← Chapters

အခန်း (၁၁၁၁-၁၁၁၂)

Vol. 112 Ch. 1111-1112

အခန်း (၁၁၁၁-၁၁၁၂)

Vol. 112 Ch. 1111-1112

အခန်း (၁၁၁၁) - ယွင်ထိုင်ရှန်း နတ်ဘုရားနယ်မြေ

ချင်ဟယ်စီရင်စုတွင်...

ဤနေရာ၌ ရှေးကျလှသော ကျင့်ကြံခြင်းမျိုးရိုးဝါဒ မိသားစုကြီးတစ်ခု ရှိပေသည်၊ ၎င်းမှာ ရှုမိသားစု ဖြစ်၏။

ရှုမိသားစု၏ အရှိန်အဝါ ဩဇာစွမ်းပကားမှာ ချင်ဟယ်စီရင်စုတစ်ခုလုံးတွင် အမြစ်တွယ် ဖြန့်ကြက်ထားပြီး ယခုလက်ရှိ ချင်ဟယ်စီရင်စု၏ မြို့စားမင်း မှာလည်း ရှုမိသားစု၏ သားမြေး အနွယ်အဖွားတစ်ဦးပင် ဖြစ်ပေသည်။

ဤနေရာသည် စာပေယဉ်ကျေးမှု ထွန်းကားပြီး အတိတ်က ပညာရှိ ကဗျာဆရာ မြောက်မြားစွာ ထွက်ပေါ်ခဲ့ဖူးသည်။

လူငယ်ဧကရာဇ်မင်း ချန်ကျန့်၏ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတွင် ရှုမိသားစုသည် ပထမဆုံးအနေဖြင့် သစ္စာခံ ကြေညာချက်ကို ပေးအပ်ခဲ့သည်။ မိသားစုအတွင်းရှိ လူအများအပြားကို အဖွဲ့အစည်းကြီးဖြစ်သော တရားရုံးတော် အတွင်းသို့ ထည့်သွင်းစေခဲ့ကာ မိစ္ဆာများကို နှိမ်နင်းသတ်ဖြတ်သည့် လုပ်ငန်းစဉ်များတွင် စွမ်းစွမ်းတမံ ပါဝင်စေခဲ့သည်။

တစ်ချိန်တည်းမှာပင် မိသားစုအတွင်းရှိ ဖျက်ဆီးလိုသော အဖျက်သမား ကောင်ဆိုးလေးများကို ပြတ်သားစွာ အပြစ်ပေး အရေးယူခဲ့ပြီး ရှုမိသားစု ပိုင်ဆိုင်သည့် လယ်ယာမြေများနှင့် အခြားသော စီးပွားရေး လုပ်ငန်း မြောက်မြားစွာကို နိုင်ငံတော် ဘဏ္ဍာတိုက်အတွင်းသို့ အပ်နှံ သိမ်းဆည်းစေခဲ့သည်။

လူငယ်ဧကရာဇ်မင်း၏ အမျိုးမျိုးသော ပြုပြင်ပြောင်းလဲရေး အစီအမံများကို ရှုမိသားစုက မည်သည့် ကန့်သတ်ချက်မျှမရှိဘဲ လိုက်နာ လုပ်ဆောင်ခဲ့ကြသည်။

ယခုလက်ရှိအချိန်တွင်လည်း ချင်ဟယ်စီရင်စု၏ မြို့စားမင်းအဖြစ် ရှုလျန်က ဆက်လက် တာဝန်ယူထားဆဲ ဖြစ်၏။

မြို့စားမင်း စံအိမ်တော်အတွင်း၌ အသက်သုံးဆယ်ကျော် အရွယ်ရှိပြီဖြစ်သော ထိုလူငယ် မြို့စားမင်းသည် အမျိုးသမီး အလှပဂေးတစ်ဦးကို အလွန်ပင် ရိုသေခန့်ညားစွာဖြင့် လက်ဖက်ရည် ကပ်လှမ်းနေခဲ့သည်။

