← Chapters

အခန်း ၃၅၁

Vol. 36 Ch. 351

အခန်း ၃၅၁

Vol. 36 Ch. 351

အခန်း (၃၅၁)တည်ထောင်သူဘိုးဘေး

​ဆောင်းဦးရာသီ ကုန်လွန်၍ ဆောင်းရာသီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ ဆောင်းဦးအစ၏ ပထမဆုံးသော ဆည်းနှင်းပွင့်လေးသည် ထိုက်ခွန်းတောင်တန်း၏ တောင်တန်းများဆီသို့ ဖြည်းညင်းစွာ ဝေ့ဝဲလျက် ကျဆင်းလာခဲ့ချေပြီ။

​လီချင်းချိုး တောင်ထိပ်ပေါ်၌ မတ်တတ်ရပ်နေရင်း ကောင်းကင်ရွှေခန္ဓာကိုယ်ကျင့်စဉ်ကို ကျင့်ကြံနေ၏။

​သူ့ထံ၌ ဖျက်ဆီးမရသောအရှင်သခင်ခန္ဓာကိုယ်နှင့် အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာ ကံကြမ္မာများ ရှိနေခဲ့သည့်တိုင်အောင် ခန္ဓာကိုယ်အတွင်းရှိ သွေးလှည့်ပတ်မှုများနှင့် ချီစွမ်းအင်များကို ဆက်လက်၍ မြှင့်တင်နိုင်စွမ်း ရှိနေဆဲပင် ဖြစ်သည်။ ကောင်းကင်ရွှေခန္ဓာကိုယ်ကျင့်စဉ်သည် ဤကံကြမ္မာနှစ်ရပ်စလုံးနှင့် အလွန်ပင် ကိုက်ညီလှပေသည်။ အကြိမ်တစ်ထောင် သန့်စင်ခြင်း ပါရမီနှင့် ပေါင်းစပ်လိုက်သောအခါ ကျင့်ကြံအားထုတ်မှု ပြုလုပ်သရွေ့ ရလဒ်များကို မျက်ဝါးထင်ထင် မြင်တွေ့ရစမြဲပင်။ သူသည် မိမိ၏ ရုပ်ခန္ဓာ ပို၍ သန်မာလာသည့် ခံစားချက်ကို တစ်နေ့ထက်တစ်နေ့ ပိုမို သဘောကျနှစ်သက်လာခဲ့သည်။

​ခန္ဓာကိုယ်ကျင့်ကြံသူတို့၏ လမ်းစဉ်သည် မူလချီကျင့်ကြံသူတို့၏ လမ်းစဉ်ထက် နိမ့်ကျခြင်းမရှိသည်မှာ သေချာလှသည်။

လီချင်းချိုးကတော့ မည်သည့်လမ်းစဉ်ကိုမျှ ဘက်လိုက်ခြင်းမရှိဘဲ အဘက်ဘက်မှ ပြည့်စုံအောင် ဖွံ့ဖြိုးတိုးတက်စေရန်သာ လုပ်ဆောင်မည် ဖြစ်၏။

​ကောင်းကင်ရွှေခန္ဓာကိုယ်ကျင့်စဉ်ကို ကျင့်ကြံခြင်းဟူသည်မှာ ပျင်းရိဖွယ်ကောင်းသော တရားမှတ်ခြင်းမျိုးမျှသာ မဟုတ်ချေ။ ၎င်း၌ ရုပ်ခန္ဓာကို ထုဆစ်ရန်အတွက် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်ချီများကို လမ်းညွှန်ပေးနိုင်သည့် သတ်မှတ်သိုင်းကွက် ကိုးကွက် ပါဝင်နေရုံတင်မက ခန္ဓာကိုယ်အတွင်းရှိ အကြောမှတ်များ၏ သက်ဝင်လှုပ်ရှားမှုများကိုလည်း လှုံ့ဆော်ပေးနိုင်စွမ်း ရှိသည်။

​ထို့အပြင် တစ်စုံတစ်ခုသော အချက်ကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းမှာ ရုပ်ခန္ဓာ ပိုမိုသန်မာလေလေ မူလချီကို စုပ်ယူကျင့်ကြံခြင်းဆိုင်ရာ စွမ်းရည်မှာလည်း ပိုမိုမြင့်မားလေလေပင် ဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်ကျင့်ကြံခြင်းလမ်းစဉ်နှင့် မူလချီကျင့်ကြံခြင်းလမ်းစဉ်တို့သည် အချင်းချင်း ဆန့်ကျင်ဘက်ဖြစ်မနေဘဲ အပြန်အလှန် ပံ့ပိုးပေးနိုင်ကြသည်။

​လီချင်းချိုးတယောက် ကောင်းကင်ရွှေခန္ဓာကိုယ်ကျင့်စဉ်၏ ဆန်းကြယ်မှုများအတွင်း၌ နစ်မြုပ်နေဆဲတွင် ရှောင်ဝူချင်း တောင်ထိပ်ပေါ်သို့ရောက်လာခဲ့ပြီး သူ့နောက်ကျောဘက်သို့ ရောက်ရှိလာခဲ့၏။

​"ဂိုဏ်းချုပ်... အနောက်ဘက်ယွီစီရင်စု မသေမျိုးမြို့တော်ကနေ သတင်းစကား ရောက်ရှိလာခဲ့ပါတယ်... သူတို့တွေ ဝမ့်ယင်းဂိုဏ်းပိုင် ဝိညာဉ်ကျောက်တွင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်.. သိုလှောင်ပမာဏက အတိုင်းအဆမရှိ များပြားလှတယ်လို့ ပြောပါတယ်... တပည့်တွေ သိမ်းပိုက်ဖို့ စီစဉ်နေကြပါတယ်... အကယ်၍ သွားရောက်သိမ်းပိုက်လိုက်ရင် ဝမ့်ယင်းဂိုဏ်းဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်လာမှာ သေချာသလို အဆုံးအဖြတ် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားလာမည့် အခွင့်အရေးလည်း ဖြစ်လာနိုင်ပါတယ်..."

