← Chapters

အခန်း (၂၃၇-၂၃၈)

Vol. 24 Ch. 237-238

အခန်း (၂၃၇-၂၃၈)

Vol. 24 Ch. 237-238

အခန်း (၂၃၇)

ဆီလွန်ဟိုတယ် က M Pizza ရဲ့ အဓိကဆိုင်ကြီးအတွက် ဆောက်လုပ်ရေးကို ချက်ချင်း စတင်ခဲ့တယ်။

ကျွန်တော်လည်း စီအီးအို လင်ဆိုမီ နဲ့အတူ ဆိုင်အတွင်းပိုင်းကို ပတ်ကြည့်ခဲ့တာပေါ့။

အမေရိကန် M Pizza က လာတဲ့ အင်ဂျင်နီယာတွေက conveyor beltsတွေ၊ ရိုဘော့လက်တံတွေနဲ့ မော်နီတာတွေကို တပ်ဆင်နေကြတယ်။ ဒါက မီးဖိုချောင်ထက်စာရင် ကုန်ထုတ်လုပ်ငန်းခွင်တစ်ခုနဲ့ ပိုတူနေခဲ့တာပါ။

အော်ဒါတစ်ခု ဝင်လာတာနဲ့ မီးဖိုချောင်ထဲက စကရင်တွေဆီ အလိုအလျောက် ရောက်သွားပြီး ရိုဘော့တွေက ဘယ်ပီဇာကို လုပ်ရမလဲဆိုတာ မှတ်မိကြတယ်။

လူက ပီဇာမုန့်သားကို ဆွဲဆန့်ပြီး conveyor beltsပေါ် တင်ပေးလိုက်တာနဲ့ ရိုဘော့လက်တံက ခရမ်းချဉ်သီးဆော့စ်ကို ဖြန်းပြီး သုတ်ပေးတာ၊ Oven ထဲ ထည့်တာ၊ ပြန်ထုတ်တာ စတဲ့ ရိုဘော့အတွက် သတ်မှတ်ထားတဲ့ အခန်းကဏ္ဍအတိုင်း လုပ်ဆောင်သွားတာ ဖြစ်ပါတယ်။

ဒါကို လူကိုယ်တိုင် မြင်ရတာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ မြင်ကွင်းပါပဲ။

"ငါတို့က ဆိုင်ရဲ့ အလယ်ဗဟိုမှာ Open kitchen (မီးဖိုချောင်အဖွင့်) ပုံစံမျိုး လုပ်ဖို့ စဉ်းစားနေတာ။ ဒါမှ စားပွဲမှာ ထိုင်နေတဲ့လူတွေက ရိုဘော့တွေ လှုပ်ရှားပြီး ပီဇာလုပ်နေတာကို ကြည့်လို့ရမှာလေ"

ဆီလွန်ဟိုတယ် အဓိကဆိုင်ကတော့ Delivery ပို့ပေးမှာမဟုတ်ဘဲ ဆိုင်ထိုင်စားတဲ့ပုံစံ တစ်ခုထဲပဲ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

စီအီးအို လင်ဆိုမီ အာရုံအစိုက်ဆုံးအရာကတော့ ဝိုင်ပါပဲ။ သူက ပီဇာနဲ့ လိုက်ဖက်မယ့် ဝိုင်တွေကို ကိုယ်တိုင်ရွေးချယ်ပြီး Menuထဲ ထည့်ထားခဲ့တယ်။

စျေးကြီးတဲ့ ဝိုင်အချို့ ရှိပေမဲ့ အများစုကတော့ ဝမ် ၃၀၀၀၀ ကနေ ၅၀၀၀၀ ဝန်းကျင်ရှိတဲ့ အလယ်အလတ်နဲ့ စျေးသက်သာတဲ့ ဝိုင်တွေပါ။ ဒါက လူငယ်တွေကို ဦးတည်ထားတာပေါ့။

စီအီးအို လင်ဆိုမီ က ယုံကြည်မှုအပြည့်နဲ့ ပြောတယ်။

"M Pizza ဖွင့်လှစ်တာက လူငယ်တွေနဲ့ မိသားစု လာရောက်သူတွေကို ဆွဲဆောင်ဖို့အတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်"

"အောင်မြင်ပါ့မလား"

"အောင်မြင်ရမှာပေါ့။ အရသာတင်မကဘဲ ရိုဘော့ချက်တဲ့ ပီဇာဆိုတဲ့အချက်က အလွန်ကောင်းမွန်တဲ့ မားကတ်တင်း အချက်ပဲလေ။ အင်တာနက်နဲ့ လူမှုကွန်ရက်တွေပေါ်မှာ တုံ့ပြန်မှုတွေက အခုကတည်းက ပေါက်ကွဲနေပြီ။ Franchise စုံစမ်းမေးမြန်းမှုတွေလည်း တသီတတန်းကြီး ဝင်လာနေတယ်"

ကျွန်တော်တို့ ဟိုတယ်ရဲ့ ဒုတိယထပ်မှာရှိတဲ့ ကော်ဖီဆိုင်ဆီ ရွှေ့ခဲ့ကြတယ်။

စီအီးအို လင်ဆိုမီ က ကော်ဖီကို တစ်ငုံသောက်ရင်း မေးတယ်။

"Meister Pizza ကို ဘာဆက်လုပ်ဖို့ အစီအစဉ် ရှိလဲ"

"သေချာတော့ မသိသေးဘူး"

ဘယ်လို လုပ်ဆောင်ချက်က အကောင်းဆုံး ဖြစ်မလဲဆိုတာ ကျွန်တော် စဉ်းစားနေတုန်းပဲ။

M Pizza က အမေရိကန်မှာ လုပ်ခဲ့သလိုမျိုး ကိုရီးယား ပီဇာစျေးကွက်ကို လှုပ်ခတ်ပစ်မှာပါ။ Meister Pizza ကတော့ နောက်မှ လိုက်လာတဲ့သူ ဖြစ်တဲ့အတွက် တိုက်ရိုက် အထိနာဆုံး ဖြစ်မှာပဲ။

ဒါက လုံးဝ စီးပွားရေးသက်သက် ဖြစ်သလို အရင်က ဖြစ်ခဲ့တဲ့အရာတွေအတွက်လည်း သူတို့ကို တာဝန်ခံခိုင်းဖို့ လိုအပ်တယ်။

အဆင်ပြေပြေ ဖြေရှင်းရမယ့် အဆင့်ကတော့ ကျော်လွန်သွားပါပြီ။

ကျွန်တော် စီအီးအို လင်ဆိုမီ ကို ပြောလိုက်တယ်။

"အဲဒါထက် ဝန်ထမ်းခေါ်ယူတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် အကြံပြုချက်တစ်ခု ပေးလို့ရမလား"

"ဟုတ်ကဲ့။ ပြောပါရှင်"

ကျွန်တော့်ရဲ့ အကြံပြုချက်ကို ကြားပြီးနောက် သူက အလွယ်တကူပဲ ခေါင်းညိတ်ပြတယ်။

"ကိစ္စမရှိပါဘူး။ အဲဒါကို စီအီးအို ကန်ဂျင်ဟူ ရဲ့ အကြံပြုချက်အတိုင်း ဆက်လုပ်ကြတာပေါ့"

စီနီယာ ကင်ဂျေဟတ် က ပထမဆုံး Franchise ဆိုင်ခွဲရဲ့ ပိုင်ရှင်အဖြစ် ရာထူး ရရှိခဲ့တယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်အထိ သူ လည်ပတ်ခဲ့တဲ့ Meister Pizza ဆိုင်ခွဲအမှတ် ၁၅ ကတော့ ပိတ်သိမ်းသွားခဲ့ပါပြီ။ အဲဒီနေရာမှာ ဆိုင်အသစ် ပြန်ဖွင့်ဖို့ ကြည့်တဲ့အခါ နေရာကမကောင်းဘဲ နေရာလွတ်ကလည်း အရမ်းကျဉ်းနေခဲ့တာလေ။ ဒါကြောင့် OTK Company က Meister Pizza ရဲ့ တည့်တည့်မျက်နှာချင်းဆိုင်က အဆောက်အဦးကို တိုက်ရိုက် ဝယ်ယူလိုက်တယ်။

ပထမအထပ်က လပေါင်းများစွာကြာအောင် လစ်လပ်နေခဲ့တာဖြစ်ပြီး အိပ်ရာခင်းဆိုင်တစ်ခုက ယာယီအရောင်းဆိုင် အဖြစ် လုပ်ကိုင်နေခဲ့တာမလို့ ဆောက်လုပ်ရေး ချက်ချင်းစတင်ဖို့အတွက် ကြီးကြီးမားမား ပြဿနာ မရှိခဲ့ဘူး။

ကျွန်တော် စီနီယာ ကင်ဂျေဟတ် နဲ့အတူ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို လှည့်ပတ်ကြည့်ရှုခဲ့တယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ အမေရိကန်က လာတဲ့ အင်ဂျင်နီယာတွေက အပြင်းအထန် အလုပ်လုပ်နေကြတာပါ။

Oven Bike တွေနဲ့ အပူပေးထရပ်ကားတွေလည်း ကိုရီးယားဆီ လာနေကြပြီ။

Oven Delivery က M Pizza ရဲ့ အဓိက အစိတ်အပိုင်းပါပဲ။ ဒါကြောင့် ပို့ဆောင်ရေးဒရိုင်ဘာတွေကို အချိန်ပိုင်းဝန်ထမ်းတွေအဖြစ် မဟုတ်ဘဲ အချိန်ပြည့် ဝန်ထမ်းတွေအဖြစ် ခန့်အပ်သွားမှာ ဖြစ်ပါတယ်။ ဒါက တခြားဆိုင်ခွဲတွေအတွက်လည်း အတူတူပဲ ဖြစ်တော့မှာပါ။

စီနီယာ ကင်ဂျေဟတ် က သူ့ရဲ့ အရင်ဆိုင်ထက် အများကြီး ပိုကျယ်ဝန်းတဲ့ နေရာကို ကြည့်ရင်း ကျွန်တော့်ကို မေးတယ်။

"ငါက ဒီလောက်အထိ အကူအညီ ခံရဖို့ တကယ် ထိုက်တန်လို့လား"

"ဒါက အလကား ပေးနေတာ မဟုတ်ပါဘူး။ စီနီယာ့ကို ချေးပေးတာ"