ထိုအမျိုးသမီးမှာ အသွင်အပြင်အားဖြင့် တည်ငြိမ်၍ မြင့်မြတ်သော အရှိန်အဝါ ရှိပြီး ကိုယ်လုံးကိုယ်ထည်မှာလည်း လှပမော်ကြွားလှပေရာ လောကီအတွေ့အကြုံရင့်ကျက်သူများ အလွန်ပင် နှစ်သက်သဘောကျမည့် အလှပဂေးမျိုး ဖြစ်ပေသည်။ သူမမှာ ရှုမိသားစု၏ အဘိုးအိုကြီးများပင် ရိုသေရသည့် အဒေါ်အိုကလေး ရှုချော့ကျွင်း ဖြစ်ပေသည်။

ရှုချော့ကျွင်းသည် ရှုမိသားစု၏ ဒဏ္ဍာရီဆန်ဆန် ဇာတ်ကောင်တစ်ဦး ဖြစ်ပြီး ငယ်စဉ်ကတည်းက နတ်ဘုရားကဲ့သို့ စွမ်းအားကြီးမားလှသော ရှုမိသားစု၏ အဘိုးအိုကြီးကိုယ်တိုင် ဘေးနားတွင် ထားရှိကာ အစွမ်းကုန် ပြုစုပျိုးထောင်ခြင်း ခံခဲ့ရသဖြင့် မိသားစုတစ်ခုလုံး၏ အချစ်တော် ရတနာလေး ဖြစ်ခဲ့ရသည်။

သို့သော်လည်း ဤမျှ အလိုလိုက်ခြင်း ခံခဲ့ရသော်လည်း ရှုချော့ကျွင်းသည် မာနကြီးပြီး ရိုင်းစိုင်းသော အမျိုးသမီးတစ်ဦး ဖြစ်မလာခဲ့ဘဲ အလွန်ပင် ရဲရင့်ပြတ်သားပြီး သဘောထားကြီးသော အာဇာနည် မိန်းမမြတ်တစ်ဦး ဖြစ်လာခဲ့သည်။

အသက်တစ်ဆယ့်နှစ်နှစ် အရွယ်တွင်ပင် ထိုရှုမိသားစု၏ အဒေါ်အိုကလေးသည် ရှုမိသားစု၏ လျှို့ဝှက် ကျမ်းစာ အတတ်ပညာအားလုံးကို တတ်မြောက်ခဲ့ပြီး ဆန်းကြယ်လှသော နတ်ဘုရားအတတ်များကို လက်ဖျားခါလုမတတ် အသုံးပြုနိုင်ခဲ့ကာ ချင်းချန်ရှန်းတောင်၏ အောက်တွင် ပညာသင်ကြားခဲ့သည်။

သို့သော်လည်း ပညာသင်ကြားပြီး တစ်နှစ်အကြာတွင်ပင် သူမသည် စီနီယာ အစ်ကိုကြီး သုံးဦးနှင့် ဆရာဦးလေး တစ်ဦးကို ဒဏ်ရာရအောင် ရိုက်နှက်ခဲ့သဖြင့် ရှုမိသားစုက သူမကို ပြန်လည် ခေါ်ဆောင်ခဲ့ရတော့သည်။

ထို့နောက်တွင်မူ ဝူထိုင်ရှန်းတောင်ပေါ်၌ တစ်နှစ်ခန့် ဗုဒ္ဓတရားတော်များကို ဖတ်ရှု လေ့လာခဲ့ပြန်ရာ ရှုမိသားစု၏ အဘိုးအိုကြီးမှာ သူမ တစ်ယောက်တည်း သာသနာ့ဘောင်အတွင်းသို့ အပြီးအပိုင် ဝင်ရောက်သွားမည်ကို အလွန်ပင် စိုးရိမ်ပူပန်ခဲ့ရရှာသည်။

