အခန်း ၅၆၂
Vol. 41 Ch. 562
အခန်း ( ၅၆၂ ) - မစောင့်ဆိုင်းနိုင်ခြင်း၊ ချေဖျက်ခြင်းနှင့် လျှို့ဝှက်ဆက်သွယ်မှု
" ဟွန့်... ချူးဧကရာဇ်... မင်းတစ်ယောက်တည်း အကူအညီ ခေါ်နိုင်တာ မဟုတ်ဘူး... ငါအရှင်လည်း လုပ်နိုင်တာပဲ မဟုတ်ဘူးလား… မင်းက အဲဒီ ရှာနာနတ်ဆိုးဧကရာဇ်နဲ့ လုံးဝကို မပူးပေါင်းသင့်ခဲ့ဘူး… မကြာသေးခင်က အဲဒီ ရှာနာနတ်ဆိုးဧကရာဇ်က နတ်ဆိုးဧကရာဇ်ကြီးကို တစ်ကြိမ် လှည့်စားခဲ့တယ်လို့ ငါအရှင် ကြားထားတယ်... နတ်ဆိုးဧကရာဇ်ကြီးက သူရဲ့မျက်နှာကို ပြန်ဆယ်ဖို့အတွက် အင်အားတွေ စုဆောင်းနေလောက်ပြီ မဟုတ်လား… ဒီလိုဆိုမှတော့ ငါအရှင်ကလည်း အခြေအနေပေးတုန်း နတ်ဆိုးဧကရာဇ်ကြီးရဲ့ စွမ်းအားကို အသုံးချပြီး မင်းတို့ကို သေချာလေး အကွက်ဆင်ရမှာပေါ့! "
ချီဖျန့်နတ်ဆိုးဧကရာဇ်၏ မျက်လုံးများတွင် အန္တရာယ်ရှိသော အေးစက်သည့် အလင်းတန်းများ တလက်လက် တောက်ပနေပြီး ချူးဧကရာဇ်ကို မည်သို့ ကောင်းစွာ လက်စားချေရမည်ကို သူ စတင် စဉ်းစားနေခဲ့ပြီ ဖြစ်သည်။ ချီဖျန့်နတ်ဆိုးဧကရာဇ်၏ ရင်ထဲတွင် ချူးဧကရာဇ်အပေါ် ထားရှိသော အမုန်းတရားက အနက်ရှိုင်းဆုံး ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ကုချန်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့သည် သူ့ကို တိုက်ခိုက်ခဲ့ကြသော်လည်း ထိုမျှ နက်ရှိုင်းသော အမုန်းတရားမျိုး မရှိခဲ့ချေ။
မည်သို့ပင်ဆိုစေကာမူ အစကတည်းက ဤကိစ္စတွင် ပါဝင်ရန် သူ့ကို ဖိတ်ခေါ်ခဲ့သူမှာ ချူးဧကရာဇ်ပင် ဖြစ်လေသည်။ ချူးဧကရာဇ်သာ မရှိခဲ့လျှင် ချီဖျန့်နတ်ဆိုးဧကရာဇ်သည် ဤကိစ္စများတွင် လုံးဝ ပါဝင်ပတ်သက်ခဲ့မည် မဟုတ်ချေ။ ယခုမူ ဤရှုပ်ထွေးသော ကိစ္စများတွင် ပါဝင်ပတ်သက်ရုံသာမက သူကိုယ်တိုင်လည်း ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရ၏။ အကျိုးအမြတ် မရရှိခဲ့သည့်အပြင် အလွန်တရာ ကြီးမားလှသော တန်ကြေးကို ပေးဆပ်ခဲ့ရကာ နှစ်သိန်းပေါင်းများစွာ ပင်ပန်းဆင်းရဲစွာ ကျင့်ကြံခဲ့ရမှုများ အလဟဿ ဖြစ်သွားခဲ့ပြီး နှစ်သန်းပေါင်းများစွာ စုဆောင်းခဲ့သမျှသည်လည်း ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။
ဤမျှ နက်ရှိုင်းလှသော အမုန်းတရားဖြင့် ချီဖျန့်နတ်ဆိုးဧကရာဇ်သည် သဘာဝကျကျပင် လက်စားချေရန် အခွင့်အရေးကို ရှာဖွေလိုခဲ့သည်။ ထို့အပြင် ဤအမုန်းတရားသည် ယုတ္တိရှိစွာပင် ချူးဧကရာဇ်၏ ခေါင်းပေါ်သို့ ကျရောက်သွားခဲ့လေသည်! မည်သို့ပင်ဆိုစေ ချူးဧကရာဇ်သာ မရှိခဲ့လျှင် ဤအရာများအားလုံး ဖြစ်လာခဲ့မည် မဟုတ်ပေ!
