← Chapters

အခန်း ၃၅၆

Vol. 36 Ch. 356

အခန်း ၃၅၆

Vol. 36 Ch. 356

အခန်း (၃၅၆) လူတစ်ယောက်တည်းက ဂိုဏ်းတစ်ခုလုံးကို ဖိနှိပ်ခြင်း

​ဆံပင်ဖြူအမျိုးသမီး ပြောင်းလဲဖန်တီးလိုက်သော မိစ္ဆာချီစွမ်းအင်သည် စစ်မြေပြင်ကို ဖြတ်သန်းသွားခဲ့ရာ ဝမ့်ယင်းဂိုဏ်းမှ ကျင့်ကြံသူများအားလုံး စိတ်အားထက်သန်လာကြပြီး သူတို့အားလုံးက ဂိုဏ်း၏ ပင်မမျိုးဆက်မှ အကြီးအကဲတစ်ဦး ဝင်ရောက်တိုက်ခိုက်တော့မည်ဟု ခန့်မှန်းလိုက်ကြသည်။

​သို့သော်လည်း ဆံပင်ဖြူအမျိုးသမီးက သူမ၏ အစစ်အမှန်ပုံစံကို ဖော်ပြပြီး ကြေးညိုသေတ္တာရှည်ကြီး၏ အရှေ့၌ အေးခဲသွားသည်ကို မြင်တွေ့လိုက်ရသောအခါ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူတို့ သဘောပေါက်သွားကြသည်။

​ရွှီနင်းနှင့် ကျောက်ကျိန်းတို့ အနိုင်မယူနိုင်ခဲ့သော ဝတ်စုံမည်းနှင့် လူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူ ရပ်နေသော နေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

​ကြေးညိုသေတ္တာရှည်ကြီး၏ ဘေးပတ်ပတ်လည်ရှိ ချင်းရှောင်ဂိုဏ်းမှ တပည့်များက ဆံပင်ဖြူအမျိုးသမီးကို ရှေ့တိုး၍ တိုက်ခိုက်သင့်၊ မတိုက်ခိုက်သင့်ကို ချီတုံချတုံဖြစ်လျက် သူတို့၏ ချင်းရှောင်ဓားများကို စိုးရိမ်တကြီး ဆုပ်ကိုင်ထားကြသည်။

​ရုတ်တရက်….

​ဆံပင်ဖြူအမျိုးသမီး၏ ခန္ဓာကိုယ်မှ သွေးများ အရပ်မျက်နှာ အသီးသီးသို့ ပန်းထွက်လာပြီး ချင်းရှောင်ဂိုဏ်းမှ တပည့်များ၏ ကိုယ်ပေါ်သို့ ပေကျံသွားသဖြင့် အထိတ်တလန့်ဖြစ်ကာ မသိစိတ်ကြောင့် ဓားများကို မြှောက်လိုက်ကြသည်။

​ဘုန်း…..

​ဆံပင်ဖြူအမျိုးသမီး မြေပြင်ပေါ်သို့ ပြိုလဲကျသွားပြီး ဓားမိစ္ဆာက မည်သည့်အမူအရာမျှ မပြသဘဲ ရှေ့သို့သာ လှမ်းလျှောက်လာခဲ့သည်။

​ဆံပင်ဖြူအမျိုးသမီး၏ ဘေးမှ ဖြတ်သန်းသွားစဉ် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူမ၏ ခါးမှ သိုလှောင်အိတ် နှစ်အိတ်ကို အဝေးမှနေ၍ ယူဆောင်ကာ သူ့ ခါးတွင် ချိတ်ဆွဲလိုက်သည်။

​ထို့နောက် ရှေ့သို့ လှမ်းလျှောက်သွားပြီး ကောင်းကင်ပြိုဆင်း ဓားနယ်ပယ်ကို ထပ်မံ အသုံးပြုလိုက်ရာ လောကကြီးတခုလုံး ရုတ်ချည်း ပြောင်းလဲသွားပြီး စစ်မြေပြင်တစ်ခုလုံးရှိ လူတိုင်း ကောင်းကင်ပြိုဆင်း ဓားနယ်ပယ်ထဲသို့ ကျရောက်သွားကြသည်။

​သည်တစ်ကြိမ်တွင်မူ ချင်းရှောင်ဂိုဏ်းမှ တပည့်များပင်လျှင် ကောင်းကင်ပြိုဆင်း ဓားနယ်ပယ်ထဲသို့ ကျရောက်သွားကြသည်။

