အခန်း ၅၀
Vol. 5 Ch. 50
အခန်း (၅၀)
ဤအရာသည် လက်ပတ်ဖုန်း ဖြစ်သည် (၂)
ပြောနေစဉ်မှာပင် ကောင်းယွမ်သည် သူ၏ရှေ့ရှိ မျက်နှာပြင်ကို စတင်အသုံးပြုလိုက်ရာ ကောင်းယွမ်က ဗီဒီယို အက်ပလီကေးရှင်းတစ်ခု ဖွင့်လိုက်သည်ကို ကျိုးလဲ့ မြင်တွေ့လိုက်ရလေ၏။
ကျပန်း ဗီဒီယိုတစ်ခုကို ရွေးချယ်ကာ ဖွင့်လိုက်လေသည်။ ရုတ်တရက် သူတို့ရှေ့ရှိ မျက်နှာပြင်ပေါ်တွင် ရုပ်ရှင် ပြကွက်များ ပေါ်ထွက်လာခဲ့ပေသည်။
ကောင်းယွမ်သည် သူ၏ ထိုင်ခုံသို့ ပြန်သွားကာ သူ၏ရှေ့ရှိ မျက်နှာပြင် အရွယ်အစားကို ညှိရန်၊ အနီးအဝေး ပြောင်းလဲရန် သူ၏ ဦးနှောက်လှိုင်းများကို အသုံးပြုလိုက်လေ၏။
ကျိုးလဲ့သည် လုံးဝ မှင်သက်သွားခဲ့ပြီး ထိုင်ခုံပေါ်သို့ အရုပ်ကြိုးပြတ် ကျသွားခဲ့ပေသည်။
မိုဘိုင်းဖုန်းလုပ်ငန်းသည် ရှဝေ၏ အဓိကလုပ်ငန်း မဟုတ်သော်လည်း ၎င်းသည် သက်ရောက်မှု အကြီးမားဆုံး လုပ်ငန်းဖြစ်လေသည်။ 5G ပင်လျှင် သာမန်အသုံးပြုသူများ၏ စိတ်ထဲတွင် မိုဘိုင်းဖုန်းများလောက် သက် ရောက်မှု မရှိခဲ့ပေ။
ထို့အပြင် လက်ပတ်ဖုန်းများသာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာပါက ၎င်းတို့အပေါ် အခြေခံသည့် ဂေဟ စနစ်သစ်တစ်ခု ပေါ်ပေါက်လာဖွယ် ရှိနေပေ၏။
ဤသို့ဆိုလျှင် ရှဝေသည် ဤနှစ်များတစ်လျှောက်လုံး အတိအကျ အဘယ်အရာအတွက် အလုပ်လုပ်နေခဲ့ ပါသနည်း။
ကျိုးလဲ့သည် သတိပြန်မဝင်လာမီ အချိန်အတော်ကြာ မှင်သက်နေခဲ့ပေသည်။ သူ တစ်ခုခုကို သဘောပေါက်သွား ခဲ့လေ၏။
"ဥက္ကဋ္ဌကောင်း... လူတွေက ဦးနှောက်လှိုင်းတွေကို အသုံးပြုဖို့ အသားမကျသေးဘူးဆိုရင် ဒီလုပ်ဆောင်ချက်က သူတို့ရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို ထိခိုက်စေမှာ မဟုတ်ဘူးလား..."
"မဟုတ်ပါဘူး... ပြင်ပလူတွေ မမြင်ရအောင် မျက်နှာပြင်ကို ဖျောက်ထားဖို့ ရွေးချယ်လို့ ရပါတယ်..."
ကောင်းယွမ် ပြောနေစဉ်မှာပင် သူ၏ရှေ့ရှိ မြင်ကွင်းမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။
သို့သော်လည်း ကောင်းယွမ်ကိုယ်တိုင်ကမူ အလွန်စိတ်ဝင်တစားဖြင့် ဆက်လက်ကြည့်ရှုနေပြီး စက်ကို လည် ပတ်ရန် သူ၏ လက်ချောင်းများကိုပင် အသုံးပြုနေခဲ့လေသည်။ ထိုမြင်ကွင်းမှာ အတော်လေး ထူးဆန်းနေပြီး သူ့အား အရူးတစ်ယောက်နှင့်ပင် တူနေစေခဲ့ပေ၏။
ကောင်းယွမ်သည် ကျိုးလဲ့ကို လှည့်ကြည့်လိုက်လေသည်။
"တကယ်တော့ ခင်ဗျားအနေနဲ့ လုပ်ဆောင်ချက် နှစ်ခုကို လုပ်ဆောင်ဖို့အတွက်ပဲ ဦးနှောက်လှိုင်းတွေကို အသုံးပြု ဖို့ သင်ယူစရာ လိုပါတယ်... တစ်ခုက အလင်းမျက်နှာပြင်ကို ခေါ်ထုတ်ဖို့နဲ့ နောက်တစ်ခုက ပြင်ပလူတွေ မမြင်ရ အောင် ဖျောက်ထားဖို့ပါပဲ... အဲဒီနောက်မှာတော့ ကိုယ်တိုင် လက်နဲ့ ပိတ်လိုက်လို့ ရပါတယ်... ကိုယ်တိုင် စမ်း ကြည့်လိုက်ပါ... အရမ်းလွယ်ပါတယ်..."
