အခန်း ၃၅၂
Vol. 36 Ch. 352
အခန်း (၃၅၂) ကောင်းကင်နှင့်မြေပြင်၏ ကန့်သတ်ချက်များကို ချိုးဖောက်ခြင်း
ညဉ့်အချိန်ကာလမှာ ရေပြင်အလား အေးစက်တိတ်ဆိတ်လျက် ရှိနေ၏။
ရှန်ယွဲ့သည် နတ်ဘုရားစွမ်းရည်၏ နက်နဲလှသော ပညာရပ်များအတွင်း၌ အပြည့်အဝ နစ်မြုပ်နေခဲ့ပြီး ဓားမိစ္ဆာ၏ အသံများသာ သူ့နားထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေကာ ဓားဆန္ဒကို လမ်းညွှန်ပေးနေခဲ့သည်။
ဤနတ်ဘုရားစွမ်းရည်၏ အမည်မှာ အတ္တကင်းမဲ့ ဓားသိုင်း ဖြစ်ပြီး အတိတ်က ကျင့်ကြံခဲ့ဖူးသမျှ အရာအားလုံးနှင့် ဓားဆန္ဒများကို စွန့်လွှတ်ကာ အတ္တကင်းမဲ့သော ဓားဆန္ဒအသစ်တစ်ခုကို ပြန်လည် ပုံဖော်ထုဆစ်ရန် လိုအပ်သည်။
အတ္တကင်းမဲ့ ဓားဆန္ဒ၏ အားသာချက်မှာ ၎င်း၏ ဘက်စုံအသုံးဝင်မှုပင် ဖြစ်၏။ ၎င်းသည် အတိတ်က ဓားဆန္ဒများကို ပြန်လည်ဖန်တီးနိုင်စွမ်း ရှိသလို လုံးဝ အသစ်စက်စက်ဖြစ်သော ဓားဆန္ဒများကိုလည်း ဖန်တီးနိုင်စွမ်း ရှိသည်။
ဤသည်က ဓားမိစ္ဆာကိုယ်တိုင်ပင် အပြည့်အဝ နားလည်သဘောပေါက်ခြင်း မရှိသေးသော ဓားလမ်းစဉ် နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်ပြီး ဓားမိစ္ဆာ၏ ပြောစကားအရဆိုလျှင် သူသာ ဤပညာရပ်ကို တတ်ကျွမ်းသွားခဲ့မည်ဆိုပါက နောင်အနာဂတ်၌ ရရှိလာမည့် အောင်မြင်မှုများမှာ ဓားမိစ္ဆာထက်ပင် သာလွန်သွားပေလိမ့်မည်။
ရှန်ယွဲ့အနေဖြင့် ဓားမိစ္ဆာ မည်မျှအထိ အစွမ်းထက်ကြောင်း အတိအကျ မသိရှိသော်လည်း ဓားမိစ္ဆာ၏ စွမ်းအားများကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ဖူးသည်မဟုတ်ပါလား။
သူသည် အစက ဤအတ္တကင်းမဲ့ ဓားသိုင်းကို မကျင့်ကြံလိုခဲ့သော်လည်း ကံဆိုးစွာဖြင့် ကျင့်ကြံမှုအဆင့်များ ဖျက်ဆီးခံလိုက်ရသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ရသဖြင့် မလွှဲမရှောင်သာဘဲ ဤကျင့်စဉ်ကိုသာ ရွေးချယ်ခဲ့ရခြင်း ဖြစ်သည်။
ယခု ပြန်လည်တွေးတောကြည့်သည့် အခါတွင် ဤအရာအားလုံးမှာ ဓားမိစ္ဆာ ကိုယ်တိုင် ဖန်တီးထားခဲ့သော အကြံအစည်တစ်ခု ဖြစ်မည်ဟုပင် သံသယဝင်လာမိသည်။
သူ့ကို ဤဝိညာဉ်ကျောက်တွင်းဆီသို့ ရှာဖွေနိုင်ရန် လမ်းညွှန်ပေးခဲ့သူမှာ ဓားမိစ္ဆာပင် ဖြစ်သည်။ ဤနေရာ၌ ရှိနေသော ကျင့်ကြံသူများကို သူ မရင်ဆိုင်နိုင်မှန်း ဓားမိစ္ဆာ ကြိုတင် သိရှိထားခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။
