အခန်း ၄၄
Vol. 5 Ch. 44
အခန်း (၄၄)
ဆောက်လုပ်ရေးပိုးကောင်များသည် အကြီးအကျယ် မြှင့်တင်ရောင်းချရန်မသင့်တော်ခြင်း
ယခင်က ကျားရီနှင့် ကျားအာ့ အဖွဲ့များ၏ စွမ်းဆောင်ရည်မှာ အံ့မခန်းလှပေသည်။ ရှဝေ ကုမ္ပဏီသည် ထိုသူ များကို စည်းရုံးသိမ်းသွင်းရန် ကြိုးပမ်းခဲ့ဖူးသော်လည် ထိုသူများမှာ တုန်လှုပ်ခြင်းမရှိဘဲ မည်သည့် ကမ်းလှမ်း ချက်ကိုမျှ ဆွေးနွေးခြင်း မရှိခဲ့သဖြင့် ဘာမျှ မတတ်နိုင်ခဲ့ပေ။
ယခုအခါတွင်မူ ဝမ်ရီ ဦးဆောင်သော နောက်ထပ် အဖွဲ့တစ်ဖွဲ့ ပေါ်ထွက်လာခဲ့ပြန်ပြီ ဖြစ်၏။
"ဥက္ကဋ္ဌကောင်း... ကျွန်တော့်ကို အမှန်အတိုင်း ပြောပါဦး... အခုလို အဖွဲ့မျိုး ခင်ဗျားလက်အောက်မှာ ဘယ်နှဖွဲ့ လောက် ရှိသေးတာလဲ... ခင်ဗျားမှာ သုတေသန ပညာရှင် ဘယ်လောက် ရှိပြီး ဘာတွေကို သုတေသန လုပ်နေ ကြတာလဲ... နောက်နောင်ကျရင်တော့ ဒီအကြောင်းတွေကို ရှောင်မနေပါနဲ့တော့..."
ကောင်းယွမ်သည် စိတ်ထဲမှ ဝမ်းသာသွားသော်လည်း...၊
"ဥက္ကဋ္ဌကျိုး... ကျွန်တော့်ကို အကျပ်ရိုက်အောင် လုပ်နေပြန်ပြီ... ပညာရှင်တွေ ဘာတွေကို သုတေသန လုပ်နေ လဲဆိုတာ ကျွန်တော် ဘယ်လိုသိမှာလဲ... ကျွန်တော်က နည်းပညာအကြောင်း နားလည်တာ မဟုတ်ဘူးလေ... ဒီလူကြီးတွေက ကျွန်တော့် ဝန်ထမ်းတွေ မဟုတ်ပါဘူး... ကျွန်တော်က သူတို့ ရှေ့တန်း တင်ထားတဲ့ ပြောရေးဆို ခွင့်ရှိသူ တစ်ယောက်ပါပဲ... သူတို့ရဲ့ သုတေသန လမ်းညွှန်ချက်တွေနဲ့ စီမံကိန်း ဘယ်နှခု ရှိလဲဆိုတာကိုတော့ ကျွန်တော် တကယ် မသိပါဘူး... ရလဒ်တွေ ထွက်လာတဲ့ အချိန်ကျမှပဲ ကျွန်တော် သိရတာပါ..."
ထိုအချိန်တွင် ဝမ်တာလင်းသည် ဝမ်နန်းအုပ်စု၏ အဓိကလုပ်ငန်းကို အသွင်ကူးပြောင်းရန် လိုအပ်နေပြီ ဖြစ် ကြောင်း သတိပြုမိသွားခဲ့လေသည်။ ဆောက်လုပ်ရေးပိုးကောင်သည် ကုမ္ပဏီ၏ ကိုယ်ပိုင်အသုံး ပြုမှုအတွက် သာ မဟုတ်ပါက ပြဿနာရှိနိုင်ပေသည်။
ဆောက်လုပ်ရေးပိုးကောင်သည် တွက်ချက်မှု စွမ်းရည်များစွာ လိုအပ်သော်လည်း ယနေ့ ပြသခဲ့သည့် စွမ်းဆောင် ရည်များအရ ကောင်းယွမ်သာ ဆောက်လုပ်ရေး လောကထဲသို့ ခြေစုံပစ်ဝင်လာပါက တစ်ကမ္ဘာလုံးတွင် သူနှင့် ယှဉ်ပြိုင်နိုင်သူ ရှိတော့မည် မဟုတ်ပေ။ အားလုံးမှာ ချေမှုန်းခြင်း ခံရမည်သာ ဖြစ်ချေ၏။
ဝမ်တာလင်းသည် ကောင်းယွမ်၏ အနားသို့ လျှောက်လာခဲ့သည်။
"ဥက္ကဋ္ဌကောင်း... ကျွန်တော်တို့ စကားခဏလောက် ပြောကြမလား..."
