အခန်း (၂၃၉-၂၄၀)
Vol. 24 Ch. 239-240
အခန်း (၂၃၉)
ဆီလွန်ဟိုတယ် က အဓိကဆိုင်ကြီး ဖွင့်လှစ်ပြီးနောက်မှာတော့ ပထမဆုံး Franchise ဆိုင်ခွဲကိုလည်း ဖွင့်လှစ်နိုင်ခဲ့တယ်။
ဒုတိယမြောက် ဆိုင်ခွဲကတော့ ဂန်နမ် ဒါမှမဟုတ် ဟွန်ဒေး လိုမျိုး လူစည်ကားတဲ့ နေရာတွေမှာ မဟုတ်ဘဲ ပါဂျူ မြို့လယ်ခေါင်မှာ ဖွင့်လှစ်ခဲ့တာပါ။
ကျွန်တော် ဒီဆိုင်ကို စီအီးအို လင်ဆိုမီ နဲ့အတူ သွားရောက်ကြည့်ရှုခဲ့တယ်။ နေ့လယ်စာစားချိန် ကျော်သွားပြီဖြစ်ပေမဲ့ လူတန်းကြီးက ရှည်လျားနေတုန်းပဲ။ အခုမှ တန်းစီမယ်ဆိုရင် သုံးနာရီ ဒါမှမဟုတ် လေးနာရီလောက် စောင့်ရလောက်မှာပါ။
ဆိုင်ရှေ့မှာ ရှိနေရမယ့် အော်ဒါပို့တဲ့ ဆိုင်ကယ်တွေနဲ့ ကားတွေ တစ်စီးမှ မရှိတာကို ကြည့်ရသလောက်တော့ ဝန်ထမ်းတွေအားလုံး Delivery ပို့ဖို့ အပြင်ထွက်နေကြပုံရတယ်။
ဆိုင်ထဲမှာ လျှောက်သွားနေတဲ့ စီနီယာ ကင်ဂျေဟတ် ရဲ့ မျက်နှာက အရင်ကထက် ပိုမို တောက်ပလို့နေခဲ့တယ်။ သူ့ခြေထောက်က အနည်းငယ် မသန်စွမ်းပေမဲ့ ဘာပြဿနာမှ မရှိခဲ့ပါဘူး။
အတန်ကြာမှ သူ ကျွန်တော့်ကို မြင်သွားပြီး ဝမ်းသာအားရ နှုတ်ဆက်လာခဲ့တယ်။
"ကန်ဂျင်ဟူ၊ မင်းလည်း အလုပ်ရှုပ်နေမှာကို ဘာလို့ ဒီအထိ တကူးတက လာရတာလဲ"
ဆိုင်ထဲမှာ သုံးစွဲသူတွေ ပြည့်နှက်နေပြီး အပြင်မှာလည်း လူတန်းကြီး အရှည်ကြီး ဖြစ်နေတာကို ကြည့်ရင်း ကျွန်တော် ပြောလိုက်တယ်။
"ကျွန်တော် ပီဇာဝယ်စားမလို့ပဲ၊ ဒါပေမဲ့ အော်ဒါတောင် တင်လို့မရဘူး ဖြစ်နေတယ်"
စီအီးအို လင်ဆိုမီ က ပြုံးလိုက်ပြီး ပြောလိုက်တယ်။
"ပထမဆုံး ဆိုင်ခွဲအတွက် ဂုဏ်ယူပါတယ် မစ္စတာကင်"
ကင်ဂျေဟတ် က လင်ဆိုမီရဲ့ စကားကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်သွားရင်း ပြန်ပြောတယ်။
"အာ… ကျေးဇူးတင်ပါတယ်"
လင်ဆိုမီက အိတ်ထဲကနေ တစ်ခုခုကို ထုတ်ပြီး ကျွန်တော့်ဆီ ကမ်းပေးလာခဲ့တယ်။
"ဒါက ဆိုင်ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်ပါ။ အားလပ်ရက်ကျရင် မိဘတွေနဲ့အတူ သွားလည်လိုက်ပါဦး"
လင်ဆိုမီ ပေးတဲ့ လက်ဆောင်ကတော့ ဆီလွန်ဟိုတယ် ရဲ့ တည်းခိုခွင့်ဘောက်ချာနဲ့ ဘူဖေးကူပွန်ပါ။
ကျွန်တော်တို့တွေ စားသုံးသူတွေရဲ့ အာရုံစိုက်မှုကို မခံရအောင် ဆိုင်ရဲ့ နောက်ဖေးတံခါးကနေ ထွက်လာခဲ့ကြတယ်။
"စီနီယာ ဆေးလိပ်မသောက်တော့ဘူးလား"
"ဖြတ်ဖို့ ကြိုးစားနေတာ။ ငါ့ဆီက ဆေးလိပ်နံ့ ရနေရင် စားသုံးသူတွေ သဘောကျမှာ မဟုတ်ဘူးလေ"
"ကောင်းတာပေါ့"
သူ့ရဲ့ စိတ်ဓာတ်က အရင်ကထက် ပြောင်းလဲသွားတာကို မြင်ရတာ တကယ်ကို ဝမ်းသာစရာကောင်းပါတယ်။
"အခုတော့ အလုပ်ကြိုးစားပြီး အကြွေးတွေ ဆပ်ဖို့ပဲ ကျန်တော့တယ်"
"ဒါလည်း ဟုတ်ပါတယ်။ ဒါပေမဲ့ စီနီယာ လုပ်ရမယ့်အရာ တစ်ခု ကျန်သေးတယ်"
ကျွန်တော့်စကားကြောင့် စီနီယာ ကင်ဂျေဟတ် က ဝေခွဲမရတဲ့ မျက်နှာအမူအရာနဲ့ မေးတယ်။
"ဘာများလဲ"
Hwaahn Group (ဟွာအန်း အုပ်စု) က ကိုရီးယားမှာ စီးပွားရေးလုပ်ငန်း အတိုင်းအတာအရ အဆင့် ၉ ရှိတဲ့ ချေဘော အုပ်စုပါ။
Hwaahn Group က လွတ်လပ်ရေးရပြီးနောက် အမေရိကန် စစ်တပ်အုပ်ချုပ်ရေးအောက်မှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ စီမံခန့်ခွဲမှုနဲ့ ထုတ်လုပ်မှုကို တာဝန်ယူခဲ့တဲ့ ဟွာအန်း အန္တရာယ်ကင်းရှင်းရေး ကော်ပိုရေးရှင်း အဖြစ်ကနေ စတင်ခဲ့တာ ဖြစ်ပြီး ဗီယက်နမ်စစ်ပွဲရဲ့ ထူးခြားတဲ့ အခြေအနေတွေကြောင့် အရှိန်အဟုန်နဲ့ ကြီးထွားလာခဲ့တာပါ။
နောက်ပိုင်း ဖြစ်ရပ်တွေကတော့ တခြား ချေဘော အုပ်စုတွေနဲ့ ဆင်တူပါတယ်။ Hwaahn Group ရဲ့ အဓိက လုပ်ငန်းဖြစ်တဲ့ ကာကွယ်ရေး အင်ဂျင်နီယာလုပ်ငန်း အပြင် တခြားသော စီးပွားရေးလုပ်ငန်း နယ်ပယ်တွေဆီကိုပါ အလုံးအရင်းနဲ့ တိုးချဲ့ခဲ့တာ ဖြစ်လို့ အခုဆိုရင် အာမခံ၊ ဆောက်လုပ်ရေးနဲ့ ဘဏ္ဍာရေး လုပ်ငန်းတွေအထိ ပါဝင်နေပါပြီ။
ဟွာအန်း အုပ်စု ရဲ့ ဥက္ကဌ အန်ဟျွန်ဆန်း က ဌာနချုပ်မှာ အမှုဆောင်အရာရှိတွေရဲ့ အစည်းအဝေးတစ်ခုကို ပြုလုပ်ခဲ့တယ်။ ဆွေးနွေးမယ့် အစီအစဉ်ကတော့ ဟွာအန်း ဆောက်လုပ်ရေး ရဲ့ အနာဂတ် စီးပွားရေး မဟာဗျူဟာ ဖြစ်ပါတယ်။
အွန်ဆောင်း ဆောက်လုပ်ရေး လိုပဲ ဟွာအန်းဆောက်လုပ်ရေး ကလည်း အရှေ့အလယ်ပိုင်းရဲ့ အရှိန်အဟုန်နဲ့ တိုးတက်မှုကြောင့် သိသိသာသာ ကြီးထွားလာခဲ့ပြီး အဲဒီမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေကို တက်ကြွစွာ လုပ်ဆောင်နေတုန်းပါပဲ။ ဒါပေမဲ့ ရေနံစျေးနှုန်း ကျဆင်းမှုနဲ့ ဒေသတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် အရှေ့အလယ်ပိုင်းက ဆောက်လုပ်ရေး လုပ်ငန်းတွေရဲ့ ပမာဏက တဖြည်းဖြည်း လျော့နည်းလာခဲ့တယ်။
ကံကောင်းထောက်မစွာပဲ အမေရိကန်နဲ့ အီရန်တို့ကြား နျူကလီးယား ညှိနှိုင်းမှုတွေက ထူးခြားစွာ ပြီးဆုံးသွားခဲ့တာကြောင့် လမ်းကြောင်းအသစ်တစ်ခု ပွင့်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အီရန်က ဆော်ဒီအာရေဗျပြီးရင် အရှေ့အလယ်ပိုင်းမှာ ဒုတိယအကြီးဆုံး စျေးကွက် ဖြစ်ရုံတင်မကဘဲ လူဦးရေ ၈၀ သန်းကျော်လည်း ရှိတာပါ။ ကာလရှည်ကြာ ပိတ်ဆို့အရေးယူမှုတွေကြောင့် မြို့ပြ အခြေခံအဆောက်အဦးတွေနဲ့ အဆောက်အဦးတွေက ဟောင်းနွမ်းပျက်စီးနေတာ ဖြစ်လို့ အရှေ့အလယ်ပိုင်းမှာ နောက်ထပ် အရှိန်အဟုန်နဲ့ တိုးတက်မှုတစ်ခု ဖြစ်လာဦးမယ်လို့ မျှော်လင့်ချက်တွေ မြင့်တက်နေခဲ့တယ်။
ဟွာအန်း ဆောက်လုပ်ရေး က ကြီးမားတဲ့ စျေးကွက်ကြီး ပွင့်လာမယ့်အခြေအနေကို မျှော်လင့်ပြီး ပြင်ဆင်မှုအားလုံးကို ပြီးမြောက်အောင် လုပ်ထားခဲ့တယ်။ ဒါပေမဲ့ ရုတ်တရက်ကြီး ပြဿနာတစ်ခု ပေါ်လာခဲ့တယ်။
အဲဒါကတော့ ပြီးခဲ့တဲ့ အစိုးရရဲ့ နျူကလီးယား သဘောတူညီချက်မှာ ချို့ယွင်းချက်တွေ ရှိနေတယ်လို့ အကြောင်းပြပြီး ရိုနယ် က ပြန်လည်ညှိနှိုင်းဖို့ ကတ်ကို ထုတ်ပြလာခဲ့တာပဲ။ သဘာဝကျစွာပဲ အီရန်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပေမဲ့ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေကတော့ လောလောဆယ်အထိ ဆက်ရှိနေဦးမယ့် အခြေအနေ ဖြစ်နေခဲ့တယ်။
သူတို့အနေနဲ့ ရရှိထားပြီးသား လုပ်ငန်းတွေနဲ့ပဲ ဒီမုန်တိုင်းကို အောင့်အီးသည်းခံ ဖြတ်ကျော်ရမှာ ဖြစ်ပေမဲ့ လက်ငင်း ပြဿနာကတော့ ဒီနှစ်ကစပြီး စတင်တော့မှာပါ။
