← Chapters

အခန်း ၅၆၈

Vol. 41 Ch. 568

အခန်း ၅၆၈

Vol. 41 Ch. 568

အခန်း ( ၅၆၈ ) - ပြင်ပအရာများကို အားထားခြင်း၊ အသုံးမကျသော အင်မော်တယ်ဧကရာဇ်နှင့် ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်တော့မည်

‎

‎

‎ထိုစဉ်က အင်မော်တယ်ဘုရင် စစ်ပွဲအလံကို ပေါင်းစပ်နေချိန်၌ ၎င်းထံမှ အနက်ရောင်မြူခိုးများ ထွက်ပေါ်လာကာ အဆုံးမဲ့ဓားထဲသို့ ဝင်ရောက်သွားခဲ့ပြီး တစ်ချိန်တည်းမှာပင် အင်မော်တယ်နယ်မြေနှင့် နတ်ဆိုးနယ်မြေတို့ကြားက ရှေးဟောင်းစစ်ပွဲ၏ မြင်ကွင်းတစ်စိတ်တစ်ပိုင်းကို ကုချန်အား မြင်တွေ့ခွင့် ရစေခဲ့သည်။

‎

‎သို့သော် ထိုအချိန်က ကုချန်သည် အခြားအရာများကို ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ဘဲ ၎င်းမှာ ရှေးဟောင်းစစ်ပွဲတစ်ခုအတွင်း စစ်မြေပြင်တွင် ဖြစ်တည်လာသော ကြေကွဲဖွယ် သတ်ဖြတ်လိုစိတ်များနှင့် စွဲလမ်းမှုများ၏ ကြွင်းကျန်ရစ်သော ပုံရိပ်တစ်ခုမျှသာ ဖြစ်သည်ဟု ထင်မှတ်ခဲ့၏။

‎

‎သို့သော် ယခု ယွဲ့လင်အင်မော်တယ်ဧကရာဇ် ပြောပြပြီးနောက်တွင်မှ သူ ထိုစဉ်က တွေးတောခဲ့မှုမှာ အတော် ရိုးရှင်းလွန်းနေခဲ့ကြောင်း ကုချန် သဘောပေါက်သွားခဲ့လေသည်။

‎

‎ထိုအနက်ရောင်မြူခိုးများသည် နတ်ဆိုးနယ်မြေ အနက်ရှိုင်းဆုံးရှိ တည်ရှိမှု၏ လွှမ်းမိုးမှုကြောင့် ထွက်ပေါ်လာသော အရာဖြစ်ကြောင်း ရှင်းလင်းလှပေသည်။

‎

‎ထိုတည်ရှိမှုက အဘယ်ကြောင့် ဤသို့ ပြုလုပ်ခဲ့သနည်းနှင့် ယန်ကူအင်မော်တယ်ဘုရင်ကို အဘယ်ကြောင့် ရွေးချယ်ခဲ့သည်ကိုမူ ကုချန် မသိခဲ့ပေ။

‎

‎ကုချန်သည် အချိန်အတော်ကြာ တွေးတောနေခဲ့သော်ငြား အဖြေရှာမတွေ့နိုင်ခဲ့သဖြင့် သက်ပြင်းချလိုက်မိ၏။ လက်ရှိတွင် သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ ဝါရင့် အင်မော်တယ်ဧကရာဇ်များနှင့် ယှဉ်ပြိုင်နိုင်လောက်ပြီ ဖြစ်သော်လည်း နတ်ဆိုးနယ်မြေ၏ မဟာသန့်စင်သော နယ်မြေရှိ တည်ရှိမှုနှင့်မူ များစွာ ကွာဟနေသေးသည်။

