အခန်း ၅၆၃
Vol. 41 Ch. 563
အခန်း ( ၅၆၃ ) - ရှေ့ဆက်ရမည့် လမ်းခရီးသည် ရှည်လျားလှ၏၊ သတိဝီရိယထားကာ အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်း
ကုချန် ပို၍ တွေးတောလေလေ ဤအရာက ပို၍ ယုတ္တိရှိလေလေ ဖြစ်သည်ဟု ခံစားရလေသည်။
ဤကွေ့ရွှီးနယ်မြေသည် ထိုရှေးဟောင်း စကြာဝဠာအပျက်အစီးများကို ရှင်းလင်းရန်အတွက် တည်ရှိနေခြင်းဖြစ်ကြောင်း ရှင်းလင်းလှပေသည်။
သို့သော် ကျင့်ကြံသူတစ်ဦးသည် အင်မော်တယ်ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားသောအခါ သူတို့၏ ရုပ်အလောင်း စွမ်းအားသည် စိတ်ကူး၍ပင် မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်သို့ ရောက်ရှိသွားပေသည်။ ထိုရှေးဟောင်း စကြာဝဠာများအားလုံး ပျက်စီးသွားခဲ့လျှင်တောင်မှ အင်မော်တယ်ဧကရာဇ်အဆင့် ရုပ်အလောင်းတစ်ခုသည် ပျက်စီးခြင်းမရှိဘဲ အကောင်းပကတိအတိုင်း ဆက်လက် တည်ရှိနေနိုင်ပေသည်။
အင်မော်တယ်ဧကရာဇ်အဆင့် ရုပ်အလောင်းတစ်ခုပင် ဤကဲ့သို့ ဖြစ်နေလျှင် အင်မော်တယ်ဧကရာဇ်ထက် ပို၍ နက်နဲသော တာအိုအရှင်သခင်အဆင့် ဆိုပါက မည်သို့ ဖြစ်မည်နည်း။
ထိုသို့သော တည်ရှိမှုများ၏ ရုပ်အလောင်းများသည် ကောင်းကင်ဘုံများ အားလုံး ပျက်သုဉ်းသွားချိန်၌ပင် ဖျက်ဆီး၍မရနိုင်သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ပေလိမ့်မည်။
ဤကွေ့ရွှီးနယ်မြေသည် ထိုရှေးဟောင်း စကြာဝဠာအပျက်အစီးများကို ခွဲခြမ်းစိတ်ဖြာ၍ ချေဖျက်နိုင်သော်လည်း အင်မော်တယ်ဧကရာဇ်အဆင့်ထက် ကျော်လွန်သော သူများ၏ ရုပ်အလောင်းများကို ကိုင်တွယ်ရန်မူ ရှင်းလင်းစွာပင် ခက်ခဲနေပုံရသည်။
ထို့ကြောင့် ဤအင်မော်တယ်ဧကရာဇ်အဆင့် ရုပ်အလောင်းများကို ကိုင်တွယ်ရန်အတွက် သင့်လျော်မှန်ကန်သော နည်းလမ်းတစ်ခု လိုအပ်ပေသည်။
တာအိုအရှင်သခင်များ တွဲလောင်းကျနေသည့် နေရာရှိ မရေမတွက်နိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် လက်တံများသည် ထိုအင်မော်တယ်ဧကရာဇ် ရုပ်အလောင်းများ၏ အသားနှင့် သွေးများကို အပြည့်အဝ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိကြသည် မဟုတ်ပါလော။
ဤလမ်းကြောင်းအတိုင်း တွေးတောကြည့်လိုက်သောအခါ ကုချန်သည် သူ့အား အနည်းငယ် ထိတ်လန့်သွားစေသည့် ခန့်မှန်းချက်တစ်ခုကို မတွေးမိဘဲ မနေနိုင်ခဲ့ချေ။
တာအိုအရှင်သခင်များ တွဲလောင်းကျနေသည့် နေရာတွင် မရေမတွက်နိုင်သော တာအိုအရှင်သခင်အဆင့် တည်ရှိမှုများ၏ အလောင်းများသည် ရှေးဟောင်း ကောင်းကင်တိုင်များပေါ်တွင် ချိတ်ဆွဲခံထားရလေသည်။