"ငါက ဒီလို ဆက်ဆံခံရဖို့ ဘာမှ အများကြီး လုပ်ပေးထားတာ မရှိဘူးလို့ ခံစားရလို့ပါ"

ကျွန်တော် အဲဒီနေ့ကို ပြန်တွေးမိသွားတယ်။ အချိန်အတော်ကြာ ကုန်လွန်သွားခဲ့ပေမဲ့ မနေ့ကလိုပဲ ထင်ထင်ရှားရှား ရှိနေတုန်းပဲ။

"စီနီယာ တစ်ခါမှ မတွေးမိဘူးလား"

"ဘာကိုလဲ"

"အဲဒီနေ့က လေ့ကျင့်ရေးကွင်းမှာ ကျွန်တော်တို့နှစ်ယောက်ရဲ့ နေရာသာ ပြောင်းပြန် ဖြစ်သွားခဲ့ရင် ဘယ်လို ဖြစ်မလဲဆိုတာကိုလေ"

သူက စိန်ပြောင်းထဲ စိန်ပြောင်းကျည်ကို ထည့်ခဲ့တဲ့သူပါ။ တကယ်လို့ ကျွန်တော်သာ သူ့နေရာမှာဆိုရင် အနာဂတ်နိမိတ်ကို မြင်ခဲ့ရင်တောင် ရှောင်လွှဲနိုင်မှာ မဟုတ်ပါဘူး။

မတော်တဆမှုဆိုတာ ဘယ်သူ့ကိုမဆို ဖြစ်နိုင်တာပါ။ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရတာက သူ့အပြစ် မဟုတ်ပါဘူး။

"ဒါကြောင့် အားတင်းထားပါ။ ကောင်းတဲ့အရာတွေ ရောက်လာမှာပါ"

စီနီယာ ကင်ဂျေဟတ် က ပြုံးလိုက်ရင်း ပြောတယ်။

"ကျေးဇူးပါ။ ဂျင်ဟူ"

ကျွန်တော် နောက်ပြောင်တဲ့ သဘောနဲ့ ပြောလိုက်တယ်။

"ကျေးဇူးတင်တယ်ဆိုရင်တော့ အလုပ်ကြိုးစားပြီး တစ်ပြားမကျန် ပြန်ဆပ်ပါ"

ကုန်ထုတ်လုပ်ငန်းတွေလိုပဲ Franchiseတွေမှာလည်း ဆိုင်ခွဲအရေအတွက်အလိုက် စီးပွားရေးတွက်ခြေကိုက်မှုက သက်ရောက်မှု ရှိပါတယ်။

ဒါကြောင့်မလို့ MCK အုပ်စု က Meister Pizza ဆိုင်ခွဲအသစ်တွေ ဖွင့်လှစ်ဖို့အတွက် သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှု အားလုံးကို ပုံအောနေခဲ့တာပါ။ ကံကောင်းထောက်မစွာနဲ့ Franchise လျှောက်ထားသူ အရေအတွက်က တည်တည်ငြိမ်ငြိမ် တိုးပွားလာခဲ့ပြီး ဒီနှုန်းအတိုင်းဆိုရင် နှစ်မကုန်ခင် ဆိုင်ခွဲပေါင်း ၅၀ ထပ်ဖွင့်နိုင်မယ်လို့ ယုံကြည်နေခဲ့ကြတာပါ။

ဒါပေမဲ့ M Pizza ကိုရီးယားစျေးကွက်ထဲ ဝင်ရောက်လာမယ့် သတင်း ထွက်ပေါ်လာတဲ့အခါ Franchise စုံစမ်းမေးမြန်းမှုတွေက ရုတ်တရက် ရပ်တန့်သွားခဲ့တယ်။ စာချုပ်မချုပ်ဆိုခင် အချိန်လေးတင်မှာ စာချုပ်တွေ ပယ်ဖျက်ခံရတာမျိုးတွေတောင် ရှိခဲ့တာပါ။

အင်အားကြီး ပြိုင်ဘက်Franchiseတစ်ခု ပေါ်ထွက်လာတာက အလားအလာရှိတဲ့ လုပ်ငန်းရှင်တွေကို တုံ့ဆိုင်းသွားစေပြီး သူတို့ရဲ့ ရွေးချယ်မှုတွေကို ချိန်ဆလာစေခဲ့တယ်။

MCK အုပ်စု ရဲ့ ဥက္ကဌ ချဲဒေးဟို ကတော့ ပျာယာခတ်သွားခဲ့ပါပြီ။

M Pizza က လက်ရှိ အမေရိကန်စျေးကွက်ကိုပဲ အာရုံစိုက်နေတာပါ။ သူ သွားရောက်လည်ပတ်တုန်းကလည်း ပြည်ပစျေးကွက် တိုးချဲ့မှုကို ဆိုင်းငံ့ထားခဲ့တာပဲလေ။

'ဒါပေမဲ့ ဘာလို့ ရုတ်တရက်ကြီး ကိုရီးယားကို ဝင်လာတာလဲ'

ကိုရီးယားက OECD နိုင်ငံတွေထဲမှာ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူ ရာခိုင်နှုန်း အမြင့်ဆုံး နိုင်ငံတွေထဲက တစ်ခု ဖြစ်သလို အထူးသဖြင့် စားသောက်ကုန် လုပ်ငန်းက ပြိုင်ဆိုင်မှု ပြင်းထန်တာကြောင့် ဆွဲဆောင်မှု နည်းပါးတဲ့ စျေးကွက်တစ်ခု ဖြစ်ပါတယ်။

သူတို့အနေနဲ့ လူဦးရေနဲ့ စီးပွားရေး ပိုမိုကြီးမားတဲ့ ဥရောပ ဒါမှမဟုတ် ဂျပန်လို စျေးကွက်ကြီးတွေဆီ အရင်တိုးချဲ့လိမ့်မယ်လို့ သူ ခန့်မှန်းထားခဲ့တာမလို့ ကိုရီးယားကို ဝင်လာဖို့ အချိန်အတော်ကြာဦးမယ်လို့ မျှော်လင့်ထားခဲ့တာပါ။

သူက အဲဒီအတောအတွင်း ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပေမဲ့ M Pizza က ဆီလွန်ဟိုတယ် နဲ့ လက်တွဲပြီး ရုတ်တရက်ကြီး ဝင်ရောက်လာခဲ့တာလေ။

သူက အခြေအနေကို နားလည်ဖို့ ကြိုးစားနေတုန်းမှာပဲ Meister Pizza ဌာနချုပ်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ယောက်က တုန်လှုပ်စရာ အချက်အလက်တစ်ခုကို လာရောက်အစီရင်ခံခဲ့တယ်။

အစီရင်ခံစာကို ကြားပြီးနောက် ချဲဒေးဟို က အရမ်းအံ့သြသွားပြီး သူ့သားဆီကို ချက်ချင်း ဖုန်းခေါ်လိုက်တော့တယ်။

ခဏအကြာမှာတော့ ချဲမြောင်ဟို က ဥက္ကဌရုံးခန်းထဲ ဝင်လာတဲ့အခါ သူက တိုက်ရိုက်ပဲ မေးလိုက်တယ်။

"Franchiseဆိုင် ကိစ္စနဲ့ ပတ်သက်ပြီး ကန်ဂျင်ဟူ ရောက်လာခဲ့တယ်လို့ ကြားတယ်"

ချဲမြောင်ဟို မျက်မှောင်ကြုတ်သွားခဲ့တယ်။

'ချီး။ ဘယ်သူ သွားပြောလိုက်တာလဲ'

သူ့မှာ အဲဒီအချိန်တုန်းက အခြေအနေကို ရှင်းပြဖို့ကလွဲလို့ တခြားလမ်း မရှိတော့ဘူး။ ဒါပေမဲ့ ဆဲဆိုကြိမ်းမောင်းတာနဲ့ ကော်လံဆွဲတာတွေကိုတော့ ချန်လှပ်ထားခဲ့တာပေါ့။

"Franchiseပိုင်ရှင်က လာတိုင်တုန်းက ကန်ဂျင်ဟူ ရောက်လာပြီး ခေါ်သွားတယ် ဟုတ်လား"

"ဟုတ်ပါတယ်"

"အဲဒီနှစ်ယောက်က ဘာပတ်သက်လို့လဲ"

"အဲဒါက… အဲဒီFranchiseပိုင်ရှင်က စစ်တပ်တုန်းက ကန်ဂျင်ဟူ ရဲ့ စီနီယာ ဖြစ်ခဲ့ဖူးလို့ပါ"

ချဲဒေးဟို တစ်ယောက် အော်ဟစ်လိုက်တော့တယ်။

"ဒါကို ငါ့ကို ဘာလို့ အခုမှ လာပြောတာလဲ"

ချဲမြောင်ဟို က ကာကွယ်ပြောဆိုတယ်။

"ကျွန်တော်လည်း မသိခဲ့ဘူးလေ"

Franchiseပိုင်ရှင်ရဲ့ စစ်တပ်ဂျူနီယာက ဘယ်သူလဲဆိုတာ သူ ဘယ်လိုလုပ် သိမှာလဲ။ အဲဒီလူကလည်း ကန်ဂျင်ဟူ နဲ့ အတူတူ စစ်တပ်တက်ခဲ့တယ်လို့ လျှောက်ကြွားနေခဲ့တာမှ မဟုတ်တာ။

ချဲဒေးဟို က ငယ်သေးတဲ့ သူ့သားကိုယ်စား လုပ်ငန်းရဲ့ ကဏ္ဍစုံကို သေသေချာချာ ကြီးကြပ်နေခဲ့တာပါ။ မျက်နှာချင်းဆိုင်မှာ တိုက်ရိုက်ဆိုင်ခွဲ ဖွင့်ဖို့ ညွှန်ကြားခဲ့တာကလည်း သူကိုယ်တိုင်ပါပဲ။

'Franchiseပိုင်ရှင်က ကန်ဂျင်ဟူ ဆီ အကူအညီတောင်းလို့ ကန်ဂျင်ဟူက M Pizza ကို ကိုရီးယားဆီ ယူလာတာလား။ သူက Meister Pizza ကို သတ်ဖို့ ကြိုးစားနေတာလား'

သူက ဖြစ်နိုင်ခြေ နည်းတယ်လို့ တွေးမိပေမဲ့ အချိန်ကိုက် ဖြစ်နေတာကတော့ လုံးဝ ကွက်တိဖြစ်နေတာပါ။