အကြောင်းရင်းကို ပြောရမည်ဆိုပါက ဓားမိစ္ဆာသည် အတ္တကင်းမဲ့ ဓားသိုင်း၏ အစွမ်းသတ္တိများကို မြင်တွေ့လိုသောကြောင့် ဖြစ်တန်ရာ၏။
ရှန်ယွဲ့၏ အမြင်အရဆိုလျှင် ဓားမိစ္ဆာသည် ဓားလမ်းစဉ်မှ နတ်ဆိုးကြီးတစ်ပါး ဖြစ်ပြီး သူ့လုပ်ဆောင်ချက်များမှာ အလွန် ဆန်းကြယ်ကာ စိတ်ပြောင်းလွယ်တတ်သူ တစ်ဦးလည်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဓားမိစ္ဆာ၏ ကျေးဇူးကြောင့်သာ ယင်ကျင်းရှင်းကို အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ရှန်ယွဲ့ အတ္တကင်းမဲ့ ဓားသိုင်း၏ စိတ်နှလုံးကျင့်ကြံခြင်းနည်းလမ်းကို စတင် လှည့်ပတ်လိုက်သည်နှင့်တစ်ပြိုင်နက် အတွေးများ တည်ငြိမ်လာခဲ့ပြီး စိတ်အနှောင့်အယှက်ဖြစ်စေသော အတွေးများအားလုံး ပျောက်ကွယ်သွားခဲ့လေသည်။
သူသည် ငယ်စဉ်ကတည်းကပင် အခြားသူများ၌ မရှိသော ထူးခြားသည့် စွမ်းရည်တစ်ခု မိမိထံ၌ ရှိနေကြောင်း ကောင်းစွာ သိရှိထားခဲ့သည်။ ၎င်းမှာ အလွန်အမင်း အာရုံစိုက်နိုင်စွမ်း ရှိခြင်းပင် ဖြစ်သည်။
ထိုအာရုံစိုက်နိုင်စွမ်းကြောင့်ပင် သူ လုပ်ဆောင်သမျှ အရာတိုင်း၌ ထက်ဝက်သော အားထုတ်မှုဖြင့် နှစ်ဆသော ရလဒ်များကို ရရှိနိုင်ခဲ့ခြင်း ဖြစ်သည်။
အတ္တကင်းမဲ့ ဓားသိုင်း၏ အမွေအနှစ်ကို လက်ခံရရှိပြီးနောက် ဤပညာရပ်ကို သူ သေချာပေါက် တတ်ကျွမ်းသွားလိမ့်မည်ဟု ခံစားမိခဲ့သော်လည်း ဓားမိစ္ဆာအား အတိအကျ ဖွင့်ပြောခဲ့ခြင်း မရှိချေ။
ဤဝိညာဉ်ကျောက်တွင်း၌ နေထိုင်ခဲ့ရသော အချိန်ကာလ တစ်လျှောက်လုံး ညစဉ်ညတိုင်း အတ္တကင်းမဲ့ ဓားသိုင်းကိုသာ စဉ်းစားဆင်ချင်နေခဲ့သည်။
ဤညသို့ ရောက်ရှိလာသည့်အချိန်အထိ ဤအတ္တကင်းမဲ့ ဓားသိုင်းကို အပြည့်အဝ မတတ်ကျွမ်းသေးသော်လည်း ၎င်းအပေါ် နားလည်သဘောပေါက်မှုများမှာ များစွာ နက်ရှိုင်းလာခဲ့ပြီ ဖြစ်၏။
အတ္တကင်းမဲ့ခြင်း ဟူသည်မှာ အဘယ်နည်း။
ရှန်ယွဲ့ ခံစားမိသည်မှာ အတ္တကင်းမဲ့ခြင်း ဟူသည် ကန့်သတ်ချက်မရှိသော၊ ကြီးမားကျယ်ပြန့်လှသော အမြင်ကျယ်မှုတစ်မျိုးပင် ဖြစ်သည်။
သူသည် ဓားမိစ္ဆာ၏ ကောင်းကင်ပြိုဆင်း ဓားနယ်ပယ်ကို ပြန်လည်တွေးတောမိသွားပြီး ထိုသို့သော ပုံရိပ်ယောင်ဖန်တီးမှုမျိုးမှာ ဖိနှိပ်ခြင်းနည်းလမ်းတစ်ခုသာ ဖြစ်ပြီး လုံလောက်သော ကြီးမားကျယ်ပြန့်မှုမျိုး မရှိဟု ခံစားလိုက်ရသည်။