ကျိုးလဲ့သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်လေ၏။ သေချာပေါက် သူ စမ်းကြည့်ရမည် ဖြစ်သည်။ သူ သည် လက်ပတ်စက်ကို ဖွင့်ရန် ကောင်းယွမ်၏ နည်းလမ်းအတိုင်း လိုက်လုပ်ခဲ့လေသည်။
ဖုန်းကို ချိတ်ဆက်လိုက်သည်၊ မျက်နှာပြင်ကို ခေါ်ထုတ်လိုက်သည်၊ ဝိုင်ဖိုင်ချိတ်ဆက်လိုက်လေ၏။ ရုပ်ရှင်များ ကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ သီချင်းနားထောင်ခြင်း၊ ဖုန်းခေါ်ဆိုခြင်း။
ကျိုးလဲ့သည် ၎င်းတို့အားလုံးကို စမ်းသပ်ကြည့်ပြီးနောက် ပို၍ အထိတ်တလန့် ဖြစ်လာခဲ့လေသည်။ အကယ်၍ ဈေးကွက်ထဲတွင်သာ ဤကဲ့သို့သော ဖုန်းမျိုး ရနိုင်ပါက သူကိုယ်တိုင် မဝယ်ဘဲ နေနိုင်မည်လားဟု မိမိကိုယ်ကို မေးခွန်းထုတ်မိလေ၏။
အဖြေမှာ မနေနိုင်ပါ ဟူ၍ပင် ဖြစ်သည်။ ၎င်းက အလွန်ပင် အဆင့်မြင့်လွန်းနေခဲ့ပေ၏။
ဤသည်မှာ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းက အသက်ဝင်လာသကဲ့သို့ပင် ဖြစ်လေသည်။
"ဥက္ကဋ္ဌကောင်း... ဒီလက်ပတ်ဖုန်းကို ဘယ်လို အားသွင်းရမလဲ... အားသွင်းပေါက်ကို မတွေ့ဘူးနော်... ဘက်ထရီ သက်တမ်းက ဘယ်လောက်ခံသလဲ... ဒီလို မျက်နှာပြင်မျိုးက ပါဝါအများကြီး စားမှာပဲ မဟုတ်လား..."
ကောင်းယွမ်က ဘူးကို ယူလိုက်လေသည်။
"ဥက္ကဋ္ဌကျိုး... အောက်မှာ အောက်ခံပြား ပါမပါ ကြည့်ပေးလို့ ရမလား..."
စကားပြောနေစဉ်မှာပင် သူသည် လက်ပတ်စက် ပါရှိသော ဘူးထဲမှ အောက်ခံပြားကို ထုတ်ယူကာ စားပွဲပေါ်တွင် တင်လိုက်ပြီးနောက် အောက်ခံပြားအောက်မှ ပလပ်ပေါက်ငယ်တစ်ခုကို ယူ၍ ပလပ်ခုံတွင် တပ်လိုက်လေ၏။
"ဥက္ကဋ္ဌကျိုး... ဒီဟာက အားသွင်းစက်ပါ... ယေဘုယျပြောရရင် နေ့စဉ်ဖုန်းခေါ်ဆိုမှုတွေနဲ့ဆို တစ်ပတ်လောက် ခံပြီး ဖျော်ဖြေရေးတွေ ပိုသုံးရင် (၇၂) နာရီအထိ ခံပါတယ်... အောက်ခံပြားကို ပါဝါအရင်းအမြစ်တစ်ခုနဲ့ ချိတ်ဆက်ထားလိုက်ရုံပါပဲ... ဘက်ထရီအား (၅၀) ရာခိုင်နှုန်းအောက် ကျသွားတာနဲ့ မီတာ (၅၀၀) အတွင်း အချိန်မရွေး အားသွင်းနိုင်ပါတယ်..."
ကျိုးလဲ့သည် ပလပ်ခုံတွင် တပ်ထားသော ပလပ်ပေါက်ငယ်ကို ကြည့်လိုက်လေသည်။
*ဒီအရာရဲ့ နောက်ကွယ်မှာရှိတဲ့ နိယာမက ဘယ်လိုများလဲ….*
"ထိုအောက်ခံပြားမှာ ကြိုးမဲ့ လျှပ်စီးထုတ်လွှတ်စက် ပါပြီးတော့ လက်ပတ်က သတ်မှတ်ထားတဲ့ အကွာအဝေး အတွင်းမှာ လက်ခံရယူနိုင်တယ်... ဒါကြောင့် ပလပ်တပ်ထားသရွေ့ အလိုအလျောက် အားသွင်းနေမှာပါ..."
