← Chapters

အခန်း ၃၅၉

Vol. 36 Ch. 359

အခန်း ၃၅၉

Vol. 36 Ch. 359

အခန်း (၃၅၉) ကျန်းကျောက်ရှား၏ အခွင့်အရေးကောင်း

​စုန့်ချန်ရှန်းက လှုပ်ရှားခြင်းမရှိဘဲ ယန်တုဟိုင်၏ လက်ထဲမှ ဓားကို လုယူလိုက်သည်ကို မြင်တွေ့လိုက်ရသောအခါ ရှန်ယွဲ့၊ ကျန်းကျောက်ရှားနှင့် လင်းလင်ကျိုးတို့ သုံးဦးစလုံး အကြီးအကျယ် မှင်တက်သွားခဲ့ကြသည်။

​ယန်တုဟိုင်၏ အစွမ်းအစများကို သူတို့ မြင်တွေ့ခဲ့ရပြီးပြီ။ ၎င်းမှာ ကမ္ဘာမြေပေါ်ရှိ နတ်ဘုရားတစ်ပါးနှင့်ပင် တူနေခဲ့သည်။

​သို့သော် စုန့်ချန်ရှန်းကို ရင်ဆိုင်ရချိန်တွင် ဤမျှအစွမ်းထက်သော တည်ရှိမှုတစ်ခုကပင် ကြီးမားလှသော ကွာဟချက်ကို ပြသနေခဲ့သည်မဟုတ်ပါလား။

​ယန်တုဟိုင်က အထက်ကောင်းကင်ယံ၌ လွင့်ဝဲနေပြီး မျက်နှာအမူအရာ အလွန်အမင်း ဆိုးရွားနေခဲ့သည်။ သူကိုယ်တိုင်ပင်လျှင် သူ့နှင့် စုန့်ချန်ရှန်းကြားရှိ ကွာဟချက်က ဤမျှအထိ ကြီးမားလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။

​စုန့်ချန်ရှန်းက သူမ၏ လက်ကို မြှောက်၍ အစိမ်းရောင် ကျောက်စိမ်းပေလွှာတစ်ခုကို ပစ်ပေးလိုက်ရာ ယန်တုဟိုင်၏ လက်ထဲသို့ လျင်မြန်စွာ ကျရောက်သွားခဲ့သည်။

​"ထွက်သွားတော့..."

​စုန့်ချန်ရှန်းက ပြတ်သားစွာ မောင်းထုတ်လိုက်တော့ ယန်တုဟိုင်မှာ ဒေါသကြောင့် ပေါက်ကွဲထွက်မတတ် ဖြစ်နေသော်လည်း ဤမျှအထိ မောက်မာဝင့်ကြွားလှသော စုန့်ချန်ရှန်းကို ရင်ဆိုင်ရချိန်တွင် သည်းခံရန်သာ ရွေးချယ်နိုင်တော့သည်။

​သူသည် အေးစက်စက် နှာမှုတ်လိုက်ပြီးနောက် အစိမ်းရောင် ကျောက်စိမ်းပေလွှာကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် ထွက်ခွာသွားခဲ့ရာ မိုးကုတ်စက်ဝိုင်းဆီသို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့တော့သည်။

ထိုအခါမှသာ ​ရှန်ယွဲ့၊ ကျန်းကျောက်ရှားနှင့် အခြားသူများအားလုံး သက်ပြင်းတစ်ချက် ချလိုက်နိုင်ကြသည်။

​စုန့်ချန်ရှန်းက သူတို့နှစ်ဦးကို လှည့်ကြည့်လိုက်သဖြင့် ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့ နှစ်ဦးစလုံး မှင်တက်သွားခဲ့ကြရပြီး သူမ ဤမျှအထိ နုပျိုပြီး လှပနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိကြချေ။ သို့သော် သူမသည် အလှအပကို ထိန်းသိမ်းထားနိုင်သော ပညာရပ်များ၌ ကျွမ်းကျင်သူတစ်ဦး ဖြစ်နိုင်ကြောင်း ချက်ချင်း သဘောပေါက်သွားခဲ့ကြသည်။

​ဤမျှအစွမ်းထက်လှသော ဓားချီစွမ်းအင်ကို အနှစ်တစ်ရာမျှသော အချိန်တိုအတွင်း သေချာပေါက် ရရှိနိုင်မည် မဟုတ်ချေ။

​စုန့်ချန်ရှန်းက သူတို့နှစ်ဦးကို စူးစမ်းကြည့်ရှုရင်း ချီးကျူးစကား ဆိုလိုက်သည်။

"အတ္တကင်းမဲ့ဓားသိုင်း နဲ့ ရှားပါးတဲ့ ဓားလမ်းစဉ်ရဲ့ ကြီးမြတ်တဲ့ ကံတရား... ပါရမီရှင် နှစ်ယောက်နဲ့ တစ်ပြိုင်နက်တည်း ဆုံရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... မင်းတို့နှစ်ယောက်က သိနေကြတာလား... ပြီးတော့ ဘယ်ဂိုဏ်းကလာကြတာလဲ..."

​ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရှန်ယွဲ့က အရင်ဆုံး စကားဆိုလိုက်သည်။

"ကျွန်တော်တို့က ဝေးကွာတဲ့ နေရာက ဂိုဏ်းငယ်လေးတစ်ခုက လာခဲ့တာပါ... ကျင့်ကြံရေးလောကရဲ့ ပြဿနာတွေထဲမှာ ဝင်ရောက်ပတ်သက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး... ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ..."

​စုန့်ချန်ရှန်းက သူတို့ကို ကယ်တင်ခဲ့သည်မှာ မှန်သော်လည်း ချင်းရှောင်ဂိုဏ်း၏ တည်ရှိမှုကို သူတို့ လွယ်လွယ်နှင့် ထုတ်ဖော်ပြောဆို၍ မရနိုင်ချေ။ ၎င်းက ဂိုဏ်းအတွက် ပြဿနာများ ဖြစ်ပေါ်စေနိုင်သောကြောင့် ဖြစ်သည်။

​စုန့်ချန်ရှန်းက သူတို့၏ သတိထားနေမှုကို ခံစားမိပြီး တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။

"ငါက ကောင်းကင်ဓားဂိုဏ်းက လာတာ... ငါတို့ဂိုဏ်းက ဓားကျင့်ကြံသူတွေအတွက် သီးသန့်တည်ရှိတဲ့ ဂိုဏ်းတစ်ခုပဲ... ငါတို့က လောကီရေးရာတွေကို ဂရုမစိုက်ဘဲ ဓားလမ်းစဉ်တစ်ခုတည်းကိုပဲ အပြည့်အဝ အာရုံစိုက်ထားကြတယ်... မင်းတို့ ဝင်ချင်လား..."

​ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့က ကိုးပြည်ထောင်နယ်မြေမှ ထွက်ခွာလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး ကောင်းကင်ဓားဂိုဏ်းအကြောင်းကို တစ်ခါမျှ မကြားဖူးခဲ့ကြချေ။ သို့သော် စုန့်ချန်ရှန်း၏ ခွန်အားများကို ကြည့်ခြင်းအားဖြင့် ကောင်းကင်ဓားဂိုဏ်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသော အင်အားစုတစ်ခု ဖြစ်ရမည်မှာ သေချာလှပေသည်။

​ဝမ့်ယင်းဂိုဏ်း၏ ဂိုဏ်းချုပ်ကိုပင် စုန့်ချန်ရှန်းက အလွယ်တကူ ကိုင်တွယ်နိုင်ခဲ့သည်ဖြစ်ရာ ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဆိုလျှင် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်းဟု စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။

​"စီနီယာ... ကျွန်တော်တို့မှာ ဂိုဏ်းရှိပြီးသားမို့ ကောင်းကင်ဓားဂိုဏ်းကို ဝင်လို့မရတော့ပါဘူး... စီနီယာရဲ့ ကျေးဇူးတရားကိုတော့ ကျွန်တော်တို့ အမြဲတမ်း မှတ်သားထားမှာပါ... ကောင်းကင်ဓားဂိုဏ်းကို အခုချက်ချင်း ကျေးဇူးမဆပ်နိုင်သေးပေမဲ့ နောင်အနာဂတ်မှာ ကောင်းကင်ဓားဂိုဏ်းက ပြဿနာတစ်စုံတစ်ရာနဲ့ ကြုံလာရရင် ကျွန်တော် သေချာပေါက် ရေစုန်ရေဆန် လိုက်ပြီး ကူညီပေးပါ့မယ်..." ဟု ကျန်းကျောက်ရှားက စုန့်ချန်ရှန်းကို ရိုးသားစွာဖြင့် စကားဆိုလိုက်သည်။

​ရှန်ယွဲ့ကလည်း ခေါင်းညိတ်ပြပြီး …

"မှန်ပါတယ်... ဒါက ကျွန်တော့်ရဲ့ သဘောထားပါပဲ..."

​စုန့်ချန်ရှန်းက ပြုံးလိုက်ပြီး…

"ငါ့ကို ငြင်းဆန်ရဲတဲ့လူ သိပ်မရှိဘူးနော်..."

​ဤစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လေထုမှာ ချက်ချင်းပင် အေးခဲသွားခဲ့သည်။

​ကျန်းကျောက်ရှားကတော့ စုန့်ချန်ရှန်းကို တည်ငြိမ်စွာ ကြည့်ရှုရင်း သေဆုံးရန်အတွက် ပြင်ဆင်လိုက်သည်။

​ရှန်ယွဲ့သည်လည်း ထိုနည်းတူပင် တည်ငြိမ်နေခဲ့သည်။ ချင်းရှောင်ဂိုဏ်းကို သူ သစ္စာမဖောက်နိုင်ပေ။

​"ကောင်းကင်ဓားဂိုဏ်းက ဘယ်တော့မှ ပြဿနာ မကြုံရဘူး... ငါ ရှိနေသရွေ့ ကောင်းကင်ဓားဂိုဏ်းက ပြင်ပလူတွေရဲ့ အကူအညီကို မလိုအပ်ပါဘူး... မင်းတို့ မလိုလားဘူးဆိုရင်လည်း ထားလိုက်ပါတော့... မင်းတို့ရဲ့ နာမည်တွေကို ပြောခဲ့ပါ... မင်းတို့က လောကအနှံ့ နာမည်ကျော်ကြားလာလိမ့်မယ်လို့ ငါ ယုံကြည်တယ်..."

​စုန့်ချန်ရှန်းက ပြုံးလိုက်သော်လည်း သူမ၏ အပြုံးမှာ အတန်ငယ် အေးစက်နေပြီး ယခင်ကလို နူးညံ့သိမ်မွေ့မှုများ မရှိတော့သဖြင့် သူမ၏ ထက်မြက်မှုကို သူတို့နှစ်ဦးစလုံး ခံစားလိုက်ရသည်။

​ကျန်းကျောက်ရှားနှင့် ရှန်ယွဲ့တို့က သူတို့၏ အမည်များကို ချက်ချင်းပင် ပြောပြလိုက်ကြသည်။

​ထို့နောက် စုန့်ချန်ရှန်းလည်း ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မိုးကုတ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားခဲ့တော့သည်။

​ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ လင်းလင်ကျိုးနှင့် အခြားသူများ သက်ပြင်းတစ်ချက် ချလိုက်နိုင်ကြပြီး သူတို့သည် ကျောက်တောင်စွန်းပေါ်မှ အလျင်အမြန် ဆင်းလာပြီး ရှန်ယွဲ့နှင့် အခြားသူများထံသို့ ပြေးသွားကြသည်။

​ကျန်းကျောက်ရှားက မျက်မှောင်ကြုံ့လိုက်ပြီး …

"သူက ဓားကိုတောင် မယူသွားဘူးလား..."

​ယန်တုဟိုင်၏ အဖိုးတန် ဓားမှာ မြေကြီးထဲ၌ စိုက်ဝင်နေဆဲပင်။ ကောင်းကင်ယံမှ မိုးကြိုးတိမ်တိုက်များ ကွဲကွာသွားပြီး နေရောင်ခြည်က ကျဆင်းလာကာ ဓားသွားပေါ်သို့ ရောင်ပြန်ဟပ်နေသဖြင့် ဓားအလင်းတန်းများ အဆက်မပြတ် တောက်ပနေစေသည်။

​ "သိသာနေတာပဲကွာ... မင်းနဲ့ ငါ့အတွက် ချန်ထားခဲ့တာပေါ့... ငါတို့ကို သိမ်းသွင်းလို့ မရတော့ ပိုပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်လိုက်တာပေါ့... မင်းနဲ့ ငါက သူနဲ့ ကောင်းကင်ဓားဂိုဏ်းအပေါ် အကြွေးကြီးတစ်ခု တင်သွားပြီ..."

​"ကျုပ်တို့ အနှေးနဲ့အမြန် ပြန်ဆပ်နိုင်မှာပါ... ခင်ဗျားနဲ့ကျုပ် ပိုပြီးတော့ သန်မာလာတဲ့ အချိန်ကျရင် ကောင်းကင်ဓားဂိုဏ်းမှာ ပြဿနာ မရှိရင်တောင် ကျုပ်တို့ရဲ့ ကိုယ်ပိုင် ဖန်တီးမှုတွေကို ပံ့ပိုးပေးလို့ ရတာပဲ..." ဟု ကျန်းကျောက်ရှားက ပေါ့ပေါ့ပါးပါးပင် စကားဆိုလိုက်၏။ သူသည် ချီတုံချတုံ ဖြစ်တတ်သော လူစားမျိုး မဟုတ်ချေ။

​ထို့အပြင် မည်မျှပင် ကြီးမားသော ကျေးဇူးတရား ဖြစ်ပါစေ သူ့ နှလုံးသားထဲရှိ စီနီယာအစ်ကိုကြီး၏ နေရာကို မည်သည့်အရာကမျှ အစားထိုးနိုင်မည် မဟုတ်ချေ။ ကျေးဇူးကန်းသူဟု အခေါ်ခံရလျှင်ပင် စိတ်ဆန္ဒများ ယိမ်းယိုင်သွားလိမ့်မည် မဟုတ်ပေ။

​ရှန်ယွဲ့က ခေါင်းယမ်းပြလိုက်ပြီး…

"မင်းပဲ ဒီဓားကို ယူလိုက်တော့... ငါက ဓားမလိုအပ်ဘူး..."