" အချိန်ဆွဲနေလို့ မဖြစ်ဘူး... ငါအရှင်က ဒီကိစ္စကို နတ်ဆိုးဧကရာဇ်ကြီးနဲ့ အခုပဲ သွားဆွေးနွေးရမယ်... ဒီရန်ငြိုးကို ပြန်မဆပ်နိုင်သရွေ့ ငါအရှင်က တစ်ရက်လေးတောင် ကောင်းကောင်း အိပ်နိုင်မှာ မဟုတ်ဘူး! "
ချီဖျန့်နတ်ဆိုးဧကရာဇ်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ လက်ရှိအခြေအနေကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ရန်ပင် ဂရုစိုက်မနေတော့ပေ။ ထို့အစား သူသည် ထုံထျန်းနတ်ဆိုးတောင်ရှိရာဘက်သို့ ရပ်တန့်ခြင်းမရှိဘဲ အလျင်အမြန် ထွက်ခွာသွားလေတော့သည်။ ဤအခိုက်အတန့်တွင် သူ၏နှလုံးသားထဲ၌ လက်စားချေလိုစိတ် မီးတောက်များ တောက်လောင်နေခဲ့၏။ ချူးဧကရာဇ်နှင့် အခြားသူများ ကွေ့ရွှီးနယ်မြေမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်း လက်စားချေချင်နေခဲ့ရာ သူ၏ အခြေအနေကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ရန် မည်သို့ စိတ်ပါနိုင်မည်နည်း။
............
ကွေ့ရွှီးနယ်မြေအတွင်း၌.....
ချူးဧကရာဇ်၏ လမ်းညွှန်မှုအောက်တွင် ကုချန်နှင့် သူ၏အဖွဲ့သည် ချူးဧကရာဇ် ယခင်က ရှာဖွေတွေ့ရှိခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် နေရာဆီသို့ ဦးတည်သွားနေကြလေသည်။ ချီဖျန့်နတ်ဆိုးဧကရာဇ်သည် သေဆုံးမသွားသည့်အပြင် သူတို့ကို ကိုင်တွယ်ရန် နတ်ဆိုးဧကရာဇ်ကြီးနှင့် ပူးပေါင်းရန် စဉ်းစားနေသည်ကို ကုချန် မသိခဲ့ချေ။
သိခဲ့လျှင်တောင်မှ သူ ဂရုစိုက်မည် မဟုတ်ပေ။ နတ်ဆိုးဧကရာဇ်ကြီးနှင့် သူ၏ ဆက်ဆံရေးက မည်သို့ပင်ရှိစေကာမူ နတ်ဆိုးဧကရာဇ်ကြီး၏ ယခင်လုပ်ရပ်များကို ကြည့်ခြင်းအားဖြင့် ဤသူသည် 'အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် နေတတ်ပြီး ပညာရှိသော' ရှေးဟောင်း နတ်ဆိုးဧကရာဇ်တစ်ပါး ဖြစ်ကြောင်း ကုချန် ရှင်းလင်းစွာ သိမြင်နိုင်လေသည်။ နတ်ဆိုးဧကရာဇ်ကြီးသည် သူ့အတွက် အနည်းငယ်မျှ ဆိုးကျိုးဖြစ်စေမည့် မည်သည့်အရာကိုမျှ ရွေးချယ်လုပ်ဆောင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ဤကိစ္စနှင့် ပတ်သက်၍ နတ်ဆိုးဧကရာဇ်ကြီးနှင့် ဆွေးနွေးရန် ချီဖျန့်နတ်ဆိုးဧကရာဇ်၏ ကြိုးပမ်းမှုသည် အချည်းနှီးသာ ဖြစ်ရန် ကံကြမ္မာက သတ်မှတ်ထားပြီး ဖြစ်လေသည်။ ထို့အပြင် အကယ်၍ နတ်ဆိုးဧကရာဇ်ကြီးသာ အမှန်တကယ် သွေးဆောင်ခံရပြီး ချူးဧကရာဇ်နှင့် ရှာနာတို့ကို ကိုင်တွယ်ရန် ကြံစည်မည်ဆိုပါက ကုချန်သည် သူတို့၏ အတိတ်က မိတ်ဆွေသံယောဇဉ်ကို ထောက်ထား၍ သူ့အတွက် ကောင်းမွန်သော နေရာတစ်ခုကို ရှာဖွေပေးမည်ဖြစ်၏။ ထိုနေရာမှာ သူ၏ ကျေးကျွန် ဖြစ်လာရန်ပင်တည်း။