ရှန်ယွဲ့သည် တရားမှတ်ခြင်း၏ အနက်ရှိုင်းဆုံးသော အခြေအနေသို့ ရောက်ရှိသွားသည်နှင့်အမျှ ဝိညာဉ်ချီများ မြေကြီးထဲမှနေ လှိုင်းလုံးကြီးများအလား တရဟော ထွက်ပေါ်လာကာ သူ့ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားကြသဖြင့် ဝတ်ရုံများ ပို၍ ပြင်းထန်စွာ လှုပ်ခါလာခဲ့သည်။
တစ်ချိန်တည်းမှာပင်….
အပြင်ဘက်ရှိ တောင်စောင်းတစ်ခုထက်၌ ဝမ့်ယင်းဂိုဏ်းမှ ကျင့်ကြံသူ သုံးဦး မီးပုံဘေးတွင် ထိုင်ရင်း ဂိုဏ်း၏ အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးနေခဲ့ကြသည်။
"ဂိုဏ်းက ချင်းရှောင်ဂိုဏ်းကို အပီအပြင် ကိုင်တွယ်ဖို့ ပြင်ဆင်နေပြီ..."
"သူတို့ အစောကြီးကတည်းက လှုပ်ရှားသင့်တာ... ဒီကိစ္စက လောကအနှံ့ ပြန့်နှံ့သွားခဲ့ပြီမို့ တကယ်ကို ရှက်စရာကောင်းလွန်းတယ်..."
"အဲဒီ ယွမ်လီဆိုတဲ့ကောင်က ငါတို့ရဲ့ ဝိညာဉ်အသိအာရုံအဆင့်ရှိတဲ့ တပည့်တွေကို အများကြီး သတ်ပစ်ခဲ့တာ... သူ့ကိုသာ ထပ်ပြီး မတားဆီးနိုင်ရင် ငါတို့တွေ ဘယ်လိုလုပ်ကြမလဲ..."
ချင်းရှောင်ဂိုဏ်းအကြောင်းကို ပြောဆိုရာတွင် သူတို့သည် ယခင်ကလို အထင်အမြင်သေးမှုများ မရှိကြတော့ဘဲ ဒေါသတရားများသာ ပြည့်နှက်နေခဲ့ကြချေပြီ။
ဝမ့်ယင်းဂိုဏ်းမှ ကျင့်ကြံသူများ၏ အမြင်အရဆိုလျှင် ချင်းရှောင်ဂိုဏ်းလို ဂိုဏ်းငယ်လေးတစ်ခုက ဝမ့်ယင်းဂိုဏ်းကို ပြန်လည်ခုခံဝံ့ခြင်းဟူသည်မှာ မည်သို့သော အခြေအနေမျိုးနည်း။
ဤသည်မှာ လုံးဝ လက်ခံနိုင်စရာ မရှိသော ကိစ္စရပ်တစ်ခုပင်။
ထိုအကြောင်းပြချက်ကြောင့်ပင် ချင်းရှောင်ဂိုဏ်းကို သေချာပေါက် အမြစ်ပြတ် ဖျက်ဆီးပစ်ရမည်။
သူတို့ ပိုမို စိတ်လှုပ်ရှားစွာ စကားပြောဆိုနေကြစဉ် ညဉ့်နက်ပိုင်း၏ တိတ်ဆိတ်မှုအောက်ရှိ ညလေပြင်းများ တစ်ဟုန်ထိုး ပြင်းထန်လာခဲ့ပြီး ဝမ့်ယင်းဂိုဏ်းမှ ကျင့်ကြံသူ သုံးဦးစလုံး တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိသွားလောက်သည်အထိ ဖြစ်လာသဖြင့် သူတို့အားလုံး ချက်ချင်း မတ်တတ်ရပ်လိုက်ကြကာ ရန်သူများ လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်၍ ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ကြသည်။
"မင်းတို့ ခံစားမိလား..."