ကောင်းယွမ်သည်လည်း ထိုသို့ပင် စိတ်ကူးထားခဲ့၏။ သူတို့နှစ်ဦးသည် ကောင်းမိသားစု၏ အိမ်ဟောင်း ခြံဝင်းသို့ ရောက်ရှိလာခဲ့ကြလေသည်။
ထိုအချိန်၌ သစ်သား အဆောက်အအုံများအနက် ကောင်းမိသားစု၏ အိမ်ဟောင်း တစ်ခုတည်းသာ ဖျက်သိမ်း ခြင်း မခံရသေးဘဲ ကျန်ရှိနေခဲ့ခြင်း ဖြစ်၏။
ကောင်းယွမ်သည် လက်ဖက်ရည် နှစ်ခွက်ကို တည်ခင်းပေးလိုက်သည်။ ထိုလက်ဖက်ရည်မှာ အနာဂတ်ကမ္ဘာမှ ဝယ်ယူလာခဲ့ခြင်းဖြစ်ပြီး စိတ်ကို ကြည်လင်လန်းဆန်းစေကာ ကော်ဖီထက် ဆယ်ဆမျှ ပို၍ အာနိသင် ပြင်းထန် ပေသည်။
ဝမ်တာလင်းသည် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်နှင့်...၊
"ဥက္ကဋ္ဌကောင်း... ဒီလက်ဖက်ရည်က..."
"ဒါက အသစ်ထွက်တဲ့ ထုတ်ကုန်ပါ... လူကို လန်းဆန်းစေဖို့ပေါ့..."
"တကယ်ကို ကောင်းတဲ့ ပစ္စည်းပဲ... ဥက္ကဋ္ဌကောင်း... ကျွန်တော် အိမ်ခြံမြေ လုပ်ငန်း လုပ်နေတာကို ခင်ဗျား သိပါတယ်... ခင်ဗျားရဲ့ ဆောက်လုပ်ရေးပိုးကောင်က တကယ့်ကို အံ့မခန်းပါပဲ... ခင်ဗျားမှာ ဘယ်လို အစီအစဉ် တွေ ရှိလဲ..."
ကောင်းယွမ်သည် ဝမ်တာလင်း မေးလိုသည်မှာ သူ အိမ်ခြံမြေ လုပ်ငန်း သို့မဟုတ် ဆောက်လုပ်ရေး လောကထဲ သို့ ဝင်ရောက်မည်လားဟု ဆိုလိုသည်ကို သိထားပြီး ဖြစ်၏။ အဆိုးဆုံး အခြေအနေမှာ ကောင်းယွမ်က အိမ်ခြံ မြေ လောကထဲသို့ ဝင်လာပြီး ဝမ်နန်းအုပ်စုနှင့် တိုက်ရိုက် ယှဉ်ပြိုင်ခြင်းပင် ဖြစ်ပေလိမ့်မည်။
ဝမ်တာလင်းသည်လည်း လုပ်ငန်းကို အသွင်ကူးပြောင်းချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း သင့် တော်သည့် စီမံကိန်းကို ရှာမတွေ့သေးခြင်း ဖြစ်၏။ ဝမ်နန်းအုပ်စုသည် စီမံကိန်းများစွာတွင် ရင်းနှီးမြှုပ်နှံ ထားသော်လည်း အိမ်ခြံမြေ လုပ်ငန်းကဲ့သို့ ကြီးမားသည့် လုပ်ငန်းမျိုး မရှိသေးဘဲ အသေးစား လုပ်ငန်း များသာ ရှိနေသေးသည်။
အကောင်းဆုံး ရလဒ်မှာမူ ကောင်းယွမ်သည် အိမ်ခြံမြေ လုပ်ငန်းကို မလုပ်လိုဘဲ အခြားသူများအတွက် အဆောက်အအုံများ တည်ဆောက်ပေးသည့် ဆောက်လုပ်ရေး လုပ်ငန်းကိုသာ လုပ်ကိုင်ရန် ဖြစ်ပြီး ထိုသို့ဆိုလျှင် ကုမ္ပဏီနှစ်ခု ပူးပေါင်းနိုင်မည် ဖြစ်သည်။