MCK အုပ်စု က လက်အောက်ခံ ကုမ္ပဏီ ငါးခုနဲ့အတူ KOSDAQ မှာ စာရင်းဝင်ထားတဲ့ အများပိုင်ကုမ္ပဏီတစ်ခုပါ။ သူ့ရဲ့ စျေးကွက်တန်ဖိုးက ဝမ် သန်း ၅သိန်းလောက် ရှိတာကြောင့် အဓိက စီးပွားရေးလုပ်ငန်းစုကြီးတွေကို ဖယ်လိုက်ရင် အခိုင်မာဆုံး ထိပ်တန်း Franchise ကုမ္ပဏီ သုံးခုထဲက တစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ OTK Company နဲ့ ယှဉ်ရင်တော့ ဒါက ရပ်ကွက်ထဲက ကြက်ကြော်ဆိုင်လေးတစ်ခုလိုပါပဲ။

ကန်ဂျင်ဟူ က ဘယ်သူလဲ။

သူက အမေရိကန်ကို ငလျင်ဘေးကနေ ကယ်တင်ခဲ့တဲ့ သူရဲကောင်း ဖြစ်သလို တောင်ကိုရီးယားထက်တောင် ပိုချမ်းသာတဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ပါ။

ပိုပြီး အရေးကြီးတာက ကန်ဂျင်ဟူ ကို ဆန့်ကျင်ဘက် လုပ်ခဲ့တဲ့သူတွေထဲက ဘယ်သူမှ ကောင်းကောင်းမွန်မွန် အဆုံးမသတ်ခဲ့ကြပါဘူး။

ကိုရီးယားရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးလုပ်ငန်းစုကြီးရဲ့ ဥက္ကဌ ဟန်မင်းဂူ က သိက္ခာကျပြီး ရာထူးကနေ နှုတ်ထွက်ခဲ့ရတယ်။ အမျိုးသား ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးနဲ့ ရှေ့နေချုပ်လည်း ရာထူးကနေ ထုတ်ပယ်ခံခဲ့ရသလို ဟိုဆောင်း ငွေစုဘဏ် လည်း ဒေဝါလီခံခဲ့ရတယ်။ သမ္မတဟောင်းတစ်ယောက်တောင် လက်ရှိမှာ ထောင်ကျနေပြီး တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းနေရတာပါ။

ချဲဒေးဟို ရဲ့ ကျောပြင်တစ်ခုလုံး ချွေးစေးတွေ ပြန်လာခဲ့တယ်။

'လူအများကြီးထဲကမှ ကန်ဂျင်ဟူ နဲ့ သွားတိုးရတာ တကယ် ကံဆိုးတာပဲ'

ကျွန်တော် Master Chicken နဲ့ Meister Pizza ရဲ့ Franchiseပိုင်ရှင်တွေနဲ့ သီးသန့် တွေ့ဆုံပွဲတစ်ခု ပြုလုပ်ခဲ့တယ်။ ဒီလူတွေကို စုစည်းပေးခဲ့တာကတော့ စီနီယာ ကင်ဂျေဟတ်ပါပဲ။

တက်ဂယူ နဲ့ အယ်လီ တို့လည်း ဒီတွေ့ဆုံပွဲမှာ ပါဝင်ခဲ့ကြတယ်။

တွေ့ဆုံပွဲကို မလာခင် အယ်လီ က ကိုရီးယားရဲ့ မျှတသော ကုန်သွယ်မှုဥပဒေ နဲ့ Franchise လုပ်ငန်းဥပဒေ အပြင် တခြား ဆက်စပ်ဥပဒေတွေကို သေသေချာချာ ပြန်လည်သုံးသပ်ခဲ့တယ်။

Franchiseပိုင်ရှင်တွေ ထိုင်လိုက်ကြပြီးနောက် ဘယ်သူမှ လွယ်လွယ်နဲ့ စကားမပြောရဲကြဘူး။ စကားတစ်ခွန်း မှားသွားရင် ဌာနချုပ်ကနေ နစ်နာအောင် လုပ်မလားဆိုပြီး စိုးရိမ်နေကြတာပါ။

မူအရတော့ ဌာနချုပ်နဲ့ Franchiseပိုင်ရှင်တွေကြားက ဆက်ဆံရေးက စီးပွားရေးမိတ်ဖက်တွေပါပဲ။ ဌာနချုပ် အဆောက်အဦး ကောင်းကောင်း လည်ပတ်နိုင်မှ Franchiseပိုင်ရှင်တွေလည်း အဆင်ပြေမှာ ဖြစ်ပြီး ပြောင်းပြန်ဆိုရင်လည်း ထို့အတူပါ။

ဒါပေမဲ့ ဌာနချုပ်က အာဏာပြအနိုင်ကျင့်လာတဲ့အခါ ဆက်ဆံရေးက ဓားစာခံ အခြေအနေလို ဖြစ်သွားတော့တယ်။

တကယ်လို့ ဓားစာခံဖမ်းထားတဲ့သူကို နှိမ်နင်းဖို့ ကြိုးစားရင် ဓားစာခံက အရင်ဆုံး အန္တရာယ်ရှိနိုင်တာပဲလေ။ ဒါကြောင့် ဓားစာခံဖမ်းထားတဲ့သူက မကောင်းဘူးဆိုတာ သိနေရင်တောင် ဓားစာခံက ပူးပေါင်းဆောင်ရွက်ဖို့ကလွဲလို့ တခြားလမ်း မရှိတော့ပါဘူး။

လက်တွေ့မှာလည်း ဘရန်းနဲ့ ပတ်သက်ပြီး ပြဿနာတွေ ဖြစ်လာလို့ သပိတ်မှောက်တာမျိုး ရှိလာရင် ဌာနချုပ်ထက် Franchiseပိုင်ရှင်တွေကသာ အထိနာဆုံး ဖြစ်ရတာပါ။

သူတို့သာ Franchise ဆိုင်တွေဖွင့်ပြီး သင့်တင့်လျောက်ပတ်တဲ့ အသက်မွေးဝမ်းကျောင်း လုပ်နိုင်ခဲ့ရင် ဒီတွေ့ဆုံပွဲကို လာကြမှာ မဟုတ်ပါဘူး။

ကျွန်တော် သူတို့ကို လှည့်ကြည့်ပြီး ပြောလိုက်တယ်။

"ဒီကိစ္စကြောင့် ပြဿနာတစ်စုံတစ်ရာ ဖြစ်လာရင် ကျွန်တော် တာဝန်ယူပါ့မယ်။ တကယ်လို့ ဆိုင်ပိတ်လိုက်ရရင်လည်း M Pizza မှာ အလုပ်ရအောင် ဒါမှမဟုတ် M Pizza Franchise ဖွင့်နိုင်အောင် ကျွန်တော် ကူညီပေးပါ့မယ်။ ဒါကြောင့် ကျေးဇူးပြုပြီး လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ပြောပေးကြပါ"

ကျွန်တော့်ရဲ့ စကားကြောင့် Franchiseပိုင်ရှင်တွေက တစ်ယောက်ပြီးတစ်ယောက် စကားစလာကြတော့တယ်။

Franchiseတွေမှာ ဌာနချုပ် ဒါမှမဟုတ် သတ်မှတ်ထားတဲ့ ပေးသွင်းသူတွေဆီကနေပဲ သီးသန့် ဝယ်ယူရမယ့် 'မရှိမဖြစ် ပစ္စည်းတွေ' ဆိုတာ ရှိကြပါတယ်။

ဆိုင်ခွဲအားလုံးမှာ အရသာနဲ့ အရည်အသွေး တူညီမှုရှိစေဖို့ ဌာနချုပ်က ပါဝင်ပစ္စည်းတွေကို ထောက်ပံ့ပေးတာကတော့ သဘာဝကျပါတယ်။

ဒါပေမဲ့ ဒီနေရာမှာ ပြဿနာက နှစ်ခု ရှိနေတာပါ။

တစ်ခုကတော့ အရည်အသွေးနဲ့ ဘာမှမဆိုင်တဲ့ ပစ္စည်းတွေကိုပါ ဌာနချုပ်ဆီကနေပဲ အတင်းအကြပ် ဝယ်ခိုင်းတာ ဖြစ်ပြီး နောက်တစ်ခုကတော့ စျေးနှုန်းတွေက မတန်တဆ မြင့်မားနေတာပါပဲ။

နှပ်ထားတဲ့ ကြက်သား၊ မုန့်သားနဲ့ ဆော့စ်အမျိုးမျိုးလိုမျိုး မရှိမဖြစ် ပါဝင်ပစ္စည်းတွေကို ဌာနချုပ်က ထောက်ပံ့ပေးတာကတော့ နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ပြင်ပစျေးကွက်မှာ လွယ်လွယ်ကူကူ ရနိုင်တဲ့ ဘူးတွေ၊ တူတွေ၊ တစ်ရှူးတွေ၊ ပလတ်စတစ်အိတ်တွေနဲ့ ဟင်းချက်ဆီလိုမျိုး ပစ္စည်းတွေကိုပါ ဌာနချုပ်ဆီကနေပဲ ဝယ်ယူရတာပါ။

တစ်ကိုယ်တော် ဆိုင်တွေနဲ့ မတူတာက Franchise ဌာနချုပ်တွေက လက်ကားအမြောက်အမြား ဝယ်ယူနိုင်တာကြောင့် လက်ကားစျေးအောက်တောင် သက်သက်သာသာနဲ့ ဝယ်ယူနိုင်ကြတာလေ။ ဒါတောင်မှ Franchiseပိုင်ရှင်တွေဆီ သူတို့ ထောက်ပံ့ပေးတဲ့ ပစ္စည်းစျေးနှုန်းတွေက ပြင်ပစျေးကွက်ထက် ပိုပြီး စျေးကြီးနေခဲ့တယ်။

ဌာနချုပ်ဘက်ကတော့ အရည်အသွေး ကွာခြားချက်တွေနဲ့ ပြုပြင်မွမ်းမံခ ကုန်ကျစရိတ်တွေ စတဲ့ အကြောင်းပြချက် အမျိုးမျိုး ပေးကြပေမဲ့ Franchiseပိုင်ရှင်တွေကတော့ စျေးနှုန်းတွေက ဘာလို့ လက်ကားစျေးထက် ၁.၅ ဆကနေ ၂ ဆကျော်အထိ မြင့်မားနေရလဲဆိုတာ ဘယ်လိုမှ နားမလည်နိုင်ကြပါဘူး။

