← Chapters

အခန်း ၃၅၇

Vol. 36 Ch. 357

အခန်း ၃၅၇

Vol. 36 Ch. 357

အခန်း (၃၅၇) ဝမ့်ယင်းဂိုဏ်း၏ ဂိုဏ်းချုပ်

​လင်းလင်ကျိုးနှင့် ဝမ်ဖုန်းတို့၏ နှစ်သိမ့်စကားများကြောင့် ယင်ကျင်းရှင်း၏ စိတ်ခံစားချက်များ ပြန်လည်ကောင်းမွန်လာခဲ့ပြီး ပုံမှန်တက်ကြွသော စရိုက်အတိုင်း ပြန်ဖြစ်ပေါ်လာခဲ့သည်။

​သူ့ရဲ့ နောက်ခံဘဝက ကြေကွဲဖွယ်ကောင်းပြီး မိခင်ဖြစ်သူ၏ သေဆုံးမှုကိုပါ ကြုံတွေ့ခဲ့ရသော်လည်း ယင်ကျင်းရှင်း၏ မွေးရာပါ စရိုက်လက္ခဏာကတော့ တက်ကြွလန်းဆန်းလျက် ရှိနေဆဲပင်။ အချိန်အများစုတွင် ရှန်ယွဲ့နှင့် အခြားသူနှစ်ဦးတို့ ပေါင်းစပ်၍ စကားပြောဆိုသည်ထက်ပင် ပို၍ စကားပြောဆိုလေ့ရှိသည်။

ဤသို့ဖြင့်​သူတို့တွေ ကျောက်တံတားပေါ်၌ ထိုင်ရင်း အနာဂတ်အကြောင်းများကို စတင် ဆွေးနွေးဖြစ်ခဲ့ကြသည်။

သူတို့အားလုံး ရှန်ယွဲ့၏ နောက်ခံသမိုင်းကြောင်းနှင့် ယင်ကျင်းရှင်းကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားမည်နည်း ဟူသောအချက်အပေါ် များစွာ စပ်စုလိုစိတ် ဖြစ်ပေါ်နေကြသည်။ ကံဆိုးစွာဖြင့် မည်မျှပင် ဆွေးနွေးနေပါစေ မည်သည့်သဲလွန်စကိုမျှ မရရှိခဲ့ကြချေ။

​ယင်ကျင်းရှင်းက စပ်စုလိုစိတ်ဖြင့် ရုတ်တရက် ….

"အစ်ကိုကြီးလင်း... ကိုးပြည်ထောင်နယ်မြေကို ဘာဖြစ်လို့ သွားချင်ရတာလဲ... အဲဒီနေရာမှာ ဘာတွေများ ကောင်းနေလို့လဲ..."

​ဝမ်ဖုန်းသည်လည်း လင်းလင်ကျိုးကို စပ်စုလိုစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။ လင်းလင်ကျိုး ကိုးပြည်ထောင်နယ်မြေသို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးခဲ့ကြောင်း သူ ယခင်က ကြားသိခဲ့ဖူးပြီး လင်းလင်ကျိုး မည်သည့်အတွက်ကြောင့် ဤမျှအထိ စွဲလမ်းနေရသနည်းဟူသောအချက်ကို သူ နားမလည်ခဲ့ချေ။

​လင်းလင်ကျိုးက ခဏမျှ တုံ့ဆိုင်းနေပြီးနောက် အတိတ်ဇာတ်ကြောင်းကို ဖွင့်ပြောပြရန် ဆုံးဖြတ်လိုက်ပြီး ငယ်စဉ်ဘဝ အကြောင်းများမှ စတင်၍ ပြောပြခဲ့သည်။

​လင်းလင်ကျိုးလည်း ငယ်စဉ်ကတည်းကပင် မိဘများ ကြေကွဲဖွယ် သေဆုံးခဲ့ရသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရဖူးကြောင်း ကြားသိရသောအခါ ယင်ကျင်းရှင်းသည် မိမိကိုယ်မိမိ အဆိုးရွားဆုံး ခံစားနေရသူ မဟုတ်ကြောင်း ရုတ်ခြည်း သဘောပေါက်သွားခဲ့ရသည်။

၎င်းနောက်တွင် လင်းလင်ကျိုး နေရာအနှံ့ လှည့်လည်သွားလာခဲ့ရပုံနှင့် ဆရာသခင်က သူ့ကို ကံကောင်းထောက်မစွာဖြင့် ကယ်တင်ခဲ့ပုံတို့ကို ကြားသိရသောအခါ သူသည် အမှန်တကယ်ပင် အလွန် ကံကောင်းနေသေးကြောင်း ခံစားလိုက်ရသည်။

​လင်းလင်ကျိုး၌ သူ့ကို အဖော်ပြုပေးရန် ဆရာသခင် တစ်ဦးတည်းသာ ရှိခဲ့သော်လည်း သူ့ ဘေးတွင် အဖော်ပြုပေးရန် လူသုံးဦး ရှိနေရုံတင်မက ဆရာသခင်ကလည်း အဝေးတစ်နေရာ၌ သူ့ကို စောင့်ကြိုနေသည်မဟုတ်ပါလား။

