← Chapters

အခန်း ၃၅၃

Vol. 36 Ch. 353

အခန်း ၃၅၃

Vol. 36 Ch. 353

အခန်း (၃၅၃) ကောင်းကင်နေမင်း ရောက်ရှိလာခြင်း

​ကျန်းဖိန်သည် ပိုင်နင်းအာ ညွှန်ပြရာ အရပ်မျက်နှာဆီသို့ လှမ်းကြည့်လိုက်ရာ တပည့်လေးဦးက ကြေးညိုသေတ္တာကြီးတစ်ခုကို သယ်ဆောင်လာကြသည်ကို မြင်တွေ့လိုက်ရသည်။ အဝေးကြီးမှပင် ထိုကြေးညိုသေတ္တာကြီးအတွင်း၌ ပါဝင်နေသော ပြင်းထန်လှသည့် ဝိညာဉ်ချီများကို အထင်အရှား ခံစားနေရသည်။

​သူတို့တင်မကဘဲ အခြားသော တပည့်များစွာသည်လည်း ထိုကြေးညိုသေတ္တာကြီးအပေါ် အာရုံကျရောက်သွားခဲ့ကြပြီး အချင်းချင်း တီးတိုး ဆွေးနွေးနေခဲ့ကြပြီ။

​"အဲဒါက ဘာကြီးလဲ..."

​"ငါလည်း သေချာတော့ မသိဘူး... ဒါပေမဲ့ သတင်းအချို့တော့ ကြားထားတယ်... ဒီသေတ္တာထဲက အရာက ဝမ့်ယင်းဂိုဏ်းကို ရူးရူးမိုက်မိုက် တုံ့ပြန်လာအောင် ဆွပေးနိုင်လိမ့်မယ်လို့ ပြောကြတယ်... ဂိုဏ်းက ဒီစစ်ပွဲကို အဆုံးသတ်ဖို့ ပြင်ဆင်နေတာတဲ့..."

​"အဲဒီအဓိပ္ပာယ်က အဆုံးအဖြတ် တိုက်ပွဲကြီး ရောက်လာတော့မယ်ဆိုတဲ့ သဘော မဟုတ်ဘူးလား..."

​"မင်းနဲ့ ငါ အသက်ရှင်လျက် ပြန်သွားနိုင်ပါ့မလားတောင် မသိတော့ဘူး..."

​"စီနီယာအစ်ကိုကြီး ယွမ်လီထက် ပိုအစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် ငါတို့ကို လာကူညီမယ်လို့ ကြားတယ်... ဒါကြောင့် အရမ်းကြီးတော့ အဆိုးမြင်မနေပါနဲ့..."

​တောင်ထွတ်အသီးသီးမှ တပည့်များအားလုံး ထိုအကြောင်းအရာကိုသာ ဆွေးနွေးနေခဲ့ကြသည်။ ယနေ့အချိန်အထိ တိုက်ပွဲဝင်ခဲ့ပြီးနောက် လူတိုင်း မိမိကိုယ်မိမိ ယုံကြည်မှု ပိုမိုပြည့်ဝလာခြင်းမျိုး မဟုတ်ဘဲ လူအများစုမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေခဲ့ကြပြီး အသက်ရှင်လျက် ပြန်သွားနိုင်ပါမည်လားဟူသောအချက်အပေါ် စိုးရိမ်ပူပန်နေကြရသည်။ အကြောင်းမူကား သူတို့သည် အသက်နှင့် သေဆုံးခြင်း ကြားမှ မြင်ကွင်းများကို မြင်တွေ့ခဲ့ရဖူးလွန်းသောကြောင့် ဖြစ်ပေသည်။

​ဝမ့်ယင်းဂိုဏ်းနှင့် စစ်ပွဲ စတင်ဖြစ်ပွားခဲ့ကတည်းက ချင်းရှောင်ဂိုဏ်းမှ တပည့်ပေါင်း နှစ်ထောင်ကျော် အသက်ပေးလှူသွားခဲ့ရပြီ ဖြစ်၏။ ၎င်းမှာ နည်းပါးလှသော အရေအတွက် မဟုတ်ချေ။ ထိုအသက်ပေးသွားခဲ့ကြသော တပည့်များတွင် ဆရာသခင်များ၊ မိတ်ဆွေများနှင့် မိသားစုဝင်များ ဂိုဏ်းအတွင်း၌ ရှိနေကြပြီး ၎င်းတို့၏ သေဆုံးမှုများက ဂိုဏ်းတစ်ခုလုံး၏ ထက်ဝက်ကျော်ခန့်အပေါ် ဂယက်ရိုက်ခတ်သွားစေခဲ့သည်။