‎

‎အင်အားနှင့် အဆင့်အတန်း ကွာဟချက် ကြီးမားနေချိန်တွင် တစ်ဖက်လူ ဘာတွေးနေသည်ကို ခန့်မှန်းရန် ကြိုးစားခြင်းက ကောင်းကင်တက်ရသည်ထက်ပင် ပို၍ ခက်ခဲပေသည်။ တူညီသော အဆင့်တစ်ခုသို့ မရောက်ရှိပါက အချို့အရာများကို မည်သည့်အခါမျှ နားလည်နိုင်မည် မဟုတ်သလို တစ်ဖက်လူ အမှန်တကယ် ဘာတွေးနေသည်ကိုလည်း လုံးဝ ခန့်မှန်းနိုင်မည် မဟုတ်ချေ။

‎

‎" ဒါပေမယ့် ယန်ကူအင်မော်တယ်ဘုရင်ကို သတ်လိုက်ရုံနဲ့ အဲဒီ ရှီဧကရာဇ်ဆိုတဲ့သူက ကျွန်တော့်ကို ပစ်မှတ်ထားလာမှာလား "

‎

‎နတ်ဆိုးနယ်မြေ အနက်ပိုင်းရှိ တည်ရှိမှုနှင့် သက်ဆိုင်သော ကိစ္စကို ယာယီ ဘေးဖယ်ထားလိုက်ကာ ကုချန်သည် ခေါင်းခါလျက် အနည်းငယ် အထင်သေးသော လေသံဖြင့် ပြောဆိုလိုက်၏။

‎

‎ရှောင်‌လင်ဧကရီ၏ စကားအရ ရှီဧကရာဇ် အပါအဝင် အင်မော်တယ်နယ်မြေရှိ ရှေးဟောင်း အင်မော်တယ်ဧကရာဇ် တစ်စုသည် အင်မော်တယ်ဧကရာဇ်အဆင့်ကို ကျော်လွန်နိုင်မည့် သူတို့၏ မျှော်လင့်ချက်များနှင့် အခွင့်အရေးများ အားလုံးကို ယန်ကူအင်မော်တယ်ဘုရင်အပေါ်တွင် ပုံအပ်ထားခဲ့ပုံ ရလေသည်။

‎

‎ဤသည်မှာ ရယ်စရာကောင်းလွန်းလှပေသည်။

‎

‎နတ်ဆိုးနယ်မြေမှ ထိုတည်ရှိမှုသည် ယန်ကူအင်မော်တယ်ဘုရင်အပေါ် တစ်စုံတစ်ခု အမှန်တကယ် ချန်ထားခဲ့သည်ဆိုလျှင်တောင် ဘာဖြစ်သနည်း။ အင်မော်တယ်ဧကရာဇ်အဆင့်တွင် မိမိကိုယ်ကိုယ်သာ အားကိုးရမည် ဖြစ်သည်။

‎

‎မရေမတွက်နိုင်သော ကပ်စက်ဝန်းများတစ်လျှောက် မည်သည့် တာအိုအရှင်သခင်ကမျှ သက်ရှိများစွာကြားမှ ကောင်းကင်ဘုံများအားလုံးကို ကျော်လွန်သွားသည်အထိ သူတို့ကိုယ်သူတို့သာ အားမကိုးဘဲ နေခဲ့သနည်း။

‎

‎ထိုတာအိုအရှင်သခင်များ၏ အတန်ဖိုးထားရဆုံးသော မျိုးဆက်များအတွက်ပင်လျှင် တာအိုအရှင်သခင်များသည် သူတို့ကို ကောင်းကင်ဘုံများဆီသို့ စေလွှတ်ကာ သူတို့၏တာအိုကို သက်သေပြရန် အခွင့်အရေးတစ်ခုသာ ပေးခဲ့ကြပြီး သူတို့၏လုပ်ရပ်များကို မည်သည့်အခါမျှ ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့သလို အကူအညီလည်း မပေးခဲ့ကြချေ။

