အခန်း ၅၆၇
Vol. 41 Ch. 567
အခန်း ( ၅၆၇ ) - လူတစ်ယောက်ကို သတိထားပါ၊ အတိတ်ဖြစ်ရပ်နှင့် မကောင်းဆိုးဝါး ကြိုတင်နိမိတ်
" တကယ်တော့ တာအိုတစ်ခုကို ရွေးချယ်ဖို့ ပုံသေနည်းလမ်းဆိုတာ မရှိပါဘူး... တာအိုမိတ်ဆွေ ကျင့်ကြံမယ့် မဟာတာအိုကို ဆုံးဖြတ်နိုင်ဖို့ ကူညီပေးနိုင်တဲ့ ဘယ်နည်းလမ်းမဆို အသုံးဝင်တာပါပဲ "
ရှောင်လင်ဧကရီမှ ဆက်၍ ပြောဆိုလေသည်။
" ကျွန်မ ပြောပြခဲ့တဲ့ နည်းလမ်းက ဝိညာဉ်တစ်သောင်း တာအိုကျမ်းစာထဲမှာလည်း မှတ်တမ်းတင်ထားပါတယ်... ကျွန်မကိုယ်တိုင်လည်း ဝိညာဉ်တာအိုကို ရွေးချယ်ဖို့ ဒီနည်းလမ်းကိုပဲ အသုံးပြုခဲ့တာပါ... တာအိုမိတ်ဆွေရဲ့ တာအိုကို ရွေးချယ်တဲ့အခါ ဒီနည်းလမ်းကို သုံးနိုင်ပေမယ့် တစ်သဝေမတိမ်း လိုက်နာဖို့တော့ မလိုပါဘူး... တာအိုမိတ်ဆွေနဲ့ ပိုပြီး ကိုက်ညီမယ့် နည်းလမ်းတစ်ခုခုလည်း ရှိနိုင်ပါသေးတယ် "
" ကျွန်တော် နားလည်ပါပြီ "
ကုချန် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။
ရှောင်လင်ဧကရီ၏ ဆိုလိုရင်းကို သူ သဘာဝကျကျပင် နားလည်လေသည်။ ထို့အပြင် ဤအယူအဆကို ကုမိသားစုမှ မျိုးဆက်သစ်များအား သူ အကြိမ်ကြိမ် ပြောပြခဲ့ဖူးသည်။ ' ငါ့ထံမှ သင်ယူသူ ရှင်သန်၍ ငါ့ကို အတုခိုးသူ သေဆုံးမည် ' ဟူ၍ပင်။
ရှောင်လင်ဧကရီ သင်ပေးသော နည်းလမ်းကို သူ သင်ယူနိုင်သော်လည်း လုံးလုံးလျားလျား ကူးယူ၍ကား မရပေ။ မိမိကိုယ်ပိုင် လမ်းကြောင်းကို ဖောက်လုပ်ခြင်းကသာ သူ့အတွက် အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်သည်။ ဤသဘောတရားမှာ သမိုင်းတစ်လျှောက်လုံး အမှန်တရားပင် ဖြစ်ခဲ့လေသည်။
" တာအိုမိတ်ဆွေမှာ တခြားကိစ္စ ရှိသေးလား "
ကုချန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ရှောင်လင်ဧကရီမှ ဆက်၍မေးမြန်းလိုက်သည်။
" လောလောဆယ်တော့ မရှိသေးပါဘူး... နောက်နောင် မေးစရာရှိလာရင်လည်း ရှောင်လင်ဧကရီအနေနဲ့ တွန့်ဆုတ်မနေဘဲ လမ်းညွှန်ပြသပေးဖို့ မျှော်လင့်ပါတယ် "
ကုချန်သည် လက်အုပ်ချီကာ ပြုံးလျက် ဆိုလေသည်။
ရှောင်လင်ဧကရီသည် ပြီးပြည့်စုံသော ဝိညာဉ်တစ်သောင်း တာအိုကျမ်းစာကို နားလည်သဘောပေါက်ရန် စိတ်အားထက်သန်နေမည်ကို သူ သိထားသဖြင့် ကြာကြာနေရန် မရည်ရွယ်တော့ဘဲ သူ့အား ချက်ချင်းပင် နှုတ်ဆက်လိုက်၏။
" အို... ဟုတ်သားပဲ... နောက်ထပ် တစ်ခုကျန်သေးတယ် "
ရှောင်လင်ဧကရီသည် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် လှည့်ထွက်သွားမည့် ကုချန်အား သတိပေးလိုက်လေသည်။
" တာအိုမိတ်ဆွေအနေနဲ့ လူတစ်ယောက်ကို သတိထားဖို့ လိုလိမ့်မယ် "
လူတစ်ယောက်ကို သတိထားရမယ်?