ကျိုးလဲ့မှာ ယခုအခါ ထုံထိုင်းသွားခဲ့ပြီ ဖြစ်လေသည်။
ဤလက်ပတ်စက်က ပြသလိုက်သော လုပ်ဆောင်ချက် အသစ်တစ်ခုစီတိုင်းနှင့်အတူ စမတ်ဖုန်းများအတွက် သေမင်းတံခါးမှာ ပိုမိုနီးကပ်လာပြီဟု သူ ခံစားလိုက်ရပေ၏။
၎င်းသည် လုံးဝကို အပြတ်အသတ် ရှုံးနိမ့်သွားစေခြင်းပင် ဖြစ်လေသည်။ သူတို့က ရှင်သန်ဖို့အတွက် အခွင့် အရေး အနည်းငယ်မျှပင် ပေးမည်မဟုတ်ပေ။
ထိုစဉ် ကောင်းယွမ်သည် ကျိုးလဲ့ကို ကြည့်ကာ မေးလိုက်လေ၏။
"ဥက္ကဋ္ဌကျိုး... ကျွန်တော်တို့ရဲ့ လက်ပတ်ဖုန်းကို ဘယ်လိုထင်လဲ..."
ကျိုးလဲ့သည် ရင်ထဲမှလှိုက်လှဲစွာဖြင့် လက်မထောင်ပြလိုက်လေသည်။
"အရမ်းမိုက်တယ်... စမတ်ဖုန်းတွေက အရင်ခေတ်က ခလုတ်နှိပ်ဖုန်းတွေကို အစားထိုးခဲ့သလိုမျိုးပဲ ဒါက ရိုးရာ စမတ်ဖုန်းတွေကို အစားထိုးတော့မှာပဲ..."
ကျိုးလဲ့သည် တစ်နေ့တွင် ဉာဏ်ရည်တုနည်းပညာများ ခေတ်နောက်ကျသွားမည်ဟု စိတ်ကူးယဉ်ဖူးသော်လည်း ဤမျှ မြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထိုစဉ် ကောင်းယွမ်သည် လက်ပတ်စက်ထဲသို့ လေတစ်ချက် မှုတ်လိုက်ရာ ကလစ်ခနဲ အသံနှင့်အတူ လက်ပတ်စက်၏ သော့ချိတ် ပွင့်သွားပြီး ကောင်းယွမ်က ၎င်းကို သူ၏လက်ထဲသို့ ယူလိုက်လေသည်။
"ဥက္ကဋ္ဌကျိုး... ဒီလက်ပတ်ဖုန်းကို ယူထားလို့ ရပါတယ်..."
ကျိုးလဲ့သည် စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်လေ၏။
"ဥက္ကဋ္ဌကောင်း... ရိုးရာစမတ်ဖုန်းစက်မှုလုပ်ငန်းကြီး ကျဆုံးသွားပြီဆိုတာကို ပြောပြဖို့ သက်သက် ကျွန်တော့်ကို ဒီနေရာကို ခေါ်လိုက်တာလား..."
ကောင်းယွမ် ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်ပါတယ်... ဒါပေမဲ့ လက်ပတ်ဖုန်းကို အခုချက်ချင်း ဖြန့်ချီမှာတော့ မဟုတ်သေးပါဘူး... ရှဝေအတွက် အချိန်ရပါသေးတယ်... ကျွန်တော် ဒီလောက်ပဲ ပြောနိုင်ပါတယ်... အများဆုံး နှစ်နှစ်အတွင်း ရှဝေက ရိုးရာ မိုဘိုင်းဖုန်းလုပ်ငန်းကို လုံးဝ ပိတ်သိမ်းရပါလိမ့်မယ်... ခင်ဗျား အခုကတည်းက လက်ကျန်ပစ္စည်းတွေကို စပြီး ရှင်းလင်းသင့်သလို ချစ်ပ်ပြား လက်ကျန်တွေကိုလည်း ရှင်းသင့်တယ်..."
"ချစ်ပ်ပြားက ဘာဖြစ်လို့လဲ..."
ကျိုးလဲ့က မေးလိုက်လေ၏။
"အခု ခင်ဗျားလည်း သိတဲ့အတိုင်း ငါးရံ့နက်နည်းပညာကုမ္ပဏီက နိုင်ငံတကာ လျှပ်ကူးတစ်ပိုင်း စက်မှုလုပ်ငန်း အသင်းရဲ့ အမည်ပျက်စာရင်း သွင်းခံထားရတယ်လေ..."
ကျိုးလဲ့သည် ဤအချက်အပေါ် ကိုယ်ချင်းစာမိလေသည်။ အဘယ်ကြောင့်ဆိုသော် ရှဝေသည်လည်း ယခင်က မတရားသော ဆက်ဆံမှုများကို ကြုံတွေ့ခဲ့ရဖူးသောကြောင့် ဖြစ်၏။
"ဥက္ကဋ္ဌကောင်း... ကျွန်တော် စိတ်မကောင်းပါဘူး... ဒါပေမဲ့ ငါးရံ့နက်နည်းပညာကုမ္ပဏီရဲ့ စွမ်းဆောင်ရည် တွေအရဆိုရင် ဒီကိစ္စက ခင်ဗျားအပေါ် သိပ်ပြီး သက်ရောက်မှု မရှိနိုင်ပါဘူး..."
"ဟုတ်ပါတယ်... ဒါပေမဲ့ သူတို့က ကျွန်တော့်ကို ဒေါသထွက်စေခဲ့တယ်လေ... ဒါကြောင့်... သူတို့ကို အမည် ပျက်စာရင်း ပြန်သွင်းပစ်မယ်..."