သို့သော်လည်း နောက်ပိုင်းတွင် ဤရှုမိသားစု၏ အဒေါ်အိုကလေးသည် ဝူထိုင်ရှန်းတောင်ပေါ်၌ အတည်တကျ မနေထိုင်ခဲ့ဘဲ တစ်နှစ်အကြာတွင် တောင်ပေါ်မှ ဆင်းသက်ခဲ့ရာ ဝူထိုင်ရှန်းတောင်မှ သန်မာထွားကျိုင်းလှသော ရဟန်းအိုကြီးပင် သူမကို တားဆီးထားနိုင်ခြင်း မရှိခဲ့ချေ။

ယခုလက်ရှိအချိန်အထိ ဤရှုမိသားစု၏ အဒေါ်အိုကလေးသည် အိမ်ထောင်မပြုဘဲ တစ်ဦးတည်း ရှိနေဆဲဖြစ်ရာ တကယ့်ကို ဒဏ္ဍာရီဆန်ဆန် ဇာတ်ကောင်တစ်ဦး ဖြစ်ပေသည်။

အသက်သုံးဆယ့်နှစ်နှစ် အရွယ်တွင် ချင်ဟယ်စီရင်စုမှူးအဖြစ် ခြောက်နှစ်တိုင်တိုင် တာဝန်ယူခဲ့ပြီးဖြစ်သော ရှုလျန်သည် ဘေးနားမှနေ၍ အလွန်ပင် ရိုသေဂရုစိုက်စွာဖြင့်...

"အဒေါ်... မနေ့ညက ချင်ဟယ်မြို့နယ်ထဲမှာ ပေါ်ထွက်လာတဲ့ ဒီမြေရိုင်းအသစ်ကြီးကြောင့် ကျွန်တော်တို့ ရှုမိသားစုဝင်တွေဟာ တစ်ဖက်စီ အပိုင်းပိုင်း ကွဲကွာသွားပြီး တောင်နဲ့မြောက် လှမ်းမျှော်ကြည့်နေရတဲ့ အခြေအနေ ဖြစ်သွားပါပြီ... မိသားစု စံအိမ်တော်ကြီးဆီကနေ ဘာညွှန်ကြားချက်များ ပေးပို့လာတာ ရှိပါသလဲ"

ဟု မေးမြန်းလိုက်သည်။

နိဗ္ဗာန်ဘုံ လျှို့ဝှက်နယ်မြေများ လူ့လောကထဲသို့ ပေါ်ထွက်လာသည့်အခါ မြေပြင်အသစ်များ တိုးပွားလာလေ့ရှိပြီး ၎င်းမှာ ယခင်က ဟင်းလင်းပြင်ထဲတွင် ခေါက်သိမ်းထားခဲ့သော နေရာလွတ်ကြီး ပြန်လည် ပွင့်လန်းလာသည့်အလား ဖြစ်ပေသည်။

တစ်ညတာအတွင်းမှာပင် တောင်တန်းများနှင့် မြစ်ရေပြင်များမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး မူလက ဘေးချင်းကပ် အိမ်နီးနားချင်းများ ဖြစ်ကြသော်လည်း ယခုအခါတွင်မူ မိုင်ပေါင်း ထောင်ချီ၍ ဝေးကွာသွားခဲ့ကြရသည်။

ရှုမိသားစုသည် စီးပွားရေး လုပ်ငန်းအများစုကို နိုင်ငံတော် ဘဏ္ဍာတိုက်အတွင်းသို့ အပ်နှံခဲ့သော်လည်း အရှိန်အဝါကြီးမားဆဲ ဖြစ်ပေသည်။

မထင်မှတ်ဘဲ ယခုတစ်ခေါက် မြေပြင်အသစ် ပေါ်ထွက်လာမှုကြောင့် ရှုမိသားစုဝင်များမှာ ဘက်ပေါင်းစုံသို့ ကွဲကွာ လွင့်ပါးသွားခဲ့ရရှာသည်။

ရှုချော့ကျွင်းက ခေါင်းကို ခါယမ်းလိုက်ပြီး...