ကုချန် အနည်းငယ် အံ့အားသင့်သွား၏။ ရှောင်လင်ဧကရီမှ သူ့ကို သတိထားခိုင်းမည်ကို သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ရှောင်လင်ဧကရီ၏ စကားအရ သူ သတိထားသင့်သော သူများဆိုသည်မှာ အင်မော်တယ်နယ်မြေရှိ အခြားသော အင်မော်တယ်ဧကရာဇ်များသာ ဖြစ်မည်မှာ သေချာလှပေသည်။
သို့သော် အင်မော်တယ်နယ်မြေသို့ ရောက်လာပြီးကတည်းက မည်သည့် အင်မော်တယ်ဧကရာဇ်ကိုမျှ သူ မစော်ကားမိခဲ့ဟု ကုချန် ယုံကြည်ထား၏။ အမှန်စင်စစ် သူသည် အစစ်အမှန် အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများထဲမှ ရှောင်လင်ဧကရီ တစ်ပါးတည်းနှင့်သာ ဆုံတွေ့ဖူးရာ အခြား အင်မော်တယ်ဧကရာဇ်များကို မည်သို့လုပ်၍ စော်ကားမိမည်နည်း။ ထိုသို့ဆိုလျှင် ရှောင်လင်ဧကရီက အဘယ်ကြောင့် သူ့ကို သတိထားရန် ပြောရသနည်း။
" တာအိုမိတ်ဆွေ သတိထားရမှာက ရှီဧကရာဇ်ပဲ "
ရှောင်လင်ဧကရီသည် သူ၏လက်ကို အနည်းငယ် မြှောက်လိုက်ရာ ကျယ်ပြောလှသော ကြယ်အလင်းတန်းပင်လယ်ကြီး လိမ့်တက်လာပြီး သူနှင့် ကုချန်တို့ နှစ်ဦးစလုံးကို လွှမ်းခြုံသွားလေသည်။ဤသည်မှာ သူဆက်ပြောမည့်စကားများ ပေါက်ကြားသွားမည်ကို စိုးရိမ်နေသည့်အလားပင်။
ရှီဧကရာဇ်?
ကုချန်၏ မျက်လုံးများထဲတွင် ရှုပ်ထွေးမှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။ သူသည် ဤနာမည်ကို အရင်က တစ်ခါမျှပင် မကြားဖူးခဲ့ရာ တစ်ဖက်လူကို မည်သို့လုပ်၍ စော်ကားမိမည်နည်း။
" ဒီ ရှီဧကရာဇ်နဲ့ တစ်ခါမှ မဆုံဖူးပေမယ့် တာအိုမိတ်ဆွေ သတ်လိုက်တဲ့ လူတစ်ယောက်ကြောင့် သူ့ကို သွယ်ဝိုက်ပြီး စော်ကားသလို ဖြစ်သွားခဲ့တယ် "
ရှောင်လင်ဧကရီမှ ရှင်းပြလေသည်။
" အဲဒီလူက ယန်ကူအင်မော်တယ်ဘုရင်ပဲ "
ယန်ကူအင်မော်တယ်ဘုရင်.....