ဒါတင်မကသေးဘဲ ဒီလိုအခြေအနေမျိုးမှာ ပြီးခဲ့တဲ့နှစ်က မျှော်လင့်မထားတဲ့ ကပ်ဘေးတစ်ခု ဖြစ်ပွားခဲ့သေးတယ်။ အဲဒါကတော့ Big One လို့ခေါ်တဲ့ မဟာငလျင်ကြီးပါပဲ။
အဲဒီပြင်းထန်တဲ့ ငလျင်က ဆန်ဖရန်စစ္စကို ပင်လယ်ကွေ့ဒေသကို လုံးဝ ပျက်စီးစေခဲ့တယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်တဲ့အခါ Mega City အသစ်တချို့ကို တည်ဆောက်ဖို့အတွက် ကြီးမားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ဖြစ်ပေါ်လာမှာပါ။
ကမ္ဘာတစ်ဝှမ်းက ဆောက်လုပ်ရေး ကုမ္ပဏီတွေက ဒါကို အာရုံစိုက်နေကြပြီး ဟွာအန်း ဆောက်လုပ်ရေး ကလည်း ချွင်းချက် မဟုတ်ခဲ့ပါဘူး။
ဒါက ရှေ့ကို တက်လှမ်းဖို့ အခွင့်အရေးကောင်း တစ်ခု ဖြစ်ပေမဲ့ အလားအလာကတော့ သိပ်ပြီး မလင်းလက်ခဲ့ဘူး။ အကြောင်းကတော့ ဟွာအန်း ဆောက်လုပ်ရေး က အမေရိကန်မှာ တင်ဒါအောင်မြင်ခဲ့တဲ့ အတွေ့အကြုံ မရှိသလို တစ်အုပ်စုလုံး အနေနဲ့လည်း အဲဒီမှာ အရောင်းကွန်ရက် အားနည်းတာကြောင့် ဖြစ်ပါတယ်။
စုဝေးနေကြတဲ့ လူတိုင်းက စိတ်ထဲမှာ အတွေးတစ်ခုတည်း ရှိနေခဲ့ကြတာပါ။
'ငါတို့တွေ ဘာပဲဖြစ်ဖြစ် ကန်ဂျင်ဟူ နဲ့ ပိုပြီး ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်သင့်တာ မဟုတ်ဘူးလား'
သူက မဟာငလျင်ကြီးအတွက် ပြင်ဆင်မှုအပိုင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သလို ကြိုတင်ဝယ်ယူထားတဲ့ ကုန်ကြမ်းပစ္စည်း အမြောက်အမြားကိုလည်း အမေရိကန် အစိုးရဆီ ထောက်ပံ့ပေးနေတာပါ။ သူက ဗြိတိန်ရဲ့ ဒီဇိုင်းနဲ့ အင်ဂျင်နီယာလုပ်ငန်း ဖြစ်တဲ့ Akitt ကိုလည်း ပိုင်ဆိုင်ထားသေးတာပါ။
ဒါကြောင့် သူက ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ အဓိကကျတဲ့လူ ဖြစ်လာဖို့ သေချာနေခဲ့ပါပြီ။
ဥက္ကဌ အန်ဟျွန်ဆန်း က သူ ပြီးခဲ့တဲ့တစ်ခေါက်က ခဏတဖြုတ် မြင်ခဲ့ရတဲ့ အသက် ၂၀ ကျော် လူငယ်လေးကို ပြန်တွေးမိသွားခဲ့တယ်။ အဲဒီတုန်းကတော့ သူက ကံကောင်းလို့ ပိုက်ဆံအချို့ ရသွားတဲ့ လူချမ်းသာအသစ် တစ်ယောက်လို့ပဲ သတ်မှတ်ခဲ့တာပါ။
'သူက ဒီအတောအတွင်းမှာ အဲဒီလောက်အထိ ကြီးထွားလာခဲ့တာပဲ'
အစည်းအဝေး လုပ်နေတုန်းမှာပဲ အတွင်းရေးမှူးမလေး ဝင်လာခဲ့တယ်။
ချက်ချင်းဆိုသလိုပဲ လူတိုင်းရဲ့ အကြည့်တွေက အတွင်းရေးမှူးမလေးဆီ ရောက်သွားခဲ့တာပေါ့။ ဥက္ကဌ အန်ဟျွန်ဆန်း က အစည်းအဝေးရဲ့ အခြေအနေ ရုတ်တရက် ပျက်ပြားသွားတာကြောင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ရင်း မေးတယ်။
"ဘာကိစ္စရှိလို့လဲ"
"ဧည့်သည် ရောက်နေလို့ပါ"
သူက စစ်သားတစ်ယောက်လိုမျိုး သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း အလုပ်လုပ်ရတာကို ပိုသဘောကျတဲ့လူ ဖြစ်ပါတယ်။ ဒါကြောင့် သူက ကြိုတင်ချိန်းဆိုထားခြင်းမရှိတဲ့ တွေ့ဆုံမှုတွေကို ရှောင်လွှဲလေ့ရှိတာပါ။
"ချိန်းဆိုမှု ပြုလုပ်ပြီးမှ နောက်မှ ပြန်လာခဲ့ဖို့ ပြောလိုက်"
အတွင်းရေးမှူးမလေးက တည်ငြိမ်စွာနဲ့ပဲ "သူက အရေးကြီးတဲ့ ဧည့်သည်မလို့ပါ။ ဥက္ကဌအနေနဲ့ တွေ့သင့်တယ်လို့ ထင်ပါတယ်" လို့ ပြောလိုက်တယ်။
"ဘယ်သူလဲ"
"OTK ကုမ္ပဏီ ရဲ့ စီအီးအို ကန်ဂျင်ဟူ ပါ"
အဲဒီစကားကြောင့် ဥက္ကဌ အန်ဟျွန်ဆန်း သာမက အမှုဆောင် အရာရှိတွေပါ အံ့အားသင့်သွားခဲ့ကြတယ်။
"စီအီးအို ကန်ဂျင်ဟူ က ငါ့ကို လာတွေ့တာ ဟုတ်လား"
"ဟုတ်ကဲ့ပါ။ ဥက္ကဌ"
အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ်၊ ဒါက အခွင့်အရေးကောင်း တစ်ခုပဲလေ။
"အစည်းအဝေးကို ဒီမှာတင်ပဲ ရပ်လိုက်ကြစို့"
ဥက္ကဌ အန်ဟျွန်ဆန်း က နေရာကနေ ထရပ်လိုက်တော့တယ်။
ဝန်ထမ်းတစ်ယောက်က ဧည့်ခန်းဆီ လိုက်ပို့ပေးဖို့ ပြောခဲ့ပေမဲ့ ကျွန်တော်ကတော့ ဧည့်ကြိုခန်းမမှာပဲ ထိုင်စောင့်နေခဲ့တယ်။
တခြား လုပ်စရာမရှိတာကြောင့် ထိုင်ရင်းနဲ့ ကုမ္ပဏီရဲ့ အခြေအနေကို လေ့လာနေခဲ့တာပေါ့။ ဝန်ထမ်းတွေက ယူနီဖောင်းလိုမျိုး အနက်ရောင် ဝတ်စုံတွေကို သေသေသပ်သပ် ဝတ်ဆင်ထားကြပြီး သွက်လက်တဲ့ ခြေလှမ်းတွေနဲ့ သွားလာနေကြတာပါ။
ကုမ္ပဏီတစ်ခုစီမှာ အနည်းငယ် ကွဲပြားတဲ့ အငွေ့အသက်တွေ ရှိတာ ထင်ရှားပါတယ်။
ဆိုဆောင်း အုပ်စု က ပိုပြီး လွတ်လပ်တဲ့ ပုံစံမျိုး ရှိပြီး ဟွာအန်း အုပ်စု ကတော့ စနစ်ကျပြီး စည်းကမ်းရှိတဲ့ ပုံစံမျိုး ဖြစ်နေခဲ့တာပါ။ ဒါက သူတို့ရဲ့ အဓိက လုပ်ငန်းတွေနဲ့ အလုပ်ရဲ့ သဘာဝ ကွဲပြားမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။
ဝန်ထမ်းတချို့က ကျွန်တော့်ကို မှတ်မိသွားကြပြီး အံ့သြနေခဲ့ကြတယ်။
ကျွန်တော် စောင့်နေပြီး မကြာခင်မှာပဲ ဥက္ကဌ အန်ဟျွန်ဆန်း ကိုယ်တိုင် ဧည့်ကြိုခန်းမဆီ ဆင်းလာခဲ့တယ်။ သူက အသက် ၅၀ အစောပိုင်းအရွယ် ဖြစ်ပေမဲ့ အပြင်မှာတော့ သူ့အသက်ထက် ပိုပြီး အိုစာတဲ့ ပုံစံမျိုး ရှိနေခဲ့တာပါ။
သူ့ရဲ့ ဆံပင်တွေက M-shape ပုံစံမျိုးနဲ့ ထိပ်ပြောင်လုနီးပါး ဖြစ်နေခဲ့ပြီဖြစ်ပြီး နဖူးပေါ်မှာလည်း တွန့်လိပ်နေတဲ့ အရေးအကြောင်းတွေ ရှိနေတာကို ကြည့်ရသလောက် သူက ခဏခဏ မျက်မှောင်ကြုတ်တတ်ပုံရပါတယ်။
ဥက္ကဌ အန်ဟျွန်ဆန်း က သူ့ရဲ့ အရင် ဥက္ကဌ ရုတ်တရက် ကွယ်လွန်သွားခဲ့တာကြောင့် အသက် ၂၀ ကျော်ကတည်းက အုပ်စုကို ဦးဆောင်ခဲ့ရတာပါ။ အဲဒါကြောင့်ပဲ ဖြစ်မလားမသိဘူး။ သူ့ဆီကနေ ပြင်းထန်တဲ့ ခေါင်းဆောင်မှု အရည်အချင်းတွေကို ခံစားရပါတယ်။
ဒါက ကျွန်တော်တို့ ပထမဆုံး တွေ့ဆုံခြင်းတော့ မဟုတ်ပါဘူး။ သမ္မတ ရိုနယ် ရဲ့ အစည်းအဝေးတုန်းက ခဏတဖြုတ် တွေ့ခဲ့ကြသေး တာလေ။ အဲဒီတုန်းကတော့ ကျွန်တော်တို့ ယဉ်ယဉ်ကျေးကျေးပဲ နှုတ်ဆက်ခဲ့ကြတာပါ။
ဥက္ကဌ အန်ဟျွန်ဆန်း က ကျွန်တော့်ကို မြင်တော့ လက်နှစ်ဖက်ကို ကျယ်ကျယ်ပွေ့ဖက်ရင်း နှုတ်ဆက်လာခဲ့တယ်။
"အို။ ကြိုဆိုပါတယ်၊ စီအီးအို ကန်ဂျင်ဟူ"
"မင်္ဂလာပါ"
"ဒီမှာ ရပ်မနေပါနဲ့၊ အပေါ်ထပ်ကို သွားကြရအောင်"
ကျွန်တော်တို့ သူ့ရဲ့ ရုံးခန်းဆီ တက်လာခဲ့ကြတာပေါ့။
ပြတင်းပေါက်ကနေ အပြင်ကို ကြည့်ရင်း ကျွန်တော်က "ယိုအီဒို ရဲ့ မြင်ကွင်းက တော်တော် လှတာပဲ။ ဟန်မြစ် ကို တစ်ချက်ထဲနဲ့ အကုန် မြင်ရတယ်" လို့ ပြောလိုက်တယ်။