"ငါက စံအိမ်တော်ဆီကနေ လာတာ မဟုတ်ဘူး... မင်းဆီကို လာတာက ကိစ္စတစ်ခု မေးမြန်းချင်လို့ပဲ" ဟု ဆိုသည်။

ရှုလျန်က ခေတ္တမျှ မှင်တက်သွားပြီး ချက်ချင်းပင်...

"အဒေါ်... မိန့်တော်မူပါ" ဟု ဆိုသည်။

"လင်ကျိုးစီရင်စုက စစ်သေနာပတိ ဝူတုန်းမင်က မင်းရဲ့ အရင်းနှီးဆုံး မိတ်ဆွေ အစစ်အမှန် ဟုတ်လား"

ရှုချော့ကျွင်းက မေးလိုက်သည်။

"ဝူတုန်းမင်လား..."

ရှုလျန်က တစ်ချက် တွေးတောလိုက်ပြီးနောက် ခေါင်းညိတ်လျက်...

"မှန်ပါတယ်... သူနဲ့ ကျွန်တော်နဲ့က သံယောဇဉ် အလွန် နက်နဲပါတယ်" ဟု ဆိုသည်။

"သူက အပြစ်မဲ့တဲ့ အမျိုးသမီးငယ်လေးတစ်ဦးကို ဇွတ်အတင်း မယားငယ်အဖြစ် သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပြီး အိမ်ထောင်စုတစ်ခုလုံးရဲ့ အသက်ပေါင်း ကိုးယောက်အထိ ဆုံးရှုံးသွားစေခဲ့တဲ့ ကိစ္စကိုရော မင်း သိလား"

ရှုချော့ကျွင်းက မေးမြန်းလိုက်ပြန်သည်။

"တရားရုံးတော် က တင်ပြလာတဲ့ အမှုတွဲထဲမှာတော့... ဒါက မိစ္ဆာတာအိုဆရာ အချို့ရဲ့ လုပ်ရပ်ဖြစ်ပြီး ကာမစိတ် နှိုးဆွခံရလို့ ကျူးလွန်ခဲ့တာလို့ ဖော်ပြထားပါတယ်... အခုတော့ အဲဒီ မိစ္ဆာတာအိုဆရာတွေရဲ့ လက်မောင်းရိုး ကို ဖောက်ထွင်း ချုပ်နှောင်ပြီး ထောင်ထဲမှာ အကျဉ်းချထားပြီးပါပြီ"

ဟု ရှုလျန်က ဆိုသည်။

ထိုကိစ္စ၏ သဘာဝမှာ အလွန်ပင် ရက်စက်ယုတ်မာလှပေသည်၊ အိမ်ထောင်စုတစ်ခုလုံးတွင် အသက်ပေါင်း ကိုးသက် ဆုံးရှုံးခဲ့ရပြီး သုံးနှစ်အရွယ် ကလေးငယ်လေးပင် အသက်ပျောက်ခဲ့ရကာ အသက်ကြီးရင့်လှသော အဘိုးအိုကြီးလည်း ပါဝင်ခဲ့သည်။

ဤကိစ္စမှာ အထက်သို့ တင်ပြထားပြီးဖြစ်ကာ အဆင့်ဆင့် စစ်ဆေးနေဆဲ ဖြစ်ပေသည်။

"မင်း သေသေချာချာ မစဉ်းစားမိဘူးလား... မိစ္ဆာတာအိုဆရာတွေရဲ့ လုပ်ရပ်ဆိုရင် ဘာဖြစ်လို့ လင်ကျိုးစီရင်စု စစ်သေနာပတိရဲ့ ခေါင်းပေါ်ကို ဒီပြစ်မှုကြီးက ရောက်ရှိနေရတာလဲ"

ရှုချော့ကျွင်းက အေးစက်စွာ ပြုံးလိုက်သည်။

"တရားရုံးတော်ရဲ့ အမှုတွဲထဲမှာတော့... ဝူတုန်းမင်က စစ်သည်တွေကို ဦးဆောင်ပြီး ဒီမိစ္ဆာတာအိုဆရာတွေရဲ့ တောင်တံခါးကို ချေမှုန်းဖျက်ဆီးပစ်ခဲ့တဲ့အတွက် ဒါက တစ်ဖက်လူတွေရဲ့ ကလဲ့စားချေတဲ့ လုပ်ရပ်ဖြစ်ပြီး သူ့ကို တမင်သက်သက် မဟုတ်မမှန် စွပ်စွဲပုတ်ခတ်တာလို့ ဖော်ပြထားပါတယ်"