ဤနာမည်နှင့် ကုချန် အလွန် ရင်းနှီးကျွမ်းဝင်ပေသည်။ ကုချန်သည် သူ့ကို သတ်ဖြတ်ခဲ့ရုံသာမက သူ့ထံမှ အင်မော်တယ်ဘုရင် စစ်ပွဲအလံတစ်ခုကိုပါ ရရှိခဲ့ပြီး ၎င်းကို အဆုံးမဲ့ဓားထဲသို့ ပေါင်းစပ်ကာ ဧကရာဇ်တစ်ပိုင်း လက်နက်အဖြစ်သို့ ပြောင်းလဲရန် ကူညီပေးခဲ့သည်။
သို့သော် ထိုယန်ကူအင်မော်တယ်ဘုရင်နှင့် ဤရှီဧကရာဇ်တို့ကြားတွင် မည်သို့သော ဆက်စပ်မှု ရှိနေသနည်း။ ဤအခိုက်အတန့်တွင် ယန်ကူအင်မော်တယ်ဘုရင် သေခါနီးအချိန်က ရူးသွပ်စွာ အော်ဟစ်ခဲ့မှုများကို သူ ရုတ်တရက် သတိရသွားခဲ့၏။
အင်မော်တယ်နယ်မြေနှင့် နတ်ဆိုးနယ်မြေ နှစ်ခုစလုံး၏ အကြီးမားဆုံး လျှို့ဝှက်ချက်သည် သူ၏ ကိုယ်ထဲတွင် ပုန်းကွယ်နေပြီး သူသေသွားပါက ထိုအဘိုးကြီးများက အလွတ်ပေးမည်မဟုတ်ကြောင်း ပြောခဲ့ဖူးသည်။
ယန်ကူအင်မော်တယ်ဘုရင် ပြောခဲ့သော ထိုအဘိုးကြီးများထဲတွင် ဤရှီဧကရာဇ်လည်း တစ်ပါးအပါအဝင် ဖြစ်နေမည်လော။
" ရှေးခေတ်တုန်းက အင်မော်တယ်နယ်မြေနဲ့ နတ်ဆိုးနယ်မြေကြားမှာ စစ်ပွဲဖြစ်ပွားခဲ့တယ်... အဲဒီ ယန်ကူအင်မော်တယ်ဘုရင်က စစ်မြေပြင်ပေါ်က သေးငယ်တဲ့ အင်မော်တယ်ဘုရင်တစ်ပါးသာသာပါပဲ "
ရှောင်လင်ဧကရီမှ အေးဆေးစွာ ပြောဆိုလေသည်။
" ဒါပေမယ့် နယ်မြေနှစ်ခုကြားက စစ်ပွဲ အထွတ်အထိပ်ကို ရောက်ချိန်မှာ အင်မော်တယ်ဘုရင်တွေနဲ့ အင်မော်တယ်ဧကရာဇ်တွေပါ ဆက်တိုက် ကျဆုံးနေခဲ့တယ်... အဲဒီအချိန်မှာ အင်မော်တယ်ဧကရာဇ်အဆင့်ကို ကျော်လွန်နေတဲ့ ကြီးမားလှတဲ့ စွမ်းအားတစ်ခုက နတ်ဆိုးနယ်မြေရဲ့ အနက်ရှိုင်းဆုံး နေရာကနေ ထွက်ပေါ်လာခဲ့ပြီးတော့ အင်မော်တယ်ဧကရာဇ် အတော်များများကို ဆက်တိုက် ဒဏ်ရာအပြင်းအထန် ရသွားစေခဲ့တယ်... ဒါကြောင့် အင်မော်တယ်နယ်မြေဘက်က ရှေ့တန်းစစ်မျက်နှာတွေကို နောက်ဆုတ်ခဲ့ရပြီး ကမ္ဘာပေါင်းများစွာက စခန်းတွေကို ရုပ်သိမ်းခဲ့သလို ရှေ့ဆက်လဲမတက်ရဲကြတော့ဘူး "
" အဲဒီ အမြင့်ဆုံး စွမ်းအားကြီး ဖြတ်သန်းသွားတဲ့ နေရာမှာ ဒဏ်ရာအပြင်းအထန်ရသွားတဲ့ အင်မော်တယ်ဧကရာဇ်တွေကလွဲရင် ပါဝင်ပတ်သက်မိတဲ့ သက်ရှိအားလုံး သေဆုံးသွားခဲ့တယ်... အင်မော်တယ်ဘုရင်တွေတောင် ချက်ချင်း ပေါက်ကွဲသွားပြီး အရိုးတောင် မကျန်ခဲ့ဘူး... ဒါပေမယ့် ချွင်းချက်တစ်ခုတော့ ရှိခဲ့တယ် "
" အဲဒီလူက ယန်ကူအင်မော်တယ်ဘုရင်လား "
ကုချန်သည် ရလဒ်ကို ကြိုတင် ခန့်မှန်းမိနေပုံရလေသည်။
" မှန်ပါတယ်... အဲဒါ ယန်ကူအင်မော်တယ်ဘုရင်ပါပဲ "
ရှောင်လင်ဧကရီသည် အနည်းငယ် ခေါင်းညိတ်လိုက်၏။
" ဒါက အံ့ဖွယ်တစ်ခုဆိုတာထက် မပိုပါဘူး... အဲဒီစွမ်းအားကြီးထဲမှာ ပါသွားတဲ့ တခြား အင်မော်တယ်ဘုရင်တွေ အားလုံးက ချွင်းချက်မရှိ ချက်ချင်း ပေါက်ကွဲသွားပြီး... သူတို့ရဲ့ ရုပ်ခန္ဓာရော နတ်ဝိညာဉ်ပါ သေဆုံးသွားခဲ့ရတယ် "