​ရှောင်ဝူချင်းက လာမည့်တိုက်ပွဲကြီးက မည်သည့်အဓိပ္ပာယ်ကို ဆောင်ကြဉ်းနေကြောင်း ကောင်းစွာ သိရှိထားသဖြင့် လေးနက်တည်ကြည်စွာဖြင့် စကားဆိုလိုက်ခြင်း ဖြစ်သည်။

​လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း ချင်းရှောင်ဂိုဏ်းက အနောက်ဘက် တားမြစ်နယ်မြေကို ဖြတ်သန်း၍ အနောက်ဘက်အရပ်ဆီသို့ မိုင်ပေါင်း သောင်းချီအောင် ချီတက်ခဲ့ပြီးပြီဖြစ်ရာ ၎င်းမှာ ဝမ့်ယင်းဂိုဏ်း၏ နယ်မြေအတွင်းသို့ ထက်မြက်လှသော ဓားတစ်လက်အလား ထိုးစိုက်ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်။

ဝမ့်ယင်းဂိုဏ်း၏ အခြေခံအုတ်မြစ်က ချင်းရှောင်ဂိုဏ်းထက် များစွာ ပိုမိုကြီးမားကျယ်ပြန့်လှပေသည်။ သူတို့ ယခင်က ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရခြင်းမှာ ဝမ့်ယင်းဂိုဏ်းအနေဖြင့် ချင်းရှောင်ဂိုဏ်းအပေါ်၌ စိတ်အာရုံအားလုံးကို ပုံအော၍ မကိုင်တွယ်နိုင်ခဲ့သောကြောင့်သာ ဖြစ်၏။ အကယ်၍ ဝမ့်ယင်းဂိုဏ်းက သူတို့၏ စွမ်းအားအားလုံးကို ချင်းရှောင်ဂိုဏ်းထံသို့ ဖြန့်ကျက်လာခဲ့မည်ဆိုပါက ၎င်းကသာ အစစ်အမှန် စမ်းသပ်မှုကြီး ဖြစ်လာပေလိမ့်မည်။

​"သူတို့ကို ရဲရဲဝံ့ဝံ့ပဲ ဆက်လုပ်ခိုင်းလိုက်..."

​လီချင်းချိုးက ပေါ့ပါးပါးပင် ညွှန်ကြားလိုက်ရာ သူ့လေသံမှာ အလွန်ပင် တည်ငြိမ်လျက် ရှိနေတော့သည်။

​"ဟုတ်ကဲ့..."

​ရှောင်ဝူချင်း ချက်ချင်း အမိန့်ကို နာခံ၍ ထွက်ခွာသွားခဲ့ပြီး တောင်ထိပ်ပေါ်မှ တစ်ခဏချင်းပင် ပျောက်ကွယ်သွားခဲ့လေသည်။

​ထို့နောက် လီချင်းချိုးက ကောင်းကင်ရွှေခန္ဓာကိုယ်ကျင့်စဉ်ကို ဆက်လက်၍ ကျင့်ကြံနေခဲ့သည်။

​အတန်ကြာပြီးနောက် လီချင်းချိုး၏ နောက်ကျောဘက်၌ ပုံရိပ်တစ်ခု ရုတ်ချည်း ပေါ်ထွက်လာခဲ့ပြန်ရာ ၎င်းမှာ ဓားမိစ္ဆာ ဖြစ်နေသည်။

ဓားမိစ္ဆာက လီချင်းချိုး၏ နောက်ကျောကို စိုက်ကြည့်ရင်း ….

"မင်းမှာ ဝမ့်ယင်းဂိုဏ်းကို အစစ်အမှန် ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ချက် ရှိနေတာလား..."

​လီချင်းချိုး ခေါင်းကို အသာအယာစောင်း၍ သူ့ကို မျက်လုံးထောင့်မှ လှမ်းကြည့်၍ ပြန်လည်မေးခွန်းထုတ်လိုက်သည်။

"ဘာဖြစ်လို့ အဲလိုမေးရတာလဲ... ကျုပ် ဝမ့်ယင်းဂိုဏ်းရဲ့ တပည့်တွေကို သုတ်သင်ခဲ့တာတွေကို မမြင်ဖူးလို့လား..."

​"မင်းတို့ကြားမှာ သာမန်ရန်ငြိုးရန်စတွေပဲ ရှိတယ်လို့ ငါထင်နေခဲ့တာ... ချင်းရှောင်ဂိုဏ်းက ဝမ့်ယင်းဂိုဏ်းရဲ့ ဖိနှိပ်မှုကို ခံရလို့ မလွှဲမရှောင်သာဘဲ ပြန်လည်ခုခံနေရတာလို့ ယူဆခဲ့တာလေ... ဒီလိုအခြေအနေမျိုးက ကျင့်ကြံရေးလောကမှာ အင်မတန် အတွေ့ရများလွန်းပါတယ်... ဝမ့်ယင်းဂိုဏ်းက အမြဲတမ်း မောက်မာစော်ကားတတ်ပြီး မင်းဆက်တွေနဲ့ ဂိုဏ်းငယ်လေးတွေကို အနိုင်ကျင့်လေ့ ရှိတယ်... မင်းတို့ကလည်း ချွင်းချက်မဟုတ်ခဲ့ဘူး... ဒါပေမဲ့ မင်းက ဝမ့်ယင်းဂိုဏ်းတစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ချင်တယ်ဆိုရင်တော့ သေသေချာချာ စဉ်းစားတွက်ချက်ဖို့ လိုလိမ့်မယ်... ဘာဖြစ်လို့လဲဆိုတော့ ဝမ့်ယင်းဂိုဏ်းရဲ့ နောက်ကွယ်မှာ ပိုပြီးတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ တည်ရှိမှုတွေ ရှိနေလို့ပဲ..."

