာနမှူးက အရောင်းစာရင်းတွေကို အစီရင်ခံနေတယ်။ ချဲမြောင်ဟို က စိတ်မပါလက်ပါ ခေါင်းညိတ်ပြရင်း တစ်ခုခုကို သတိရသွားတဲ့အလား မေးလိုက်တယ်။
"ပါဂျူ က ၁၅ ခုမြောက် ဆိုင်ခွဲရဲ့ အရောင်းအခြေအနေ ဘယ်လိုလဲ"
စီးပွားရေးဌာနမှူးက အရောင်းအစီရင်ခံစာကို ကြည့်လိုက်တယ်။
"ပြီးခဲ့တဲ့လက အရောင်းက ၁၆၅၇၃၀၀ ဝမ် ပါ"
ဒါက တစ်ရက်ကို ပီဇာ တစ်ချပ် ဒါမှမဟုတ် နှစ်ချပ်တောင် မရောင်းရဘူးဆိုတဲ့ သဘောပါပဲ။
Meister Pizza က Master Chicken ရဲ့ Franchise စီမံခန့်ခွဲမှု နည်းလမ်းတွေကို လက်ဆင့်ကမ်း ဆက်ခံခဲ့တာပါ။ အဲဒီနည်းလမ်းတွေထဲမှာ Franchiseပိုင်ရှင်တွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာလည်း ပါတာပေါ့။
ဌာနချုပ်အတွက် ငွေရှာရအလွယ်ဆုံး နည်းလမ်းတွေထဲက တစ်ခုကတော့ အောင်မြင်နေတဲ့ Franchiseပိုင်ရှင်တွေကို ပိုကျယ်တဲ့နေရာကို ပြောင်းခိုင်းပြီး ဆိုင်အတွင်းပိုင်းကို အသစ်ပြန်ပြင်ခိုင်းတာပါပဲ။
သူတို့က သူ့ဆီကို တိုက်ရိုက်ဖုန်းဆက်ပြီး အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့ Franchiseပိုင်ရှင်က ဆက်တိုက် ငြင်းပယ်ခဲ့တယ်။ ဒါကြောင့် သူတို့က ဆိုင်ရဲ့ ရှေ့တည့်တည့်မှာ တိုက်ရိုက်ဆိုင်ခွဲတစ်ခုကို မောက်မောက်မာမာနဲ့ ဖွင့်လိုက်တာပါ။
ဒီလောက်အထိ လုပ်ဖို့ လိုလို့လားလို့ တွေးစရာရှိပေမဲ့ ဒါက သတိပေးချက်တစ်ခုပါပဲ။ ဌာနချုပ်ရဲ့ ညွှန်ကြားချက်ကို ငြင်းဆန်ရင် ဘယ်လို အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို တခြားFranchiseပိုင်ရှင်တွေသိအောင် အထင်အရှား ပြသပြီး စည်းကမ်းသတ်မှတ်လိုက်တာမျိုးပေါ့။
"တိုက်ရိုက်ဆိုင်ခွဲရဲ့ လျှော့စျေး အစီအစဉ်ကို နောက်ထပ် လအနည်းငယ် ထပ်တိုးလိုက်ဖို့ ပြောလိုက်ပါ"
"နားလည်ပါပြီ"
သူတို့ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့။
ချဲမြောင်ဟို က လှောင်ပြုံး ပြုံးလိုက်တယ်။
'အခွင့်အရေး ရှိတုန်းက စကားနားထောင်ခဲ့ရမှာ'
ကားက ကုမ္ပဏီဌာနချုပ်ထဲ ဝင်သွားတဲ့အခါ ဆိုင်ရှေ့မှာ ယောင်လည်လည် ဖြစ်နေတဲ့ လူတစ်ယောက်ကို သူ မြင်လိုက်ရတယ်။
သူ့ကို မှတ်မိသွားတာကြောင့် ချဲမြောင်ဟို က စိတ်ပျက်လက်ပျက်နဲ့ "ကားရပ်လိုက်" လို့ ပြောလိုက်တယ်။
Meister Pizza ရဲ့ ဌာနချုပ်က ဆာဒေါင်းဒေါင်း မှာ ရှိတာပါ။
မြေအောက်ရထားဘူတာကနေ ထွက်လာပြီး ကင်ဂျေဟတ် က လမ်းလျှောက်ရင်း ကန်ဂျင်ဟူ နဲ့ ဖုန်းပြောနေတယ်။
[ရောက်နေပြီလား]
"အင်း"
[ကျွန်တော် အခုပဲ ထွက်လာပြီ။ မိနစ် ၂၀ လောက် ကြာမှာမလို့ ဆိုင်ရှေ့မှာပဲ ဆုံကြရအောင်]
"အိုကေ။ အေးဆေးလာခဲ့ပါ"
ဌာနချုပ် အဆောက်အဦးကို ရောက်တော့ ကင်ဂျေဟတ် က လမ်းပေါ်မှာ ရပ်ပြီး ဆေးလိပ်သောက်နေခဲ့တယ်။
Meister Pizza ဆိုင်က အဆောက်အဦးရဲ့ ပထမထပ်နဲ့ ဒုတိယထပ်ကို ယူထားတာပါ။ နေ့လယ်စာစားချိန်မလို့ ထင်ပါတယ်။ ဆိုင်ထဲမှာ အနီးအနားက ရုံးဝန်ထမ်းတွေနဲ့ အိမ်ရှင်မတွေ ပြည့်နေတာပဲ။ ပီဇာစားရင်း အားလုံးက ပျော်ရွှင်နေပုံရတယ်။
သူက Franchise သဘောတူညီချက်နဲ့ သင်တန်းအတွက် လာတုန်းက ဒါကို မြင်ပြီး ပျော်ခဲ့ရတာပါ။ ဌာနချုပ်ရဲ့ တိုက်ရိုက်ဆိုင်ခွဲက ဒီလောက် အောင်မြင်နေတာက Franchiseဆိုင်တွေလည်း အောင်မြင်နိုင်တယ် ဆိုတဲ့ သဘောပဲလေ။
ဒါပေမဲ့ အခုတော့ သူ့စိတ်ထဲမှာ ခါးသီးမှုကိုပဲ ခံစားနေရတယ်။
ကန်ဂျင်ဟူ ကို စောင့်ရင်း သူက ဆိုင်ရှေ့မှာ ခဏလောက် လမ်းလျှောက်နေတုန်း ပါကင်ထဲ ဝင်မယ့်ကားတစ်စီးက ရုတ်တရက် ရပ်သွားတယ်။
နောက်ဖုံးတံခါး ပွင့်လာပြီး Meister Pizza ရဲ့ စီအီးအို ချဲမြောင်ဟို ဆင်းလာခဲ့တယ်။
"အို။ Franchiseပိုင်ရှင်ကြီးပါလား"
သူ့ကို သင်တန်းတုန်းကရော၊ တိုက်ရိုက်ဆိုင်ခွဲ ဖွင့်တာကို လာကန့်ကွက်တုန်းကရော မြင်ဖူးတယ်။ ပြီးခဲ့တဲ့အကြိမ်က ဝန်ထမ်းတွေရဲ့ ဆွဲထုတ်ခြင်းကိုတောင် ခံခဲ့ရသေးတာလေ။
ချဲမြောင်ဟို က ကြိုဆိုတဲ့ လေသံနဲ့ ပြောတယ်။
"ခင်ဗျားအတွက် အဆင်မပြေဖြစ်နေမှာပဲ၊ ဘာကိစ္စရှိလို့ စကားတစ်ခွန်းမှ မပြောဘဲ ဒီအထိ ရောက်လာရတာလဲ"
"အဲဒါကတော့…"
ဘာကြောင့်လဲမသိဘူး၊ စကားလုံးတွေက ထွက်မလာခဲ့ပါဘူး။
ချဲမြောင်ဟို က သူ့လက်မောင်းကို ရင်းရင်းနှီးနှီး ဆွဲကိုင်လိုက်တယ်။
"အပြင်မှာ အေးနေတာကို လမ်းပေါ်မှာ ဒီအတိုင်း မရပ်နေပါနဲ့။ အတွင်းထဲဝင်ပြီး စကားပြောရအောင်"
"အာ…. မဟုတ်တာ…"
သူ ဘာမှမပြောနိုင်ခင်မှာပဲ ချဲမြောင်ဟို က ကင်ဂျေဟတ် ကို အတွင်းထဲ ခေါ်သွားခဲ့ပါပြီ။ အဆောက်အဦးထဲ ဝင်လိုက်တာနဲ့ ဧည့်ခန်းက ဝန်ထမ်းတွေက မတ်တတ်ရပ်ပြီး အရိုအသေပေးကြတယ်။
သူတို့နှစ်ယောက်က ဝန်ထမ်းတွေနဲ့အတူ စီအီးအိုရုံးခန်းဆီ တက်လာခဲ့ကြတာပေါ့။