" ယန်ကူရဲ့ ရုပ်ခန္ဓာတစ်ခုပဲ လုံးဝ အထိအခိုက်မရှိ ကျန်ရစ်ခဲ့တာ... သူ့ရဲ့ နတ်ဝိညာဉ်ကတော့ သေးငယ်တဲ့ ရိုက်ခတ်မှုတချို့ကို ခံလိုက်ရလို့ သူ ရူးသွပ်သွားခဲ့တာပါ... အဲဒီအချိန်က အင်မော်တယ်နယ်မြေက အင်မော်တယ်ဧကရာဇ် တော်တော်များများက ဒီအချက်ကို သတိထားမိခဲ့ကြတယ်... သူတို့ရဲ့ ခန့်မှန်းချက်တွေအရ ဖြစ်နိုင်ခြေ နှစ်ခုပဲ ရှိတယ်... တစ်ခုကတော့ ဒီယန်ကူဟာ ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ကျန်ရစ်ခဲ့တာဆိုတာပဲ "
" ဒုတိယတစ်ခုကတော့ ဒီအရာအားလုံးဟာ နတ်ဆိုးနယ်မြေ အနက်ရှိုင်းဆုံးက အမြင့်ဆုံး တည်ရှိမှုက တမင်တကာ လုပ်ဆောင်ခဲ့တာဆိုတာပဲ... ဒါကြောင့် အဲဒီနေ့ကစပြီး အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှု တော်တော်များများရဲ့ အကြည့်တွေက ယန်ကူအင်မော်တယ်ဘုရင်ဆီကို ကျရောက်ခဲ့ပြီးတော့... ဧကရာဇ်အဆင့်အထက်နဲ့ သက်ဆိုင်တဲ့ လျှို့ဝှက်ချက်တချို့ကို သူ့ဆီကနေ သိရဖို့ ကြိုးစားခဲ့ကြတယ် "
ဒီလိုကိုး.....
ရှောင်လင်ဧကရီ၏ ပြောပြချက်ကို နားထောင်ရင်း ကုချန်၏မျက်နှာတွင် ရုတ်တရက် သဘောပေါက်သွားသည့် အမူအရာ ပေါ်လာခဲ့၏။ နောက်ဆုံးတွင် အရာအားလုံးကို သူ နားလည်သွားခဲ့လေပြီ။
ယန်ကူအင်မော်တယ်ဘုရင် သေခါနီးတွင် ထိုကဲ့သို့ ပြောခဲ့သည်မှာ မထူးဆန်းတော့ချေ။ သူသည် အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများ၏ စောင့်ကြည့်ခြင်းကို အမြဲတမ်း ခံနေရကြောင်း သူကိုယ်တိုင် သိထားပုံရလေသည်။
သို့သော် ရှောင်လင်ဧကရီ ပြောခဲ့သော နတ်ဆိုးနယ်မြေ၏ အမြင့်ဆုံး တည်ရှိမှုဆိုသည်မှာ ယခင်က သူ စူးစမ်းလေ့လာစဉ် နတ်ဆိုးနယ်မြေ၏ အဆုံးရှိ မဟာသန့်စင်သော နယ်မြေတွင် သူ ရှာဖွေတွေ့ရှိခဲ့သော တည်ရှိမှုပင်လော။
ထိုတည်ရှိမှုက မည်သည့် အခြေအနေတွင် ရှိနေသည်ကို ကုချန် မသိခဲ့သော်လည်း တစ်ခုတည်းသော သေချာမှုမှာ တစ်ဖက်လူသည် နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုတစ်ခု လုံးဝ မဟုတ်ဘဲ နတ်ဆိုးဧကရာဇ်အဆင့်ကို ကျော်လွန်သော တာအိုအရှင်သခင်အဆင့် တည်ရှိမှုတစ်ခု ဖြစ်ရန် ဖြစ်နိုင်ခြေများလွန်းလေသည်။
ဧကရာဇ်အဆင့်ကို ကျော်လွန်သော စွမ်းအားတစ်ခုကို ရုတ်တရက် ခံစားမိသွားခြင်းနှင့် ၎င်းမှာ အနာဂတ်တွင် သူတို့ကိုယ်တိုင် အဆင့်တက်လှမ်းရန် လမ်းကြောင်းနှင့် သက်ဆိုင်နေသောကြောင့် ထိုအင်မော်တယ်ဧကရာဇ်များက ယန်ကူအင်မော်တယ်ဘုရင်ကို အာရုံစိုက်နေကြသည်မှာ ယုတ္တိရှိလှပေသည်။
