← Chapters

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း (၁၅၅) မျက်စိပဒေသာ... ကံကောင်းခြင်းငါး ဆောင်ကြဉ်းပေးသော ကံကောင်းမှုသည် ဈေးပေါပေါဖြင့် ဝယ်နိုင်ရုံမျှသာ မဟုတ်ပါ…

"ငါ့ဆွယ်တာအင်္ကျီကို ငါ့ဘာသာ ချွတ်လိုက်တာလား..."

"ဟုတ်တယ်..."

"ရှင် တကယ်ပဲ မမြင်လိုက်ဘူးလား..."

"ဟုတ်တယ်..."

လီလန်က မျက်တောင်တစ်ချက် မခတ်ဘဲ ပြန်ဖြေလိုက်၏။

"ငါ မယုံဘူး..."

"ခင်ဗျား မယုံရင်လည်း ကျွန်တော် မတတ်နိုင်ဘူးလေ..."

လီလန်က ပခုံးတွန့်ကာ ပြောလိုက်သည်။

"သေချ စဉ်းစားကြည့်ပါဦး... ကျွန်တော်သာ ခင်ဗျားကို တစ်ခုခု လုပ်ချင်ခဲ့ရင် ခင်ဗျားရဲ့ဘောင်းဘီက ဘယ်လိုလုပ် အကောင်းတိုင်း ရှိနေပါ့မလဲ..."

လီလန်က သက်ပြင်းချလိုက်၏။

ယမန်နေ့ညကတည်းက ဤအခြေအနေမျိုး ဖြစ်လာမည်ကို သူ ကြိုတင်ခန့်မှန်းထားပြီး ဖြစ်သည်။

"တကယ်လား..."

လုအန်းနာ၏ လှပသော မျက်လုံးလေးများမှာ ဟိုဟိုဒီဒီ ဝေ့ဝဲသွားလေသည်။

"တကယ်ပေါ့... ရွှေထက်တောင် စစ်သေးတယ်..."

"ခင်ဗျား မယုံရင် ကျွန်တော့် ဒုတိယညီမကို ခေါ်လိုက်မယ်... မနေ့က ခင်ဗျားကို စောင်ခြုံပေးခဲ့တာ သူပဲ..."

လီလန်သည် အခန်းအပြင်ဘက်သို့ အသံကုန်ဟစ်၍ အော်ခေါ်လိုက်လေသည်။

ခဏအကြာတွင် ဒုတိယညီမဖြစ်သူ လီထျန်းသည် ဆန်ပြုတ်ဖြူဖြူ တစ်ပန်းကန်နှင့် ပန်းကန်ပြားငယ်တစ်ခုကို ကိုင်ဆောင်၍ ရောက်လာလေ၏။

ပန်းကန်ပြားငယ်ထဲတွင်မူ ချဉ်ဖတ်များနှင့် အခွံနွှာထားသော ကြက်ဥပြုတ်တစ်လုံး ပါရှိသည်။

"ဆရာမလု... နိုးပြီလား... မနက်စာရပြီနော်... ပူတုန်းလေး စားလိုက်ပါဦး..."

လီထျန်းသည် တောက်ပသော အပြုံးလေးဖြင့် လုအန်းနာထံသို့ မနက်စာ သွားပေးလိုက်သည်။

သို့သော်လည်း လုအန်းနာသည် ထိုကောင်မလေးကို ဘေးသို့ဆွဲခေါ်သွားပြီး တိုးတိုးလေး မေးလိုက်၏။

"သမီးလေး... မနေ့ညက ဆရာမကို စောင်ခြုံပေးခဲ့တာ သမီးလား..."

"ဟုတ်..."

လီထျန်းက ကြက်ကလေး ဆန်စေ့ကောက်သကဲ့သို့

ခေါင်းညိတ်ပြလိုက်သည်။

"ဆရာမလုက ကိုယ်လုံးလည်း လှသလို အသားကလည်း ဖြူနေတာပဲနော်... သမီး အရမ်းအားကျလိုက်တာ..."

