အခန်း ၃၅၈
Vol. 36 Ch. 358
အခန်း (၃၅၈) ချန်ရှန်းဓားချီကျမ်း
လီချင်းချိုးက ယွမ်လီနှင့် တစ်နာရီခန့်ကြာအောင် စကားပြောဆိုခဲ့ပြီး ယွမ်လီ ထွက်ခွာသွားပြီးနောက် လင်းရှောင်ခြံဝင်းအတွင်း၌ ဆက်လက် ထိုင်နေခဲ့ပြီး သည်တစ်နှစ်တာ ကာလအတွင်း ယွမ်လီ၏ ထိုးထွင်းသိမြင်မှုများကို စဉ်းစားဆင်ခြင်နေခဲ့သည်။
ဖျက်ဆီးမရသောအရှင်သခင်ခန္ဓာကိုယ် အပေါ် ယွမ်လီ၏ အသုံးချမှုက လီချင်းချိုးအတွက် ထူးခြားဆန်းသစ်နေသဖြင့် ၎င်းကို လေ့လာရန် ပြင်ဆင်လိုက်သည်။
သူသည် ဆရာသခင် ဖြစ်သော်လည်း သူ ပိုင်ဆိုင်ထားသော စွမ်းအားများက ယွမ်လီလို ခန္ဓာကိုယ်ကျင့်ကြံသူ၏ လမ်းစဉ်ကို လိုက်နာခြင်း မဟုတ်သဖြင့် ထိုသီးသန့်လမ်းစဉ်အပေါ်၌ လေ့လာစူးစမ်းရန် အချိန်များစွာ မရှိခဲ့ချေ။ သို့သော် တပည့်ထံမှ သင်ယူရခြင်းကို ရှက်ရွံ့ခြင်း မရှိခဲ့ပေ။
အချိန်မှာ မွန်းတည့်ချိန်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ရှောင်ဝူချင်း ခြံဝင်းအတွင်းသို့ အလျင်အမြန် ဝင်ရောက်လာပြီး လီချင်းချိုး၏ အရှေ့သို့ လျှောက်လှမ်းကာ အရိုအသေပေးလိုက်ရင်း လေသံတိုးတိုးဖြင့်…..
"ဂိုဏ်းချုပ်... ချင်မိသားစု ပြန်ရောက်လာပါပြီ... ပြီးတော့ ချင်ကျွယ်က ဂိုဏ်းချုပ်ကို တွေ့ချင်နေပါတယ်..."
လီချင်းချိုးက အတွေးကမ္ဘာအတွင်းမှ ရုန်းထွက်လိုက်ပြီး…
"သူ့ကို ဝင်ခွင့်ပေးလိုက်ပါ..."
ချင်းရှောင်ဂိုဏ်းကို အစောဆုံး ထောက်ခံခဲ့သော အထက်တန်းလွှာမိသားစုများထဲမှ တစ်ခုဖြစ်သည့် ချင်မိသားစုသည် သူတို့၏ ကံကြမ္မာကို အလုံးစုံ ပြောင်းလဲနိုင်ခဲ့ပြီး ဂိုဏ်းအတွင်းရှိ ထိပ်တန်း အထက်တန်းလွှာမိသားစု ငါးခုအနက် တစ်ခုဖြစ်လာခဲ့ပြီ ဖြစ်၏။ သူတို့သည် ပါရမီရှင် အများအပြားကို မွေးထုတ်ပေးနိုင်ခဲ့ပြီး သူတို့၏ တပည့်များမှာ ခန်းမအသီးသီး၌ ပြန့်နှံ့နေကြကာ အရေးပါသော ရာထူးနေရာများကို ကိုင်တွယ်ထားကြသည်။
မကြာမီမှာပင် ချင်ကျွယ် အခန်းအတွင်းသို့ အလျင်အမြန် ဝင်ရောက်လာခဲ့သည်ယ
လီချင်းချိုး သူ့ကို လွန်ခဲ့သော နှစ်များစွာက ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က လူရွယ်တစ်ဦးသာ ရှိသေးသော်လည်း ယခုအခါတွင် ဆံပင်တစ်ဝက်ခန့် ဖြူနေပြီဖြစ်ပြီး နဖူးပေါ်တွင်လည်း သစ်ခေါက်များအလား အရေပြားများ တွန့်လိပ်နေပြီ ဖြစ်သည်။ လီချင်းချိုး သူ့ကို အံ့အားသင့်စွာဖြင့် ကြည့်ရှုလိုက်မိပြီး ဤမျှအထိ အိုမင်းရင့်ရော်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။
သေသေချာချာ တွက်ချက်ကြည့်ပါက သူတို့ မဆုံတွေ့ဖြစ်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ရှိနေခဲ့ပြီ ဖြစ်၏။ ယခုအခါ လီချင်းချိုးသည် အမြင့်ဆုံးနှင့် အာဏာအရှိဆုံးသော ရာထူးနေရာ၌ ရှိနေခဲ့ပြီဖြစ်ရာ လူအများစုအဖို့ သူ့ကို သီးသန့်တွေ့ဆုံရန် ခက်ခဲလှပေသည်။
လီချင်းချိုး ဂိုဏ်းအတွင်း လှည့်လည်သွားလာသည့် အခါမျိုးတွင်လည်း ထိုအထက်တန်းလွှာအရာရှိကြီးများက လူပုံလယ်၌ မျက်နှာလိုမျက်နှာရ လုပ်ဆောင်ခြင်းမှာ မသင့်လျော်ဟု ယူဆကြသဖြင့် လူပေါင်းများစွာကို ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်ခန့်အထိ မတွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။
ချင်ကျွယ်က ရှည်လျားသော စားပွဲဆီသို့ လျှောက်လှမ်းလာပြီး တိုက်ရိုက်ပင် ဒူးထောက်ချလိုက်ကာ ….