​နောက်ဆက်တွဲ ဇာတ်လမ်းက ယင်ကျင်းရှင်းကို အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာစေခဲ့သည်။

​လင်းလင်ကျိုး၌ ဝိညာဉ်အမြစ် မရှိသဖြင့် ထျန်းချင်းမသေမျိုးဂိုဏ်းတွင် ဆက်လက်၍ မနေနိုင်ခဲ့ချေ။ ဒီရက်ပိုင်းများအတွင်း ရှန်ယွဲ့ သူ့ကို သင်ကြားပြသပေးခဲ့သည်များကို ပြန်လည်တွေးတောမိလိုက်သောအခါ ယင်ကျင်းရှင်း စတင် ထိတ်လန့်လာခဲ့သည်။

​သူ့မှာ ဝိညာဉ်အမြစ် မရှိရင်…..

​ဝမ်ဖုန်းကတော့ လင်းလင်ကျိုး၏ ဇာတ်လမ်းအပေါ် မည်သည့်စိတ်ခံစားချက်မျိုးမျှ မပြသခဲ့ချေ။ သူ့ထံ၌ဝိညာဉ်အမြစ် ရှိနေခဲ့သည့်တိုင်အောင် ကျင့်ကြံရေးလမ်းစဉ်မှာလည်း အလွန်ပင် ကြမ်းတမ်းခက်ခဲလှသည်မဟုတ်ပါလား။ သူသည် အရာအားလုံးကို ဆုံးရှုံးခဲ့ရပြီး ယခုအခါတွင် အထီးကျန်လျက် အားကိုးရာမဲ့ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

​သူ ယခု ရှန်ယွဲ့နှင့် အခြားသူများနောက်သို့ လိုက်ပါနေရခြင်း၏ အဓိက အကြောင်းရင်းမှာ လင်းလင်ကျိုး၏ လုံခြုံရေး သေချာစေရန်အတွက်သာ ဖြစ်သည်။

​လင်းလင်ကျိုး ဝိညာဉ်ကျောက်တွင်းထဲသို့ ရောက်သွားခဲ့ခြင်းကို သူ့အပြစ်ဟု မယူဆထားသော်လည်း လင်းလင်ကျိုး၏ အဆက်မပြတ် မြည်တွန်တောက်တီးမှုများကို သည်းမခံနိုင်တော့သဖြင့် သည်ကျေးဇူးကို ပြန်ဆပ်ရမည် ဖြစ်သည်။

ရှန်ယွဲ့ ပြန်ရောက်လာသည့်အချိန်၌ လင်းလင်ကျိုးကလည်း ဇာတ်လမ်းကို ပြောပြ၍ ပြီးဆုံးသွားခဲ့ချေပြီ။

​သို့သော်လည်း လင်းလင်ကျိုး နေရထိုင်ရ ခက်ခဲနေခဲ့သည်။

​သူ့ဇာတ်လမ်း ပြီးဆုံးသွားပြီးနောက် ယင်ကျင်းရှင်း မည်သို့ကြောင့် စိတ်ဓာတ်ကျသွားရသနည်း။

​ရှန်ယွဲ့ကတော့ ယင်ကျင်းရှင်း၏ စိတ်ခံစားချက်ကို အာရုံမစိုက်မိခဲ့ဘဲ ကလေးငယ် ပင်ပန်းနေသည်ဟုသာ ထင်မှတ်နေခဲ့သည်။ သူ ခူးဆွတ်လာခဲ့သော သစ်သီးကို ယင်ကျင်းရှင်းထံသို့ ကမ်းပေးလိုက်ပြီးမှသာ လင်းလင်ကျိုးနှင့် အခြားသူကို ပေးလိုက်သည်။

ဝမ်ဖုန်းက သူတို့ ရရှိသော သစ်သီးနှင့် ယင်ကျင်းရှင်း ရရှိသော သစ်သီးမှာ မတူညီကြောင်း သတိပြုမိလိုက်သည်။ ယင်ကျင်းရှင်း၏ သစ်သီးအတွင်း၌ ဝိညာဉ်ချီများ ပါဝင်နေပြီး ဝိညာဉ်သစ်သီးဟုပင် သတ်မှတ်နိုင်ပေသည်။

​စီနီယာရှန်က တကယ်ကို ဂရုတစိုက် လုပ်ဆောင်ပေးတာပဲ….

​ရှန်ယွဲ့သည် ဤခရီးစဉ်တစ်လျှောက်လုံး အတ္တကင်းမဲ့ ဓားသိုင်းအကြောင်းကိုသာ စဉ်းစားနေခဲ့သည်။ ယင်ကျင်းရှင်းကို သေသေချာချာ မသင်ကြားပေးနိုင်ကြောင်း သိရှိသွားပြီးကတည်းက အာရုံများကို မိမိကိုယ်တိုင်အပေါ်သို့သာ ပြန်လည်လွှဲပြောင်းထားခဲ့သည်။ သူ ပို၍ သန်မာလာမှသာ ယင်ကျင်းရှင်းကို ဘေးကင်းစွာ ပြန်လည်ခေါ်ဆောင်သွားနိုင်မည့် မျှော်လင့်ချက် ပိုမိုကြီးမားလာမည် ဖြစ်သည်။