မရေမတွက်နိုင်သော ကောင်းကင်တိုင်များ မတ်မတ်ရပ်နေကြကာ အားလုံးသည် ပို၍ လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသော နေရာတစ်ခုဆီသို့ ဦးတည်သွားနေကြ၏။
ယခင်က ကုချန်သည် ဤရှေးဟောင်း ကောင်းကင်တိုင်များနှင့် ထိုလျှို့ဝှက်ဆန်းကြယ်သော လက်တံများ၏ မူလဇာစ်မြစ်ကို တွေးတော ခန့်မှန်းနေခဲ့သည်။
သို့သော် ယခု တာအိုအရှင်သခင်များ တွဲလောင်းကျနေသည့် နေရာနှင့် ဤကွေ့ရွှီးနယ်မြေတို့ကြားတွင် ဆက်စပ်မှု တစ်ခုခုသာ ရှိနေခဲ့မည်ဆိုလျှင် ထိုရှေးဟောင်း ကောင်းကင်တိုင်များနှင့် လျှို့ဝှက်ဆန်းကြယ်သော လက်တံများသည် ဤကျယ်ပြောလှသော ကောင်းကင်ဘုံများ သို့မဟုတ် တာအို၏ မူလဇာစ်မြစ်နှင့် သက်ဆိုင်နေသည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။
ထိုတာအိုအရှင်သခင်များ၏ သေဆုံးမှုများသည် ဤကျယ်ပြောလှသော ကောင်းကင်ဘုံများနှင့် သက်ဆိုင်နေသည်လော။
ထိုစဉ်က သူတို့သည် ကောင်းကင်ဘုံများမှ ရုန်းထွက်ကာ ကမ္ဘာများအားလုံး၏ အလွတ်လပ်ဆုံး နေရာတွင် ရပ်တည်ခဲ့ကြပြီး ခေတ်အဆက်ဆက် ကောင်းကင်ဘုံများအားလုံးကို အထက်စီးမှ ကြည့်ရှုနိုင်ခဲ့ကြ၏။
သို့တိုင်အောင် သူတို့သည် ကောင်းကင်ဘုံများ၏ အပြစ်ပေးမှုကို ခံရကာ သူတို့၏ အလောင်းများကို ကောင်းကင်တိုင်များပေါ်တွင် ချိတ်ဆွဲခံရသည့် ကြေကွဲဖွယ် ကံကြမ္မာနှင့် ကြုံတွေ့ခဲ့ကြရဆဲပင်။
ဤကောင်းကင်ဘုံများသည် မရေမတွက်နိုင်သော တာအိုအရှင်သခင်များကို ရိတ်သိမ်းနေခြင်းလော၊ သို့မဟုတ် ကောင်းကင်ဘုံများ၏ စွမ်းအားသည် ဤမရေမတွက်နိုင်သော တာအိုအရှင်သခင်များ သေဆုံးပြီးနောက် သူတို့ကို ခွဲခြမ်းစိတ်ဖြာနေခြင်းလော။
ကုချန် မသိနိုင်ခဲ့သော်လည်း သူ၏နှလုံးသားထဲတွင် သတိထားစရာ အသိတစ်ခု ဖြစ်ပေါ်လာသည်ကိုတော့ မတားဆီးနိုင်ခဲ့ပေ။
ကောင်းကင်ဘုံများသည် ကုဋေကုဋာမကသော သက်ရှိများကို မွေးဖွားပေးခဲ့ပြီး သက်ရှိအားလုံးမှာ ကောင်းကင်ဘုံများ၏ သားသမီးများ ဖြစ်ကြကြောင်း ရှူလောင်မှ သူ့အား ယခင်က ပြောခဲ့ဖူး၏။
သို့သော် သက်ရှိတစ်ဦး၏ ကျင့်ကြံမှုသည် အင်မော်တယ်ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားသောအခါ ကောင်းကင်ဘုံများ၏ စွမ်းအားထံမှ ဖယ်ကြဉ်မှုကို ဝိုးတဝါး ခံစားလာရနိုင်ပေသည်။
အထူးသဖြင့် ကျင့်ကြံမှုသည် တာအိုအရှင်သခင်အဆင့်သို့ ရောက်ရှိသွားသောအခါ ၎င်းတို့သည် ကောင်းကင်ဘုံများ၏ ပြင်းထန်သော ဆန့်ကျင်မှုကို ခံရမည် ဖြစ်သည်။
မူလက မိခင်တစ်ဦးကဲ့သို့ဖြစ်သော ကျယ်ပြောလှသည့် ကောင်းကင်ဘုံများသည် ဤကလေးကို အသိအမှတ်မပြုတော့သည့်အပြင် သူ့ကို ရန်သူတစ်ဦးအဖြစ်ပင် သဘောထားလာတော့သည့်အလား ဖြစ်နေ၏။