သို့သော်လည်း​မည်သူမျှ ဂိုဏ်းအပေါ် နာကြည်းချက် မရှိခဲ့ကြချေ။ အကြောင်းမူကား အကယ်၍ သူတို့သာ ပြန်လည်မခုခံခဲ့ပါက သူတို့ကို စောင့်ကြိုနေမည့် ရလဒ်က ပိုမိုဆိုးရွားမည်ဖြစ်ကာ လူပေါင်းများစွာ ထပ်မံ သေဆုံးကြရမည်ဖြစ်ကြောင်း ကောင်းစွာ နားလည်ထားကြသောကြောင့်ပင်။

အတိတ်က ကစဉ့်ကလျားဖြစ်ခဲ့သော အခြေအနေများနှင့် နှိုင်းယှဉ်ပါက ယခုအခြေအနေက များစွာ ပို၍ ကောင်းမွန်နေခဲ့ပြီ မဟုတ်ပါလား။

​ယွမ်လီသည်လည်း အနောက်ဘက် တောင်ထွတ်ပေါ်၌ မတ်တတ်ရပ်လျက် ကြေးညိုသေတ္တာကြီးကို မျက်မှောင်ကြုံ့ကာ စိုက်ကြည့်နေခဲ့သည်။ ဝိညာဉ်ချီများအပြင် ဆိုးရွားသော နိမိတ်လက္ခဏာ အရှိန်အဝါအချို့ကိုပါ သူ အာရုံခံနေရသည်။

​အတွင်းထဲမှာ ဘာတွေများ ကွယ်ဝှက်ထားတာလဲ…..

​ဝမ့်ယင်းဂိုဏ်းလို အစွမ်းထက်သည့် ဂိုဏ်းကြီးတစ်ခုက ရတနာတစ်ခုတည်းကြောင့်နှင့် ဤမျှအထိ ရူးသွပ်သွားနိုင်ပါ့မလားဟု သူ ယခင်က တွေးတောခဲ့ဖူးသည်။

​သူ့အကြည့်အောက်၌ ကြေးညိုသေတ္တာကြီးကို ခံစစ်စခန်း၏ အလယ်ဗဟိုရှိ တောင်ထိပ်ပေါ်သို့ ပို့ဆောင်လိုက်ကြပြီး တပည့်တစ်ဦးက ၎င်းကို ဖွင့်လှစ်လိုက်ရာ ခရမ်းရောင် မြူခိုးများ လိမ့်ဆင်းထွက်ပေါ်လာခဲ့သည်။ ထိုခဏချင်းပင် ခရမ်းရောင် နွယ်ပင်များ သေတ္တာအတွင်းမှ ထွက်ပေါ်လာပြီး အလျင်အမြန် ကြီးထွားလာသဖြင့် တပည့်လေးဦးစလုံး အထိတ်တလန့် ဆုတ်ခွာသွားခဲ့ကြရသည်။

​ ကြေးညိုသေတ္တာကြီး၏ ဘေးဘက် လေဟာနယ်အတွင်းမှ ဝေထျန်းရှုံး ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ချူကျင်းနှင့် ကူးချန်ဖိန်တို့ကလည်း သူ့နောက်မှ ကပ်လျက် လိုက်ပါလာခဲ့ကြ၏။ ကြေးညိုသေတ္တာကြီးအတွင်းမှ ခရမ်းရောင် နွယ်ပင်များကို မြင်တွေ့လိုက်ရသောအခါ သူတို့အားလုံး မှင်တက်သွားခဲ့ကြသည်။

​"ဒီအရာက တကယ်ပဲ အဖိုးတန်ရတနာတစ်ခုလား..."

ချူကျင်းက အသံကို နှိမ့်၍ မေးမြန်းလိုက်သည်။ မျက်နှာဖုံး ဝတ်ဆင်ထားသဖြင့် သူ့ရဲ့ မျက်နှာအမူအရာကိုမူ မမြင်တွေ့ရချေ။

​ဝေထျန်းရှုံး၏ မျက်နှာအမူအရာကလည်း အတန်ငယ် ဆိုးရွားလျက် ရှိနေပြီး…

"ရတနာလို့တော့ သတ်မှတ်လို့ရပါတယ်... ဒါပေမဲ့ ဒီပစ္စည်းရဲ့ အစစ်အမှန် သဘာဝက တစ္ဆေမှော်ပစ္စည်းတစ်ခုပဲ... အတွင်းထဲမှာ ဝိညာဉ်တစ်ခု ကွယ်ဝှက်ထားပုံရတယ်... အဲ့ဒီ့ဝိညာဉ်က ဝမ့်ယင်းဂိုဏ်းထဲမှာ အဆင့်အတန်း မြင့်မားတဲ့ ဝိညာဉ်ဖြစ်မယ်လို့ ငါ ခန့်မှန်းမိတယ်... ဒီအရာက ဝမ့်ယင်းဂိုဏ်းကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ သူ ဘာဖြစ်လို့ ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလဲဆိုတာကို ငါ နားလည်သွားပြီ... ရှေ့ဆက်ဖြစ်လာမယ့် အခြေအနေတွေက မင်းနဲ့ ငါ တွေးထားတာထက်တောင် ပိုပြီးတော့ ဆိုးရွားလာလိမ့်မယ်... ဂိုဏ်းဆီကနေ စစ်ကူတွေ ချက်ချင်း တောင်းခံလိုက်... အနည်းဆုံး တရားဝင်တပည့် သုံးထောင်လောက် ထပ်ပြီးတော့ လွှတ်ပေးဖို့ ပြောလိုက်..."