​ယင်ကျင်းရှင်းကို လီချင်းချိုးထံသို့ ခေါ်ဆောင်သွားနိုင်သရွေ့ ယင်ကျင်းရှင်း သေချာပေါက် ကောင်းမွန်သွားမည်သာ ဖြစ်သည်။ လီချင်းချိုး၏ စွမ်းဆောင်ရည်များကို သူ အပြည့်အဝ ယုံကြည်ထားသည်။

ရှန်ယွဲ့က ​ဝိညာဉ်သစ်သီးကို ယင်ကျင်းရှင်းထံသို့ ပေးအပ်ပြီးနောက် တံတားဆီသို့ လျှောက်လှမ်းသွားကာ အတ္တကင်းမဲ့ ဓားသိုင်းအကြောင်းကိုသာ ဆက်လက် စဉ်းစားဆင်ခြင်နေခဲ့သည်။

​အတ္တကင်းမဲ့ ဓားသိုင်းသည် သိုင်းကွက်တစ်ခု မဟုတ်ဘဲ သိုင်းကွက်တစ်ခုအဖြစ် သတ်မှတ်ရန်ပင် မဖြစ်နိုင်ချေ။ ၎င်းမှာ နက်နဲလှသော ဓားလမ်းစဉ်တစ်ခု ဖြစ်သည်။အတ္တကင်းမဲ့ ဓားသိုင်းကို နားလည်သဘောပေါက်သွားပြီးနောက် သူ ဖြတ်သန်းသွားသော နေရာတိုင်းသည် အတ္တကင်းမဲ့ ဓားသိုင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပေလိမ့်မည်။

​အတ္တကင်းမဲ့ ဓားသိုင်းအပေါ် စဉ်းစားဆင်ခြင်နေခြင်းက ရှန်ယွဲ့ကို အခြားသော အနှောင့်အယှက် အတွေးများကို မေ့ပျောက်သွားစေသည်။

​ ကျင့်ကြံမှုအဆင့်၊ ဂိုဏ်း၏ ပြဿနာများ၊ အားနည်းခြင်းနှင့် ခွန်အားကြီးမားခြင်းအကြားမှ ကွာဟချက်များ စသည်တို့အားလုံးကို ဘေးဖယ်ထားခဲ့ချေပြီ။ လက်ရှိ အတွေးများအားလုံးမှာ ကိုယ်ပိုင် ဓားလမ်းစဉ်အပေါ်၌သာ ရှိနေခဲ့သည်။

လင်းလင်ကျိုးနှင့် အခြားနှစ်ဦးတို့ မည်သည်ကို ပြောဆိုနေကြကြောင်းကိုပင် သူ မကြားသိခဲ့ချေ။

​ယင်ကျင်းရှင်း ထလာပြီး သွားကြစို့ဟု ပြောဆိုလာသည့် အခါမှသာ ရှန်ယွဲ့ လမ်းပြပေးခဲ့သည်။ သူ ပြန်လည် မဖြေကြားခဲ့သော်လည်း ယင်ကျင်းရှင်း၏ စကားများကို စိတ်ထဲ၌ မထားရှိသည့်တိုင်အောင် မသိစိတ်ကနေ ရှေ့သို့ ခြေလှမ်းများ လှမ်းနေခဲ့သည်။

ဤသို့ဖြင့် နောက်ထပ် ညတစ်ည ကုန်လွန်သွားခဲ့ပြန်သည်။

​ ရှန်ယွဲ့နှင့် အခြားသုံးဦးတို့သည် တောင်စောင်းတစ်ခုပေါ်၌ လျှောက်လှမ်းနေကြပြီး ရှန်ယွဲ့က ရှေ့မှနေ၍ ဆက်လက် လမ်းပြနေဆဲပင်။

​နံနက်ခင်း နေရောင်ခြည်က သူတို့ကိုယ်ပေါ်သို့ ကျရောက်လာပြီး ဝေဝါးသော ပန်းရောင်အလင်းတန်းလေးဖြင့် ဖုံးလွှမ်းသွားစေသည်။ထိုစဉ်၌ ရှန်ယွဲ့တယောက် အတ္တကင်းမဲ့ ဓားသိုင်းအတွင်း၌ နစ်မြုပ်နေသည်။ လင်းလင်ကျိုးနှင့် အခြားနှစ်ဦးတို့၏ အမြင်အရဆိုလျှင် သူသည် ရူးသွပ်သွားသည့်အလား ရှိနေတော့သည်။