လူတစ်ယောက်က စကားစလိုက်တာနဲ့ ရေကာတာ ကျိုးသွားသလိုမျိုးပဲ။ အာဏာပြ အနိုင်ကျင့်မှု အမျိုးမျိုး ထွက်ပေါ်လာခဲ့တယ်။

"ကြက်ကြော်ဆိုင်တစ်ဆိုင်က တစ်ရက်ကို ဟင်းချက်ဆီ ဘယ်နှစ်ပုံး သုံးရလဲ ခင်ဗျားတို့ သိလား။ ဒါပေမဲ့ ဟင်းချက်ဆီ စျေးနှုန်းက တကယ်ကို ကြီးလွန်းပါတယ်။ စူပါမားကတ်မှာ ဝမ် ၁၀၀၀၀ နဲ့ ဝယ်လို့ရတာကို ကျွန်တော်တို့က ဆီပေးသွင်းသူဆီကနေ ဝမ် ၁၇၀၀၀ နဲ့ ဝယ်နေရတယ်"

"သူတို့က 'မားကတ်တင်း' အတွက်ဆိုပြီး ထီးတွေနဲ့ ပြက္ခဒိန်တွေကို ဝေပေးပြီး ကုန်ကျစရိတ် အားလုံးကို Franchiseပိုင်ရှင်တွေကို စိုက်ထုတ်ခိုင်းတာပါ"

"သူတို့က ရာသီအလိုက် ကြော်ငြာခတွေ ကောက်ခံကြတယ်။ ဒါပေမဲ့ ဒါက မူလကတည်းက ဌာနချုပ်က တာဝန်ယူရမယ့်အရာ မဟုတ်ဘူးလား"

"သူတို့က လက်ကမ်းစာစောင်တွေကို အများကြီး ရိုက်နှိပ်ပြီး လာပေးတယ်။ ပြီးတော့ အဲဒီအတွက် ကျွန်တော်တို့ကို ပိုက်ဆံတောင်းတယ်။ ကျွန်တော် အကုန်လုံးတောင် မဝေရသေးဘဲ စက္ကူဟောင်းပုံးထဲ ထည့်လိုက်ရတယ်"

"တကယ်လို့ ဆိုင်က အရောင်းသွက်နေပုံရရင် ဌာနချုပ်က လာပြီး ဆိုင်ကို ပြန်လည်ပြင်ဆင်ဖို့ ခဏခဏ အတင်းအကြပ် တောင်းဆိုတယ်"

"ဆိုင်ပြင်ဆင်မှုကိုလည်း ဌာနချုပ်နဲ့ စာချုပ်ချုပ်ထားတဲ့ ကန်ထရိုက်တာတွေနဲ့ပဲ လုပ်ရပါတယ်။ ကုန်ကျစရိတ်ကတော့ မယုံနိုင်စရာပါပဲ။ ကျွန်တော် မတတ်နိုင်ဘူးလို့ ပြောတော့ သူတို့က ချေးငွေထုတ်ပြီး လုပ်ဖို့ ပြောတယ်"

အယ်လီ က မယုံနိုင်တဲ့ မျက်နှာအမူအရာနဲ့ ပြောတယ်။

"သူတို့ တကယ်ပဲ စိတ်ကူးလို့ရသမျှ အရာအားလုံးကို လုပ်နေကြတာပဲ"

ဒါပေမဲ့ ခဏခဏ ထွက်လာတဲ့ ကုမ္ပဏီနာမည်တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ MCK Wholesale ပါပဲ။

MCK Wholesale က အုပ်စုအတွင်းမှာရှိတဲ့ Franchise အားလုံးဆီ ပါဝင်ပစ္စည်းတွေကို သီးသန့် ထောက်ပံ့ပေးတဲ့ MCK အုပ်စု ရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုပါ။

Master Chicken အတွက် နှပ်ထားတဲ့ ကြက်သားနဲ့ ဆော့စ်တွေ၊ Meister Pizza အတွက် မုန့်သား၊ ဒိန်ခဲနဲ့ အပေါ်က တန်ဆာပလာ (Toppings) တွေ အားလုံးက Franchiseပိုင်ရှင်တွေဆီ မရောက်ခင် MCK Wholesale ကို ဖြတ်သန်းသွားရတာပါ။

အဓိက အစုရှယ်ယာရှင်ကတော့ အစုရှယ်ယာ ၈၇ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားတဲ့ ချဲမြောင်ဟို ပါပဲ။

နာမည်ကသာ လက်ကား (Wholesale) လို့ ပေးထားတာပါ။ စျေးနှုန်းတွေကတော့ လက်လီစျေးတွေနဲ့ ယှဉ်နေသလို ပိုတောင် ကြီးနေပါသေးတယ်။ အမှန်တော့ Franchiseပိုင်ရှင်တွေရဲ့ သွေးချင်းချင်းနီအောင် အမြတ်ထုတ်ပြီး ကြီးထွားလာတာလို့ ပြောရင်လည်း မမှားပါဘူး။

ဒါတွေကို ထားဦး။ ဒါပေမဲ့ စဉ်းစားကြည့်ရင် ထူးဆန်းတဲ့ အချက်တစ်ခု ရှိနေတယ်။

ဘာလို့ ဌာနချုပ်က ဒီလောက် အမြတ်အစွန်းများတဲ့ လုပ်ငန်းကို တိုက်ရိုက် မလုပ်ကိုင်ခဲ့တာလဲ။ အဲဒါဆိုရင် သူတို့ရဲ့ အမြတ်အစွန်းတွေက အများကြီး ပိုမြင့်မားလာမှာလေ။

"ဒါက အလွဲသုံးစားလုပ်မှုပဲ မဟုတ်ဘူးလား"

အယ်လီ က ခေါင်းညိတ်ပြတယ်။

"ဒါက ထင်ရှားတဲ့ အလွဲသုံးစားလုပ်မှုပဲ။ MCK အုပ်စု ဆီ ရောက်သွားရမယ့် အမြတ်အစွန်းတွေကို MCK Wholesale က ကြားကနေ နှိုက်ယူနေသလိုမျိုးပေါ့။ အဲဒီသဘောကတော့ MCK အုပ်စု ရဲ့ အစုရှယ်ယာရှင်တွေ ဆုံးရှုံးမှု ကြုံတွေ့ခဲ့ရတယ်လို့ ဆိုလိုတာ။ ဒါက မျှတသော ကုန်သွယ်မှုဥပဒေကို ချိုးဖောက်တာလည်း ဖြစ်တယ်"

ကြားထဲမှာ ဖြန့်ဖြူးရေး ကုမ္ပဏီတစ်ခုကို ကြားညှပ်ပြီး ဆက်ကြေးကောက်တာက ကိုရီးယား စီးပွားရေးလုပ်ငန်းစုကြီးတွေ သုံးလေ့ရှိတဲ့ အလေ့အကျင့်ဆိုးတစ်ခုပါပဲ။

ဘာပဲဖြစ်ဖြစ်၊ သူတို့က မကောင်းတဲ့ နည်းလမ်းဆိုးတွေကိုတော့ အကုန် အတုခိုးတတ်ကြတာပဲလေ။

ဆဲဆိုကြိမ်းမောင်းတာ ဒါမှမဟုတ် ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေကို အများပြည်သူ သိအောင် ချပြလို့ရပေမဲ့ ပြစ်ဒဏ်တွေကတော့ အားနည်းပါတယ်။ ရိုးရိုးကိုယ်ထိလက်ရောက် ကျူးလွန်မှုဆိုရင် ကျေအေးလိုက်ကြရင် တရားတောင် မစွဲကြတော့ဘူးလေ။

ဒါပေမဲ့ အလွဲသုံးစားလုပ်မှုကတော့ ပမာဏအပေါ် မူတည်ပြီး ထောင်ဒဏ်အထိ ကျခံရနိုင်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ စုံစမ်းစစ်ဆေးလိုက်ရင် အလွဲသုံးစားလုပ်မှုတွေကို ရှာတွေ့လိမ့်မယ်လို့ ကျွန်တော် လောင်းရဲတယ်။

ကျွန်တော်တို့ စကားပြောနေကြတုန်းမှာပဲ အဖွဲ့ခေါင်းဆောင် ဂျောင်ကီဟုမ် က ဝင်လာပြီး ကျွန်တော့်ကို အသံတိုးတိုးနဲ့ လာရောက်အစီရင်ခံခဲ့တယ်။

"Meister Pizza ရဲ့ စီအီးအို က လူကြီးမင်းနဲ့ တွေ့ချင်လို့ ရောက်နေပါတယ်"

အခန်း (၂၃၈)

ချဲမြောင်ဟို က ဘာကိစ္စရှိလို့ ဒီအထိ တကူးတက လာရတာလဲ။

သူ ဘာလို့လာလဲဆိုတာ ကျွန်တော် အကြမ်းဖျင်းတော့ ရိပ်မိပါတယ်။

သူ့ကို ဒီအတိုင်း ပြန်လွှတ်လိုက်ဖို့ ပြောမလို့ လုပ်ပြီးမှ ဘေးမှာရှိတဲ့ စီနီယာ ကင်ဂျေဟတ် ကို ကြည့်ပြီး စိတ်ပြောင်းသွားခဲ့တယ်။

"ငါ အစည်းအဝေးလုပ်နေလို့ ခဏစောင့်ခိုင်းလိုက်"

"ဟုတ်ကဲ့ပါ"

အဖွဲ့ခေါင်းဆောင် ဂျောင်ကီဟုမ် ထွက်သွားပြီးနောက် ကျွန်တော် Franchiseပိုင်ရှင်တွေရဲ့ စကားကို ဆက်နားထောင်နေခဲ့တယ်။

Franchiseတွေမှာ အားသာချက်တွေ ရှိတာတော့ အမှန်ပဲ။

Franchiseယူတဲ့သူဘက်က ကြည့်ရင် အောင်မြင်မှု အတည်ပြုပြီးသား ကုမ္ပဏီတစ်ခုရဲ့ စီးပွားရေးလုပ်ဆောင်ပုံ နည်းလမ်းတွေနဲ့ ဟင်းချက်နည်းတွေကို ရရှိနိုင်ပြီး ပါဝင်ပစ္စည်း ဝယ်ယူတာ စတာတွေကို တစ်ဦးထဲ သီးသန့် စိတ်ပူစရာ မလိုတော့ပါဘူး။ ဌာနချုပ်ကလည်း အတွင်းပိုင်း အလှဆင်တာ၊ ကြော်ငြာတာနဲ့ မားကတ်တင်းပိုင်းတွေကို တာဝန်ယူပေးထားတာလေ။