ဥက္ကဌ အန်ဟျွန်ဆန်း က အားရပါးရ ရယ်မောလိုက်ရင်း ပြောတယ်။
"ဟားဟားဟား။ စီးဆင်းနေတဲ့ မြစ်ကို ကြည့်ရတာ ရှုပ်ထွေးနေတဲ့ အတွေးတွေကို ရှင်းလင်းပစ်ဖို့ ကူညီပေးတယ်လေ"
အတွင်းရေးမှူးမလေးက ကော်ဖီ ယူလာပေးခဲ့ပြီး ကျွန်တော်က ဥက္ကဌ အန်ဟျွန်ဆန်း နဲ့ မျက်နှာချင်းဆိုင် ထိုင်လိုက်တယ်။
တခြား ချေဘော ခေါင်းဆောင်တွေလိုပဲ သူကလည်း လူမှုရေးဆိုင်ရာ အငြင်းပွားစရာ ကိစ္စရပ်တွေကို ဖြစ်ပွားစေခဲ့တာကြောင့် သတင်းတွေထဲမှာ ပါခဲ့ဖူးသလို တရားရင်ဆိုင်မှု တချို့ကိုလည်း ကြုံတွေ့ခဲ့ရဖူးတာပါ။ ချေဘော တစ်ယောက်ဖြစ်တဲ့အတိုင်းပဲ သူက အမှုတိုင်းမှာ ဆိုင်းငံ့ပြစ်ဒဏ်တွေနဲ့ပဲ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
"ကျွန်တော် စီအီးအို ကန်ဂျင်ဟူ နဲ့ တစ်ချိန်ချိန်မှာ အတူတူ သောက်ဖို့ တွေးထားတာ၊ အခုက ဘာကိစ္စရှိလို့ လာတာလဲ"
"ကျွန်တော် ဆွေးနွေးချင်တဲ့ အကြောင်းအရာ တချို့ ရှိလို့ပါ"
သူက ဖော်ရွေစွာ ပြုံးပြလိုက်ရင်း ရှေ့ကို အနည်းငယ် တိုးလာခဲ့တယ်။
"ဘယ်လို အကြောင်းအရာမျိုးလဲ"
ကျွန်တော် ကော်ဖီကို တစ်ငုံ သောက်လိုက်ရင်း ပြောလိုက်တယ်။
"ဥက္ကဌအနေနဲ့ KM188 ပေါက်ကွဲမှု မတော်တဆမှုကို မှတ်မိသေးလား။ အဲဒါက လေ့ကျင့်ရေးလုပ်နေတုန်း Hwaahn Precision Chemicalsကနေ ထောက်ပံ့ပေးတဲ့ ချို့ယွင်းချက်ရှိတဲ့ ပစ္စည်းကြောင့် ဖြစ်ပွားခဲ့တာလေ"
ကျွန်တော့်စကားကြောင့် ဥက္ကဌ အန်ဟျွန်ဆန်း ရဲ့ မျက်နှာပေါ်က အပြုံးတွေ ပျောက်ကွယ်သွားခဲ့ပြီး အံ့အားသင့်တဲ့ အမူအရာ အစားထိုး ဝင်ရောက်လာခဲ့တယ်။
သူ ဒါကို မသိဘဲ နေမှာ မဟုတ်ပါဘူး။ အဲဒီဖြစ်ရပ်က ကာကွယ်ရေး ပစ္စည်းဝယ်ယူမှု စီမံခန့်ခွဲရေး အဖွဲ့ကို တုန်လှုပ်စေခဲ့ပြီး ကာကွယ်ရေး ကဏ္ဍတစ်ခုလုံးရဲ့ မရိုးသားမှုတွေကို စုံစမ်းစစ်ဆေးမှုတွေအထိ ဖြစ်ပွားစေခဲ့တာပါ။ နောက်ဆုံးမှာ ရေတပ်စစ်ဆင်ရေး အရာရှိချုပ်ဟောင်းကို ဖမ်းဆီးတဲ့အထိ ဖြစ်ခဲ့တာလေ။
အဲဒီအချိန်တုန်းက Hwaahn Precision Chemicalsရဲ့ စီစဉ်ထားတဲ့ ပြည်ပ ပို့ကုန်တွေ အားလုံး ဖျက်သိမ်းခံခဲ့ရသလို ပို့ဆောင်ပြီးသား ပစ္စည်းအားလုံးကိုလည်း ပြန်လည် သိမ်းဆည်းခဲ့ရတယ်။
"အဲဒီဖြစ်ရပ်မှာ လူတစ်ယောက် သေဆုံးခဲ့ပြီး နောက်တစ်ယောက် ဒဏ်ရာရခဲ့တယ်။ ပြီးတော့ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရတဲ့ စစ်သားက လျော်ကြေးငွေ ဝမ် သန်း ၅၀ လောက်ပဲ ရရှိခဲ့တယ်ဆိုတာကို ကျွန်တော် မကြာသေးခင်ကမှ သိခဲ့ရတာပါ။ ဥက္ကဌအနေနဲ့ ဒါကိုလည်း သိထားလား"
ပြောရရင်တော့ သေဆုံးသွားခဲ့တဲ့ အရာခံဗိုလ် ရဲ့ ကျန်ရစ်သူ မိသားစုကတော့ ဝမ် သန်း ၁၀၀ လျော်ကြေး ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒါတောင် အဆင့်မြင့် အရာရှိကြီးတွေက စီစဉ်ပေးခဲ့လို့ပါ။
ဥက္ကဌ အန်ဟျွန်ဆန်း က ကျွန်တော့်ကို ကြည့်ပြီး မေးလာခဲ့တယ်။
"ဟင်၊ စီအီးအို ကန်ဂျင်ဟူ က အဲဒီကိစ္စကို ဘာလို့ စိတ်ဝင်စားနေရတာလဲ"
သူက ကျွန်တော့်ကို တခြားကုမ္ပဏီရဲ့ ကိစ္စရပ်တွေမှာ ဘာလို့ ဝင်ပါနေရတာလဲလို့ မေးနေတာပါ။
ကျွန်တော်က သူ နားလည်နိုင်မယ့် အဖြေတစ်ခုကို ပေးလိုက်တယ်။
"KM188 ပေါက်ကွဲတုန်းက ကျွန်တော်လည်း အဲဒီလေ့ကျင့်ရေး ကွင်းထဲမှာ ရှိနေခဲ့တာ။ အဲဒီနေ့က ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရတဲ့ စစ်သားက ကျွန်တော့်ရဲ့ တိုက်ရိုက် အထက်လူကြီး ဖြစ်ခဲ့တာလေ။ ကျွန်တော်က ကံကောင်းလို့ အနောက်မှာ ရှိနေခဲ့လို့ အသက်ရှင်ခဲ့တာပေါ့"
တစ်နည်းပြောရရင် ကျွန်တော်က Hwaahn Precision Chemicals ကနေ ထောက်ပံ့ပေးတဲ့ ချို့ယွင်းချက်ရှိတဲ့ မော်တာကျည်ကြောင့် သေလုနီးပါး ဖြစ်ခဲ့တာပါ။
ဥက္ကဌ အန်ဟျွန်ဆန်း ရဲ့ မျက်နှာအမူအရာက တင်းမာသွားခဲ့တယ်။
"ပြန်တွေးကြည့်ရင် ကျွန်တော် တကယ် ကံကောင်းခဲ့တာ။ တကယ်လို့ ကံမကောင်းခဲ့ရင် ကျွန်တော်လည်း သေဆုံးတာ ဒါမှမဟုတ် ခြေလက်အင်္ဂါ ဆုံးရှုံးတာမျိုး ဖြစ်နိုင်တာပေါ့"
"ဒါ တကယ်ပဲလား"
ကျွန်တော် ခေါင်းညိတ်ပြလိုက်ရင်း ဖြေလိုက်တယ်။
"တကယ်လို့ လိုအပ်မယ်ဆိုရင် စစ်ဆေးရုံက ကျွန်တော့်ရဲ့ ဆေးမှတ်တမ်းတွေကိုပါ ယူပေးလို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဥက္ကဌအနေနဲ့ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနမှာ လူအများကြီး သိထားတာပဲ။ ကိုယ်တိုင်ပဲ စစ်ဆေးကြည့်လို့ ရတာပဲလေ"
သူ စိတ်ရှုပ်ထွေးသွားပုံရတယ်။
သူတို့မှာ ဒီလို ပတ်သက်မှုမျိုး ရှိနေခဲ့တာကို သူ သိထားမှာ မဟုတ်ပါဘူး။
ခဏတာ မျှ တိတ်ဆိတ်မှုတွေ လွှမ်းမိုးသွားခဲ့တယ်။ ဥက္ကဌ အန်ဟျွန်ဆန်း က တစ်ခုခုကို အသည်းအသန် တွေးတောနေပုံရပြီး ပါးစပ်ကို တင်းတင်းပိတ်ထားခဲ့တာပါ။
"ဘာပဲဖြစ်ဖြစ်၊ ကျွန်တော် အဲဒီတုန်းက ဖြစ်ခဲ့တဲ့ ကိစ္စကို လူသိရှင်ကြား ဖြစ်စေချင်တာ ဒါမှမဟုတ် ပြဿနာရှာချင်တာ မဟုတ်ပါဘူး။ ကျွန်တော် သိရသလောက်တော့ တခြား ချေဘော မိသားစုတွေနဲ့ မတူဘဲ ဟွာအန်း အုပ်စု ရဲ့ လူတွေက စစ်မှုထမ်းရမယ့် တာဝန်ကို သေသေချာချာ ထမ်းဆောင်ကြတယ်ဆိုတာပါပဲ။ ဥက္ကဌကိုယ်တိုင်လည်း အရာရှိတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတာ ဖြစ်လို့ ကျွန်တော်တို့နိုင်ငံက စစ်သားတွေ ကြုံတွေ့နေရတဲ့ အခြေအနေမှန်ကို ကောင်းကောင်း သိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဟွာအန်း အုပ်စု က ကာကွယ်ရေး လုပ်ငန်းတွေကနေတစ်ဆင့် ကြီးထွားလာခဲ့တာ ဖြစ်လို့ ဒီအခွင့်အရေးကို အသုံးချပြီး အဓိပ္ပာယ်ရှိတဲ့ အရာတစ်ခုခုကို လုပ်ဆောင်ကြည့်ရင် ဘယ်လိုလဲ"
"စိတ်ထဲမှာ ဘာအစီအစဉ် ရှိလို့လဲ"
ကျွန်တော် ဒါကို ကြိုတင်တွေးတောထားခဲ့ပြီး ဒီကို မလာခင် ဥက္ကဌ လင်ဂျင်ယုံ နဲ့လည်း ဆွေးနွေးခဲ့တာပါ။
ကျွန်တော့်ရဲ့ အဆိုပြုချက်ကို ကြားပြီးနောက် သူက ခက်ခဲနေတဲ့ မျက်နှာအမူအရာနဲ့ ပြောတယ်။
"ဒါက လွယ်လွယ်ကူကူ ဆုံးဖြတ်လို့ရမယ့် ပြဿနာမျိုး မဟုတ်ဘူး"
ကျွန်တော် နေရာကနေ ထရပ်လိုက်တယ်။
"တကယ်လို့ ဥက္ကဌဘက်က ငြင်းပယ်မယ်ဆိုရင်တော့ OTK ကုမ္ပဏီ နဲ့ ဆိုဆောင်း အုပ်စု တို့က သီးသန့်ပဲ ဆက်လက် လုပ်ဆောင်သွားပါ့မယ်။ အဲဒါဆိုရင်တော့ ကျွန်တော် သွားခွင့်ပြုပါဦး"