​" သေချာလို့လား... ဒီဓားက သာမန် မဟုတ်ဘူးနော်..."

​"ကောင်းကင်နဲ့မြေကြီးထဲက အရာအားလုံးက ငါ့ရဲ့ ဓားတွေချည်းပဲ..."

​"ဒီလောက်တောင် မောက်မာတာလား... ပြန်ရောက်ရင် သိုင်းပြိုင်ကြရအောင်... ကျုပ်ပြောပြမယ်... ခင်ဗျား တစ်ယောက်တည်း အခွင့်အရေးတွေ ရခဲ့တာ မဟုတ်ဘူး... ကျုပ်လည်း ဒီခရီးစဉ်မှာ အများကြီး ရခဲ့တယ်..."

ကျန်းကျောက်ရှားက မျက်ခုံးကို ပင့်လိုက်ရင်း ရန်စသော လေသံဖြင့် စကားဆိုလိုက်သည်။

​ရှန်ယွဲ့ သူ့ကို သံသယ မဝင်ခဲ့ချေ။ အကြောင်းမူကား စုန့်ချန်ရှန်းနှင့် ယန်တုဟိုင်တို့က သူတို့နှစ်ဦးစလုံးကို တူညီသော အဆင့်အတန်း၌ ထားရှိခဲ့ကြသဖြင့် ကျန်းကျောက်ရှားကလည်း သူ့ထက် နိမ့်ကျနေတော့မည် မဟုတ်ကြောင်း ထင်ရှားလှပေသည်။ ယခင် တိုက်ပွဲကို ကြည့်ခြင်းအားဖြင့် ကျန်းကျောက်ရှား၏ ဓားချီစွမ်းအင်မှာ အမှန်တကယ်ပင် ပို၍ အစွမ်းထက်လာခဲ့ကြောင်း သိသာသော်လည်း အတ္တကင်းမဲ့ ဓားသိုင်းနှင့် ယှဉ်ပြိုင်နိုင်မည့် သိုင်းကွက်များကို မမြင်တွေ့ရသေးချေ။ ကျန်းကျောက်ရှား တစ်စုံတစ်ခုကို ဖုံးကွယ်ထားဆဲ ဖြစ်မည်ဟု သံသယဝင်မိသည်။

​"မင်း သဘောပါပဲ..."

​ရှန်ယွဲ့ကလည်း မည်သည့် စိန်ခေါ်မှုကိုမျှ ငြင်းပယ်လေ့ မရှိချေ။ စကားပြောဆိုပြီးနောက် လှည့်ကြည့်လိုက်တော့ ယင်ကျင်းရှင်းသက နှစ်ပေခန့် မြင့်သော ကျောက်တုံးကြီးပေါ်မှ ခုန်ဆင်းရန် ပြင်နေသည်ကို မြင်တွေ့လိုက်ရသည်။ထိုအခါ ရှန်ယွဲ့၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး အထိတ်တလန့်ဖြင့် အလျင်အမြန် ပြေးသွားကာ ရပ်တန့်ရန် အော်ဟစ်လိုက်သည်။

​ကျန်းကျောက်ရှားလည်း ခေါင်းကို လှည့်၍ ကြည့်လိုက်ရာ သူ့အကြည့်က ယင်ကျင်းရှင်းထံသို့ ကျရောက်သွားသည်။

​ဒီကလေးက စီနီယာအစ်ကိုကြီး ရှာနေတဲ့ တပည့်လေးလား..​ထူးခြားတဲ့ပုံလည်း မပေါ်ပါဘူး…

​ဤအတွေး ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျန်းကျောက်ရှား ချက်ချင်းပင် ဖယ်ရှားပစ်လိုက်သည်။ သူ နောက်ထပ် အရှက်ခွဲမခံလိုတော့ပေ။ စီနီယာအစ်ကိုကြီး၏ မျက်စိက မှားယွင်းနိုင်စရာ အကြောင်းမရှိပေ။

​နောက်ထပ် အနှစ်သုံးဆယ် ကြာပြီးတဲ့ အခါကျရင် ဒီကောင်လေးက ငါ့ကို ကျော်တက်သွားနိုင်တယ်။

​ဤအတွေးဖြင့် ကျန်းကျောက်ရှား ယင်ကျင်းရှင်းကို ကြည့်ရှုသော အကြည့်များ ပြောင်းလဲသွားခဲ့ချေပြီ။