ကုချန်၏အမြင်တွင် နတ်ဆိုးနယ်မြေရှိ ဤရှေးဟောင်း နတ်ဆိုးဧကရာဇ်များအတွက် သူ၏ကျေးကျွန် ဖြစ်လာခြင်းသည် သံသယဖြစ်ဖွယ်မရှိ အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ ဤနတ်ဆိုးဧကရာဇ်များသည် နတ်ဆိုးနယ်မြေတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ကြသော်လည်း နတ်ဆိုးဧကရာဇ်အဆင့်တွင်သာ ရှိနေကြဆဲ ဖြစ်သည်။ သို့သော် သူ့နောက်သို့ လိုက်ပါခြင်းဖြင့် သူတို့သည် နတ်ဆိုးဧကရာဇ်အဆင့်ကို ကျော်လွန်သော တာအိုအရှင်သခင်အဆင့်ကို လှမ်းမြင်နိုင်မည့် အခွင့်အရေး ရရှိကြမည် ဖြစ်သည်။
အနာဂတ် နှစ်ခုထဲမှ မည်သည့်အရာက ပိုမို တောက်ပသနည်း။ ထိုအရာက ရှင်းလင်းထင်ရှားနေသည် မဟုတ်ပါလော။ ကုချန်၏ အတွေးများ မြင့်တက်နေစဉ်မှာပင်။ လမ်းပြနေသော ချူးဧကရာဇ်သည် နောက်ဆုံးတွင် ရပ်တန့်သွားကာ အနည်းငယ် ဦးညွှတ်၍ ကုချန်အား အချက်ပြလိုက်၏။
" အရှင်သခင်... ကျွန်တော်တို့ ရောက်ပါပြီ... ကျေးကျွန် ပြောခဲ့တဲ့ နေရာက ဟိုမှာပါ "
ထိုသို့ပြောပြီးနောက် ချူးဧကရာဇ်သည် သူ၏လက်ဖြင့် အရှေ့ရှိ နေရာတစ်ခုဆီသို့ ညွှန်ပြလိုက်လေသည်။ ကုချန်သည် သူ ညွှန်ပြရာဘက်သို့ ကြည့်လိုက်၏။ သူတို့နှင့် မိုင်သောင်းချီ ကွာဝေးသော နေရာတွင် ပျက်စီးနေသော စကြာဝဠာများသည် ဆွဲငင်အား တစ်ခုခု၏ ဆွဲငင်ခြင်းကို ခံနေရသည့်အလား ဘုံဦးတည်ရာတစ်ခုဆီသို့ ဖြည်းညင်းစွာနှင့် မှန်မှန် ရွေ့လျားနေသည်ကို သူ မြင်တွေ့လိုက်ရလေသည်။
အနီးကပ် ကြည့်လိုက်သောအခါ ထိုစကြာဝဠာများအားလုံး ဆွဲငင်ခံရပြီး စုစည်းသွားသည့် နေရာတွင် လေဟာနယ်သည် အက်ကွဲကြောင်းတစ်ခုအဖြစ် တိတ်ဆိတ်စွာ ပွင့်ဟနေလေသည်။ ထိုအက်ကွဲကြောင်းသည် အလွန်တရာ ကျဉ်းမြောင်းရှည်လျားကာ မြင်တွေ့ရသည်မှာ ကြောက်မက်ဖွယ်ကောင်းပြီး ၎င်းအတွင်း၌ စကြာဝဠာ မြောက်မြားစွာကို ထည့်သွင်းထားနိုင်စွမ်း ရှိဟန်ပေါ်လေသည်။ ဟွမ်သွမ့်ချီများ ပျံ့နှံ့နေကာ အက်ကွဲကြောင်းကို ဖုံးကွယ်ထား၏။ ထိုအက်ကွဲကြောင်း၏ အနက်ရှိုင်းဆုံးနေရာမှ မျက်စိကျိန်းမတတ် တောက်ပပြီး ယှဉ်ပြိုင်ကင်းသော အလင်းတန်းများ ထွက်ပေါ်လာကာ စကြာဝဠာကို လင်းထိန်သွားစေသည်ကို ဝိုးတဝါး မြင်တွေ့နိုင်လေသည်။
