အခန်း ၄၉
Vol. 5 Ch. 49
အခန်း (၄၉)
ဤအရာသည် လက်ပတ်ဖုန်း ဖြစ်သည်
ရှလင် စကားမပြောရသေးပေ။
ကောင်းယွမ်က ဆက်ပြောလိုက်လေသည်။
"ဒါပေမဲ့ ဥက္ကဋ္ဌရွှေ... လက်ပတ်ဖုန်း ထုတ်လုပ်ဖို့ ပြင်ဆင်မှုတွေ ဆက်လုပ်လို့ရတယ်... ကွန်ဆက်ပိုစတာတွေ လည်း ထုတ်လို့ရတယ်... ကျားရီရဲ့ အဖွဲ့ဆီကနေလည်း သတင်းအချက်အလက်တွေ ရနိုင်မယ်လို့ ယုံကြည်ပါ တယ်... အခု ချစ်ပ်ပြား အခြေအနေကို ပြောကြရအောင်..."
"အဆင့်မြင့် ချစ်ပ်ပြားတွေက အခု တစ်ကမ္ဘာလုံးမှာ ဈေးကြီးနေပြီး အကြောင်းအမျိုးမျိုးကြောင့် တစ်ကမ္ဘာလုံး မှာ ချစ်ပ်ပြား ပြတ်လပ်မှုတွေ ရှိနေတယ်... ဥပမာအနေနဲ့ ယွမ်တ အီလက်ထရောနစ် အတွက် ထုတ်လုပ်ပေး မယ့် အော်ဒါက နောက်သုံးနှစ်အထိ ပြည့်နေပြီ..."
"ကျွန်တော်တို့ရဲ့ အစီအစဉ်က ရိုးရှင်းပါတယ်... အလွန်စွမ်းဆောင်ရည်မြင့်တဲ့ ချစ်ပ်ပြားတွေကို ဈေးပေါပေါနဲ့ တစ်ကမ္ဘာလုံးကို တင်ပို့ရောင်းချဖို့ပဲ... ဥက္ကဋ္ဌရွှေအနေနဲ့ ပြည်တွင်းဈေးကွက်ကို အရင် သိမ်းပိုက်နိုင်ပြီး တစ်ချိန် တည်းမှာပဲ ပြည်ပဈေးကွက်တွေကိုပါ တိုးချဲ့နိုင်ပါတယ်... "
"ချစ်ပ်ပြား အများအပြား သုံးစွဲသူတွေကို ကိုယ်တိုင် ဆက်သွယ်လိုက်ပါ... ဈေးနှုန်းနဲ့ ပတ်သက်ရင်တော့ တူညီ တဲ့ စွမ်းဆောင်ရည်ရှိတဲ့ ချစ်ပ်ပြားတွေအတွက် ကျွန်တော်တို့ရဲ့ ဈေးနှုန်းက ငါးဆယ်ရာခိုင်နှုန်း ပိုသက်သာမယ် ဆိုတာ အာမခံတယ်... တူညီတဲ့ ဈေးနှုန်းရှိတဲ့ ချစ်ပ်ပြားတွေအတွက် ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က ငါးဆယ် ရာခိုင်နှုန်း ပိုမြင့်ရမယ်..."
ရှလင်သည် ခဏမျှ မှင်သက်သွားခဲ့လေ၏။
"ဥက္ကဋ္ဌကောင်း... ဒီကိစ္စက..."
"စိတ်မပူပါနဲ့... ပြဿနာမရှိပါဘူး... ကျွန်တော်တို့ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကို ယုံကြည်လိုက်ပါ..."
ရှလင် ခေါင်းညိတ်လိုက်လေသည်။ သူမသည် ဤကဲ့သို့သော ထုတ်ကုန်မျိုးကို ယခင်က တစ်ခါမျှ မထုတ်လုပ် ခဲ့ဖူးချေ။ တန်ဖိုးနှင့် နှိုင်းယှဉ်လျှင် အမှန်တကယ်ပင် အလွန်တန်လှပေသည်။
ထိုစဉ် ဘေးဘက်မှနေ၍ ကျန်းပိုင်ရီက မေးလိုက်လေ၏။
"လောင်ကောင်း... ဒီကိစ္စကို ရှဝေကို အသိပေးသင့်လား... မုကျား ဖွံ့ဖြိုးတိုးတက်ရေးဇုန်ထဲက ရှဝေရဲ့ ချစ်ပ်ပြား စက်ရုံက စတောင် မဆောက်ရသေးဘူး... ငါတို့က တစ်ကမ္ဘာလုံးကို ချစ်ပ်ပြားတွေ ရောင်းနေပြီဆိုတော့... အဲဒါ က... နည်းနည်း မသင့်တော်ဘူး မဟုတ်လား..."
