အခန်း ၃၅၄
Vol. 36 Ch. 354
အခန်း (၃၅၄) အရိပ်အကြီးအကဲ
မှောင်မိုက်နေသော လောကကြီးအတွင်း၌ မရေမတွက်နိုင်သော လင်းနို့မည်းများ အရှိန်အဟုန်ဖြင့် ပျံသန်းလာကြ၏။ သူတို့ထံမှ ထွက်ပေါ်နေသော အသံများ စုစည်းသွားသည့်အခါ နားစည်ကွဲမတတ် ဆူညံသွားပြီး တောင်တန်းများနှင့် သစ်တောများပင် ပြင်းထန်စွာ တုန်ခါသွားသည်။
ခံစစ်စခန်းအတွင်းရှိ ချင်းရှောင်ဂိုဏ်းမှ တပည့်ထောင်ပေါင်းများစွာ၏ စောင့်ကြည့်မှုအောက်တွင် ဤလင်းနို့မည်းများက ချင်းရှောင်ဂိုဏ်း၏ ကာကွယ်ရေးအစီအရင်ကို အဆက်မပြတ် ဝင်ရောက်တိုက်ခိုက်ကြတော့သည်။
တောင်တန်းများနှင့် သစ်တောများ တုန်ခါသွားပြီး ဖုန်မှုန့်များ ကောင်းကင်ယံသို့ တထောင်းထောင်း ထသွားသည်။ အစီအရင်အတွင်းရှိ ချင်းရှောင်ဂိုဏ်းတပည့်များက အလွန်တရာ ပြင်းထန်လှသော တုန်ခါမှုလှိုင်းလုံးကြီးကို အထင်အရှား ခံစားနေရပြီး အစီအရင်ကြီးကို စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေကြသည်။
ဝေထျန်းရှုံးက ချင်းရှောင်တံဆိပ်ပြားကို ထုတ်ယူလိုက်ပြီး အစီအရင်ကို ထိန်းသိမ်းမည့် တပည့်အရေအတွက်ကို တိုးမြှင့်ရန် အမိန့်ပေးလိုက်သည်။
လင်းနို့အုပ်ကြီးက အစီအရင်ကို အက်ကြောင်းတစ်ခု ဖြစ်ပေါ်အောင် ထိုးဖောက်တော့မည့် ဆဲဆဲအချိန်လေး၌ အစီအရင်ကြီး ရုတ်တရက် အလင်းရောင်များ တောက်ပလာခဲ့၏။ အလင်းတံတိုင်းကြီး သိသိသာသာ သန်မာလာခဲ့ပြီး မရေမတွက်နိုင်သော လင်းနို့မည်းများ သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်မှာ အလွန်ပင် ခမ်းနားထည်ဝါလှသော မြင်ကွင်းတစ်ခု ဖြစ်နေခဲ့သည်။
ယွမ်လီသည် အထက်သို့ ခုန်တက်လိုက်ပြီး အစီအရင်ပြင်ပသို့ ထွက်ခွာကာ တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်ပြီး အကြည့်များကို စူးစိုက်လိုက်သောအခါ မိုးကုတ်စက်ဝိုင်းဆီမှ အလုံးအရင်းဖြင့် ချီတက်လာကြသော ဝမ့်ယင်းဂိုဏ်းမှ ကျင့်ကြံသူ အမြောက်အပြားကို မြင်တွေ့လိုက်ရပြီး သူတို့၏ အရှိန်အဝါမှာ အလွန်ပင် ကြီးမားလှသည်။
ဝမ့်ယင်းဂိုဏ်း ကျင့်ကြံသူများ၏ နောက်ကျောဘက်၌ လောကကြီးတစ်ခုလုံးကို ဝါးမြိုပစ်တော့မည့်အလား မိစ္ဆာချီစွမ်းအင်များ လိမ့်ဆင်းလာနေသည်။
ချင်းရှောင်ဂိုဏ်းမှ တပည့်များသည်လည်း ချီတက်လာနေသော ဝမ့်ယင်းဂိုဏ်း ကျင့်ကြံသူများကို ပို၍ မြင်တွေ့လာရသည်။ ဝမ့်ယင်းဂိုဏ်း၏ ဤမျှအထိ ကြီးမားလှသော စစ်အင်အားပြသမှုကို မြင်တွေ့လိုက်ရသောအခါ သူတို့၏ မျက်နှာအမူအရာများ ပို၍ ဆိုးရွားလာခဲ့ချေပြီ။ ဤတိုက်ပွဲသည် ယခင်က ဖြစ်ပွားခဲ့ဖူးသော တိုက်ပွဲများအားလုံးထက် ပို၍ ဖိအားများ ပြည့်နှက်နေခဲ့သည်။
"တိုက်ပွဲဝင်ဖို့ ပြင်ဆင်ကြ..."
တပည့်များအားလုံး ကြားသိနိုင်လောက်အောင် ကျယ်လောင်လှသော ချူကျင်း၏ အသံကြီး အစီအရင်အတွင်း၌ ပဲ့တင်ထပ်သွားခဲ့ပြီ…..