သူတို့ထဲမှ တစ်ဦးက မျက်မှောင်ကြုံ့လျက် မေးမြန်းလိုက်ပြီး မှော်ပစ္စည်းကို ထုတ်ယူကာ တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်သည်။
အခြားသော အမျိုးသမီးကျင့်ကြံသူတစ်ဦးကလည်း…
"ဒါက ဓားဆန္ဒတစ်ခုခုနဲ့ တူတယ်..."
သူတို့သည် ကောင်းကင်နှင့်မြေကြီးကြား၌ လှိုင်းထနေသော ဝေဝါးပြီး ဖမ်းဆုပ်ရခက်သည့် ဓားဆန္ဒတစ်ခုကို ခံစားနေရသော်လည်း ၎င်း၏ မြစ်ဖျားခံရာကို အတိအကျ ရှာဖွေနိုင်ခြင်း မရှိကြချေ။
အောက်ဘက်ရှိ ဝိညာဉ်ကျောက်တွင်းကြီးမှာ မှောင်မိုက်နေခဲ့ပြီး ကျွန်များမှာလည်း မိမိတို့၏ ဂူဥမင်များအတွင်း၌ အသံတိတ် အနားယူနေကြသဖြင့် ဤတောင်ကြီးမှာ အလွန်ပင် တိတ်ဆိတ်ပြီး ဖိအားများ ပြည့်နှက်နေသလို ရှိနေသည်။
ကောင်းကင်နှင့်မြေကြီးကြားရှိ ဆန်းကြယ်လှသော ဓားဆန္ဒမှာ အဆက်မပြတ် ပြင်းထန်လာခဲ့ပြီး အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ လေပြင်းကြီးတစ်ခု တိုက်ခတ်လာကာ အဝေးရှိ သစ်ပင်ကြီးများ ပြင်းထန်စွာ ယိမ်းထိုးသွားခဲ့ကြရုံတင်မက ကျင့်ကြံသူ သုံးဦး ရပ်နေသော တောင်ကြီးမှာလည်း စတင် တုန်ခါလာခဲ့သည်။
အချိန်အတော်ကြာပြီးနောက်မှသာ ကျင့်ကြံသူတစ်ဦး၏ အကြည့်က ရှန်ယွဲ့ ရှိနေသည့် ဂူဥမင်ဘက်သို့ ရောက်ရှိသွားခဲ့သည်။
ဂူပေါက်ဝ၌ နေထိုင်လျက်ရှိသော လင်းလင်ကျိုးသည် အမှောင်ထုအတွင်းသို့ ရှင်းလင်းစွာ မမြင်တွေ့နိုင်သော်လည်း သူ့ ကိုယ်ပေါ်သို့ ထက်မြက်လှသော အကြည့်တစ်ခု ကျရောက်လာကြောင်းကို အထင်အရှား ခံစားလိုက်ရသဖြင့် ကြက်သီးမွှေးညင်းများပင် ထသွားခဲ့ရသည်။
သူသည် ဦးခေါင်းကို လှည့်၍ ဂူဥမင်အနက်ပိုင်းရှိ ရှန်ယွဲ့ကို လှမ်းကြည့်လိုက်မိပြီး ရင်ထဲ၌ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခဲ့သည်။
ဤရုတ်တရက် တိုက်ခတ်လာသော လေပြင်းကြီးက မည်သို့သော အဓိပ္ပာယ်နည်း။
သူသည် လောကကြီးတစ်ခုလုံးကို လွှမ်းခြုံနေသော ဓားဆန္ဒများကို မခံစားမိနိုင်သော်လည်း ရှန်ယွဲ့၏ ကိုယ်ပေါ်၌ အရှိန်အဝါများ စုစည်းနေကြောင်းကို ကောင်းစွာ အာရုံခံမိနေသဖြင့် သူ့အား စိုးရိမ်စိတ်များနှင့်အတူ မျှော်လင့်ချက်များကိုလည်း ဖြစ်ပေါ်လာစေခဲ့သည်။