ကောင်းယွမ်သည် ခဏမျှ တွေဝေသွားခဲ့လေသည်။
"ဒီလိုလုပ်ကြတာပေါ့... ကျိုးလဲ့နဲ့ ကျွန်တော် စကားပြောလိုက်မယ်... ဥက္ကဋ္ဌရွှေ အရောင်းပိုင်းကို တာဝန်ယူ လိုက်ပါ... နှစ်နှစ်အတွင်း ကမ္ဘာ့ချစ်ပ်ပြားဈေးကွက်ကို ကျွန်တော်တို့ လွှမ်းမိုးနိုင်အောင် သေချာလုပ်ပါ... ဒီချစ်ပ်ပြားထုတ်လုပ်သူတွေ ဒေဝါလီခံရတာကို ကျွန်တော် မြင်ချင်တယ်..."
ရှလင်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
"သူတို့လည်း ဈေးလျှော့လိုက်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ..."
ကောင်းယွမ် ပြုံးလိုက်လေသည်။
"သူတို့ ဈေးနည်းနည်းလျှော့ရင် ကျွန်တော်တို့ကို မထိခိုက်ပါဘူး... ဒါပေမဲ့ အများကြီး လျှော့ချလိုက်ရင် သူတို့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့... ကောင်းပြီ... ပစ္စည်းကိရိယာတွေကို သွား တပ်ဆင်ပြီး စမ်းသပ်ကြစို့... ဪ... ပြီးတော့ အပူချိန်ထိန်းအဝတ်အစား တွေကိုလည်း အသေးစားစတင် ထုတ်လုပ်နေပြီ... ပထမအသုတ်ကို မီးသတ်တပ်ဖွဲ့ကို လှူဒါန်းသွားမယ်..."
"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌကောင်း..."
ကောင်းယွမ်သည် နောက်ဖေးခြံသို့ ပြန်သွားခဲ့လေသည်။
နောက်ဖေးခြံရှိ အခန်းကို ပြုပြင်မွမ်းမံထားပြီးဖြစ်၏။ အပြင်ဘက်မှကြည့်လျှင် သိပ်မကောင်းလှသော်လည်း အတွင်းဘက်တွင်မူ အတော်လေး သက်သောင့်သက်သာ ရှိလှပေသည်။
ကောင်းယွမ်သည် ကျိုးလဲ့၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်လေသည်။
"ဥက္ကဋ္ဌကျိုး... မုကျားကို လာဖို့ စိတ်ဝင်စားလား... ခင်ဗျားအတွက် ပစ္စည်းကောင်းလေး တစ်ခုရှိတယ်..."