ထို့အပြင် ကုချန်၏ ခန္ဓာကိုယ်သုံးခု တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကာ အင်မော်တယ်ဧကရာဇ်အဆင့်ကို ကျော်လွန်လုနီးပါးဖြစ်သော စွမ်းအားများကို ရရှိလာပြီးနောက် ကောင်းကင်ဘုံများ၏ စွမ်းအားထံမှ ထိုဖယ်ကြဉ်မှုကို သူကိုယ်တိုင်ပင် ဝိုးတဝါး ခံစားနိုင်ခဲ့လေသည်။
အကယ်၍ အင်မော်တယ်ဧကရာဇ်အဆင့် မတိုင်မီကဆိုလျှင် ကောင်းကင်ဘုံများထံမှ စွမ်းအားများကို အဆင်အခြင်မဲ့ ငှားရမ်း အသုံးပြုနိုင်ခဲ့ပါက အင်မော်တယ်ဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးနောက် ကောင်းကင်ဘုံများထံမှ စွမ်းအားများကို ငှားရမ်းခြင်းသည် ခက်ခဲလာမည်ဖြစ်ကာ ကောင်းကင်ဘုံများမှ သူ့အား စွမ်းအားများ ငှားရမ်းရန် အလိုမရှိသည့်အလား ဖြစ်နေပေမည်။
ထို့ကြောင့် အင်မော်တယ်ဧကရာဇ်အဆင့်သို့ ရောက်ရှိသောအခါ မဟာတာအို၏ စွမ်းအားကို မဖြစ်မနေ စတင် ကျင့်ကြံရမည် ဖြစ်သည်။
မဟာတာအိုသုံးထောင်၏ မူလဇာစ်မြစ်မှာ နက်နဲလှပြီး ကောင်းကင်ဘုံများကို ကျော်လွန်နေ၏။ မဟာတာအိုထံမှ စွမ်းအားများကို ငှားရမ်းခြင်းကိုမူ ကောင်းကင်ဘုံများပင်လျှင် မတားဆီးနိုင်ချေ။
ထို့ကြောင့် အင်မော်တယ်ဧကရာဇ်အဆင့်သို့ ရောက်ရှိချိန်တွင် မဟာတာအိုကို စတင် ကျင့်ကြံခြင်းသည် တစ်နည်းအားဖြင့် အတင်းအကျပ် ရွေးချယ်ရသည့် လမ်းကြောင်းတစ်ခု ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံများသည် သူ့အား မျက်နှာသာ မပေးတော့ဘဲ သူအပေါ် ရန်လိုမှုများ ပြည့်နှက်နေသောကြောင့်ပင်။ ဤအချိန်တွင် သူသည် ကောင်းကင်ဘုံများ၏ လွှမ်းမိုးမှုနှင့် ထိန်းချုပ်မှုတို့ကို ရှောင်ရှားနိုင်ရန်အတွက် မဟာတာအို၏ စွမ်းအားကို မဖြစ်မနေ ကျင့်ကြံရမည် ဖြစ်သည်။
ထို့ကြောင့် ကောင်းကင်ဘုံများကို ကိုယ်တိုင်လည်း သတိထားနေရဦးမည်သာ။
တာအိုအရှင်သခင်အဆင့် အလောင်းများ ကောင်းကင်တိုင်တစ်ခုစီပေါ်တွင် တွဲလောင်းကျနေသည်ကို တွေးမိသောအခါ ကုချန်သည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်မိလေသည်။
တာအိုလမ်းကြောင်းမှာ ရှည်လျားကျယ်ပြောလှပြီး ကျင့်ကြံမှု မြင့်မားလေလေ အဖော်အပေါင်း နည်းပါးလေလေ ဖြစ်သည်။
နောက်ဆုံးအဆင့်အထိ ကျင့်ကြံပြီးသောအခါ ကျယ်ပြောလှသော နေရာကြီးထဲတွင် မိမိတစ်ယောက်တည်း အထီးကျန်နေရုံသာမက မိမိအား မွေးမြူပေးခဲ့သော ကောင်းကင်ဘုံများနှင့် မရေမတွက်နိုင်သည့် ကမ္ဘာများသည်ပင်လျှင် မိမိဘက်၌ ရပ်တည်ပေးတော့မည် မဟုတ်ချေ။
ကောင်းကင်ဘုံများနှင့် မရေမတွက်နိုင်သည့် ကမ္ဘာများထံမှ စွမ်းအားများကို သတိထားနေရမည် ဖြစ်သည်။