ဤတိုက်ပွဲအတွက် သူတို့တွေ အစောကတည်းကပင် လေ့ကျင့်ပြင်ဆင်ထားခဲ့ကြပြီး တိုက်ပွဲဝင်တပ်ရင်း ဆယ်ခုအဖြစ် စနစ်တကျ ဖွဲ့စည်းထားခဲ့ကြသည်။ထို့ကြောင့် အစီအရင်အတွင်း၌သာ ပုန်းအောင်းနေမည် မဟုတ်ဘဲ ခံစစ်စခန်း၏ ဘေးပတ်ပတ်လည်သို့ ထွက်ခွာ၍ တိုက်ပွဲဝင်ကြမည် ဖြစ်သည်။
ချင်းရှောင်ဂိုဏ်းမှ တပည့်များသည် မြားမိုးများ ရွာချလိုက်သည့်အလား အကွာအကွယ်အစီအရင်၏ ဘေးနှစ်ဖက်မှ တရဟော ပြေးထွက်သွားကြပြီး ထိုလင်းနို့မည်းများကတော့ တပ်မနှစ်ခုကြားရှိ အကာအကွယ်အစီအရင်ကို ဆက်လက် ဝင်ရောက်တိုက်ခိုက်နေကြဆဲပင်။ သူတို့သည် အစီအရင်ကို မလှုပ်ခါစေနိုင်သည့်တိုင်အောင် မီးတောက်အတွင်းသို့ တိုးဝင်သွားကြသော ပိုးဖလံများအလား သေဆုံးရမည်ကို မကြောက်ရွံ့ကြချေ။
အဝေးတစ်နေရာ၌……
များပြားလှသော ဝမ့်ယင်းဂိုဏ်း ကျင့်ကြံသူများက မှော်ပစ္စည်းများနှင့် စီးတော်ယဉ်များကို စီးနင်း၍ ပျံသန်းလာနေကြသည်။ ကောင်းကင်ယံထက်၌ အဆောက်အအုံများ၊ဘုံကျောင်းများနှင့် နဂါးများကဲ့သို့ ကြီးမားလှသော မိစ္ဆာသားရဲများပင် လှည့်လည်လှုပ်ရှားနေကြပြီး သူတို့၏ အရှိန်အဝါမှာ သောင်းချီသော စစ်တပ်ကြီးတစ်ခုထက်ပင် ပို၍ ကြီးမားနေသည်။
ချင်းရှောင်ဂိုဏ်းနှင့် ဖြစ်ပွားသော စစ်ပွဲအတွက် တာဝန်ခံရသူ ချီချန်ဖုန်းသည်လည်း ထိုနေရာ၌ ရှိနေသည်။ သူ့မျက်နှာမှာ ရေစက်များ ကျလာတော့မည့်အလား မှောင်မိုက်နေခဲ့သည်။ ဤတိုက်ပွဲက သူ့ရဲ့ အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းကို အဆုံးအဖြတ် ပေးပေလိမ့်မည်။ အကယ်၍ သူသာ ရှုံးနိမ့်သွားခဲ့မည်ဆိုပါက ဝမ့်ယင်းဂိုဏ်းက သူ့ကို အလွတ်ပေးမည် မဟုတ်ချေ။ ထိုကိစ္စအတွက် တစ်စုံတစ်ယောက်က သေချာပေါက် တာဝန်ယူရမည်ဖြစ်ပြီး မဟုတ်ပါက ဖြေရှင်းချက်ပေးစရာ အကြောင်းပြချက် ရှိလာမည်မဟုတ်ပေ။
သူသည် ထိုပင်မမျိုးဆက် အကြီးအကဲက ချင်းရှောင်ဂိုဏ်းကို ဖိနှိပ်နိုင်ပါစေဟူ၍သာ လောင်းကြေးထပ်နိုင်တော့သည်။
သူ အဝေးဆီသို့ လှမ်းကြည့်လိုက်တော့ ယွမ်လီ၏ ပုံရိပ်ကို မြင်တွေ့လိုက်ရပြီး သူ့မျက်ဝန်းများမှ မီးတောက်များ ပန်းထွက်လာမတတ် ဖြစ်သွားခဲ့သည်။
ယခင်က အနောက်ဘက်ယွီစီရင်စု မသေမျိုးမြို့တော်သို့ စေ့စပ်ဆွေးနွေးရန် သွားရောက်ခဲ့စဉ်တုန်းက သူသည် ယွမ်လီ၏ လက်သီးတစ်ချက်တည်းဖြင့် အရှက်ခွဲခံခဲ့ရဖူးသည်။ထို့နောက် စစ်ပွဲအတွက် မလွှဲမရှောင်သာ တာဝန်ယူခဲ့ရပြီး တစ်နေ့ထက်တစ်နေ့ ပို၍ နက်ရှိုင်းစွာ နစ်မွန်းလာခဲ့ရသည်။ ယွမ်လီ၏ တိုက်ပွဲအောင်မြင်မှုများကို ကြားရသည့် အခါတိုင်း ပြင်းထန်လှသော နာကြည်းချက်များဖြင့် အံကြိတ်လေ့ရှိသည်။
"ဒီနေ့ မင်းကို သေချာပေါက် သေခိုင်းရမယ်..." ဟု ချီချန်ဖုန်း ရင်ထဲမှ အော်ဟစ်လိုက်သည်။