သို့သော် နတ်ဆိုးနယ်မြေ အနက်ရှိုင်းဆုံးရှိ ထိုတည်ရှိမှုသည် ယန်ကူအင်မော်တယ်ဘုရင်၏ အသက်ကို အဘယ်ကြောင့် ချမ်းသာပေးခဲ့သနည်း။ တစ်ဖက်လူသည် ဤယန်ကူအင်မော်တယ်ဘုရင်အပေါ်တွင် အကြံအစည် တစ်ခုခုများ ရှိနေခဲ့သည်လော။
သို့သော် အစောပိုင်းက ထိုယန်ကူကို သူ သတ်ဖြတ်ခဲ့စဉ်က မည်သည့် ထူးခြားမှုကိုမျှ သူ မခံစားခဲ့ရချေ။ မကောင်းဆိုးဝါး ကြိုတင်နိမိတ်တစ်ခု ကုချန်၏ နှလုံးသားထဲတွင် ရုတ်တရက် ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့၏။
ယန်ကူအင်မော်တယ်ဘုရင် အသက်ရှင်ကျန်ရစ်ခဲ့ခြင်းမှာ သူ၏ ကံကောင်းမှုနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိသည်မှာ သေချာလှပေသည်။
၎င်းမှာ အင်မော်တယ်ဧကရာဇ်အဆင့်ကို ကျော်လွန်သော တည်ရှိမှုတစ်ခု၏ လှုပ်ရှားမှုပင် ဖြစ်သည်။ ၎င်း၏ အငွေ့အသက်များ လွှမ်းခြုံသွားမှုကြောင့် အင်မော်တယ်ဧကရာဇ်များပင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ရာ သူလို သေးငယ်သော အင်မော်တယ်ဘုရင်တစ်ပါးအတွက်ဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။
ယန်ကူအင်မော်တယ်ဘုရင် အသက်ရှင်ကျန်ရစ်ခြင်းအတွက် တစ်ခုတည်းသော ရှင်းပြချက်မှာ နတ်ဆိုးနယ်မြေ အနက်ရှိုင်းဆုံးက ထိုကြီးကျယ်ခမ်းနားသော တည်ရှိမှုသည် သူ၏အသက်ကို တမင်တကာ ချမ်းသာပေးခဲ့ခြင်းပင်! ထို့အပြင် တစ်ဖက်လူ ထိုသို့လုပ်ဆောင်ရခြင်း၏ အကြောင်းရင်းကလည်း ရှင်းလင်းနေလေသည်။
ထိုသို့မဟုတ်ဘဲ တစ်ဖက်လူ၏ အမြင်တွင် ဤယန်ကူအင်မော်တယ်ဘုရင်သည် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်ရာ အဘယ်ကြောင့် သူ့ကို အထူးတလည် ချမ်းသာပေးမည်နည်း။
ရှောင်လင်ဧကရီ ပြောခဲ့သော ရှီဧကရာဇ်နှင့် အခြားသူများသည်လည်း ဤအချက်ကို သိရှိထားကြောင်း ရှင်းလင်းနေပြီး ထို့ကြောင့်ပင် သူတို့သည် ယန်ကူအင်မော်တယ်ဘုရင်အပေါ် အာရုံစိုက်ထားခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ယခုအခါ သူသည် ထိုယန်ကူကို အလွယ်တကူ သတ်ဖြတ်လိုက်ပြီ ဖြစ်၏။
အကယ်၍ နတ်ဆိုးနယ်မြေမှ ထိုကြီးကျယ်ခမ်းနားသော တည်ရှိမှုသည် ယန်ကူအင်မော်တယ်ဘုရင်အပေါ် အကြံအစည်တစ်ခုခု ရှိခဲ့ပါက သူ ဤမျှ အလွယ်တကူ သေဆုံးသွားစေရန် ခွင့်ပြုခဲ့မည် မဟုတ်ပေ။
နတ်ဆိုးနယ်မြေရှိ တည်ရှိမှု၏ အကြံအစည်သည် ယန်ကူအင်မော်တယ်ဘုရင်ထံမှ သူ့ထံသို့ ကူးပြောင်းသွားခဲ့ခြင်းလော။
အဆုံးမဲ့ဓားနှင့် အင်မော်တယ်ဘုရင် စစ်ပွဲအလံ ပေါင်းစပ်သွားစဉ်က စစ်ပွဲအလံထဲသို့ ပေါင်းစပ်ဝင်ရောက်သွားသော အနက်ရောင်မြူခိုးများကို ကုချန် ရုတ်တရက် တွေးမိသွားလေတော့သည်။