" ဂိုဏ်းချုပ်.ကျေးဇူးပြုပြီး.. ကျွန်တော့်သားကို ကယ်တင်ပေးပါ..."
ထိုစကားကို ကြားရသောအခါ လီချင်းချိုး မျက်မှောင်ကြုံ့သွားပြီး….
"မင်းရဲ့ ဘယ်သားက ပြဿနာတက်နေလို့လဲ..."
သူသည် တာအိုမျိုးဆက် စနစ်မျက်နှာပြင်ကို ခေါ်ယူလိုက်ပြီး ချင်ယွဲ့၏ ကိုယ်ရေးအချက်အလက် ပုံရိပ်ကို အလျင်အမြန် ရှာဖွေတွေ့ရှိသွားခဲ့ပြီးမှ သက်ပြင်းတစ်ချက် ချလိုက်နိုင်တော့သည်။ ချင်ယွဲ့နှင့် သူ့ရဲ့ ဆက်ဆံရေးမှာ အလွန်အမင်း ရင်းနှီးလှခြင်း မရှိသည့်တိုင်အောင် ဘာပဲဖြစ်ဖြစ် သူ့တပည့်တစ်ဦးဖြစ်သဖြင့် သူ့တပည့်ရင်းတယောက် အပြင်ဘက်၌ သေဆုံးသွားမည်ကို မလိုလားချေ။
"ချင်ယွဲ့ပါ... သူ ပျောက်ဆုံးနေတာ လပေါင်းများစွာ ရှိနေပါပြီ... ကျွန်တော်တို့လူတွေလည်း ဘယ်လိုမှ ရှာမတွေ့နိုင်တော့လို့ပါ..."
ချင်ယွဲ့က ချင်မိသားစု၏ ကြီးပွားတိုးတက်မှုအတွက် သော့ချက်ဖြစ်ပြီး သူတို့အတွက် အကျိုးအမြတ်များစွာကို ရှာဖွေပေးခဲ့သူ ဖြစ်သည်။ ထို့အပြင် ချင်ကျွယ်က ချင်ယွဲ့ကို အလွန်အမင်း အလိုလိုက်ထားခဲ့ဖူးသဖြင့် အခုလို ပျောက်ဆုံးမှုက ချင်ကျွယ်ကို ကြီးစွာသော နာကျင်မှုများ ဖြစ်ပေါ်စေခဲ့သည်။
လီချင်းချိုးက မျက်မှောင်ကြုံ့လိုက်ပြီး…
"ငါ့ဆီ လာဖို့ကို ဘာဖြစ်လို့ ဒီလောက်တောင် အချိန်ကြာနေရတာလဲ..."
ချင်ကျွယ်က ခေါင်းကို ငုံ့ထားပြီး ရှက်ရွံ့သော အမူအရာဖြင့်…
"ဂိုဏ်းက ပြင်ပစူးစမ်းလေ့လာမှုတွေကို တားမြစ်ထားတဲ့အချိန်မှာ ကျွန်တော်တို့ ချင်မိသားစုက တောင်ဘက်ကို ဦးတည်သွားဖို့ ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာမို့ စည်းကမ်းတွေကို ဖောက်ဖျက်ပြီးသား ဖြစ်နေလို့ပါ... ဒါကြောင့် ဂိုဏ်းချုပ်ဆီကို ချက်ချင်း လာဖို့ ကျွန်တော် အရမ်း ရှက်ရွံ့နေခဲ့မိတယ်... ဒါ့အပြင် သမုဒ္ဒရာကြီးက ကျယ်ပြောလွန်းတော့ လပေါင်းများစွာ ကြာအောင် ထွက်သွားလေ့ရှိတာမို့ အချိန်အတန်ကြာ စောင့်ဆိုင်းနေခဲ့ရတာပါ..."