​၎င်းမှာ သူ ဤမျှအထိ ရှည်လျားသော စကားလုံးများကို ပထမဆုံးအကြိမ်အဖြစ် ပြောဆိုခြင်း ဖြစ်သည်။

​"ပိုပြီးတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ တည်ရှိမှုတွေ ဟုတ်လား..."

လီချင်းချိုး အံ့အားသင့်သွားသည်။ထိုအကြောင်းအရာမှာ သူ ကောင်းစွာ မသိရှိသေးသော ကိစ္စရပ်တစ်ခုပင်။

ဓားမိစ္ဆာက မည်သည့်အမူအရာမျှ မပြသဘဲ အေးစက်စက် လေသံဖြင့်….

"အမှန်အတိုင်း ပြောရရင် ငါလည်း ဝမ့်ယင်းဂိုဏ်းကို ဖျက်ဆီးပစ်ချင်တာပဲ... ဒါပေမဲ့ ဝမ့်ယင်းဂိုဏ်းကို စတင်တည်ထောင်ခဲ့တဲ့ တည်ထောင်သူဘိုးဘေးက အခုထိ အသက်ရှင်နေသေးတယ်... သူကသာ ဝမ့်ယင်းဂိုဏ်းရဲ့ စစ်မှန်တဲ့ အခြေခံအုတ်မြစ်ကြီးပဲ..."

​တည်ထောင်သူဘိုးဘေး…

​"တည်ထောင်သူဘိုးဘေးက ကောင်းကင်နေမင်းနယ်ပယ်ကို ကျော်လွန်သွားခဲ့ပြီလား..."

​"ဝမ့်ယင်းဂိုဏ်းဆိုတာ နှစ်ပေါင်းထောင်ချီအောင် တည်တံ့လာခဲ့တဲ့ ဂိုဏ်းကြီးတစ်ခုပဲ... တည်ထောင်သူဘိုးဘေးက လက်ရှိအချိန်အထိ အသက်ရှင်နိုင်စွမ်း ရှိနေမှတော့ ကောင်းကင်နေမင်းနယ်ပယ်ထက်ကို ကျော်လွန်သွားလောက်ပြီ... သေချာတာကတော့ မင်း အခု ဝမ့်ယင်းဂိုဏ်းကို ဖျက်ဆီးပစ်ရင် အဲ့ဒီ့ပုဂ္ဂိုလ်ကြီး သတိပြုမိချင်မှ ပြုမိလိမ့်မယ်... ဘာဖြစ်လို့လဲဆိုတော့ သူ ဘယ်ကိုထွက်သွားလဲ ဘယ်သူမှ မသိကြဘူး.. ဒါပေမဲ့ တစ်နေ့နေ့မှာ သူ ပြန်လာလို့ အခြေအနေမှန်ကို သိသွားခဲ့ရင် သူ သေချာပေါက် မင်းနောက်ကို မညှာမတာ လိုက်လံ သတ်ဖြတ်လိမ့်မယ်..." ဟု ဓားမိစ္ဆာက ဆက်လက်၍ ရှင်းပြလေသည်။

​"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်အတွင်းမှာ ဝမ့်ယင်းဂိုဏ်းက တစ်ကြိမ် ပြိုလဲပျက်စီးသွားခဲ့ဖူးတယ်... ဒါပေမဲ့ တည်ထောင်သူဘိုးဘေး ပြန်ရောက်လာတာနဲ့ ရန်သူအားလုံး သွေးအိုင်ထဲမှာ လဲပြိုသွားခဲ့ပြီး ဝမ့်ယင်းဂိုဏ်းက နှစ်ပေါင်း နှစ်ရာအတွင်းမှာပဲ အထွတ်အထိပ် ရောက်လာခဲ့ပြန်တယ်... လက်ရှိ ဝမ့်ယင်းဂိုဏ်းမှာ ရှိနေတဲ့ မဟာကျွမ်းကျင်သူကြီး သုံးယောက်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာတုန်းက တည်ထောင်သူဘိုးဘေး ကိုယ်တိုင် သိမ်းသွင်းခဲ့ဖူးတဲ့ လွတ်လပ်တဲ့ ကျင့်ကြံသူ သုံးယောက်ပဲ ..."

​ထိုအကြောင်းကို ကြားသိရသောအခါ လီချင်းချိုး အတွေးကမ္ဘာအတွင်းသို့ ကျရောက်သွားခဲ့သည်။

​သေသေချာချာ စဉ်းစားကြည့်ပါက သဘာဝကျလှပေသည်။ နှစ်ပေါင်းထောင်ချီအောင် တည်တံ့ခိုင်မြဲလာခဲ့သော ကျင့်ကြံရေးဂိုဏ်းတစ်ခုကို သူတို့အနေဖြင့် မည်သို့ကြောင့် လွယ်လွယ်နှင့် အဆုံးအဖြတ် ပေးနိုင်ပါမည်နည်း။

​အတန်ကြာအောင် စဉ်းစားဆင်ခြင်ပြီးနောက် လီချင်းချိုး၏ အကြည့်များ ပြတ်သားခိုင်မာလာခဲ့ချေပြီ။

"ဒီစစ်ပွဲကြီးမှာ ကျုပ်တို့အတွက် နောက်ဆုတ်စရာ လမ်းကြောင်း မရှိတော့ဘူး... အရင်ဆုံး ဝမ့်ယင်းဂိုဏ်းကိုပဲ ဖျက်ဆီးပစ်ကြတာပေါ့..."