"သူတို့က ဘယ်သူတွေလဲ..."
"နိုင်ငံတကာ လျှပ်ကူးတစ်ပိုင်း စက်မှုလုပ်ငန်းလေ..."
ကျိုးလဲ့သည် ယနေ့တွင် ကိစ္စရပ်များစွာကြောင့် အံ့အားသင့်ခဲ့ရသော်လည်း ဤတစ်ကြိမ်တွင်တော့ အချိန် အတော်ကြာအောင် မှင်သက်သွားခဲ့ရပြန်ပေသည်။
ထူးချွန်သော သူများသည် ကွဲပြားစွာ တွေးခေါ်တတ်ကြလေသည်။ ရှဝေသည် အမည်ပျက်စာရင်း သွင်းခံရ သော်လည်း ဖောက်ထွက်ရန်နှင့် ကိုယ့်ကိုယ်ကိုယ် ဖူလုံစေရန်သာ တွေးတောခဲ့ပေသည်။ အခြားတစ်ဖက်တွင်မူ ကောင်းယွမ်သည် အမည်ပျက်စာရင်း သွင်းခံရချိန်တွင် သူ၏ပြိုင်ဘက်ကို အမည်ပျက်စာရင်း ပြန်သွင်းလို နေခဲ့ခြင်းဖြစ်လေ၏။
သို့သော်လည်း စိတ်ငြိမ်သွားပြီးနောက် ကောင်းယွမ်တွင် ဤသို့ပြုလုပ်ရန် စွမ်းရည်အမှန်တကယ် ရှိနေကြောင်း ကျိုးလဲ့ သဘောပေါက်သွားခဲ့လေသည်။
"ဥက္ကဋ္ဌကောင်း... ခင်ဗျားက ကြီးစိုးချယ်လှယ်နိုင်တဲ့ အငွေ့အသက်တွေကို အပြည့်အဝ ထုတ်လွှင့်နေတာပဲ..."
ကျိုးလဲ့က ရိုးသားစွာ ပြောလိုက်လေ၏။
"လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကောင်း... ဒါပေမဲ့ ဒီလက်ဆောင်က အရမ်းကို... မမျှော် လင့်ထားတဲ့အရာပဲ... ဒါက ကျွန်တော့်အတွက် ရိုးရာစမတ်ဖုန်းတွေအပေါ် သေဒဏ်ချမှတ်လိုက်တာနဲ့ အတူ တူပဲ..."
ကျိုးလဲ့၏ စကားများက စိတ်ပျက်အားငယ်စရာကောင်းနေသော်လည်း သူက ထိုစေတနာကို အမှန်တကယ် ကျေးဇူးတင်နေခဲ့လေသည်။ သာမန်လူတစ်ယောက်က သူ၏ လုပ်ဖော်ကိုင်ဖက်များကို 'ငါ မင်းတို့ရဲ့ စက်မှု လုပ်ငန်းကို တော်လှန်ပြောင်းလဲတော့မယ်... မင်းတို့ ပြင်ဆင်ထားတာ ပိုကောင်းမယ်' ဟု မည်သို့လျှင် ပြောနိုင် ပါမည်နည်း။
မူလက ယနေ့ ဤနေရာသို့ မလာရောက်မီ ကျိုးလဲ့သည် ထုတ်လုပ်မှုစွမ်းရည်ကို တိုးချဲ့ရန်နှင့် ထုတ်ကုန်များကို တစ်ကမ္ဘာလုံးသို့ ဖြန့်ချိရန် စီစဉ်ထားခဲ့ခြင်း ဖြစ်လေသည်။ ဆုံးရှုံးခဲ့ရသည်များကို ပြန်လည်ရယူရန်အတွက်ပင် ဖြစ်၏။
အကယ်၍ သူတို့သာ အမှန်တကယ် ထိုသို့လုပ်ဆောင်ခဲ့ပါက လက်ပတ်ဖုန်းများ ရုတ်တရက် ပေါ်လာချိန်တွင် ရှဝေသည် ဆုံးရှုံးမှုကြီးကြီးမားမားနှင့် ရင်ဆိုင်ရဖွယ် ရှိနေပေသည်။ ယခုအချိန်တွင် လမ်းကြောင်းပြောင်းရန် ခက်ခဲသော်လည်း နောက်ပိုင်းတွင် ချုံခိုတိုက်ခိုက်ခံရခြင်းထက်မူ အများကြီး ပိုကောင်းနေသေးပေ၏။
ကောင်းယွမ် ပြုံးကာ ပြောလိုက်လေသည်။
"ကျေးဇူးတင်ဖို့ မလိုပါဘူး... လက်ပတ်ဖုန်းကို အမြောက်အမြား ထုတ်လုပ်တဲ့အဆင့် မရောက်သေးပါဘူး... ဒါ့အပြင် ကျွန်တော်က ဥက္ကဋ္ဌကျိုးနဲ့ လက်ပတ်ဖုန်းကိစ္စတစ်ခုတည်းအတွက် ဒီနေရာကို ရောက်နေတာ မဟုတ် ပါဘူး... ချစ်ပ်ပြားတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းကြရအောင်ပါ..."