ကောင်မလေး၏ ရိုးသားလှသော မျက်လုံးလေးများကို မြင်လိုက်ရမှသာ လုအန်းနာသည် သက်ပြင်းချနိုင်သွားပြီး သူမ၏ သံသယများလည်း ပျောက်ကွယ်သွားတော့သည်။

ကလေးများဆိုသည်မှာ အပြစ်ကင်းစင်ပြီး ရိုးသားကြပေသည်။ သူတို့သည် ပွင့်ပွင့်လင်းလင်း ပြောတတ်ကြပြီး လိမ်ညာလေ့ မရှိကြပေ။

လုအန်းနာသည် လီထျန်း၏ စရိုက်ကို ကောင်းကောင်းသိပေသည်။ သူတို့ သိကျွမ်းလာခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ထိုကလေးမလေးမှာ လိမ္မာရေးခြားရှိပြီး ဝေးလံခေါင်သီသော တောင်ပေါ်ရွာများမှ ကလေးများတွင် တွေ့ရလေ့ရှိသည့် အကျင့်ဆိုးများ လုံးဝမရှိပေ။

ဤသည်မှာ လီလန်၏ မိသားစုတွင် ကောင်းမွန်သော ပြုစုပျိုးထောင်မှုရှိကြောင်း ပြသနေလေသည်။

မိဘကောင်းများနှင့် ကောင်းမွန်သော ပြုစုပျိုးထောင်မှုတို့သည် ကလေးငယ်များအတွက် မှန်ကန်သော တန်ဖိုးထားမှုများနှင့် ကောင်းမွန်သော စရိုက်လက္ခဏာများ ဖွံ့ဖြိုးလာစေရန် အလွန်ပင် အရေးကြီးလှသည်။

"ဆရာမ မစားသေးဘူး... ကုလားထိုင်ပေါ်မှာပဲ တင်ထားလိုက်ပါ..."

လုအန်းနာသည် သူမ၏အသံကို ထပ်မံနှိမ့်လိုက်ပြီး မေးလိုက်၏။

"မနေ့ညက ဘာမှမဖြစ်ခဲ့ဘူးမလား..."

ထိုစကားကို ကြားလိုက်ရသည့်အခါ ကောင်မလေးသည် ဆရာမလုကို သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏အစ်ကိုဖြစ်သူ လီလန်ကိုပါ ခိုးကြည့်လိုက်လေသည်။

လီလန်က သူမအား ခေါင်းညိတ်ပြလိုက်၏။

ကောင်မလေးသည် အလျင်အမြန်ပင် ပြန်ဖြေလိုက်လေသည်။

"ဘာမှမဖြစ်ခဲ့ပါဘူး... ဆရာမလုက အရက်မူးသွားရုံတင်ပါ... ပုံမှန်နဲ့ လုံးဝကို ကွဲပြားသွားတာပဲ... အရင်ကလို ကျက်သရေရှိပြီး နူးညံ့သိမ်မွေ့တာတွေ အကုန်ပျောက်သွားပြီး အရမ်းကို ကြမ်းတမ်းနေခဲ့တာ..."

လုအန်းနာ…

"ငါ... ငါ တကယ်ပဲ အဲ့လိုလုပ်ခဲ့တာလား..."

လုအန်းနာက သူမ၏ မျက်နှာကို ဖုံးအုပ်လိုက်လေသည်။

ဤသည်မှာ အလွန်ပင် ရှက်စရာကောင်းလှသည်။

ဤသည်မှာ အရက်မူးပြီး ရမ်းကားခြင်းပင် ဖြစ်တော့သည်။

*ငါ မူးနေချိန်မှာ ဘယ်လိုလုပ်ပြီး ခုလို လုပ်နိုင်ရတာလဲ…*

"ဆရာမလု... စိတ်မပူပါနဲ့... အရက်အလွန်အကျွံ သောက်ပြီးရင် အခုလို လွတ်လွတ်လပ်လပ် နေလိုက်တာက ကောင်းပါတယ်…”

လီလန်သည် ပြုံးလျက် ပြောလိုက်၏။

လုအန်းနာ…

*အစ်ကိုလီ... ကျေးဇူးပြုပြီး ဆက်မပြောပါနဲ့တော့... ပိုပြီး ရှက်စရာကောင်းအောင် လုပ်နေသလိုပဲ…*

လုအန်းနာသည် မျက်နှာများ နီရဲလာပြီး ရှက်ရွံ့သွားလေသည်။ သူမသည် လီထျန်းကို ဘေးသို့ ဆွဲခေါ်သွားလိုက်၏။

"ဆရာမ အင်္ကျီဝတ်စရာရှိလို့ အစ်ကို့ကို အပြင်ထွက်ပေးပါလို့ သွားပြောလိုက်ဦးနော်..."