သို့သော် ကောင်းယွမ်၏ ဆောက်လုပ်ရေးပိုးကောင် သုတေသနမှာ ကိုယ်ပိုင် အသုံးပြုရန်အတွက်သာ ဖြစ်နေနိုင်ပေသည်။
သို့သော်လည်း ထိုသို့ဖြစ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ ကြီးမားသည့် အလားအလာရှိသော ထုတ်ကုန် တစ်ခုကို အချိန်ကုန်ခံ တီထွင်ပြီးနောက် အသုံးမပြုဘဲ ထားရှိခြင်းမှာ နှမြောစရာပင် ဖြစ်ပေလိမ့်မည်။
ထို့အပြင် ကောင်းယွမ်က သူတို့ကို ဖိတ်ကြားခဲ့ခြင်းမှာ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက် ရှိသော ကြောင့်ဟု ဝမ်တာလင်းက ယုံကြည်နေပေသည်။
ကောင်းယွမ်သည် ဝမ်တာလင်း၏ စကားကို ကြားသောအခါ ရယ်မောလိုက်ပြီး...၊
"ဥက္ကဋ္ဌဝမ်... ဆောက်လုပ်ရေးပိုးကောင်က အသုံးဝင်ပေမဲ့ အကြီးအကျယ် မြှင့်တင်ရောင်းချဖို့ အတွက် တော့ မသင့်တော်ပါဘူး..."
"ဘာဖြစ်လို့လဲ..."
"တွက်ချက်မှု စွမ်းရည်က ပြဿနာတစ်ခု ဖြစ်ပေမဲ့ ပိုပြီး အရေးကြီးတာက... လုံခြုံရေးပါပဲ..."
ကောင်းယွမ်က 'လုံခြုံရေး' ဟု လေးလေးနက်နက် ပြောလိုက်သည့်အခါ ဝမ်တာလင်းသည် ချက်ချင်းပင် နားလည်သွားခဲ့လေသည်။ ဆောက်လုပ်ရေး စက်ကိရိယာများနှင့် မတူဘဲ ဆောက်လုပ်ရေးပိုးကောင် များကို ကွန်ပျူတာဖြင့် ထိန်းချုပ်ကာ အဝေးမှ စေခိုင်းနိုင်ခြင်း ဖြစ်၏။
ထို့အပြင် ဤအရာများသည် ဆောက်လုပ်ရေး ပစ္စည်းမှန်သမျှကို ဝါးမြိုနိုင်ပေသည်။ အကယ်၍သာ မကောင်း သော ရည်ရွယ်ချက် ရှိသူများ လက်ထဲသို့ ရောက်ရှိသွားပါက ကမ္ဘာပေါ်ရှိ မည်သည့် နေရာ ကိုမဆို ဖောက်ထွင်း နိုင်မည် ဖြစ်၏။ ဆောက်လုပ်ရေးပိုးကောင်များသည် နောက်ဆုံးတွင် လက်နက်များ ဖြစ်လာနိုင်ပေသည်။
ဝမ်တာလင်း၏ မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်လာသည်ကို ကောင်းယွမ် မြင်လိုက်ရ၏။
"ဥက္ကဋ္ဌဝမ်... ခင်ဗျား နားလည်ပြီမလား... ဒါက ကျွန်တော် ရောင်းမရောင်း ဆိုတဲ့ မေးခွန်း မဟုတ်ဘူး... ခင်ဗျား ဝယ်ရဲသလား... ပြီးတော့... အထက်လူကြီးတွေကကော ရောင်းခွင့်ပြုမှာလား ဆိုတာပါပဲ..."