​ဘယ်အရပ်ဌာနေဆီရောက်နေမှန်းမသိသောတည်ထောင်သူဘိုးဘေးတစ်ဦးကြောင့်နှင့် ဦးညွှတ် အညံ့ခံရမည်လော။

​မဟာစစ်ပွဲကြီးသည် ဤမျှအထိ ဖြစ်လာပြီ ဖြစ်ရာ ချင်းရှောင်ဂိုဏ်းက ဦးညွှတ်လိုက်သည့်တိုင်အောင် ဝမ့်ယင်းဂိုဏ်းဘက်က သူတို့ကို အလွတ်ပေးမည် မဟုတ်ချေ။

​သူ့ထံ၌ ရွေးချယ်စရာ လမ်းကြောင်း လုံးဝမရှိတော့ဘဲ ထိုတည်ထောင်သူဘိုးဘေး နောက်ကျမှ ရောက်ရှိလာပါစေဟူ၍ လောင်းကြေးထပ်ရုံသာ ရှိတော့သည်။

​ထို့အပြင် လီချင်းချိုး၌လည်း ဝမ့်ယင်းဂိုဏ်းတစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းပစ်ရန် အစကတည်းက စိတ်ကူးမရှိခဲ့ချေ။ ဝမ့်ယင်းဂိုဏ်းကို ဒဏ်ရာပြင်းထန်အောင် လုပ်ဆောင်၍ ဖိနှိပ်ထားရန်သာ လိုလားခြင်း ဖြစ်၏။ လက်ရှိ ချင်းရှောင်ဂိုဏ်း၏ အတိုင်းအတာအရဆိုပါက ဝမ့်ယင်းဂိုဏ်းတစ်ခုလုံးကို ဝါးမြိုသိမ်းပိုက်နိုင်စွမ်း မရှိသေးသည်မှာ အမှန်ပင် ဖြစ်သည်။

​လီချင်းချိုး ဤမျှအထိ လျင်မြန်စွာ ဆုံးဖြတ်ချက် ချမှတ်လိုက်သည်ကို မြင်တွေ့ရသောအခါ ဓားမိစ္ဆာ၏ မျက်ဝန်းအတွင်း၌ ချီးကျူးရိုသေသော အရိပိယောင်အချို့ ဖြတ်ပြေးသွားခဲ့ပြီး….

"အဲလိုဆိုရင်လည်း ငါ မင်းကို ဝမ့်ယင်းဂိုဏ်းကို ကိုင်တွယ်တဲ့နေရာမှာ ကူညီပေးရင် ဘယ်လိုလဲ..."

ထိုအခါ ​လီချင်းချိုး ခေါင်းလှည့်၍ သူ့ကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်လိုက်မိတော့သည်။

ဒီအဘိုးကြီး ဘာဖြစ်လို့ ရုတ်တရက်ကြီး ဤမျှအထိ တက်ကြွလာရသနည်း။

​ "ငါ့မှာ ဝမ့်ယင်းဂိုဏ်းနဲ့ ကြီးမားတဲ့ ရန်ငြိုးရန်စ ရှိခဲ့ဖူးလို့ပါ... လောကအနှံ့ လှည့်လည်သွားလာရင်း သူတို့နဲ့ ဆုံရတဲ့ အခါတိုင်း ငါ ချက်ချင်း လှုပ်ရှားခဲ့တယ်... အရင်တုန်းကသာ မင်း အလျင်စလို ဝင်မတိုက်ခဲ့ရင် ဝမ့်ယင်းဂိုဏ်းရဲ့ ကျင့်ကြံသူတွေ ငါ့လက်ချက်နဲ့ သေဆုံးသွားခဲ့ရမှာ..."

"ခင်ဗျား သွားလို့ရပါတယ်... ဒါပေမဲ့ ခင်ဗျားရဲ့ စစ်မှန်တဲ့ ကိုယ်ရေးအချက်အလက်ကိုတော့ ဖုံးကွယ်ထားရမယ်..."

​"စိတ်ချပါ... ဝမ့်ယင်းဂိုဏ်းသားအားလုံး သေဆုံးသွားစေရမယ်... မင်းဂိုဏ်းရဲ့ တပည့်တွေကတော့ ငါ့ကို ဘယ်လိုမှ မှတ်မိနိုင်စရာ အကြောင်းမရှိပါဘူး..." ဟု ဓားမိစ္ဆာက ပေါ့ပေါ့ပါးပါးပင် စကားဆိုလိုက်သည်။

သူ့လေသံအရဆိုလျှင် ဝမ့်ယင်းဂိုဏ်းကို စိုးစဉ်းမျှပင် အရေးစိုက်နေခြင်း မရှိသည်မှာ ထင်ရှားနေသည်။

​လီချင်းချိုးက ဘေးနားရှိ ထိုက်ကျွယ်နတ်ဓားကို ကောက်ယူလိုက်ပြီး ဓားမိစ္ဆာထံသို့ ပစ်ပေးလိုက်ရင်း မှာကြားလိုက်သေးသည်။

"ဒီဓားကို အတူ ယူသွားလိုက်ပါ... ကျုပ် လူတစ်ယောက်ကို ခင်ဗျားအတွက် လမ်းပြခိုင်းလိုက်မယ်..."

ဓားမိစ္ဆာက ထိုက်ကျွယ်ဓားကို လှမ်း၍ ဖမ်းယူလိုက်ပြီးနောက် တိတ်ဆိတ်သွားခဲ့လေသည်။

​သူသည် လီချင်းချိုး မိမိအပေါ်၌ အပြည့်အဝ ယုံကြည်မှု မရှိသေးကြောင်း ကောင်းစွာ နားလည်ထားသည်။သို့သော် သူသာ လီချင်းချိုးဆိုလျှင်လည်း ဆန်းကြယ်လှသည့် လူတစ်ဦးအပေါ် လွယ်လွယ်နှင့် ယုံကြည်နိုင်စရာ အကြောင်းမရှိပေ။