​ယွမ်လီသည် မူလက အထက်ကောင်းကင်ယံ၌ ရှိနေသော်လည်း သူ့ခြေအောက်တွင် မြေကြီးများ ရုတ်တရက် ပေါ်ပေါက်လာခဲ့သဖြင့် မသိစိတ်ကြောင့် မော့ကြည့်လိုက်ရာ အရပ်မျက်နှာ အသီးသီး၌ ရှေးဟောင်းဓားများဖြင့် ဝန်းရံခံထားရကြောင်း တွေ့ရှိလိုက်ရပြီး အခြားသူများ၏ ပုံရိပ်များကိုပါ မြင်တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုံ့လိုက်မိသည်။

စစ်မြေပြင်တွင်​ဝမ့်ယင်းဂိုဏ်းနှင့် ချင်းရှောင်ဂိုဏ်းတို့မှ တပည့် စုစုပေါင်း သုံးသောင်းကျော် ရှိသည်။ ကောင်းကင်ပြိုဆင်း ဓားနယ်ပယ်အတွင်းရှိ လူတိုင်း ကြီးမားလှသော ဖိအားကို ခံစားနေကြရပြီး မလှုပ်ရှားနိုင်အောင် ဖြစ်နေကြသည်။

​ဝေထျန်းရှုံး ဓားမိစ္ဆာ ရှိရာ အရပ်မျက်နှာဆီသို့ လှမ်းကြည့်လိုက်ရာ သူ့ မျက်နှာအမူအရာမှာ အံ့အားသင့်လျက် ရှိနေပြီး နှလုံးသားအတွင်း၌ ပြင်းထန်လှသော လှိုင်းလုံးကြီးများ ဆူပွက်နေခဲ့သည်။

​"သူ့ရဲ့ ကောင်းကင်ပြိုဆင်း ဓားနယ်ပယ်က ဒီလောက်ကြီးမားတဲ့ အတိုင်းအတာအထိ ဖုံးလွှမ်းနိုင်တာလား... သူ ဘယ်လောက်အဆင့်အထိ ကျင့်ကြံထားတာလဲ..."

ဓားမိစ္ဆာ ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု ဝေထျန်းရှူံး မထင်မှတ်ထားခဲ့မိချေ။

သူ့ရဲ အထွတ်အထိပ်အခြေအနေ၌ပင် ဤမျှများပြားလှသော လူအရေအတွက်ကို ကောင်းကင်ပြိုဆင်း ဓားနယ်ပယ်ထဲသို့ ဆွဲသွင်းနိုင်စွမ်း မရှိချေ။

ဓားမိစ္ဆာ၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ရင်ဆိုင်ရချိန်တွင် အချို့က ကြောက်ရွံ့ကြပြီး အချို့က မျှော်လင့်ချက်မဲ့နေကြကာ အချို့က ပြန်လည်ခုခံရန် ကြိုးစားကြသည်။

​ရွှီနင်း၊ ကျိယာ၊ ကျောက်ကျိန်း၊ ဟူယန်နှင့် ကျန့်ကူးတို့လို ချင်းရှောင်ဂိုဏ်း၏ ပါရမီရှင်များအားလုံး ရုန်းကန်နေကြသော်လည်း သူတို့ လုံးဝ မလှုပ်ရှားနိုင်ကြချေ။​

ထိုစဉ် ဓားမိစ္ဆာ၏ အကြည့်က ယွမ်လီထံသို့ ရုတ်တရက် ကျရောက်သွားပြီး မျက်မှောင်ကြုံ့လိုက်မိသည်။

​ယွမ်လီ သူ့ကို လှည့်ကြည့်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့သည်။

​"ချင်းရှောင်ဂိုဏ်းဝင်တွေ မလှုပ်ရှားကြနဲ့... ရန်သူကို သတ်ဖြတ်ဖို့ ငါ့ကို မနှောင့်ယှက်ကြနဲ့..."