အဲဒီအခါမှ ဥက္ကဌ အန်ဟျွန်ဆန်း လည်း နေရာကနေ ချက်ချင်း ထရပ်ရင်း ပြောတယ်။
"အို။ နေပါဦး။ အဲဒီလို စိတ်ပျက်စရာကောင်းတဲ့ စကားမျိုး မပြောပါနဲ့။ ကျွန်တော် ဝမ်းမြောက်ဝမ်းသာပဲ လုပ်ဆောင်ပေးပါ့မယ်"
[OTK ကုမ္ပဏီ၊ ဆိုဆောင်း အုပ်စု နဲ့ ဟွာဆောင်း အုပ်စု တို့ ပူးပေါင်းပြီး ဖောင်ဒေးရှင်းတစ်ခု တည်ထောင်]
[တာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဒါမှမဟုတ် သေဆုံးခဲ့ရတဲ့ စစ်သားများနှင့် ရဲဝန်ထမ်းများအတွက် လျော်ကြေးငွေ၊ ပြန်လည်ထူထောင်ရေး၊ ကုသရေးနှင့် ပြန်လည် အလုပ်ခန့်အပ်ရေး အပိုင်းများကို ပံ့ပိုးကူညီပေးမည်]
[ဟွာအန်း အုပ်စု ရဲ့ ဥက္ကဌ အန်ဟျွန်ဆန်း က နိုင်ငံတော်အတွက် အနစ်နာခံခဲ့ကြတဲ့ စစ်သားများနှင့် ရဲဝန်ထမ်းများကို ပံ့ပိုးကူညီပေးခွင့် ရရှိသည့်အတွက် ဝမ်းမြောက်ကြောင်း ဖော်ပြခဲ့ပြီး…]
[ဆိုဆောင်း အုပ်စု ရဲ့ ဥက္ကဌ လင်ဂျင်ယုံ က နောင်ပွင့်လင်းလာမယ့် ကာလတွေမှာ ပံ့ပိုးကူညီမှု အတိုင်းအတာကို တဖြည်းဖြည်း တိုးမြှင့်သွားရန် စီစဉ်ထားကြောင်း…]
သူတို့ သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ အခုတော့ ပိုက်ဆံသုံးဖို့ ဆုံးဖြတ်လိုက်ကြပြီ ဖြစ်လို့ ဆိုဆောင်း အုပ်စု နဲ့ ဟွာအန်း အုပ်စု တို့က ကုမ္ပဏီရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့အတွက် ဖောင်ဒေးရှင်း တည်ထောင်ခြင်း အကြောင်းကို တက်ကြွစွာ ကြော်ငြာခဲ့ကြတယ်။
အများပြည်သူရဲ့ တုံ့ပြန်မှုကတော့ သဘာဝကျစွာပဲ အပြုသဘောဆောင်ခဲ့တာပေါ့။
– ဟားဟား။ ကိုရီးယား ကုမ္ပဏီတွေက တစ်ခါတလေကျတော့လည်း ကောင်းတဲ့အရာကို လုပ်တတ်သားပဲ။
– အတင်းအကြပ် စစ်မှုထမ်းခိုင်းပြီး ဒဏ်ရာရသွားရင် အနည်းဆုံးတော့ ထိုက်တန်တဲ့ ကုသမှုမျိုး ရသင့်တာလေ။
– အရင်က စစ်မှုထမ်းပြီး ထွက်သွားတဲ့လူတွေအတွက်ရော အကျုံးဝင်လားဟင်။
– ငါ စစ်တပ်ထဲမှာ ပုခုံးဒဏ်ရာရခဲ့တာ၊ အခုထိ ဘယ်ဘက်လက်ကို ကောင်းကောင်း သုံးလို့မရသေးဘူး ㅜㅜ
– ကုမ္ပဏီတွေကိုပဲ ပစ်မထားဘဲ အစိုးရကလည်း ပံ့ပိုးပေးသင့်တာပေါ့။ သူတို့တွေ ငါတို့ဆီက ကောက်ထားတဲ့ အခွန်တွေနဲ့ ဘာတွေ လျှောက်လုပ်နေကြတာလဲ။
– အဲဒါကြောင့်ပဲ ငါ အခွန်မဆောင်တာ။
– အခွန်မဆောင်တာ ကြွားစရာလား။ အစ်ကိုကြီး။
ဆီလွန်ဟိုတယ် ရဲ့ ဂျပန်စားသောက်ဆိုင်။
တက်ဂယူ နဲ့ ကျွန်တော်က အရင်ဆုံး ရောက်ရှိနေခဲ့ကြတာ ဖြစ်လို့ အော်ဒါမှာထားခဲ့ပြီး မကြာခင်မှာပဲ အစ်မ ဟျွန်းဂျူး နဲ့ အယ်လီ တို့ ရောက်လာခဲ့ကြတယ်။
"ဟိုင်း။ ရောက်ပြီနော်"
အယ်လီ ကတော့ တက်ကြွတဲ့ ပုံစံမျိုး ရှိနေခဲ့ပေမဲ့ အစ်မ ဟျွန်းဂျူး ကတော့ အမြဲတမ်းလိုပဲ ပင်ပန်းနွမ်းနယ်နေတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။
"ဒီရက်ပိုင်းလည်း အရမ်း အလုပ်ရှုပ်နေတုန်းပဲလား"
"အမြဲတမ်း ဒီလိုပါပဲ"
တက်ဂယူ က ပြောလိုက်တယ်။
"မမ၊ ဒီအတိုင်းဆိုရင် မျက်ကွင်းညိုတာက မေးစေ့အထိ ရောက်တော့မယ်"
"ပါးစပ်ပိတ်ထားစမ်း"
ကျွန်တော်တို့ ဆာရှိမိ စားရင်း ဆာကေးအရက် သောက်ကြတယ်။
အစ်မ ဟျွန်းဂျူး က မျက်မှန်ကို ချွတ်လိုက်ပြီး မျက်လုံးတွေကို ပွတ်သပ်လိုက်ရင်း ပြောတယ်။
"ဒီရက်ပိုင်း နိုင်ငံရေးလောကက တော်တော်လေး လှုပ်ခတ်နေတာ နင်တို့ သိတယ်မလား"
"ဟုတ်ကဲ့"
နိုင်ငံရေးလောကဆိုတာ ဘယ်တော့မှ ငြိမ်သက်နေလေ့မရှိတာ မှန်ပေမဲ့ ဒီရက်ပိုင်းမှာတော့ အထူးသဖြင့် ပိုပြီး ဆူညံနေခဲ့တာပါ။
"နင်တို့ သိတဲ့အတိုင်းပဲ၊ OTK ကုမ္ပဏီ က အရမ်း ကြီးထွားလာခဲ့ပြီလေ။ အဲဒါကြောင့် နိုင်ငံရေး အသိုင်းအဝိုင်းကလည်း မျက်စိဒေါက်ထောက် ကြည့်နေကြပုံရတယ်"
ဆာရှိမိကို အသည်းအသန် ကောက်စားနေတဲ့ တက်ဂယူ က မေးတယ်။
"အခု အစိုးရ ပြောင်းသွားပြီဆိုတော့ အဆင်ပြေတာ မဟုတ်ဘူးလား"
အစ်မ ဟျွန်းဂျူး က အေးစက်စွာပဲ ပြန်လည် ဖြေကြားတယ်။
"အရင် ကွန်ဆာဗေးတစ် အစိုးရနဲ့ ဆက်ဆံရေး မကောင်းခဲ့ဘူးဆိုရုံနဲ့ အခု အစိုးရနဲ့ ဆက်ဆံရေး ကောင်းမွန်လိမ့်မယ်လို့ မဆိုလိုဘူး"
ဒါက အမှန်ပါပဲ။
ဝါရှင်တန်ရဲ့ နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာနဲ့ မတူဘဲ ကျွန်တော့်မှာ ကိုရီးယား နိုင်ငံရေးလောကနဲ့ ဘာပတ်သက်မှုမှ မရှိခဲ့ပါဘူး။ ဒါက ကျွန်တော်ကိုယ်တိုင်လည်း တမင်တကာ ရှောင်လွှဲခဲ့တာကြောင့်ပါ။
ကျွန်တော်က နိုင်ငံရေးသမားတွေရဲ့ တွေ့ဆုံဖို့ တောင်းဆိုမှုအားလုံးကို ငြင်းပယ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရ ပြောင်းလဲသွားပြီးနောက်မှာလည်း နိုင်ငံရေးသမားတွေက ကျွန်တော့်ကို ဆက်တိုက် လာတွေ့ဖို့ ကြိုးစားနေခဲ့ကြပြီး အဲဒီအထဲမှာ နိုင်ငံရေးသစ်ပါတီ က လွှတ်တော်အမတ်တွေနဲ့ အိမ်ပြာတော်က လူတချို့လည်း ပါဝင်နေခဲ့တာပါ။
သူတို့တွေ ကျွန်တော့်ကို ဘာလို့ ဒီလောက်တောင် လာတွေ့ချင်နေရတာလဲ။
အယ်လီ က ပြောတယ်။
"သူတို့တွေ ပြီးခဲ့တဲ့ အစိုးရ ဘာဖြစ်သွားခဲ့လဲဆိုတာ သိတာပဲ။ မလိုအပ်တဲ့ ကိစ္စရပ်တွေကိုတော့ လျှောက်လုပ်မှာ မဟုတ်ပါဘူးနော်"
အစ်မ ဟျွန်းဂျူး က ဆာကေးအရက်ကို တစ်ငုံ သောက်လိုက်ရင်း သရော်ပြုံး ပြုံးလိုက်တယ်။
"အဲဒါက နင် ကိုရီးယား နိုင်ငံရေးသမားတွေ အကြောင်းကို ကောင်းကောင်း မသိသေးလို့ပါ"
အခန်း (၂၄၀)
ကျွန်တော် တခြားကိစ္စတွေအပေါ် ခဏတာ အာရုံစိုက်နေတဲ့ အတောအတွင်းမှာပဲ အဖက်ဖက်က အခြေအနေတွေက ချောချောမွေ့မွေ့ တိုးတက်နေခဲ့တယ်။
AD1 နဲ့ AD2 ကတော့ ဆက်တိုက်ဆိုသလို ဘွတ်ကင်တင်တာတွေ ရှိနေတုန်းပဲ ဖြစ်ပြီး CarOS ကလည်း ထုတ်လုပ်မှု လိုအပ်ချက်တွေကို ပြည့်မီအောင် လုပ်ဆောင်ဖို့အတွက် စက်ရုံတွေကို အစွမ်းကုန် လည်ပတ်နေခဲ့တာyg။
Faceit ကလည်း Dancing Rabbit ကို ဝယ်ယူမှုကို အောင်မြင်စွာ ပြီးဆုံးခဲ့တာကြောင့် အပြာကားတွေကနေစလို့ လူကြီးသုံး ပစ္စည်းတွေအထိ အရာအားလုံး အကျုံးဝင်တဲ့ ကြီးမားတဲ့ ကုမ္ပဏီကြီးတစ်ခု ဖြစ်လာခဲ့ပါပြီ။
ဆိုဆောင်း SB ကလည်း သူတို့ရဲ့ ထုတ်လုပ်မှုလိုင်းအချို့ကို ပြုပြင်မွမ်းမံပြီး OTK ဘတ္ထရီတွေကို စတင်ထုတ်လုပ်နေခဲ့သလို TS ကုမ္ပဏီ ကလည်း အပိုင်းလိုက် စတင်လည်ပတ်နေခဲ့တယ်။
Battery Packတွေ ထုတ်လုပ်လာနိုင်တာနဲ့အမျှ ဥက္ကဌ လင်ဂျင်ယုံ က အရင်က ပြောခဲ့တဲ့အတိုင်း NT9 ရဲ့ အထူးဗားရှင်းကို မိတ်ဆက်ခဲ့တယ်။