​ထိုစကားကို ကြားလိုက်ရသောအခါ ချူကျင်း၏ မျက်ဝန်းအိမ်များ ပြောင်းလဲသွားခဲ့ပြီး ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။

​မှောင်မိုက်လှသော နန်းတော်ကြီးတစ်ခုအတွင်း၌ ဆံပင်ဖြူအမျိုးသမီးတစ်ဦး မြင့်မားလှသော စင်မြင့်ထက်၌ တင်ပလ္လင်ခွေ ထိုင်နေသည်။သူမသည် လှုပ်ခါနေသော အနက်ရောင် ဝတ်ရုံကျယ်ကြီးကို ဝတ်ဆင်ထားပြီး သူမ၏ ဘေးပတ်ပတ်လည်၌ ကလေးငယ်များ၏ ပုံသဏ္ဌာန်ရှိသော တစ္ဆေများက အသံတိတ် အော်ဟစ်နေကြသည်။

​ဆံပင်ဖြူအမျိုးသမီး၏ မျက်နှာမှာ အိုမင်းရင့်ရော်နေပြီး အရေပြားများ တွန့်လိပ်လျက် ရှိနေ၏။ သူမ ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်တော့ သူမ၏ မျက်ဝန်းများမှာ လင်းလက်တောက်ပလျက် ရှိနေသည်။ သူမ မျက်မှောင်ကြုံ့လျက် သေသေချာချာ အာရုံခံလိုက်သည့်အခါ တစ်စုံတစ်ခုကို စဉ်းစားမိသွားသည့်အလား ရုတ်ချည်း မတ်တတ်ရပ်လိုက်သည်။

​"ကျန်းအာ..."

​ဆံပင်ဖြူအမျိုးသမီးက ဝမ်းသာအားရ အော်ဟစ်လိုက်ပြီးနောက် အနက်ရောင် လေပြင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှေ့သို့ တစ်ဟုန်ထိုး ပြေးထွက်သွားပြီး ပျောက်ကွယ်သွားခဲ့ရာ သူမ၏ ဘေးပတ်ပတ်လည်ရှိ ကလေးတစ္ဆေများမှာလည်း ချက်ချင်းပင် လွင့်စင် ပျောက်ကွယ်သွားခဲ့ကြတော့သည်။

တစ်ချိန်တည်းမှာပင်……

​မိုင်ပေါင်း သောင်းချီ ကွာဝေးလှသော သစ်တောတစ်ခုအတွင်း၌ ရှန်ယွဲ့၊ လင်းလင်ကျိုး၊ ဝမ်ဖုန်းနှင့် ယင်ကျင်းရှင်းတို့ သားအမိ ရှေ့သို့ ဆက်လက်၍ ခရီးနှင်နေကြသည်။

​အသက် လေးနှစ်အရွယ် ယင်ကျင်းရှင်းလေးက မိခင်ဖြစ်သူ၏ လက်ကို ဆွဲကိုင်ထားရင်း ဘေးပတ်ဝန်းကျင်ကို စပ်စုလိုစိတ်ဖြင့် ဝေ့ဝဲကြည့်ရှုနေခဲ့သည်။ဤသည်မှာ ဝိညာဉ်ကျောက်တွင်းကြီးထဲမှ သူ ပထမဆုံးအကြိမ်အဖြစ် ထွက်ခွာလာခဲ့ခြင်း ဖြစ်၏။

​လင်းလင်ကျိုးက ရှန်ယွဲ့၏ နောက်ကျောကို လှမ်းကြည့်လိုက်ရင်း သူ့မျက်ဝန်းများအတွင်း၌ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေခဲ့သည်။ ဝမ်ဖုန်းသည်လည်း ရှန်ယွဲ့ကို စိုက်ကြည့်နေခဲ့သော်လည်း သူ့ မျက်ဝန်းများအတွင်း၌မူ ကြည်ညိုလေးစားမှုများသာ ပြည့်နှက်နေသည်။

​ယမန်နေ့ညက အတ္တကင်းမဲ့ ဓားသိုင်းကို နားလည်သဘောပေါက်သွားခဲ့ပြီဖြစ်သော ရှန်ယွဲ့က ပြိုင်ဘက်ကင်းလှသော စွမ်းပကားများကို ပြသခဲ့ပြီး ဝိညာဉ်ကျောက်တွင်းကြီးအတွင်းမှ အောင်မြင်စွာ ဖောက်ထွက်နိုင်ရန် သူတို့ကို ဦးဆောင်ခဲ့သည်။