ဌာနချုပ်က Franchise ဆိုင်ခွဲတွေ ဖွင့်လှစ်ဖို့ ကူညီပေးပြီး Franchiseကြေး၊ သင်တန်းကြေး၊ ဆိုင်အတွင်းပိုင်း အလှဆင်ခ စတာတွေကို ရယူတယ်။ ဒါတင်မကသေးဘဲ Royalties ကြေးတွေ၊ ကော်မရှင်ခတွေအပြင် သူတို့ သီးသန့်ထောက်ပံ့ပေးတဲ့ ကုန်ကြမ်းပစ္စည်းတွေပေါ်မှာ အမြတ်တင်ပြီး အကျိုးအမြတ်တွေကို ထပ်မံ ရယူကြသေးတာပါ။

ပြဿနာကတော့ ဌာနချုပ်က ရှိပြီးသား Franchiseပိုင်ရှင်တွေဆီကနေ အလွန်အမင်း အမြတ်ထုတ်တာ ဒါမှမဟုတ် ဆိုင်ခွဲအသစ်တွေ တိုးချဲ့ဖို့ကိုပဲ အာရုံစိုက်နေတဲ့ အခါမျိုးမှာ ဖြစ်ပေါ်လာတာပဲ။ ကြက်သားနဲ့ ပီဇာစျေးနှုန်းတွေက ဆက်တိုက် မြင့်တက်နေပေမဲ့ Franchiseပိုင်ရှင်တွေ တကယ်တမ်း လက်ထဲရတဲ့ ပိုက်ဆံကတော့ အနည်းငယ်လောက်ပဲ ရှိခဲ့တာပါ။

Franchiseပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်ငယ်လေးတွေထဲမှာ အလူးအလဲ ခံနေရချိန်မှာ ဌာနချုပ်ကတော့ တစ်နေ့ထက်တစ်နေ့ ပိုမို ကြီးထွားလာခဲ့တယ်။

MCK အုပ်စု ရဲ့ အမြတ်အစွန်း ရာခိုင်နှုန်းက ၂၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။ Franchise အများစုရဲ့ အမြတ်အစွန်း ရာခိုင်နှုန်းက ၁၀ ရာခိုင်နှုန်းအောက်မှာပဲ ရှိတာနဲ့ ယှဉ်ရင် ဒါက နှစ်ဆနီးပါး ရှိတာပါ။

ဒါပေမဲ့ အဓိပ္ပာယ်မရှိတာက Franchiseပိုင်ရှင်တွေရဲ့ အရောင်းနဲ့ အမြတ်အစွန်း နှစ်ခုစလုံးက ကျဆင်းနေတာပါပဲ။

အဲဒါက ဆိုင်ခွဲတွေ တိုးလာတာနဲ့အမျှ ဌာနချုပ်ရဲ့ အရောင်းက တိုးတက်လာပေမဲ့ Franchiseပိုင်ရှင်တွေဘက်က ကြည့်ရင်တော့ အနီးအနားမှာ ပြိုင်ဘက်တစ်ခု ပေါ်လာသလိုမျိုး ဖြစ်တာကြောင့် အရောင်းကျဆင်းမှုကို ရှောင်လွှဲလို့မရပါဘူး။

ဒါ့အပြင် ရောင်းစျေး မြင့်တက်လာရင် အရောင်းပမာဏက ကျဆင်းသွားပြီး ဌာနချုပ်က ထောက်ပံ့ပေးတဲ့ ကုန်ကြမ်းစျေးနှုန်းကတော့ တက်ရုံပဲ ရှိပြီး ဘယ်တော့မှ ပြန်မကျလာတော့ပါဘူး။

ဒါပေမဲ့ ဒါကို ကောင်းကောင်းမွန်မွန် ကန့်ကွက်ဖို့ကျတော့လည်း ခက်ခဲပြန်ပါတယ်။ သူတို့အနေနဲ့ နစ်နာမှု အမျိုးမျိုး ကြုံတွေ့ရနိုင်သလို စာချုပ် ဖျက်သိမ်းခံရတာမျိုးလည်း ရှိနိုင်တာပါ။

ဒီလူတွေက စီးပွားရေးအကြီးအကျယ် လုပ်ပြီး ပိုက်ဆံအများကြီး ရှာဖို့ဆိုတဲ့ စိတ်ကူးနဲ့ ကိုယ်ပိုင်လုပ်ငန်းထဲ ခုန်ဆင်းလာကြတာ မဟုတ်ပါဘူး။ တကယ်လို့ သူတို့မှာ တခြား အသက်မွေးဝမ်းကျောင်း လမ်းကြောင်း ရှိခဲ့ရင် Franchise ဖွင့်လှစ်မယ့် လမ်းကို အစကတည်းက ရွေးချယ်မှာ မဟုတ်ဘူးလေ။

အတိုချုပ်ပြောရရင် MCK အုပ်စု က Franchiseပိုင်ရှင်တွေရဲ့ ဝမ်းရေးကို ဓားစာခံလုပ်ပြီး အာဏာပြ အနိုင်ကျင့်နေတာ ဖြစ်ပါတယ်။

အရာအားလုံးကို နားထောင်ပြီးနောက် ကျွန်တော် Franchiseပိုင်ရှင်တွေကို ပြောလိုက်တယ်။

"ခင်ဗျားတို့ ပြောတာတွေကို ကျွန်တော် ကြားသိရပါပြီ။ ဒီပြဿနာတွေကို သေချာပေါက် တိုးတက်ကောင်းမွန်လာအောင် ကျွန်တော် လုပ်ဆောင်ပေးပါ့မယ်"

သူတို့က အလေးအနက် တောင်းဆိုကြတယ်။

"ကျွန်တော်တို့ကို ကူညီပေးဖို့ စိတ်ရင်းနဲ့ မေတ္တာရပ်ခံပါတယ် "

Franchiseပိုင်ရှင်တွေ ပြန်သွားကြပြီး အယ်လီ လည်း ရုံးခန်းဆီ ပြန်သွားခဲ့တယ်။

အစည်းအဝေးခန်းထဲက ထွက်လာပြီးနောက် ကျွန်တော် တက်ဂယူ ၊ စီနီယာ ကင်ဂျေဟတ် တို့နဲ့အတူ ဧည့်ခန်းဆီ ဆင်းလာခဲ့တယ်။

တက်ဂယူ က မေးတယ်။

"ဘယ်သူ လာတွေ့တာလဲ"

"ချဲမြောင်ဟို"

ကျွန်တော့်စကားကြောင့် စီနီယာ ကင်ဂျေဟတ် ရဲ့ မျက်နှာအမူအရာက အနည်းငယ် တင်းမာသွားပုံရတယ်။

"စိတ်ပူစရာ ဘာမှမရှိဘူး"

ကျွန်တော် ဝင်သွားတဲ့အခါ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ ချဲမြောင်ဟို က နေရာကနေ ဝုန်းခနဲ ထရပ်တယ်။ ဒါပေမဲ့ ကျွန်တော့်နောက်ကနေ တက်ဂယူ နဲ့ စီနီယာ ကင်ဂျေဟတ် တို့ လိုက်ဝင်လာတာကို မြင်တော့ သူ အံ့အားသင့်သွားခဲ့တယ်။

ကျွန်တော် ထိုင်လိုက်ရင်း ပြောလိုက်တယ်။

"ဘာကိစ္စရှိလို့ လာတာလဲ"

"အာ… ဟိုလေ… ပြီးခဲ့တဲ့တစ်ခေါက်က ဖြစ်ခဲ့တဲ့ ကိစ္စအတွက် တောင်းပန်ချင်လို့ပါ။ တောင်းပန်ပါတယ်"

ကျောင်းမှာ ပထမဆုံး မြင်ခဲ့ရတုန်းကနဲ့ မတူဘဲ သူက လိမ္မာတဲ့ သိုးလေးတစ်ကောင်လို ဖြစ်နေခဲ့ပါပြီ။

ကျွန်တော် ကိုင်ထားတဲ့ စာရွက်စာတမ်းတွေကို ချဲမြောင်ဟို ရဲ့ ရှေ့ဆီ ပစ်ချလိုက်တယ်။

"မင်း လာတာ ကောင်းတာပေါ့။ အဲဒီနေ့ပြီးကတည်းက ငါ MCK အုပ်စု အကြောင်း တချို့ကို စုံစမ်းစစ်ဆေးထားတယ်။ မင်းတို့တွေ တော်တော်လေး လက်ရဲဇက်ရဲ ရှိခဲ့ကြတာပဲ။ MCK Wholesale ဆိုတဲ့ ပေးသွင်းသူကို ကြားညှပ်ပြီး ဆက်ကြေးကောက်တာ၊ လျှော့စျေးပွဲတွေရဲ့ ကုန်ကျစရိတ် အားလုံးကို Franchiseပိုင်ရှင်တွေဆီ လွှဲချတာ၊ ကြော်ငြာခနဲ့ ပရိုမိုးရှင်းခတွေကို မတရား ကောက်ခံတာ၊ စကားနားမထောင်တဲ့ Franchiseပိုင်ရှင်တွေကို တစ်ဖက်သတ် စာချုပ်ဖျက်သိမ်းတာ ဒါမှမဟုတ် တစ်ကိုယ်ရေသန့်ရှင်းမှု စစ်ဆေးတာတွေ လုပ်ခဲ့တာပဲ။ ဆိုင်အတွင်းပိုင်း အလှဆင်ခနဲ့ ပရိုမိုးရှင်း ကုန်ကျစရိတ် တချို့ကိုလည်း တရားမဝင် ငွေစာရင်းတွေထဲ ရယူခဲ့ပုံရတယ်။ အလွဲသုံးစားလုပ်မှု၊ ယုံကြည်မှု ဖောက်ဖျက်မှုနဲ့ အခွန်ရှောင်မှု အပါအဝင် ငါတို့ တရားစွဲလို့ရမယ့် အမှုတွေက တစ်ခုမကဘူးလို့ ထင်တယ်။ မင်း ဘယ်လိုထင်လဲ"

