အခန်း ၅၆၆
Vol. 41 Ch. 566
အခန်း ( ၅၆၆ ) - ဝိညာဉ်ဧကရာဇ်အား မေးမြန်းခြင်း၊ စိတ်ဖြင့်လေ့လာခြင်းနှင့် စွမ်းအားဖြင့် သက်သေပြခြင်း
" ဘာလောက်တောင် ကြီးမြတ်တဲ့ စိတ်ဓာတ်လဲ… ရှောင်လင်ဧကရီ "
ကုချန်သည် လက်အုပ်ချီကာ ပြုံးလျက် ချီးကျူးလိုက်လေသည်။ ဝိညာဉ်ဧကရာဇ်၏ စကားများသည် စစ်မှန်သော ယုံကြည်မှုကြောင့်ပင် ဖြစ်စေ၊ သို့မဟုတ် အခြားလမ်းမရှိတော့၍ ဖြစ်စေ၊ သူ၏ ဤစိတ်ဓာတ်မျိုးမှာမူ ချီးကျူးထိုက်ပေသည်။
အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုအတွက် အနာဂတ်ဆိုသည်မှာ မရေမရာပင် ဖြစ်၏။ မိမိကျင့်ကြံနေသော တာအိုကို တစ်စုံတစ်ယောက်က နေရာယူထားပြီးပြီလော၊ သို့မဟုတ် မည်သို့သော အဆုံးသတ်မျိုး စောင့်ကြိုနေသနည်းဟူသည်ကို မည်သူမျှ မသိနိုင်ပေ။ ဤကဲ့သို့သော မရေမတွက်နိုင်သည့် မရေရာမှုများကို ရင်ဆိုင်ရာတွင် တည်ငြိမ်သော စိတ်ကို ထိန်းထားနိုင်ခြင်းမှာ သာမန်လူတို့ မလုပ်နိုင်သော အရာပင်တည်း။
" ကျွန်မရဲ့ လမ်းကြောင်းမှာ တာအိုမိတ်ဆွေက ကျွန်မထက် မညံ့ဖျင်းဘူးလို့ ယုံကြည်ပါတယ် "
ရှောင်လင်ဧကရီသည် အတည်ပြုခြင်းလည်း မဟုတ်၊ ငြင်းဆိုခြင်းလည်း မဟုတ်ဘဲ ပြုံး၍သာ တုံ့ပြန်လေသည်။
" ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီတစ်ခေါက်လာရတဲ့ နောက်ထပ် ရည်ရွယ်ချက်တစ်ခုက ရှောင်လင်ဧကရီကို တိုင်ပင်စရာရှိလို့ပါ "
ကုချန်သည် တိုက်ရိုက်ပင် အကြောင်းစုံကို မေးမြန်းလိုက်သည်။
" အင်မော်တယ်ဧကရာဇ်တစ်ပါးက သူတို့ရဲ့ တာအိုကို ရွေးချယ်တဲ့အခါမှာ ဘယ်လိုမျိုး အတိအကျ ရွေးချယ်ရမှာလဲ "
ဝိညာဉ်တစ်သောင်း တာအိုကျမ်းစာကို ပေးအပ်ခြင်းအပြင် ကုချန်၏ ရည်ရွယ်ချက်မှာ ဧကရာဇ်အဆင့် တာအိုရွေးချယ်ပုံကို မေးမြန်းရန် ဖြစ်သည်။ သူသည် ပြီးပြည့်စုံသော အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းပြီးနောက် စိတ်အာရုံ၏ နက်ရှိုင်းရာတွင် တောက်ပနေသော တာအိုကောင်းကင်တိုင်များစွာကို မြင်တွေ့ခဲ့ရသော်လည်း မည်သို့ ရွေးချယ်ရမည်ကို မသိရှိခဲ့ပေ။ ရှူလောင်က အိပ်ပျော်နေသဖြင့် ကုချန်မှာ ရှောင်လင်ဧကရီကိုသာ မေးမြန်းရန် လာခဲ့ရခြင်းဖြစ်သည်။ သို့သော် သူ၏ လျှို့ဝှက်ချက်များကို အကုန်ဖွင့်ပြောရန် မရည်ရွယ်ဘဲ သွယ်ဝိုက်၍သာ မေးမြန်းခြင်းဖြစ်သည်။
" တာအိုမိတ်ဆွေ... တကယ်ပဲ ဒီအဆင့်ကို ရောက်လာခဲ့ပြီပေါ့ "
ကုချန်၏ စကားကို ကြားသောအခါ ရှောင်လင်ဧကရီသည် ကြိုတင် ခန့်မှန်းထားသကဲ့သို့ ရှိသော်လည်း ဤမျှ မြန်ဆန်လိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် သူမ၏ လှပသော မျက်လုံးများထဲတွင် တုန်လှုပ်မှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။ သို့သော် သူမသည် တည်ငြိမ်သွားကာ ကုချန်အား အသေးစိတ် ရှင်းပြလေသည်။