ဟု ရှုလျန်က ဆိုသည်။

"ဒီကိစ္စကို ငါကိုယ်တိုင် စုံစမ်းစစ်ဆေးပြီးပြီ... ဒါက ဝူတုန်းမင်ကိုယ်တိုင် ကျူးလွန်ခဲ့တာပဲ... လင်ကျိုးစီရင်စုရဲ့ အရာရှိတွေအားလုံး ပူးပေါင်းပြီး တရားရုံးတော် ရုံးခွဲက လူတွေနဲ့ပါ လာဘ်စား ပတ်သက်ကာ အထက်ကို မဟုတ်မမှန် လိမ်လည် တင်ပြထားတာပဲ... မင်း ဒါကို သိရဲ့လား"

ရှုချော့ကျွင်း၏ လေသံမှာ အလွန်ပင် လေးနက်သွားတော့သည်။

ရှုလျန်၏ ခန္ဓာကိုယ်ကြီးမှာ တစ်ချက် တုန်ရင်သွားခဲ့ရပြီး အံ့ဩတုန်လှုပ်စွာဖြင့်...

"ဟင်... ဒီလို ကိစ္စမျိုးအထိ ရှိနေရတာလား"

ဟု ရေရွတ်မိသည်။

"တာအိုဂိုဏ်းက လူတွေရဲ့ နည်းလမ်းတွေက မြောက်မြားစွာ ရှိတယ်... ဝိညာဉ်ကို ရှာဖွေပြီး စိတ်အာရုံကို စစ်ဆေးနိုင်တဲ့အတွက် ကောင်းမှုနဲ့ မကောင်းမှုကို အပိုင် ခွဲခြားနိုင်တယ်... အဲဒီ ဝူတုန်းမင်က သိုင်းပညာ အထွတ်အထိပ်ကို ရောက်ရှိနေတဲ့ သိုင်းပညာရှင်တစ်ဦး ဖြစ်ပေမဲ့ ငါ့ကို လိမ်လည်လှည့်ဖြားဖို့တော့ မတတ်နိုင်ဘူး"

ရှုချော့ကျွင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"ကျွန်တော် တကယ်ပဲ ဒီကိစ္စကို မသိခဲ့ပါဘူး... လင်ကျိုးစီရင်စုရဲ့ အရာရှိလောကကြီးက ဒီလောက်အထိ ပုပ်သိုးဆိုးသွမ်းနေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး "

ရှုလျန်က ခက်ထန်သော လေသံဖြင့် ဆိုသည်။

"အရာရှိတစ်ဦး လုပ်ဆောင်ရမယ့် လမ်းစဉ်ကို မင်းကို ငါ လာရောက် သွန်သင်နေစရာ မလိုပါဘူး... ငါ တစ်ခွန်းပဲ ပြောမယ်၊ အရာရာကို ကိုယ့်ရဲ့ စိတ်လိပ်ပြာ သန့်ရှင်းဖို့ပဲ အဓိက ထားပါ"

ဟု ရှုချော့ကျွင်းက ဆိုသည်။

ရှုချော့ကျွင်းသည် ခါးကြားက ရှေးဟောင်းဓားရှည်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး အေးစက်စွာဖြင့်...

"ငါ ဒီနေ့ မင်းဆီကို လာတာက... မူလက မင်းကို သတ်ပစ်ဖို့ပဲ၊ ဒါပေမဲ့ မင်း စောစောက ပြောတဲ့ စကားတွေထဲမှာ မရိုးမသား ဖြစ်နေတာမျိုး မတွေ့ရဘူး"

ဟု ပြောလိုက်သည်။

ရှုလျန်မှာ ကျောရိုးထဲအထိ စိမ့်ဝင်လုမတတ် အေးစက်သွားပြီး ခန္ဓာကိုယ်ထက်တွင် ချွေးစေးများ စီးကျလာခဲ့ရသော်လည်း မျက်နှာတွင် အပြုံးကို မပျက်စေဘဲ...