ချဲမြောင်ဟို က ပြုံးပြုံးရွှင်ရွှင်နဲ့ ဆက်ပြောတယ်။
"ဒီအထိ လာမယ်ဆိုရင် ကျွန်တော့်ဆီ ကြိုပြီး ဆက်သွယ်ခဲ့သင့်တာဗျ။ နောက်ခါ ပြောစရာရှိရင် ကျွန်တော့်ဆီ တိုက်ရိုက် ဆက်သွယ်လိုက်ပါ။ အာ….ခင်ဗျားဖုန်းထဲ ကျွန်တော့်နံပါတ် ရိုက်ထည့်ပေးမယ်"
ကင်ဂျေဟတ် က တွေဝေဝေနဲ့ သူ့ဖုန်းကို ကမ်းပေးလိုက်တယ်။ ချဲမြောင်ဟို က ဖုန်းကို ယူလိုက်ပြီး မျက်နှာပြင်ကို တစ်ချက်ကြည့်ကာ ဖုန်းခေါ်မယ့်အစား စားပွဲပေါ်ကို ပစ်ချလိုက်တယ်။
"ကံကောင်းလို့ မင်း ဖုန်းထဲမှာ အသံဖမ်းစက် ဖွင့်မထားတာပဲ။ ဒီဘက်ခေတ်မှာ စကားတစ်ခွန်း ပြောလိုက်တာနဲ့ အကုန်လုံးက အာဏာအလွဲသုံးစားလုပ်ပါတယ်ဆိုပြီး အော်နေကြတာလေ"
"ဗျာ"
သူ့ရဲ့ လက်ဟန်ခြေဟန်တစ်ခုနဲ့တင် ဝန်ထမ်းတွေက တံခါးကို သော့ခတ်လိုက်ကြတယ်။ အဲဒီအချိန်မှာပဲ သူ့ရဲ့ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့တာပါ။
ချဲမြောင်ဟို က ကင်ဂျေဟတ် ကို အေးစက်စက် အကြည့်နဲ့ စိုက်ကြည့်ပြီး ပြောတယ်။
"ဒီဒုက္ခိတက ဘာမလို့ ဒီကို တစ်ခေါက် ပြန်လာရဲတာလဲ။ ပြီးခဲ့တဲ့အကြိမ်က ထပ်မလာဖို့ ငါ သတိပေးခဲ့တယ် မဟုတ်လား။ ထပ်လာရင် မင်းရဲ့ Franchiseကို ပိတ်ပစ်မယ်လို့ ငါ ပြောခဲ့တယ်လေ။ ငါ့စကားက မင်းအတွက် ဘာမှတန်ဖိုးမရှိဘူးလား"
လန့်သွားတဲ့ ကင်ဂျေဟတ် က ဗီဇအတိုင်း နောက်ဆုတ်လိုက်မိတယ်။
"ကျွန်တော်၊ ကျွန်တော်…"
ထောင်ချောက်ထဲ ပိတ်မိနေတဲ့ ကြွက်တစ်ကောင်လိုပဲ သူက ထွက်ပြေးဖို့ လမ်းရှာကြည့်ပေမဲ့ တံခါးက သော့ခတ်ထားသလို ရှေ့က ဝန်ထမ်းတွေကလည်း လမ်းပိတ်ထားပုံရတယ်။
ထပ်ပြီး နောက်ဆုတ်လိုက်တဲ့အခါ သူ့ကျောက နံရံနဲ့ ကပ်သွားခဲ့ပါပြီ။
ချဲမြောင်ဟို က လှောင်ပြုံးပြုံးရင်း အနားတိုးလာပြီး သူ့ရဲ့ ကော်လံကို ဆွဲကိုင်ကာ သူ့ရဲ့ ခြေတုကို ခြေဖျားနဲ့ ကန်လိုက်တယ်။ အဲဒါက ခြေတုဆိုတာ သူ သိနေတာ သေချာပါတယ်။
သူက နာကျင်အောင် လုပ်ဖို့တင် မဟုတ်ဘဲ သူ့ကို အရှက်ခွဲဖို့ သိသိကြီးနဲ့ လုပ်နေတာလား။
ကားက ဆာဒေါင်းဒေါင်း ဆီကို ဦးတည်မောင်းနှင်နေပါတယ်။
တက်ဂယူ က ကျွန်တော်နဲ့အတူ ပါလာသလို သက်တော်စောင့်တွေလည်း လိုက်ပါလာကြတယ်။ ဒရိုင်ဘာက သက်တော်စောင့်အသစ်ဖြစ်ပြီး အဖွဲ့ခေါင်းဆောင် လီချောဂျင် က သူ့ဘေးမှာ ထိုင်နေတာပါ။
ကျွန်တော် ဖုန်းပြောပြီးသွားတဲ့အခါ သူက ပြောတယ်။
"ဒါဆိုရင် စစ်တပ်တုန်းက စီနီယာကြောင့် Franchise ဌာနချုပ်ကို သွားနေတာပေါ့"
"ဟုတ်တယ်။ သူက ခင်ရတဲ့ သူငယ်ချင်းပါ"
"တကယ်ပါပဲ။ စစ်တပ်ထဲမှာ ယောက်ျားတွေကြားထဲ ဖြစ်တည်ခဲ့တဲ့ သံယောဇဉ်တွေက အကြာကြီး ခံတတ်တာပဲ"
ကျွန်တော် မသိမသာ မေးလိုက်တယ်။
"ဒါနဲ့ အဖွဲ့ခေါင်းဆောင်ကကော စစ်တပ်တုန်းက ဘယ်မှာ တာဝန်ကျခဲ့တာလဲ"
ခုနကတင် စကားတွေ အားရပါးရ ပြောနေတဲ့ သူက ရုတ်တရက် ပါးစပ်ပိတ်သွားတယ်။
"မရိန်းတပ်ဖွဲ့လား ဒါမှမဟုတ် အထူးတပ်ဖွဲ့လား"
သူက အဖြေမပေးသေးပါဘူး။
စပ်စုချင်နေတဲ့ တက်ဂယူ က ထပ်ပြီး မေးမြန်းနေခဲ့တယ်။
"မြောက်ကိုရီးယားထဲ ခိုးဝင်ရတဲ့သူလား ဒါမှမဟုတ် လျှို့ဝှက်အေးဂျင့်လား။ ဒါမှမဟုတ် နိုင်ငံခြား ကြေးစားစစ်သားလား"
ဇွဲကောင်းကောင်းနဲ့ မေးနေတာကြောင့် သူက မတတ်သာဘဲ ပါးစပ်ဖွင့်လိုက်ရတယ်။
"ကျွန်တော်က လူထုဝန်ဆောင်မှု ဝန်ထမ်းအနေနဲ့ လုပ်ခဲ့တာပါ"
သူ့စကားကြောင့် ကျွန်တော်တို့ အားလုံး အံ့သြသွားကြတယ်။
"လူထုဝန်ဆောင်မှု ဝန်ထမ်း ဟုတ်လား"
"Terminator လို ခန္ဓာကိုယ်မျိုး ရှိတဲ့သူက ဘယ်လိုဖြစ်လို့ လူထုဝန်ဆောင်မှု ဝန်ထမ်း ဖြစ်ရတာလဲ"
အဖွဲ့ခေါင်းဆောင် လီချောဂျင် က ကာကွယ်ပြောဆိုတဲ့ အနေနဲ့ ပြောတယ်။
"ကျွန်တော်….ကျွန်တော် အဲဒီတုန်းက အားကစားလုပ်ရင်း ခါးထိသွားလို့ မတတ်သာဘဲ ဖြစ်သွားတာပါ"
စစ်ဆေးမှု ခံယူဖူးတဲ့သူတိုင်း သိကြပါတယ်။ တကယ်လို့ ခန္ဓာကိုယ်ရဲ့ အခြေအနေ အထွေထွေက သိပ်မကောင်းရင် အဆင့် ၃ ရတတ်ပေမဲ့ ခန္ဓာကိုယ်ရဲ့ သီးခြား အစိတ်အပိုင်းတစ်ခုခုက ဆိုးဆိုးရွားရွား ထိခိုက်ထားရင် တခြားနေရာတွေ ကောင်းနေရင်တောင် အဆင့် ၄ ပဲ ရတတ်တာပါ။
သာမန်လူတွေထက် ပိုကျန်းမာပုံရတဲ့ အားကစားသမားတွေတောင် အဆင့် ၄ နဲ့ လွတ်သွားတတ်ကြတာပဲလေ။ သူလည်း ဒီလို အခြေအနေမျိုး ဖြစ်ပုံရတယ်။
တက်ဂယူ ကတော့ အရမ်း ပျော်သွားခဲ့တယ်။
"ဝိုး။ အဖွဲ့ခေါင်းဆောင်ကလည်း လူထုဝန်ဆောင်မှု ဝန်ထမ်းပဲကိုး။ စဉ်းစားကြည့်ရင် ခင်ဗျားက ကျွန်တော့်ရဲ့ လူထုဝန်ဆောင်မှု စီနီယာပဲ။ လူထုဝန်ဆောင်မှု ဝန်ထမ်း အချင်းချင်းမလို့ ကျွန်တော် ဂုဏ်ယူတယ်"
ဘာကြောင့်လဲမသိဘူး။ သူ့မျက်နှာက နည်းနည်း နီရဲသွားပုံရတယ်။
ကျွန်တော်က လီချောဂျင် ရဲ့ ပခုံးကို ပုတ်ပြီး ပြောလိုက်တယ်။