ကျိုးလဲ့သည် အစည်းအဝေးတစ်ခု ပြီးခါစဖြစ်ပြီး ရည်မှန်းချက်များ ပြည့်နှက်နေခဲ့လေသည်။ ရှဝေတွင် ယခုအခါ ကိုယ်ပိုင် ချစ်ပ်ပြားများ ရှိနေပြီဖြစ်ရာ ကြီးမားသော အောင်မြင်မှုတစ်ခု ဖန်တီးရန် အဆင်သင့်ဖြစ်နေခဲ့ပြီ ဖြစ် ၏။
ကိုယ်တိုင်ထုတ်လုပ်သော ချစ်ပ်ပြားများသည် ပိုမိုတည်ငြိမ်သော ထုတ်လုပ်မှုစွမ်းရည်၊ ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်နှင့် ကုန်ကျစရိတ် ပိုမိုသက်သာမှုတို့ကို ရရှိစေပေသည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း ဆုံးရှုံးသွားခဲ့သည့် ဈေးကွက်ဝေစုကို ပြန်လည်ရယူရန်အတွက် ရှဝေသည် ၎င်းတို့၏ မိုဘိုင်းဖုန်း ထုတ်လုပ်မှုစွမ်းရည်ကို တိုးချဲ့ရန် ပြင်ဆင်နေလေသည်။ ထို့အပြင် လျှပ်စစ်ကားများတွင် စွမ်းဆောင် ရည်မြင့် ချစ်ပ်ပြားများကို အသုံးပြုခြင်းက အဆိုပါနယ်ပယ်၌ များစွာ ရှေ့ပြေးနေပြီးဖြစ်သည့် ရှဝေ၏ ဉာဏ် ရည်တု မောင်းနှင်မှုနည်းပညာ၏ တန်ဖိုးကိုလည်း မြှင့်တင်ပေးနိုင်ပေသည်။
ကျိုးလဲ့သည် ကောင်းယွမ်ထံမှ ဖုန်းလက်ခံရရှိခဲ့လေ၏။
အနည်းငယ် မမျှော်လင့်ထားခဲ့ပေ။ သို့သော် သူသည် မုကျားသို့ ချက်ချင်းပင် ထွက်ခွာလာခဲ့ကြလေသည်။
မုကျားသို့ ရောက်ရှိချိန်တွင် ညနေစောင်းနေပြီ ဖြစ်လေသည်။
ကောင်းယွမ်သည် ဒန်းဒန်းနှင့် မိန်မိန် တို့အား ဟော့ပေါ့ ပြင်ဆင်ခိုင်းထားပြီး သူနှင့် ကျိုးလဲ့တို့သည် မျက်နှာ ချင်းဆိုင် ထိုင်လိုက်ကြ၏။
အစားအသောက်များ စားသောက်ပြီးစီးသွားသည့်အခါ ကောင်းယွမ်က ဒန်းဒန်းအား သေတ္တာနှစ်လုံး ယူလာရန် ခိုင်းလိုက်လေသည်။ ကျိုးလဲ့သည် တည်ငြိမ်စွာပင် ရှိနေခဲ့ပြီး အစာစားနေစဉ်အတွင်း အလုပ်နှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ ဆွေးနွေးခြင်း မရှိခဲ့ပေ။
ကောင်းယွမ်က ကျိုးလဲ့ထံသို့ သေတ္တာတစ်လုံး ကမ်းပေးလိုက်လေ၏။
"ဥက္ကဋ္ဌကျိုး... ဒီဟာက ခင်ဗျားအတွက် လက်ဆောင်ပါ..."
ကျိုးလဲ့သည် အနည်းငယ် အံ့ဩသွားခဲ့လေသည်။
"ဘာများလဲ..."
"ဖွင့်ကြည့်လိုက်ပါ..."
ကျိုးလဲ့သည် သေတ္တာကို ဖွင့်ကြည့်လိုက်ရာ လက်ကောက်ပုံစံ အရာဝတ္ထုတစ်ခုကို မြင်တွေ့လိုက်ရလေ၏။
"ဒါက..."
"ဒီဟာက ငါးရံ့နက်နည်းပညာကုမ္ပဏီရဲ့ အနာဂတ်အတွက် အဓိက ထုတ်ကုန်ပါ... ဓာတ်ခွဲခန်းထဲကနေ ထွက်လာ တဲ့ အချောထည်တစ်ခုပေါ့... လက်ပတ်ဖုန်း လို့ ခေါ်တယ်..."
ကျိုးလဲ့သည် လက်ပတ်ဖုန်း ကို လက်ထဲတွင် ကိုင်ကာ သေချာစွာ စစ်ဆေးကြည့်လိုက်လေသည်။
ကိုယ်ထည်ကို ချောမွေ့သော အသွင်အပြင်ရှိသည့် အလွန်ပေါ့ပါးသော သတ္တုဖြင့် ပြုလုပ်ထား၏။ ငါးရံ့နက် နည်းပညာကုမ္ပဏီ ၏ အမှတ်တံဆိပ်မှလွဲ၍ ၎င်းအပေါ်တွင် ခလုတ်များ၊ မျက်နှာပြင်များ စသည့် မည်သည့် အရာမျှ ရှိမနေခဲ့ပေ။
ကျိုးလဲ့သည် ကောင်းယွမ်ကို ကြည့်လိုက်လေသည်။
"ဥက္ကဋ္ဌကောင်း... လက်ပတ်ဖုန်းဆိုတာ ဘာလဲ..."