​ယန်တုဟိုင်၏ တိုက်ခိုက်မှုကို ကြုံတွေ့ရပြီးနောက် သူတို့ငါးဦးစလုံး ရှေ့ခရီးလမ်းတွင် ကြီးမားသော အတားအဆီးများ ထပ်မံ၍ ရှိလာတော့မည် မဟုတ်ဟု ထင်မှတ်ထားခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် ယန်တုဟိုင်က စုန့်ချန်ရှန်း၏ ခြိမ်းခြောက်မှုကြောင့် ထွက်ပြေးသွားခဲ့ပြီဖြစ်ရာ ပြဿနာရှာရန် ထပ်မံ လာရောက်လိမ့်မည် မဟုတ်ချေ။

​သို့သော်လည်း အခြေအနေမှာ ထိုသို့ မဟုတ်ခဲ့ပေ။

​စုန့်ချန်ရှန်း ထွက်ခွာသွားပြီး တတိယမြောက်နေ့တွင် ဝမ့်ယင်းဂိုဏ်းမှ ကျင့်ကြံသူ အမြောက်အပြားက သူတို့ကို ဝန်းရံ တိုက်ခိုက်လာခဲ့ကြသည်။ နှစ်နာရီကြာအောင် အပြင်းအထန် တိုက်ခိုက်ခဲ့ရပြီးမှသာ ဝန်းရံမှုကို ဖောက်ထွက်နိုင်ခဲ့သည်။ ဤတိုက်ပွဲတွင် ယင်ကျင်းရှင်း ဒဏ်ရာရရှိသွားခဲ့သဖြင့် ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့ နှစ်ဦးစလုံး အလွန်အမင်း နောင်တရသွားခဲ့ကြသည်။

​ဒီဇင်ဘာလလယ်သို့ ရောက်ရှိလာမှသာ ​သူတို့ငါးဦး အဆက်မပြတ် သွယ်တန်းနေသော တောင်တန်းကြီးတစ်ခု၏ အလယ်ဗဟိုသို့ ရောက်ရှိလာခဲ့ကြ၏။

​တောင်နှစ်လုံးအကြားတွင် မြို့ငယ်လေးတစ်မြို့ တည်ရှိနေပြီး ၎င်း၏ နောက်ကျောဘက်၌ ခမ်းနားထည်ဝါလှသော တောင်ထွတ်များ မြင့်မားစွာ ရပ်တည်နေကာ ကျယ်ပြောလှသော ရှုခင်းများ ဖြန့်ကျက်လျက် ရှိနေသည်။

ကျောက်တောင်စွန်းတစ်ခုပေါ်၌ မတ်တတ်ရပ်၍ သူတို့ငါးဦးစလုံး အဝေးရှိ တောင်ပေါ်မြို့လေးကို စောင့်ကြည့်နေကြပြီး အားလုံး သတိကြီးစွာ ထားနေကြသည်။

​"ဒါက ဝမ့်ယင်းဂိုဏ်းရဲ့ နယ်မြေ ထပ်ဖြစ်နေမှာလား..." ဟု လင်းလင်ကျိုးက မျက်မှောင်ကြုံ့လျက် မေးမြန်းလိုက်သည်။

​ကျန်းကျောက်ရှား ဤနေရာကို တစ်ခါမျှ မရောက်ဖူးခဲ့သဖြင့် မမှတ်မိချေ။

"ငါတို့ အရင်ဆုံး သွားကြည့်ကြတာပေါ့... အကယ်၍ မဟုတ်ဘူးဆိုရင် တစ်ညလောက် နားပြီး မင်းတို့အတွက် စားစရာ တစ်ခုခု ရှာပေးလို့ရတယ်... အကယ်၍ ဝမ့်ယင်းဂိုဏ်းရဲ့ နယ်မြေ ဖြစ်နေခဲ့ရင်လည်း အကုန်လုံး သတ်ပစ်လိုက်ရုံပဲလေ..."

​ရှန်ယွဲ့သည် ဝိညာဉ်အသိအာရုံအဆင့် တစ်ခုလုံးကို တစ်ကိုယ်တည်း မဖိနှိပ်နိုင်သေးသော်လည်း ကျန်းကျောက်ရှားနှင့် ပူးပေါင်းလိုက်ပါက ဝမ့်ယင်းဂိုဏ်းကို ကြောက်ရွံ့စရာ မလိုတော့ချေ။

​ဝမ်ဖုန်းက …

"ဝမ့်ယင်းဂိုဏ်းနဲ့ မတူဘူး... ဝမ့်ယင်းဂိုဏ်းရဲ့ နယ်မြေဆိုရင် ကျွန်တွေ အများကြီး ရှိနေမှာ သေချာတယ်..."

​ဤစကားလုံးများက သူတို့အားလုံးကို အလင်းပြလိုက်သလို ဖြစ်သွားစေပြီး ယုတ္တိရှိကြောင်း ခံစားလိုက်ရသည်။

​"သွားကြစို့... သတိတော့ ထားကြ..."