ဝမ်တာလင်း ခေါင်းညိတ်လိုက်လေသည်။
"ဒါဆိုရင် ဥက္ကဋ္ဌကောင်းက ဘာလို့ တစ်ကမ္ဘာလုံး သိအောင် ဒီလောက်အထိ ကြေညာခဲ့တာလဲ..."
ကောင်းယွမ်က ပြုံးလိုက်၏။
"ဘာလို့လဲဆိုတော့... ဒါက အစကတည်းက နိုင်ငံတော်အတွက် ရည်ရွယ်ထားတာမို့လို့ပါ... ခင်ဗျား နားလည် နိုင်တယ်မလား..."
ကောင်းယွမ်သည် ယခုအခါတွင် စီးပွားရေးသမား တစ်ယောက် ဖြစ်ပေသည်။ ဆောက်လုပ်ရေးပိုး ကောင်သည် နျူကလီးယား ပေါင်းစပ်စွမ်းအင် ကဲ့သို့သော ကျော်ကြားသည့် နည်းပညာများနှင့် မတူဘဲ အမည်မှာ ဆွဲဆောင်မှု မရှိလှပေ။
ထို့ကြောင့် ကောင်းယွမ်က နည်းလမ်း နှစ်မျိုးဖြင့် ချဉ်းကပ်ခဲ့ခြင်း ဖြစ်၏။ ပထမအချက်မှာ ငါးရံ့နက် နည်းပညာ ကုမ္ပဏီ၏ နည်းပညာ စွမ်းအားကို ပြသရန်ဖြစ်ပြီး ဒုတိယအချက်မှာ နိုင်ငံတော်၏ အာရုံစိုက် မှုကို ရရှိရန် ဖြစ် ပေသည်။ ဤနည်းပညာကို လူအများ သိရှိသွားမှသာ နည်းပညာ၏ တန်ဖိုးကို မထိခိုက်စေ မည် ဖြစ်ချေ၏။
ထို့အပြင် ကောင်းယွမ်သည် သည်နည်းပညာကို အသုံးပြု၍ ကိုယ်ပိုင် စက်မှုဇုန်ကို တည်ဆောက်မည် ဖြစ်ရာ ၎င်းကို မြင်တွေ့ရသူများမှာ စက်မှုဇုန် ပြီးစီးတော့မည် ဖြစ်ကြောင်းနှင့် မကြာမီ ထုတ်လုပ်မှုများ စတင်တော့မည် ဖြစ်ကြောင်း သိရှိသွားကြမည် ဖြစ်ချေသည်။
နောက်ထပ် အကျိုးအမြတ် တစ်ခုမှာ ဝမ်တာလင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးနေခြင်း ဖြစ်ပြီး ယခု အခါတွင် ဝမ်တာလင်းမှာ သူ့ထံသို့ ကိုယ်တိုင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ဝမ်တာလင်းသည် အတွေးထဲ၌ နစ်မျောနေဟန် ရှိ၏။ ထိုအချိန်တွင် ကောင်းယွမ်က စကားလမ်း ကြောင်းကို ပြောင်းလိုက်လေသည်။
"ဥက္ကဋ္ဌဝမ်... ဝမ်နန်းအုပ်စုက အခုတလော အသွင်ကူးပြောင်းဖို့ လုပ်နေတာ မဟုတ်လား..."
"ဟုတ်ပါတယ်... ဥက္ကဋ္ဌကောင်းဆီမှာ ကောင်းတဲ့ စီမံကိန်းတွေများ ရှိလို့လား..."
"အပူချိန်ထိန်းအဝတ်အစားတွေ အကြောင်းကို ခင်ဗျား ဘယ်လို သဘောရလဲ..."