ဤသည်မှာ ယနေ့ ကုချန် ကိုယ်တိုင် သတိပေးရမည့် အချက်ပင် ဖြစ်လေသည်။
" အရှင်သခင်... အဲဒီ နတ်ဆိုးဧကရာဇ်အဆင့် နတ်ဘုရားသတ္တုရဲ့ အငွေ့အသက်ကို ဒီနေရာမှာ ကျွန်တော် အာရုံခံမိတယ်... သခင့်အတွက် အဲဒီ နတ်ဘုရားပစ္စည်းကို သွားယူပေးဖို့ ကျွန်တော် အရင်သွားချင်ပါတယ် "
အက်ကွဲကြောင်းထဲတွင် မပီဝိုးဝါး တလက်လက် တောက်ပနေသော အင်မော်တယ်ပစ္စည်း၏ အလင်းရောင်ကို ကြည့်ရင်း ချူးဧကရာဇ်သည် စိတ်အားထက်သန်စွာ ပြောဆိုလိုက်၏။
ကုချန်ထံသို့ ယခုလေးတင်မှ သစ္စာခံခဲ့သူဖြစ်ရာ ကုချန်၏ရှေ့တွင် သူ၏တန်ဖိုးကို သက်သေပြရန် အစွမ်းကုန် ကြိုးစားချင်နေသည်မှာ သဘာဝပင် ဖြစ်သည်။
" ကျွန်မလည်း သွားချင်ပါတယ် “
သူ၏ဘေးရှိ ရှာနာနတ်ဆိုးဧကရာဇ်သည်လည်း နောက်ကျမကျန်ရစ်စေရန် ကုချန်အား ကိုယ်တိုင် သွားရောက်ယူပေးမည်ဟု ပြောဆိုလေသည်။
" အင်း... မင်းတို့နှစ်ယောက် အတူတူ သွားကြ... အချင်းချင်း ကူညီကြပြီး နောက်ကွယ်မှာ တစ်ယောက်နဲ့တစ်ယောက် အပြစ်မရှာကြနဲ့ "
ကုချန်သည် ခေါင်းညိတ်လိုက်ပြီးနောက် ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ်တို့ကို အက်ကွဲကြောင်းအတွင်းသို့ အတူတကွ ဝင်ရောက်စူးစမ်းရန် အချက်ပြလိုက်၏။
ယခုအခါ သူ၏ လက်အောက်တွင် နတ်ဆိုးဧကရာဇ်အဆင့် လက်အောက်ငယ်သား နှစ်ဦးရှိနေပြီဖြစ်ရာ အရာရာကို သူတို့အား ကိုင်တွယ်ခိုင်းခြင်းသည် သဘာဝကျပေသည်။ ထိုသို့မဟုတ်ဘဲ အရာအားလုံးကို သူကိုယ်တိုင် လုပ်ဆောင်နေရမည်ဆိုပါက ဤနတ်ဆိုးဧကရာဇ်အဆင့် လက်အောက်ငယ်သားများကို ထားရှိရခြင်းက ဘာအသုံးဝင်မည်နည်း။
ထို့အပြင် ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ်တို့ကြားတွင် ရန်ငြိုးရန်စများ ရှိခဲ့ဖူးလေသည်။
သူတို့နှစ်ဦးစလုံးသည် ယခုအခါ ကုချန်ထံသို့ သစ္စာခံထားကြပြီး ကုချန်၏ အမိန့်အောက်တွင် အချင်းချင်း မတိုက်ခိုက်ရဲကြသော်လည်း အနာဂတ်တွင် သူတို့နှစ်ဦးစလုံး ကိုင်တွယ်ဖြေရှင်းရမည့် အခြေအနေမျိုး ပေါ်ပေါက်လာပါက သူတို့သည် အမှန်တကယ်ပင် စိတ်နှလုံးအကြွင်းမဲ့ ပူးပေါင်းဆောင်ရွက်ကြမည်လား ဆိုသည်မှာ ပြောရန် ခက်ခဲလှပေသည်။
ထို့ကြောင့် ဤနတ်ဆိုးဧကရာဇ်အဆင့် နတ်ဘုရားသတ္တုကို ရှာဖွေခြင်းသည် သူတို့နှစ်ဦးအတွက် ကုချန်ပေးသော စမ်းသပ်မှုတစ်ခု ဖြစ်သည်။
အကယ်၍ သူတို့နှစ်ဦးသည် စူးစမ်းရှာဖွေစဉ်အတွင်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်နိုင်ပါက အရာအားလုံးသည် သဘာဝကျကျ အဆင်ပြေသွားမည် ဖြစ်သည်။