"တကယ်လို့ ကျွန်တော်ရဲ့ လုပ်ရပ်တွေက စိတ်လိပ်ပြာ မသန့်ရှင်းဘဲ သစ္စာမဲ့ခဲ့မယ်ဆိုရင်... အဒေါ် ဓားကို ဆွဲထုတ်နေစရာ မလိုပါဘူး၊ ကျွန်တော်ကိုယ်တိုင် မြို့စားမင်း စံအိမ်တော်ရှေ့မှာ ခေါင်းနဲ့တိုက်ပြီး သေကြောင်းကြံစည်လိုက်ပါ့မယ်"

ဟု ဆိုသည်။

ရှုချော့ကျွင်းက ခေါင်းကို ညိတ်လျက်...

"အခြေအနေက တုန်လှုပ်စရာ ကြုံတွေ့ရပေမဲ့ မပျာယာဘဲ တည်ငြိမ်နိုင်တယ်... ရှုမိသားစုရဲ့ သားမြေးတစ်ဦးရဲ့ အရှိန်အဝါတော့ ရှိပါသေးတယ်"

ဟု ဆိုလိုက်သည်။

ထို့နောက်တွင်မူ ထိုရှေးဟောင်းဓားရှည်ကို ဆွဲကိုင်လျက် အပြင်ဘက်သို့ လျှောက်လှမ်း ထွက်ခွာသွားတော့သည်။

ရှုလျန်က အမြန်ပင်...

"အဒေါ်... ဘယ်နေရာကို သွားမလို့လဲ" ဟု လှမ်းမေးလိုက်သည်။

ရှုချော့ကျွင်းက ခေါင်းကို ပြန်မလှည့်ဘဲ တည်ငြိမ်စွာ ဖြေလိုက်သည်။

"မြေပြင်အသစ်ထဲမှာ မိစ္ဆာကောင်တွေ ပေါ်ထွက်လာနေတယ်... ငါ သွားပြီး မိစ္ဆာတွေကို သတ်ဖြတ်ပစ်မလို့"

ဟု ပြောလိုက်၏။

ရှုလျန်က ချက်ချင်းပင်...

"မြေပြင်အသစ်ထဲမှာ အန္တရာယ်တွေ ရှိနေနိုင်တယ်... လီကျိရန် ရောက်လာတာကို စောင့်ဆိုင်းပြီးမှ သွားရင် မကောင်းဘူးလား"

ဟု ဆိုသည်။

ရှုချော့ကျွင်းသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ရှုလျန်ကို လှည့်ကြည့်ကာ တည်ငြိမ်စွာဖြင့် ပြောလိြက်သည်။

"သူ့မှာ သူ့ရဲ့ လမ်းစဉ် ရှိတယ်... ငါ့မှာလည်း ငါ့ရဲ့ လမ်းစဉ် ရှိတယ်"

ဟု ဆိုသည်။

"ပြီးတော့... သူက ဒီလူ့လောကကြီးကို ဘာမှ အကြွေးတင်နေတာ မဟုတ်ဘူး"

ရှုချော့ကျွင်း ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

ဤအဒေါ်သည် အမြဲတမ်း အရှိန်အဟုန်ပြင်းပြင်းဖြင့် ထက်မြက်လှပြီး သိုင်းလောကထဲက အမျိုးသမီး သူရဲကောင်း တစ်ဦးကဲ့သို့ ဖြစ်ပေသည်။

သို့သော်လည်း သူမသည် ဖန့်ချင်းလန်နှင့် မတူညီချေ၊ သူမက ပိုမို၍ တောက်ပလင်းလက်ပြီး ပြတ်သားလှသော်လည်း တူညီသောအချက်မှာ လူများကို စကားလုံးဖြင့် တိုက်ခိုက်ရာတွင် အလွန်ပင် ထက်မြက်စူးရှလှခြင်း ဖြစ်ပေသည်။