စမတ်ဖုန်းတွေရဲ့ Specification တွေက အများအားဖြင့် စံနှုန်းတစ်ခုထဲ ဖြစ်သွားခဲ့ပြီမလို့ ဘတ္ထရီပမာဏ နှစ်ဆ ဖြစ်သွားတာက တကယ့်ကို ကြီးမားတဲ့ အားသာချက်တစ်ခုအနေနဲ့ အလုပ်ဖြစ်ခဲ့တာပါ။
ဒါကြောင့် သုံးစွဲသူတွေအနေနဲ့ ပမာဏ အများကြီးသုံးရတဲ့ ဂိမ်းတွေကို တစ်နေ့ကုန် ဆော့ကစားနိုင်မှာ ဖြစ်သလို အပြင်သွားတဲ့အခါမှာလည်း အားသွင်းကြိုးတွေ သယ်သွားဖို့ ဒါမှမဟုတ် ပလပ်ပေါက်တွေ လိုက်ရှာဖို့ မလိုတော့ပါဘူး။
ပထမဆုံး ထုတ်လုပ်တဲ့ NT9 အထူးဗားရှင်း အလုံးရေ ၁,၀၀၀ ကတော့ ဘွတ်ကင်တင်သူတွေ အလုံးအရင်းနဲ့ ရှိခဲ့တာကြောင့် ချက်ချင်းပဲ ပြတ်လပ်သွားခဲ့ပြီး ဆောင်း အီလက်ထရောနစ် ကလည်း ထုတ်လုပ်မှု တိုးမြှင့်ဖို့အတွက် အသည်းအသန် အလျင်စလို လုပ်ဆောင်ခဲ့ရတယ်။
ဒါတင်မကသေးဘဲ ဒရုန်း၊ စကူတာ၊ ကင်မရာနဲ့ လက်ပ်တော့ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အပါအဝင် ဘတ္ထရီ သုံးစွဲတဲ့ ကုမ္ပဏီအားလုံးက Battery Packတွေ ဝယ်ယူဖို့အတွက် စုံစမ်းမေးမြန်းလာခဲ့ကြတာ။ Nple ကတောင် ကျွန်တော်တို့ဆီ တိုက်ရိုက် ဆက်သွယ်လာခဲ့သေးတာပါ။
လောလောဆယ်မှာတော့ ထုတ်လုပ်မှုနှုန်းက နည်းနေသေးတာကြောင့် ဆောင်း အီလက်ထရောနစ် အတွက်တောင် လိုအပ်တဲ့ ပမာဏ ထုတ်လုပ်ပေးဖို့ ခက်ခဲနေတုန်းပါပဲ။ ထုတ်လုပ်မှု ပမာဏ တိုးတက်လာတာနဲ့အမျှ ဆောင်း အီလက်ထရောနစ် ရဲ့ စမတ်ဖုန်းတွေနဲ့ လက်ပ်တော့တွေအတွက် ဆက်လက် ပံ့ပိုးပေးသွားဖို့ စီစဉ်ထားပါတယ်။ ကျွန်တော် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥက္ကဌ လင်ဂျင်ယုံ နဲ့ ဆွေးနွေးခဲ့တယ်။
"ဒါနဲ့ ဥက္ကဌက မနက်ဖြန် ဗီယက်နမ်ကို အလုပ်ခရီးစဉ် သွားရမှာ မဟုတ်ဘူးလား"
ဆောင်း အီလက်ထရောနစ် က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ Display စက်ရုံတစ်ခု တိုးချဲ့တည်ဆောက်နေတာ။ အဲဒီ ပန္နက်တင် အခမ်းအနားကို ဗီယက်နမ် ဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက်မယ်လို့ မျှော်လင့်ရပြီး ဥက္ကဌ လင်ဂျင်ယုံ လည်း တက်ရောက်ဖို့ စီစဉ်ထားခဲ့တာလေ။
"ခရီးစဉ် ဖျက်သိမ်းလိုက်ရတယ်"
"ဘာလို့လဲဗျ"
"ငါ မနက်ဖြန် လွှတ်တော် ကြားနာပွဲမှာ သက်သေအဖြစ် တက်ရောက်ရမှာမလို့ပါ"
အစိုးရအသစ်တွေက အစောပိုင်း ကာလတွေမှာ ပြင်းထန်တဲ့ အရှိန်အဟုန် ရှိတတ်ကြစမြဲပါပဲ။
၁၀ နှစ်အကြာမှ အာဏာအပြောင်းအလဲကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တဲ့ နိုင်ငံရေးသစ်ပါတီ က အရင်အစိုးရလက်ထက်မှာ ဖြစ်ပွားခဲ့တဲ့ အမျိုးမျိုးသော မရိုးသားမှုတွေကို ဖော်ထုတ်ဖို့ အာရုံစိုက်ခဲ့ကြတယ်။
ဒါက ကုန်ဆုံးမသွားတဲ့ ရွှေတွင်းကြီးတစ်ခုလိုပဲလေ။ ဘယ်လောက်ပဲ တူးတူး မရိုးသားမှုတွေက ဆက်တိုက် ထွက်ပေါ်လို့နေခဲ့တာပါ။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့ အတောအတွင်းမှာ အရင်က ထွက်ပေါ်ခဲ့တဲ့ သံသယအမျိုးမျိုးက အမှန်တရား ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တာကြောင့် လွှတ်တော် ကြားနာပွဲ ပြုလုပ်ဖို့အတွက် အများပြည်သူရဲ့ ထောက်ခံမှုက အရှိန်အဟုန် ရရှိလာခဲ့တယ်။
လေဘာပါတီ လွှတ်တော်အမတ်တွေရဲ့ ကန့်ကွက်မှုတွေ ရှိနေခဲ့ပေမဲ့ လွှတ်တော်က ကြားနာပွဲကို ပြုလုပ်ခဲ့တာပေါ့။ ပတ်သက်ဆက်နွှယ်သူတွေကို သက်သေတွေအဖြစ် တစ်ယောက်ပြီးတစ်ယောက် ဆင့်ခေါ်ခဲ့ကြတယ်။
အတိုက်အခံ လွှတ်တော်အမတ်တွေကို အွန်လိုင်းကနေတစ်ဆင့် အသုံးချလှည့်ဖြားမှုနဲ့ စောင့်ကြည့်မှုတွေကို ဦးဆောင်ခဲ့တဲ့ ကာကွယ်ရေးလုံခြုံရေး စီမံကွပ်ကဲမှုအဖွဲ့ ရဲ့ တပ်မှူးကတော့ စုံစမ်းစစ်ဆေးမှုတွေ မစတင်ခင်မှာပဲ အမေရိကန်ဆီ ချက်ချင်း ထွက်ခွာသွားခဲ့ပြီး အဆက်အသွယ် ဖြတ်တောက်သွားခဲ့တယ်။ ရှေ့နေချုပ်ဟောင်းနဲ့ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ရဲ့ ညွှန်ကြားရေးမှူးဟောင်း တို့ကလည်း အကြောင်းပြချက် အမျိုးမျိုးပေးပြီး သက်သေအဖြစ် တက်ရောက်ဖို့ ငြင်းဆန်ခဲ့ကြတယ်။
မချိတင်ကဲဖြစ်ပြီး ဆွဲထုတ်ခြင်း ခံခဲ့ရတဲ့ စစ်ဦးစီးချုပ်၊ အရပ်ဘက်ဆိုင်ရာ သမ္မတ အကြီးတန်း အတွင်းရေးမှူး၊ နိုင်ငံရေးဆိုင်ရာ သမ္မတ အကြီးတန်း အတွင်းရေးမှူးနဲ့ ဝန်ကြီးဌာန အသီးသီးက ဝန်ကြီးတွေကတော့ သူတို့ ဘာမှမသိပါဘူးလို့ပဲ ထပ်ခါတလဲလဲ ပြောနေခဲ့ကြတာပေါ့။
ဒီဖြစ်စဉ်အတွင်းမှာ အကျိုးဆက်တွေက ကုမ္ပဏီကြီးတွေဆီအထိပါ ကူးစက်သွားခဲ့တယ်။
အရင် စစ်အာဏာရှင် စနစ်တွေတုန်းကလိုမျိုး ဗြောင်ကျကျ လာဘ်ပေးတာမျိုးတွေ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပေမဲ့ နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ ကုမ္ပဏီကြီးတွေကြားက ပူးပေါင်းကြံစည်တဲ့ ဆက်ဆံရေးကတော့ ဆက်ရှိနေတုန်းပါပဲ။
နိုင်ငံရေးသမားတွေပြီးတော့ ဒီတစ်ကြိမ်မှာတော့ လွှတ်တော်ဆီ တစ်ယောက်ပြီးတစ်ယောက် ဆင့်ခေါ်ခြင်း ခံခဲ့ရတာက စီးပွားရေး ခေါင်းဆောင်တွေပါ။
တောင်ကိုရီးယားကို ကိုယ်စားပြုတဲ့ ချေဘော တွေက သက်သေခုံမှာ ဘေးချင်းယှဉ်ပြီး ထိုင်နေခဲ့ကြရပြီး လွှတ်တော်အမတ်တွေက အမျိုးမျိုးသော အထောက်အထားတွေကို တင်ပြရင်း ဒေါသတကြီး စွပ်စွဲပြစ်တင်ခဲ့ကြတယ်။
စုံစမ်းစစ်ဆေးခံရရင် အပြစ်အနာအဆာ မရှိတဲ့ စီးပွားရေး ခေါင်းဆောင်တစ်ယောက်ကို ရှာဖို့ ခက်ခဲလိမ့်မယ် ဆိုပေမဲ့ ကြားနာပွဲကို တက်ရောက်လာခဲ့ကြတဲ့ လူတွေကတော့ အသေအချာ စုံစမ်းစစ်ဆေးခံရရင် ကြီးမားတဲ့ မရိုးသားမှုတွေ ရှိနေတဲ့လူတွေ ဖြစ်နေခဲ့တာပါ။
သူတို့က အရင်အစိုးရရဲ့ မူဝါဒတွေကို တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ကြတာ ဖြစ်ပြီး အမြင်တစ်ခုကနေ ကြည့်မယ်ဆိုရင် လာဘ်ပေးတာလို့ ရှုမြင်နိုင်တဲ့ အခြေအနေတွေ အများကြီး ရှိနေခဲ့တာလေ။