အကယ်၍ စူးစမ်းရှာဖွေစဉ်အတွင်း သူတို့နှစ်ဦးသည် ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း သို့မဟုတ် တစ်ယောက်ကိုတစ်ယောက် အပြစ်ရှာရန် ကြိုးစားခြင်းများ ရှိခဲ့ပါက ကုချန်သည် သူတို့ကို လုံးဝ အလွတ်ပေးမည် မဟုတ်ချေ။
" ဟုတ်ကဲ့ပါ "
ချူးဧကရာဇ်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့သည် ဤစကားကို ကြားသောအခါ အလွန်လေးနက်စွာ သဘောတူလိုက်ကြ၏။
သူတို့နှစ်ဦးသည် အချင်းချင်း ပူးပေါင်းဆောင်ရွက်လိုခြင်း မရှိကြသော်လည်း ဤသည်မှာ သူတို့သခင်၏ အမိန့်ဖြစ်ရာ မည်သူကမျှ မဖီဆန်ရဲကြပေ။
ဧကရာဇ်နှစ်ပါးသည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် နှစ်ဦးစလုံးသည် လျှို့ဝှက်ဆန်းကြယ်သော အက်ကွဲကြောင်းအတွင်းသို့ ဝင်ရောက်ပျံသန်းသွားကြလေသည်။
အချိန်မကြာမီမှာပင် သူတို့နှစ်ဦးသည် အက်ကွဲကြောင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး ပိုမိုနက်ရှိုင်းသော နေရာများဆီသို့ ပျံသန်းသွားခဲ့ကြ၏။
ကုချန်မှာမူ သူ၏မျက်လုံးများကို အနည်းငယ် မှိတ်ထားလိုက်လေသည်။
ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ်တို့ မည်သည့်နေရာတွင် ရှိနေသည်ကို သာမန်မျက်စိဖြင့် မမြင်နိုင်တော့သော်လည်း ကုချန်သည် သူတို့နှင့်ရှိသော ဝိညာဉ်ဆက်သွယ်မှုမှတစ်ဆင့် သူတို့၏ ပတ်ဝန်းကျင် အခြေအနေကို ရှင်းလင်းစွာ ခံစားသိရှိနိုင်လေသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော အက်ကွဲကြောင်းအတွင်း၌ လုံးဝ ကွဲပြားခြားနားသော အခြားကမ္ဘာတစ်ခု ပါဝင်နေသည့်အလား အဆုံးအစမရှိ ကျယ်ပြောလှပေသည်။
မရေမတွက်နိုင်သော တာအိုနိယာမ သံကြိုးများသည် အဆုံးအစမဲ့ လေဟာနယ်အတွင်း ရှုပ်ယှက်ခတ်နေကာ ဖျက်ဆီး၍မရနိုင်သော သံကြိုးများကဲ့သို့ ၎င်းအတွင်းသို့ ဝင်ရောက်လာသော စကြာဝဠာအပျက်အစီးများကို ခွဲခြမ်းစိတ်ဖြာ၍ ဖျက်ဆီးနေကြလေသည်။
တစ်ချက်ကြည့်လိုက်သည်နှင့် ပျက်စီးနေသော စကြာဝဠာများစွာသည် သေးငယ်သော အစိတ်အပိုင်းများအဖြစ် ခွဲခြမ်းစိတ်ဖြာခံထားရပြီးဖြစ်ကာ စကြာဝဠာအပိုင်းအစများသာ ကျန်ရစ်တော့သည်ကို မြင်တွေ့နိုင်လေသည်။
နတ်ဆိုးဧကရာဇ်အဆင့် နတ်ဘုရားသတ္တု၏ အလင်းရောင်သည် ဤလေဟာနယ် အက်ကွဲကြောင်း၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိနေပြီး အမျိုးမျိုးသော စကြာဝဠာအပိုင်းအစများကြားမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။
ထိုနေရာတွင် ကြက်သွေးရောင် အလင်းတန်းများ မြင့်တက်လာကာ အလင်းတိုင်ကြီးတစ်ခုအဖြစ် ဖြစ်ပေါ်နေပြီး မရေမတွက်နိုင်သော တာအိုနိယာမ သံကြိုးများကို တိတ်ဆိတ်စွာ ခုခံနေလေသည်။