ကျိုးလဲ့သည် ချစ်ပ်ပြားထုတ်လုပ်ရေးတွင် ကောင်းယွမ်နှင့် အမြဲတမ်း ပူးပေါင်းလိုခဲ့လေသည်။
သို့သော်လည်း ကောင်းယွမ်က အလျော့မပေးခဲ့ပေ။ ယခုအခါ ကောင်းယွမ်က သူ၏တံခါးကို လာခေါက်နေ သော်လည်း ကျိုးလဲ့သည် စိတ်လှုပ်ရှားမှုကို မခံစားရတော့ဘဲ နောက်ဆုံးအကြိမ် ရူးသွပ်မတတ် တွန်းအား တစ်ခုကိုသာ ခံစားနေရလေ၏။
"ဥက္ကဋ္ဌကောင်းက ဘယ်လိုမျိုး ပူးပေါင်းဖို့ စီစဉ်ထားတာလဲ..."
"ကျွန်တော်တို့ရဲ့ ငါးရံ့နက်နည်းပညာကုမ္ပဏီက ရှဝေကို နောက်ထပ် (၃) နာနိုမီတာ နည်းပညာသုံး တည်းဖြတ် စက် အလုံး နှစ်ရာ ပံ့ပိုးပေးပါမယ်... ရှဝေက ချစ်ပ်ပြားဈေးနှုန်းတွေ လျှော့ချဖို့၊ အရည်အသွေး မြှင့်တင်ဖို့နဲ့ ချစ်ပ်ပြားတွေ ဈေးချရောင်းဖို့အတွက် ငါးရံ့နက်နည်းပညာကုမ္ပဏီနဲ့ ပူးပေါင်းရပါမယ်..."
"တကယ်တော့ ဒါကို ခင်ဗျားတို့ဘာသာ လုပ်လို့ရတာပဲ..." ကျိုးလဲ့က ပြောလိုက်လေ၏။
"ဟုတ်ပါတယ်... ကျွန်တော်တို့ ကိုယ်တိုင် လုပ်နိုင်ပေမဲ့ ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေက အကန့်အသတ် ရှိနေတယ်လေ... ကျွန်တော်တို့က ပိုမိုအဆင့်မြင့်တဲ့ နည်းပညာတွေဖြစ်တဲ့ (၂) နာနိုမီတာနဲ့ နဲ့ (၁) နာနိုမီတာ နည်းပညာတွေကို ထုတ်လုပ်ဖို့ လိုအပ်သေးတယ်... "
"ခင်ဗျားသိတဲ့အတိုင်း လက်ပတ်ဖုန်းတွေ ဈေးကွက်ထဲ ရောက်လာတာနဲ့ ဒီချစ်ပ်ပြားတွေအတွက် ဝယ်လိုအားက သိသိသာသာ လျော့ကျသွားလိမ့်မယ်... ပြီးတော့ ကျွန်တော်တို့က အပိုအားစိုက်ထုတ်မှုတွေ မလုပ်ချင်ဘူး... ခင်ဗျားတို့ကုမ္ပဏီက ထုတ်လုပ်မှုကို တိုးချဲ့ရင်တောင် စမတ်ဖုန်းတွေ ခေတ်နောက်ကျသွားပြီးတဲ့နောက်မှာ ဒါတွေကို အသုံးပြုနိုင်တဲ့ ကွန်ပျူတာတွေ၊ ကားတွေနဲ့ စမတ်အိမ်တွေ ရှိနေသေးတယ်လေ... ဒါတွေက ရေရှည် လုပ်ငန်းတစ်ခု ဖြစ်ပြီးတော့ ငါးရံ့နက်နည်းပညာကုမ္ပဏီရဲ့ ရည်မှန်းချက်တွေက တခြားနေရာမှာ ရှိနေလို့ပါပဲ..."