"လူထုဝန်ဆောင်မှု ဝန်ထမ်း အနေနဲ့ တာဝန်ထမ်းဆောင်တာကလည်း နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို သစ္စာရှိရှိ ထမ်းဆောင်တာပါပဲ။ ရှက်စရာ ဘာမှမရှိပါဘူး"
"…ဟုတ်ကဲ့"
ကျွန်တော်တို့ စကားပြောနေတုန်းမှာပဲ Meister Pizza ရဲ့ ဌာနချုပ်ရှေ့ကို ရောက်လာခဲ့ကြတယ်။
ကျွန်တော်တို့ ကားပေါ်က ဆင်းလိုက်တယ်။ ဒါပေမဲ့ ပတ်ပတ်လည်ကို ကြည့်လိုက်ပေမဲ့ ကင်ဂျေဟတ် ကို ဘယ်နေရာမှာမှ မတွေ့ရဘူး။
ထူးဆန်းလိုက်တာ။ သူ ဒီကို ရောက်နေပြီလို့ သေချာ ပြောခဲ့တာကို…
"သန့်စင်ခန်း သွားနေတာ ဖြစ်မှာပါ။ ဖုန်းခေါ်ကြည့်လိုက်"
ကျွန်တော် ဖုန်းခေါ်ကြည့်ပေမဲ့ သူ ဖုန်းမကိုင်ဘူး။
ရုတ်တရက် စိတ်ထဲမှာ မကောင်းတဲ့ အငွေ့အသက်တစ်ခု ဖြတ်ပြေးသွားတယ်။
မဟုတ်မှလွဲရော…
"အတွင်းထဲ ဝင်ရအောင်"
ကျွန်တော်တို့ သက်တော်စောင့်တွေနဲ့အတူ ဌာနချုပ် အဆောက်အဦးထဲ ဝင်ခဲ့ကြတယ်။ ရုံးအဆောက်အဦး တော်တော်များများလိုပဲ အပေါ်ထပ်တွေကို တက်ဖို့အတွက် လုံခြုံရေးတံခါးကို ကတ်ပြား ဖြတ်ရမှာပါ။
ဧည့်ခန်းက ဝန်ထမ်းတစ်ယောက်က ကျွန်တော်တို့ကို နှုတ်ဆက်ပြီး "ဘာကူညီပေးရမလဲ ခင်ဗျာ" လို့ မေးတယ်။
ကျွန်တော့်မျက်နှာကို ခဏလောက် စိုက်ကြည့်နေတဲ့ တခြားဝန်ထမ်းတစ်ယောက်ကတော့ အံ့သြတုန်လှုပ်တဲ့ အသံနဲ့ "ခင်ဗျားက စီအီးအို ကန်ဂျင်ဟူ မဟုတ်လား" လို့ မေးတယ်။
ကျွန်တော်က ပြုံးပြီး "ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ စီအီးအို အခု ရုံးမှာ ရှိလား" လို့ မေးလိုက်တယ်။
"ရှိပါတယ်၊ ကျွန်တော် ချက်ချင်း အကြောင်းကြားပေးပါ့မယ်"
သူ ဖုန်းဆီ လက်လှမ်းလိုက်တာကို ကျွန်တော် တားလိုက်ပြီး "သူ့မှာ အခု ဧည့်သည် ရှိနေလား" လို့ မေးလိုက်တယ်။
"ဟုတ်ကဲ့။ သူ အခုတင် Franchiseပိုင်ရှင်တစ်ယောက်နဲ့အတူ အပေါ်ထပ်ကို တက်သွားပါတယ်"
ကျွန်တော် ထင်တဲ့အတိုင်းပဲ…
ကျွန်တော်က သူ့ကို "ကျွန်တော်တို့ကို စီအီးအိုရုံးခန်းဆီ ချက်ချင်း ခေါ်သွားပေးပါ" လို့ ပြောလိုက်တယ်။
တစ်ခုခု မှားနေပြီဆိုတာကို ရိပ်မိသွားတဲ့ ဝန်ထမ်းက ဖုန်းဆီကို ထပ်ပြီး လက်လှမ်းပြန်တယ်။
"ကျွန်တော်-ကျွန်တော် အရင် အကြောင်းကြားရမှာမလို့ပါ…"
အဲဒီအချိန်မှာ အဖွဲ့ခေါင်းဆောင် လီချောဂျင် က ရှေ့တိုးလာပြီး သူ့လက်ထဲက ဖုန်းကို လုယူလိုက်သလို စားပွဲပေါ်မှာ ရှိနေတဲ့ လုံခြုံရေးကတ်ပြားကိုလည်း ကောက်ယူလိုက်တယ်။
"ဒါကို ခဏလောက် ငှားမယ်"
" ဗျာ"
လီချောဂျင် က တခြား သက်တော်စောင့်တစ်ယောက်ကို ညွှန်ကြားလိုက်တယ်။
"ဒီမှာနေပြီး သူတို့တွေ အပေါ်ထပ်ကို ဖုန်းမဆက်နိုင်အောင် လုပ်ထား"
"နားလည်ပါပြီ"
ဝန်ထမ်းတွေ ကျွန်တော်တို့ကို မတားနိုင်ခင်မှာပဲ လုံခြုံရေးကတ်ကို ဖြတ်ပြီး လုံခြုံရေးတံခါးကနေ ကျော်ဖြတ်ခဲ့ကြတယ်။ ကံကောင်းထောက်မစွာနဲ့ ဓါတ်လှေကားက ပထမထပ်မှာ ရှိနေတာကြောင့် ချက်ချင်းပဲ တက်ခဲ့ကြတာပေါ့။
"စီအီးအိုရုံးခန်းက ဘယ်မှာလဲ"
"များသောအားဖြင့်တော့ အပေါ်ဆုံးထပ်မှာပဲ ရှိတတ်တာ"
ကျွန်တော်က အပေါ်ဆုံးထပ်ဖြစ်တဲ့ ၇ ထပ် ခလုတ်ကို နှိပ်လိုက်တယ်။
ကံကောင်းစွာနဲ့ပဲ စီအီးအိုရုံးခန်းက တကယ်ပဲ ၇ ထပ်မှာ ရှိနေတာပါ။ ကျွန်တော်တို့ တံခါးကို ဖွင့်ကြည့်ပေမဲ့ သော့ခတ်ထားတယ်။ လီချောဂျင် က ရှေ့တိုးလာခဲ့တယ်။
"ကျွန်တော် ဖွင့်လိုက်မယ်"
သူက နောက်ကို နည်းနည်းဆုတ်ပြီး တံခါးကို အားပြင်းပြင်းနဲ့ ကန်လိုက်တယ်။
ဂျိန်း
အဲဒါက သံတံခါး မဟုတ်ဘဲ သုံးထပ်သားတံခါး ဖြစ်နေတာပါ။ တစ်ချက်ထဲ ကန်လိုက်ရုံနဲ့တင် တံခါးလက်ကိုင်က ပျက်စီးသွားပြီး တံခါးက ပွင့်ထွက်သွားခဲ့တယ်။
အတွင်းထဲက လူငယ်က အံ့သြတုန်လှုပ်စွာနဲ့ လှည့်ကြည့်လာတယ်။
"မင်း-မင်းတို့က ဘယ်သူတွေလဲ"
ချဲမြောင်ဟို ရဲ့ မေးခွန်းကို တက်ဂယူ က ဒီအချိန်ကို စောင့်နေခဲ့တဲ့အလား ပြောလိုက်တယ်။
"ငါပဲဟေ့။ မင်းပထွေးကွ"
ကျွန်တော်က တက်ဂယူ ကို " ဘာလဲဟ" ဆိုတဲ့ မျက်နှာအမူအရာနဲ့ ကြည့်လိုက်တဲ့အခါ သူကတော့ အရမ်း ကျေနပ်နေပုံရတယ်။
"ငါ့ဘဝမှာ ဒီလိုစကားမျိုး အနည်းဆုံး တစ်ကြိမ်လောက်တော့ ပြောကြည့်ချင်နေတာ"
"……"
အေးပါ၊ မင်းအတွက် ဝမ်းသာပါတယ်။ လူဆိုတာ ဘဝမှာ ကိုယ်လုပ်ချင်တာကို လုပ်ရမှာပေါ့။
"ဒီကောင်တွေက ဘယ်သူလဲ။ သူတို့ကို အပြင်ထုတ်လိုက်စမ်း"
"ဟုတ်ကဲ့"
အဲဒီနောက် ရှေ့က ဝန်ထမ်းက အပြေးအလွှား ရှေ့တိုးလာတယ်။ လီချောဂျင် က အဲဒီဝန်ထမ်းရဲ့ ကော်လံကို ဆွဲကိုင်ပြီး ဘာမှမဟုတ်တဲ့အလား အလွယ်တကူပဲ မလိုက်တယ်။
"အား။ အား"
ဒါကို မြင်လိုက်ရတဲ့ တခြားဝန်ထမ်းတွေကတော့ လန့်ဖြန့်သွားပြီး နေရာတင် တောင့်တောင့်ကြီး ဖြစ်သွားကြတာပေါ့။