ဓားမိစ္ဆာ၏ အသံ ထွက်ပေါ်လာပြီး လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားပြီး ဤစကားများက ချင်းရှောင်ဂိုဏ်းမှ တပည့်များကို ဝမ်းမြောက်သွားစေခဲ့ပြီး ဝမ့်ယင်းဂိုဏ်း ကျင့်ကြံသူများ၏ နှလုံးသားများကိုတော့ ချောက်ကမ်းပါးအတွင်းသို့ ကျဆင်းသွားစေခဲ့သည်။

​ယွမ်လီ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ဓားမိစ္ဆာကို အဝေးမဗ လှမ်းကြည့်နေရင်း မျက်နှာအမူအရာမှာ သိသိသာသာ တုံ့ဆိုင်းလျက် ရှိနေသည်။

​ဤအခိုက်အတန့်၌ အရပ်မျက်နှာ အသီးသီးမှ ရှေးဟောင်းဓားများ ထပျံလာပြီး ဝမ့်ယင်းဂိုဏ်း ကျင့်ကြံသူများကို စတင် သတ်ဖြတ်ကြတော့သည်။ သနားညှာတာရန် တောင်းပန်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သော်လည်း လေထုကို ဆွဲဖြဲလျက် ထွက်ပေါ်လာသော ဓားသံများ၏ ဖုံးလွှမ်းခြင်းကို လျင်မြန်စွာ ခံလိုက်ရသည်။

​မကြာမီမှာပင် ဓားများ အသားကို ထိုးဖောက်ဝင်ရောက်သွားသော အသံများ အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်ပြိုဆင်း ဓားနယ်ပယ်တစ်ခုလုံး ပြည့်နှက်သွားသည်။

​ယွမ်လီသည် အရပ်မျက်နှာ အသီးသီး၌ ဖြစ်ပွားနေသော အဖြစ်ဆိုးများကို ကြည့်ရှုနေရင်း မျက်လုံးများ ပြူးကျယ်သွားသည်။

​"ဒါက ဘယ်လို နတ်ဘုရားစွမ်းရည်မျိုးလဲ..."

​အရပ်မျက်နှာ အသီးသီးမှ ဝမ့်ယင်းဂိုဏ်း ကျင့်ကြံသူများ သေဆုံးရန် စောင့်ဆိုင်းရင်း မတ်တတ်ရပ်နေကြသည်ကို ကြည့်ရှုကာ ယွမ်လီ အကြီးအကျယ် တုန်လှုပ်သွားခဲ့သည်။ သူသည် လှည့်ကြည့်နိုင်စွမ်း ရှိသော်လည်း ဓားမိစ္ဆာ၏ ဖိအားကြောင့် ဖိနှိပ်ခံထားရသဖြင့် တိုက်ခိုက်နိုင်စွမ်း မရှိချေ။

​လူတစ်ယောက်တည်း၏ စွမ်းအားဖြင့် စစ်မြေပြင်တစ်ခုလုံးကို ဖိနှိပ်ထားခြင်း….

​မည်မျှ ထူးခြားဆန်းကြယ်လှသော စွမ်းအားနည်း….

​ဤသည်က ကောင်းကင်နေမင်းနယ်ပယ်၏ စွမ်းအား ဖြစ်နိုင်ပါသလား…

​ယွမ်လီ၏ မျက်ဝန်းများ ပူနွေးလာခဲ့ပြီ။ သူသည် ယခုအခါ အမှန်တကယ်ပင် အစွမ်းထက်နေပြီ ဖြစ်သော်လည်း မလုံလောက်သေးချေ။ အနည်းဆုံးတော့ ဒီလောက်အစွမ်းထက်တဲ့ ခွန်အားမျိုးကို သူ မထိန်းချုပ်နိုင်သေးပေ။

​သစ်တောအတွင်း၌…

​ဝတ်စုံမည်းနှင့်လူ ပေါ်ထွက်လာပြီး အနီးအနားရှိ သစ်ပင်ပင်စည်တစ်ခုကို အလျင်အမြန် မှီတွယ်ထားကာ နဖူးပေါ်တွင် ပဲစေ့ခန့်ရှိသော ဇောချွေးအေးများဖြင့် ပြည့်နှက်နေသည်။

သူသည် နတ်ဘုရားစွမ်းရည်ကို အကြိမ်များစွာ အသုံးပြုခဲ့ရသဖြင့် မူလချီစွမ်းအင်များ ကုန်ခန်းသွားခဲ့ပြီ ဖြစ်သည်။

​"အကြီးအကဲကျိုယင်းကို အလွယ်တကူ ဖိနှိပ်နိုင်တာကို ကြည့်ရင် ဒီလူက သေချာပေါက် သာမန်မဟုတ်ဘူး... ချင်းရှောင်ဂိုဏ်းမှာ ဒီလောက်အစွမ်းထက်တဲ့ တည်ရှိမှုမျိုး ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ..."