​သို့သော် ထိုကိစ္စရပ်များကို စိတ်ထဲ ထားမနေခဲ့ချေ။ သူ ဝမ့်ယင်းဂိုဏ်းကို ကိုင်တွယ်လိုခြင်း၏ အဓိကအကြောင်းရင်းမှာ လီချင်းချိုးကို မျက်နှာလိုမျက်နှာရ လုပ်ဆောင်လိုခြင်းကြောင့် မဟုတ်ဘဲ သူကိုယ်တိုင်က ဝမ့်ယင်းဂိုဏ်းကို ကြည့်မရသောကြောင့်သာ ဖြစ်၏။

ဓားမိစ္ဆာက ထိုက်ကျွယ်ဓားကို ဆုပ်ကိုင်လျက် ထိုနေရာ၌ပင် တစ်ခဏချင်း ပျောက်ကွယ်သွားခဲ့ချေပြီ။

​လီချင်းချိုး၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ဓားမိစ္ဆာ မိမိထံသို့ အစစ်အမှန် သစ္စာခံလာမည့်အချိန် ပိုမို နီးကပ်လာခဲ့ပြီဟု ခံစားလိုက်ရသည်။ ဓားမိစ္ဆာ၏ မိမိအပေါ် သစ္စာစောင့်သိမှု ငါးဆယ်ထက် ကျော်လွန်သွားခဲ့ပြီး ချင်းရှောင်ဂိုဏ်းအပေါ် သစ္စာစောင့်သိမှုက ပိုမို လျင်မြန်လှပြီး ခြောက်ဆယ်အမှတ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

​လအနည်းငယ်မျှသာ ဂိုဏ်းအတွင်း၌ နေထိုင်ခဲ့ရသေးသည်ဖြစ်ရာ ဤမျှအထိ သစ္စာစောင့်သိမှု တိုးတက်လာခြင်းမှာ မနည်းလှချေ။ ဘာပဲဖြစ်ဖြစ် သူသည် ကျော်ကြားလှသော ဓားမိစ္ဆာ ဖြစ်သည်မဟုတ်ပါလား။ သူ့အတွက် ဤသည်က အလွန်ပင် မြန်ဆန်လှသော အခြေအနေ ဖြစ်နေသည်။

​လီချင်းချိုး တစ်စုံတစ်ခုသော အချက်ကိုလည်း သတိပြုမိခဲ့သည်။ ၎င်းမှာ ချင်းရှောင်ဂိုဏ်းအတွင်းသို့ ဝင်ရောက်လာကြသော ကျင့်ကြံသူများ၏ အသက်အရွယ် ကြီးရင့်လေလေ သူတို့၏ သစ္စာစောင့်သိမှု တိုးတက်မှုအရှိန် ပို၍ မြန်ဆန်လေလေပင် ဖြစ်သည်။

၎င်းမှာ ဂိုဏ်းအတွင်းရှိ တပည့်အများစုမှာ ငယ်ရွယ်လွန်းနေကြသောကြောင့် ဖြစ်နိုင်ပါသလား။ အရွယ်ရောက်ပြီးသား ကျင့်ကြံသူ အများစုမှာ ပြင်ပသို့ အတွေ့အကြုံလေ့ကျင့်ရေးဆင်းကြခြင်း သို့မဟုတ် ဂိုဏ်း၏ နယ်မြေများကို သွားရောက်စောင့်ကြပ်ကြခြင်းများ ပြုလုပ်ကြသဖြင့် ထိုက်ခွန်းတောင်တန်းအတွင်း၌ လူငယ်များနှင့် မိန်းမပျိုလေးများသာ အများဆုံး ကျန်ရစ်လေ့ရှိသောကြောင့် ဖြစ်ပေလိမ့်မည်။

​မည်သို့ပင် ဖြစ်ပါစေ ဓားမိစ္ဆာ စစ်မြေပြင်သို့ ထွက်ခွာသွားခဲ့ပြီဖြစ်ရာ ချင်းရှောင်ဂိုဏ်းအပေါ်၌ ရှိနေခဲ့သော ဖိအားများလည်း များစွာ လျော့နည်းသွားခဲ့ချေပြီ။

​လီချင်းချိုးက မိုင်ပေါင်းများစွာ ဝေးကွာလှသော အရပ်မျက်နှာမှနေ၍ ထိုက်ကျွယ်ဓားကို စိတ်အာရုံဖြင့် လှုပ်ရှားစေနိုင်စွမ်း ရှိသလို ၎င်းကို မိမိ၏ ကိုယ်ပိုင်မျက်လုံးများအလား အသုံးချနိုင်စွမ်းလည်း ရှိပေသည်။ ထို့ကြောင့် ဓားမိစ္ဆာ ဇွတ်တရုတ် လုပ်ဆောင်မည်ကို စိုးရိမ်ပူပန်ခြင်း မရှိချေ။ထိုအခွင့်အရေးကို အသုံးချ၍ ဓားမိစ္ဆာ၏ အစစ်အမှန်ခွန်အားများကို စောင့်ကြည့်လိုခြင်း ဖြစ်ပြီး ကောင်းကင်နေမင်းနယ်ပယ်ရှိ မဟာကျွမ်းကျင်သူကြီး သုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို မည်သို့ ရင်ဆိုင်မည်နည်းဟူသောအချက်ကို စူးစမ်းချင်နေခြင်း ဖြစ်သည်။

​ယခင်က တိုက်ပွဲများအရဆိုလျှင် ဓားမိစ္ဆာ၏ ခွန်အားကို အနည်းငယ် အားနည်းနေသကဲ့သို့ ခံစားရပြီး ၎င်း၏ "ဓားမိစ္ဆာ" ဟူသော ဂုဏ်ပုဒ်နှင့် ကိုက်ညီခြင်းမရှိဟု ထင်မှတ်ခဲ့ဖူးသော်လည်း အတည်ပြုနိုင်ရန်အတွက် ကောင်းကင်နေမင်းနယ်ပယ်ရှိ မဟာကျွမ်းကျင်သူကြီး အများအပြားနှင့် ထပ်မံ ရင်ဆိုင်စေရန် လိုအပ်နေသေးသည်မှာ အမှန်ပင် ဖြစ်သည်။

​ထိုနေ့ မွန်းတည့်အချိန်၌….