ဝမ့်ယင်းဂိုဏ်းမှ အစွမ်းထက်သော ကျင့်ကြံသူများကို ရှန်ယွဲ့ မည်သို့ တိုက်ခိုက်ခဲ့ကြောင်းကို သူတို့ သေသေချာချာ မမြင်တွေ့လိုက်ရမီ အချိန်မှာပင် ထိုကျင့်ကြံသူများအားလုံး ခေါင်းပြတ် သေဆုံးသွားခဲ့ကြသည်။

​"သူက သေချာပေါက် အင်မတန် အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်ရမယ်... သူ ဘယ်ဂိုဏ်းကလာလဲဆိုတာ သိချင်လိုက်တာ..."

​လင်းလင်ကျိုး ရင်ထဲမှ သက်ပြင်းချရင်း တွေးတောမိလိုက်၏။ ရှန်ယွဲ့က သူ့ကို နောက်ခံသမိုင်းကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိချေ။ ဝိညာဉ်အမြစ် မရှိသဖြင့် ကျင့်ကြံခြင်းလမ်းစဉ်နှင့် ပတ်သက်၍လည်း သူ မျှော်လင့်ချက် မထားရှိတော့ပေ။ ယခုအချိန်၌ ရှန်ယွဲ့ကို မိမိအား ကျင့်စဉ်သင်ပေးရန်အတွက် တောင်းဆိုလိုစိတ်လည်း မရှိတော့ဘဲ ကိုးပြည်ထောင်နယ်မြေသို့ အသက်ရှင်လျက် ပြန်သွားကာ မိမိ၏ စီနီယာအစ်ကိုများနှင့် အစ်မများကို ပြန်လည် ဆုံတွေ့နိုင်ရန်သာ မျှော်လင့်နေတော့သည်။

ထိုစဉ်မှာပင်….

​ယင်ကျင်းရှင်း၏ မိခင် သခင်မလု မြေပြင်ပေါ်သို့ ရုတ်တရက် လဲကျသွားလေ၏။

သူမသည်​ လေးနှစ်တာ ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားခဲ့ရပြီးနောက် အန်းရွှမ်မြို့တုန်းကလို ပြည့်ဖြိုးသော အမျိုးသမီးတစ်ဦး မဟုတ်တော့ဘဲ အသက် ဆယ်နှစ်ခန့် ပိုမို ကြီးရင့်သွားသလို ဖြစ်နေကာ အရိုးပေါ် အရေတင်မျှသာ ရှိတော့သည်။

​ရှန်ယွဲ့ ခြေလှမ်းများကို ရပ်တန့်၍ သူမကို လှည့်ကြည့်လိုက်သော်လည်း ရှေ့သို့ တိုးမသွားခဲ့ချေ။

​လင်းလင်ကျိုးက သူမကို ထူပေးရန်အတွက် ဆောင့်ကြောင့်ထိုင်ချလိုက်သော်လည်း သူမက တားဆီးလိုက်သည်။

​"သူရဲကောင်းတို့... ကျွန်မ ထပ်ပြီးတော့ မလျှောက်နိုင်တော့ဘူး... ကျင်းရှင်းလေးကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... ရှင်တို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ကျွန်မ မသိပေမဲ့ ရှင်တို့ကိုပဲ ယုံကြည်အားကိုးရတော့မှာပါ... နောင်အနာဂတ်ကျရင် ကျင်းရှင်းကို ရှင်တို့ရဲ့ ဂိုဏ်းဆီကို သေချာပေါက် ခေါ်သွားပေးပါနော်..."

​သခင်မလုက ခါးသီးစွာဖြင့် စကားဆိုလိုက်သည်။ ဤစကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ယင်ကျင်းရှင်း အကြီးအကျယ် ထိတ်လန့်သွားခဲ့ရပြီး ဘာဖြစ်လို့လဲဟု အထပ်ထပ်အခါခါ မေးမြန်းနေတော့သည်။

​လင်းလင်ကျိုးနှင့် ဝမ်ဖုန်းတို့ တိတ်ဆိတ်သွားခဲ့ကြသည်။ အစစ်အမှန် သခင်မလု၏ ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်းကို သူတို့ အစောကတည်းက သိရှိထားခဲ့ကြသော်လည်း သူမ ဤမျှအထိသာ တောင့်ခံနိုင်တော့မည်ဟု မထင်မှတ်ထားခဲ့မိကြချေ။

​"ကျင်းရှင်းလေး... မေမေ သားကို ဆက်ပြီးတော့ အဖော်မပြုပေးနိုင်တော့ဘူး... သားအနေနဲ့..."