ဖြစ်နိုင်သည်မှာ ယနေ့ည ကုန်လွန်ပြီးနောက် သူတို့တွေ အမှန်တကယ်ပင် အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်နိုင်တော့မည်လော။
ထိုအခိုက်အတန့်၌ လင်းလင်ကျိုး၏ နောက်ကျောဘက်မှ ခြေသံများ ထွက်ပေါ်လာခဲ့သဖြင့် အလွန်အမင်း ထိတ်လန့်သွားကာ မသိစိတ်ကြောင့် ခေါင်းလှည့်ကြည့်လိုက်မိသည်။
သူ လှည့်ကြည့်လိုက်သည်နှင့် ဓားဦးဖျားတစ်ခုက သူ့ နှာခေါင်းထိပ်ဖျားကို လာရောက် ထောက်ထားသည်ကို မြင်တွေ့လိုက်ရသဖြင့် ကြောက်လန့်တကြား အေးခဲသွားခဲ့သည်။
ဓားကို ကိုင်ဆောင်ထားသော ဝမ့်ယင်းဂိုဏ်း ကျင့်ကြံသူက လင်းလင်ကျိုးကို အရေးမစိုက်ဘဲ အကြည့်များကို ရှန်ယွဲ့ထံသို့သာ စူးစိုက်ထားလိုက်ပြီး နားလည်ရခက်သော အကြည့်များဖြင့် စစ်ဆေးကြည့်ရှုနေသည်။
" တကယ်ပဲ မင်း ဖြစ်နေတာကိုး... မင်းက အခုထိ ဓားဆန္ဒကို ကျင့်ကြံနိုင်စွမ်း ရှိနေသေးလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး..."
ဝမ့်ယင်းဂိုဏ်း ကျင့်ကြံသူက သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေသည့် အေးစက်စက် လေသံဖြင့် စကားဆိုလိုက်သည်။
ရှန်ယွဲ့က ပြန်လည်မဖြေကြားဘဲ အတ္တကင်းမဲ့ ဓားသိုင်းအတွင်း၌သာ ဆက်လက်၍နစ်မြုပ်နေခဲ့သည်။
………………………
တိတ်ဆိတ်လှသော ညဉ့်သန်းခေါင်အချိန်၌
လီချင်းချိုး မသေမျိုးဂူအတွင်း၌ ကျင့်ကြံနေစဉ် သူ့မျက်စိရှေ့မှောက်၌ အသိပေးချက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
【ချင်းရှောင်ဂိုဏ်းတပည့်တစ်ဦးသည် ၎င်း၏ ကိုယ်ပိုင်ကန့်သတ်ချက်များနှင့် ကောင်းကင်နှင့်မြေပြင်၏ ကန့်သတ်ချက်များကို ပထမဆုံးအကြိမ်အဖြစ် ချိုးဖောက်နိုင်ခဲ့ပြီး တာအိုမျိုးဆက်၏ ကံတရားစွမ်းအားကို မြှင့်တင်ပေးနိုင်ခဲ့သဖြင့် သင်သည် ကြီးမြတ်သော ကံတရားခန္ဓာကိုယ်ကို ရှာဖွေနိုင်မည့် အခွင့်အရေးတစ်ခုကို ရရှိပါသည်】
လီချင်းချိုး မျက်လုံးများကို ပိတ်ထားသည့်တိုင်အောင် ဤအသိပေးချက်ကို ကောင်းစွာ မြင်တွေ့နိုင်စွမ်း ရှိနေသဖြင့် မသိစိတ်ကြောင့် မျက်လုံးများကို ဖွင့်လိုက်မိပြီး အံ့အားသင့်သွားခဲ့သည်။
ဘယ်သူကများ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ….