​ရှန်ယွဲ့က ပြောလိုက်ပြီး တောင်လမ်းအတိုင်း ဆက်လက် လျှောက်လှမ်းသွားရာ အခြားသူများလည်း နောက်မှ ကပ်လျက် လိုက်ပါသွားကြသည်။

​ကျန်းကျောက်ရှားကတော့ နောက်ဆုံးမှ လိုက်ပါလာခဲ့သည်။ဤသည်မှာ ရှန်ယွဲ့နှင့် အချင်းချင်း နားလည်ထားသော သဘောတူညီမှုတစ်ခု ဖြစ်ပြီး ယင်ကျင်းရှင်းကို အရှေ့နှင့် အနောက်မှ ကာကွယ်ပေးရန် ဖြစ်သည်။

​နာရီဝက် ကြာပြီးနောက်…

​သူတို့ငါးဦး မြို့တံခါးအရှေ့သို့ ရောက်ရှိလာခဲ့ကြပြီး နှစ်ဖက်စလုံး၌ ထူထပ်သော သစ်တောများ ရှိနေသည်။ သူတို့တွေ တောင်လမ်းပေါ်၌ မတ်တတ်ရပ်လျက် အထက်ရှိ မြို့တံခါးကို မော့ကြည့်ရင်း ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။

​မြို့ရိုးပေါ်၌ အစောင့်အဖြစ် တာဝန်ကျနေသော ကျင့်ကြံသူများ ရှိနေပြီး သူတို့ ရောက်ရှိလာခြင်းကို သတိပြုမိသွားကြပြီ ဖြစ်၏။

​နှစ်ဖက်စလုံး အချင်းချင်း စိုက်ကြည့်နေကြပြီး လေထုမှာ ဆန်းကြယ်လျက် ရှိနေကာ အတန်ကြာ တိတ်ဆိတ်သွားခဲ့သည်။

​ကျန်းကျောက်ရှား စကားပြောရန် ပြင်လိုက်စဉ် မြို့ရိုးပေါ်ရှိ ကျင့်ကြံသူတစ်ဦးက အံ့အားသင့်စွာဖြင့် ရုတ်တရက် အော်ဟစ်လိုက်သည်။

" စီနီယာရှန်ယွဲ့များလား..."

​ဤစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူတို့ငါးဦးစလုံး မှင်တက်သွားခဲ့ကြပြီး တစ်ဖက်လူက ရှန်ယွဲ့၏ အမည်ကို ခေါ်ဆိုနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။

​ရှန်ယွဲ့က…

"ခင်ဗျား ကျွန်တော့်ကို ဘာဖြစ်လို့ မှတ်မိနေရတာလဲ..."

​"စီနီယာရှန်ယွဲ့... ဘယ်လို နောက်ပြောင်နေတာလဲ... ကျွန်တော်တို့က တစ်ဂိုဏ်းတည်းသားတွေလေ..." ဟု ကျင့်ကြံသူက စိတ်လှုပ်ရှားစွာဖြင့် စကားဆိုလိုက်သည်။ ထို့နောက် အောက်သို့ ခုန်ဆင်းရန် ပြင်လိုက်သော်လည်း သူ့ဘေးရှိ လူငယ်ကျင့်ကြံသူတစ်ဦးက တားဆီးလိုက်သည်။

​"စိတ်မလောနဲ့ဦး... ခန်းမသခင်ကျူးရဲ့ ညွှန်ကြားချက်ကို အရင် စောင့်လိုက်ဦး..."

​ထိုစကားကို ကြားရသောအခါ ရှန်ယွဲ့ကို မှတ်မိသော ကျင့်ကြံသူမှာ တည်ငြိမ်သွားပြီး အလျင်အမြန် ခေါင်းညိတ်ပြကာ ရှန်ယွဲ့ကို ကြည်ညိုလေးစားစွာဖြင့် ကြည့်ရှုနေတော့သည်။

​လူငယ်ကျင့်ကြံသူက အထက်လူကြီးများထံသို့ သတင်းပို့ပြီးပြီဖြစ်ရာ သူတို့ငါးဦးကို စပ်စုလိုစိတ်ဖြင့် စောင့်ကြည့်နေခဲ့ကြသည်။

​သူသည် ရှန်ယွဲ့ကို တစ်ခါမျှ မတွေ့ဖူးခဲ့သော်လည်း ကြီးမြတ်လှသော ဂုဏ်သတင်းကို ကြားဖူးထားသည်။

​"တစ်ဂိုဏ်းတည်းသားတွေ ဟုတ်လား... သူတို့က မင်းရဲ့ အရင်ဂိုဏ်းက လူတွေလား... ဒါမှမဟုတ် ချင်းရှောင်ဂိုဏ်းကများလား..." ဟု ကျန်းကျောက်ရှားက ရှန်ယွဲ့ကို ကြည့်ကာ မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

​ချင်းရှောင်ဂိုဏ်း…

​လင်းလင်ကျိုး ဤအမည်ကို ကြားလိုက်ရသောအခါ မှင်တက်သွားခဲ့ပြီး အကြားအာရုံ မှားယွင်းသွားသည်ဟုပင် ထင်မှတ်လိုက်မိသည်။

​ရှန်ယွဲ့က….