ချဲမြောင်ဟို က တုန်လှုပ်ချောက်ချားတဲ့ မျက်နှာအမူအရာနဲ့ စာရွက်စာတမ်းတွေကို ဖတ်ကြည့်နေခဲ့တယ်။

လူတွေက မတတ်သာတဲ့ အခြေအနေနဲ့ ကြုံလာရတဲ့အခါ သူတို့ရဲ့ ပင်ကိုယ်ဗီဇက ထွက်လာတတ်တာပဲ။ သူ မအောင့်နိုင်တော့ဘဲ အော်ဟစ်လိုက်တော့တယ်။

"ကျွန်တော့်ကို ဘာလို့ ဒီလိုလုပ်ရတာလဲ။ ကျွန်တော် စီနီယာ့အပေါ် ဘာတွေ အဲဒီလောက်တောင် မှားခဲ့လို့လဲ"

သူ့ရဲ့ မျက်နှာအမူအရာနဲ့ အသံထဲမှာ မကျေနပ်ချက်တွေ ပြည့်နှက်နေခဲ့တာပါ။ အခြေအနေကို မသိတဲ့လူဆိုရင် သူကပဲ နစ်နာသူလို့ ထင်ရလောက်တယ်။ ပြီးတော့ သူကိုယ်တိုင်လည်း အဲဒီလိုပဲ တကယ် ယုံကြည်နေပုံရတာပါ။

ကျွန်တော် ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်တယ်။

"ဟုတ်တယ်။ မင်း ငါ့အပေါ်မှာတော့ အထူးတလည် ဘာမှ မှားမထားပါဘူး။ အဲဒါဆို မင်း ငါ့ကို ဘာလို့ လာတောင်းပန်နေတာလဲ။ မင်း တကယ်တမ်း ခွင့်လွှတ်မှု တောင်းရမယ့်လူက တခြားတစ်ယောက်လေ"

ချဲမြောင်ဟို ရဲ့ အကြည့်က စီနီယာ ကင်ဂျေဟတ် ဆီ ရောက်သွားခဲ့တယ်။

သူ့ရဲ့ တုံ့ဆိုင်းနေတဲ့ မျက်နှာအမူအရာမှာပဲ အရာအားလုံးက ပေါ်လွင်နေခဲ့တာပါ။

တကယ်လို့ သူ့မှာ နောင်တအနည်းငယ်ပဲ ရှိခဲ့ရင်တောင် သူက ကျွန်တော့်ဆီ မဟုတ်ဘဲ စီနီယာ ကင်ဂျေဟတ် ဆီ သွားမှာပဲ။

ချဲမြောင်ဟို ရဲ့ စိတ်ထဲမှာတော့ ကျွန်တော်က ပိုက်ဆံအများကြီးရှိတဲ့ အာဏာရှိသူ ဖြစ်တယ်။ ဒါကြောင့် သူက ကျွန်တော့်ကိုတော့ လိုအပ်သလောက် ခေါင်းငုံ့တောင်းပန်နိုင်တယ်။ ဒါပေမဲ့ Franchiseပိုင်ရှင် ဖြစ်တဲ့ စီနီယာ ကင်ဂျေဟတ် ကတော့ အားနည်းသူ ဖြစ်နေတာပါ။

ဒါကြောင့် သူက ကျွန်တော့်ကို တောင်းပန်ဖို့ တွေးနိုင်ပေမဲ့ စီနီယာ ကင်ဂျေဟတ် ကို တောင်းပန်ဖို့ကျတော့ မတွေးနိုင်ခဲ့တာပါ။

သူက အားကြီးသူကို အညံ့ခံပြီး အားနည်းသူကို နှိပ်ကွပ်တတ်တဲ့ ပုံစံမျိုးပဲ။

ဘာပဲဖြစ်ဖြစ်၊ ကမ္ဘာပေါ်မှာ ဒီလိုလူမျိုးတွေလည်း ရှိတတ်တာပဲလေ။

သူ့ မျက်နှာကို ကြည့်ရသလောက်တော့ နောက်ထပ် စကားအများကြီး ပြောနေဖို့ မလိုတော့ပါဘူး။

"ကျောင်းကနေပဲ ထွက်လိုက်ပါတော့"

ကျွန်တော် နေရာကနေ ထလိုက်တဲ့အခါ ချဲမြောင်ဟို က မျက်လုံးတွေ ပြူးထွက်လျက်နဲ့ ကျွန်တော့်ဆီ ပြေးဝင်လာခဲ့တယ်။

"ခွေးမသား။ ကန်ဂျင်ဟူ"

ကျွန်တော် အံ့သြပြီး တုံ့ပြန်ဖို့တောင် မအားခင်မှာပဲ ဘေးမှာရှိတဲ့ စီနီယာ ကင်ဂျေဟတ် က အရင် လှုပ်ရှားလိုက်တယ်။

ခွပ်

"အင့်"

စီနီယာ ကင်ဂျေဟတ် ရဲ့ လက်သီးက သူ့ရဲ့ ရင်ညွန့်တည့်တည့်ဆီ ကျရောက်သွားခဲ့တာပါ။ မျှော်လင့်မထားတဲ့ ထိုးချက်ကြောင့် ချဲမြောင်ဟို တစ်ယောက် အဲဒီနေရာမှာတင် လဲကျသွားတော့တာပဲ။

ကျွန်တော် စီနီယာ ကင်ဂျေဟတ် ကို ကြည့်လိုက်တယ်။ သူကိုယ်တိုင်လည်း အံ့သြသွားပုံရပြီး ပျာယာခတ်နေပါတယ်။

ဟုတ်တာပဲ။ သူက အရင်ကတည်းက ဒေါသအနည်းငယ် ရှိတဲ့လူပဲလေ။ သူ့ရဲ့ အရင် ပုံစံဟောင်းကို ပြန်မြင်ရတာ ဝမ်းသာစရာပါ။

ကျွန်တော် သူ့ပုခုံးကို ပုတ်ပေးလိုက်ရင်း ပြောလိုက်တယ်။

"စီနီယာ တကယ် ကောင်းကောင်း လုပ်နိုင်ခဲ့တယ်"

တက်ဂယူ က ပြောတယ်။

"အပြစ်ကျူးလွန်တဲ့လူတွေက ပြစ်ဒဏ်ခံရမှာက လောကနိယာမပဲ။ မင်း နားလည်လား။ အခုကစပြီး ငါ မင်းကို ပြစ်ဒဏ်ပေးတော့မှာမလို့ လိုလိုလားလားပဲ ခံယူလိုက်စမ်းပါ"

ရုတ်တရက်ကြီး ဘာတွေထပြောနေတာလဲဟ။

တက်ဂယူ ရဲ့ မျက်နှာမှာတော့ စိတ်လှုပ်ရှားကြည်နူးနေတဲ့ အမူအရာ ရှိနေခဲ့တာ။

"ငါ အဲဒီစကားကို တကယ် ပြောကြည့်ချင်နေတာကြာပြီ"

"……."

တော်စမ်းပါတော့ကွာ။

မင်း ဘဝမှာ မင်းလုပ်ချင်တဲ့ အရာအားလုံးကို လျှောက်လုပ်နေလို့ မရဘူးလေ။

ကျွန်တော်တို့ Franchiseပိုင်ရှင်တွေဆီကနေ စုဆောင်းထားတဲ့ အချက်အလက်တွေကို သတင်းစာရှင်းလင်းပွဲဆီ တင်ပြခဲ့သလို တရားစွဲဆိုမှုကိုလည်း ပြုလုပ်ခဲ့ကြတယ်။

ဒီအချိန်မှာပဲ နောက်ထပ် ဖြစ်ရပ်တစ်ခု ပေါက်ကွဲထွက်လာခဲ့တယ်။

Franchiseပိုင်ရှင်တစ်ယောက်က ဌာနချုပ်ရဲ့ အာဏာပြ အနိုင်ကျင့်မှုကို မခံနိုင်တော့ဘဲ Franchise စာချုပ်ကို ဖျက်သိမ်းပြီး ကိုယ်ပိုင် ကြက်ကြော်ဆိုင်အဖြစ် ပြောင်းလဲလိုက်တဲ့အခါ Master Chicken က အဲဒီဆိုင်ရဲ့ အရှေ့တည့်တည့်မှာ တိုက်ရိုက်ဆိုင်ခွဲ အကြီးကြီးတစ်ခုကို လာဖွင့်ခဲ့တယ်။

ဒါက အခြေခံအားဖြင့် ကလဲ့စားချေတဲ့ ဆိုင်ဖွင့်လှစ်မှုပါပဲ။ နောက်ဆုံးမှာတော့ ဒေဝါလီခံရမယ့် အခြေအနေဆီ ထပ်မံ တွန်းပို့ခံလိုက်ရတဲ့ အဲဒီFranchiseပိုင်ရှင်က မခံစားနိုင်တော့ဘဲ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တယ်။

ဒါနဲ့ ယှဉ်ရင်တော့ သေးငယ်ပေမဲ့ ဥက္ကဌ ချဲဒေးဟို က သူ့ရဲ့ လုံခြုံရေးဝန်ထမ်းနဲ့ ဒရိုင်ဘာကို အမြဲတမ်း ကိုယ်ထိလက်ရောက် ကျူးလွန်တတ်ကြောင်းလည်း ပေါ်ထွက်လာခဲ့သေးတယ်။

အများပြည်သူရဲ့ ဝေဖန်မှုတွေကတော့ ဆူပွက်နေခဲ့ပါပြီ။

– သူတို့က ကြက်သားစျေးနှုန်းတွေကို ဆက်တိုက် မြှင့်တင်ပြီး Delivery ခတွေကိုလည်း ပိုကောက်ကြတယ်။ အခုကျတော့ သူတို့ရဲ့ Franchiseပိုင်ရှင်တွေကိုလည်း နောက်ကျောဓားနဲ့ထိုးနေခဲ့တာပဲ။

– Franchiseပိုင်ရှင်တွေက ကလဲ့စားချေတဲ့ဆိုင်ခွဲ ဖွင့်လှစ်တာကို ခံရတယ်။ လုံခြုံရေးဝန်ထမ်းတွေက လက်သီးနဲ့ ထိုးခံရပြီး ဒရိုင်ဘာတွေကတော့ ကန်ကျောက်ခံရတယ်။