​လင်းလင်ကျိုးက ရှန်ယွဲ့ကို သတိပေးရန် ကြိုးစားခဲ့ဖူးသော်လည်း ကံဆိုးစွာဖြင့် ရှန်ယွဲ့က သူ့ကို လျစ်လျူရှုထားခဲ့သည်။ အကယ်၍ သူ စကားအနည်းငယ် ထပ်ပြောလိုက်ပါက ရှန်ယွဲ့ထံမှ ကြောက်မက်ဖွယ်ကောင်းလှသော ဓားဆန္ဒများ ထွက်ပေါ်လာပြီး သူ့ကို ပါးစပ်ပိတ်သွားအောင် ဖိအားပေးလေ့ရှိသည်။ ယခုအခါ လင်းလင်ကျိုးနှင့်ဝမ်ဖုန်းတို့ ပို၍ စိုးရိမ်ပူပန်လာခဲ့ကြပြီ။သူတို့အတွက် အန္တရာယ်မှာ ဝမ့်ယင်းဂိုဏ်းတစ်ခုတည်း မဟုတ်တော့ဘဲ ရှန်ယွဲ့ ကိုယ်တိုင်လည်း ဖြစ်နေနိုင်ကြောင်း သူတို့ ခံစားလာရသည်။

​ယင်ကျင်းရှင်းက သူတို့သုံးဦး၏ အလယ်၌ လျှောက်လှမ်းနေခဲ့ပြီး အကြည့်များက မိုးကုတ်စက်ဝိုင်းဆီမှ နေမင်းကြီးထံသို့ စူးစိုက်ကျရောက်နေခဲ့သည်။

​သူ စိတ်မကြည်လင်သည့် အခါမျိုးတွင် ပြဿနာများကို မေ့ပျောက်နိုင်ရန်အတွက် နေမင်းကြီးကို ကြည့်ရှုလေ့ရှိပြီး နေမင်းကြီးက သူ့အား ခွန်အားများ ပေးစွမ်းနိုင်သည့်အလား ခံစားရသည်။

​"ဟေ့... ဒီကလေးရဲ့ အခြေအနေက စီနီယာရှန်နဲ့ အရမ်း တူနေတယ်လို့ မင်း မခံစားရဘူးလား..."

​ဝမ်ဖုန်းက လင်းလင်ကျိုးကို ရုတ်တရက် တံတောင်ဖြင့် တွတ်ကာ တီးတိုး မေးမြန်းလိုက်သည်။

အာရုံလွင့်နေသော ​လင်းလင်ကျိုးလည်းဝမ်ဖုန်း၏ စကားကို ကြားသောအခါ မနေနိုင်တော့ဘဲ ယင်ကျင်းရှင်းကို လှမ်းကြည့်လိုက်မိသည်။ သူ မကြည့်လျှင် ပြဿနာ မရှိသော်လည်း သေသေချာချာ ကြည့်ရှုလိုက်သည့် အခါတွင် အမှန်တကယ်ပင် အနည်းငယ် တူညီနေကြောင်း တွေ့ရှိလိုက်ရပြီး သူတို့နှစ်ဦးမှာ မတူညီသော အရပ်မျက်နှာများကို ကြည့်ရှုနေကြခြင်းသာ ကွာခြားပေသည်။

​ဤတွေ့ရှိမှုက လင်းလင်ကျိုးကို မျက်မှောင်ကြုံ့သွားစေခဲ့သည်။

​ဘာတွေ ဖြစ်နေတာလဲ…

​သူတို့နှစ်ယောက်စလုံး တစ္ဆေပူးခံထားရတာများလား…

​လင်းလင်ကျိုး စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဝမ်ဖုန်းက သူ့ကိုရော ယင်ကျင်းရှင်းကိုပါ ရုတ်တရက် တားဆီးလိုက်သည်။

​သူ ခေါင်းလှည့်ကြည့်လိုက်တော့ ဝမ်ဖုန်း၏ မျက်နှာအမူအရာမှာ အတန်ငယ် လေးနက်တည်ကြည်လျက် ရှိနေကြောင်း မြင်တွေ့လိုက်ရသည်။ထို့ကြောင့် ဝမ်ဖုန်း၏ အကြည့်နောက်သို့ ချက်ချင်းပင် လိုက်ကြည့်လိုက်လေသည်။

​အရှေ့ဘက် တောင်လမ်း၏ အဆုံး၌ သက်တမ်းရင့် သစ်ပင်အိုကြီး တစ်ပင်ကို သူ မြင်တွေ့လိုက်ရသည်။ ထိုသစ်ပင်အိုကြီး၏ အောက်တွင် လူတစ်ဦး ဓားတစ်လက်ကို ကိုင်ဆောင်၍ ဘေးတစောင်း မတ်တတ်ရပ်နေသည်။

လေနုအေးက သူ့ဝတ်ရုံများကို လွင့်ဝဲစေပြီး ဦးခေါင်းကို ငုံ့ထားသဖြင့် ဘေးတစောင်းမြင်နေရသော မျက်နှာမှာ ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံထားရသည့်အလား ရှိနေကာ မုတ်ဆိတ်မွေးကြမ်းများဖြင့် ပြည့်နှက်နေပြီး မျက်ခွံများ ကျဆင်းနေကာ အကြည့်များက ခြေဖျားများဆီသို့ စူးစိုက်ကျရောက်နေခဲ့သည်။

လင်းလင်ကျိုးနှင့် ဝမ်ဖုန်းတို့၏ မျက်နှာအမူအရာများမှာ ပို၍ ဆိုးရွားလာခဲ့သည်။ ယင်ကျင်းရှင်းလည်း သတိဝင်လာပြီး သစ်ပင်အိုကြီးအောက်ရှိ ဆန်းကြယ်လှသော ဓားသမားကို မြင်တွေ့လိုက်ရသဖြင့် ဝမ့်ယင်းဂိုဏ်းမှ ကျင့်ကြံသူများ လာရောက် တိုက်ခိုက်သည်ဟု ထင်မှတ်ကာ စိုးရိမ်ထိတ်လန့်သွားခဲ့သည်။

​"စီနီယာရှန်..."