​ရှောင်ဝူချင်းသည် နေရာရွှေ့ပြောင်းရေးအစီအရင်မှ တစ်ဆင့် ဓားမိစ္ဆာကို အနောက်ဘက်ယွီစီရင်စု မသေမျိုးမြို့တော်ဆီသို့ ကိုယ်တိုင် ခေါ်ဆောင်သွားခဲ့ပြီး ဝေထျန်းရှုံးရှိရာ အရပ်ဆီသို့ တိုက်ရိုက် လမ်းပြပေးခဲ့သည်။

​ဝေထျန်းရှုံးက ဓားမိစ္ဆာကို မြင်တွေ့လိုက်ရသောအခါ မျက်နှာအမူအရာ ချက်ချင်းပင် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး မျက်မှောင် ကြုံ့လိုက်မိလေသည်။

​"သူက..."

​ချူကျင်းကလည်း ဓားမိစ္ဆာကို စိုက်ကြည့်ရင်း မနေနိုင်တော့ဘဲ မေးမြန်းလိုက်မိသည်။

ဓားမိစ္ဆာထံမှ ထွက်ပေါ်နေသော အရှိန်အဝါများက ပြင်းထန်လွန်းလှသဖြင့် ဝေထျန်းရှုံး, ချူကျင်းနှင့် ကုချန်ဖိန်တို့မှာ သူ့ကို မြင်မြင်ချင်းပင် ဤပုဂ္ဂိုလ်က သာမန်မဟုတ်ကြောင်း ကောင်းစွာ ခံစားမိလိုက်ကြသည်။

​ရှောင်ဝူချင်းက….

"ဒီစီနီယာက ဂိုဏ်းချုပ်ကိုယ်တိုင် စေလွှတ်လိုက်တဲ့သူပါ…... သူက ဂိုဏ်းချုပ်ရဲ့ ထိုက်ကျွယ်ဓားကိုကိုင်ဆောင်ခွင့်ရထားတယ်…သူက ဝိညာဉ်ကျောက်တွင်း ခံစစ်စခန်းဆီကို သွားပြီး ဝမ့်ယင်းဂိုဏ်းရဲ့ စစ်တပ်ကြီး ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေပါလိမ့်မယ်..."

​ထိုသူမှာ လီချင်းချိုးကိုယ်တိုင် ညွှန်ကြားချက်ပေး၍ စေလွှတ်လိုက်သောသူ ဖြစ်ကြောင်း ကြားသိလိုက်ရသောအခါမှသာ ချူကျင်းနှင့် ကုချန်ဖိန်တို့လည်း စိတ်အေးသွားခဲ့ကြသည်။

​"ကောင်းကင်နေမင်းနယ်ပယ်..."

ဝေထျန်းရှုံးက ဓားမိစ္ဆာကို စူးစိုက်ကြည့်လျက် တစ်လုံးချင်းစီ ရေရွတ်လိုက်သည်။

​ထိုစကားကို ကြားရသောအခါ ချူကျင်း, ရှောင်ဝူချင်းနှင့် ကုချန်ဖိန်တို့၏ မျက်နှာအမူအရာများ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့ရှာသည်။

​ယခုအချိန်တွင် သူတို့အားလုံး ဝိညာဉ်အသိအာရုံအဆင့်၏ အထက်တွင် ရှိနေသော ကောင်းကင်နေမင်းနယ်ပယ်၏ တည်ရှိမှုအကြောင်းကို ကောင်းစွာ သိရှိနားလည်ထားကြပြီ ဖြစ်သည်။ နှစ်ပေါင်းထောင်ချီအောင် အခြေခံခိုင်မာလာခဲ့ဖူးသော ဝမ့်ယင်းဂိုဏ်းကြီးအတွင်း၌ပင် ကောင်းကင်နေမင်းနယ်ပယ် မဟာကျွမ်းကျင်သူကြီး သုံးဦးသာ ရှိနေခဲ့သည်မဟုတ်ပါလား။

​ချင်းရှောင်ဂိုဏ်းအတွင်း၌ အမှန်တကယ်ပင် ဒုတိယမြောက် ကောင်းကင်နေမင်းနယ်ပယ်ရှိ မဟာကျွမ်းကျင်သူကြီးတစ်ဦး ရှိနေခဲ့ပြန်ပြီလော။

​ကြီးစွာသော ထိတ်လန့်မှုများ ကုန်လွန်သွားခဲ့ပြီးနောက် ချူကျင်းနှင့် အခြားနှစ်ဦးတို့၏ ရင်ထဲ၌ အတိုင်းအဆမရှိ ဝမ်းမြောက်သွားခဲ့ကြရပြီး အောင်ပွဲရရှိနိုင်မည့် အခွင့်အရေး ပို၍ မြင့်မားလာခဲ့ပြီဟု ခံစားလိုက်ရတော့သည်။

ဓားမိစ္ဆာက ဝေထျန်းရှုံးကို လှမ်းကြည့်လိုက်ပြီး….

"မင်းလည်း ကောင်းကင်နေမင်းနယ်ပယ်မှာ ရှိနေတာပဲ... ဒါပေမဲ့ မင်းရဲ့ ဒဏ်ရာတွေ မသက်သာသေးသလို မင်းရဲ့မူလ ကျင့်ကြံမှုအဆင့်ကိုလည်း ပြန်မရသေးတဲ့ပုံပဲ..."