" အင်မော်တယ်ဧကရာဇ်အဆင့်ကို ရောက်သွားတဲ့အခါ စိတ်အာရုံရဲ့ နက်ရှိုင်းရာမှာ ကြီးမားကျယ်ပြန့်လှတဲ့ တာအိုကောင်းကင်တိုင်တွေကို မြင်လာရလိမ့်မယ်… တာအိုကောင်းကင်တိုင်တစ်ခုစီဟာ ကွဲပြားခြားနားတဲ့ တာအိုတစ်ခုကို ကိုယ်စားပြုတယ်… တာအိုမိတ်ဆွေအနေနဲ့ ကိုယ့်စိတ်အာရုံထဲမှာ တာအိုကောင်းကင်တိုင်တွေကို မြင်နေရပြီ မဟုတ်လား "
ကုချန်သည် နှေးကွေးစွာ ခေါင်းညိတ်လိုက်၏။
" တာအိုမိတ်ဆွေရဲ့ စိတ်အာရုံထဲမှာ တာအိုကောင်းကင်တိုင် ဘယ်နှစ်ခုလောက် မြင်နေရသလဲ "
ရှောင်လင်ဧကရီမှ စူးစမ်းစွာ မေးမြန်းလေသည်။
" ရှစ်ခုပါ "
ကုချန်သည် ကိန်းဂဏန်းတစ်ခုကိုသာ ထုတ်ပြောလိုက်၏။ သူ၏ စိတ်အာရုံထဲတွင် တာအိုကောင်းကင်တိုင်အားလုံးနီးပါး ပေါ်လာသည်ဆိုသည့် လျှို့ဝှက်ချက်ကို မဖော်ထုတ်လိုပေ။ သို့သော် ဤကိန်းဂဏန်းပင်လျှင် ရှောင်လင်ဧကရီကို အံ့အားသင့်သွားစေခဲ့သည်။
" ရှစ်ခု ဟုတ်လား?! "
ရှောင်လင်ဧကရီ၏ အသံမှာ မယုံနိုင်စရာ ဖြစ်နေလေသည်။
" ဘာလို့လဲ... ရှစ်ခုဆိုတာ များနေလို့လား "
ကုချန်မှ ပြန်လည် မေးမြန်းလိုက်၏။
" သာမန်အင်မော်တယ်ဧကရာဇ်တွေဆိုရင် တာအိုကောင်းကင်တိုင် တစ်ခုကနေ သုံးခုလောက်ပဲ မြင်နိုင်ကြတယ်…တာအိုကောင်းကင်တိုင် အရေအတွက် များလေလေ အဲဒီဧကရာဇ်ရဲ့ အလားအလာ မြင့်မားလေလေပဲ… တာအိုကောင်းကင်တိုင် ရှစ်ခု မြင်နိုင်တယ်ဆိုတာက တာအိုမိတ်ဆွေရဲ့ အရည်အချင်းက အင်မော်တယ်ဧကရာဇ်တွေထဲမှာတောင် အလွန် ထူးခြားတယ်ဆိုတာကို သက်သေပြနေတာပါပဲ "
ကုချန်မှာမူ ရှောင်လင်ဧကရီ၏ ရှင်းပြချက်ကြောင့် သူ အနည်းငယ် အမှားပြောမိမှန်း သိလိုက်ရသည်။ သို့သော် သူ၏ စိတ်အာရုံထဲတွင် တာအိုကောင်းကင်တိုင် အားလုံးနီးပါး ရှိနေသည်ကိုသာ ပြောပြမိပါက သူမ မည်သို့ဖြစ်သွားမည်နည်း။
" ဒါဆိုရင် ကျွန်တော်မြင်နေရတဲ့ ဒီတာအိုကောင်းကင်တိုင် ရှစ်ခုထဲက ဘယ်လို ရွေးချယ်ရမှာလဲ "
ကုချန်မှ ထပ်မံ မေးမြန်းလိုက်သည်။
" စိတ်နဲ့ လေ့လာပါ… စွမ်းအားနဲ့ သက်တေပြပါ "
ရှောင်လင်ဧကရီမှ ဖြည်းညင်းစွာ ဆိုလေသည်။
" စိတ်ဖြင့် လေ့လာတယ်ဆိုတာက ကိုယ့်စိတ်ကို ငြိမ်သက်အောင်ထားပြီး ဘယ်တာအိုက ကိုယ့်နဲ့ ပိုပြီး ပေါင်းစပ်မိသလဲ… ကိုယ့်နဲ့ ဘယ်တာအိုက ပိုပြီး အဆင်ပြေမလဲဆိုတာကို နားလည်အောင် လုပ်တာပါ… အဲဒီလိုနဲ့ ကိုယ်နဲ့ ကိုက်ညီနိုင်တဲ့ တာအိုတွေကို အရင်ရွေးထုတ်လိုက်ပါ… ပြီးရင်တော့ စွမ်းအားနဲ့ သက်သေပြရမယ်… ရွေးချယ်ထားတဲ့ တာအိုတွေကို ကိုယ့်စွမ်းအားတွေ လွှတ်သွင်းပြီး တစ်ခုချင်းစီ စမ်းသပ်ကြည့်ပါ… ဘယ်တာအိုက ကိုယ့်နဲ့ အဆင်ပြေဆုံးလဲ… ဘယ်တာအိုက အသုံးပြုရတာ အထစ်အငေါ့ မရှိဘူးလဲဆိုတာ သိလာလိမ့်မယ်… အဲဒီအခါ အဲဒီတာအိုက တာအိုမိတ်ဆွေအတွက် အသင့်တော်ဆုံးပဲ "
ရှောင်လင်ဧကရီ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကုချန်မှာ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ ဤနည်းလမ်းမှာ အမှောင်ထဲတွင် လမ်းလျှောက်နေရသည်ထက် များစွာ ပိုမို ထိရောက်မှု ရှိသည်မှာ အမှန်ပင် ဖြစ်လေသည်။