– ဒီလောက်ဆိုရင်တော့ သူက Conor McGregor နဲ့ Octagon ထဲမှာ ယှဉ်ထိုးလို့ ရလောက်ပြီ။

– လက်သီးတွေတော့ မသိဘူး။ သူတို့ရဲ့ စိတ်ဓာတ်တွေကတော့ တော်တော်လေး စက်ဆုပ်စရာကောင်းတာ အတူတူပဲ။ နှစ်ယောက်စလုံးက အမှိုက်တွေ…

– သစ္စာဖောက် ကြက်ကြော်ဆိုင်ကနေ ဘာမှ အော်ဒါမမှာကြနဲ့တော့။

– အပေါ်က ကွန်မန့်က မှန်တယ်။ မဝယ်တာကပဲ အဖြေပဲ။

– လူတွေက ဘရန်းရှိတဲ့ ကြက်သားကိုပဲ ကြိုက်ကြတာလည်း ပြဿနာပဲ။ အခုကစပြီး ဒေသတွင်းက ကြက်ကြော်ဆိုင်တွေကို အားပေးကြရအောင်။

– Franchiseပိုင်ရှင်တွေနဲ့ အတူတကွ ရပ်တည်ပေးတဲ့ ကြက်ကြော် Franchiseတွေလည်း အများကြီး ရှိပါသေးတယ်။

– ငါကတော့ ကြက်တစ်ကောင်လုံးကို ဝယ်ပြီး ကိုယ်တိုင်ပဲ ကြော်စားတော့မယ်။

MCK အုပ်စု ဥက္ကဌ ချဲဒေးဟို က တောင်းပန်ဖို့ ရှေ့ထွက်လာခဲ့ပေမဲ့ အခြေအနေကတော့ ငြိမ်သက်သွားမယ့် အရိပ်အယောင် မရှိခဲ့ပါဘူး။

တရားရုံးက MCK အုပ်စု ကို ဝင်ရောက်စီးနင်း ရှာဖွေ စစ်ဆေးခဲ့တယ်။ အခြေအနေက ပိုမို ပြင်းထန်လာတာကြောင့် MCK Wholesale က နှပ်ထားတဲ့ ကြက်သား၊ မုန့်သားနဲ့ ဒိန်ခဲလိုမျိုး မရှိမဖြစ် ပစ္စည်းတွေရဲ့ ထောက်ပံ့စျေးနှုန်းကို လျှော့ချပေးမှာ ဖြစ်ကြောင်း ကြေညာခဲ့ပေမဲ့ အားလုံးက နောက်ကျသွားခဲ့ပါပြီ။

Franchiseပိုင်ရှင်တွေရဲ့ ဆန့်ကျင်မှုက ပိုမို အားကောင်းလာခဲ့ပြီး ရှိပြီးသား Franchiseပိုင်ရှင်တွေ နှုတ်ထွက်တာလည်း တိုးပွားလာခဲ့တယ်။ Meister Pizza အတွက် အခြေအနေက ပိုပြီး ပြင်းထန်ခဲ့တဲ့အပြင် Franchiseဖွင့်ဖို့ စုံစမ်းမေးမြန်းမှုတွေလည်း လုံးဝ ရပ်တန့်သွားခဲ့တယ်။

စွဲချက်တွေက အရမ်းများပြားပြီး အများပြည်သူရဲ့ ဝေဖန်မှုတွေကလည်း ဆိုးရွားလွန်းတာကြောင့် နောက်ဆုံးမှာ တရားရုံးက ဥက္ကဌ ချဲဒေးဟို ကို ဖမ်းဆီးလိုက်တော့တယ်။ ချဲမြောင်ဟို ကတော့ ဖမ်းဆီးခံရခြင်းကနေ လွတ်မြောက်ခဲ့ပေမဲ့ ချုပ်နှောင်ခြင်းမရှိဘဲ စုံစမ်းစစ်ဆေးမှုကို ခံနေရတာပါ။

M Pizza ရဲ့ အဓိကဆိုင်ကြီး ဆောက်လုပ်မှု ပြီးစီးသွားခဲ့ပြီး ဖွင့်လှစ်ဖို့အတွက်ပဲ စောင့်ဆိုင်းနေပါပြီ။

မုန့်သား၊ ဒိန်ခဲနဲ့ ဆော့စ်တွေ အားလုံးကို အမေရိကန် ဌာနချုပ်ကနေ ထောက်ပံ့ပေးတာ ဖြစ်ပြီး ကျန်တဲ့ ပါဝင်ပစ္စည်းတွေကိုတော့ သီးသန့် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

ဆီလွန်ဟိုတယ် က သူတို့ပိုင်တဲ့ ဟိုတယ်အသီးသီးမှာ ဘူဖေးတွေနဲ့ စားသောက်ဆိုင်တွေကို လည်ပတ်နေတာ ဖြစ်လို့ ဆိုင်ခွဲ တစ်ခု နှစ်ခုအတွက် ပါဝင်ပစ္စည်းတွေ ဝယ်ယူတာက ပြဿနာ မရှိခဲ့ပါဘူး။ နောက်ပိုင်းမှာ ဆိုင်ခွဲအရေအတွက် တိုးလာရင်တော့ ပေးသွင်းသူ အရေအတွက်ကိုလည်း လိုက်ပြီး တိုးမြှင့်ရမှာ ဖြစ်ပါတယ်။

ဆီလွန်ဟိုတယ် မှာ ရှိတဲ့ ဆိုင်ကတော့ Delivery ပို့ပေးမှာမဟုတ်ဘဲ Room service ပဲ ပေးမှာပါ။ Ceylon State စီးပွားရေး ဟိုတယ် နေရာတွေကတော့ Delivery ပါ ပေးသွားမှာ ဖြစ်ပါတယ်။

စီအီးအို လင်ဆိုမီ က တိုက်ရိုက်ဆိုင်ခွဲတွေအတွက် ဆိုင်မန်နေဂျာတွေနဲ့ အုပ်ချုပ်သူတွေကို ခန့်အပ်တဲ့အခါ တာဝန်ထမ်းဆောင်ရင်း ဒဏ်ရာရခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေကို ဦးစားပေး ခန့်အပ်သွားမှာ ဖြစ်ကြောင်း ကြေညာခဲ့တယ်။ သူတို့က ခြေလက်ဖြတ်တောက်ခံရတာ ဒါမှမဟုတ် မီးလောင်ဒဏ်ရာလိုမျိုး မသန်စွမ်းမှု ရှိသူတွေကို ကြိုဆိုခဲ့ကြတယ်။ ဒါ့အပြင် ရောင်းရငွေရဲ့ အစိတ်အပိုင်းအချို့ကိုလည်း ဒဏ်ရာရ စစ်မှုထမ်းဟောင်းတွေရဲ့ ကုသရေးနဲ့ ပြန်လည်ထူထောင်ရေး အပိုင်းတွေမှာ ကူညီပေးဖို့ အသုံးပြုသွားမှာပါ။

သတင်းထောက်တစ်ယောက်က ဆိုင်ကို လာရောက်အားပေးတဲ့ သုံးစွဲသူတွေအနေနဲ့ စိတ်အနှောင့်အယှက် ဖြစ်ရနိုင်ကြောင်း ထောက်ပြတဲ့အခါ စီအီးအို လင်ဆိုမီ က ပြတ်ပြတ်သားသားပဲ ပြောလိုက်တယ်။

"အဲဒါကို စိတ်အနှောင့်အယှက် ဖြစ်တဲ့လူတွေက မလာဘဲ နေလို့ရပါတယ်"

အင်တာနက်ပေါ်မှာတော့ ချီးမွမ်းခန်းတွေနဲ့ ပြည့်နှက်နေခဲ့တာပေါ့။

– ဟားဟား။ သူက စိတ်အနှောင့်အယှက် ဖြစ်ရင် မလာနဲ့တဲ့။

– မမဆိုမီ ကတော့ သတ္တိရှိတာပဲ။ တော်တော် မိုက်တယ်။

– အဲဒီသတင်းထောက်ရဲ့ ရိုင်းစိုင်းမှုကို ကြည့်ဦး။ မသန်စွမ်းသူတွေက စိတ်အနှောင့်အယှက် ဖြစ်စရာလား။ သူတို့ကို ကြည့်တဲ့လူတွေက ဘာလို့ စိတ်အနှောင့်အယှက် ဖြစ်ရမှာလဲ။

– ငါက ဆိုဆောင်း အုပ်စု ကို မကြိုက်ပေမဲ့ ဒါကတော့ တကယ်ကို ကောင်းတဲ့အရာပဲ။

– တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ရင်း ဒဏ်ရာရခဲ့တဲ့ စစ်သားတွေအတွက် နိုင်ငံက ဘာတွေ လုပ်ပေးခဲ့လို့လဲ။

– ကန်ဂျင်ဟူ က စီအီးအို လင်ဆိုမီ ကို ဒီလိုလုပ်ဖို့ အကြံပြုခဲ့တာလို့ ကြားတယ်။

– စစ်မှုထမ်းဖူးတဲ့လူ ဖြစ်တဲ့အတိုင်းပဲ သူက အခြေအနေမှန်ကို သိတယ်နော်။

– စစ်သားတွေကို ထိုက်တန်တဲ့ အကျိုးခံစားခွင့်တွေ ပေးလိုက်စမ်းပါ။

ဝေဖန်မှုတွေ တသီတတန်းကြီး ဝင်လာတာကြောင့် အဲဒီသတင်းဌာနက ဆောင်းပါးကို တိုးတိုးတိတ်တိတ်ပဲ ပြန်ဖြုတ်ချသွားခဲ့တယ်။

ကိုရီးယား Franchise အများစုမှာတော့ Royalties ကြေးကို အနည်းငယ်ပဲ ယူတာ (ဒါမှမဟုတ် လုံးဝမယူတာ) မျိုး လုပ်လေ့ရှိပြီး အဲဒီအစား ပါဝင်ပစ္စည်းတွေနဲ့ နောက်ဆက်တွဲ ပစ္စည်းတွေပေါ်မှာ အမြတ်အစွန်း အများကြီး တင်တာပါ။ ပြီးတော့ ပွဲတွေနဲ့ မားကတ်တင်း အကြောင်းပြချက်တွေအောက်မှာ ပိုက်ဆံကောက်ခံတာမျိုးက ထုံးစံလို ဖြစ်နေခဲ့တာလေ။