လီချင်းချိုးက အတိအကျ အခြေအနေများကို ပြန်လည်ပြောပြရန် တောင်းဆိုလိုက်တော့ ချင်ကျွယ်ကလည်း အမှန်အတိုင်း ပြန်လည်ဖြေကြားခဲ့သည်။ သူ စကားပြောဆိုပြီးသွားသောအခါ လီချင်းချိုး အကြီးအကျယ် မျက်မှောင်ကြုံ့သွားခဲ့သည်။ လက်ရှိ အချက်အလက်များဖြင့် ချင်ယွဲ့ကို ရှာဖွေခြင်းဟူသည်မှာ သမုဒ္ဒရာထဲ၌ အပ်ရှာရသည်နှင့် ခြားနားခြင်း မရှိချေ။
"ဂိုဏ်းက ဝမ့်ယင်းဂိုဏ်းရဲ့ ဖိအားပေးမှုကြောင့် ရုန်းမထွက်နိုင်သေးသလို ငါ ကိုယ်တိုင်လည်း ဂိုဏ်းကနေ ထွက်သွားလို့ မရဘူး... တာဝန်ခန်းမမှာ တာဝန်တစ်ခု တင်ပေးထားပြီး တာအိုကံကြမ္မာမြင့်မြင့် သတ်မှတ်ပေးထားဖို့ပဲ ငါ တတ်နိုင်တော့မယ်..."
ချင်ကျွယ် မော့ကြည့်လိုက်ပြီး စကားပြောလိုသော်လည်း တုံ့ဆိုင်းနေခဲ့သည်။ သူသည် ယခုမှ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ရာ ဂိုဏ်း၏ လက်ရှိအခြေအနေများကို နားမလည်ခဲ့သော်လည်း ဂိုဏ်းချုပ် အခုလို ပြောဆိုလိုက်သည်ကို ကြားသိရသောအခါ အတင်းအကျပ် ဆက်လက် တောင်းဆို၍ မရနိုင်တော့ကြောင်း သဘောပေါက်သွားခဲ့သည်။
"ကောင်းပါပြီ..."
ချင်ကျွယ်က စိတ်ဓာတ်ကျစွာဖြင့် ပြန်လည်ဖြေကြားလိုက်ပြီးနောက် မတ်တတ်ရပ်ကာ အရိုအသေပေး၍ လှည့်ထွက်သွားခဲ့တော့သည်။
လီချင်းချိုးသည်လည်း ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။ နှစ်စဉ်နှစ်တိုင်း ပျောက်ဆုံးနေသော တပည့်ပေါင်း များစွာ ရှိနေပြီး ချင်ယွဲ့ကလည်း နိုင်ငံရပ်ခြား၌ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ရာ သူ့ကို ရှာဖွေရန် မည်သို့မျှ မဖြစ်နိုင်တော့ချေ။ လူတိုင်း၌ ကိုယ်ပိုင် ကံကြမ္မာများ ရှိကြစမြဲဖြစ်ပြီး လီချင်းချိုးအနေဖြင့် ဂိုဏ်း၏ လုံခြုံရေးထက် ချင်ယွဲ့ကို ဦးစားပေး၍ မရနိုင်ပေ။ ယွမ်လီ ကိုယ်တိုင်ပင်လျှင် ဤကဲ့သို့ ဦးစားပေးခံရမည် မဟုတ်ချေ။
ကံကောင်းထောက်မစွာဖြင့် အခြားသော တပည့်များက လိမ္မာရေးခြားရှိကြပြီး လီချင်းချိုး ကြီးကြပ်နိုင်သော အတိုင်းအတာတစ်ခုအတွင်း၌သာ သူတို့၏ လှုပ်ရှားမှုများကို ကန့်သတ်ထားရှိကြသည်။
ရှေးဟောင်းအစီရင်ကို အသက်သွင်းမိပြီး အမည်မသိ နေရာတစ်ခုသို့ ရွှေ့ပြောင်းသွားခဲ့သော ထိုတပည့်မှာ ချင်ယွဲ့ ဖြစ်နိုင်ပါသလား။
လီချင်းချိုး ယခင်က အသိပေးချက်ကို ရုတ်တရက် ပြန်လည်တွေးတောမိသွားသော်လည်း ချင်ယွဲ့မှာ ကြီးမားသော ကံတရား ရှိသူတစ်ဦးနှင့် မတူညီကြောင်း ခံစားလိုက်ရသည်။ အခြားသော တပည့်များနှင့် နှိုင်းယှဉ်ပါက ချင်ယွဲ့သည် ကျင့်ကြံရေးပါရမီပိုင်း၌သာမက အရာရာကို လုပ်ဆောင်နိုင်စွမ်း၌ပါ အလွန်အမင်း သာမန်ဆန်လွန်းလှသည်။
လီချင်းချိုးက ချင်ယွဲ့ကို အလွန် ကောင်းမွန်စွာ စောင့်ရှောက်ပေးခဲ့ပြီး အခြားသော တပည့်များလို အရင်းအမြစ်များကို လုံလုံလောက်လောက် ပံ့ပိုးပေးခဲ့သည်။ ဤကိစ္စနှင့် ပတ်သက်၍ သူ့ နှလုံးသားမှာ ရှင်းလင်းမှု ရှိသည်ဟု ခံစားရသည်။
"ကောင်းကင်ဘုံက မင်းကို စောင့်ရှောက်ပါစေလို့ပဲ မျှော်လင့်ပါတယ်..."