​လင်းလင်ကျိုးက အသံကို နှိမ့်၍ သတိပေးလိုက်သော်လည်း ရှန်ယွဲ့က ရပ်တန့်မသွားဘဲ ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေခဲ့သည်။

​သူတို့သုံးဦး၏ စောင့်ကြည့်မှုအောက်တွင် ရှန်ယွဲ့တယောက် ဆန်းကြယ်လှသော ဓားသမားနှင့် တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ။

ထိုစဉ်​ဆန်းကြယ်လှသော ဓားသမားက မတ်တတ်ရပ်လိုက်ပြီး ရှေ့သို့ ခြေနှစ်လှမ်း လှမ်းလိုက်ကာ ရှန်ယွဲ့ကို လှည့်ကြည့်လိုက်သည်။ ညာဘက်လက်ကလည်း ခါးထက်ရှိ ဓားလက်ကိုင်ကို ဆုပ်ကိုင်ထားသည်။ မျက်လုံးများကို ဖွင့်လိုက်တော့ ထိုမျက်ဝန်းများမှာ နက်ရှိုင်းပြီး မှောင်မိုက်လှသော ရေတွင်းကြီးတစ်ခုအလား အေးစက်လှပြီး ကြက်သီးထဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ပြည့်နှက်နေသည်။

​ဆန်းကြယ်လှသော ဓားသမား၏ အကြည့်ကို ရင်ဆိုင်နေရသည့်တိုင်အောင် ရှန်ယွဲ့က လုံးဝ ရပ်တန့်မသွားခဲ့ဘဲ ခြေလှမ်းအရှိန်မှာ အနည်းငယ်မျှပင် နှေးကွေးသွားခြင်း မရှိချေ။

​ရုတ်တရက်….

​ဆန်းကြယ်လှသော ဓားသမား အံ့အားသင့်စွာဖြင့် အာမေဍိတ်သံ ပြုလိုက်မိပြီး ရှန်ယွဲ့ကို ကြည့်ရှုသော အကြည့်များ ပြောင်းလဲသွားခဲ့သည်။

"ငါ့ရဲ့ ကောင်းကင်ပြိုဆင်း ဓားနယ်ပယ်ကနေ မင်း ဘယ်လိုလုပ် လွတ်မြောက်နိုင်တာလဲ..."

​ရှန်ယွဲ့ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ဆန်းကြယ်လှသော ဓားသမားကို မော့ကြည့်ကာ မေးလိုက်သည်။

"ကောင်းကင်ပြိုဆင်း ဓားနယ်ပယ်..."

​ထိုစကားကို ကြားရသောအခါ ဆန်းကြယ်လှသော ဓားသမား၏ မျက်နှာအမူအရာ ချက်ချင်းပင် ဆိုးရွားသွားခဲ့ပြီး ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်လေသည်။

​ထိုအခါ ဓားချီစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး တောင်စောင်းတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ ရှန်ယွဲ့က ကာကွယ်ရန်အတွက် ဓားကို မြှောက်လိုက်သော်လည်း အစွမ်းထက်လှသော ဓားချီစွမ်းအင်များက ပြင်းထန်သော မုန်တိုင်းကြီးတစ်ခု ဖိချလာသည့်အလား ရှိနေသဖြင့် သူ့ကို နောက်သို့ ဆုတ်ခွာသွားစေရန် ဖိအားပေးလိုက်သည်။

ထို့ကြောင့် တောင်စောင်းတစ်ခုလုံး တုန်ခါသွားပြီး နှစ်ဖက်စလုံးရှိ တောင်နံရံများထက်တွင် အက်ကြောင်းများပင် ဖြစ်ပေါ်သွားခဲ့သည်။

​လင်းလင်ကျိုးနှင့် အခြားနှစ်ဦးတို့သည်လည်း မြေပြင်ပေါ်သို့ လွင့်စင်ကျသွားကြသည်။ အကယ်၍ ရှန်ယွဲ့သာ ရှေ့ကနေ ကာကွယ်မပေးထားခဲ့ပါက သူတို့တွေ ဆန်းကြယ်လှသော ဓားသမား၏ လက်ချက်ဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် အရိုးများပင် မကျန်ရစ်တော့လောက်အောင် သေဆုံးသွားလိမ့်မည်။

"ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ ဓားချီစွမ်းအင်မျိုး..."