ဒါပေမဲ့ M Pizza ကတော့ အမေရိကန်မှာလိုပဲ Royalties ကြေးကို အဓိကထားပြီး လည်ပတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သူတို့က ဌာနချုပ်ကနေ ထောက်ပံ့မယ့် မရှိမဖြစ် ပစ္စည်းတွေကိုလည်း အနည်းဆုံးဖြစ်အောင် လျှော့ချပြီး စျေးနှုန်းတွေကို သင့်တင့်မျှတအောင် သတ်မှတ်ဖို့ စီစဉ်ထားခဲ့တယ်။ ဒါ့အပြင် Franchiseပိုင်ရှင်တွေအနေနဲ့ ဌာနချုပ်နဲ့ တန်းတူ ရည်တူ ဆွေးနွေးညှိနှိုင်းနိုင်အောင် အသင်းအဖွဲ့တစ်ခု ဖွဲ့စည်းခွင့်ကိုလည်း ခွင့်ပြုပေးခဲ့တယ်။

ဒီအချက်ကို သိရှိသွားကြတဲ့အခါ Franchise စုံစမ်းမေးမြန်းမှုတွေက ရေလွှမ်းမိုးသလိုမျိုး တရဟော ဝင်ရောက်လာခဲ့တော့တာပဲ။

နောက်ဆုံးမှာတော့ နမ်ဆန် ဆီလွန်ဟိုတယ် မှာ M Pizza ရဲ့ အဓိကဆိုင်ကြီး ဖွင့်လှစ်ပွဲကို ပြုလုပ်ခဲ့တယ်။

စီအီးအို လင်ဆိုမီ သာမက ဥက္ကဌ လင်ဂျင်ယုံ လည်း ဖွင့်လှစ်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့တယ်။

"ကျွန်တော်တို့ ပီဇာလုပ်ငန်းမှာ အတူတူ လက်တွဲလုပ်ကိုင်ဖြစ်လိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး"

"တကယ်ပါပဲ။ အခြေအနေအရ ဒီလို ဖြစ်သွားခဲ့တာပေါ့"

မိုင်လို က အချိန်မအားတာကြောင့် သူ့အစား မက်စ် က M Pizza ဌာနချုပ်ကနေ လေယာဉ်နဲ့ ရောက်လာခဲ့တယ်။

မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ကျွန်တော်တို့ မတွေ့ဖြစ်တာ ကြာပြီဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ခဲ့ကြတယ်။

သူတို့အပြင် အစ်မ ဟျွန်းဂျူး၊ အယ်လီ၊ စီနီယာ ဆန်းယော့ နဲ့ ဟင်နရီ တို့လည်း တက်ရောက်ခဲ့ကြတယ်။ အံ့သြစရာကောင်းတာက အမေရိကန် သံအမတ်ကြီးလည်း ရောက်လာခဲ့တာပဲ။

ဒါက အမေရိကန် Franchiseတစ်ခု ကိုရီးယားဆီ ဝင်ရောက်လာတာကို ဂုဏ်ပြုဖို့ ဖြစ်ပါတယ်။

သမ္မတ ရိုနယ် ကလည်း Twitter ပေါ်မှာ သူကိုယ်တိုင် အိမ်ဖြူတော် ဝန်ထမ်းတွေနဲ့အတူ M Pizza ကို ကိုင်ထားတဲ့ ပုံတစ်ပုံကို တင်ခဲ့ပြီး "M Pizza ကိုရီးယားစျေးကွက်ထဲ ဝင်ရောက်လာတာကို ဂုဏ်ယူဝမ်းမြောက်ပါတယ်။ အမေရိကန် ဂျုံမှုန့်နဲ့ ဒိန်ခဲတွေနဲ့ ပြုလုပ်ထားတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပီဇာက ကိုရီးယားလူမျိုးတွေရဲ့ အရသာအကြိုက်ကို ဖမ်းစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဆိုတဲ့ စာသားကိုလည်း ရေးသားခဲ့တာပါ။

အမေရိကန် သံအမတ်ကြီး သောမတ်စ် ဂျန် က ကိုရီးယား-အမေရိကန်ကပြား ဖြစ်တာကြောင့် ကိုရီးယားစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ပါတယ်။

"ကိုယ်တိုင်လည်း ပီဇာကို အရမ်းကြိုက်တာ၊ ဂွမ်ဟွာမွန်းနားမှာ ဆိုင်ခွဲဖွင့်ဖို့ အစီအစဉ် ရှိလား"

စီအီးအို လင်ဆိုမီ က ပြုံးလိုက်ရင်း ပြန်ဖြေတယ်။

" အဲဒီနေရာက Ceylon State မှာ တိုက်ရိုက်ဆိုင်ခွဲတစ်ခု ဖွင့်ဖို့ ကျွန်မတို့ စီစဉ်နေပါတယ်"

"အို။ ဒါကတော့ ဝမ်းသာစရာ သတင်းပဲ။ သံရုံးဝန်ထမ်းတွေကို သွားပြောလိုက်ဦးမယ်"

တက်ရောက်လာသူတွေက တစ်တန်းထဲ ရပ်ပြီး ဖဲကြိုးဖြတ် အခမ်းအနား ပြုလုပ်ပြီးနောက် စားသုံးသူတွေကို ဝင်ရောက်ခွင့် ချက်ချင်း ပေးခဲ့တယ်။

မနေ့ညကတည်းက စပြီး တန်းစီနေခဲ့ကြတဲ့ လူတန်းကြီးက တော်တော်လေး ရှည်လျားနေခဲ့ပါပြီ။ ပထမဆုံး စားသုံးသူကတော့ ဘူဆန်ကနေ တက်လာတဲ့ အသက် ၃၀ အစောပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်ပြီး သူက ပြည်ပမှာ ကျောင်းတက်တုန်းက မြည်းစမ်းခဲ့ရတဲ့ M Pizza ရဲ့ အရသာကို မေ့လို့မရတာကြောင့် KTX ရထားစီးပြီး လာခဲ့တာလို့ ပြောပါတယ်။

သုံးစွဲသူတွေ အလုံးအရင်းနဲ့ ဝင်လာတာကြောင့် မီးဖိုချောင်ထဲက conveyor beltsတွေနဲ့ ရိုဘော့တွေက မနားတမ်း အလုပ်လုပ်ပြီး ပီဇာတွေကို အဆက်မပြတ် ထုတ်ပေးနေခဲ့ရတယ်။

လူတန်းကြီးက အရမ်းရှည်လျားလွန်းတာကြောင့် ဆိုင်ထဲမှာ ထိုင်စားဖို့ဆိုရင် ၅ နာရီထက်မနည်း စောင့်ရမယ့် အခြေအနေ ဖြစ်နေခဲ့ပါတယ်။ တချို့လူတွေကတော့ နောက်ဆုံးမှာ လက်လျှော့ပြီး ပါဆယ်ပဲ ဝယ်သွားကြသလို တချို့ကတော့ ဆီလွန်ဟိုတယ် မှာ အခန်းငှားပြီး Room service နဲ့ပဲ အော်ဒါမှာစားကြတော့တယ်။

စီအီးအို လင်ဆိုမီ က ဆိုင်ထဲကို ကိုယ်တိုင်လှည့်ပတ်ကြည့်ရှုရင်း သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုတွေနဲ့ ဝန်ဆောင်မှုအပိုင်းမှာ အဆင်မပြေတာမျိုး ရှိမရှိကို စစ်ဆေးနေခဲ့တယ်။

ကျွန်တော်တို့လည်း နေရာတစ်ခုမှာ ထိုင်ပြီး ပီဇာစားရင်း ဝိုင်သောက်ခဲ့ကြတာပေါ့။

ဝိုင်ခွက်တွေ တစ်ခုနဲ့တစ်ခု သာယာစွာ ချောက်ခနဲ မြည်သွားခဲ့တယ်။

အယ်လီ က ပြောတယ်။

"ငါ မျှော်လင့်ထားတာထက် စားသုံးသူတွေ အများကြီး ရောက်လာတာပဲ"

အစ်မ ဟျွန်းဂျူး က ခေါင်းညိတ်ပြရင်း ပြောတယ်။

"ဒါက အရသာတင်မကဘဲ Silicon Valley ကနေ ပေါက်ဖွားလာတဲ့ ဆန်းသစ်တဲ့ ပီဇာဆိုတဲ့ ပုံရိပ်က သုံးစွဲသူတွေရဲ့ စိတ်ကို ကွက်တိ ထိမှန်သွားတာလေ"

ရှိပြီးသား ပီဇာတွေနဲ့ ယှဉ်ရင် စျေးနှုန်းက ကြီးကြီးမားမား ကွာခြားမှု မရှိပေမဲ့ လူတွေက ပိုမိုကောင်းမွန်တဲ့ အရသာနဲ့ ပုံရိပ်ကို ခံစားရနိုင်တာကြောင့် သူတို့ရဲ့ ပိုက်ဆံအိတ်တွေကို လိုလိုလားလားပဲ ဖွင့်ပေးနေကြတာပါ။

ကျွန်တော် ပီဇာကို စားရင်း Open Kitchenထဲမှာ လှုပ်ရှားနေတဲ့ ရိုဘော့လက်တံတွေနဲ့ conveyor beltsတွေကို ကြည့်နေခဲ့မိတယ်။ သူတို့က လက်မဝက်လောက်တောင် အမှားအယွင်းမရှိ တိတိကျကျ လှုပ်ရှားရင်း မုန့်သားပေါ် ဆော့စ်တွေ သုတ်တာ၊ Oven ထဲ ထည့်တာ၊ ပြန်ထုတ်တာတွေကို လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

တခြား သုံးစွဲသူတွေလည်း မီးဖိုချောင်ကို အံ့သြတုန်လှုပ်တဲ့ မျက်နှာအမူအရာတွေနဲ့ ကြည့်ရှုရင်း ဓာတ်ပုံတွေကို တက်ကြွစွာ ရိုက်နေခဲ့ကြတယ်။ ဒီနေ့တော့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ M Pizza ဆိုတဲ့ Hashtag နဲ့ ဓာတ်ပုံတွေ အများကြီး ရှိလာမှာပါ။

တစ်နေ့နေ့မှာ ရိုဘော့တွေ ပီဇာလုပ်တာက မြင်နေကျအရာတစ်ခု ဖြစ်လာခဲ့ရင် လူတွေက လူကိုယ်တိုင်လုပ်တဲ့ ပီဇာတွေကို ပြန်ပြီး လိုက်ရှာကြမလားပဲ။

All Chapters