ကျိုးလဲ့ သဘောပေါက်သွားခဲ့လေသည်။
စမတ်ဖုန်းများ ခေတ်နောက်ကျသွားသည်နှင့်အမျှ အဆင့်မြင့်ချစ်ပ်ပြားများသည်လည်း ခေတ်နောက်ကျပြီး အသုံးမဝင်တော့မည် ဖြစ်ပေသည်။
ကားများနှင့် စမတ်အိမ်များသည် ၎င်းတို့၏ အလားအလာကို အပြည့်အဝ ရောက်ရှိသွားခဲ့လျှင်ပင် (၃) နာနိုမီတာ ချစ်ပ်ပြားများက အပြည့်အဝ လုံလောက်နေပေသည်။
ပိုမိုအဆင့်မြင့်သော ချစ်ပ်ပြားများသည် လုံးဝကို မလိုအပ်တော့ပေ။
ကောင်းယွမ်၏ ဆိုလိုရင်းမှာ သူတို့က ချစ်ပ်ပြား စက်မှုလုပ်ငန်းကို ထည့်သွင်းစဉ်းစားမည်ပင် မဟုတ်ကြောင်း ဖြစ်လေသည်။ ယခုအခါ သူတို့သည် ချစ်ပ်ပြားလုပ်ငန်းကို ခွဲထုတ်နေပြီး ရှဝေက(၃) နာနိုမီတာ ချစ်ပ်ပြားများကို ထုတ်လုပ်ကာ နိုင်ငံတကာ ဈေးကွက်အပေါ် တိုက်ရိုက် သက်ရောက်မှု ရှိစေမည် ဖြစ်၏။
ငါးရံ့နက်နည်းပညာကုမ္ပဏီကမူ ပိုမိုအဆင့်မြင့်သော ချစ်ပ်ပြားများကို ကိုယ်တိုင် ထုတ်လုပ်မည်ဖြစ်သည်။ ကုမ္ပဏီနှစ်ခု ပူးပေါင်းလုပ်ဆောင်ခြင်းက ထိုနိုင်ငံတကာ ချစ်ပ်ပြားကုမ္ပဏီများကို ချေမှုန်းပစ်ပေလိမ့်မည်။
ထို့နောက် လက်ပတ်ဖုန်း ပေါ်ထွက်လာခဲ့လေသည်။ ကောင်းယွမ်က သန့်ရှင်းစွာ လွတ်မြောက်သွားပြီး ချစ်ပ်ပြား ဈေးကွက်ကို လက်ဝါးကြီးအုပ်ရန် ရှဝေကို ချန်ထားရစ်ကာ ကောင်းယွမ်ကိုယ်တိုင်ကမူ လက်ပတ်ဖုန်းကို လုံးဝ လက်ဝါးကြီးအုပ်ထားမည် ဖြစ်ပေသည်။
သို့မဟုတ် ဤသည်ကို မိုဘိုင်းဖုန်းလုပ်ငန်း ဆုံးရှုံးပြီးနောက် ရှဝေအတွက် နှစ်သိမ့်မှုတစ်ခုအဖြစ် ရှုမြင်နိုင်ပေ သည်။ မည်သို့ပင်ဖြစ်စေ ချစ်ပ်ပြားဈေးကွက်မှာ မိုဘိုင်းဖုန်းဈေးကွက်လောက် မကြီးမားသော်လည်း အမြတ် အစွန်းများက ပိုများကာ ၎င်းမှာ... သီးသန့်ဖြစ်နေသဖြင့် အတော်လေး ထည့်သွင်းစဉ်းစားသင့်သေးပေ၏။
ဤအစီအစဉ်မှာ အလွန်ပင် ရက်စက်လွန်းလှပေသည်။
လက်ရှိ ကမ္ဘာလုံးဆိုင်ရာ ချစ်ပ်ပြားဈေးကွက်တွင် (၅) နာနိုမီတာ သည် တကယ်တမ်း၌ အဆင့်မြင့်နည်းပညာ ဖြစ်လေသည်။ ပိုမြင့်သော လုပ်ငန်းစဉ်များမှာ အနည်းငယ် အလေအလွင့် များပေသည်။
သို့သော်လည်း တူညီသော ဈေးနှုန်းသတ်မှတ်ချက်တွင် ငါးရံ့နက်နည်းပညာကုမ္ပဏီ၏ ချစ်ပ်ပြားများက (၃) နာနိုမီတာ၊ ယွမ်သျှမ်၏ ချစ်ပ်ပြားများက (၅) နာနိုမီတာ နှင့် အင်တဲလ်၏ ချစ်ပ်ပြားများက (၇) နာနိုမီတာ ဖြစ်နေ ပေသည်။ ကောင်းယွမ်၏ မှတ်တမ်းများအရ သူတို့၏ ချစ်ပ်ပြားဒီဇိုင်းနည်းပညာမှာ ပိုကောင်းသင့်ကြောင်း သူတို့ ၏ လက်ပတ်ဖုန်းများ၏ လုပ်ဆောင်ချက်များကို ကြည့်ခြင်းဖြင့် သိနိုင်လေ၏။
မော်ဒယ်တစ်ခုက သိသိသာသာ သာလွန်သော စွမ်းဆောင်ရည်နှင့် ပိုမိုလွယ်ကူချောမွေ့သော ထုတ်လုပ်မှု လုပ်ငန်းစဉ်တို့ကို ကြွားလုံးထုတ်ထားသော်လည်း ဈေးနှုန်းတူညီနေဆဲ ဖြစ်လေသည်။ မည်သည့်အရာကို ရွေးချယ်ရမည်ကို အရူးပင်လျှင် သိနိုင်ပေသည်။
အရင်းအနှီးဆိုသည်မှာ အမြတ်အစွန်းနောက်သို့ လိုက်ခြင်းသာ ဖြစ်လေ၏။
ထုတ်လုပ်သူအားလုံးက ငါးရံ့နက်နည်းပညာကုမ္ပဏီ၏ ချစ်ပ်ပြားများကို အသုံးပြုကြသောအခါ အခြားသော နိုင်ငံတကာ ချစ်ပ်ပြားထုတ်လုပ်သူများအတွက် ရလဒ်တစ်ခုတည်းသာ ရှိပေလိမ့်မည်။ ၎င်းမှာ ဒေဝါလီခံရ ခြင်းပင် ဖြစ်လေတော့သည်။