​ဝတ်စုံမည်းနှင့်လူသည် တွေးလေလေ ပို၍ ကြောက်ရွံ့မှုများ ခံစားရလေလေ ဖြစ်လာသည်။ အကယ်၍ သူသာ သည်တိုက်ပွဲမှာ သေဆုံးသွားခဲ့မယ်ဆိုရင် သူ့လိုပါရမီမျိုးနဲ့ အရမ်းကို နှမြောစရာ ကောင်းလွန်းပေမည်။

​သူသည် ဝမ့်ယင်းဂိုဏ်းတွင် ဆက်လက်၍ မနေနိုင်တော့ဟု ခံစားလိုက်ရသည်။ထို့ကြောင့်ဝမ့်ယင်းဂိုဏ်းမှ ထွက်ခွာပြီး မိုးပြာနဂါးနယ်မြေသို့ ဝေးကွာစွာ ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။

​ အသက်ပြင်းပြင်း တစ်ချက်ရှူပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သော်လည်း ခြေလှမ်းများ ယိမ်းယိုင်နေသဖြင့် မြန်မြန်ဆန်ဆန် မလျှောက်နိုင်ချေ။

​တစ်ဆယ်လှမ်းမျှ လျှောက်လှမ်းပြီးနောက် ခြေလှမ်းများ ရပ်တန့်သွားခဲ့ကာ မျက်ဝန်းများ တုန်လှုပ်သွားသည်။ သူ့အကြည့်အတိုင်း လိုက်ကြည့်လိုက်လျှင် ဓားမိစ္ဆာက အရှေ့ရှိ သစ်ပင်အရိပ်အောက်တွင် သူ့ကို ဘေးတစောင်းဖြင့် မတ်တတ်ရပ်နေသည်ကို မြင်တွေ့ရပေမည်။

​"ဘယ်လိုဖြစ်နိုင်မှာလဲ..."

​ဝတ်စုံမည်းနှင့် လူသည် တစ်ခဏမျှသာ တုံ့ဆိုင်းနေပြီးနောက် ချက်ချင်းပင် ဒူးထောက်ချလိုက်ကာ…

​"ကျေးဇူးပြုပြီး စီနီယာ..."

​ဖူး…

​ဝတ်စုံမည်းနှင့်လူခင်မျာ စကားမဆုံးမီမှာပင် ဦးခေါင်း အထက်သို့ လွင့်စင်သွားခဲ့ပြီး မျက်လုံးများ ပြူးကျယ်လျက် မကျေမနပ်ဖြင့် သေဆုံးသွားခဲ့ရသည်။

​ချင်းရှောင်တောင်ထိပ်ပေါ်၌….

လီချင်းချိုးက ညာဘက်လက်ကို မြှောက်လိုက်သည်။ လွင့်ဝဲနေသော ဆည်းနှင်းများမှာ ပို၍ သည်းထန်လာသဖြင့် ယခုနှစ်တွင် နှင်းကျချိန် နောက်ကျလိမ့်မည်ဟု မူလက ထင်မှတ်ထားခဲ့သော်လည်း စောလျင်စွာ ရောက်ရှိလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။ ဤနေရာ၌ ဝိညာဉ်ကျောက်တွင်း ခံစစ်စခန်းတွင် ဖြစ်ပွားနေသော တိုက်ပွဲ၏ လှုပ်ရှားမှုများကို မခံစားနိုင်သဖြင့် တာအိုမျိုးဆက် စနစ်မျက်နှာပြင်ကိုသာ ဆက်လက် ခေါ်ယူကြည့်ရှုနေရသည်။

​သေဆုံးသွားသော တပည့်အရေအတွက် တစ်ထောင်ကျော်သွားခဲ့ပြီဖြစ်ရာ သူ့ နှလုံးသားကို လေးလံသွားစေခဲ့သည်။

​ထိုက်ကျွယ်ဓားမှတစ်ဆင့် ဓားမိစ္ဆာ၏ တည်ရှိမှုကို သူ ခံစားနိုင်သည်။ ဓားမိစ္ဆာက ကောင်းကင်နေမင်းနယ်ပယ်ရှိ မဟာကျွမ်းကျင်သူကြီး လှုပ်ရှားလာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