ကျွန်တော် အတွင်းထဲ ဝင်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်တယ်။ စီအီးအိုရုံးခန်းပီပီ အတွင်းပိုင်းကို ဈေးကြီးတဲ့ သွင်းကုန်ပရိဘောဂတွေနဲ့ သေသေချာချာ ပြင်ဆင်ထားတာပဲ။
ဒါပေမဲ့ ကျွန်တော့်မျက်စိထဲ အရင်ဆုံး ဝင်လာတာကတော့ နံရံမှာ ကျောကပ်ပြီး ကြောက်လန့်တုန်လှုပ်နေတဲ့ အမူအရာနဲ့ ကင်ဂျေဟတ်နဲ့ သူ့ရှေ့မှာ မတ်တတ်ရပ်နေတဲ့ ချဲမြောင်ဟိုတို့ပါပဲ။
သူက ညာလက်နဲ့ တခြားလူရဲ့ ကော်လံကို ဆွဲကိုင်ထားပြီး ဘယ်ခြေထောက်နဲ့ သူ့ရဲ့ ညာဘက်ခြေထောက်ကို နင်းထားတာ။ နင်းထားတာက ခြေတုဆိုတာ သူ သိနေတာ သေချာပါတယ်။
သူက နာကျင်အောင် လုပ်ဖို့တင် မဟုတ်ဘဲ အရှက်ခွဲဖို့ သိသိကြီးနဲ့ လုပ်နေတာလား။
ကျွန်တော့်နောက်က လိုက်လာတဲ့ တက်ဂယူ က ပြောလိုက်တယ်။
"ဒီငှက်ဦးနှောက်ကတော့ ကြောက်လို့ အီးပါမတတ် ဖြစ်နေတုန်းပဲ"
ချဲမြောင်ဟို က နောက်ဆုံးတော့ ကျွန်တော့်ကို မှတ်မိသွားပြီး ပျာပျာသလဲ ဖြစ်သွားခဲ့တယ်။
"က-ကန်ဂျင်ဟူလား"
ကျွန်တော် တတ်နိုင်သမျှ တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။
"ဒီမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို ရှင်းပြဖို့ မင်းကို ငါးစက္ကန့် အချိန်ပေးမယ်"
ချဲမြောင်ဟို ကတော့ လုံးဝ မယုံကြည်နိုင်တဲ့ အမူအရာ ဖြစ်နေတာပါ။ ကျွန်တော် ဒီလို အခြေအနေမျိုးမှာ ရုတ်တရက် ပေါ်လာလိမ့်မယ်လို့ သူ မျှော်လင့်ထားမှာ မဟုတ်ဘူးလေ။
ကျွန်တော်လည်း သူနဲ့ ဒီလိုမျိုး ပြန်တွေ့ရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပါဘူး။
ကျွန်တော် စီနီယာကင်ဂျေဟတ် ဆီ လမ်းလျှောက်သွားလိုက်တယ်။
"အဆင်ပြေရဲ့လား။ တစ်ခုခု ထိခိုက်သွားသေးလား"
"အင်း၊ အင်း။ ငါ အဆင်ပြေပါတယ်"
ကံကောင်းထောက်မစွာနဲ့ သူ အရိုက်ခံရပုံတော့မပေါ်ဘူး။
ကျွန်တော် ချဲမြောင်ဟို ကို ကြည့်ပြီး ပြောလိုက်တယ်။
"ငါးစက္ကန့် ပြည့်သွားပြီ။ ဒီနေ့တော့ ငါတို့ သွားတော့မယ်၊ ဒါပေမဲ့ နောက်မှ ပြန်တွေ့ကြတာပေါ့။ နောက်ဆက်တွဲ ဘာဖြစ်လာမလဲဆိုတာကိုတော့ မျှော်လင့်ထားလိုက်ပါ"
ကျွန်တော် ကင်ဂျေဟတ် နဲ့အတူ ထွက်ခွာဖို့ လုပ်နေတုန်း ချဲမြောင်ဟိုက နောက်ကနေ အော်ပြောတယ်။
"ခ-ခဏနေပါဦး။ စီနီယာ"
ကျွန်တော် လှည့်ကြည့်ပြီး ပြောလိုက်တယ်။
"ဘယ်သူက မင်းရဲ့ စီနီယာလဲ။ အရင်က ကတိပေးခဲ့တဲ့အတိုင်း မင်းရဲ့ နှုတ်ထွက်စာကိုသာ တင်လိုက်စမ်းပါ။ မအေဘေး"
အခန်း (၂၃၆)
ကျွန်တော်တို့တွေ OTK Company ကို ပြန်ရောက်လာခဲ့ကြတယ်။
အကြောင်းကြားထားတာကြောင့် အယ်လီ က ဘေးနားတင်ရှိတဲ့ အဆောက်အဦးကနေ ရောက်လာတယ်။ စီနီယာ ကင်ဂျေဟတ် က အတွင်းရေးမှူး ယူလာပေးတဲ့ ကော်ဖီခွက်ကို လှမ်းယူလိုက်တယ်။
ခွက်ကို ကိုင်ထားတဲ့ သူ့လက်တွေက ရင်ခုန်စိတ်လှုပ်ရှားမှုတွေ မပြယ်သေးတဲ့အလား တုန်ရင်နေခဲ့တာပါ။
သူက အတင်းအကြပ် ပြုံးလိုက်ရင်း ပြောတယ်။
"အာ…. ငါ ဘာဖြစ်နေတာလဲ မသိဘူး။ ခဏလေးနော်"
သူ့ကို ဒီလိုမြင်ရလို့ ကျွန်တော် အံ့သြသွားပေမဲ့ တည်ငြိမ်ချင်ဟန်ဆောင်ပြီး ပြောလိုက်တယ်။
"ရပါတယ်။ အေးဆေး သောက်ပါ"
စစ်တပ်တုန်းက ကျွန်တော်သိခဲ့တဲ့ စီနီယာ ကင်ဂျေဟတ် က ကိုယ်ထင်တာကို ရဲရဲဝံ့ဝံ့ ပြောတတ်တဲ့လူစားမျိုးပါ။
သူက ဂျူနီယာရဲဘော်တွေကို တိတိကျကျနဲ့ ပြတ်ပြတ်သားသား ညွှန်ကြားတတ်ပြီး စီနီယာတစ်ယောက်ယောက်က စည်းကျော်လာရင်လည်း ထိပ်တိုက်ရင်ဆိုင်တာ ဒါမှမဟုတ် ဒေါသထွက်တတ်တဲ့သူဖြစ်ခဲ့တာလေ။
အရင်တုန်းက သူသာဆိုရင် အရင်အကန်ခံရရင်တောင် ကော်လံကို ပြန်ဆွဲပြီး အဆုံးအထိ ပြန်ချမယ့်သူမျိုးပါ။ ဒါပေမဲ့ ခုနတုန်းကတော့ မိဘတွေဆူတာ ခံနေရတဲ့ ကလေးတစ်ယောက်လိုမျိုး ကွေးကွေးလေး ဖြစ်နေခဲ့တယ်။
သူက အမြဲတမ်း တက်ကြွပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခဲ့တာကို… သူ့ရဲ့ မသန်စွမ်းမှုက သူ့စိတ်ဓာတ်ကိုပါ ပြောင်းလဲပစ်လိုက်တာလား။ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရကတည်းက အများကြီး ပြောင်းလဲသွားခဲ့တာပဲ။
ဌာနချုပ် အဆောက်အဦးထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ကြားပြီးနောက် အယ်လီ က ပြောတယ်။
"တိုက်ရိုက် ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုး မရှိပေမဲ့ တံခါးပိတ်ပြီး ခြိမ်းခြောက်တဲ့ အငွေ့အသက် ဖန်တီးတာကတင် ခြိမ်းခြောက်မှု ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ စော်ကားမှု မြောက်ပါတယ်။ ဒါပေမဲ့ စုံစမ်းစစ်ဆေးမှု စတင်ရင်တော့ သူတို့က ငြင်းကြမှာပဲလေ"
တက်ဂယူ က ပြောတယ်။
"အသံဖမ်းမှာစိုးလို့ ဖုန်းကို အရင်လုတာကို ကြည့်ရင်တော့ သူတို့က CCTV မှတ်တမ်းတွေကို ဖျက်ဆီးပြီး ဝန်ထမ်းတွေကို ဇာတ်တိုက်ထားပြီးလောက်ပြီ"