ထို ကိုယ်လုံးကိုယ်ထည် လှပမော်ကြွားလှသော အမျိုးသမီး အလှပဂေး ထွက်ခွာသွားပြီးနောက်မှ ရှုလျန်သည် သက်ပြင်းအရှည်ကြီး တစ်ချက်ကို ချလိုက်မိသည်။

ချက်ချင်းပင် ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်တော့သည်။

"စစ်ဆေးရေူရုံးက လူတွေကို ငါ့အတွက် ခေါ်လာခဲ့စမ်း"

"လင်ကျိုးစီရင်စုရဲ့ အရာရှိလောကကြီးက ဒီလောက်အထိ ပုပ်သိုးဆိုးသွမ်းနေတာကိုတောင် မင်းတို့က ဘာမှ မသိကြဘူးလား "

"မိုက်မဲလိုက်တာ! သေသေချာချာ စုံစမ်းစစ်ဆေးစမ်း... ဒီကိစ္စမှာ ပတ်သက်နေတဲ့ လူတစ်ဦးတစ်ယောက်ကိုမျှ လွှတ်မပေးနဲ့ "

ချန်နိုင်ငံသည် ယခုအချိန်တွင် ကြီးမားလှသော အပြောင်းအလဲကြီးအတွင်း၌ ရှိနေပြီး လူငယ်ဧကရာဇ်မင်းသည် ပြုပြင်ပြောင်းလဲရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်နေခဲ့သည်။ ရှုလျန်ကို မြို့စားမင်းအရာရာ၌ ဆက်လက် ထားရှိခြင်းမှာ ရှုမိသားစု၏ အရှိန်အဝါကြောင့် မဟုတ်ချေ။

၎င်းမှာ ရှုလျန်သည် ဧကရာဇ်မင်းနှင့် တွေ့ဆုံစဉ်က ပြသခဲ့သော စိတ်နေစိတ်ထားကြောင့် ဖြစ်ပြီး သူက အလွန်အမင်း ယဉ်ကျေးသိမ်မွေ့သော ပညာရှိတစ်ဦး မဟုတ်သော်လည်း ရှုပ်ထွေးလှသော ကမ္ဘာကြီးတွင် ဤကဲ့သို့သော လူမျိုးကို အသုံးပြုရမည် ဖြစ်ပေသည်။

လင်ကျိုးစီရင်စု စစ်သေနာပတိကဲ့သို့သော ပြစ်မှုကြီးမှာ အမှန်တကယ်တော့ ချန်နိုင်ငံ၏ ထောင့်တစ်ထောင့်မျှသာ ဖြစ်ပြီး မိစ္ဆာများ သောင်းကျန်းကာ မိစ္ဆာအတတ်များ လွှမ်းမိုးနေသဖြင့် သေဆုံးသွားသော လူများမှာ အိမ်ထောင်စုတစ်ခုတည်းတင်မက အလွန်ပင် မြောက်မြားလှပေသည်။

သို့သော်လည်း ဒါက ပထမဆုံးအကြိမ်အဖြစ် တရားရုံးတော် ရုံးခွဲက လူများနှင့် အရာရှိများ ပူးပေါင်းကာ အထက်ကို လိမ်လည်လှည့်ဖြားသည့် ကိစ္စကြီး ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။

ဤကိစ္စကြီး ပြင်ပသို့ ပြန့်နှံ့သွားပါက သေချာပေါက် ကမ္ဘာကြီးကို တုန်လှုပ်စေမည့် အမှုကြီးတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်၏။

ရှုချော့ကျွင်းသည် မြို့စားမင်း စံအိမ်တော်မှ ထွက်ခွာသွားပြီးနောက် ရှေးဟောင်းဓားရှည်ကို စီးနင်းလျက် မြေပြင်အသစ်အတွင်းသို့ ရောက်ရှိလာခဲ့သည်။