​ဤစကားလုံးများကြောင့် ချူကျင်းနှင့် အခြားနှစ်ဦးတို့ ဝေထျန်းရှုံးကို အံ့ဩတကြီးဖြင့် ထပ်မံ စိုက်ကြည့်လိုက်မိကြပြန်ရာ ဝေထျန်းရှုံးသည်လည်း ကောင်းကင်နေမင်းနယ်ပယ်ရှိ မဟာကျွမ်းကျင်သူကြီးတစ်ဦး ဖြစ်ကြောင်းကို ယခင်က လုံးဝ သိရှိထားခဲ့ခြင်း မရှိကြချေ။ ယခင်က ဝေထျန်းရှုံးကို ဝိညာဉ်အသိအာရုံအဆင့်၏ အမြင့်ဆုံးသောအဆင့်၌သာ ရှိနေသေးသည်ဟု ထင်မှတ်ထားခဲ့ကြဖူးသည်။

​တစ်နည်းအားဖြင့် ဆိုရသော် ချင်းရှောင်ဂိုဏ်းအတွင်း၌ ကောင်းကင်နေမင်းနယ်ပယ်ရှိ မဟာကျွမ်းကျင်သူကြီး သုံးဦးစလုံး ပိုင်ဆိုင်ထားခြင်း မဟုတ်ပါလား။

​ချူကျင်းနှင့် အခြားနှစ်ဦးတို့မှာ ပြင်းထန်လှသော ဝမ်းမြောက်မှုများကြောင့် မူးနောက်လုနီးပါးပင် ဖြစ်သွားခဲ့ကြသည်။

​ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလှသော ခွန်အားစွမ်းရည်များ ရှိနေခဲ့ပြီဖြစ်ရာ သူတို့အနေဖြင့် မည်သည့်အရာကို ကြောက်ရွံ့ထိတ်လန့်နေစရာ လိုဦးမည်နည်း။

​သူတို့ထံတွင် ဝမ့်ယင်းဂိုဏ်းတစ်ခုလုံးကို အပြတ်အသတ် ဖိနှိပ်ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေချေပြီ။

​"မင်း ဘာဖြစ်လို့ ချင်းရှောင်ဂိုဏ်းထဲကို ဝင်လာတာလဲ... မင်းလည်း ဂိုဏ်းချုပ် သိမ်းသွင်းတာ ခံလိုက်ရတာလား..." ဟု ဝေထျန်းရှုံးက စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။သူသည် ဤဓားမိစ္ဆာ၏ ခွန်အားမှာ မိမိ အထွတ်အထိပ်အခြေအနေ၌ ရှိနေစဉ်တုန်းကထက်ပင် ပို၍ ပြင်းထန်လှကြောင်း ကောင်းစွာ ခံစားမိနေသည်။

ဓားမိစ္ဆာက ဘာမှမပြောဘဲ တိတ်ဆိတ်နေသည်။

​ချူကျင်းနှင့် အခြားနှစ်ဦးတို့လည်း သဘောပေါက်သွားခဲ့ကြပြီး ဝေထျန်းရှုံး ပြောဆိုလိုက်သည်မှာ မှန်ကန်လှပေသည်။

​ဝေထျန်းရှုံးက သရော်ပြုံး ပြုံးလိုက်ရင်း…

"မင်းလည်း ရှက်ရွံ့နေဖို့ မလိုပါဘူး... ဂိုဏ်းထဲမှာ ငါတို့လိုလူမျိုးတွေ အများကြီး ရှိတာပဲကို... အစပိုင်းမှာတော့ လက်ခံဖို့ ခက်ခဲလိမ့်မယ်ဆိုပေမဲ့ ကျင့်သားရသွားတဲ့ အခါကျရင်တော့ ဒါဟာ သိက္ခာချခံရခြင်းမျိုး မဟုတ်ဘဲ ကြီးမားလှတဲ့ အခွင့်အရေးကောင်းတစ်ခု ဖြစ်နေမှန်း သဘောပေါက်သွားလိမ့်မယ်..."

​ချူကျင်းကလည်း ခေါင်းညိတ်ပြလိုက်ပြီး….

"ငါလည်း အတိတ်ဘဝတုန်းက ချင်းရှောင်ဂိုဏ်းရဲ့ ရန်သူတစ်ဦး ဖြစ်ခဲ့ဖူးတာပဲလေ... အခု ပြန်ကြည့်လိုက်တော့ အတိတ်တုန်းက ငါ့ဘဝက တကယ့်ကို ရှုပ်ပွနေခဲ့တာပဲ..."

​ရှောင်ဝူချင်းနှင့် ကုချန်ဖိန်တို့ထံ၌မူ ဤသို့သော အတွေ့အကြုံမျိုး ရှိမနေခဲ့ဖူးချေ။ သူတို့သည် မွေးရာပါ ချင်းရှောင်ဂိုဏ်းသား စစ်စစ်တပည့်များ ဖြစ်ကြသည်။ သို့သော်လည်း အခုလို ကောလာဟလများကို ကြားဖူးထားခဲ့ကြပြီးဖြစ်ရာ သူတို့ ကြားသိခဲ့ဖူးသမျှ အရာအားလုံးကိုလည်း ဂိုဏ်းချုပ်၏ ကြီးမားလှသော သဘောထားကြီးမှုနှင့် ဆွဲဆောင်မှုရှိသော စရိုက်လက္ခဏာများကို ထင်ရှားစေရန်အတွက် ပြန်လည်၍ ပုံဖော်ပြောဆိုထားခဲ့ကြပြီ ဖြစ်သည်။

ဓားမိစ္ဆာကတော့ မည်သို့သော တုန်လှုပ်မှုကိုမှ မပြသခဲ့ချေ။ သူက ဝေထျန်းရှုံးကို စိုက်ကြည့်ရင်း ….

"မင်း ဒီပဋိပက္ခကို မြန်မြန်ဆန်ဆန် အဆုံးသတ်ချင်တာလား... ဒါမှမဟုတ် ဖြည်းဖြည်းချင်းပဲ သွားချင်တာလား..."

​"အိုစ…မင်းက သူတို့ရဲ့ စစ်အင်အားတွေကို စောစောစီးစီး စုစည်းလာအောင် လုပ်ဆောင်နိုင်လို့လား..."