"ငါ့ရဲ့ အရင်ဂိုဏ်းကလူတွေ သေကုန်တာ ကြာလှပြီ..."

​သူသည်လည်း မိမိဘာသာ တီးတိုး ရေရွတ်နေခဲ့သည်။ ချင်းရှောင်ဂိုဏ်းက တပည့်တွေက ဘယ်လိုလုပ်ပြီး သည်နေရာကို ရောက်နေရတာလဲ…

​ချင်းရှောင်ဂိုဏ်းက ဒီအထိတောင် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီလား။

​မဖြစ်နိုင်ဘူး... ဒီနေရာက အနောက်ဘက် တားမြစ်နယ်မြေနဲ့ အများကြီး ကွာဝေးသေးတယ်... ကိုးပြည်ထောင်နယ်မြေ ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး…

​မကြာမီမှာပင် မြို့ရိုးပေါ်၌ ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ထိုလူကို မြင်တွေ့လိုက်ရသောအခါ ကျန်းကျောက်ရှားနှင့် ရှန်ယွဲ့တို့ နှစ်ဦးစလုံး မျက်ခုံးပင့်လိုက်မိကြသည်။

​ထိုလူမှာ အခြားသူမဟုတ်ဘဲ ချင်းရှောင်ဂိုဏ်း၏ ပထမဆုံးအကြိမ် ဓမ္မညီလာခံမှ ထိပ်ဆုံး တပည့်ဆယ်ဦးအနက် တစ်ဦးဖြစ်သော ကျူးရွှင်ယန် ဖြစ်နေသည်။

​ကျူးရွှင်ယန်က ရှန်ယွဲ့ ရှိနေရုံတင်မက ကျန်းကျောက်ရှားပါ ရှိနေသည်ကို မြင်တွေ့လိုက်ရသောအခါ ဂိုဏ်းအတွင်း၌ သူ ကြားသိခဲ့ဖူးသော ကောလာဟလများကို ပြန်လည်တွေးတောမိသွားပြီး မျက်ဝန်းများ ချက်ချင်းပင် တောက်ပလာခဲ့သည်။

​"အကြီးအကဲကျန်း... အကြီးအကဲရှန်... မြန်မြန် ဝင်လာခဲ့ကြပါ..."

​ကျူးရွှင်ယန်က လက်ကို ဝှေ့ယမ်းရင်း ပြောဆိုလိုက်ပြီး မြို့တံခါးကို ကိုယ်တိုင် လာရောက် ဖွင့်ပေးခဲ့သည်။

​သူ့ကို မြင်တွေ့ပြီးနောက် ကျန်းကျောက်ရှားနှင့် ရှန်ယွဲ့တို့ ဤမြို့မှာ ချင်းရှောင်ဂိုဏ်း၏ မြို့ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြပြီ ဖြစ်သည်။ သူတို့နှစ်ဦး အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြရာ တစ်ယောက်မျက်ဝန်းထဲမှ အံ့အားသင့်မှုများကို တစ်ယောက် မြင်တွေ့လိုက်ကြရသည်။

​ကျန်းကျောက်ရှား အနောက်ဘက်သို့ ခရီးနှင်လာခဲ့သည်မှာ တစ်လျှောက်လုံး ဖြစ်ပြီး နောက်သို့ လုံးဝ လှည့်မကြည့်ခဲ့သဖြင့် ချင်းရှောင်ဂိုဏ်းနှင့် ဝမ့်ယင်းဂိုဏ်းတို့ အနောက်ဘက် တားမြစ်နယ်မြေ အနီးတစ်ဝိုက်၌ စစ်ပွဲဆင်နွှဲနေကြောင်းကို မသိရှိခဲ့ချေ။

​ရှန်ယွဲ့ကလည်း ချင်းရှောင်ဂိုဏ်းနှင့် ဝမ့်ယင်းဂိုဏ်းတို့ စစ်ပွဲဖြစ်ပွားနေကြောင်းကို သိရှိထားသော်လည်း ချင်းရှောင်ဂိုဏ်းမှာ ခံစစ်အနေအထား၌သာ ရှိနေမည်ဟု မသိစိတ်မှ ယူဆထားခဲ့သဖြင့် ချင်းရှောင်ဂိုဏ်း ဤနေရာအထိ နယ်မြေချဲ့ထွင်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။

​ဒါက အရမ်းကို အံ့ဩစရာ ကောင်းလွန်းတယ်…​ဘယ်နှစ်နှစ်တောင် ရှိသွားပြီလဲ…

​ရှန်ယွဲ့၏ နှလုံးသားအတွင်း၌ အန္တရာယ်ရှိသော ခံစားချက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ပြင်ပတွင် လေ့ကျင့်နေရခြင်းမှာ ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ထက် ပို၍ မြန်ဆန်မည် မဟုတ်ကြောင်း ခံစားလိုက်ရသည်။

​"သွားကြစို့... ဝင်ကြမယ်..."