​သခင်မလုက ယင်ကျင်းရှင်းကို မှာကြားလိုသော်လည်း စကားမဆုံးမီမှာပင် ပြင်းထန်စွာ ချောင်းဆိုးလာခဲ့ပြီး အဆိပ်သွေးများစွာကိုပင် အန်ထုတ်လိုက်ရသဖြင့် မြေပြင်တစ်ခုလုံး သွေးများဖြင့် စွန်းထင်သွားခဲ့သည်။ ဤသည်က ယင်ကျင်းရှင်းကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့သည်။

​ရှန်ယွဲ့က မလှမ်းမကမ်း၌ ရပ်နေရင်း ဤမြင်ကွင်းအားလုံးကို စောင့်ကြည့်နေခဲ့ပြီး သူ့ နှလုံးသားအတွင်း၌ မိမိကိုယ်မိမိ အပြစ်တင်စိတ်များ ပြည့်နှက်နေခဲ့သော်လည်း တတ်နိုင်သည့်အရာ မရှိချေ။

​တကယ်တော့ ဤခရီးစဉ် တစ်လျှောက်လုံး သခင်မလုထံသို့ မူလချီစွမ်းအင်များကို လျှို့ဝှက်စွာ ပို့လွှတ်ပေးနေခဲ့ခြင်း ဖြစ်သည်။

​ယင်ကျင်းရှင်းသည် ဂိုဏ်းချုပ်၏ အငယ်ဆုံးသော တပည့် ဖြစ်သည်။ သူ့ မျက်စိရှေ့မှောက်၌ပင် ဒုက္ခများ ခံစားရပြီး မိခင်ဖြစ်သူကိုပါ ဆုံးရှုံးလိုက်ရသည်ဖြစ်ရာ မိမိကိုယ်မိမိ မည်သို့ကြောင့် အပြစ်မတင်ဘဲ နေနိုင်မည်နည်း။

​သူ ကိုယ်တိုင် လုံလောက်အောင် မသန်မာခဲ့သောကြောင့်သာ ယင်ကျင်းရှင်း ဤမျှအထိ ဒုက္ခများ ခံစားခဲ့ရခြင်း ဖြစ်ပေသည်။

​လင်းလင်ကျိုးနှင့် ဝမ်ဖုန်းတို့သည်လည်း သေကွဲရှင်ကွဲများကို ကြုံတွေ့ခဲ့ရဖူးသူများ ဖြစ်ကြသော်လည်း လေးနှစ်အရွယ် ယင်ကျင်းရှင်း၏ ငိုကြွေးသံများကို ကြားရသောအခါ သူတို့၏ နှလုံးသားများကို ဓားဖြင့် မွှန်းခံနေရသကဲ့သို့ နာကျင်နေရဆဲပင်။ သခင်မလုသည် ပြတ်တောင်းပြတ်တောင်း မှာကြားမှုများ ပြီးဆုံးသွားခဲ့ပြီးနောက် ဤသစ်တောအတွင်း၌ပင် ကွယ်လွန်သွားခဲ့ရှာတော့သည်။

​ယင်ကျင်းရှင်း အချိန်အတော်ကြာအောင် ငိုကြွေးပြီးနောက် ရှန်ယွဲ့က သခင်မလုကို ဤနေရာ၌ပင် မြှုပ်နှံပေးရန် မူလက ရည်ရွယ်ထားသော်လည်း ယင်ကျင်းရှင်းက မိခင်ဖြစ်သူကို မီးသင်္ဂြိုဟ်ပြီး သူမ၏ အရိုးပြာများကို ယခုမှစ၍ မိမိနှင့်အတူ သယ်ဆောင်သွားလိုကြောင်း ပြောဆိုလာခဲ့၏။ ဤအဆိုပြုချက်က သူတို့သုံးဦးစလုံးကို အံ့အားသင့်သွားစေခဲ့သည်။ ဤမျှ ငယ်ရွယ်သေးသော ကလေးငယ်တစ်ဦးထံမှ ဤကဲ့သို့သော အတွေးအခေါ်မျိုး ထွက်ပေါ်လာလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိကြချေ။

​နှစ်နာရီ ကြာပြီးနောက်…

​ယင်ကျင်းရှင်းက သခင်မလု၏ အရိုးပြာအိုးကို ပွေ့ပိုက်လျက် သူတို့သုံးဦး၏ နောက်မှ လိုက်ပါလာခဲ့သည်။

​သေဘေးမှ သီသီလေး လွတ်မြောက်လာခဲ့ပြီးခါစတွင် အဖော်တစ်ဦး၏ သေဆုံးမှုကို ကြုံတွေ့လိုက်ရသဖြင့် သူတို့သုံးဦးစလုံး၏ စိတ်ခံစားချက်များ အလွန်ပင် ဆိုးရွားနေခဲ့ကြပြီး မျက်လုံးများ နီရဲနေသော ယင်ကျင်းရှင်းကတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။ ရှန်ယွဲ့ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ယင်ကျင်းရှင်း၏ ဘေးသို့ ဆုတ်ခွာလာခဲ့သည်။ လင်းလင်ကျိုးနှင့် အခြားသူများလည်း သူ့ကို လှမ်းမကြည့်ဘဲ မနေနိုင်တော့ပေ။