ကောင်းကင်ယံထက်၌ မဟူရာတိမ်တိုက်များ လိမ့်ဆင်းနေသည်။ တစ်နှစ်တာ ကာလပတ်လုံး စစ်ပွဲဆင်နွှဲနေခဲ့ကြသော ဂိုဏ်းနှစ်ခု လျင်မြန်စွာ ရင်ဆိုင်မိသွားကြပြီး ကျင့်ကြံရေးဂိုဏ်းများသာ ပိုင်ဆိုင်သော မဟာစစ်ပွဲကြီးတစ်ခု အပြည့်အဝ ပေါက်ကွဲဖြစ်ပွားသွားခဲ့လေပြီ။
ယွမ်လီက ဦးဆောင်၍ ဝမ့်ယင်းဂိုဏ်း၏ စစ်တပ်ကြီးအတွင်းသို့ တစ်ကိုယ်တည်း ထိုးဖောက် ဝင်ရောက်သွားခဲ့ပြီး သူ့ရဲ့ လက်သီးများက လေပြင်းများအလား မြန်ဆန်လှပြီး လက်သီးတစ်ချက်တည်းဖြင့်ပင် ရန်သူ တစ်ဒါဇင်ခန့်ကို လွင့်ထွက်သွားစေနိုင်သည်။ ထိုရန်သူများမှာ မှော်ပစ္စည်းများကို အသုံးပြု၍ ကာကွယ်ခဲ့ကြလျှင်ပင် သွေးများအန်ကာ နောက်သို့ လွင့်ထွက်သွားကြရပြီး အနီးအနားရှိသူများကတော့ ပွဲချင်းပြီးပင် သေဆုံးသွားကြရသည်။
ယွမ်လီသည် တစ်ခဏချင်းအတွင်းမှာပင် ဝမ့်ယင်းဂိုဏ်း ကျင့်ကြံသူ တစ်ရာကျော်ကို ဆွဲဆောင်ထားနိုင်ခဲ့သည်။ ဝမ့်ယင်းဂိုဏ်း ကျင့်ကြံသူများက ယွမ်လီ၏ လှုပ်ရှားမှုများကို ကန့်သတ်နိုင်ရန်အတွက် မှော်ပစ္စည်းများကိုပါ အသုံးပြု၍ အဝေးကနေ မန္တန်မျိုးစုံဖြင့် ပစ်ခတ်တိုက်ခိုက်ကြသည်။
ယွမ်လီသည် အထက်ကောင်းကင်ယံ၌ နဂါးတစ်ကောင်အလား ရှိနေပြီး သာမန် သံကြိုးများက သူ့ကို လုံးဝ ချည်နှောင်နိုင်စွမ်း မရှိချေ။ ထိုမန္တန်များနှင့် မှော်ပစ္စည်းများ၏ စွမ်းအားများ သူ့ကိုယ်ပေါ်သို့ ကျရောက်လာခဲ့သော်လည်း ၎င်းတို့ကို မိမိ၏ သက်စွမ်းအားများဖြင့်သာ ဖျက်ဆီးပစ်လိုက်ပြီး အလွန်အမင်း ရက်စက်ကြမ်းကြုတ်စွာ လှုပ်ရှားနေခဲ့သည်။
ထိုစဉ် ယွမ်လီ၏ ဦးခေါင်းထက်၌ လျှပ်စီးတန်းတစ်ခု ဖြတ်ပြေးသွားပြီး ရွှီနင်းက သူမ၏ ဓားဖြင့် တစ်ဟုန်ထိုး ပြေးဝင်လာခဲ့သည်။ သူမ၏ ပစ်မှတ်မှာ အခြားသူမဟုတ်ဘဲ ချီချန်ဖုန်းသာ ဖြစ်သည်။
အချိန်အတော်ကြာအောင် တိုက်ပွဲဝင်ခဲ့ပြီးပြီဖြစ်ရာ ချင်းရှောင်ဂိုဏ်းဘက်မှ ကျင့်ကြံသူများက ရန်သူ့တပ်များကို မည်သူက ကွပ်ကဲနေကြောင်း အစောကတည်းက သိရှိထားခဲ့ကြပြီ ဖြစ်သည်။
ကျောက်ကျိန်း၊ ကျိယာ၊ ဟူယန်၊ ကျန့်ကူး၊ ကျန်းဖိန်၊ ပိုင်နင်းအာနှင့် အခြားသူများအားလုံး တိုက်ပွဲကြီးအတွင်းသို့ ဝင်ရောက်သွားခဲ့ကြသဖြင့် အထက်မှနေ၍ ငုံ့ကြည့်လိုက်မည်ဆိုပါက ဝမ့်ယင်းဂိုဏ်း ကျင့်ကြံသူများ၏ အရေအတွက်မှာ ချင်းရှောင်ဂိုဏ်းထက် သိသိသာသာ ပို၍ များပြားနေကြောင်း မြင်တွေ့ရမည် ဖြစ်သည်။
နှစ်ဖက်စလုံး ရင်ဆိုင်မိသွားကြသော်လည်း အခြေအနေမှာ တစ်ဖက်သတ် အနိုင်ရရှိသည့် အနေအထားသို့ ရောက်ရှိမသွားဘဲ အကျပ်အတည်း အခြေအနေတစ်ခုသို့သာ ရောက်ရှိသွားခဲ့သည်။
ချင်းရှောင်ဂိုဏ်းတွင် ပါရမီရှင်များ ရှိသလို ဝမ့်ယင်းဂိုဏ်းတွင်လည်း ပါရမီရှင်များ ရှိနေသည်။ မကြာမီမှာပင် ဝမ့်ယင်းဂိုဏ်း ကျင့်ကြံသူတစ်ဦးက ချင်းရှောင်ဂိုဏ်းမှ တပည့် ဒါဇင်ပေါင်းများစွာကို ထိန်းချုပ်ထားနိုင်သည့် အခြေအနေတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ချူကျင်းနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် ဝေထျန်းရှုံးလည်း အစီအရင်ပြင်ပသို့ ထွက်ခွာသွားပြီး မဟာစစ်ပွဲကြီးအတွင်းသို့ ဝင်ရောက်သွားခဲ့လေသည်။