ကိုယ်ပိုင်ကန့်သတ်ချက်များနှင့် ကောင်းကင်နှင့်မြေပြင်၏ ကန့်သတ်ချက်များကို ချိုးဖောက်ခြင်း ဟူသည် အလွန်ပင် ကြီးမားလှသော အောင်မြင်မှုကြီးတစ်ခု ဖြစ်ပေသည်။
အရေးအကြီးဆုံးမှာ ၎င်းက လီချင်းချိုးကို ကြီးမြတ်သော ကံတရားခန္ဓာကိုယ် ရှာဖွေရေး အခွင့်အရေးတစ်ခု ထပ်မံရရှိစေခဲ့ခြင်းပင် ဖြစ်၏။
သူ ယခင်က ဤအခွင့်အရေးတစ်ခုကို အသုံးပြုခဲ့ဖူးသော်လည်း ယင်ကျင်းရှင်းနှင့် မဆုံတွေ့ခင် ပထမဆုံး ကြီးမြတ်သော ကံတရားခန္ဓာကိုယ် ရှာဖွေရေး အခွင့်အရေးမှာ အလဟဿ ဖြစ်သွားခဲ့ရသည်နှင့် တူနေပေသည်။
လီချင်းချိုး လတ်တလောတွင် မည်သူက ဤမျှအထိ စွမ်းဆောင်နိုင်မည်ကို အတိအကျ မစဉ်းစားနိုင်သေးချေ။ အကြောင်းမူကား ဤသို့ စွမ်းဆောင်နိုင်စွမ်းရှိသူ အရေအတွက် များပြားလွန်းလှသောကြောင့်ပင်။
သူ့တပည့်များအပြင်၊ ရှန်ယွဲ့၊ ကျန်းကျောက်ရှား၊ ရွှီနင်း၊ ဓားမိစ္ဆာ၊ ကျန့်ကူး စသည်ဖြင့် အများအပြား ရှိနေသည်မဟုတ်ပါလား။
ပိုင်နင်းအာနှင့် ကျန်းဖိန်တို့ကိုယ်တိုင်ပင်လျှင် ဤသို့ လုပ်ဆောင်နိုင်စွမ်း ရှိကောင်း ရှိပေလိမ့်မည်။
သို့သော်လည်း ပြင်ပသို့ ထွက်ခွာသွားသော တပည့်တစ်ဦးဦး ဖြစ်နိုင်ခြေ ပိုများကြောင်း ခံစားမိနေသည်။ အဘယ့်ကြောင့်ဆိုသော် ထူးခြားလှသော လှုံ့ဆော်မှုများနှင့် အခွင့်အရေးများ မရှိဘဲနှင့် ဤကဲ့သို့သော အောင်မြင်မှုမျိုးကို လွယ်လွယ်နှင့် ရရှိနိုင်မည် မဟုတ်သောကြောင့်ပင်။
ထားလိုက်ပါတော့... ငါလည်း တွေးလို့ရမှာ မဟုတ်ဘူး...