လီချင်းချိုး ရင်ထဲမှ တိတ်ဆိတ်စွာ တွေးတောလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။
ဝမ့်ယင်းဂိုဏ်းနှင့် မဟာစစ်ပွဲကြီး ဖြစ်ပွားပြီးနောက် ဆုံးဖြတ်ချက်ချမှတ်ရန် လိုအပ်သော ကိစ္စရပ်များစွာ ရှိနေသည်။ စစ်မျက်နှာပြင် ရှည်လျားလွန်းလှပြီး ချင်းရှောင်ဂိုဏ်း၏ လူအင်အားများမှာလည်း တဖြည်းဖြည်းနှင့် ပါးလျလာခဲ့ချေပြီ။ သို့သော် လီချင်းချိုးက ဩဇာလွှမ်းမိုးမှုနယ်ပယ်ကို အလွန်အမင်း တင်းကျပ်စွာ ထိန်းချုပ်ထားရန် ရည်ရွယ်ချက် မရှိခဲ့ချေ။ အရင်းအမြစ်များကိုသာ ဆုပ်ကိုင်ထားရန် လိုအပ်ပြီး သူပိုင်ဆိုင်သော နယ်မြေများအတွင်း လောကီရေးရာနှင့် သာမန်လူနေမှုဘဝများကို ဆက်လက် တည်ရှိနေခွင့် ပြုထားမည် ဖြစ်သည်။
နောင်အနာဂတ်တွင် ချင်းရှောင်ဂိုဏ်းက ၎င်းတို့၏ အထက်၌ အမြင့်မြတ်ဆုံးအဖြစ် ရပ်တည်နေသရွေ့ အခြားသော မင်းဆက်များကိုပင် ဆက်လက် တည်ရှိခွင့် ပြုထားမည် ဖြစ်ပေသည်။
ဘုန်း…..
ရှန်ယွဲ့က ကောင်းကင်ယံမှ ဥက္ကာခဲကြီးတစ်ခုအလား ဆင်းသက်လာပြီး သစ်တောအတွင်းသို့ ဝင်ရောက်တိုက်ခိုက်လိုက်သဖြင့် ဖုန်မှုန့်များ ကောင်းကင်ယံသို့ တထောင်းထောင်း ထသွားသည်။ အဝေးသို့ လှမ်းကြည့်လိုက်ရာ မိုင်တစ်ရာခန့် ပတ်ဝန်းကျင်ရှိ ဧရိယာတစ်ခုလုံးမှာ အပျက်အစီးများအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။
လင်းလင်ကျိုး၊ ဝမ်ဖုန်းနှင့် ယင်ကျင်းရှင်းတို့က ကျောက်တောင်စွန်းတစ်ခုပေါ်၌ မတ်တတ်ရပ်လျက် တိုက်ပွဲကို စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။
ဤအခိုက်အတန့်၌ ကောင်းကင်ယံထက်တွင် ဝမ့်ယင်းဂိုဏ်း၏ ဂိုဏ်းချုပ် ယန်တုဟိုင်ကို ဖိနှိပ်ထားသော အခြားလူတစ်ဦး ရှိနေသေးပြီး ၎င်းမှာ အခြားသူမဟုတ်ဘဲ ကျန်းကျောက်ရှား ဖြစ်နေသည်။
ကျန်းကျောက်ရှား၏ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီး သွေးများဖြင့် ပေကျံနေကာ သူ့ လက်ထဲရှိ ဓားမှာလည်း ယခင်လို မြန်ဆန်စွာ မရွေ့လျားနိုင်တော့ချေ။ အပေါ်ယံ ကြည့်လိုက်ရုံဖြင့် ယန်တုဟိုင်က သူ့ကို ကစားနေသလိုရှိနေသည်။
"မင်းတို့နှစ်ယောက်စလုံးက ဓားလမ်းစဉ်မှာ ဒီလောက်အထိ ထူးခြားတဲ့ ပါရမီတွေ ပိုင်ဆိုင်ထားဖို့ ဘယ်ဂိုဏ်းကများ လာကြတာလဲ..."