ဒါက လုံးဝ ဖြစ်နိုင်ခြေများတယ်လို့ ကျွန်တော်လည်း တွေးမိတယ်။
အသေးစားနဲ့ အလတ်စား Franchiseတွေရဲ့ စီအီးအိုတွေက ဒရိုင်ဘာတွေ၊ အတွင်းရေးမှူးတွေ ဒါမှမဟုတ် Franchiseပိုင်ရှင်တွေကို ဆဲဆိုတာ ဒါမှမဟုတ် ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုးက မကြာခဏ ရှိတတ်ပါတယ်။
ချဲမြောင်ဟို ရဲ့ အဖေ ချဲဒေးဟို တောင်မှ ဆိုင်ကို လာစစ်ဆေးတုန်းက Franchiseပိုင်ရှင်ကို ဆဲဆိုကြိမ်းမောင်းလို့ တရားစွဲခံခဲ့ရသေးတယ်။ အထောက်အထား မလုံလောက်လို့ တရားစွဲချက် ပလပ်ခံလိုက်ရတာနဲ့ပဲ ပြီးသွားခဲ့ပေမဲ့ပေါ့လေ။
အဖေတူ သားဆိုသလို အစကတည်းက ဒါတွေကို သင်ယူထားတာကိုး။ အဲဒီကောင်စုတ်က အောက်ခြေကတည်းက ပုပ်ပွနေခဲ့တာပဲ။
အယ်လီ က ကျွန်တော့်ကို ကြည့်ပြီး မေးတယ်။
"ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားမှာတော့ မဟုတ်ဘူးမလား"
သူ့ရဲ့ အသံနဲ့ မျက်နှာအမူအရာကို ကြည့်ရသလောက် တကယ် ဒေါသထွက်နေပုံရတယ်။ ဒီလိုပုံစံလေးကလည်း ချစ်စရာကောင်းနေပြန်တာပဲ။
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
"ဒါပေါ့။ မလွှတ်ထားပါဘူး"
လောလောဆယ် ဒီကိစ္စကို နောက်မှ သီးသန့် ဖြေရှင်းကြတာပေါ့…
အဆင်ပြေပြေ ဖြေရှင်းလို့ရမယ့် အဆင့်ကတော့ ကုန်ဆုံးသွားပါပြီ။ စဉ်းစားကြည့်ရင် သူ့ရဲ့ Franchiseဆိုင်ကို ဆက်ထိန်းထားဖို့ ဒီလောက်အထိ ဖက်တွယ်နေစရာ မလိုပါဘူး။
သူ့ကို ကူညီနိုင်မယ့် တခြားနည်းလမ်းတွေ အများကြီး ရှိတာပဲ။ သူ့အတွက် သက်တောင့်သက်သာရှိမယ့် အလုပ်တစ်ခု စီစဉ်ပေးလို့ ရသလို အဆောက်အဦးတစ်ခု ဝယ်ပေးပြီး အိမ်ငှားခနဲ့ အေးဆေး နေထိုင်သွားစေလို့လည်း ရပါတယ်။
ဒါပေမဲ့ သူ့ဘဝက ပိုပြီး အဆင်ပြေသွားရင်တောင် တစ်ခါ ကျိုးပဲ့သွားခဲ့တဲ့ သူ့ရဲ့ သိက္ခာကတော့ ဘယ်တော့မှ ပြန်ရလာမှာ မဟုတ်ဘူးလေ။
တခြားလူတွေအမြင်မှာတော့ သူက ကျွန်တော်နဲ့ စစ်တပ် အတူတူ တက်ခဲ့လို့ ကံကောင်းသွားတာလို့ပဲ မြင်ကြမှာဖြစ်ပြီး ကွယ်ရာမှာ အတင်းပြောကြမှာပါ။
ရန်သူက ဓားကိုင်လာရင် ကျွန်တော်တို့လည်း ဓားကိုင်ပြီး ပြန်ချရမယ်။ ကျွန်တော် လုပ်ပေးရမှာက သူ့ကို ဓားတစ်လက် ကမ်းပေးဖို့ပဲ။
တက်ဂယူ က လက်ပိုက်ပြီးပြောတယ်။
"ဒါဆိုရင် ငါတို့မှာ ထိပ်တိုက်ရင်ဆိုင်တဲ့နည်းလမ်းကို သုံးဖို့ကလွဲလို့ တခြားလမ်း မရှိတော့ဘူးပေါ့၊ ဟုတ်လား"
သူလည်း အစကတည်းက ဒါကို ရိပ်မိနေတာ ဖြစ်မှာပါ။ အခုထိ ဘာမှမပြောဘဲ နေနေတာက ကျွန်တော် အရင် စကားစလာမှာကို စောင့်နေလို့ ဖြစ်ပါလိမ့်မယ်။
ကျွန်တော် ကင်ဂျေဟတ် ကို ပြောလိုက်တယ်။
"ကျွန်တော်နဲ့ Franchise စာချုပ်တစ်ခု ချုပ်မလား"
"ဟမ်။ ဘာအကြောင်း ပြောနေတာလဲ"
ကျွန်တော် Silicon Valley မှာ စားခဲ့တဲ့ ပီဇာကို သတိရသွားတယ်။
"M Pizza ရဲ့ ကိုရီးယား ပထမဆုံး ဆိုင်ခွဲကို ဖွင့်ကြရအောင်"
တောင်ကိုရီးယားမှာတော့ အပြင်စာ စားမယ်ဆိုရင် ကြက်ကြော်က လူကြိုက်အများဆုံး ရွေးချယ်မှုပါပဲ။
ဒါပေမဲ့ အမေရိကန်မှာတော့ အခြေအနေက နည်းနည်း ကွဲပြားပါတယ်။
ကမ္ဘာကျော် အမေရိကန် စီးပွားရေးပညာရှင်တစ်ယောက်က မကြာသေးခင်က ထုတ်ဝေခဲ့တဲ့ သူ့ရဲ့ စာအုပ်ထဲမှာ 'ညစာအတွက် ကြက်ကြော်နဲ့ ပီဇာကြားမှာ အတင်းအကြပ် ရွေးခိုင်းမယ်ဆိုရင် စိတ်မှန်တဲ့သူ ဘယ်သူမဆို ကြက်ကြော်ကို ရွေးမှာမဟုတ်ဘူး' လို့ ရေးသားပြီး အမေရိကန်တွေရဲ့ ပီဇာအပေါ် နှစ်သက်မှုကို ထင်ဟပ်စေခဲ့တယ်။
ဒီလိုနဲ့ စျေးကွက်က ပြည့်နှက်နေပြီးသား ဖြစ်သလို Dice Pizza၊ Pizza Hot နဲ့ Mama Jones Pizza တို့က အားပြိုင်မှု အားကောင်းတဲ့ သုံးပွင့်ဆိုင် ပြိုင်ပွဲတစ်ခုကို တည်ဆောက်ထားကြတာပါ။
M Pizza ကတော့ ဒီစျေးကွက်ထဲကို ရဲရဲဝံ့ဝံ့ ဝင်ရောက်လာခဲ့တယ်။
သူတို့ရဲ့ မဟာဗျူဟာမှာ အဓိက အပိုင်းသုံးပိုင်း ပါဝင်ပါတယ်။ ပထမဆုံးကတော့ conveyor belts (တချို့ဘူဖေးဆိုင်တွေမှာ အစားအသောက်ခွက်လေးတွေကို ရွေ့လျားစက်ပေါ်မှာ တင်ပြီးရွေ့လျားခိုင်းတာမျိုး)တွေနဲ့ ရိုဘော့တွေကို သုံးပြီး လုပ်ငန်းစဉ် အများစုကို အလိုအလျောက် စနစ်ပြောင်းလိုက်တာပါပဲ။ လုပ်အားခ သက်သာသွားတာကြောင့် အရည်အသွေးမြင့် ပါဝင်ပစ္စည်းတွေမှာ ရက်ရက်ရောရော ရင်းနှီးမြှုပ်နှံနိုင်ခဲ့တယ်။ နောက်ဆုံးအနေနဲ့ ပို့ဆောင်နေစဉ်အတွင်း အပူပေးထရပ်ကားပေါ်မှာ ပီဇာကို နောက်တစ်ကြိမ် ထပ်ဖုတ်ပြီး သုံးစွဲသူတွေဆီကို ပူပူနွေးနွေး ပို့ဆောင်ပေးတာပါ။
ဒီစီးပွားရေး မဟာဗျူဟာက ထိရောက်မှုရှိကြောင်း သက်သေပြနိုင်ခဲ့ပြီး M Pizza က ဆန်းသစ်ပြီး အရသာအရှိဆုံး ပီဇာအဖြစ် ချီးကျူးခံခဲ့ရတယ်။ မကြာသေးခင်က သုံးစွဲသူတွေရဲ့ နှစ်သက်မှု စစ်တမ်းမှာတောင် ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့တာပေါ့။