ဝေထျန်းရှုံး စိတ်ဝင်စားသွားခဲ့ပြီး စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်မိသည်။

​"ငါ အရင်တုန်းက သူတို့ဆီကနေ အဖိုးတန်ရတနာတစ်ခုကို ခိုးယူခဲ့ဖူးတယ်... ငါသာ ဒါကို ထုတ်ပြလိုက်မယ်ဆိုရင် ဝမ့်ယင်းဂိုဏ်းက မဟာကျွမ်းကျင်သူကြီး သုံးယောက်စလုံး လုံးဝ ငြိမ်သက်နေနိုင်စရာ အကြောင်းမရှိတော့ဘူး..."

ဓားမိစ္ဆာ ထိုစကားကို ပြောဆိုလိုက်သည့် အချိန်၌ သူ့ လေသံမှာ အလွန်ပင် ပေါ့ပါးလျက် ရှိနေပြီး မည်သည့် ကြီးမားလှသော ကိစ္စရပ်ကိုမှ လုပ်ဆောင်ခဲ့ဖူးခြင်းမရှိဘဲ လမ်းဘေးက ပန်းပွင့်လေးတစ်ပွင့်ကိုသာ ခူးယူခဲ့ဖူးသည့်အလား ရှိနေတော့သည်။

​ထိုအကြောင်းကို ကြားရသောအခါ ဝေထျန်းရှုံး မျက်ခုံးကို အသာအယာ ပင့်လိုက်မိရုံတင်မက ဓားမိစ္ဆာကို ကြည့်ရှုသော အကြည့်များအတွင်း၌လည်း ဆန်းကြယ်လှသော အရောင်များ လှုပ်ခတ်သွားခဲ့သည်။

​ညဉ့်နက်ကောင်းကင်ယံကြီး၏ အောက်၌….

ဝိညာဉ်ကျောက်တွင်း၏ အနက်ရှိုင်းဆုံးသော နေရာတစ်ခုအတွင်း….

​ရှန်ယွဲ့တယောက် အနက်ရှိုင်းဆုံးသော နေရာ၌ တရားထိုင်နေသည်။ သူ့ရဲ စုတ်ပြဲနေသော ဝတ်ရုံဖြူမှာ ပြင်းထန်စွာ လှုပ်ခါနေခဲ့ပြီး ခန္ဓာကိုယ်ပတ်လည်၌ ဓားချီစွမ်းအင်များ အရှိန်အဟုန်ဖြင့် ပြေးလွှားလျက် ရှိနေကြသည်။

​လင်းလင်ကျိုးက မလှမ်းမကမ်းရှိ နေရာတစ်ခု၌ ထိုင်နေရင်း ရှန်ယွဲ့အတွက် ဂူဥမင်တံခါးဝကို စောင့်ကြပ်ပေးနေရသည်။ ရှန်ယွဲ့ထံမှ ထွက်ပေါ်နေသော ထက်မြက်လှသည့် ဓားချီစွမ်းအင်များကို အာရုံခံမိလိုက်သောအခါ လင်းလင်ကျိုးလည်း အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

​"သူ့မှာ အစစ်အမှန် ကိုယ်ပိုင်ခွန်အားတွေကို ပြန်လည်ရရှိနိုင်စွမ်း ရှိနေတာပဲ..."

​လင်းလင်ကျိုး၏ နှလုံးခုန်သံများ အလွန်ပင် မြန်ဆန်လာခဲ့ချေပြီ။

​ယင်ကျင်းရှင်း၏ ကိစ္စရပ်ကြောင့် ရှန်ယွဲ့နှင့် အစောကတည်းက စတင် ရင်းနှီးအောင် ကြိုးစားခဲ့ဖူးခြင်းဖြစ်ပြီး မူလက ထိုလူသား၏ စိတ်နေသဘောထားကို သိရှိနားလည်နိုင်ရန်အတွက်သာ ဖြစ်ပေသည်။ နောင်တွင် သူတို့နှစ်ဦးကြားမှ ဆက်ဆံရေးမှာ တဖြည်းဖြည်းနှင့် ပို၍ ရင်းနှီးလာခဲ့ကြ၏။ သူ့ဘက်က ဤနေရာမှ ထွက်ပြေးတိမ်းရှောင်လိုသော ဆန္ဒများကို ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် ရှန်ယွဲ့ကလည်း ကူညီပေးရန် လိုလားကြောင်း ပြောဆိုခဲ့ဖူးပြီး စည်းကမ်းချက်မှာ သူတို့ ထွက်ပြေးသည့် အခါ၌ ယင်ကျင်းရှင်းကိုပါ တစ်ပြိုင်နက်တည်း ခေါ်ဆောင်သွားရမည်ဟူသောအချက် ဖြစ်သည်။

​လင်းလင်ကျိုးကိုယ်တိုင်ကလည်း ယင်ကျင်းရှင်းအပေါ်၌ ကောင်းမွန်သော ခံစားချက်များ ရှိနှင့်ပြီးသား ဖြစ်သဖြင့် သူတို့နှစ်ဦးစလုံး အစောကတည်းကပင် သဘောထားချင်း တိုက်ဆိုင်ခဲ့ကြသည်။

ယနေ့ညတွင် ရှန်ယွဲ့သည် ပြန်လည်တည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိတော့မည် ဖြစ်သည်။ထို့ကြောင့် လင်းလင်ကျိုးက ဝမ့်ယင်းဂိုဏ်းမှ ကျင့်ကြံသူများ လာရောက် နှောင့်ယှက်ဖျက်ဆီးခြင်းမျိုး မပြုလုပ်နိုင်စေရန်အတွက် အပြင်ကနေ သေချာစွာ စောင့်ကြပ်ကြည့်ရှုပေးရန် တာဝန်ယူထားခဲ့ခြင်း ဖြစ်ပေသည်။

​

All Chapters