အစီအရင်အတွင်းရှိ တောင်ထွတ် ခြောက်ခုပေါ်၌ နေရာရွှေ့ပြောင်းရေးစင်မြင့်များ အဆက်မပြတ် လည်ပတ်နေခဲ့သည်။ ချင်းရှောင်ဂိုဏ်းမှ တပည့်များ စစ်ကူပေးရန်အတွက် အဆက်မပြတ် ရောက်ရှိလာနေကြပြီး ကျင့်ကြံမှုအဆင့် နိမ့်ကျသော တပည့်များက ဝိညာဉ်ကျောက်တုံးများကို ဤနေရာမှ သယ်ဆောင်နေကြသည်။
အဝေးရှိ ချင်းရှောင်ဂိုဏ်း၌ လီချင်းချိုးသည်လည်း သတင်းများကို လက်ခံရရှိခဲ့ပြီး ဝိညာဉ်ကျောက်တွင်း ခံစစ်စခန်း၌ တိုက်ပွဲ စတင်နေပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။
သို့သော်လည်း သူ ဝင်ရောက်မတိုက်ခိုက်ခဲ့ချေ။ ပထမအချက်မှာ ကျန့်ကူးကို ယုံကြည်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအချက်မှာ ဝမ့်ယင်းဂိုဏ်းထံ၌ နောက်ကွယ်မှ အစီအစဉ်များ ရှိနေမည်ကို သတိကြီးစွာ ထားနေသောကြောင့် ဖြစ်သည်။
တစ်နှစ်တာ ကာလပတ်လုံး ရင်ဆိုင်ခဲ့ရပြီးနောက် ချင်းရှောင်ဂိုဏ်းဘက်က ဝမ့်ယင်းဂိုဏ်းအပေါ် ထောက်လှမ်းရေးသတင်းများ စုဆောင်းနိုင်ခဲ့သလို ဝမ့်ယင်းဂိုဏ်းကလည်း ချင်းရှောင်ဂိုဏ်း၏ ထောက်လှမ်းရေးသတင်းများကို အလားတူ စုံစမ်းထောက်လှမ်းနိုင်ခဲ့သည်။
လီချင်းချိုးက စစ်ကူပေးရန် မပြင်ဆင်သေးသော်လည်း မသေမျိုးဂူအတွင်းမှ ထွက်ခွာလာခဲ့ပြီး တောင်ထိပ်ပေါ်၌ ထိုမဟာစစ်ပွဲကြီး၏ ရလဒ်ကို စောင့်ဆိုင်းရန် ပြင်ဆင်နေခဲ့သည်။
ထိုက်ခွန်းတောင်တန်း၏ အပြင်ဘက် ရှီးမြစ်၏ တစ်ဖက်ကမ်း၌ ပုံရိပ်နှစ်ခု ထိုက်ခွန်းတောင်တန်းဆီသို့ လျှောက်လှမ်းလာနေကြသည်။
အိုမင်းသူတစ်ဦးနှင့် လူရွယ်တစ်ဦး ဖြစ်ပြီး အဘိုးအိုက သာမန် မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့ ခန္ဓာကိုယ်က မမြင့်မားလှဘဲ ကျောမှာလည်း အတန်ငယ် ကုန်းနေသည်။ သူသည် လက်တစ်ဖက်တွင် အသက်ဝင်လှသော မြွေတစ်ကောင်၏ ပုံသဏ္ဌာန် ထွင်းထုထားသည့် သစ်သားတောင်ဝှေးတစ်ခုကို ကိုင်ဆောင်ထားသည်။
သူ့ဘေးရှိ လူရွယ်မှာ အသက် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်ခန့် ရှိပုံရပြီး အဘိုးအိုထက် ခေါင်းတစ်ဝက်ခန့် ပို၍ အရပ်မြင့်မားသည်။ သူသည် ချောမောလှပသော မျက်နှာသွင်ပြင် ရှိပြီး ဆံပင်ရှည်များကို နောက်ကျောဘက်၌ ခပ်မြင့်မြင့် စည်းနှောင်ထားကာ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားတစ်လက်ကို ချိတ်ဆွဲထားသဖြင့် လူငယ်ပီပီ တက်ကြွမှုများ ပြည့်နှက်နေပုံရသည်။
"ဆရာ... ဒီချင်းရှောင်ဂိုဏ်းလေးကို ကိုင်တွယ်ဖို့အတွက် ဆရာကိုယ်တိုင် လာဖို့ လိုအပ်လို့လား..." ဟု အပြာရောင်ဝတ် လူရွယ်က နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။
မီးခိုးရောင်ဝတ် အဘိုးအိုက ….