ယန်တုဟိုင်က မေးမြန်းလိုက်ရင်း အပြုံးမှာ လောဘများ ပြည့်နှက်နေပြီး ကျန်းကျောက်ရှားကို ကြည့်ရှုသောအကြည့်များမှာ အဖိုးတန်ရတနာတစ်ခုကို ကြည့်ရှုနေသလိုထင်ရသည်။
သူသည် ဓားကို အလျားလိုက် ဝှေ့ယမ်းလိုက်ရာ ခမ်းနားထည်ဝါလှသော ဓားချီစွမ်းအင်များက ပြင်းထန်သော မုန်တိုင်းကြီးတစ်ခုအလား ကျန်းကျောက်ရှားထံသို့ ကျရောက်လာခဲ့ပြီး ကျန်းကျောက်ရှား၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာကာ အဝေးသို့ လွင့်ထွက်သွားစေသည်။ ဓားအရိပ်နှစ်ခုက လေဟာနယ်အတွင်းမှနေ၍ ရုတ်ချည်း ပေါ်ထွက်လာပြီး ကျန်းကျောက်ရှားကို ဖမ်းဆီးလိုက်ကာ အောက်သို့ ဖြည်းညင်းစွာ ပို့ဆောင်ပေးလိုက်ရာ ရှန်ယွဲ့၏ ဘေးသို့ ရောက်ရှိသွားသည်။
အောက်သို့ ရောက်ရှိပြီးနောက် ကျန်းကျောက်ရှား၏ ခြေထောက်များ အားပျော့သွားခဲ့ပြီး ခန္ဓာကိုယ်ကို ထောက်ထားရန်အတွက် လက်ထဲရက ဓားကို အသုံးပြုလိုက်ရသည်။ရှန်ယွဲ့သည်လည်း ယိမ်းထိုးလျက် မတ်တတ်ရပ်လိုက်ရာ ထူထပ်သော မြူခိုးများအလား လွင့်ဝဲနေသော ဖုန်မှုန့်များက သူ့ကို ဝန်းရံသွားသည်။
"မင်း ရပ်နိုင်သေးလား..." ဟု ရှန်ယွဲ့က အဝေးရှိ ကောင်းကင်ယံဆီသို့ စိုက်ကြည့်လျက် မေးမြန်းလိုက်သည်။
ကျန်းကျောက်ရှားက ခန္ဓာကိုယ်ကို မတ်မတ်ရပ်ထားရင်း လေကို အငမ်းမရ ရှူသွင်းနေပြီး ချောမောလှပသော မျက်နှာပေါ်တွင် သွေးများနှင့် ချွေးများဖြင့် ပြည့်နှက်နေသည်။
"သေချာတာပေါ့... နောက်ထပ် အချီ သုံးသောင်းလောက် တိုက်ရင်တောင် ပြဿနာ မရှိပါဘူး..."
ဤစကားကို ပြောဆိုပြီးနောက် လေပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး အတင်းအကျပ် မတ်တတ်ရပ်ကာ ရှန်ယွဲ့နှင့် ပခုံးချင်းယှဉ်လျက် ရပ်လိုက်သည်။
ရှန်ယွဲ့က ယန်တုဟိုင်ကိုသာ စူးစိုက်ကြည့်နေပြီး တည်ငြိမ်စွာဖြင့်…
"ကောင်လေးကျန်း... ဒီတစ်ကြိမ်တော့ ငါ မင်းကို ဒုက္ခတွင်းထဲဆွဲသွင်းမိသွားပြီ... ငါ့ကို လာကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
ကျန်းကျောက်ရှားသည်လည်း မော့ကြည့်လိုက်ပြီး နှာမှုတ်လိုက်သည်။
"အားလုံးက ဂိုဏ်းချုပ် အပြစ်တွေချည်းပဲ... ခင်ဗျားကို သွားရှာခိုင်းလို့ပေါ့... ခင်ဗျားကို ရှာရတာ တကယ်ကို မလွယ်ဘူး... ကျုပ် ခင်ဗျားကို ရှာတွေ့တာနဲ့ ဒီလောက်အစွမ်းထက်တဲ့ ရန်သူနဲ့ ဆုံရမယ်လို့ လုံးဝ မထင်ထားခဲ့ဘူး... ရှန်ယွဲ့... ဒီတစ်ကြိမ်တော့ ကျုပ်တို့ အတူတူ သေသွားနိုင်တယ်..."
"မင်း သေရမှာကို ကြောက်လို့လား..."