​"မင်းရဲ့ အမေ ကွယ်လွန်သွားခဲ့ပြီဆိုပေမဲ့ မထွက်ခွာခင်အချိန်အထိ မင်းအတွက် အရမ်းကို စိုးရိမ်နေခဲ့ရှာတယ်... ဒီလောကကြီးထဲမှာ မိဘတွေကို တစ်ခါမှ မမြင်ဖူးခဲ့ကြတဲ့ မိဘမဲ့ကလေးတွေ အများကြီး ရှိကြပါတယ်... ပြီးတော့ မင်းမှာ အားကိုးစရာ မရှိတော့တာလည်း မဟုတ်ဘူး... ငါက မင်းရဲ့ ဆရာသခင် စေလွှတ်လိုက်လို့ မင်းကို လာရှာခဲ့တာလေ..."

​ဤသည်က ရှန်ယွဲ့ မိမိ၏ ရည်ရွယ်ချက်ကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်၏။

​ဆရာသခင် ဟုတ်လား…..

​ယင်ကျင်းရှင်းသာ နားမလည်နိုင် ဖြစ်သွားခဲ့ရသည်မဟုတ်ဘဲ လင်းလင်ကျိုးနှင့် ဝမ်ဖုန်းတို့ပင် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်မိကြပြီး တစ်ယောက်မျက်ဝန်းထဲမှ အံ့အားသင့်မှုများကို တစ်ယောက် မြင်တွေ့လိုက်ကြရသည်။

​ "မင်း မွေးကတည်းက မင်းရဲ့ ဆရာသခင်က အိပ်မက်ထဲမှာ မင်းရဲ့ တည်ရှိနေမှုကို တွက်ချက်သိရှိခဲ့တာ... သူက မင်းရဲ့ မွေးရပ်မြေနဲ့ နာမည်ကို ပြောပြခဲ့လို့သာ ငါ မင်းကို ရှာတွေ့ခဲ့တာ... ကံဆိုးတာက ငါ့ခွန်အားက မလုံလောက်ခဲ့လို့ မင်းကို စောစောစီးစီး ဘေးကင်းအောင် မကယ်ထုတ်နိုင်ခဲ့သလို မင်းရဲ့ အမေကိုလည်း ငါ မကယ်တင်နိုင်ခဲ့ဘူး..."

​ယင်ကျင်းရှင်း၏ မျက်လုံးများ နီရဲနေဆဲဖြစ်ပြီး သူ မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

"ကျွန်တော့်ရဲ့ ဆရာသခင်က ဘယ်သူလဲ... သူ့နာမည်က ဘယ်သူလဲ...ဘာဖြစ်လို့ ကျွန်တော့်ကို ရွေးချယ်ခဲ့တာလဲ..."

​သခင်မလုသည် ကျွန်တစ်ဦးအဖြစ် နေထိုင်ရစဉ်အတွင်း၌ပင် ယင်ကျင်းရှင်းကို စာဖတ်စာရေးနှင့် လောကီရေးရာများကို သင်ကြားပေးခဲ့သဖြင့် သူ့ရဲ့အပြုအမူများက သာမန်အရပ်သားကလေးငယ်များနှင့် ငယ်စဉ်ကတည်းက ကွဲပြားခြားနားခဲ့ခြင်း ဖြစ်၏။

​"အဲဒီကိုရောက်ရင် မင်း သိသွားမှာပါ... မင်းရဲ့ ဆရာသခင်ကို ရှာဖို့အတွက် နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက် အချိန်ယူရဦးမယ်..."

​ယင်ကျင်းရှင်း တိတ်ဆိတ်သွားခဲ့သည်။

​လင်းလင်ကျိုးလည်း မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

"စီနီယာရှန်... ခင်ဗျားက အရှေ့ဘက်ကို သွားနေတာလား..."

​ရှန်ယွဲ့ သူ့ကို လှမ်းကြည့်လိုက်ပြီး ခေါင်းကို အသာအယာ ညိတ်ပြလိုက်၏။

ထိုအခါ ​လင်းလင်ကျိုး၏ မျက်ဝန်းများ တောက်ပသွားခဲ့ပြီး ထပ်မံ၍ မေးမြန်းလိုက်သည်။

"စီနီယာရှန်... ကိုးပြည်ထောင်နယ်မြေအကြောင်းကိုရော ခင်ဗျား သိလား..."