"ဟုတ်ကဲ့..."

ကောင်မလေးက လိမ္မာစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဆရာမလု.. သမီးရဲ့အစ်ကိုက တကယ်တော့ အရမ်းသဘောကောင်းတာပါ... မနေ့က ဆရာမ အအေးမိသွားမှာစိုးရိမ်လို့ သူက သမီးကို စောင့်ကြည့်ခိုင်းထားတာ..."

"မနေ့ညက သမီးက ဆရာမနဲ့ အတူအိပ်ချင်တာ... ဒါပေမဲ့ အစ်ကိုက ကန်းက သေးလွန်းတော့ သမီးက ဆရာမရဲ့စောင်ကို ဆွဲလုပြီး ဆရာမ အအေးမိသွားမှာ စိုးလို့ဆိုပြီး ဆရာမနဲ့ အတူမအိပ်ခိုင်းဘူးလေ..."

အခန်းထဲမှ မထွက်ခွာမီ ကောင်မလေးသည် ထိုစကားများကို ဖြည်းညင်းစွာ ပြောဆိုသွားလေသည်။

လီလန်သည် ဘာမှမပြောဘဲ ပြုံးရုံသာပြုံးပြီးနောက် အခန်းထဲမှ ထွက်သွားတော့သည်။

ထွက်ခွာသွားကြသော ကြီးမားသည့် ကျောပြင်တစ်ခုနှင့် သေးငယ်သည့် ကျောပြင်တစ်ခုတို့ကို ကြည့်ရင်း…

"ငါ သိပါပြီ..."

လုအန်းနာသည် တိုးတိုးလေး ရေရွတ်လိုက်ရာ သူမ၏ ရင်ထဲတွင် နွေးထွေးသော ခံစားမှုတစ်ခု စီးဆင်းသွားလေသည်။

သို့သော်လည်း လီလန်အပေါ် သူမ အထင်လွဲခဲ့ပြီး သူ့ကို လက်ညှိုးထိုးကာ လူယုတ်မာဟု ခေါ်ဆိုခဲ့မိသည်ကို သူမ ပြန်လည်သတိရသွားတော့သည်။

"ဒုက္ခပါပဲ... အစ်ကိုလီကို ငါ အထင်လွဲသွားခဲ့တာပဲ..."

"အခု ဘယ်လိုလုပ်ရမလဲ..."

"ငါ ဘယ်လိုလုပ်ပြီး အဲ့လိုလုပ်ခဲ့မိတာလဲ... အစ်ကိုလီလို လူကောင်းတစ်ယောက်ကို ငါက..."

"အိုး..."

လုအန်းနာသည် သူမ၏ ဆွယ်တာအင်္ကျီနှင့် ဂွမ်းထိုးအင်္ကျီတို့ကို အလျင်အမြန် ဝတ်ဆင်လိုက်ပြီး ကန်းပေါ်မှဆင်းကာ ဖိနပ်စီးလိုက်လေသည်။

သူမသည် မနက်စာပင် မစားတော့ဘဲ ဦးလေးလီနှင့် လီထျန်းတို့ကို နှုတ်ဆက်ကာ လီလန်တို့အိမ်မှ ထွက်ခွာသွားတော့သည်။

"ဟေ... ဆရာမလုက ဘာလို့ ဒီလောက်အလောတကြီး ထွက်သွားရတာလဲ... မနက်စာတောင် မစားရသေးဘူး..."

လီတာ့ဟိုင်သည် လုအန်းနာ ထွက်ခွာသွားသော ကျောပြင်ကိုကြည့်ရင်း ရေရွတ်လိုက်လေသည်။

"ဆရာမလုမှာ အရေးတကြီး လုပ်စရာတစ်ခုခု ရှိနေလို့ ဖြစ်မှာပါ..."