ကျွန်တော် Silicon Valley မှာ ရှိတုန်းက ဒါကို အကြိမ်အနည်းငယ် စားခဲ့ဖူးပြီး အရသာက တကယ်ကို ကောင်းမွန်လှပါတယ်။
M Pizza ရဲ့ စီအီးအို မိုင်လို ဖရီးမန်း က ကျွန်တော့်ရဲ့ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် ကိုရီးယားကို တိုက်ရိုက် လေယာဉ်စီး လာခဲ့တယ်။ ကျွန်တော်တို့တွေ အချိန်အတော်ကြာမှ ပြန်ဆုံရတာမလို့ ဝမ်းသာအားရ နှုတ်ဆက်ဖြစ်ကြတယ်။
မူလက M Pizza က Silicon Valley ကို ဗဟိုပြုပြီး ကယ်လီဖိုးနီးယား တစ်ခွင်မှာ စီးပွားရေး ကွန်ရက်ကို တိုးချဲ့နေတာပါ။
လှုပ်ခတ်ခဲ့တဲ့ မဟာငလျင်ကြီးက စိန်ခေါ်မှုကော အခွင့်အလမ်းပါ ဖြစ်ခဲ့တယ်။ M Pizza က အနီးအနားက ဆိုင်ခွဲတွေမှာ အရောင်းရပ်ဆိုင်းလိုက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ချက်ချင်း ပါဝင်ခဲ့တယ်။
M Pizza ရဲ့ ဆိုင်ခွဲအများစုမှာ အလိုအလျောက် ထုတ်လုပ်မှုစနစ်တွေ ရှိတာကြောင့် တစ်မိနစ်ကို ပီဇာ ငါးချပ် ဒါမှမဟုတ် တစ်နာရီကို ပီဇာ ၃၀၀ အထိ ထုတ်လုပ်နိုင်ပါတယ်။
စက်ရုံတစ်ခုလိုမျိုး ၂၄ နာရီပတ်လုံး မရပ်မနား ပီဇာတွေ ထုတ်လုပ်ပြီး အပူပေးထရပ်ကားတွေက လတ်လတ်ဆတ်ဆတ် လုပ်ထားတဲ့ ပီဇာတွေကို ဒုက္ခသည်စခန်းတွေနဲ့ ကယ်ဆယ်ရေးဌာနတွေဆီ ပို့ဆောင်ပေးခဲ့တယ်။
ပီဇာက အမေရိကန်တွေရဲ့ စိတ်ဝိဉာဉ်စာပဲလေ။
ခက်ခဲတဲ့ အခြေအနေတွေကြားထဲမှာ ပူနွေးတဲ့ ပီဇာကြောင့် နွေးထွေးမှုနဲ့ စိတ်သက်သာရာရမှုကို ရှာဖွေတွေ့ရှိခဲ့ကြတဲ့ ဒုက္ခသည်တွေက ပျော်ရွှင်စရာ အခိုက်အတန့်လေးကို ခံစားခဲ့ကြရတယ်။
အဲဒီအချိန်တုန်းက ဆုံးရှုံးမှုတွေ အများကြီး ရှိခဲ့ပေမဲ့ ဒါက M Pizza ရဲ့ Brandပုံရိပ်ကို အများကြီး မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။
Silicon Valley က ကုမ္ပဏီအများစုလိုပဲ M Pizza ကလည်း သူ့ရဲ့ ဌာနချုပ်ကို ပြောင်းရွှေ့ခဲ့ရတယ်။ သူတို့က အီလီနွိုက် ပြည်နယ်အရှေ့မြောက်ပိုင်းက မြို့ကြီးတစ်မြို့ဖြစ်တဲ့ ချီကာဂိုမှာ အခြေစိုက်စခန်းအသစ် ဖွင့်လှစ်ခဲ့ကြတာပေါ့။
နေရာပြောင်းပြီးကတည်းက မိုင်လို က အမေရိကန်တစ်ဝှမ်းလုံးမှာ ဆိုင်ခွဲတွေကို မြန်မြန်ဆန်ဆန် တိုးချဲ့နေခဲ့တယ်။ ဒါကို အကောင်အထည်ဖော်ဖို့အတွက် သူတို့က လုံလောက်တဲ့ ရန်ပုံငွေကို ရရှိခဲ့ပြီး မကြာသေးခင်ကမှ နယူးယောက်မှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ကာ ကြော်ငြာတွေကို အပြင်းအထန် လုပ်ဆောင်နေတာပါ။
ကြားရသလောက်တော့ သူ့ရဲ့ ပူးတွဲတည်ထောင်သူ မက်စ် က ဆိုင်ခွဲတွေကြားထဲ ကူးချည်သန်းချည်နဲ့ အရမ်း အလုပ်ရှုပ်နေတာတဲ့။
မိုင်လို က ကျွန်တော့်ကို မေးတယ်။
"ကိုရီးယားမှာ M Pizza ကို မိတ်ဆက်ဖို့ စဉ်းစားနေတာလား"
"ဟုတ်တယ်"
ကျွန်တော် ဒီလို ရုတ်တရက် ဆုံးဖြတ်ချက်ချရတဲ့ နောက်ခံအကြောင်းအရင်းကို ပြောပြလိုက်တယ်။
မိုင်လို က ခေါင်းညိတ်ပြရင်း ပြောတယ်။
"ဒီကိစ္စမတိုင်ခင်ကတည်းက MCK အုပ်စု က ကိုရီးယားစျေးကွက်ထဲ ဝင်ရောက်ဖို့အတွက် ကျွန်တော်တို့ဆီကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ဖူးတယ်။ သူတို့ ဥက္ကဌကိုယ်တိုင်တောင် ကျွန်တော်တို့ ဌာနချုပ်ဆီ လူကိုယ်တိုင် လာရောက်ခဲ့သေးတာ"
ဒါကို ကြားတော့ ကျွန်တော်တို့ အံ့သြသွားကြတာပေါ့။
"တကယ်လား"
ကျွန်တော် အခြေအနေကို အကြမ်းဖျင်း နားလည်လိုက်ပါပြီ။
နိုင်ငံတိုင်းမှာ မတူညီတဲ့ အရသာနဲ့ စားသောက်မှုပုံစံတွေ ရှိကြတာပဲ။
ဥပမာအားဖြင့် ကိုရီးယားမှာ KFC က ကြက်ကြော်နဲ့ ဘာဂါတွေကို အဓိက ရောင်းချပေမဲ့ တရုတ်မှာတော့ ထမင်းနဲ့ ဆန်ပြုတ်တွေကိုပါ ရောင်းချပါတယ်။ McDonald's ရဲ့ Bulgogi Burger နဲ့ Dice Pizza ရဲ့ Bulgogi Pizza တွေကလည်း ကိုရီးယားစျေးကွက်အတွက် သီးသန့် ဖန်တီးထားတဲ့ Menuတွေပါ။
(မြန်မာနိုင်ငံထဲဝင်လာရင်တော့ ငပိဘာဂါတို့၊ ငပိပီဇာတို့ပါ သီးသန့် Menuထုတ်ပေးမလားမသိဘူး :x)
ဒါ့အပြင် ဆိုင်အတွင်းပိုင်း အပြင်အဆင်၊ အစားအစာအရသာကနေ ပါဝင်ပစ္စည်းတွေ ရှာဖွေတာနဲ့ ဖြန့်ဖြူးတာအထိ အားလုံးကို သေသေချာချာ စီမံခန့်ခွဲဖို့ လိုအပ်ပါတယ်။
ဒါကြောင့် ဒေသတွင်းစျေးကွက်ကို ကောင်းကောင်းသိပြီး ဖြန့်ဖြူးရေးကွန်ရက် ရှိနှင့်ပြီးသား ကုမ္ပဏီတစ်ခုနဲ့ ဖက်စပ်လုပ်ငန်း တည်ထောင်ပြီး စျေးကွက်ထဲ ဝင်ရောက်လေ့ ရှိကြတာပါ။
ဥပမာအားဖြင့် ကမ္ဘာ့အကြီးဆုံး ကော်ဖီဆိုင်ခွဲဖြစ်တဲ့ Starbucks က ကိုရီးယားမှာ Shinsegae အုပ်စု၊ အိန္ဒိယမှာ တာတာ အုပ်စု၊ အရှေ့ဥရောပမှာ AmRest တို့နဲ့ ဖက်စပ်လုပ်ငန်း တည်ထောင်ခဲ့တယ်။