တကယ်တော့ စီးပွားရေး ခေါင်းဆောင်တွေရဲ့ အမြင်မှာတော့ မတရားဘူးလို့ ခံစားရတဲ့ အချက်တွေလည်း ရှိပါတယ်။ မကြာသေးခင် ကာလတွေမှာ နိုင်ငံရေးနဲ့ စီးပွားရေး ပူးပေါင်းကြံစည်မှုတွေက ကုမ္ပဏီတွေဘက်က မဟုတ်ဘဲ အာဏာရှိတဲ့လူတွေဘက်က စတင်လေ့ရှိတာပါ။ တကယ်လို့ သူတို့က ငြင်းပယ်မယ်ဆိုရင် နစ်နာမှုတွေ ကြုံတွေ့ရမှာ ဖြစ်လို့ မတတ်သာဘဲ လိုက်လျောခဲ့ကြရတာလေ။ ပိုက်ဆံပေးဖို့ ဖိအားပေးခံရတဲ့ အတောအတွင်းမှာ အပြန်အလှန်အနေနဲ့ တစ်ခုခုကို ရယူဖို့ ကြိုးစားခဲ့မယ်ဆိုရင် အဲဒါက မျက်နှာသာပေးမှု ဒါမှမဟုတ် တောင်းဆိုမှု ဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် သူတို့ဘက်ကလည်း လုံးဝ အပြစ်ကင်းစင်နေတာမျိုး မဟုတ်တာကြောင့် ဥက္ကဌတွေက အသက်အရွယ်မရွေး ရိုရိုသေသေပဲ ခေါင်းငုံ့ထားခဲ့ကြပြီး ရှင်းလင်းချက်တွေပေးဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြရတာပေါ့။
ဆိုဆောင်း အုပ်စု ကလည်း ချွင်းချက် မဟုတ်ခဲ့ပါဘူး။ ဆိုဆောင်းအုပ်စုရဲ့ ကြီးမားတဲ့ အတိုင်းအတာကြောင့် အစိုးရနဲ့ ဆက်ဆံမှု အများဆုံး ရှိခဲ့တာပါ။ ဆောင်း SB ရဲ့ စီမံခန့်ခွဲမှု ထိန်းချုပ်ခွင့် ကိစ္စနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ မဖြစ်ခင်အထိ သမ္မတဟောင်း ပတ်ဆီဟျွန်း နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းထားခဲ့တာလေ။
ကံကောင်းစွာနဲ့ပဲ လွတ်မြောက်နိုင်မယ့် လမ်းစတော့ ရှိခဲ့ပါတယ်။
လွှတ်တော်အမတ်တွေရဲ့ တရစပ် မေးခွန်းတွေကို ဥက္ကဌ လင်ဂျင်ယုံက တူညီတဲ့ အဖြေကိုပဲ ထပ်ခါတလဲလဲ ဖြေကြားခဲ့တယ်။
"ကျွန်တော့်ရဲ့ ကွယ်လွန်သူ ဖခင် ဥက္ကဌအဖြစ် တာဝန်ယူခဲ့စဉ်တုန်းက ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်တွေကို ကျွန်တော် သေသေချာချာ မသိပါဘူး။ ဒါပေမဲ့ နောက်နောင်မှာ ဒီလိုအရာမျိုးတွေ ထပ်မဖြစ်စေရပါဘူးလို့ ကျွန်တော် အာမခံပါတယ်"
အမှုဆောင် အရာရှိတွေကလည်း တာဝန်အားလုံးကို ကွယ်လွန်သူ ဥက္ကဌ လင်အီကွမ် ဆီပဲ ပုံချလိုက်ကြတာပေါ့။ သဘာဝကျစွာပဲ ကွယ်လွန်သွားခဲ့တဲ့လူကို တာဝန်ယူခိုင်းဖို့က မဖြစ်နိုင်ဘူးလေ။
တခြား ဥက္ကဌတွေကလည်း လွတ်မြောက်နိုင်မယ့် ကိုယ်ပိုင်လမ်းစတွေကို အသည်းအသန် ရှာဖွေခဲ့ကြရတယ်။
အတုယူစရာ အကောင်းဆုံး အဖြေတွေထဲက တစ်ခုကတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်အကိုင်တွေကို တိုးမြှင့်ပေးပါ့မယ်ဆိုတဲ့ ကတိပဲ ဖြစ်ပါတယ်။ အာဏာရပါတီကရော အတိုက်အခံပါတီကပါ လွှတ်တော်အမတ်တွေက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကုမ္ပဏီကြီးတွေက ဦးဆောင်ပေးပါ့မယ်ဆိုတဲ့ ကတိအပေါ် ကျေနပ်မှု ရှိခဲ့ကြတယ်။
စီးပွားရေး ခေါင်းဆောင်တွေကို မေးမြန်းမှုတွေက ပြီးဆုံးလုနီးပါး ဖြစ်လာတဲ့အချိန်မှာပဲ လေဘာပါတီ ဘက်ကနေ အသံတစ်ခု ထွက်ပေါ်လာခဲ့တယ်။
အဲဒါကတော့ ကန်ဂျင်ဟူ ကို ကြားနာပွဲဆီ ဆင့်ခေါ်ဖို့ အဆိုပြုချက်ပဲ ဖြစ်ပါတယ်။
လေဘာပါတီ၊ အထူးသဖြင့် ပတ် ဘက်တော်သား ခေါင်းဆောင်တွေက ကန်ဂျင်ဟူ ရဲ့ အကြောင်းကို တွေးမိတိုင်း အံကြိတ်နေခဲ့ကြတာပါ။
ပြန်တွေးကြည့်မယ်ဆိုရင် လေဘာပါတီ ရဲ့ ထောက်ခံမှုနှုန်း ထိုးကျသွားတာ၊ သမ္မတဟောင်း ပတ်ဆီဟျွန်း ဖမ်းဆီးခံရတာနဲ့ အစိုးရ ပြောင်းလဲသွားတာ… ဒါတွေအားလုံးက ကန်ဂျင်ဟူ ကြောင့်လေ။
ဒါကြောင့် လေဘာပါတီ က ကန်ဂျင်ဟူ ကို လွှတ်တော်ဆီ သက်သေအဖြစ် တစ်နည်းနည်းနဲ့ ဆင့်ခေါ်ပြီး အရှက်ခွဲဖို့ စီစဉ်နေခဲ့ကြတာ ဖြစ်ပါတယ်။
လေဘာပါတီ က ကန်ဂျင်ဟူ ကို မုန်းတီးသလိုပဲ၊ ကွန်ဆာဗေးတစ် အများစုကလည်း သူ့ကို လက်ဝဲသမား ဒါမှမဟုတ် မြောက်ကိုရီးယားလိုလားသူ တစ်ယောက်အနေနဲ့ပဲ ရှုမြင်ခဲ့ကြတာပါ။
ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့ ပရိုဂရက်ဆစ် ဘက်က လူတွေကလည်း ကန်ဂျင်ဟူ ကို သိပ်ပြီး သဘောမကျခဲ့ကြတာပါ။
တောင်ကိုရီးယား စီးပွားရေးက ရိုးရာအရ ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ အားကောင်းပေမဲ့ ဘဏ္ဍာရေး ကဏ္ဍမှာတော့ အားနည်းပါတယ်။ ဒါကြောင့်ပဲ ဖြစ်မလားမသိဘူး။ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေက တင်းကြပ်လေ့ရှိပြီး အမြတ်ထုတ်တဲ့ ရင်းနှီးငွေတွေအပေါ် အမြင်ကတော့ အဆိုးမြင်တာ များပါတယ်။
ဒါပေမဲ့ ကန်ဂျင်ဟူ ကတော့ ဘဏ္ဍာရေးဆိုင်ရာ အမြတ်ထုတ်တဲ့ ရင်းနှီးငွေတွေရဲ့ အထင်ရှားဆုံး ဥပမာတစ်ခု ဖြစ်နေခဲ့တာပါ။
L6 အကြပ်အတည်းတုန်းက သူက Derivative ထုတ်ကုန်တွေအပေါ် လောင်းကြေးထပ်ပြီး အင်မတန်များပြားတဲ့ ပိုက်ဆံတွေကို ရှာဖွေနိုင်ခဲ့သလို Brexit အကြပ်အတည်းတုန်းကလည်း နိုင်ငံခြားငွေလဲလှယ်နှုန်း စျေးကွက်မှာ အစွန်းရောက်တဲ့ အနေအထားတွေကို ရယူခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ သူက ရတ်စ်ဘဲ မှာ ဝမ် သန်းထောင်ပေါင်းများစွာကို ရင်းနှီးမြှုပ်နှံခဲ့တာကြောင့် ရီပတ်ဘလီကန် အမတ်လောင်း ဖြစ်တဲ့ ရိုနယ်ကို သမ္မတ ဖြစ်စေခဲ့သလို မဟာငလျင်ကြီးကို တားဆီးဖို့အတွက် သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို လောင်းကြေးထပ်ပြီး စွန့်စားမှုတစ်ခုကိုပါ လုပ်ဆောင်ခဲ့သေးတာပါ။
အဓိက ပြဿနာအရှိဆုံး အချက်ကတော့ OTK ကုမ္ပဏီ ရဲ့ ကော်ပိုရေးရှင်း မှတ်ပုံတင်ထားတဲ့ နေရာ ဖြစ်ပါတယ်။
စီအီးအို က ကိုရီးယားလူမျိုး ဖြစ်ပြီး OTKရဲ့ ဌာနချုပ် အဆောက်အဦးကလည်း ကိုရီးယားမှာ ရှိနေတာကြောင့် လူအများစုက ဒါကို ကိုရီးယား ကုမ္ပဏီတစ်ခုအနေနဲ့ သတ်မှတ်ထားကြပေမဲ့ ဒါက အပေါ်ယံ ပုံစံမျိုးသာ ဖြစ်ပါတယ်။ တကယ့် မှတ်ပုံတင်ရာနေရာကတော့ အခွန်ကင်းလွတ်ခွင့် ပေးထားတဲ့ ဒဲလားကျွန်း မှာ ရှိနေတာပါ။
OTKက တောင်ကိုရီးယားမှာ K ကုမ္ပဏီ လို့ခေါ်တဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုကို တည်ထောင်ထားပြီး ကိုရီးယား Startup တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နေပေမဲ့ ဒါက OTKရဲ့ လုပ်ငန်းတွေထဲက အလွန်သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု အများစုကိုတော့ အမေရိကန်မှာ လုပ်ဆောင်တာပါ။
ဒါတင်မကသေးဘဲ OTKရဲ့ ဘဏ္ဍာရေးဆိုင်ရာ အရောင်းအဝယ်တွေကို ပြည်တွင်းဘဏ်တွေ ဒါမှမဟုတ် ငွေကြေးကုမ္ပဏီတွေကတစ်ဆင့် မဟုတ်ဘဲ အမေရိကန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုဘဏ် ဖြစ်တဲ့ Golden Gateကတစ်ဆင့်သာ သီးသန့် လုပ်ဆောင်တာ ဖြစ်ပါတယ်။
ဒါကို ကြည့်မယ်ဆိုရင် သူက အမေရိကန်လိုလားတဲ့ အလားအလာတွေ အလွန်အကျွံ ရှိနေတယ်လို့ ပြောရင်လည်း မှားမှာ မဟုတ်ပါဘူး။