​ဝမ်ဖုန်းက မြေပြင်ပေါ်တွင် တွားသွားနေရင်း ရှေ့သို့ လှမ်းကြည့်ကာ အံကြိတ်ထားပြီး နှလုံးသားအတွင်း၌ ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့သည်။

​ပြိုင်ဘက်က သာမန် ခုတ်ပိုင်းမှု တစ်ချက်တည်းဖြင့်ပင် ဤမျှအထိ စွမ်းအားရှိနေခဲ့ခြင်းက သူ့နှလုံးသားကို မအေးချမ်းမှုများဖြင့် ပြည့်နှက်သွားစေခဲ့သည်။

​ရှန်ယွဲ့ သူ့ရဲ့ ဓားချီစွမ်းအင်ကို ကာကွယ်နိုင်ကြောင်း မြင်တွေ့လိုက်ရသောအခါ ဆန်းကြယ်လှသော ဓားသမားက မျက်ခုံးကို ပင့်လိုက်ပြီး ….

"မင်း ကောင်းကင်နဲ့မြေကြီးရဲ့ ခွန်အားတွေကို ငှားရမ်းသုံးစွဲနေတာလား... မင်း ဘယ်သူလဲ..."

မျက်ဝန်းများအတွင်းမှ သတ်ဖြတ်လိုသော အရှိန်အဝါများ မှေးမှိန်သွားခဲ့ပြီး ရှန်ယွဲ့အပေါ် စိတ်ဝင်စားမှု ဖြစ်ပေါ်လာခဲ့သည်။

​ "ခင်ဗျားက ဝိညာဉ်အသိအာရုံအဆင့်ထက် ကျော်လွန်နေတဲ့ တည်ရှိမှုတစ်ခုလား..."

​ပြိုင်ဘက်၏ ခွန်အားများက ဓားမိစ္ဆာကို ပြန်လည် သတိရမိစေသည်။

​မဟုတ်သေးဘူး... ဒီလူက ဓားမိစ္ဆာလောက် မသန်မာဘူး….

​"ဝိညာဉ်အသိအာရုံအဆင့်ထက် ကျော်လွန်နေတဲ့ တည်ရှိမှု ဟုတ်လား... မင်းက ကောင်းကင်နေမင်းနယ်ပယ် အကြောင်းကို မသိသေးပုံပဲ... ငါ မင်းကို အတော်လေး စိတ်ဝင်စားသွားပြီ... မင်းကို အသက်ရှင်ခွင့် လမ်းကြောင်းတစ်ခု ပေးမယ်... ဒူးထောက်လိုက်..."

ဆန်းကြယ်လှသော ဓားသမားက ဓားကို မြှောက်၍ ရှန်ယွဲ့ကို အဝေးမှ ချိန်ရွယ်လိုက်ပြီး မထီမဲ့မြင် ပြုသော အပြုံးဖြင့် ဆိုလိုက်သည်။

​ဒိုင်း…

​ထိုစဉ် ကောင်းကင်ယံတခွင် ပြောင်းလဲသွားပြီး လိမ့်ဆင်းနေသော မိုးကြိုးတိမ်တိုက်များ ဖုံးလွှမ်းလာခဲ့သဖြင့် တောင်စောင်းတစ်ခုလုံး လျင်မြန်စွာ မှောင်မိုက်သွားခဲ့သည်။

​ရှန်ယွဲ့က တည်ငြိမ်စွာပင်…

"ခင်ဗျားရဲ့ နာမည်နဲ့ ဘယ်ကလာလဲဆိုတာ သိခွင့်ပြုပါ..."

​ "ဝမ့်ယင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်... ယန်တုဟိုင်..."

​ဘုန်း…..

​မိုးကြိုးတစ်ချက် ပစ်ချလိုက်ပြီး လင်းလင်ကျိုးနှင့် အခြားနှစ်ဦးတို့၏ မျက်နှာများကို လင်းထိန်သွားစေသည်။ သူတို့သည် နေရာမှ ထရန် ကြိုးစားနေစဉ်မှာပင် ယန်တုဟိုင်၏ အမည်ကြောင့် အကြီးအကျယ် ထိတ်လန့်သွားခဲ့ကြရသည်။

​ဝမ့်ယင်းဂိုဏ်းရဲ ဂိုဏ်းချုပ်…

​အတ္တကင်းမဲ့ ဓားသိုင်းကို နားလည်သဘောပေါက်ထားပြီဖြစ်သော ရှန်ယွဲ့ ကိုယ်တိုင်ပင်လျှင် သတိကြီးစွာ ထားလိုက်မိကာ စိတ်ခံစားချက်များ လေးလံသွားခဲ့ပြီး ပြင်းထန်လှသော ဖိအားများ သူ့အပေါ်သို့ ရိုက်ခတ်လာခဲ့သည်။

…………………….