​ထိုဆံပင်ဖြူအမျိုးသမီး ဝင်ရောက်တိုက်ခိုက်လိုက်သည်နှင့်တစ်ပြိုင်နက် တာအိုမျိုးဆက် စနစ်မျက်နှာပြင်ရှိ တပည့်အရေအတွက် ကျဆင်းမှု ရပ်တန့်သွားခဲ့သည်။

ဓားမိစ္ဆာက ဝမ့်ယင်းဂိုဏ်း ကျင့်ကြံသူအားလုံးကို တစ်ကိုယ်တည်း သတ်ဖြတ်လိုက်သည်ကို မြင်တွေ့ရသောအခါ လီချင်းချိုး နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချနိုင်ခဲ့သည်။

ဓားမိစ္ဆာက ဝတ်စုံမည်းနှင့် လူကို လိုက်လံ သတ်ဖြတ်လိုက်သည်ကို မြင်တွေ့လိုက်ရသဖြင့် ဓားမိစ္ဆာကို ပို၍ သဘောကျသွားခဲ့သည်။

​ပေါင်းမြက်များကို ခုတ်ထွင်ပြီး အမြစ်ဖြတ်ပစ်တာကို ငါ သဘောကျတယ်…

​ဤနည်းအားဖြင့် ဓားမိစ္ဆာကို လီချင်းချိုး သိမ်းသွင်းထားကြောင်း သတင်းများ ပြန့်နှံ့သွားမည် မဟုတ်ချေ။

​လီချင်းချိုးသည် ဤတိုက်ပွဲက တာအိုမျိုးဆက် ဆုလာဘ်တစ်ခုကို ဖြစ်ပေါ်စေနိုင်မလားဆိုသည်ကို စောင့်ကြည့်ရန် ဆက်လက်၍ စောင့်ဆိုင်းနေခဲ့သည်။

​ကံဆိုးစွာဖြင့် ချင်းရှောင်ဂိုဏ်းက စစ်မြေပြင်ကို စတင်ရှင်းလင်းသည်အထိ မည်သည့်ဆုလာဘ်မျှ မရရှိခဲ့ချေ။

​အတန်ငယ် စိတ်ဓာတ်ကျသွားသဖြင့် အခွင့်အရေးများကို ရှာဖွေရန် ကြီးမြတ်သော ကံတရားခန္ဓာကိုယ်ကို ထပ်မံ အသက်သွင်းလိုက်သည်။

​ဘာမှ မရရှိခဲ့ဘူး…

​ထားလိုက်ပါတော့….

​မည်သို့ပင်ဖြစ်စေ ဝမ့်ယင်းဂိုဏ်းက ဖန်တီးခဲ့သော ဘေးဒုက္ခကို အနည်းဆုံးတော့ ကျော်ဖြတ်နိုင်ခဲ့ကြပြီမဟုတ်ပါလား။

​သည်တိုက်ပွဲအပြီးမှာ ဝမ့်ယင်းဂိုဏ်းရဲ့ အသက်စွမ်းအား အကြီးအကျယ် ထိခိုက်သွားခဲ့ပြီး သူတို့ သေချာပေါက် ရမ်းကားရဲတော့မည် မဟုတ်ပေ။ ဝမ့်ယင်းဂိုဏ်း အလုံးစုံ ပျက်သုဉ်းသွားခြင်း မရှိသဖြင့် ဂိုဏ်းကို တည်ထောင်ခဲ့သော တည်ထောင်သူဘိုးဘေးကြီးကို တုန်လှုပ်သွားစေလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ချင်းရှောင်ဂိုဏ်းအတွက် အေးချမ်းသော နေ့ရက်ကာလတစ်ခုသို့ ရောက်ရှိလာတော့မည်သာ။

​အနောက်ဘက် တားမြစ်နယ်မြေ တစ်ခုလုံးကလည်း ချင်းရှောင်ဂိုဏ်း စူးစမ်းလေ့လာရန် နေရာတစ်ခု ဖြစ်လာပေလိမ့်မည်။ အတိုင်းအဆမရှိသော အရင်းအမြစ်များက ချင်းရှောင်ဂိုဏ်းကို စောင့်ကြိုနေချေပြီ။ဤသို့ တွေးတောလိုက်ရုံမျှဖြင့် လီချင်းချိုး စိတ်အားထက်သန်လာခဲ့သည်။

လွင့်ဝဲနေသော ဆည်းနှင်းများ တောင်တန်းများနှင့် လွင်ပြင်များဆီသို့ ဖြည်းညင်းစွာ ကျဆင်းနေဆဲပင်…..