ဒါက Baskin-Robbins 31၊ Dunkin' Donuts နဲ့ Shake Shack တို့အတွက်လည်း အတူတူပါပဲ။
M Pizza က လက်ရှိ အမေရိကန်မှာ အအောင်မြင်ဆုံး ပီဇာFranchise ဖြစ်သလို တခြားဘရန်းတွေ အလွယ်တကူ မတုပနိုင်တဲ့ ထူးခြားတဲ့ နည်းပညာတွေလည်း ရှိနေတာပါ။
ဒါကို ကိုရီးယားဆီ ယူလာရုံနဲ့တင် အောင်မြင်ဖို့က ရာခိုင်နှုန်း တော်တော်များများ သေချာနေတာပဲလေ။ ဒါကြောင့် ညှိနှိုင်းမှုတွေ မအောင်မြင်တဲ့အခါ သူတို့က ကိုယ်ပိုင်ဘရန်းကို မိတ်ဆက်ခဲ့ကြတာပေါ့။
"စဉ်းစားကြည့်ရင် အရသာက နည်းနည်း ဆင်တူနေသလိုပဲ…"
တက်ဂယူ က ခေါင်းညိတ်ပြရင်း ပြောတယ်။
"ငါလည်း အဲဒါကို ခံစားမိတယ်။ အခု စဉ်းစားကြည့်တော့မှ သူတို့က Recipe(ပီဇာလုပ်နည်း) ကို ကူးချထားတာ ဖြစ်ရမယ်"
ပီဇာအားလုံးက အရသာ အတူတူပဲနေမှာပါလို့ တွေးပြီး ကျွန်တော် သိပ်သတိမထားမိခဲ့ပေမဲ့ သူက ဒီလိုပြောနေမှတော့ ဒါက တကယ် ဖြစ်နိုင်တာပဲ။
မိုင်လို က ပြုံးလိုက်ရင်း ပြောတယ်။
"သူတို့က အရသာကိုတော့ ကူးချနိုင်လိမ့်မယ်၊ ဒါပေမဲ့ အဓိက နည်းပညာကိုတော့ မကူးချနိုင်ပါဘူး"
သဘာဝကျကျပဲ သူတို့က ပီဇာရိုဘော့တွေနဲ့ အပူပေးထရပ်ကားတွေကိုတော့ မကူးချနိုင်ခဲ့ကြဘူးလေ။
တက်ဂယူ က မေးတယ်။
"ဒါပေမဲ့ အပူပေးထရပ်ကားတွေက ကိုရီးယားရဲ့ ပို့ဆောင်ရေး ပတ်ဝန်းကျင်နဲ့ အဆင်မပြေနိုင်ဘူး မဟုတ်လား။ နယ်ဘက်တွေကိုတော့ မသိဘူး၊ မြို့ပြဘက်မှာတော့ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ပို့ဆောင်ရတာ ခက်ခဲလိမ့်မယ်"
မိုင်လို က ယုံကြည်မှုအပြည့်နဲ့ ပြောတယ်။
"အဲဒီပြဿနာကို ကျွန်တော်တို့ မကြာသေးခင်ကပဲ ဖြေရှင်းလိုက်နိုင်ပြီ"
နယူးယောက်ကတော့ မိုးမျှော်တိုက်ကြီးတွေနဲ့ ကျဉ်းမြောင်းပြီး လူရှုပ်တဲ့ လမ်းမတွေကြောင့် နာမည်ကြီးတာပါ။ အဲဒီလို နေရာမျိုးမှာ ထရပ်ကားနဲ့ ပို့ဆောင်ဖို့က မဖြစ်နိုင်ပါဘူး။
ဒါကြောင့် သူတို့ရဲ့ စုဆောင်းထားတဲ့ နည်းပညာတွေကို သုံးပြီး နောက်ဘက်မှာ အပူပေးသေတ္တာပါတဲ့ ဆိုင်ကယ်ကို ဖန်တီးခဲ့ကြတယ်။ အဲဒီဆိုင်ကယ်ကို Oven Bike လို့ ခေါ်ပါတယ်။
အပူပေးသေတ္တာက ပီဇာ သုံးချပ်အထိ တစ်ပြိုင်ထဲ ဖုတ်နိုင်ပြီး အပူပေးထရပ်ကားလိုပဲ မြေပုံအချက်အလက်ပေါ် မူတည်ပြီး မရောက်ခင် လေးမိနစ်အလိုမှာ အလိုအလျောက် ကြိုတင်အပူပေးထားတာ ဖြစ်ပါတယ်။
"ပီဇာ သုံးချပ်ထက် ပိုမှာရင်ကော ဘယ်လိုလုပ်မလဲ"
မိုင်လို က အလွယ်တကူပဲ ဖြေတယ်။
"ဒါဆိုရင်တော့ Oven Bike နှစ်စီး ဒါမှမဟုတ် အပူပေးထရပ်ကားတစ်စီး သုံးလို့ရတာပဲ"
"အာ…. ဟုတ်သားပဲ"
Oven Bike တွေရဲ့ လည်ပတ်မှုက အောင်မြင်ခဲ့တယ်။
နယူးယောက်သားတွေကတော့ အရည်ပျော်နေတဲ့ ဒိန်ခဲတွေနဲ့ ပူနွေးတဲ့ ပီဇာအသားခွံတွေကို အချိန်မရွေး မြိန်ရေရှက်ရေ စားသုံးနိုင်ကြပြီလေ။
"အစီရင်ခံစာတွေအရ သိတဲ့အတိုင်းပဲ၊ M Pizza က အမေရိကန်မှာ ဆိုင်ခွဲတွေကို မြန်မြန်ဆန်ဆန် တိုးချဲ့နေတာ။ စီအီးအို ကန်ဂျင်ဟူ ပါဝင်လာရင်တော့ ရန်ပုံငွေ ရှာဖွေရတာက သိပ်ပြဿနာ မရှိနိုင်ပေမဲ့ အပြည်ပြည်ဆိုင်ရာ ဆိုင်ခွဲတွေကို စီမံခန့်ခွဲဖို့ လူအင်အားနဲ့ စနစ်တွေ လိုအပ်နေသေးတယ်"
အမေရိကန်က နိုင်ငံတစ်ခုထဲ မဟုတ်ဘဲ ပြည်နယ် ၅၀ ပါဝင်တဲ့ ပြည်ထောင်စုတစ်ခုပါ။ အဲဒီစျေးကွက်တစ်ခုထဲကိုပဲ အာရုံစိုက်ဖို့ကတင် စိန်ခေါ်မှုတစ်ခု ဖြစ်နေတာလေ။
"ချက်ချင်း မိတ်ဆက်နိုင်ဖို့ဆိုရင် ဖက်စပ်လုပ်ငန်းတစ်ခု တည်ထောင်ဖို့ လိုအပ်လိမ့်မယ်"
ကော်ပိုရေးရှင်းတစ်ခု တည်ထောင်ပြီး ကိုယ်ပိုင် လွတ်လွတ်လပ်လပ် လုပ်ကိုင်တာက အမြတ်အားလုံးကို ကိုယ်တိုင် ရရှိနိုင်တဲ့ အားသာချက် ရှိပေမဲ့ အောင်မြင်ဖို့အတွက် နောက်ထပ် နှစ်အနည်းငယ်လောက် ထပ်ကြာသွားနိုင်ပါတယ်။
မိုင်လို က ခေါင်းညိတ်ပြရင်း ပြောတယ်။
"ဟုတ်တယ်။ ယူကေနဲ့ ဂျပန်မှာလည်း ဒီလိုမျိုး ဆွေးနွေးမှုတွေ ရှိခဲ့တယ်။ ကိုရီးယားမှာတော့ MCK အပြင် Rite၊ Shinsegae ၊ SPD နဲ့ တခြားကုမ္ပဏီတွေကလည်း ကျွန်တော်တို့ဆီ ဆက်သွယ်ခဲ့ကြတယ်"
Rite နဲ့ Shinsegae ကတော့ ကုန်တိုက်တွေ၊ စူပါမားကတ်တွေနဲ့ စျေးဝယ်စင်တာတွေ အပါအဝင် ကြီးမားတဲ့ ဖြန့်ဖြူးရေး ကွန်ရက်တွေ ရှိကြတဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းစုကြီး ၁၀ ခုထဲမှာ ပါဝင်တာပါ။
SPD ကတော့ အမျိုးမျိုးသော ဘရန်းတွေကို နှစ်ပေါင်းများစွာကြာ လည်ပတ်ခဲ့တဲ့ အတွေ့အကြုံရှိတဲ့ Franchise အထူးပြု ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။
တကယ်လို့ ကျွန်တော်တို့သာ ဖက်စပ်လုပ်ငန်း တည်ထောင်မယ်ဆိုရင် ဘယ်ကုမ္ပဏီက အကောင်းဆုံး မိတ်ဖက် ဖြစ်မလဲ။