​ "ငါ အဲဒီကို ရောက်ဖူးတယ်... ဘာလဲ မင်းက ကိုးပြည်ထောင်နယ်မြေကို သွားချင်လို့လား... မင်းရဲ့ အသက်အရွယ်နဲ့ဆို အဲဒီနေရာကို ရောက်ဖူးမှာ မဟုတ်သေးဘူးနော်..."

​"ကျွန်တော့်ရဲ့ ဆရာသခင်က ကိုးပြည်ထောင်နယ်မြေက သိုင်းပညာရှင်တစ်ယောက်ပါ... ကျွန်တော့်မှာလည်း သွားစရာ နေရာမရှိတော့လို့ သူ့ရဲ့ မွေးရပ်မြေကို သွားကြည့်ချင်လို့ပါ..." ဟု လင်းလင်ကျိုးက ပြန်လည်ဖြေကြားလိုက်သည်။

ထိုစကားကို ကြားပြီးနောက် ရှန်ယွဲ့က လင်းလင်ကျိုးကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။အဓိက အကြောင်းရင်းမှာ လင်းလင်ကျိုးက သူ့အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်နိုင်သောကြောင့်ပင်။

​လင်းလင်ကျိုး၏ ဆရာသခင်ကိုတော့ သူ စိတ်ဝင်စားခြင်း မရှိချေ။

​ကိုးပြည်ထောင်နယ်မြေအတွင်း၌ သိုင်းပညာရှင် အရေအတွက် များပြားလွန်းလှပြီး ယနေ့တိုင်အောင် သိုင်းလောက ဂိုဏ်းပေါင်းများစွာ ရှိနေဆဲ ဖြစ်သည်မဟုတ်ပါလား။

​ယခုအခါ သူသည် ယင်ကျင်းရှင်းကို ပြန်လည်ခေါ်ဆောင်သွားရန် တစ်ခုတည်းကိုသာ အပြည့်အဝ အာရုံစိုက်ထားခဲ့ပြီ ဖြစ်၏။

​အတ္တကင်းမဲ့ ဓားသိုင်းကို နားလည်သဘောပေါက်သွားခဲ့ပြီးနောက်ခွန်အားများ လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ရှေ့ခရီးလမ်းမှ အန္တရာယ်များကို ကြောက်ရွံ့ခြင်း မရှိတော့ချေ။

​ရှန်ယွဲ့က စကားဆက်မပြောတော့ဘဲ ဆက်လက်၍ လမ်းပြခဲ့သည်။ မိမိထံ၌ ဆရာသခင် ရှိသေးကြောင်း သိရှိသွားပြီးနောက် ယင်ကျင်းရှင်း၏ စိတ်ဓာတ်များ အတန်ငယ် ပြန်လည်တက်ကြွလာခဲ့ကြောင်း အထင်အရှား မြင်တွေ့နိုင်ပေသည်။

​မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက်တာ ကုန်လွန်သွားခဲ့လေပြီ။

​ရေတံခွန်တစ်ခု၏ အောက်၌ သူတို့လေးဦး အနားယူရန် ရပ်တန့်လိုက်ကြသည်။ ယင်ကျင်းရှင်းနှင့် လင်းလင်ကျိုးတို့ နှစ်ဦးစလုံးမှာ လောကီလူသားများ ဖြစ်ကြသဖြင့် အဆက်မပြတ် ခရီးမနှင်နိုင်ကြသလို ဝမ်ဖုန်းကလည်း ကျင့်ကြံမှု ဖျက်ဆီးခံထားရသော ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် အနားယူရန် လိုအပ်သည်။

​ရှန်ယွဲ့က ယင်ကျင်းရှင်းကို ကျောက်တုံးကြီးတစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး ဟွမ်ယွမ်ကျမ်းစာကို သင်ကြားပေးရန် ပြင်ဆင်လိုက်သည်။

​ယင်ကျင်းရှင်းကို မူလချီစွမ်းအင်များ စောစောစီးစီး ပိုင်ဆိုင်ခွင့်ပေးခြင်းက သူတို့ကို ပိုမိုမြန်ဆန်စွာ ခရီးနှင်နိုင်ရန် အထောက်အကူ ပြုပေလိမ့်မည်။

​ရှန်ယွဲ့က ယင်ကျင်းရှင်းမှာ အလွန်တရာ ထူးချွန်လှသော ပါရမီရှင်တစ်ဦး ဖြစ်မည်ဟု မသိစိတ်မှ ယုံကြည်ထားသဖြင့် ယင်ကျင်းရှင်း မူလချီစွမ်းအင်ကို ကျင့်ကြံနိုင်လိမ့်မည် မဟုတ်ဟု လုံးဝ ထည့်သွင်းစဉ်းစားထားခဲ့ခြင်း မရှိချေ။

​ရလဒ်အနေဖြင့် တစ်ရက်လုံး အချိန်ကုန်လွန်သွားခဲ့သော်လည်း ယင်ကျင်းရှင်းမှာ မူလချီစွမ်းအင် တစ်စက်မျှပင် ကျင့်ကြံနိုင်ခြင်း မရှိခဲ့သဖြင့် ရှန်ယွဲ့ အကြီးအကျယ် ဝေခွဲမရ ဖြစ်သွားခဲ့ရသည်။

​"စီနီယာရှန်... ကျွန်တော်က အရမ်းကို အသုံးမကျတာလား..."