လီချင်းချိုး ဆက်လက် မတွေးတောတော့ဘဲ ကြီးမြတ်သော ကံတရားခန္ဓာကိုယ် ရှာဖွေရေး အခွင့်အရေးကိုသာ တိုက်ရိုက် အသက်သွင်းလိုက်လေသည်။
ကံဆိုးသဖြင့် ကြီးမြတ်သော ကံတရားခန္ဓာကိုယ်ကို ရှာဖွေတွေ့ရှိခြင်း မရှိခဲ့သဖြင့် ဆက်လက်၍သာ ကျင့်ကြံနေလိုက်တော့သည်။
နောက်တစ်နေ့ နံနက်စောစောအချိန်၌ လီချင်းချိုး မသေမျိုးဂူအတွင်းမှ ထွက်ခွာလာခဲ့သည်။
တစ်ချိန်တည်းမှာပင်…
လောကကြီး၏ အခြားတစ်ဖက်ခြမ်း၊ ထိုက်ခွန်းတောင်တန်းနှင့် အလွန် ဝေးကွာလှသော တောင်တန်းတစ်ခုအတွင်း၌ ချင်းရှောင်ဂိုဏ်းမှ တပည့်များ တောင်ထွတ်အသီးသီးထက်တွင် မတ်တတ်ရပ်လျက် သတိကြီးစွာဖြင့် စောင့်ကြပ်နေကြပြီး သူတို့၏ နောက်ကျောဘက်၌ ကောင်းကင်လက်မှုပညာခန်းမမှ တပည့်များက နေရာရွေ့ပြောင်းရေးအစီအရင်တခုကို အားဖြည့် တည်ဆောက်နေကြသည်။
အထက်ကောင်းကင်ယံမှနေ၍ ငုံ့ကြည့်လိုက်မည်ဆိုပါက ဤချင်းရှောင်ဂိုဏ်းမှ တပည့်များသည် ကြီးမားလှသော စက်ဝိုင်းကြီးတစ်ခုကို ပုံဖော်ထားကြပြီး တောင်ကုန်းသုံးခုကို ဝန်းရံထားကြကြောင်း မြင်တွေ့ရမည်။ ဤတောင်ကုန်းသုံးခုပေါ်၌ နေရာရွှေ့ပြောင်းရေးစင်မြင့်များစွာ ရှိနေကြပြီး အလင်းရောင်များ တောက်ပနေကာ တပည့်များ အဆက်မပြတ် ထွက်ပေါ်လာနေကြသလို အခြားသော တပည့်များကလည်း နေရာရွှေ့ပြောင်းရေးစင်မြင့် နှစ်ခုဆီသို့ တရဟော တိုးဝင်သွားနေကြသည်။
ပိုင်နင်းအာနှင့် ကျန်းဖိန်တို့သည်လည်း တောင်ထွတ်တစ်ခုပေါ်၌ ရပ်နေကြသည်။ ကျန်းဖိန်၏ လေးနက်တည်ကြည်မှုများနှင့် နှိုင်းယှဉ်ပါက ပိုင်နင်းအာသည် မြေပြင်ပေါ်၌ ထိုင်နေရင်း အလွန်ပင် သက်တောင့်သက်သာ ရှိလှပုံပေါ်သော်လည်း သူ့ အကြည့်များက နေရာအနှံ့သို့ ဝေ့ဝဲနေပြီး စိတ်တည်ငြိမ်အောင် မလုပ်နိုင်ကြောင်း အထင်အရှား ပြသနေသည်။
"ကျန်းဖိန်... အဆုံးအဖြတ် တိုက်ပွဲကြီးက ဘယ်အချိန်လောက် စတင်ဖြစ်ပွားလာမယ် ထင်လဲ..."
သူသည် ယခုအခါ ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ လီချင်းချိုး ကိုယ်တိုင်က ဤစစ်ပွဲအတွင်း ပါဝင်ဆင်နွှဲရန် အထူးတလည် စီစဉ်ပေးခဲ့ခြင်း ဖြစ်သော်လည်း ဂိုဏ်းချုပ်၏ နက်နဲလှသော ရည်ရွယ်ချက်များကို နားမလည်ခဲ့ဘဲ ကျင့်ကြံမှုအတွက် စစ်မြေပြင်သို့ သွားရောက်ရန် လိုအပ်သည်ဟုသာ ထင်မှတ်၍ လာရောက်ခဲ့ခြင်း ဖြစ်သည်။
ကျန်းဖိန်က အဝေးဆီသို့ လှမ်းကြည့်ရင်း….
"ဖြစ်နိုင်တာက ဒီနေ့ပဲ ဖြစ်လိမ့်မယ်..."
"ဝမ့်ယင်းဂိုဏ်းက ဒီလောက်တောင် မြန်နေပြီလား..."
"ငါတို့တွေက ဒီနေရာနဲ့ ပိုပြီးတော့ ဝေးကွာနေခဲ့တာ... ငါတို့ နေရာရွှေ့ပြောင်းရေးစင်မြင့်တွေ တည်ဆောက်ခဲ့တဲ့ အရှိန်ကို ကြည့်လိုက်... ဝမ့်ယင်းဂိုဏ်းက ငါတို့ထက် ပိုမြန်နေဖို့ပဲ ရှိတယ်..."