​ယင်ကျင်းရှင်း ကျောက်တံတားပေါ်သို့ လျှောက်လှမ်းလာခဲ့ပြီး ဒူးနှစ်ဖက်ကို လက်များဖြင့် ထောက်ကာ အားနည်းစွာဖြင့်…..

"ကျွန်တော်... ကျွန်တော် ဆက်မလျှောက်နိုင်တော့ဘူး..."

​လင်းလင်ကျိုးနှင့် ဝမ်ဖုန်းတို့လည်း ရပ်တန့်သွားကြပြီး ရှန်ယွဲ့လည်း ထိုနည်းတူပင် ဖြစ်၏။

​ကျောက်တံတား၏ တစ်ဖက်တစ်ချက်စီတွင် သစ်တောများ ရှိပြီး ဤနေရာရှိ တောင်တန်းမြေမျက်နှာသွင်ပြင်မှာ မတ်စောက်ကာ သာယာလှပသော ရှုခင်းများ ရှိသည်။

​ရှန်ယွဲ့က ထိုနေရာကို ဝေ့ဝဲကြည့်ရှုပြီး….

"ဒါဆိုရင် တစ်နာရီလောက် အနားယူကြတာပေါ့..."

​လင်းလင်ကျိုးနှင့် ဝမ်ဖုန်းတို့ အချင်းချင်း ကြည့်ရှုလိုက်ကြပြီး တစ်ယောက်မျက်ဝန်းထဲမှ အဓိပ္ပာယ်ကို တစ်ယောက် မြင်တွေ့လိုက်ကြသည်။

​ဤစီနီယာရှန်က ယင်ကျင်းရှင်းကို အမှန်တကယ်ပင် အလိုလိုက်သည်။ သူ ရပ်ရန်ပြောတိုင်း ရပ်တန့်ပေးစမြဲပင်.

​သေချာသည်မှာ ဤသည်က ယင်ကျင်းရှင်း အလွန် လိမ္မာပြီး ယခုအချိန်အထိ အားတင်း၍ ခရီးဆက်လာခဲ့သောကြောင့်လည်း ဖြစ်သည်။ နောက်ဆုံးအကြိမ် သူတို့ ရပ်နားခဲ့ပြီးကတည်းက မိုင်တစ်ရာနီးပါးခန့် လျှောက်လှမ်းခဲ့ကြရသည်။

​ရှန်ယွဲ့က ယင်ကျင်းရှင်းအတွက် စားစရာတစ်ခုခု ရှာဖွေပေးရန်အတွက် သစ်တောအတွင်းသို့ လှမ်းလျှောက်သွားခဲ့သည်။

ထိုအခါ ​လင်းလင်ကျိုးနှင့် ဝမ်ဖုန်းတို့ ယင်ကျင်းရှင်း၏ ဘေးသို့ ရောက်ရှိလာကြပြီး ကျောက်တံတားပေါ်၌ ထိုင်နေသော သူ့ကို အဖော်ပြုပေးနေကြသည်။

​"ကျွန်တော် အရမ်းကို အသုံးမကျတာလား..."ဟု ယင်ကျင်းရှင်းက လေသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။

​ဝမ်ဖုန်းက….

"မင်းက အသုံးမကျဘူး ဟုတ်လား... မင်းက အရမ်းကို အသုံးဝင်လွန်းနေတာ... မင်းသာ ရပ်ဖို့ မပြောရင် ငါတို့လည်း မပြောရဲဘူးလေ... ငါ့ခြေထောက်တွေ ကျိုးနေတာ ကြာပြီပေါ့... မင်း စကားပြောမယ့်အချိန်ကို စောင့်နေခဲ့တာ..."

​လင်းလင်ကျိုးကလည်း…

"ဟုတ်တယ်... မင်းက အခုကတည်းက အရမ်းကို အံ့ဩစရာ ကောင်းနေပြီ... ငါတို့ကိုတောင် သိမ်ငယ်သွားအောင် လုပ်နိုင်တယ်..."

​သူတို့၏ စကားများကြောင့် ယင်ကျင်းရှင်း ခေါင်းမော့လာခဲ့ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။

All Chapters