အရပ်ဘက် အဖွဲ့အစည်းအချို့နဲ့ ပရိုဂရက်ဆစ် နိုင်ငံရေးသမားအချို့ကတောင် "ကန်ဂျင်ဟူ က ကိုရီးယားအတွက် ဘာလုပ်ပေးခဲ့လို့လဲ" လို့ မေးခွန်းထုတ်ရင်း သူတို့ရဲ့ မကျေနပ်မှုတွေကို ထုတ်ဖော်ခဲ့ကြသေးတယ်။
အတိုချုပ်ပြောရရင် ကန်ဂျင်ဟူ က ပတ်ဆီဟျွန်း ကို ဆန့်ကျင် တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အချက်ကလွဲရင် ပရိုဂရက်ဆစ် ဘက်နဲ့တော့ အလှမ်းဝေးနေခဲ့တာပါ။
ကန်ဂျင်ဟူ က ကိုရီးယား သမိုင်းမှာ အချမ်းသာဆုံး ပိုင်ဆိုင်မှုကို ပိုင်ဆိုင်ထားတဲ့လူ ဖြစ်ပါတယ်။ ကုမ္ပဏီတွေအနေနဲ့ ကြည့်မယ်ဆိုရင် ဆောင်း အီလက်ထရောနစ် က ပိုပြီး ကြီးမားနေသေးတာ မှန်ပေမဲ့ OTK ကုမ္ပဏီ က နှစ်အနည်းငယ်အတွင်းမှာ ကျော်တက်သွားလိမ့်မယ်လို့ အများစုက သဘောတူထားကြတာပါ။
ဆောင်း အီလက်ထရောနစ် ရဲ့ စျေးကွက်ပေါက်စျေး မြင့်တက်လာတာကလည်း တစ်စိတ်တစ်ပိုင်းအားဖြင့် OTK ကုမ္ပဏီ နဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့်ပါ။
ဒါပေမဲ့ အဲဒီနှစ်ခုကြားက အကြီးမားဆုံး ကွဲပြားချက်ကတော့ သူတို့ရဲ့ ပိုင်ဆိုင်မှု ဖွဲ့စည်းပုံ ဖြစ်ပါတယ်။
ဥက္ကဌ လင်ဂျင်ယုံ မိသားစုရဲ့ စုစုပေါင်း ရှယ်ယာပိုင်ဆိုင်မှုက ဆိုဆောင်း အုပ်စု ရဲ့ စုစုပေါင်း ရှယ်ယာတွေရဲ့ ၅ ရာခိုင်နှုန်းအောက်သာ ရှိတာ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာတော့ ကန်ဂျင်ဟူ တစ်ယောက်ထဲကတင် OTK ကုမ္ပဏီ ရှယ်ယာတွေရဲ့ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာပါ။
ဒါတွေကြောင့်ပဲ သူက တခြားနိုင်ငံက လူတွေကိုပါ ကျော်တက်ပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
ကြီးမားတဲ့ ပိုင်ဆိုင်မှုတွေက ကွယ်လွန်သွားခဲ့ရင် အသုံးမဝင်တော့ပါဘူး။ သဘာဝကျစွာပဲ သားသမီးတွေက အမွေဆက်ခံကြမှာ ဖြစ်ပေမဲ့ အမွေခွန်တွေ ပေးဆောင်ရမှာ ဖြစ်သလို သားသမီး အရေအတွက်အလိုက် ပိုင်ဆိုင်မှုတွေကလည်း ကွဲပြားသွားမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကန်ဂျင်ဟူ ကတော့ အသက် ၂၀ ကျော်အရွယ်သာ ရှိသေးတာလေ။
သူက အနည်းဆုံးတော့ နောက်ထပ် အနှစ် ၅၀ လောက်အထိ ဆက်လက် ရှင်သန်နေဦးမှာ ဖြစ်ပြီး အဲဒီအချိန်ကျရင် သူ့ရဲ့ ပိုင်ဆိုင်မှုတွေက ဘယ်လောက်အထိ တိုးပွားလာဦးမလဲဆိုတာ စိတ်ကူးကြည့်ဖို့တောင် မဖြစ်နိုင်ပါဘူး။
သူက နောင်ပွင့်လင်းလာမယ့် ကာလတွေမှာလည်း ကိုရီးယား စီးပွားရေးကို ဆက်လက် ထိန်းချုပ်ထားဦးမှာများလား။
အနည်းဆုံးတော့ ဆိုဆောင်း အုပ်စု ကတော့ သူတို့ရဲ့ မိခင်ကုမ္ပဏီက ကိုရီးယား လုပ်ငန်းတစ်ခု ဖြစ်သလို ကိုရီးယား စျေးကွက်မှာလည်း စာရင်းသွင်းထားတာ ဖြစ်ပါတယ်။ ပြီးတော့ အမျိုးသား လူမှုဖူလုံရေး ရန်ပုံငွေအဖွဲ့ (အမျိုးသားပင်စင်အဖွဲ့)က သူတို့ရဲ့ အကြီးဆုံး ရှယ်ယာရှင် ဖြစ်တာကြောင့် ဆိုဆောင်းအုပ်စုကို စည်းမျဉ်းသတ်မှတ်ဖို့ ဒါမှမဟုတ် ထိန်းချုပ်ဖို့ နည်းလမ်းတွေ အများကြီး ရှိနေခဲ့တာပါ။ ဒါပေမဲ့ OTK ကုမ္ပဏီ ကတော့ အဲဒီလို မဟုတ်ပါဘူး။
ဒီအကြောင်းပြချက်တွေကြောင့် ကန်ဂျင်ဟူ ရဲ့ တည်ရှိမှုက ပရိုဂရက်ဆစ် အသိုင်းအဝိုင်းအတွက်တော့ ကိုင်တွယ်ရခက်တဲ့ ကိစ္စရပ်တစ်ခု ဖြစ်နေခဲ့တာလေ။
နိုင်ငံရေးသစ်ပါတီ က သူတို့ရဲ့ အဆင့်မြင့် ကောင်စီရဲ့ တံခါးပိတ် အစည်းအဝေးတစ်ခုကို ပြုလုပ်ခဲ့တယ်။
လွှတ်တော် အမတ်စုခေါင်းဆောင် ဂျန်ဟျွန်ဂျွန်နဲ့ တခြားသော ပါတီက ဝါရင့်အဖွဲ့ဝင်တွေ စုဝေးခဲ့ကြတာပေါ့။ အခုလက်ရှိ အစိုးရ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ပြဿနာကတော့ ရုန်းကန်နေရတဲ့ စီးပွားရေး အခြေအနေ ဖြစ်ပါတယ်။
ကိုရီးယား စီးပွားရေးက ပို့ကုန်ကို အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်မှုကနေတစ်ဆင့် ကြီးထွားလာခဲ့တာပါ။
အရင်တုန်းက ပို့ကုန်ကို မောင်းနှင်ခဲ့တဲ့ ကိုယ်စားပြု လုပ်ငန်းတွေကတော့ Semiconductor၊ မော်တော်ကား၊ သင်္ဘောကျင်း၊ သံမဏိနဲ့ ရေနံချက်လုပ်ရေး လုပ်ငန်းတွေပါ။ ဒါပေမဲ့ Semiconductorကလွဲလို့ ကျန်တဲ့ ပစ္စည်းအများစုကတော့ အခုလက်ရှိမှာ ကျဆင်းနေတဲ့ အခြေအနေ ဖြစ်နေခဲ့တယ်။ အလှကုန်နဲ့ ဆေးဝါးလုပ်ငန်း လိုမျိုး လုပ်ငန်းတွေက အစားထိုး ဝင်ရောက်လာခဲ့ပေမဲ့ အဲ့ဒီလုပ်ငန်းတွေရဲ့ ပါဝင်မှု အချိုးအစားကတော့ သိပ်ပြီး မများပြားခဲ့ပါဘူး။
တကယ်လို့ Semiconductorရဲ့ အလွန်အကျွံ အရှိန်အဟုန် တိုးတက်မှုသာ မရှိခဲ့ရင် ပို့ကုန်က လွန်ခဲ့တဲ့ အချိန်ကတည်းက ထိုးကျသွားခဲ့မှာ သေချာပါတယ်။
သက်သေအနေနဲ့ Semiconductorကို အဓိက အာရုံစိုက်တဲ့ ဆောင်း အီလက်ထရောနစ် နဲ့ SSK Nics တို့ရဲ့ ရှယ်ယာစျေးနှုန်းတွေက ဆက်တိုက် မြင့်တက်နေခဲ့ပေမဲ့ မော်တော်ကား၊ သင်္ဘောကျင်းနဲ့ သံမဏိ ကုမ္ပဏီတွေရဲ့ ရှယ်ယာစျေးနှုန်းတွေကတော့ တဖြည်းဖြည်း ကျဆင်းနေခဲ့တာပါ။
ပြဿနာကတော့ Semiconductorရဲ့ အလုပ်အကိုင် ဖန်တီးပေးနိုင်မှု အကျိုးသက်ရောက်မှုက သိပ်ပြီး မများပြားတာပဲ ဖြစ်ပါတယ်။ ပို့ကုန်နဲ့ အခွန်ရရှိမှု တိုးတက်လာတာနဲ့ မသက်ဆိုင်ဘဲ အရည်အသွေးရှိတဲ့ အလုပ်အကိုင် အရေအတွက်ကတော့ လျော့နည်းနေခဲ့တာပါ။
အခြေအနေက သင်္ဘောကျင်း လုပ်ငန်းမှာ အဆိုးရွားဆုံး ဖြစ်နေခဲ့တာလေ။
သင်္ဘောကျင်း ဝန်ထမ်းအများအပြား စုစည်းနေတဲ့ အာဆန် နဲ့ ဂျောဂျီ တို့က တစ်ချိန်တုန်းက တောင်ကိုရီးယားမှာ ပျမ်းမျှဝင်ငွေ အမြင့်ဆုံး ဒေသတွေ ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ သင်္ဘောကျင်း လုပ်ငန်း ကျဆင်းမှုက ရေရှည်ဖြစ်လာတာနဲ့အမျှ အခြေအနေတွေက ပြောင်းလဲသွားခဲ့တယ်။
ညဘက်ဆိုရင် သက်ဝင်လှုပ်ရှားနေတတ်တဲ့ မြို့တွေက အလုပ်ပြုတ်သွားတဲ့ ဝန်ထမ်းတွေ ထွက်ခွာသွားကြတာကြောင့် သရဲခြောက်တဲ့ မြို့တွေလိုမျိုး ဖြစ်သွားခဲ့ရတာပါ။ ဆိုင်တွေ ပိတ်သိမ်းခဲ့ကြရသလို အိမ်ခြံမြေ စျေးနှုန်းတွေလည်း ထိုးကျသွားခဲ့တယ်။
သင်္ဘောကျင်းလောက် မဆိုးရွားပေမဲ့ မော်တော်ကား လုပ်ငန်းကလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ပြည်ပ စက်ရုံအရေအတွက် တိုးပွားလာတာနဲ့ မတူဘဲ ကိုရီးယားမှာတော့ နှစ်ပေါင်း ၂၀ ကျော်အတွင်း စက်ရုံအသစ် တစ်ခုမှ အခြေမစိုက်နိုင်ခဲ့ပါဘူး။ ဒါတင်မကသေးဘဲ မကြာသေးခင်က GM Dae-Hoo က သူတို့ရဲ့ စက်ရုံတစ်ခုကို ပိတ်သိမ်းခဲ့တာကြောင့် သောင်းနဲ့ချီတဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးခဲ့ရသေးတယ်။