​ကောင်းကင်ယံ လင်းထိန်လာသည့် အချိန်၌ လီချင်းချိုး လင်းရှောင်ခြံဝင်းသို့ ရောက်ရှိလာခဲ့သည်။ သူ အတန်ကြာအောင် စောင့်ဆိုင်းပြီးနောက် ချူကျင်းနှင့် ယွမ်လီတို့ လင်းရှောင်ခြံဝင်းအတွင်းသို့ ဝင်ရောက်လာကြသည်။

​စစ်ပွဲ ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ဝေထျန်းရှုံးကို ယွမ်လီ မတော်တဆမှု တစ်ခုခု ကြုံတွေ့ရမည် စိုးရိမ်သဖြင့် အမြန်ဆုံး ပြန်လည် ထွက်ခွာရန် တိုက်တွန်းခဲ့ရာ ယွမ်လီကို ကူကယ်ရာမဲ့ ဖြစ်သွားစေခဲ့သလို စိတ်နှလုံးလည်း နွေးထွေးသွားစေခဲ့သည်။

​သူ့အပေါ် ထားရှိသော ဝေထျန်းရှုံး၏ မျက်နှာသာပေးမှုများကို လျစ်လျူမရှုနိုင်ချေ။ သေချာသည်မှာ ပြိုင်ဘက်က မိမိအပေါ် ဤမျှအထိ ကောင်းမွန်စွာ ဆက်ဆံပေးခြင်းမှာ မိမိ၏ လက်ရှိ ပါရမီကြောင့် ဖြစ်ကြောင်းကိုလည်း သူ ကောင်းစွာ သိရှိထားပေသည်။ ချူကျင်းက ဝိညာဉ်ကျောက်တွင်း ခံစစ်စခန်း၏ တိုက်ပွဲရလဒ်များကို တင်ပြလိုက်သည်။ ဝမ့်ယင်းဂိုဏ်းမှ ကျင့်ကြံသူများ အားလုံး အမြစ်ပြတ် ချေမှုန်းခံလိုက်ရပြီဖြစ်ပြီး ကျန်ရစ်ခဲ့သော ဥစ္စာဓနများမှာ အတိုင်းအဆမရှိ များပြားလှကာ ယခုတိုင်အောင် စာရင်းပြုစု၍ မပြီးဆုံးသေးချေ။

အစီရင်ခံစာ တင်ပြနေစဉ်အတွင်း ချူကျင်း၏ လေသံမှာ အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။

ဓားမိစ္ဆာ၏ ကောင်းကင်ပြိုဆင်း ဓားနယ်ပယ်ကို ပြန်လည်တွေးတောမိပြီး အခုထိ စိတ်လှုပ်ရှားနေဆဲပင်။

​ထိုကဲ့သို့သော စွမ်းအားမျိုးက အမှန်တကယ်ပင် အစွမ်းထက်လွန်းလှပေသည်။

ဓားမိစ္ဆာက သူ မြင်တွေ့ဖူးသမျှထဲတွင် အစွမ်းထက်ဆုံးသော လူတစ်ဦး ဖြစ်သည်မှာ သေချာလှပေသည်။

​လီချင်းချိုးနှင့် ပတ်သက်၍ ပြောရမည်ဆိုပါက သူသည် လီချင်းချိုး တိုက်ခိုက်သည်ကို မမြင်တွေ့ရသည်ပင် ကြာမြင့်လှပြီ။ သူသည် လီချင်းချိုး၏ တစ္ဆေအစေခံတစ်ဦး ဖြစ်သဖြင့် လီချင်းချိုး၏ ခွန်အားများကို ခံစားနိုင်စွမ်း ရှိသော်လည်း ဓားမိစ္ဆာနှင့် ထိပ်တိုက်ရင်ဆိုင်ရပါက မည်သို့ ဖြစ်လာမည်ကို သူ မသိရှိချေ။

​အစီရင်ခံစာ တင်ပြပြီးသွားသောအခါ လီချင်းချိုးက ….

"ဒါဆိုရင်လည်း မင်း ဒီမှာပဲ နေပြီး ဂိုဏ်းရဲ့ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပေးလိုက်တော့... ပုံမှန် ဖွံ့ဖြိုးတိုးတက်မှု အဆင့်တစ်ခုကို ရောက်ဖို့ အချိန်တန်ပြီ..."

"ဟုတ်ကဲ့..."

​ချူကျင်းက လေးနက်စွာ ခေါင်းညိတ်ပြလိုက်သော်လည်း စိတ်လှုပ်ရှားမှုများမှာမူ မလျော့ကျသွားသေးချေ။

​လီချင်းချိုးက သူ့ကို ထွက်သွားရန် လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် ယွမ်လီကို လှမ်းကြည့်လိုက်သည်။

​သူတို့ နောက်ဆုံး ဆုံတွေ့ခဲ့သည်မှာ တစ်နှစ်ခန့်မျှသာ ရှိသေးသော်လည်း ယွမ်လီသည် အခြားလူတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ပြီဟု သူ ခံစားလိုက်ရပြီး ကလေးဆန်မှုများ အားလုံး ပျောက်ကွယ်သွားကာ ရှန်ယွဲ့လို အစွမ်းထက်သော ဂိုဏ်း၏ ကျွမ်းကျင်သူတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ဆရာသခင်၏ အကြည့်ကို ရင်ဆိုင်ရချိန်တွင် ယွမ်လီ၏ မျက်နှာ နီမြန်းလာခဲ့ပြီး ဦးခေါင်းကို အနည်းငယ် ငုံ့ထားလိုက်သည်။

​"ကောင်းတယ်... မင်း ငါ့အတွက် မျက်နှာ မပျက်စေခဲ့ဘူး... ပိုပြီးတော့ အစွမ်းထက်တဲ့ ခွန်အားတွေကို မြင်တွေ့ခဲ့ရပြီဆိုတော့ နောက်ထပ် ဘာဆက်လုပ်ရမယ်ဆိုတာကို နားလည်တယ် မဟုတ်လား..."