ကောင်းယွမ်၏ လက်ထဲတွင် အသုံးဝင်သော နည်းပညာများစွာ ရှိနေသည်။ သူသည် ထိုကဲ့သို့ လူသုံးကုန် ပစ္စည်း များကို အခြားသူများနှင့် ဝေမျှရန် ဝန်မလေးပေ။ ဤနည်းဖြင့် သူနှင့်အတူ ရပ်တည်မည့် မဟာမိတ်များကို စုဆောင်းနိုင်မည် ဖြစ်၏။
တစ်ဖက်တွင်လည်း ကောင်းယွမ်သည် ထိုစီမံကိန်းများအတွက် အချိန်ကုန်မခံလိုပေ။ အပူချိန်ထိန်းအဝတ်အစား မှာ ကောင်း မွန်သည့် စီမံကိန်း ဖြစ်သော်လည်း ကောင်းယွမ် ကိုယ်တိုင် လုပ်ဆောင်ရန် မရည်ရွယ်ထား ခဲ့ချေ။
ဝမ်တာလင်းသည် ကောင်းယွမ်၏ ဆိုလိုရင်းကို နားမလည်သေးဘဲ ခဏမျှ စဉ်းစားပြီးမှ...၊
"အပူချိန်ထိန်းအဝတ်အစားက တကယ့်ကို အဆင့်မြင့် နည်းပညာပါပဲ... လူသုံးကုန်တွေမှာ အခြေခံ အချက် ရှစ်ချက် ရှိတဲ့အနက် အဝတ်အထည်၊ အစားအစာ၊ နေထိုင်မှု၊ သွားလာမှုနဲ့ ဖျော်ဖြေရေးတို့ ထဲပါတယ်... "
"အပူချိန်ထိန်းအဝတ်အစားက တစ်ကမ္ဘာလုံးကို လက်ဝါးကြီးအုပ်နိုင်တဲ့ အလားအလာ ရှိပါတယ်... မနှစ်က ကမ္ဘာ့အဝတ်အထည် လောကရဲ့ စုစုပေါင်း ကုန်သွယ်မှု ပမာဏက ရှငွေ သန်းပေါင်း ဆယ်သန်း ကျော် ရှိခဲ့တာမို့ ဒါကို မြှင့်တင်ရောင်းချမယ်ဆိုရင် တကယ့်ကို ကြီးမားတဲ့ အခွင့်အလမ်းပါပဲ..."
"ဥက္ကဋ္ဌဝမ်က အပူချိန်ထိန်းအဝတ်အစားတွေကို ရောင်းဖို့ စိတ်ဝင်စားလား..."
"ဗျာ... ဒါက ဥက္ကဋ္ဌကောင်းရဲ့ စီမံကိန်း မဟုတ်ဘူးလား..."
"ဟုတ်ပါတယ်... ဒါပေမဲ့ ကျွန်တော်တို့ ပူးပေါင်းလို့ ရတာပဲ... အွန်လိုင်း ရောင်းဝယ်မှုကိုတော့ ကျွန်တော် တို့ ဘာသာ ကိုင်တွယ်မယ်... အပြင်မှာ ရောင်းချဖို့အတွက် အရောင်းကွန်ရက်ကို အစကနေ ပြန်တည် ဆောက်ရမှာ က အချိန်ကုန် လူပင်ပန်း ဖြစ်စေနိုင်တယ်... ဥက္ကဋ္ဌဝမ်ရဲ့ ဝမ်နန်ပလာဇာတွေက တစ်နိုင်ငံ လုံးမှာ ရှိနေတာပဲ... ဝမ်နန်ပလာဇာ တိုင်းမှာ အပူချိန်ထိန်းအဝတ်အစား ဆိုင်တစ်ဆိုင်စီ ဖွင့်လိုက်ရင် ရလဒ်က ဘယ်လို ရှိမယ် ထင်လဲ..."
ဝမ်တာလင်းသည် ကောင်းယွမ်၏ ရည်ရွယ်ချက်ကို နောက်ဆုံးတွင် သဘောပေါက်သွားခဲ့လေသည်။ ဤအကြံ ဉာဏ်မှာ ဝမ်တာလင်း အလိုချင်ဆုံး အရာပင် ဖြစ်၏။ အပူချိန်ထိန်းအဝတ်အစားသည် သေချာ ပေါက် ငွေရမည့် လုပ်ငန်း ဖြစ်ပေသည်။
"အမြတ်ဝေစုကကော..."
"ကျွန်တော်တို့က စက်ရုံထုတ်ဈေးနဲ့ ပေးမယ်... အမြတ်ကိုတော့ (၃၀) ၊ (၇၀) ခွဲမယ်... ကျွန်တော်တို့က (၃၀) ရာခိုင်နှုန်းပဲ ယူမယ်..."