ရှန်ယွဲ့က ညင်သာစွာ မေးမြန်းလိုက်ရင်းနှုတ်ခမ်းထောင့်များ မြင့်တက်သွားခဲ့သည်။ သူသည် ကျန်းကျောက်ရှားကို ဂျူနီယာညီငယ်တစ်ဦးအဖြစ်သာ အမြဲတမ်း သဘောထားခဲ့သော်လည်း ဤတစ်ကြိမ်တွင်တော့ ယုံကြည်စိတ်ချရသော တိုက်ပွဲဝင် အဖော်တစ်ဦးအဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည်။
ကျန်းကျောက်ရှားနှင့်အတူ သေဆုံးရမည်ဆိုပါက ဤဘဝတွင် သူ နောင်တရစရာ မရှိတော့ဟု ခံစားလိုက်ရသည်။ မသေဆုံးမီအချိန်လေး၌ အတ္တကင်းမဲ့ ဓားသိုင်းကို နားလည်သဘောပေါက်ခွင့် ရခဲ့သဖြင့် ဤဘဝမှာ လုံလောက်ပြီဟု အမှန်တကယ်ပင် ခံစားလိုက်ရသည်။
လူတိုင်း တစ်နေ့နေ့တွင် သေဆုံးကြရမည်ဖြစ်ပြီး ရှန်ယွဲ့သည်လည်း သေဆုံးရန်အတွက် ကြိုတင် ပြင်ဆင်ထားခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။
"သေရမှာ ကြောက်လို့တဲ့လား... ကျုပ်က ဆယ်ကျော်သက် အရွယ်ကတည်းက သတ်ရဲဖြတ်ရဲ ခဲ့တာ..."
ကျန်းကျောက်ရှားက မထီမဲ့မြင် ပြုစွာ ရယ်မောလိုက်သည်။ ရှန်ယွဲ့နှင့် အချေအတင် ပြောဆိုရခြင်းက ခွန်အားများ အနည်းငယ် ပြန်လည်ရရှိလာသကဲ့သို့ ခံစားရစေသည်။ ထိုစကားကို ကြားရသောအခါ ရှန်ယွဲ့၏ အပြုံး ပို၍ ကျယ်ပြန့်လာခဲ့သည်။
သူတို့နှစ်ဦးသား သူတို့၏ ဓားချီစွမ်းအင်များကို ထပ်မံ၍ စုစည်းလိုက်ကြသော်လည်း ဤဆိတ်သုဉ်းခြောက်ကပ်နေသော တောင်တန်းများကြား၌ သူတို့၏ ဓားချီစွမ်းအင်များမှာ အလွန်အမင်း အားနည်းနေပုံရသည်။ ယန်တုဟိုင်က သူတို့ကို ငုံ့ကြည့်နေပြီး ချက်ချင်း ဝင်ရောက် မတိုက်ခိုက်ဘဲ သူတို့ ဘာကို စဉ်းစားနေသနည်းဟု တွေးတောနေဟန်ဖြင့် မျက်နှာပေါ်တွင် ညစ်ကျယ်ကျယ် အပြုံးတစ်ခု ရှိနေသည်။
ကျန်းကျောက်ရှားက ခေါင်းကို မော့၍…
"သူ အချိန်ဆွဲနေတယ်လို့ မထင်ဘူးလား... သူက ကျုပ်တို့ကို သတ်ချင်တဲ့ပုံ မပေါ်ဘူး..."
"အင်း... ဒါပေမဲ့ သူ့ရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်ကလည်း အရမ်းကို ထင်ရှားနေတယ်... ဖြစ်နိုင်တာက သူ့မှာ တခြား အကြံအစည်တွေ ရှိနေနိုင်တယ်..."
ရှန်ယွဲ့က ယန်တုဟိုင်၏ ပုံရိပ်ကို စောင့်ကြည့်ရင်း တွေးတောနေရင်းနှင့် ပြန်လည်ဖြေကြားလိုက်သည်။
ထိုစဉ် ဓားမိစ္ဆာ၏ ပုံရိပ်ကို တွေးတောမိသွားသည်။ အကယ်၍ ထိုလူသာ ဤနေရာ၌ ရှိနေပြီး ယန်တုဟိုင်နှင့် ရင်ဆိုင်ရပါက အလွယ်တကူ အနိုင်ရရှိနိုင်မည် မဟုတ်ပါလား။
"မင်း အတော်ကြာအောင် ကြည့်နေခဲ့ပြီပဲ... ထွက်လာသင့်ပြီ မဟုတ်ဘူးလား..."
ယန်တုဟိုင်၏ အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကျယ်လောင်ဟိန်းထွက်နေကာ လောကကြီးတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
ကျန်းကျောက်ရှားနှင့် ရှန်ယွဲ့တို့ မျက်မှောင်ကြုံ့လိုက်ကြသည်။ အနီးအနား၌ အခြားလူများ ရှိနေလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြချေ။
ဘုန်း…..