"ချင်းရှောင်ဂိုဏ်းမှာ ဘာတွေများ အားကိုးစရာ ရှိနေလဲဆိုတာကို ငါ သိချင်ရုံသက်သက်ပါ... ဒါကြောင့် ကြုံတုန်း ဝင်ကြည့်တာပါ... ဒီနယ်မြေက မိစ္ဆာနယ်မြေရဲ့ တိုက်ခိုက်မှုတွေကို ခံခဲ့ရဖူးတယ်ဆိုပေမဲ့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက ဒီနေရာမှာ ထိုက်ကျွယ်ဂိုဏ်း ပေါ်ထွန်းခဲ့ဖူးတယ်လေ... ဖြစ်နိုင်တာက ချင်းရှောင်ဂိုဏ်းက သူတို့ရဲ့ အမွေအနှစ်တွေကို ရရှိသွားတာလည်း ဖြစ်နိုင်တယ်..."
ဤရှင်းပြချက်ကို အပြာရောင်ဝတ် လူရွယ် လက်ခံနိုင်စွမ်း ရှိသည်။
" ထိုက်ကျွယ်ဂိုဏ်းရဲ့ အမွေအနှစ်တွေကို အကြီးအကဲကျိုယင်း ရသွားမှာကို ဆရာ ကြောက်နေလို့များလား..."
မီးခိုးရောင်ဝတ် အဘိုးအိုက နှာမှုတ်လိုက်ပြီး ….
"ဘယ်လိုဖြစ်နိုင်မှာလဲ... ငါ သူနဲ့ အဆင်မပြေဘူးဆိုပေမဲ့ ဒီလောက်အထိတော့ သတိထားနေမှာ မဟုတ်ဘူး... ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ ငါတို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်နေတာပဲကို... သူ့ရဲ့ မြေးဖြစ်သူ ဝိညာဉ်ပုံသဏ္ဌာန်နဲ့ ထွက်ပေါ်လာတာကတော့ သံသယဖြစ်စရာ ကောင်းတယ်... ဒီကိစ္စရဲ့ နောက်ကွယ်မှာ ပိုပြီးတော့ ကြီးမားတဲ့ အကြံအစည်တစ်ခု ရှိနေတယ်လို့ ငါ အမြဲတမ်း ခံစားနေရတယ်... အကယ်၍ ဒီတိုက်ပွဲမှာ ဝမ့်ယင်းဂိုဏ်းက ချင်းရှောင်ဂိုဏ်းကို မဖြိုခွင်းနိုင်ခဲ့ရင် ဝမ့်ယင်းဂိုဏ်းက မျက်နှာပန်း လှတော့မှာ မဟုတ်ဘူး... သူတို့ ရှုံးနိမ့်သွားခဲ့ရင်တောင် ငါတို့ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ယူနိုင်ဖို့အတွက် ချင်းရှောင်ဂိုဏ်းရဲ့ တောင်တံခါးကိုတော့ ငါ သေချာပေါက် ဖျက်ဆီးပစ်ရလိမ့်မယ်..."
သူသည် ဝမ့်ယင်းဂိုဏ်း၏ မဟာကျွမ်းကျင်သူကြီး သုံးဦးအနက် တစ်ဦးဖြစ်ပြီး ကျင့်ကြံရေးလောကတွင် အရိပ်အကြီးအကဲဟု လူသိများသူ ဖြစ်သည်။
အပြာရောင်ဝတ် လူရွယ်က အရိပ်အကြီးအကဲ၏ အငယ်ဆုံးသော တပည့်ဖြစ်ပြီး ချန်ကျဲဟု အမည်ရသည်။
ချန်ကျဲသည် အရိပ်အကြီးအကဲ၏ နောက်သို့ လိုက်ပါ ကြီးပြင်းလာခဲ့သူဖြစ်ပြီး ကျင့်ကြံမှုမှာ ယခုအခါ ဝိညာဉ်အသိအာရုံအဆင့် အဋ္ဌမအလွှာသို့ ရောက်ရှိနေပြီ ဖြစ်၏။ သူသည် ဂိုဏ်းအတွင်း၌ နာမည်ကျော် ပါရမီရှင်တစ်ဦး ဖြစ်သည်။ ချင်းရှောင်ဂိုဏ်းကို တိုက်ခိုက်ရန် တာဝန်ကို လက်ခံရရှိခဲ့စဉ်က မိမိ၏ စွမ်းရည်များကို ပြသလိုခဲ့သော်လည်း ဆရာသခင် လိုက်ပါလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။
ဆရာသခင် ရှိနေခြင်းက တာဝန်အောင်မြင်ရန် သေချာစေသည်မှာ မှန်သော်လည်း ဆရာသခင်က မိမိအား အနှောင့်အယှက် ပေးနေသည်ဟု ခံစားရသဖြင့် သူ မပျော်ရွှင်ခဲ့ချေ။
"ဂုဏ်သိက္ခာက အဲဒီလောက်တောင် အရေးကြီးလို့လား..."