ယင်ကျင်းရှင်းလည်း အလွန်ပင် စိတ်ဓာတ်ကျနေခဲ့၏။ ထိုကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်ချီဆိုသောအရာများကို သူ လုံးဝ အာရုံမခံမိချေ။

​ "ကျင့်ကြံတာက အလောတကြီး လုပ်လို့မရဘူး... ဖြည်းဖြည်းချင်းပဲ သွားရမယ်..."

​နောင်လာမည့် ရက်များအတွင်း ယင်ကျင်းရှင်းကို ဖြည်းဖြည်းချင်း သင်ကြားပေးရန် ပြင်ဆင်လိုက်သည်။

​ဤသည်က ဂိုဏ်းချုပ် ကိုယ်တိုင် ရွေးချယ်ထားခဲ့သော တပည့် ဖြစ်သည်။ သူ့ထံ၌ ထူးကဲလှသော ပါရမီ ရှိနေရမည် ဖြစ်ပြီး တစ်နေရာရာတွင် တစ်စုံတစ်ခု မှားယွင်းနေခြင်းသာ ဖြစ်ရမည်။

​တစ်ချိန်တည်းမှာပင်….

​ချင်းရှောင်ဂိုဏ်းနှင့် ဝမ့်ယင်းဂိုဏ်းတို့၏ အဆုံးအဖြတ် တိုက်ပွဲကြီး ရောက်ရှိလာတော့မည် ဖြစ်၏။

​တောင်တန်းများကြားရှိ ဝိညာဉ်ကျောက်တွင်း ခံစစ်စခန်းအတွင်း၌ ယွမ်လီ တောင်ထိပ်ပေါ်တွင် လေကိုဆန်၍ ရပ်နေခဲ့သည်။ ကောင်းကင်ယံတွင် မဟူရာတိမ်တိုက်များဖြင့် တဖြည်းဖြည်း ဖုံးလွှမ်းလာခဲ့ပြီး မိုးကုတ်စက်ဝိုင်းဆီမှ လိမ့်ဆင်းလာသော မိစ္ဆာချီစွမ်းအင်များကို သူ မြင်တွေ့လိုက်ရသည်။

​ဒေါင်……

​ဟိန်းထွက်နေသော ခေါင်းလောင်းသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဤခံစစ်စခန်းသည် အလင်းရောင်တန်းများနှင့်အတူ မြင့်တက်လာကာ အချင်း မိုင်နှစ်ဆယ်ကျော်ရှိသော တောင်ထွတ် ခြောက်ခုကို ဖုံးလွှမ်းသွားခဲ့သည်။ ချင်းရှောင်ဂိုဏ်းမှ တပည့်များ ပို၍ များပြားလာကာ သူတို့၏ ချင်းရှောင်ဓားများကို နင်းစီးလျက် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ကြသည်။

​ဝေထျန်းရှုံးနှင့် ချူကျင်းတို့က အမြင့်ဆုံး တောင်ထိပ်ပေါ်၌ မတ်တတ်ရပ်လျက် အဝေးဆီသို့ လှမ်းကြည့်နေကြသည်။

​"ရောက်လာပြီ... အင်မတန် ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါတစ်ခု ပါလာတယ်... ကောင်းကင်နေမင်းနယ်ပယ်များလား..." ဟု ချူကျင်းက အသံကို နှိမ့်၍ မေးမြန်းလိုက်သည်။

​ဝေထျန်းရှုံက…

"ဟုတ်တယ်... ဟိုတစ္ဆေမှော်ပစ္စည်းအတွင်းက ဝိညာဉ်က အခုလာနေတဲ့မဟာကျွမ်းကျင်သူကြီးနဲ့ ဆက်နွှယ်မှု ရှိနေပုံရတယ်..."

​ထိုအခိုက်အတန့်၌ မိုးကုတ်စက်ဝိုင်းဆီမှ ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။ ဝေထျန်းရှုံး သေသေချာချာ ကြည့်ရှုလိုက်တော့ မရေမတွက်နိုင်သော လင်းနို့များ တရဟော ဆင်းသက်လာကြသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်းတို့သည် အနက်ရောင် လေဆင်နှာမောင်းတစ်ခုအလား တောင်တန်းများနှင့် သစ်တောများကို ဖြတ်သန်းလာကြပြီး မည်သည့်အရာကမျှ တားဆီးနိုင်စွမ်း မရှိချေ။

All Chapters