‎

‎ယခုမူ ဤအင်မော်တယ်နယ်မြေ၏ ရှေးဟောင်း အင်မော်တယ်ဧကရာဇ်များသည် နတ်ဆိုးနယ်မြေမှ အမြင့်ဆုံး တည်ရှိမှုတစ်ခုထံမှ အဆင့်တက်လှမ်းနိုင်မည့် အခွင့်အရေးကို ရရှိရန် မျှော်လင့်နေကြဆဲပင်။ ဤသည်ကို ရယ်စရာမကောင်းဟု မည်သို့ ဆိုနိုင်မည်နည်း။

‎

‎" တခြား အင်မော်တယ်ဧကရာဇ်တွေကတော့ ကိစ္စမရှိပါဘူး... ယန်ကူ သေသွားပေမယ့်လည်း အဲ့ဒါက ကျွန်မရဲ့ နယ်မြေထဲမှာ ဖြစ်သွားတာလေ... သူတို့ မကျေနပ်ရင်တောင် သိပ်ပြောနေမှာ မဟုတ်ဘူး "

‎

‎ရှောင်‌လင်ဧကရီမှ အေးဆေးတည်ငြိမ်စွာ ပြောဆိုလေသည်။

‎

‎" ဒီ ရှီဧကရာဇ် တစ်ပါးပဲ... သူက အင်မော်တယ်နယ်မြေရဲ့ ရှေးဟောင်း အင်မော်တယ်ဧကရာဇ်တွေထဲက တစ်ပါးလို့ သတ်မှတ်ခံရပေမယ့် အဲဒီတုန်းက ဧကရာဇ်တစ်ပါးဖြစ်ဖို့ သူ့ရဲ့တာအိုကို မနည်း သက်သေပြခဲ့ရတာ... ကောလာဟလတွေအရ သူ တာအိုကို ရွေးချယ်တုန်းက မဟာတာအို တစ်ခုတည်းပဲ ပေါ်လာခဲ့ပြီး အဲဒီတာအိုကတောင် သူ့ကို စွန့်ပစ်လုနီးပါး ဖြစ်ခဲ့တယ်တဲ့... ဒါကြောင့် ရှီဧကရာဇ်ရဲ့ အရည်အချင်းက သာမန်ပဲ... အရမ်းကို သာမန်ဖြစ်လွန်းတယ်လို့ သတ်မှတ်လို့ရတယ် "

‎

‎ရှီဧကရာဇ်အပေါ် ရှောင်‌လင်ဧကရီ၏ အကဲဖြတ်မှုကို နားထောင်ရင်း ကုချန်သည် ရယ်မောလိုက်မိ၏။

‎

‎မည်သို့ပင်ဆိုစေ ဤရှီဧကရာဇ်မှာ အင်မော်တယ်နယ်မြေ၏ ရှေးဟောင်း အင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်သော်လည်း ရှောင်‌လင်ဧကရီ၏ အပြောတွင်မူ အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။ သူ၏ရှေ့မှ ရှောင်‌လင်ဧကရီမှသာလျှင် ရှေးဟောင်း အင်မော်တယ်ဧကရာဇ်တစ်ပါးအား ဤကဲ့သို့ အကဲဖြတ်ဝံ့မည် ဖြစ်သည်။

‎

‎" ဒီ ရှီဧကရာဇ်ရဲ့ အရည်အချင်းက အရမ်း ညံ့ဖျင်းပြီး အင်မော်တယ်ဧကရာဇ်အဆင့်ကို ကျော်လွန်ဖို့ သူ့ကိုယ်ပိုင် အင်အားနဲ့ အခွင့်အရေး မရှိတော့တာကြောင့် ပြင်ပအရာတွေအပေါ် သူ့ရဲ့ မျှော်လင့်ချက်တွေ အားလုံးကို ပုံအပ်ထားတာလား "

‎

‎ရှောင်‌လင်ဧကရီ၏ စကားကို ကြားပြီးနောက် ကုချန်သည် အဖြေကို ချက်ချင်း ခန့်မှန်းမိလိုက်၏။