"လက်ပတ်ဖုန်းတွေဆိုတာ သုံးဘက်မြင် အပြန်အလှန်ဆက်သွယ်မှုရှိတဲ့ ဉာဏ်ရည်တု ဆက်သွယ်ရေးကိရိယာ တွေလို့လည်း ခေါ်ပြီး အနာဂတ်ရဲ့ မိုဘိုင်းဖုန်းတွေလို့ နားလည်ထားနိုင်ပါတယ်... သူတို့ကို လက်ထဲမှာ ကိုင် ထားစရာ မလိုပါဘူး... လက်ပတ်ကြိုးတွေလိုမျိုး လက်ကောက်ဝတ်မှာ ဝတ်ဆင်ရပြီး ခလုတ်တွေမပါဘဲ တစ်ဆက်တည်းဖြစ်နေတဲ့ ပုံစံမျိုးပါ..."
"ဥက္ကဋ္ဌကောင်း... ဒီလက်ပတ်ဖုန်းကို ဘယ်လိုသုံးရမလဲ... မျက်နှာပြင်လည်း မပါသလို ခလုတ်တွေလည်း မပါဘူးလေ..."
ကျိုးလဲ့သည် နားမလည်နိုင်သည့်ဟန်ဖြင့် မေးလိုက်လေ၏။ သူသည်လည်း မိုဘိုင်းဖုန်းများကို ထုတ်လုပ်ခဲ့သော် လည်း ဤကဲ့သို့သော အမျိုးအစားကို ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ကောင်းယွမ်သည် သူ၏ ဦးခေါင်းကို ညွှန်ပြလိုက်လေသည်။
"ဦးနှောက်လှိုင်းတွေပေါ့... ဆိုလိုတာက ကျွန်တော် အသုံးပြုချင်တယ်ဆိုရင် စိတ်ထဲက တွေးလိုက်ရုံနဲ့တင် လုပ် ဆောင်နိုင်တယ်..."
ကျိုးလဲ့သည် လုံးဝ တွေဝေသွားသည့်ဟန် ရှိလေ၏။
"ဦးနှောက်လှိုင်းတွေ ဟုတ်လား..."
ပြည်ပတွင် ဦးနှောက်နှင့် ကွန်ပျူတာ ချိတ်ဆက်မှုစနစ် အကြောင်း သတင်းဖော်ပြမှုများ ရှိခဲ့သော်လည်း ဦးနှောက်နှင့် ကွန်ပျူတာ ချိတ်ဆက်မှုစနစ်များ လက်တွေ့အသုံးချနိုင်သည့် အဆင့်သို့ အမှန်တကယ်ရောက်ရှိရန် အချိန်အတော်ကြာ လိုအပ်နေသေးပေသည်။
ထို့အပြင် ကောင်းယွမ်တွင် ဦးနှောက်လှိုင်းဖြင့် ထိန်းချုပ်နိုင်သော မိုဘိုင်းဖုန်း အမှန်တကယ် ရှိနေခဲ့သည်ပင်။
"ဟုတ်ပါတယ် ဥက္ကဋ္ဌကျိုး... ခင်ဗျားကို သရုပ်ပြပါရစေ..."
ကောင်းယွမ်သည် လက်ပတ်ဖုန်း တစ်လုံးကို ယူကာ လက်ထဲတွင် ကိုင်ထားလိုက်လေသည်။
"အသက်သွင်းဖို့အတွက် ကိရိယာကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရမယ်... လက်ပတ်ရဲ့ မျက်နှာပြင်မှာ အသုံးပြုသူရဲ့ အခြေအနေကို ထောက်လှမ်းပြီး အသက်သွင်းမှုကို စတင်ပေးမယ့် အပူချိန် အာရုံခံ ပစ္စည်းတစ်ခု ပါတယ်... အသက်သွင်းပြီးတာနဲ့ သော့ချက်က ပွင့်သွားလိမ့်မယ်..."