လီလန်သည် ဆန်ပြုတ်ကို တစ်ငုံသောက်လိုက်ပြီး ချဉ်ဖတ်များကို တူဖြင့်ညှပ်ယူကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

သို့သော်လည်း သူ၏ စိတ်ထဲတွင်မူ ယမန်နေ့ညက ပညာတတ်လူငယ်မလေး လုအန်းနာ သူမ၏ဆွယ်တာအင်္ကျီကို ချွတ်လိုက်စဉ်က မြင်တွေ့ခဲ့ရသော ဆွဲဆောင်မှုရှိလှသည့် နွေဦးရှုခင်းလေး၏ မြင်ကွင်းက ပြန်လည်ပေါ်လာလေသည်။

မြို့ကြီးပြကြီးမှ လာသော လှပသည့် ပညာတတ်လူငယ်မလေးမှာ အသားအရေ ဖြူဖွေးရုံသာမက ကောက်ကြောင်းအလှများနှင့် ပြည့်စုံသော ခန္ဓာကိုယ်အချိုးအစားကိုလည်း ပိုင်ဆိုင်ထားပေသည်။

"ဘာတွေစားပြီး ကြီးပြင်းလာခဲ့တာလဲ မသိဘူး... နွားနို့တွေ သောက်ထားလို့များလား..."

သေချာစဉ်းစားကြည့်မည်ဆိုလျှင် သူမနှင့် အစ်မပိုင်ကျဲ့ကြားတွင် ကွာခြားချက်တစ်ခု ရှိလေသည်။ အစ်မပိုင်ကျဲ့မှာ ကလေးမွေးထားပြီး နို့တိုက်နေဆဲဖြစ်သဖြင့် ပို၍ ရင့်ကျက်သည့်ပုံပေါက်နေပေသည်။

လုအန်းနာမှာမူ အပျိုစင်လေးဖြစ်ပြီး အရပ် (၁.၇) မီတာခန့် ရှိကာ ကိုယ်အလေးချိန်မှာ ပေါင် (၉၀) ပင် မပြည့်သော်လည်း ရင်အုပ်တောင့်တင်းလှပေသည်။

ဤသည်မှာ တကယ့်ကို အံ့ဩစရာကောင်းပြီး မျှော်လင့်မထားသော အရာပင် ဖြစ်တော့သည်။

"အဖေ... ဆရာမလုက ကျွန်တော်တို့ရွာမှာ နာမည်အရမ်းကြီးတယ်လို့ ကြားတယ်နော်..."

လီလန်က ဆန်ပြုတ်ကျဲများ ထည့်ထားသော ကြွေပန်းကန်လုံးကို ချကာ မေးလိုက်လေသည်။

"ဟုတ်တယ်... ငါတို့ရွာမှာတင် မကဘူး... အနီးအနားက ရွာတော်တော်များများမှာပါ သူ့ကို သဘောကျတဲ့ ယောက်ျားတွေ အများကြီးပဲ..."

"ဆရာမလုက အရမ်းကို နာမည်ကြီးတာ... စာသင်နေတဲ့အချိန်ဆို ဘေးရွာက ပညာတတ်လူငယ်တွေတောင် သူ့ကို လာကြည့်ကြတယ်... ဒါပေမဲ့ ဆရာမက သူတို့ကို လက်မခံပါဘူး... သမီးနဲ့ ရှောင်ရွှယ်ကိုပဲ စာသင်ပေးတာ..."

"အဲဒီလိုလား..."

လီလန်က အေးအေးလူလူပင် ပြောလိုက်၏။

“ငါ တကယ်ကို ကံကောင်းတာပဲ... အဲ့လိုမျက်စိပသာဒ မြင်ကွင်းကြီးကို ကြည့်ရှုခံစားခွင့် ရခဲ့တယ်လေ…”

“ခဏနေပါဦး…”

“မနေ့က ဆယ်မိနစ်စာ ကံကောင်းခြင်းငါး စွမ်းရည်ကို ငါ သုံးခဲ့တာလား…”

“မဖြစ်နိုင်တာ…”

"အဲ့တာကရော အကျုံးဝင်လို့လား..."

All Chapters