ကိုရီးယား စီးပွားရေးကို မောင်းနှင်ခဲ့တဲ့ ရိုးရာ လုပ်ငန်းတွေက ကျဆင်းနေခဲ့ပြီး လုပ်ပိုင်ခွင့်တွေနဲ့ အမျိုးမျိုးသော စည်းမျဉ်းစည်းကမ်းတွေကြောင့် လုပ်ငန်းအသစ်တွေကလည်း ကြီးထွားမလာနိုင်ခဲ့ပါဘူး။
အလုပ်အကိုင်တွေ လျော့နည်းလာတာနဲ့အမျှ လူတွေက အသက်မွေးဝမ်းကျောင်းပြုဖို့အတွက် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတွေ စတင်ဖို့ တွန်းအားပေးခံရတယ်။
ကိုယ်ပိုင်လုပ်ငန်း ကဏ္ဍမှာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာခဲ့တာကြောင့် ဝင်ငွေ လျော့နည်းလာပြီး အကြွေးတွေ တိုးပွားလာခဲ့ရသလို အိမ်ငှားခစျေးနှုန်းတွေကလည်း ဆက်တိုက် မြင့်တက်နေခဲ့တာက သံသရာလည်လို့ နေခဲ့တာပါ။
ဒါက ပြီးခဲ့တဲ့ လအနည်းငယ်ကမှ ရာထူးတက်လာခဲ့တဲ့ အခုလက်ရှိ အစိုးရရဲ့ အပြစ်မဟုတ်ပေမဲ့ လက်တွေ့မှာတော့ သူတို့အနေနဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေတွေကို တစ်နည်းနည်းနဲ့ တိုးမြှင့်ပေးဖို့ လိုအပ်နေခဲ့တာ ဖြစ်ပါတယ်။
လွှတ်တော်အမတ် ဟုန်ဟျွန်ဝူး က အရင်ဆုံး စကားပြောလာခဲ့တယ်။ သူက စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ခဲ့တာကြောင့် အကြိမ်ကြိမ် ထောင်ကျဖူးတဲ့ တက်ကြွလှုပ်ရှားသူဟောင်း တစ်ယောက် ဖြစ်ပြီး ချေဘော ပြုပြင်ပြောင်းလဲရေး အပိုင်းမှာ ရှေ့တန်းကနေ ပါဝင်နေခဲ့တဲ့လူပါ။
"ကျွန်တော်တို့အနေနဲ့ ကုမ္ပဏီတွေက အခွန်ရှောင်ဖို့အတွက် အခွန်ကင်းလွတ်ခွင့် ပေးထားတဲ့ နေရာတွေမှာ မှတ်ပုံတင်ထားတာကို ဒီအတိုင်း ကြည့်နေလို့ မဖြစ်ပါဘူး။ ကျွန်တော်တို့ ကန်ဂျင်ဟူ ကို ကြားနာပွဲဆီ ဆင့်ခေါ်ပြီး တာဝန်ယူခိုင်းရပါမယ်"
လွှတ်တော် အမတ်စုခေါင်းဆောင် ဂျန်ဟျွန်ဂျွန် က မေးတယ်။
" ကန်ဂျင်ဟူ က လိုက်နာလိမ့်မယ်လို့ ထင်လား"
လွှတ်တော်အမတ် ဟုန်ဟျွန်ဝူး က ပြတ်ပြတ်သားသားပဲ ပြောတယ်။
"သူလည်း အစိုးရအသစ်နဲ့ အဆင်မပြေတဲ့ ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းထားချင်မှာ မဟုတ်ပါဘူး။ တကယ်လို့ သူက သူတို့ရဲ့ ကော်ပိုရေးရှင်းကို ကိုရီးယားဆီ ချက်ချင်း မပြောင်းရွှေ့နိုင်ရင်တောင် အနည်းဆုံးတော့ ကိုရီးယားမှာ ရင်းနှီးမြှုပ်နှံတာမျိုးနဲ့ အလုပ်အကိုင် တိုးမြှင့်ပေးတာမျိုးလိုမျိုး လုပ်ဆောင်ချက်တွေကို ပြသရမှာပါ"
"အင်း…"
"CarOS ကလည်း ရောင်းအားတွေ မြင့်တက်လာတာကြောင့် စက်ရုံတွေကို ဆက်တိုက် တိုးချဲ့ဖို့ လိုအပ်နေတဲ့ အခြေအနေမှာ ရှိနေတာလေ။ တကယ်လို့ သူက နောင်ပွင့်လင်းလာမယ့် ကာလတွေမှာ ကိုရီးယား စျေးကွက်ထဲ ဝင်ရောက်ဖို့ စဉ်းစားမယ်ဆိုရင် ကိုရီးယားမှာ စက်ရုံဆောက်ဖို့ လုံလောက်တဲ့ အကြောင်းပြချက် ရှိနေတာပဲ။ လွှတ်တော်အမတ်တွေ သိတဲ့အတိုင်းပဲ၊ မော်တော်ကား စက်ရုံ တစ်ခုထဲကတင် ပြည်တွင်းမှာ သောင်းနဲ့ချီတဲ့ အလုပ်အကိုင်တွေကို ဖန်တီးပေးနိုင်တာ မဟုတ်ဘူးလား"
ကျေးလက်ဒေသတွေမှာ မဲဆန္ဒနယ် ရှိကြတဲ့ လွှတ်တော်အမတ်တွေရဲ့ မျက်လုံးတွေက အရောင်တောက်သွားခဲ့ကြတာပေါ့။
မြို့တော်ဒေသနဲ့ မတူဘဲ ကျေးလက်ဘက်မှာတော့ တိုးတက်မှုမရှိဘဲ ငြိမ်သက်နေတဲ့ မြို့တွေ အများကြီး ရှိနေခဲ့တာပါ။ မော်တော်ကား စက်ရုံတစ်ခုကို ဆွဲဆောင်နိုင်မယ်ဆိုရင် ဒေသတွင်း စီးပွားရေးက ချက်ချင်း သက်ဝင်လှုပ်ရှားလာမှာ သေချာပါတယ်။
ကုန်ချော ထုတ်လုပ်တဲ့ စက်ရုံကြီးကို မဆွဲဆောင်နိုင်ရင်တောင် ပူးပေါင်းဆောင်ရွက်မယ့် ကုမ္ပဏီ အနည်းငယ်ကို ဆွဲဆောင်နိုင်မယ်ဆိုရင်တင် သူတို့ မဲဆန္ဒနယ်က ပြည်သူတွေက ဝမ်းမြောက်ဝမ်းသာ လက်ခံကြမှာပါ။
လွှတ်တော်အမတ်တချို့ကတော့ သူတို့ရဲ့ မဲဆန္ဒနယ်တွေမှာ ရင်းနှီးမြှုပ်နှံပေးဖို့ တောင်းဆိုဖို့အတွက် OTK ကုမ္ပဏီ ဆီ သွားရောက်ခဲ့ကြဖူးပေမဲ့ သူတို့ရဲ့ တွေ့ဆုံဖို့ တောင်းဆိုမှုအားလုံး ငြင်းပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကြားနာပွဲက အခွင့်အရေးကောင်း တစ်ခုပဲလေ။
လွှတ်တော်အမတ် ပတ်ချန်းဆူး ကတော့ စိုးရိမ်ပူပန်တဲ့ မျက်နှာအမူအရာနဲ့ ပြောတယ်။
"အမေရိကန်က ဒီအတိုင်း ကြည့်နေပါ့မလား"
ဒီစကားအပေါ် လွှတ်တော်အမတ် ဟုန်ဟျွန်ဝူး က ယုံကြည်ချက်ရှိရှိနဲ့ပဲ ပြန်ပြောတယ်။
"တောင်ကိုရီးယားက အမေရိကန်ရဲ့ လက်အောက်ခံ နိုင်ငံ မဟုတ်ဘူး။ တကယ်လို့ သူတို့က ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခုခု ပြောလာမယ်ဆိုရင် အဲဒါက ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ ဖြစ်သွားလိမ့်မယ်"
ပြန်တွေးကြည့်ရင် သူတို့တွေ သူ့ကို သက်သေအဖြစ် ဆင့်ခေါ်မလား၊ မခေါ်ဘူးလား ဆိုတာကို ဆုံးဖြတ်ဖို့အတွက် အဆင့်မြင့် ကောင်စီရဲ့ အစည်းအဝေးတစ်ခုအထိ ပြုလုပ်နေရတာကတင် ကန်ဂျင်ဟူ ရဲ့ တည်ရှိမှုက ဘယ်လောက်အထိ ကြီးမားနေလဲဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။
ဒါက ကန်ဂျင်ဟူ ကို ထိန်းချုပ်ဖို့အတွက် နောက်ဆုံး အခွင့်အရေး ဖြစ်နေမလားပဲ။
လွှတ်တော် အမတ်စုခေါင်းဆောင် ဂျန်ဟျွန်ဂျွန် က စားပွဲကို လက်ချောင်းနဲ့ တောက်လိုက်ရင်း ပြောတယ်။
'အသေအချာ စုံစမ်းကြည့်မယ်ဆိုရင်တော့ ပြဿနာဖြစ်လာနိုင်တဲ့ အရာတွေ ရှိနေမှာ သေချာပါတယ်…'
ကျွန်တော် လွှတ်တော် ကြားနာပွဲကို တက်ရောက်ဖို့အတွက် ဆင့်ခေါ်စာကို ရရှိခဲ့တယ်။
ဒါကို ရရှိပြီးပြီဆိုရင်တော့ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ မတက်ရောက်ဘူးဆိုရင် အပြစ်ပေးခြင်း ခံရမှာပါ။
တက်ဂယူ က မေးတယ်။
"ငါ့အစ်မ ပြောတာ တကယ် မှန်တာပဲ။ မင်း ဘာလုပ်ဖို့ စဉ်းစားထားလဲ"
ကျွန်တော်က သက်ပြင်းတစ်ချက် ချလိုက်ရင်း ပြန်ဖြေတယ်။
"သူတို့ ခေါ်ရင်တော့ သွားရမှာပေါ့။ ငါ့မှာ ဘာရွေးချယ်စရာ ရှိလို့လဲ"
ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်က လူမှုရေးဆိုင်ရာ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်တဲ့ စီးပွားရေးသမား တစ်ယောက်ပဲလေ။ ဘာကြောက်စရာရှိလို့လဲ။