ထိုစဉ် အလွန်တိုးညင်းသော ပလောက် ဟူသည့် အသံလေးတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
ကောင်းယွမ်၏ လက်ထဲရှိ လက်ပတ်ဖုန်း ပွင့်သွားပြီး သူ၏ လက်ကောက်ဝတ်တွင် ဝတ်ဆင်လိုက်သောအခါ သော့ချက်မှာ အလိုအလျောက် ပိတ်သွားခဲ့လေသည်။
ပိတ်ထားချိန်တွင် လက်ပတ်ဖုန်းမှာ လုံးဝ တစ်ဆက်တည်းဖြစ်နေပြီး မည်သည့် ဆက်ကြောင့်မှ ရှိမနေခဲ့ပေ။
"ခင်ဗျား ဝတ်ဆင်လိုက်တာနဲ့ လက်ပတ်ဖုန်းက လက်ကောက်ဝတ်က သွေးခုန်နှုန်းကတစ်ဆင့် ဦးနှောက်လှိုင်း တွေကို စတင် အာရုံခံလိမ့်မယ်... ခင်ဗျား မြင်တဲ့အတိုင်းပဲ အပြည့်အဝ အသက်ဝင်သွားတဲ့ လက်ပတ်ဖုန်းက အရောင်ပြောင်းသွားလိမ့်မယ်... အသက်မသွင်းရသေးချိန်မှာ အဖြူရောင်ဖြစ်ပြီး အသက်ဝင်သွားတဲ့အခါ ရွှေရောင် ဖြစ်သွားတယ်..."
"လက်ပတ်ဖုန်းက ရွှေရောင်ပြောင်းသွားပြီဆိုရင် အသုံးပြုဖို့ အဆင်သင့်ဖြစ်ပြီဆိုတဲ့ အဓိပ္ပာယ်ပဲ..."
ကောင်းယွမ်သည် သူ၏ လက်ပတ်ဖုန်းကို ပြသလိုက်လေသည်။
ယခုအခါ ၎င်းမှာ ရွှေရောင်သို့ ပြောင်းလဲသွားပြီ ဖြစ်၏။
"လက်ပတ်ဖုန်းကို တပ်ဆင်စရာမလိုဘဲ ဆင်းမ်ကတ်နဲ့ ချိတ်ဆက်နိုင်ပါတယ်... ဆင်းမ်ကတ်ကို ဖြုတ်ပြီး လက်ပတ်ဖုန်းပေါ် တင်လိုက်ရုံပါပဲ... အသုံးပြုဖို့အတွက် နည်းလမ်းနှစ်ခု ရှိပါတယ်... တစ်ခုက ဦးနှောက်လှိုင်းနဲ့ လုံးဝ ထိန်းချုပ်တာဖြစ်ပြီး နောက်တစ်ခုက ဦးနှောက်လှိုင်းကို အသုံးပြုပြီး မျက်နှာပြင်ကို ခေါ်ယူတာပါ..."
ထိုသို့ပြောပြီးနောက်...၊
ကောင်းယွမ်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူ၏ လက်ပတ်ဖုန်းမှ မျက်နှာပြင်တစ်ခုက သူ၏ အရှေ့ လေထုထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့လေ၏။ ထိုအရာမှာ ပြီးပြည့်စုံသော မျက်နှာပြင်တစ်ခု ဖြစ်ပေသည်။
ကောင်းယွမ်သည် လေထဲတွင် သူ၏ လက်ချောင်းဖြင့် ခေါက်လိုက်ရာ သူ၏ အရှေ့ရှိ မျက်နှာပြင်မှာ လိုက်ပါ ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက် ကောင်းယွမ်သည် ဆက်တင်များထဲတွင် သူ၏ ဆင်းမ်ကတ်ကို ချိတ်ဆက် ရန် ရွေးချယ်လိုက်လေ၏။
ဖုန်းကိုထုတ်ကာ ဆင်းမ်ကတ်ကို ဖယ်ရှားလိုက်လေသည်။ ၎င်းကို လက်ပတ်ဖုန်းပေါ်တွင် တင်လိုက်၏။
သုံးစက္ကန့်အကြာတွင်...၊
တီ ဟူသောအသံ မြည်လာခဲ့လေသည်။ ထို့နောက် ကောင်းယွမ်သည် ဆင်းမ်ကတ်ကို ထက်ပိုင်းချိုးကာ လွှင့်ပစ် လိုက်လေ၏။ ထို့နောက် မျက်နှာပြင်ကို ပိတ်လိုက်လေသည်။
ကျိုးလဲ့ကို ကြည့်လိုက်ပြီးနောက်...၊
ထို့နောက် ကျိုးလဲ့၏ ဖုန်း မြည်လာခဲ့လေရာ ၎င်းမှာ ကောင်းယွမ် ခေါ်ဆိုနေခြင်း ဖြစ်ပေသည်။ ကျိုးလဲ့သည် အနည်းငယ် သံသယဖြစ်စွာဖြင့် ဖုန်းကို ကိုင်လိုက်လေ၏။
"ဟယ်လို..."