ထိုဟွမ်သွမ့်အက်ကွဲကြောင်း၏ ဆွဲငင်မှုကို ခံရသော ထိုပျက်စီးနေသည့် စကြာဝဠာများသည် အက်ကွဲကြောင်းဆီသို့ အဆက်မပြတ် ပျံသန်းသွားနေကြလေသည်။ ဤအခိုက်အတန့်တွင် ပျက်စီးနေသော စကြာဝဠာတစ်ခုသည် ဤဟွမ်သွမ့်အက်ကွဲကြောင်းထဲသို့ အများစု ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ ထိုဟွမ်သွမ့်အက်ကွဲကြောင်းသည် စကြာဝဠာများကို ဝါးမျိုသော ရှေးဟောင်း သားရဲကြီးတစ်ကောင်ကဲ့သို့ တိတ်ဆိတ်စွာ ပုန်းအောင်း ချောင်းမြောင်းနေကာ ပျက်စီးနေသော စကြာဝဠာများကို တစ်ခုပြီးတစ်ခု ဝါးမျိုရန် စောင့်ဆိုင်းနေသည့်အလား ရှိလေသည်။
ရှေးခေတ်ကတည်းက တည်ရှိနေခဲ့ပုံရသော ထိုဟွမ်သွမ့်အက်ကွဲကြောင်းကို ကြည့်ရင်း ကုချန်သည် အတွေးထဲ နစ်မြောနေခဲ့၏။ ယခင်က သူ အမြဲတမ်း စိတ်ရှုပ်ထွေးနေခဲ့သည်။ ဤကွေ့ရွှီးနယ်မြေတွင် ယခင်ကပ်စက်ဝန်းမှ ပျက်စီးနေသော စကြာဝဠာများနှင့် ဤကပ်စက်ဝန်းမှ ပျက်စီးယိုယွင်းနေသော စကြာဝဠာ အကြွင်းအကျန်များ ပါဝင်နေသည် မှန်ပါသည်။ သို့သော် ယခုအခါတွင် ကျယ်ပြောလှသော ကောင်းကင်ဘုံများသည် မရေမတွက်နိုင်သော ကပ်စက်ဝန်းများစွာ လည်ပတ်ခဲ့ပြီး ဖြစ်သည်။ ဤကွေ့ရွှီးနယ်မြေသည် မည်မျှပင် ကျယ်ပြောပါစေ ကပ်စက်ဝန်းများစွာတွင် မွေးဖွားလာခဲ့သော ဤမျှများပြားသည့် ပျက်စီးနေသော စကြာဝဠာများကို ထည့်သွင်းထားနိုင်ရန် မဖြစ်နိုင်ချေ။
တစ်ခုတည်းသော ယုတ္တိရှိသည့် ရှင်းပြချက်မှာ ကွေ့ရွှီးနယ်မြေထဲသို့ ဝင်ရောက်လာသော ပျက်စီးနေသည့် စကြာဝဠာများသည် နောက်ဆုံးတွင် နည်းလမ်းတစ်ခုခုဖြင့် ဖြိုခွဲခြေဖျက်ခံရပြီး ထိုစကြာဝဠာများ ပျက်သုဉ်းသွားရာမှ ရရှိလာသော စွမ်းအင်များသည် ကျယ်ပြောလှသော ကောင်းကင်ဘုံများဆီသို့ ပြန်လည်ရောက်ရှိသွားခြင်းပင် ဖြစ်သည်။ ထိုသို့ဖြစ်မှသာ ဤကျယ်ပြောလှသော ကောင်းကင်ဘုံများသည် စည်ပင်ဝပြောနိုင်ပြီး အဆုံးအစမရှိ လည်ပတ်နေနိုင်မည် ဖြစ်သည်။
မည်သို့ပင်ဆိုစေ ဤကျယ်ပြောလှသော စကြာဝဠာများကို ဖန်တီးခဲ့သည့် စွမ်းအားများသည် အကြောင်းပြချက်မရှိဘဲ ပေါ်ပေါက်လာမည် မဟုတ်ပေ။ အကယ်၍ ပြန်လည်ဖြည့်တင်းခြင်း မရှိဘဲ သုံးစွဲနေမည်သာဆိုပါက ဤကျယ်ပြောလှသော ကောင်းကင်ဘုံများ၏ စွမ်းအားများသည် အစောကြီးကတည်းက ခန်းခြောက်သွားလောက်ပြီ ဖြစ်သည်။ ယခု သူ၏ရှေ့မှ မြင်ကွင်းက ကုချန်၏ ယခင်ခန့်မှန်းချက်ကို ပိုမို အတည်ပြုပေးလိုက်လေသည်။