‎

‎" ဟုတ်ပါတယ် "

‎

‎ရှောင်‌လင်ဧကရီသည် သဘောတူသည့် မျက်လုံးများဖြင့် အနည်းငယ် ခေါင်းညိတ်လိုက်၏။

‎

‎" အင်မော်တယ်ဧကရာဇ်အဆင့်က ဒီအင်မော်တယ်နယ်မြေရဲ့ အမြင့်ဆုံးဖြစ်ပြီး သက်ရှိ သန်းထောင်ချီ အိပ်မက်မက်ကြတဲ့ အထွတ်အထိပ်နေရာဆိုတာကို တာအိုမိတ်ဆွေလည်း သိမှာပါ... ဒါပေမယ့် တကယ်တမ်း ဒီအဆင့်ကို ရောက်သွားတဲ့သူတွေထဲမှာ... ဒီကောင်းကင်ဘုံတွေကို ကျော်လွန်ပြီး အင်မော်တယ်ဧကရာဇ်အဆင့်ကို ကျော်လွန်တဲ့ ကြီးမြတ်တဲ့ တည်ရှိမှုတစ်ခု ဖြစ်လာဖို့... အိပ်မက်မမက်တဲ့သူ ဘယ်သူရှိလို့လဲ"

‎

‎သာမန် သက်ရှိ သန်းထောင်ချီ၏ အမြင်တွင် အင်မော်တယ်ဧကရာဇ်အဆင့်သို့ ရောက်ရှိခြင်းသည်ပင် ဤဘဝအတွက် လုံးဝ ကျေနပ်စရာ ကောင်းနေပြီ ဖြစ်နိုင်ပေသည်။

‎

‎သို့သော် အမှန်တရားမှာ အင်မော်တယ်ဧကရာဇ်အဆင့်သို့ ရောက်ရှိနိုင်သူတိုင်းသည် မိမိကိုယ်ကိုယ် ကျေနပ်ရောင့်ရဲနေမည် မဟုတ်ဘဲ အင်မော်တယ်ဧကရာဇ်အဆင့်ကို ထိုးဖောက်ကျော်လွန်လိုသည့် ပြင်းပြသော စွဲလမ်းမှုမျိုး အားလုံးတွင် ရှိကြလေသည်။ ဤသို့သာ မဟုတ်လျှင် သူတို့သည် အင်မော်တယ်ဧကရာဇ်ဟူသော ကြီးမြတ်သည့် နေရာကို ရရှိခဲ့ကြမည် မဟုတ်ပေ။

‎

‎ထို့ကြောင့် ရှီဧကရာဇ် အင်မော်တယ်ဧကရာဇ်အဆင့်သို့ တက်လှမ်းစဉ်ကလည်း သဘာဝကျကျပင် အတူတူသာ ဖြစ်ခဲ့လိမ့်မည်။ သို့သော် ကံဆိုးစွာဖြင့် သူ၏အရည်အချင်းမှာ နိမ့်ကျလွန်းနေပြီး သူ၏ကိုယ်ပိုင်အင်အားဖြင့် အင်မော်တယ်ဧကရာဇ်အဆင့်ကို ကျော်လွန်ရန် ကြိုးစားခြင်းက စိတ်ကူးယဉ် အိပ်မက်တစ်ခုလိုသာ ဖြစ်ကြောင်း သူကိုယ်တိုင် သိထားလေသည်။

‎

‎ယင်းအချက်ကြောင့်ပင် သူသည် ပြင်ပအရာများအပေါ် မျှော်လင့်ချက်နှင့် စိတ်ကူးယဉ်မှုများ ထားရှိခဲ့ခြင်း ဖြစ်သည်။