ကောင်းယွမ်ကလည်း "ဟေး..." ဟု ပြောလိုက်လေသည်။
ကျိုးလဲ့၏ ဖုန်းမှ ထွက်ပေါ်လာသော အဝေးမှ အသံမှာ အမှန်တကယ် အသံထက် သုညဒသမငါး စက္ကန့်မျှ နောက်ကျနေပြီး ပဲ့တင်သံကဲ့သို့ ကြားနေရပေသည်။
ကျိုးလဲ့မှာ ထိုနေရာတွင်ပင် မှင်သက်သွားခဲ့ရလေ၏။
*ဒါက ဘယ်လို အဆင့်မြင့် နည်းပညာမျိုးလဲ….*
ဤသည်က အမှန်တကယ်ပင် ဖြစ်နေခဲ့ပေသည်။ ထိုမျှမကသေးပေ။ ကောင်းယွမ်သည် ဖုန်းခေါ်ဆိုမှု မျက်နှာ ပြင်ကို ခေါ်ယူရန် သူ၏ ဦးနှောက်လှိုင်းများကို အသုံးပြုလိုက်လေသည်။ ဤအချိန်တွင် သုံးဘက်မြင် ပုံရိပ် ယောင်တစ်ခုသည် ကောင်းယွမ်၏ အရှေ့ နှစ်မီတာအကွာခန့်တွင် ပေါ်ထွက်လာခဲ့လေ၏။
ကျိုးလဲ့မှာ အံ့အားသင့်သွားခဲ့ရပေသည်။ သူ၏ ကိုယ်ပိုင် ပုံရိပ်ယောင်သည် ကောင်းယွမ်၏ အရှေ့တွင် ပေါ်လာ ခဲ့၏။ သူ လှုပ်ရှားလိုက်သောအခါ ပုံရိပ်ယောင်ကလည်း လိုက်ပါလှုပ်ရှားပြီး သူ စကားပြောသောအခါ ပုံရိပ် ယောင်ကလည်း လိုက်ပါပြောဆိုလေသည်။
ကျိုးလဲ့သည် ကြီးမားသော ထိတ်လန့်မှုနှင့် အံ့ဩမှုတို့ဖြင့် လွှမ်းမိုးခံလိုက်ရလေ၏။ ငါးရံ့နက်နည်းပညာ ကုမ္ပဏီ... ဤသည်က ကောင်းကင်ဘုံကို အာခံနေခြင်းပင် ဖြစ်ပေသည်။
ကောင်းယွမ်က သူ့ကို လာရောက်ကြည့်ရှုရန် ခေါ်ဆိုခြင်းမှာ မည်သည့် အဓိပ္ပာယ် ဖြစ်မည်နည်း။ အကယ်၍ လက်ပတ်ဖုန်းများကို အမြောက်အမြား ထုတ်လုပ်ခဲ့ပါက သာမန် စမတ်ဖုန်းများတွင် မည်သို့သော အခွင့်အရေး ရှိနိုင်တော့မည်နည်း။
သို့သော် ကျိုးလဲ့သည် သူ၏ စိတ်နေသဘောထားကို အမြန် ပြုပြင်လိုက်လေသည်။ လက်ပတ်ဖုန်းများက ကောင်းမွန်သော်လည်း ပြည့်စုံသော ဂေဟစနစ်တစ်ခု တည်ဆောက်ရန်မှာ လွယ်ကူသော ကိစ္စတော့ မဟုတ်ပေ။
သို့သော်လည်း ကောင်းယွမ်က ဆက်ပြောလိုက်လေ၏။
"လက်ပတ်ဖုန်းမှာ အန်းဒရွိုက်၊ အက်ပဲလ် နဲ့ တခြား စနစ် အက်ပလီကေးရှင်းတွေနဲ့ ကိုက်ညီတဲ့ စူပါဉာဏ်ရည်တု စနစ် ပါပြီးတော့ ကွန်ပျူတာ ပရိုဂရမ်တွေကိုလည်း အသုံးပြုလို့ရပါတယ်..."