ပုံမှန်အတိုင်းပဲ၊ ကျွန်တော်က ဒီလိုကိစ္စတွေမှာ သိပ်နားမလည်တာကြောင့် ကျွမ်းကျင်သူတစ်ယောက်ကို မေးဖို့ ဆုံးဖြတ်လိုက်တယ်။
ကျွန်တော် စီအီးအို လင်ဆိုမီ ဆီ ဖုန်းခေါ်လိုက်တယ်။
[မင်္ဂလာပါ၊ စီအီးအို ကန်ဂျင်ဟူ]
"အရေးကြီးကိစ္စတော့ မဟုတ်ပါဘူး၊ မေးစရာလေးတစ်ခု ရှိလို့ပါ"
[ဟုတ်ကဲ့။ မေးပါရှင်]
ကျွန်တော် အခြေအနေကို ရှင်းပြပြီးနောက် မေးလိုက်တယ်။
"…ဒီကုမ္ပဏီတွေထဲမှာ ဘယ်ကုမ္ပဏီနဲ့ လက်တွဲတာက အကောင်းဆုံး ဖြစ်မလဲ"
လင်ဆိုမီ က စဉ်းစားနေစရာ မလိုတဲ့အလား ချက်ချင်း ပြန်ဖြေခဲ့တယ်။
[ငါ့ အမြင်အရတော့…]
[M Pizza က ကိုရီးယားစျေးကွက်ထဲ ဝင်ရောက်ဖို့အတွက် ဆီလွန်ဟိုတယ်နဲ့ လက်တွဲလိုက်ပြီ]
[Silicon Valleyရဲ့ ဆန်းသစ်တဲ့ ပီဇာ ကိုရီးယားကို ရောက်ရှိလာပြီ]
[ရိုဘော့တွေ လုပ်တဲ့ ပီဇာ။ အခု ကိုရီးယားမှာလည်း စားသုံးနိုင်ပြီ]
[M Pizza ရဲ့ စီအီးအို မိုင်လို က ကိုရီးယား စားသုံးသူတွေနဲ့ တွေ့ဆုံရလို့ ဝမ်းမြောက်ကြောင်း ပြောကြား]
[ဆီလွန်ဟိုတယ်ရဲ့ စီအီးအို လင်ဆိုမီ က M Pizza ကို ကိုရီးယားမှာ အကောင်းဆုံး ပီဇာFranchise ဖြစ်စေရမယ်လို့ ကြေညာ]
"သတင်းတွေက ထွက်လာပြီပဲ"
သတင်းစာမျက်နှာကို ဖွင့်ကြည့်လိုက်တော့ စီအီးအို လင်ဆိုမီ နဲ့ မိုင်လိုတို့ စာချုပ်ချုပ်ဆိုပြီး လက်ဆွဲနှုတ်ဆက်နေတဲ့ ဓာတ်ပုံကို မြင်လိုက်ရတယ်။
ဖက်စပ်လုပ်ငန်းရဲ့ ပိုင်ဆိုင်မှုကိုတော့ ၅၀-၅၀ စီ ခွဲဝေထားကြတာပါ။
အစောပိုင်း အရင်းအနှီးကတော့ ဝမ် သန်း ၈သောင်း ဖြစ်ပါတယ်။ စားသောက်ကုန် လုပ်ငန်းတစ်ခု ဖြစ်ပေမဲ့ ဆိုင်တွေမှာ conveyor belts တွေနဲ့ ရိုဘော့တွေ တပ်ဆင်တာ၊ အပူပေးထရပ်ကားတွေနဲ့ Oven Bike တွေကို မိတ်ဆက်တာ စတဲ့ အစောပိုင်း ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်တွေ မြင့်မားတာကြောင့် အရင်းအနှီးက ကြီးမားခဲ့တာပါ။
ကုန်တိုက်တွေ ဒါမှမဟုတ် စူပါမားကတ်တွေ ရှိကြတဲ့ ဖြန့်ဖြူးရေး ကုမ္ပဏီတွေက Franchise စီးပွားရေးထဲ ဝင်ရောက်လာတဲ့အခါ များသောအားဖြင့် သူတို့ရဲ့ ကိုယ်ပိုင် အဆောက်အဦးတွေမှာ ဆိုင်ခွဲတွေ စတင် ဖွင့်လှစ်လေ့ ရှိကြတယ်။
ဆီလွန်ဟိုတယ် မှာ ကုန်တိုက်တွေ ဒါမှမဟုတ် စူပါမားကတ်တွေ မရှိပေမဲ့ ဇိမ်ခံ ဆီလွန်ဟိုတယ် နဲ့ စီးပွားရေးဟိုတယ်ဖြစ်တဲ့ Ceylon Stay တို့ ရှိနေတာပဲလေ။
စီအီးအို လင်ဆိုမီ က ပထမဆုံး ဆိုင်ခွဲကို နမ်ဆန်မှာရှိတဲ့ ဆီလွန်ဟိုတယ် မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး အဲဒီနောက် နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ Ceylon Stay နေရာတွေဆီ တဖြည်းဖြည်း မိတ်ဆက်သွားဖို့ ရှိနေတာပါ။
လောလောဆယ်တော့ သူတို့က Franchiseတွေထက် တိုက်ရိုက်ဆိုင်ခွဲ အရေအတွက်ကို တိုးမြှင့်ဖို့ စီစဉ်ထားကြတယ်။ Franchiseပိုင်ရှင်တွေကို တက်တက်ကြွကြွ မဖိတ်ခေါ်ရသေးပေမဲ့ နေရာအနှံ့ကနေ Franchise ဖွင့်ချင်သူတွေ တသီတတန်းကြီး ရောက်လာခဲ့ကြတယ်။
အဓိကဆိုင်ကြီးကိုတော့ နမ်ဆန်မှာရှိတဲ့ ဆီလွန်ဟိုတယ် မှာ ဖွင့်လှစ်သွားမှာပါ။
စားသုံးသူတွေကတော့ M Pizza ကိုရီးယားကို ဝင်ရောက်လာတဲ့ သတင်းကို ဝမ်းသာအားရ ကြိုဆိုခဲ့ကြတာပေါ့။
-ဟားဟား၊ လန်းတယ်ကွာ။ M Pizza နောက်ဆုံးတော့ ကိုရီးယားကို လာပြီ။
-စားလို့ကော ကောင်းပါ့မလား။
-ပီဇာအားလုံးက အတူတူပဲ မဟုတ်ဘူးလား။
-ဘာတွေ ပြောနေတာလဲ။ M Pizza က စမတ်ဖုန်းလောကရဲ့ Nphone လိုမျိုး၊ ဒါမှမဟုတ် ဟမ်ဘာဂါလောကရဲ့ Shake Shack လိုမျိုးပဲ။ အရသာက Dice Pizza တို့ Pizza Hot တို့နဲ့ ယှဉ်ရင် တစ်ခြားစီကွ။
-ရိုဘော့တွေ လုပ်တာမလို့ စမ်းစားကြည့်ချင်တယ်။ တကယ် မိုက်တယ်။
-ကိုရီးယားမှာ ပို့ဆောင်ရေးကို ဘယ်လို လုပ်မလဲ။ အပူပေးထရပ်ကားတွေ မောင်းဖို့ ခက်လိမ့်မယ်။
-သူတို့က နယူးယောက်လိုမျိုး Oven Bike တွေ သုံးမှာတဲ့။
-နမ်ဆန် ဆီလွန်ဟိုတယ် အဓိကဆိုင်ကနေတော့ ပို့ပေးမှာ မဟုတ်ဘူးမလား။
-ဂျေဂျူးကျွန်းက ဆီလွန်ဟိုတယ်မှာကော ဖွင့်မှာလား။
-Franchise ဖွင့်ဖို့အတွက် လျှောက်လွှာတွေ မခေါ်သေးဘူးလား။ ကျွန်တော် တစ်ဆိုင်လောက် ဖွင့်ချင်လို့ပါ။
တခြားတစ်ဖက်မှာတော့ အင်အားကြီး ပြိုင်ဘက်အသစ်နဲ့ ရင်ဆိုင်နေရတဲ့ ပီဇာFranchiseတွေကတော့ အားလုံး သတိကြီးကြီး ထားနေကြရပါပြီ။
Meister Pizza က M Pizza ကို စံနမူနာယူပြီး ဖန်တီးခဲ့တာပါ။ ဒါပေမဲ့ သူတို့က အရသာကိုပဲ ကူးချနိုင်ခဲ့ပြီး ရိုဘော့တွေနဲ့ အပူပေးပို့ဆောင်မှုလိုမျိုး အဓိက အစိတ်အပိုင်းတွေကိုတော့ တုပနိုင်ခြင်း မရှိခဲ့ကြဘူး။
ဒါပေမဲ့ အခုတော့ စစ်မှန်တဲ့ M Pizza က ကိုရီးယားကို တကယ် ရောက်ရှိလို့လာခဲ့ပြီလေ။