ဤကျဉ်းမြောင်းသော အက်ကွဲကြောင်းသည် ကွေ့ရွှီးနယ်မြေမှ ၎င်းအတွင်းရှိ ပျက်စီးနေသော စကြာဝဠာများကို ဝါးမျိုသည့် နည်းလမ်းပင်လော။ မရေမတွက်နိုင်သော ပျက်စီးနေသည့် စကြာဝဠာများ အားလုံးကို ဤနေရာတွင် ဝါးမျို ဖြိုခွဲလိုက်ပြီး သန့်စင်သော စွမ်းအားများသာ ကျန်ရစ်ကာ ကောင်းကင်နှင့် မြေကြီးဆီသို့ ပြန့်ကျဲ ပြန်လည်ရောက်ရှိသွားပြီး ကျယ်ပြောလှသော ကောင်းကင်ဘုံများကို အာဟာရဖြည့်တင်းပေးကာ လက်ရှိ ကပ်စက်ဝန်း၏ စကြာဝဠာများနှင့် သက်ရှိအားလုံးကို ပြုစုပျိုးထောင်ပေးသည့် စွမ်းအားများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာစေခဲ့သည်။
ဤကျဉ်းမြောင်းသော အက်ကွဲကြောင်းအတွင်းမှ မှိန်ဖျော့ဖျော့ တောက်ပနေသော အလင်းရောင်မှာမူ ချူးဧကရာဇ် ပြောခဲ့သည့် နတ်ဆိုးဧကရာဇ်အဆင့် နတ်ဘုရားသတ္တု ဖြစ်ရမည် မဟုတ်ပါလော။ မည်သို့ပင်ဆိုစေကာမူ ဤအခြေအနေကို ကြည့်ခြင်းအားဖြင့် ဤကျဉ်းမြောင်းသော အက်ကွဲကြောင်းသည် ဤမျှများပြားသော ပျက်စီးနေသည့် စကြာဝဠာများကို ဝါးမျို ဖြိုခွဲနိုင်စွမ်း ရှိလေသည်။ နတ်ဆိုးဧကရာဇ်အဆင့် နတ်ဘုရားသတ္တုများသာလျှင် ၎င်း ဝါးမျို ဖြိုခွဲ၍ မရနိုင်သော အရာများ ဖြစ်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် ထို ဧကရာဇ်အဆင့် ရုပ်အလောင်းများအပါအဝင် နတ်ဆိုးဧကရာဇ်အဆင့် အထက်ရှိ နတ်ဘုရားရတနာများကို မည်သည့်နေရာတွင် ဝါးမျို ချေဖျက်သနည်း။ ယခင်က သူ၏ မူလခန္ဓာကိုယ်မှ ဟွမ်သွမ့်ပင်လယ် နက်ရှိုင်းရာတွင် ဝင်ရောက်ခဲ့သော မရေမတွက်နိုင်သည့် တာအိုအရှင်သခင်များ တွဲလောင်းကျနေသည့် နေရာများ ဖြစ်နေမည်လော။ ကုချန်၏စိတ်ထဲတွင် သူ၏ မူလခန္ဓာကိုယ်မှ ယခင်က မျက်မြင်တွေ့ရှိခဲ့ရသော မြင်ကွင်းများကို ရုတ်တရက် ပြန်လည်အမှတ်ရသွားခဲ့၏။ မရေမတွက်နိုင်သော အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများ၏ ရုပ်အလောင်းများသည် ထို လေဟာနယ် အတားအဆီးရှေ့တွင် အလွှာလိုက် ပုံထပ်နေခဲ့ကြသည်။ အတားအဆီး အနောက်ဘက်မှ လက်တံများ အခါအားလျော်စွာ ထွက်ပေါ်လာပြီး ဧကရာဇ်အဆင့် ရုပ်အလောင်းများကို တစ်ခုပြီးတစ်ခု ဖမ်းဆုပ်သွားကာ ၎င်းတို့၏ အသွေးအသား အနှစ်သာရ အားလုံးကို ဝါးမျိုပစ်ကြသည်။
ထို ပေါ့ပေါ့တန်တန် ပုံထပ်နေသော ဧကရာဇ်အဆင့် ရုပ်အလောင်းများနှင့် ဤကွေ့ရွှီးနယ်မြေထဲရှိ ဧကရာဇ်အဆင့် ရုပ်အလောင်းများကြားတွင် ဆက်စပ်မှု တစ်ခုခုများ ရှိနေမည်လော။ သို့တည်းမဟုတ် မရေမတွက်နိုင်သော တာအိုအရှင်သခင်များ တွဲလောင်းကျနေသည့် ထိုနေရာနှင့် ဤကွေ့ရွှီးနယ်မြေတို့ကြားတွင် ဆက်စပ်မှု တစ်ခုခုများ ရှိနေမည်လော?!