ကျန်းဖိန်က တည်ငြိမ်စွာဖြင့် ပြန်လည်ဖြေကြားလိုက်သော်လည်း သူ့ နှလုံးသားကတော့ မျက်နှာအမူအရာလောက် တည်ငြိမ်နေခြင်း မရှိချေ။
သူ မထွက်ခွာလာမီအချိန်ကတည်းက ဂိုဏ်းအတွက် အကျိုးပြုသင့်ကြောင်း မိမိကိုယ်မိမိ ယုံကြည်အောင် ကြိုးစားခဲ့ဖူးသော်လည်း ဤနေရာသို့ ရောက်ရှိလာခဲ့သည့် အခါတွင် ပြင်းထန်လှသော စိုးရိမ်ပူပန်မှုများ သူ့နှလုံးသားကို လွှမ်းခြုံသွားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်လိုစိတ်များပင် ဖြစ်ပေါ်လာခဲ့သည်။
သူ အစောကတည်းက သည်းခံနေခဲ့ခြင်း ဖြစ်သည်။အကယ်၍ သူသာ ဤတိုက်ပွဲမှ ထွက်ပြေးခဲ့မည်ဆိုပါက ချင်းရှောင်ဂိုဏ်းနှင့် အဆက်အသွယ် အားလုံး ပြတ်တောက်သွားမည်ဖြစ်ပြီး ပြန်လမ်းမရှိတော့ကြောင်း ကောင်းစွာ သိရှိထားသည်။
အရေးအကြီးဆုံးမှာ ဤတိုက်ပွဲသည် သေချက်ပေါက် သေဆုံးရမည့် အခြေအနေမျိုး မဟုတ်ဘဲ သူ အသက်ရှင်လျက် လွတ်မြောက်နိုင်မည့် အခွင့်အရေးများလည်း ရှိနေသေးသည်မဟုတ်ပါလား။ သူသည် ဂိုဏ်းချုပ် မိမိအပေါ် ပြသခဲ့ဖူးသော ကရုဏာတရားများကိုသာ စိတ်ထဲ၌ ထပ်တလဲလဲ ပြန်လည်တွေးတောနေမိတော့သည်။
ပိုင်နင်းအာကလည်း သူ့စကားများက ယုတ္တိရှိကြောင်း ခံစားလိုက်ရသည်။ ပိုင်နင်းအာသည် စစ်ပွဲ စောစောစီးစီး ရောက်ရှိလာမည်ကို ကြောက်ရွံ့ခြင်းမရှိဘဲ စောစောစီးစီး ထွက်ခွာသွားနိုင်ရန်အတွက် စစ်ပွဲ စောစောစတင်နိုင်ရန်ပင် မျှော်လင့်နေခဲ့သေးသည်။
သူသည် တောင်ပိုင်း ဟော်ထျန်းပင်လယ်ကို စူးစမ်းလေ့လာရန် တာဝန်ကို လက်ခံရရှိထားခဲ့ပြီဖြစ်ရာ ဤစစ်ပွဲ ပြီးဆုံးသွားသည်နှင့် တောင်ဘက်သို့ ထွက်ခွာရန် ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။
သူ့အတွက် သမုဒ္ဒရာကြီးသည် အမြဲတမ်း ဆန်းကြယ်လှသော အရာတစ်ခုအဖြစ် ရှိနေခဲ့ပြီး သမုဒ္ဒရာကြီးအပေါ် စပ်စုလိုစိတ်များမှာ ကုန်းမြေထက်ပင် ပို၍ ကြီးမားနေသေးသည်။
ထိုစဉ် ပိုင်နင်းအာ၏ အကြည့်က တောင်စောင်းတစ်ခုပေါ်သို့ ရုတ်တရက် ကျရောက်သွားခဲ့ရာ လက်ကို မြှောက်၍ လှမ်းညွှန်လိုက်ရင်း အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။
"ကြည့်စမ်း... အဲဒါက ဘာကြီးလဲ..."