ဤအချိန်တွင် ကောင်းယွမ်က သူ၏ လက်ပတ်ဖုန်းကို မိတ်ဆက်လိုက်ရာ ကမ္ဘာလုံးဆိုင်ရာ မိုဘိုင်းဖုန်းထုတ် လုပ်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် ညည်းတွားမြည်တမ်းမှုများကို ဖြစ်ပေါ်စေခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် ထုတ်လုပ်သူ အများအပြားသည် စွမ်းဆောင်ရည် မြင့်မားပြီး ဈေးနှုန်းချိုသာသော ချစ်ပ်ပြားများကြောင့် ၎င်းတို့၏ ထုတ်လုပ်မှုစွမ်းရည်ကို တိုးချဲ့ထားကာစ ဖြစ်သောကြောင့် ဖြစ်၏။
ဤအချိန်တွင် သူတို့ ရင်းနှီးသော မဟာမိတ်ဟု ထင်ထားခဲ့သည့် ကောင်းယွမ်သည် ရုတ်တရက် လှည့်ကာ ရုတ် ချည်း တိုက်ခိုက်မှုတစ်ခုကို စတင်ခဲ့လေသည်။ လက်ပတ်ဖုန်းက နေရာတကာမှ ထွက်ပေါ်လာခဲ့ပြီး ရိုးရာမိုဘိုင်း ဖုန်းများ အားလုံး... ပျက်စီးသွားခဲ့ရပေသည်။ မိုဘိုင်းဖုန်း ထုတ်လုပ်သူများသည် လမ်းနှစ်သွယ်နှင့် ရင်ဆိုင်ခဲ့ရ လေ၏။ တစ်ခုမှာ အသွင်ပြောင်းရန်ဖြစ်ပြီး အခြားတစ်ခုမှာ သေမင်းကို စောင့်ဆိုင်းရန်ပင် ဖြစ်လေတော့သည်။
ကျိုးလဲ့သည် ကောင်းယွမ်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်လေ၏။
"ဥက္ကဋ္ဌကောင်း... ရှနိုင်ငံက လတ်တလောမှာ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်း ထုတ်လုပ်တဲ့ နိုင်ငံပါ... တကယ်လို့ လက်ပတ်ဖုန်းကိုသာ ဖြန့်ချိလိုက်မယ်ဆိုရင် သက်ရောက်မှုက အရမ်းကို ကြီးမားသွားလိမ့်မယ်..."
ထိုစကားစု၏ အဓိပ္ပာယ်ကို ကောင်းယွမ် နားလည်လေသည်။ လက်ပတ်စက်က များစွာသော မိုဘိုင်းဖုန်း ထုတ်လုပ်သူများနှင့် အိုမီးအမ် များကို ကျဆုံးသွားစေမည် ဖြစ်ပေ၏။
"အဲဒါက သူတို့ရဲ့ ရဲရင့်မှုအပေါ် မူတည်ပါတယ်... ဥက္ကဋ္ဌကျိုး... ခင်ဗျားအနေနဲ့ သူတို့ကို အကြံပြုချက်တစ်ခု ပေး နိုင်ပါတယ်... စမတ်အိမ်တွေအတွက် စောစောစီးစီး စီစဉ်ပါလို့လေ... ကျွန်တော်တို့ စမတ်အိမ်တွေနဲ့ ပတ်သက် ပြီး အလုပ်လုပ်နေတာ အချိန်အတိုင်းအတာတစ်ခုထိ ကြာနေပြီဆိုပေမဲ့ အသုံးပြုမှုနှုန်းက နည်းပါးနေတုန်းပါပဲ... အဲ့ဒီမှာ အလားအလာတွေ အများကြီး ရှိနေပါသေးတယ်..."
...
နောက်တစ်နေ့တွင် အင်တာနက်အသုံးပြုသူ အများအပြားမှာ နံနက်စောစော၌ အိပ်ပျော်နေကြဆဲ ဖြစ်လေ သည်။
သို့သော် အွန်လိုင်းမှ ပြည်သူ့သဘောထားများမှာ ပေါက်ကွဲထွက်လာခဲ့ပေ၏။
အဘယ်ကြောင့်ဆိုသော် ငါးရံ့နက်နည်းပညာကုမ္ပဏီက နိုင်ငံတကာ လျှပ်ကူးတစ်ပိုင်း စက်မှုလုပ်ငန်းအသင်းကို စစ်ကြေညာလိုက်သောကြောင့် ဖြစ်လေသည်။
အများစုက မူလက ဤသည်ကို နောက်ပြောင်မှုတစ်ခုဟု ထင်ခဲ့ကြသော်လည်း ရှဝေသည် ရှေ့ထွက်လာခဲ့ပြီး ငါးရံ့နက်နည်းပညာကုမ္ပဏီကို အပြင်းအထန် ထောက်ခံရုံသာမက ချင်းလုံ အေ(၉၀၀၀+) ချစ်ပ်ပြားများကို အွန်လိုင်းမှ အော်ဒါလက်ခံကာ တစ်ကမ္ဘာလုံးသို့ ရောင်းချမည်ဖြစ်ကြောင်း ကြေညာခဲ့လေသည်။ နောက်ထပ် ချစ်ပ်ပြားအမျိုးအစားများလည်း လာမည်ဖြစ်ပေ၏။
လဲ့ကျန်းကျွင်းသည် နံနက်စောစော အစည်းအဝေးတစ်ခုအတွက် ပြင်ဆင်နေစဉ် ရှဝေနှင့် ငါးရံ့နက်နည်းပညာ ကုမ္ပဏီတို့၏ နောက်ဆုံးရသတင်းများကို မြင်တွေ့လိုက်ရလေသည်။
သူ၏ စိတ်ဓာတ်များ မြင့်တက်လာခဲ့ပေ၏။ တစ်ခုခုကို သဘောပေါက်သွားဟန်ဖြင့် သူသည် သူ၏လက်ထောက် ကို ချက်ချင်း ပြောလိုက်လေသည်။
"အစည်းအဝေးကို ဖျက်လိုက်... ကျိုးလဲ့ကို ငါ့အတွက် ဆက်သွယ်ပေးပြီး ငါ သူ့ကို စကားပြောချင်တယ်လို့ ပြောလိုက်..."