ဝမ်တာလင်း ခဏမျှ စဉ်းစားလိုက်ပြီး...၊
"အွန်လိုင်း ရောင်းဝယ်မှုကိုကော ဘယ်လို လုပ်မှာလဲ..."
"ကျွန်တော်တို့ ကိုယ်ပိုင် ပလက်ဖောင်းနဲ့ ဆိုင်ဖွင့်မယ်... ဈေးနှုန်းကတော့ အပြင်က ဈေးအတိုင်းပဲဖြစ်မယ်...၊ တစ်နိုင်ငံ လုံး ဈေးနှုန်း တစ်သမတ်တည်း ဖြစ်စေရမယ်..."
ဝမ်တာလင်း ပြုံးလိုက်လေသည်။
"စက်ရုံထုတ်ဈေးနဲ့ ရောင်းဈေးကြားမှာ ကွာခြားချက် ဘယ်လောက်ရှိနိုင်လဲ…."
"နှစ်ဆလောက် ရှိပါတယ်..."
"ဒါဆိုရင်တော့ ပြဿနာ မရှိပါဘူး... ဒါပေမဲ့ အမြတ်ကိုတော့ (၅၀) စီပဲ ခွဲယူကြရအောင်... ခင်ဗျားတို့ အများကြီး ယူမှသာ ကျွန်တော်တို့ စိတ်အေးရမှာပါ..."
ကောင်းယွမ် ရယ်မောလိုက်လေ၏။ သူသည် အပူချိန်ထိန်းအဝတ်အစားများကို အနာဂတ်ကမ္ဘာမှ ရယူ နိုင်သဖြင့် ကုန်ကျစရိတ်မှာ သုညနှင့် အနီးစပ်ဆုံး ဖြစ်ပေသည်။
ဝမ်နန်းအုပ်စုက ကိုယ်ပိုင်ပစ္စည်းများကို ရောင်းချခြင်းဖြင့် ငွေအမြောက်အမြား ရရှိနေပြီ ဖြစ်သော်လည်း ဝမ်တာလင်း က အမြတ် (၂၀) ရာခိုင်နှုန်းကို ထပ်မံ စွန့်လွှတ်လိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဝမ်တာလင်းသည် အပူချိန်ထိန်းအဝတ်အစားများကို လေ့လာထားပြီး ဖြစ်သဖြင့် ၎င်း၏ အဆင့်မြင့် နည်းပညာ ကို အံ့ဩနေခဲ့ခြင်း ဖြစ်၏။
ယခုကဲ့သို့သော နည်းပညာမျိုးနှင့် သာဆိုလျှင် ကောင်းယွမ်သည် မကြာမီ အောင်မြင်မှု၏ ထိပ်ဆုံးသို့ ရောက်ရှိ လာမည်မှာ အသေအချာပင်ဖြစ်၏ ။ သူသည် ဤတစ်ကြိမ်တွင် အကျိုးအမြတ် အများကြီး ယူထားပါက နောက် နောင်တွင် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။
အမြတ် (၂၀) ရာခိုင်နှုန်းကို စွန့်လွှတ်လိုက်ရခြင်းမှာ ဆုံးရှုံးမှုကြီးသည်ဟု ထင်ရသော်လည်း ငါးရံ့နက် နည်းပညာ ကုမ္ပဏီနှင့် ရေရှည် ပူးပေါင်းဆောင်ရွက်မှုအတွက် အစကောင်းတစ်ခုပင် ဖြစ်ပေသည်။
အခြေခံ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ရာ အသေးစိတ် အချက်အလက်များကိုမူ လက်အောက်ငယ်သားများက ဆက်လက် လုပ်ဆောင်ကြမည် ဖြစ်၏။
ကောင်းယွမ်နှင့် ဝမ်တာလင်းတို့သည် ကျေနပ်အားရစွာဖြင့် ပြုံးနေခဲ့ကြလေသည်။
ထိုအချိန်တွင် ကောင်းယွမ်က မေးလိုက်၏။
"ဝမ်နန်ရုပ်ရှင်ရုံကလည်း ဥက္ကဋ္ဌဝမ်ရဲ့ လုပ်ငန်းတွေထဲက တစ်ခုပဲ မဟုတ်လား..."