နားစည်ကွဲမတတ် ဟိန်းထွက်သံကြီးတစ်ခု ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ပြီး ဓားအလင်းတန်းတစ်ခု အရှိန်အဟုန်ဖြင့် ကျဆင်းလာကာ ကျန်းကျောက်ရှားနှင့် အခြားတစ်ဦးတို့၏ အရှေ့သို့ လျင်မြန်စွာ ဆင်းသက်လာပြီး ဓားအလင်းတန်းအတွင်းမှ ပုံရိပ်တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။
၎င်းမှာ အမှန်တကယ်ပင် အမျိုးသမီးတစ်ဦး ဖြစ်ပြီး အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ခါးတွင် အနီရောင် ခါးပတ်တစ်ခုကို ပတ်ထားပြီး အဖိုးတန် ဓားတစ်လက်ကို ချိတ်ဆွဲထားသည်။ သူမ၏ ဝတ်ရုံလက်စက လေထဲတွင် လွင့်ဝဲနေပြီး သွယ်လျသော ခန္ဓာကိုယ်လေးမှာ မလှုပ်မယှက် ရပ်တည်နေ၏။ သူမ၏ ဆံပင်ရှည်များကို နောက်ကျောဘက်၌ ပေါ့ပေါ့ပါးပါး စည်းနှောင်ထားသဖြင့် အလွန်ပင် သူရဲကောင်းဆန်သော အသွင်အပြင်ကို ပေးစွမ်းနေသည်။
"ယန်တုဟိုင်... ဝိညာဉ်အသိအာရုံအဆင့်က ဂျူနီယာနှစ်ယောက်ကို အနိုင်ကျင့်နေတာ ရှက်ဖို့ မကောင်းဘူးလား..."
သာယာပြီး အေးစက်သော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ကြီးမားလှသော ထိုးဖောက်နိုင်စွမ်း ရှိကာ ကောင်းကင်နှင့်မြေကြီး၏ ဆူညံသံများကပင် သူမ၏ အသံကို ဖုံးလွှမ်းနိုင်စွမ်း မရှိချေ။
"စုန့်ချန်ရှန်း... မင်းက ကောင်းကင်ဓားဂိုဏ်း ကိုယ်စား ငါ့ရဲ့ ဝမ့်ယင်းဂိုဏ်းနဲ့ ရန်သူ ဖြစ်ချင်နေတာလား..."
ယန်တုဟိုင်က အေးစက်စွာ မေးမြန်းလိုက်ရင်း မျက်ဝန်းများအတွင်း၌ ရက်စက်ကြမ်းကြုတ်သော အရောင်များ ပြည့်နှက်နေသည်။
စုန့်ချန်ရှန်းဟု ခေါ်ဆိုခံရသော အဖြူရောင်ဝတ် အမျိုးသမီးက….
"ကောင်းကင်ဓားဂိုဏ်းက မသေမျိုးနယ်မြေက ဘယ်ဂိုဏ်းနဲ့မှ ပြိုင်ဆိုင်လေ့ မရှိဘူး... ဒါပေမဲ့ ဒီလူက အတ္တကင်းမဲ့ ဓားသိုင်းကို နားလည်သဘောပေါက်ထားပြီဖြစ်လို့ သူဒီနေရာမှာ သေလို့ မရဘူး... ငါက နင့်ထက်စောပြီး ရောက်နေခဲ့တာ... အကယ်၍ ငါသာ ဝမ့်ယင်းဂိုဏ်းရဲ့ ရန်သူဖြစ်ချင်ခဲ့ရင် နင် သေနေတာ ကြာလှပေါ့..."
သူမ၏ လေသံမှာ တည်ငြိမ်နေသော်လည်း စကားလုံးများက အလွန်အမင်း မောက်မာဝင့်ကြွားလွန်းလှပေသည်။ ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့က အလျင်စလို မလှုပ်ရှားခဲ့ကြဘဲ လင်းလင်ကျိုးနှင့် အခြားနှစ်ဦးတို့မှာလည်း ဆုတောင်းနေကြသည်။
ယန်တုဟိုင်က….
"အကယ်၍ မင်းနဲ့ ငါ အသေအကြေ တိုက်ခိုက်ကြရင် ဘယ်သူက နောက်ဆုံးမှာ ရယ်မောရမလဲဆိုတာ မသေချာသေးဘူးနော်..."
"နင့်ရဲ့ စည်းကမ်းချက်တွေပြော..."
စုန့်ချန်ရှန်းက မော့ကြည့်လိုက်တော့ ဓားအလင်းတန်းများ လင်းလက်နေသကဲ့သို့ တောက်ပနေသော မျက်ဝန်းတစ်စုံကို မြင်တွေ့လိုက်ရ၏။ သူမ၏ မျက်နှာမှာ အလွန်အမင်း လှပပြီး မျက်ခုံးများမှာ ဓားများအလား ထက်မြက်ကာ မျက်ဝန်းများအတွင်းရှိ ထက်မြက်မှုများကို ဖုံးကွယ်ထား၍ မရနိုင်ချေ။ မည်သည့် အမူအရာမျှ မပြသထားသည့်တိုင်အောင် အလွန်အမင်း မောက်မာဝင့်ကြွားနေပုံရသည်။
ထိုအခါ ယန်တုဟိုင်၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားပြီး…
"မင်း ကိုယ်တိုင် ဖန်တီးထားခဲ့တဲ့ ချန်ရှန်းဓားချီကျမ်းကို ငါ လိုချင်တယ်..."