ရှဝေနှင့် ငါးရံ့နက်တို့သည် သဘောတူညီမှု တစ်ခုခု ရရှိခဲ့မည်ဖြစ်ပြီး စက်မှုလုပ်ငန်းတစ်ခုလုံး ကြီးမားသော အသွင်ကူးပြောင်းမှုတစ်ခုကို ဖြတ်သန်းရဖွယ်ရှိကြောင်း လဲ့ကျန်းကျွင်းက ထက်မြက်စွာ ခံစားသိရှိလိုက် လေသည်။
သူ လူကိုယ်တိုင် ထိုနေရာသို့ သွားရမည် ဖြစ်ပေ၏။
သို့မှသာ သူတို့၏ အနာဂတ် မဟာဗျူဟာများကို ရေးဆွဲနိုင်မည် ဖြစ်လေသည်။
မွန်းလွဲပိုင်းတွင် တာမီနည်းပညာကုမ္ပဏီသည် နောက်လာမည့် လအနည်းငယ်အတွက် ၎င်း၏ အစီအစဉ်များကို ကြေညာခဲ့ပြီး နိုင်ငံခြားချစ်ပ်ပြားများ တင်သွင်းခြင်းကို ရပ်ဆိုင်းမည်ဖြစ်ကြောင်းနှင့် တာမီဖုန်းများသည် ချင်းလုံ ချစ်ပ်ပြားများနှင့် ငါးရံ့နက်ချစ်ပ်ပြားများကို အသုံးပြုမည်ဖြစ်ကြောင်း ဖော်ပြခဲ့လေသည်။
ငါးရံ့နက်ချစ်ပ်ပြားများမှာ ငါးရံ့နက်နည်းပညာကုမ္ပဏီ၏ လက်အောက်ခံဖြစ်သော ငါးရံ့နက်နည်းပညာကုမ္ပဏီမှ ထုတ်လုပ်သည့် အဆင့်မြင့်ချစ်ပ်ပြားများ ဖြစ်လေသည်။
ပိုပို၏ ဦးဆောင်မှုနောက်သို့ ဗီဗီနှင့် အခြားသူများကလည်း လိုက်ပါလုပ်ဆောင်လာခဲ့ကြပေသည်။
အကြောင်းရင်းမှာ ရိုးရှင်းလှပေသည်။ အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာသောကြောင့် ဖြစ်လေ၏။
တစ်ရက်အတွင်းမှာပင် ရှနိုင်ငံရှိ မိုဘိုင်းဖုန်းစက်မှုလုပ်ငန်း တစ်ခုလုံးက ပြည်တွင်းဖြစ် ချင်းလုံနှင့် ငါးရံ့နက် ချစ်ပ် ပြားများကို အသုံးပြုမည်ဖြစ်ကြောင်း ကြေညာခဲ့လေသည်။ နိုင်ငံတကာ ချစ်ပ်ပြားစက်မှုလုပ်ငန်း ရှယ်ယာများ မှာလည်း ထိုးကျသွားခဲ့ပေတော့သည်။
(ရှေ့ကစာစဉ် (၄) မှာ စာဖတ်ရတာထောက်ပြီး အဆင်မပြေဖြစ်သွားခဲ့ရတဲ့အတွက် အနူးအညွတ်တောင်းပန်ပါ တယ်ခင်ဗျာ။ ကျွန်တော်အခုမှ စာရေးသူအသစ်ဖြစ်တာမို့ အရေးသားပိုင်းလိုအပ်ချက်တွေရှိတာကို အခုလိုမျိုး ဝါရင့်စာဖတ်သူများက ထောက်ပြဝေဖန်ပေးခဲ့ကျတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ စာစဉ် (၄) ကို ဖတ်ရအဆင်ပြေအောင် ရေးသားပြီး ပြန်edit ပေးထားပါတယ်ခင်ဗျာ။ အခု စာစဉ် (၅) ကိုလဲ Platform ( ၂ ) ခုလုံးမှာ (၃) ရက် free ချပေးသွားမှာဖြစ်ပါတယ် ခင်ဗျာ)
စာဖတ်သူအားလုံးကို အစဉ်လေးစားလျက်
Lucky Star Translation Team