ချန်ကျဲ မနေနိုင်တော့ဘဲ မေးမြန်းလိုက်ရာ သူ့လေသံတွင် မကျေနပ်မှုများ ပြည့်နှက်နေခဲ့သည်။
ငယ်စဉ်ကတည်းက အရိပ်အကြီးအကဲထံမှ သူ အများဆုံး ကြားခဲ့ရသောအရာမှာ ဂုဏ်သိက္ခာအကြောင်းသာ ဖြစ်သည်။ အရိပ်အကြီးအကဲ၏ လုပ်ဆောင်မှုပုံစံမှာ ဝမ့်ယင်းဂိုဏ်း၏ လုပ်ဆောင်မှုပုံစံပင် ဖြစ်၏။ ၎င်းတို့သည် ဂုဏ်သိက္ခာကျဆင်းမှုကို လက်မခံနိုင်ကြသဖြင့် ပြိုင်ဘက်၏ တာအိုမျိုးဆက်ကို ဖျက်ဆီးပစ်ပြီး ၎င်းတို့၏ အရင်းအမြစ်များကို လုယူလေ့ရှိကြသည်။
ချန်ကျဲက လူကောင်းတစ်ဦး မဟုတ်သော်လည်း ဤကဲ့သို့သော အပြုအမူမျိုးကိုတော့ မထီမဲ့မြင် ပြုမိသည်။
အရိပ်အကြီးအကဲ ရှေ့သို့ လှမ်းကြည့်လိုက်တော့ ထိုက်ခွန်းတောင်တန်း၏ ကောက်ကြောင်းကို မြင်တွေ့နေရပြီ ဖြစ်၏။
"ကျဲအာ... ဂုဏ်သိက္ခာဆိုတာ အရာအားလုံးနဲ့ သက်ဆိုင်ပြီး ပြဿနာများစွာကိုတောင် ရှောင်ရှားနိုင်စေတယ်... အကယ်၍ မင်းက လူတွေကို ကြောက်ရွံ့အောင် လုပ်နိုင်ရင် အခြားသူတွေက မင်းကို ပစ်မှတ်ထားတော့မှာ မဟုတ်ဘူး... ဒီအချက်က အဖွဲ့အစည်းတွေအတွက်ကော လူတစ်ဦးချင်းစီအတွက်ပါ အကျုံးဝင်တယ်..."
"ဒါဆိုရင် ဆရာက ကျွန်တော် ရှုံးနိမ့်သွားပြီး ဆရာ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်သွားမှာ ကြောက်နေတာပေါ့ ဟုတ်လား..."
ဒီအတောအတွင်း ယွမ်လီ၏ ဂုဏ်သတင်းမှာ ဝမ့်ယင်းဂိုဏ်းအတွင်း၌ ပြန့်နှံ့နေခဲ့ပြီ ဖြစ်သည်။ ချန်ကျဲသည်လည်း ယွမ်လီကို စိန်ခေါ်လိုခဲ့သော်လည်း အကယ်၍ သူသာ ရှုံးနိမ့်သွားခဲ့မည်ဆိုပါက ဆရာသခင်၏ ဂုဏ်သိက္ခာ သေချာပေါက် ကျဆင်းသွားမည်ကို ကောင်းစွာ သိရှိထားသည်။
အရိပ်အကြီးအကဲ တိတ်ဆိတ်သွားခဲ့ပြီး ထပ်မံ၍ ပြန်လည်မဖြေကြားတော့ချေ။
ချန်ကျဲ တွေးလေလေ ပို၍ ဒေါသထွက်လာလေလေဖြစ်ကာ စိတ်ခံစားချက်များမှာလည်း ပို၍ ဆိုးရွားလာခဲ့သည်။
ဤသို့ဖြင့် ဆရာနှင့် တပည့် နှစ်ဦးစလုံး စကားမပြောကြတော့ဘဲ မှန်မှန် ခြေလှမ်းများဖြင့်သာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းခဲ့ကြသည်။
ဆရာသခင် ရှိနေသဖြင့် ချန်ကျဲအနေနှင့် ဒီခရီးစဉ်တွင် မည်သည့်အန္တရာယ်မျှ ရှိမည်မဟုတ်ဟု ခံစားနေရသောကြောင့်သာ ဤမျှအထိ စိတ်အနှောင့်အယှက်ဖြစ်စေသော အတွေးများစွာကို တွေးတောဝံ့ပြီး စိတ်ကောက်နေရန် အားအင်များ ရှိနေခြင်း ဖြစ်ပေသည်။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းမည့် အချိန်ခန့် ခရီးနှင်ပြီးနောက် ခမ်းနားထည်ဝါလှသော ကောင်းကင်စက်ဝန်းငယ် အစီအရင်ကြီးကို ချန်ကျဲ မြင်တွေ့လိုက်ရသည်။
"ဟင်... ဒီလောက် သေးငယ်တဲ့ ဂိုဏ်းလေးက အစွမ်းထက်တဲ့ ကာကွယ်ရေးအစီအရင်မျိုး တကယ် ပိုင်ဆိုင်ထားတာလား..."