‎

‎ဤယန်ကူအင်မော်တယ်ဘုရင်သည်လည်း ထိုကိစ္စများထဲမှ တစ်ခုပင် ဖြစ်သည်။

‎

‎ယန်ကူသည် နတ်ဆိုးနယ်မြေ၏ မဟာသန့်စင်သော နယ်မြေရှိ တည်ရှိမှုထံမှ ချီအငွေ့အသက် တစ်မျှင်ဖြင့် လွှမ်းမိုးခံထားရသောကြောင့် ရှီဧကရာဇ်သည် ယန်ကူ၏ကိုယ်ထဲတွင် အင်မော်တယ်ဧကရာဇ်အဆင့်ကို ကျော်လွန်နိုင်မည့် သဲလွန်စတစ်ခု ပျိုးထောင်ထားသည်ဟု ယုံကြည်ကာ အချိန်ကြာမြင့်စွာ စောင့်ကြည့်လေ့လာနေခဲ့ခြင်း ဖြစ်သည်။

‎

‎သို့သော် ယခုအခါ ယန်ကူအင်မော်တယ်ဘုရင်သည် ကုချန်၏သတ်ဖြတ်ခြင်းကို အကြောင်းမဲ့ ခံလိုက်ရလေပြီ။

‎

‎ဤအပေါ်တွင် မျှော်လင့်ချက်များ အားလုံး ပုံအပ်ထားသော ရှီဧကရာဇ်က မည်သို့ လက်ခံနိုင်မည်နည်း။ ယန်ကူအင်မော်တယ်ဘုရင်ကို သတ်ဖြတ်ခဲ့သော တရားခံ ကုချန်အပေါ် သူ အမုန်းတရားများ ပြည့်နှက်နေမည်မှာ သဘာဝကျလှပေသည်။

‎

‎သို့သော် ယွဲ့လင်ဧကရာဇ်ပင်လျှင် ဤရှီဧကရာဇ်ကို အသုံးမကျသူ တစ်ယောက်ဟု ခေါ်ဆိုလုနီးပါး အထင်သေးနေခဲ့သည်။ ထိုသို့သော တည်ရှိမှုကို ကုချန်က မည်သို့ ကြောက်ရွံ့နေမည်နည်း။

‎

‎" သူ ကျွန်တော့်ကို လာမရှာရင်တော့ အရာအားလုံး အဆင်ပြေမှာပါ... ဒါပေမယ့် တကယ်လို့ သူသာ လာရှာမယ်ဆိုရင်တော့ သူ ကံဆိုးတာပဲလို့ ပြောရမှာပေါ့ "

‎

‎ကုချန်သည် အေးဆေးတည်ငြိမ်စွာ တုံ့ပြန်လိုက်၏။ ရှီဧကရာဇ်ဆိုသူကို သူ တကယ်ပင် ဂရုမစိုက်ခဲ့ပေ။

‎

‎" အင်း... ကျွန်မက ဒီအတိုင်း သတိပေးရုံပါပဲ... တခြား ရှေးဟောင်း အင်မော်တယ်ဧကရာဇ်တွေကတော့ ရှီဧကရာဇ်လို ပြင်းပြတဲ့ စွဲလမ်းမှုမျိုး မရှိကြပေမယ့် ယန်ကူ သေဆုံးသွားတာက သူတို့ကို အနည်းနဲ့အများတော့ မကျေမနပ် ဖြစ်စေလိမ့်မယ်... တကယ်လို့ ရှီဧကရာဇ်က သွေးထိုးလှုံ့ဆော်ပြီး တာအိုမိတ်ဆွေကို ပစ်မှတ်ထားဖို့ သူတို့နဲ့ ပူးပေါင်းသွားခဲ့ရင်တော့... တာအိုမိတ်ဆွေ အထူးသတိထားရလိမ့်မယ် "

‎

‎ရှောင်‌လင်ဧကရီမှ ကြင်နာစွာ သတိပေးလေသည်။

‎

‎" သတင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ရှောင်‌လင်ဧကရီ "