"နင် တော်တော်လေး တွက်ချက်တတ်တာပဲ... ကောင်းကင်ဓားဂိုဏ်းရဲ့ ဓားသိုင်းတွေကို ပြင်ပလူတွေဆီ လက်ဆင့်ကမ်းလေ့မရှိဘူးဆိုတာ သိနေတာကိုး... နင့်ရဲ့ စည်းကမ်းချက်ကို ငါ သဘောတူနိုင်ပါတယ်... ဒါပေမဲ့ ဒီလူနှစ်ယောက်တည်းနဲ့တော့ မလုံလောက်ဘူး..."
"ဒါဆိုရင် မင်း ဘာထပ်လိုချင်သေးလဲ..."
"နင့်ရဲ့ ဓားကို ငါ လိုချင်တယ်..."
စုန့်ချန်ရှန်း၏ အသံ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် ယန်တုဟိုင်၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး မသိစိတ်ကြောင့် လက်ထဲက ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။
ရုတ်တရက်….
ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားတစ်ခု ထွက်ပေါ်လာပြီး သူ့ဓားကို စုန့်ချန်ရှန်းရှိရာ အရပ်မျက်နှာဆီသို့ ဆွဲငင်သွားသည်။ သူ သေသေချာချာ ကြည့်ရှုလိုက်တော့ စုန့်ချန်ရှန်းဘက်က လှုပ်ရှားခြင်း မရှိသော်လည်း သူမထံမှ ပေါက်ကွဲထွက်လာသော အလွန်အမင်း ပြင်းထန်လှသည့် ဓားချီစွမ်းအင်များက သူ့လက်ထဲက ဓားကို အဝေးမှ ဆွဲငင်နေခြင်း ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
ဤအခိုက်အတန့်၌ ယန်တုဟိုင်သည် သူ့နှင့် စုန့်ချန်ရှန်းကြားရှိ ကြီးမားကျယ်ပြန့်လှသော ကွာဟချက်ကြီးကို ခံစားလိုက်ရသည်။ အသက်နှစ်ကြိမ်ရှူချိန်မျှပင် သူ မတောင့်ခံနိုင်ခဲ့ဘဲ အဖိုးတန် ဓားမှာ လက်ထဲမှ လွတ်ထွက်သွားပြီး စုန့်ချန်ရှန်းဆီသို့ လျှပ်စီးတစ်ခုအလား ပစ်ဝင်သွားခဲ့သည်။
ဘုန်းးး…
ယန်တုဟိုင်၏ အဖိုးတန် ဓားမှာ စုန့်ချန်ရှန်း၏ ခြေထောက်ဘေးရှိ ကျောက်တုံးအတွင်းသို့ ထိုးစိုက်ဝင်ရောက်သွားပြီး ဓားသွားများမှ ဓားဆန္ဒများ လွင့်စင်ပျောက်ကွယ်သွားရာ အလင်းကြိုးမျှင်များ ပြန့်ကျဲသွားသကဲ့သို့ ဖြစ်နေသည်။
ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့ နှစ်ဦးစလုံး ဓား၏ ဓားချီစွမ်းအင်ကြောင့် နောက်သို့ လွင့်ထွက်သွားခဲ့ကြပြီး သူတို့နှစ်ဦးစလုံး ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားကာ ခန္ဓာကိုယ်များကို ထိန်းချုပ်လိုက်ပြီး စုန့်ချန်ရှန်းကို ကြောက်ရွံ့စွာဖြင့် ကြည့်ရှုလိုက်ကြသည်။
စုန့်ချန်ရှန်း၏ ဓားချီစွမ်းအင် အားကောင်းမှုက သူတို့ လှမ်းမီနိုင်သည့် အနေအထားမျိုး မဟုတ်ချေ။ ဤဓားချီစွမ်းအင်ကို ရင်ဆိုင်ရချိန်တွင် သူတို့သည် မိမိတို့၏ ကိုယ်ပိုင် ဓားဆန္ဒများကိုပင် တည်ငြိမ်အောင် မလုပ်နိုင်ကြချေ။ ရှန်ယွဲ့က စုန့်ချန်ရှန်း၏ ဓားချီစွမ်းအင်ကို ရင်ဆိုင်ရချိန်တွင် အတ္တကင်းမဲ့ ဓားသိုင်းကိုပင် မထိန်းသိမ်းထားနိုင်ကြောင်း တွေ့ရှိလိုက်ရပြီး ယန်တုဟိုင် ကိုယ်တိုင်ပင်လျှင် သူ့ကို ဤမျှအထိ ဖိအားများ မပေးစွမ်းနိုင်ခဲ့ပေ။