ချန်ကျဲ အံ့ဩတကြီး ရေရွတ်လိုက်မိသည်။ ကောင်းကင်စက်ဝန်းငယ် အစီအရင်က ထိုက်ခွန်းတောင်တန်းတစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့သဖြင့် ဤကဲ့သို့သော အစီအရင်မှာ သဘာဝအတိုင်းပင် ခမ်းနားထည်ဝါပြီး ပြိုင်ဘက်ကင်းလှကာ ဝမ့်ယင်းဂိုဏ်းအတွင်း၌ပင် တွေ့မြင်ရခဲသည်။
ကောင်းကင်စက်ဝန်းငယ် အစီအရင်ကြီးကို မြင်တွေ့လိုက်ရပြီးနောက် အရိပ်အကြီးအကဲ မျက်မှောင်ကြုံ့သွားပြီး ဆိုးရွားသော နိမိတ်လက္ခဏာတစ်ခု နှလုံးသားအတွင်း၌ စတင် ဖြစ်ပေါ်လာခဲ့သည်။
ဖြစ်နိုင်သည်မှာ ချင်းရှောင်ဂိုဏ်း၏ နောက်ကွယ်တွင် ပို၍ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ကွယ်ဝှက်နေခြင်း ဖြစ်နိုင်ပြီး ချင်းရှောင်ဂိုဏ်းမှာ အပေါ်ယံ အကာအကွယ်တစ်ခုမျှသာ ဖြစ်နေနိုင်ပါသလား။
ထိုအကြောင်းကို တွေးတောမိသွားပြီး အရိပ်အကြီးအကဲ ခြေလှမ်းများကို ရပ်တန့်လိုက်ကာ လက်ထဲရှိ သစ်သားတောင်ဝှေးပေါ်မှ မြွေခေါင်းသည် လိမ့်ဆင်းနေသော မိစ္ဆာချီစွမ်းအင်များကို စတင်၍ မှုတ်ထုတ်လာခဲ့ပြီး သူ့ခန္ဓာကိုယ်ကို ဝန်းရံသွားခဲ့သည်။
"ကျဲအာ... မင်း ဒီနေရာမှာ နေခဲ့... ငါ တစ်ယောက်တည်း သွားကြည့်လိုက်မယ်..."
အရိပ်အကြီးအကဲ ပျံသန်းသွားခဲ့ပြီး ခေါင်းကို လှည့်၍ ချန်ကျဲကို ကြည့်ကာ ညွှန်ကြားလိုက်သည်။
ထိုစကားကို ကြားရသောအခါ ချန်ကျဲ ချက်ချင်းပင် အထိတ်တလန့် ဖြစ်သွားခဲ့ပြီး မသိစိတ်ကြောင့် အော်ဟစ်လိုက်မိသည်။
"ဆရာ... ဒါက ကျွန်တော့်ရဲ့..."
ဘုန်း…..
ထိုစဉ် ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်ပေါက်ကွဲမှုကြီးတစ်ခု ကောင်းကင်ယံကို ဆွဲဖြဲလျက် ထွက်ပေါ်လာခဲ့ပြီး စိတ်ကူး၍ပင် မရနိုင်လောက်အောင် မြန်ဆန်လှသော အရှိန်ဖြင့် အရိပ်အကြီးအကဲကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။ ထိုအခါ မိစ္ဆာချီစွမ်းအင်များ လွင့်စင်ပျောက်ကွယ်သွားခဲ့ပြီး အရိပ်အကြီးအကဲမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ သွေးမြူခိုးများအဖြစ်သို့ ပေါက်ကွဲသွားခဲ့ရကာ သွေးများက ချန်ကျဲ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပေကျံသွားစေခဲ့သည်။
ချန်ကျဲ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး စိတ်ထဲ၌ ဟာလာဟင်းလင်း ဖြစ်သွားကာ ထိုနေရာ၌ပင် ရေခဲရုပ်အလား အေးခဲသွားတော့သည်။
အရာအားလုံးက မြန်ဆန်လွန်းလှပြီး ဝိညာဉ်အသိအာရုံအဆင့်ရှိ ကျင့်ကြံသူတစ်ဦး ဖြစ်သည့် သူကိုယ်တိုင်ပင် မတွေးတောနိုင်လောက်အောင် အလွန်အမင်း မြန်ဆန်လွန်းလှသည်။
သူ့ဆရာသခင်၏ သစ်သားတောင်ဝှေး တစ်ဝက်သာ ကျန်ရစ်ခဲ့ပြီး ရှေ့မှောက်သို့ ကျလာခဲ့သည်ယ
သူ့ မြင်နေရသည့် လောကကြီး ပြင်းထန်စွာ တုန်လှုပ်လာခဲ့ပြီး နှလုံးခုန်သံများက စစ်စည်သံများအလား နားထဲ၌ ဟိန်းထွက်နေခဲ့သည်။ ကြောက်ရွံ့ထိတ်လန့်မှု စိတ်ခံစားချက်များက ဒီရေလှိုင်းများအလား မြင့်တက်လာခဲ့ပြီး သူ့နှလုံးသားကို နစ်မြုပ်သွားစေခဲ့သည်။
သူ့ဆရာသခင် သေသွားပြီလား…
သေသွားပြီ….