‎

‎ရှောင်‌လင်ဧကရီ ပြသသော စေတနာကို ကုချန် သဘာဝကျကျပင် လျစ်လျူမရှုနိုင်ဘဲ ကျေးဇူးတင်စကား ဆိုလိုက်၏။

‎

‎" ဒါပေမယ့် ဒီလိုဖြစ်လာဖို့ အလားအလာတော့ မများပါဘူး... တာအိုမိတ်ဆွေမှာ အင်မော်တယ်ဧကရာဇ်အဆင့် တိုက်ခိုက်ရေးစွမ်းအား ရှိနေပြီဆိုတာကို ကျွန်မ သိပေမယ့် ရှီဧကရာဇ်က မသိဘူးလေ... သူ့အမြင်မှာ တာအိုမိတ်ဆွေက သေးငယ်တဲ့ အင်မော်တယ်ဘုရင်လေး တစ်ပါးပဲ ရှိသေးတာ ဖြစ်နိုင်တယ်... တာအိုမိတ်ဆွေကို ကိုင်တွယ်ဖို့ သူ တခြားအင်မော်တယ်ဧကရာဇ်တွေနဲ့ ပူးပေါင်းဖို့ လုံးဝ မလိုအပ်ဘူးပေါ့ "

‎

‎ရှောင်‌လင်ဧကရီသည် သူကိုယ်တိုင် ပူပန်လွန်းနေသည်ဟု တွေးကာ ခေါင်းခါလိုက်၏။

‎

‎ရှီဧကရာဇ်၏ အမြင်တွင် လက်ရှိ ကုချန်သည် အင်မော်တယ်ဘုရင်အဆင့်ရှိ ကောင်လေးတစ်ယောက်မျှသာ ဖြစ်လောက်ပေသည်။ သူ အမှန်တကယ် ကုချန်ကို တိုက်ခိုက်လိုလျှင်ပင် သူတစ်ယောက်တည်းနှင့် လုံလောက်နေမည်ဖြစ်ရာ အခြားအင်မော်တယ်ဧကရာဇ်များကို အဘယ်ကြောင့် ဖိတ်ခေါ်နေမည်နည်း။

‎

‎သို့သော် ယခုအခါ ကုချန်သည် သူ၏ တာအိုသက်သေပြခြင်း အခြေခံကို ပြီးပြည့်စုံစေရန် ဝိညာဉ်တစ်သောင်း တာအိုကျမ်းစာ၏ ဒုတိယပိုင်းကို ရှာဖွေပေးခဲ့ပြီဖြစ်ရာ ကုချန် ကြိုတင် ပြင်ဆင်နိုင်စေရန် သူသိထားသော လျှို့ဝှက်အန္တရာယ်များ အားလုံးကို ပြောပြခြင်းဖြင့် ရှောင်‌လင်ဧကရီက ကျေးဇူးဆပ်လိုခြင်းမှာ သဘာဝကျလှပေသည်။

‎

‎" တခြားကိစ္စ မရှိတော့ဘူးဆိုရင် ကျွန်တော့်ကို သွားခွင့်ပြုပါဦး "

‎

‎ကုချန်သည် ရှောင်‌လင်ဧကရီကို နှုတ်ဆက်ရန် လက်အုပ်ချီလိုက်ပြီးနောက် ကြယ်အလင်းတန်းပင်လယ်မှ ထွက်ခွာကာ လဝိညာဉ်ကောင်းကင်ဘုံသို့ ပြန်သွားလေသည်။

‎

‎ရှောင်‌လင်ဧကရီသည် ပြီးပြည့်စုံသော ဝိညာဉ်တစ်သောင်း တာအိုကျမ်းစာကို ကျင့်ကြံရန် စိတ်အားထက်သန်နေသကဲ့သို့ ကုချန်သည်လည်း သူ၏ အင်မော်တယ်ဧကရာဇ် တာအိုကို မည်သို့ အမြန်ဆုံး မရွေးချယ်ချင်ဘဲ နေမည်လော။

All Chapters