လီချင်းချိုးက ပြုံး၍ ထိုသို မေးမြန်းလိုက်သည်။

​သူသည် တပည့်များစွာကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး သူတို့အားလုံးက ပါရမီရှင်များ ဖြစ်လာခဲ့ကြသော်လည်း ယွမ်လီ တစ်ဦးတည်းကသာ ရုတ်တရက် ပွင့်လန်းလာပြီး အသီးအပွင့်များ သီးပွင့်လာသည့် ခံစားချက်မျိုးကို ပေးစွမ်းနိုင်ခဲ့သည်။

​ရွှီနင်းသည် အမြဲတမ်း ယုံကြည်စိတ်ချရသူ ဖြစ်သော်လည်း သူမ၏ ကြီးထွားလာမှုမှာ မျက်စိဖြင့် မြင်တွေ့နိုင်စွမ်း ရှိပြီး ယွမ်လီကတော့ ကောင်းကင်ယံသို့ တစ်ဟုန်ထိုး ပျံတက်သွားခဲ့ကာ တိုင်းတာ၍ပင် မရနိုင်တော့ချေ။

​"အားလုံးက ဆရာရဲ့ ကြီးမားတဲ့ ကျေးဇူးတရားတွေကြောင့်ပါ... တပည့်က နောင်အနာဂတ်မှာလည်း ကြိုးစားပမ်းစား ကျင့်ကြံအားထုတ်သွားမှာပါ... ဆရာ့အတွက် ဖိအားတွေ ပိုပြီးတော့ မျှဝေခံစားပေးနိုင်ဖို့ ကောင်းကင်နေမင်းနယ်ပယ်ဆီကို အမြန်ဆုံး ရောက်အောင် ကြိုးစားပါ့မယ်..." ဟု ယွမ်လီက လေးနက်တည်ကြည်စွာဖြင့် စကားဆိုလိုက်သည်။

​သူသည် ဝေထျန်းရှုံး၏ စကားများကို ပြန်လည်တွေးတောမိသွားပြီး ဆရာသခင်အပေါ်၌ ရိုသေလေးစားမှုများ ပြည့်နှက်နေခဲ့သည်။

​လီချင်းချိုးက လွန်ခဲ့သော တစ်နှစ်တာကာလအတွင်း ခံစားချက်များနှင့် ရရှိခဲ့သော အောင်မြင်မှုများအကြောင်းကို စတင် မေးမြန်းတော့သည်။ သူ့ပါးစပ်မှ ကိုယ်တိုင် ပြန်လည်ပြောပြသည်ကို နားထောင်ရခြင်းက ထောက်လှမ်းရေး အစီရင်ခံစာများကို ဖတ်ရှုရသည်ထက် များစွာ ပို၍ စိတ်ဝင်စားစရာကောင်းပြီး အသေးစိတ် ကျလှပေသည်။

​ယွမ်လီကလည်း အတွေ့အကြုံများကို စတင် ပြောပြလေတော့သည်။

​သည်တစ်နှစ်တာ ကာလအတွင်း ကျင့်ကြံမှုအဆင့်က ဝိညာဉ်အသိအာရုံအဆင့် ဒုတိယအလွှာသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သော်လည်း ခွန်အားပိုင်းတွင် ကောင်းကင်နှင့်မြေကြီး ပြောင်းလဲသွားသကဲ့သို့ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။

​သူသည် မိမိ၏ ကိုယ်ပိုင်ခွန်အားနှင့် အရှိန်အဝါများကို ပေါင်းစပ်လိုက်ခြင်းဖြင့် စွမ်းအားများကို ပို၍ အစွမ်းထက်လာစေခဲ့ပြီး ခန္ဓာကိုယ်ကျင့်ကြံသူ၏ လမ်းစဉ်အပေါ်၌လည်း ပို၍ နက်ရှိုင်းသော နားလည်သဘောပေါက်မှုများကို ရရှိခဲ့သည်။

လီချင်းချိုးသည်လည်း ခန္ဓာကိုယ်ကျင့်ကြံသူ၏ လမ်းစဉ်အပေါ် ယွမ်လီ၏ ထိုးထွင်းသိမြင်မှုများကို နားထောင်ရင်း သူကိုယ်တိုင်ပင်လျှင် တစ်စုံတစ်ခုသော အကျိုးကျေးဇူးများ ရရှိခဲ့သည်။

​ဖျက်ဆီးမရသောအရှင်သခင်ခန္ဓာကိုယ် ကံကြမ္မာကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြသော်လည်း လီချင်းချိုးအနေနှင့် သည်တစ်နှစ်တာ ကာလအတွင်း ယွမ်လီလို ကြွယ်ဝလှသော တိုက်ပွဲအတွေ့အကြုံများ မရှိခဲ့သဖြင့် ထိုးထွင်းသိမြင်မှုပိုင်း၌ ယွမ်လီလောက် မကောင်းမွန်ခဲ့ချေ။

All Chapters