ချန်ကျဲ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေခဲ့သည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ပေါက်ကွဲမှုကြီး ပစ်ခတ်လာခဲ့သည့် အရပ်မျက်နှာဆီသို့ အရင်ဆုံး လှမ်းကြည့်လိုက်သော်လည်း သူ့ဆရာသခင်၏ ပုံရိပ်ကို မမြင်တွေ့ရတော့ချေ။ ထို့နောက် ခေါင်းကို လှည့်၍ ထိုက်ခွန်းတောင်တန်းဆီသို့ ခက်ခဲစွာဖြင့် လှမ်းကြည့်လိုက်သည်။
သူ ဘာကိုမျှ မမြင်တွေ့ရသော်လည်း ကောင်းကင်ယံထက်၌ အလွန် ထင်ရှားလှသော လမ်းကြောင်းတစ်ခုကို မြင်တွေ့နေရပြီး ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ဖြတ်သန်းသွားခဲ့သည့်အလား ရှိနေသေးသည်။
အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်မှုက သူ့ကို အသက်ရှူကျပ်သွားစေသည့် ခံစားချက်မျိုး ပေးစွမ်းနေပြီး အသက်ရှူရပ်တော့မည့်အလား ဖြစ်နေသည်။
သူ့ဆရာသခင်သည် ကောင်းကင်နေမင်းနယ်ပယ်ရှိ မဟာကျွမ်းကျင်သူကြီးတစ်ဦး ဖြစ်သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သတ်ဖြတ်ခြင်း ခံလိုက်ရသည်မဟုတ်ပါလား...
ချန်ကျဲ ခြေလှမ်းများကို ရွှေ့လိုက်ပြီး ရင်ထဲမှ ကြောက်ရွံ့မှုများကို ဖိနှိပ်ကာ သူ လာခဲ့သည့် အရပ်မျက်နှာဆီသို့ ထွက်ပြေးရန် ပြင်လိုက်သည်။
သို့သော် သူ လှည့်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ ပခုံးပေါ်သို့ လက်တစ်ဖက် ကျရောက်လာခဲ့သည်။ထိုအဖြစ်ကြောင့် နှလုံးသားတခုလုံး လည်ချောင်းထဲမှ ခုန်ထွက်လာမတတ် ဖြစ်သွားခဲ့ပြီး ထိုနေရာ၌ပင် ထပ်မံ အေးခဲသွားခဲ့ရပြန်သည်။
"ငါ မင်းကို သွားခွင့်ပြုလိုက်လို့လား..."
အေးစက်ပြီး ဂရုမစိုက်သော အသံတစ်သံက ချန်ကျဲ၏ နားထဲသို့ ဝင်ရောက်လာခဲ့၏။ ပုံရိပ်တစ်ခု သူ၏ နောက်ကျောဘက်၌ မတ်တတ်ရပ်နေခဲ့ပြီး ၎င်းမှာ အခြားသူမဟုတ်ဘဲ လီချင်းချိုးဖြစ်နေခဲ့သည်။
လီချင်းချိုး၏ မျက်နှာက ချန်ကျဲ၏ ဦးခေါင်းနောက်ကျောဘက်၌ ကပ်လျက် ရှိနေသည်။ ချန်ကျဲ၏ မျက်နှာထက်၌ မျှော်လင့်ချက်မဲ့မှုများနှင့် ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေပြီး နဖူးပေါ်တွင် ဇောချွေးအေးများ ထွက်နေသော်လည်း လီချင်းချိုး၏ မျက်နှာအမူအရာကတော့ တည်ငြိမ်လျက် ရှိနေသည်။
ထိုအခါ ချောမောလှပသော မျက်နှာနှစ်ခု ထပ်တူကျသွားခဲ့ပြီး အလွန် ထင်ရှားလှသော ဆန့်ကျင်ဘက် အခြေအနေတစ်ခုကို ဖြစ်ပေါ်သွားစေတော့သည်။