​ရှန်ယွဲ့က ပြောလိုက်ပြီး မြို့တံခါးဆီသို့ အရင်ဆုံး လှမ်းလျှောက်သွားရာ အခြားသူများလည်း နောက်မှ ကပ်လျက် လိုက်ပါသွားကြ၏။

​လင်းလင်ကျိုးမှာ ဝေခွဲမရ ဖြစ်နေခဲ့သည်။

ဒီဂိုဏ်းကလည်း ချင်းရှောင်ဂိုဏ်းလို့ ခေါ်တာလား..​အသံထွက် တူတာလား... ဒါမှမဟုတ် နာမည် တူတာလား…

​ဝမ်ဖုန်းကတော့ ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့၏ နောက်ကွယ်ရှိ ဂိုဏ်းအပေါ်၌ စပ်စုလိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။

​ယင်ကျင်းရှင်းကတော့ စိုးရိမ်ပူပန်နေသည်။သည်အတောအတွင်း သူ မည်မျှပင် ကျင့်ကြံပါစေ မူလချီစွမ်းအင်များကို ထုတ်လုပ်နိုင်ခြင်း မရှိခဲ့ချေ။ သူ တစ်ခါမျှ မတွေ့ဖူးသေးသော ဆရာသခင်ကို စိတ်ပျက်သွားစေမည်ကို စိုးရိမ်နေမိသည်။

​ကျူးရွှင်ယန်သည် မြို့တံခါးဝသို့ ရောက်ရှိလာပြီး သူတို့ကို ကြိုဆိုသဖြင့် ချင်းရှောင်ဂိုဏ်းမှ တပည့်အနည်းငယ်ကလည်း သူ့နောက်မှ လိုက်ပါလာကြသည်။

​မြို့တွင်းသို့ ဝင်ရောက်ပြီးနောက် ကျန်းကျောက်ရှားက မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

"ဒီမြို့ကို ချင်းရှောင်ဂိုဏ်းက တည်ဆောက်ခဲ့တာလား..."

​ကျူးရွှင်ယန်က …

"ဒါပေါ့... ကျွန်တော်တို့က ပြင်ပမှာ သည်လိုမျိုး ခံစစ်စခန်းပေါင်း တစ်ရာကျော်ကို တည်ဆောက်ပြီးပြီလေ... မြို့ထဲမှာ နေရာရွှေ့ပြောင်းရေးအစီရင်တွေ ရှိတာမို့ စစ်ကူတွေကို အချိန်မရွေး ခေါ်ယူနိုင်သလို အကြီးအကဲတို့ ပြန်ချင်တယ်ဆိုရင်လည်း အရမ်းကို အဆင်ပြေပါတယ်..."

​ရှန်ယွဲ့က….

"ဂိုဏ်းနဲ့ ဝမ့်ယင်းဂိုဏ်းကြားက စစ်ပွဲ အခြေအနေ ဘယ်လိုနေလဲ..."

​ထိုအကြောင်းကို ပြောလိုက်သောအခါ ကျူးရွှင်ယန်နှင့် ချင်းရှောင်ဂိုဏ်းမှ တပည့်များအားလုံး စိတ်လှုပ်ရှားလာကြသည်။

​"ကျွန်တော်တို့ နိုင်တယ်... အပြတ်အသတ် နိုင်ခဲ့တာ... ဂိုဏ်းချုပ်က ဘယ်ကလာမှန်း မသိတဲ့ မဟာကျွမ်းကျင်သူကြီး တစ်ယောက်ကို ဖိတ်ခေါ်လာခဲ့တာ... အဲ့လူက တစ်ယောက်တည်းနဲ့ ဝမ့်ယင်းဂိုဏ်းက ကျင့်ကြံသူ သောင်းချီကို သတ်ဖြတ်ပြီး အဆုံးအဖြတ် ပေးလိုက်တာလေ... အခု ဝမ့်ယင်းဂိုဏ်းက ကျွန်တော်တို့ကို လာပြီး ရန်စဖို့တောင် မရဲတော့ဘူး..."

ကျူးရွှင်ယန်က စိတ်လှုပ်ရှားစွာဖြင့် စကားဆိုလိုက်ရာ သူ၏ မျက်နှာပေါ်တွင် ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။

​သူကိုယ်တိုင်လည်း ထိုတိုက်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ဖူးသဖြင့် ဓားမိစ္ဆာ၏ စွမ်းအားများကို ဘယ်သောအခါမှ မေ့ဖျောက်နိုင်မည် မဟုတ်ပေ။

All Chapters