မြေပြင်အသစ်အတွင်း၌ အန္တရာယ်ရှိသော နေရာ မြောက်မြားစွာ ရှိနေပြီး ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာသွေးသားများမှာ ရုတ်တရက် ခုန်အုပ်လာတတ်သဖြင့် လူကို ထိတ်လန့်တုန်လှုပ်စေသည်။

သို့သော်လည်း ရှုချော့ကျွင်း၏ ကျင့်ကြံခြင်းစွမ်းအားမှာ အလွန်ပင် မြင့်မားလှသဖြင့် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းများကို ဆက်တိုက် ထုတ်ဖော် ဖြတ်ခုတ်လိုက်ရာ ထိုမိစ္ဆာသွေးသားများမှာ ချက်ချင်းပင် ကြေမွပျက်စီးသွားခဲ့ရတော့သည်။

သူမ၏ ဓားအရှိန်အဝါမှာ အလွန်ပင် စူးရှထက်မြက်လှသဖြင့် ထို နယ်ပယ်ပြင်ပ မိစ္ဆာသွေးသားများမှာ အလွန်ပင် ကြောက်လန့်နေကြပုံရပြီး ရှုချော့ကျွင်းတစ်ယောက်တည်း၏ လိုက်လံတိုက်ခိုက်မှုကြောင့် ဘက်ပေါင်းစုံသို့ ထွက်ပြေးပုန်းကွယ်နေကြရသည်။

သူမသည် တောင်တံတိုင်းကြီးတစ်ခု၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ရာ ကောင်းကင်ယံထက်မှ ရုတ်တရက် အလင်းတန်းတစ်ခု ပျံသန်းရောက်ရှိလာခဲ့သည်။

၎င်းမှာ ရှေးကျလှသော ဓားမကြီးတစ်လက် ဖြစ်ပြီး တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်လောက်သော စွမ်းအားကြီးမားလှသည့် အရှိန်အဝါများ ဖြာထွက်နေခဲ့သည်။

ချလွင်

ဓားအလင်းတန်း ကျရောက်သွားသည်နှင့်တစ်ပြိုင်နက် နယ်ပယ်ပြင်ပ မိစ္ဆာသွေးသားများမှာ ချက်ချင်းပင် မှုန့်မှုန့်ညက်ညက် ကြေမွသွားခဲ့ရပြီး ထိုမကောင်းသော မိစ္ဆာအရှိန်အဝါများမှာလည်း မောင်းထုတ်ခြင်း ခံလိုက်ရကာ ကောင်းကင်နှင့် မြေပြင်အလယ်တွင် ကွယ်ပျောက်သွားခဲ့ရတော့သည်။

"ဒါက လီတာအိုဆရာပဲ..."

ရှုချော့ကျွင်း၏ မျက်ခုံးအစုံမှာ ပင့်သွားခဲ့ရသည်။

တစ်ဖက်လူက ဤမျှ မြန်ဆန်စွာ ရောက်ရှိလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

လီယန်ချူသည် လျှို့ဝှက်နယ်မြေများအတွင်း၌ မိစ္ဆာများကို သတ်ဖြတ်နေသည့် ကိစ္စကို ရှုချော့ကျွင်းက ကြိုတင်၍ သိရှိထားပြီးဖြစ်ရာ ယခုအခါ ဤနတ်ဘုရားဓားမကြီးကို မြင်တွေ့လိုက်ရသဖြင့် မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး...

"ဒီနတ်ဘုရားလက်နက် ရှိနေတာကြောင့်ပဲ... မထင်မှတ်ဘဲ လျှို့ဝှက်နယ်မြေထဲက မိစ္ဆာကောင်တွေကို ဒီလောက် မြန်ဆန်စွာ ချေမှုန်းနိုင်ခဲ့တာကိုး"

ဟု တွေးတောလိုက်မိသည်။

ထိုမျှတင်မကသေးဘဲ... ရှုချော့ကျွင်းသည် ကောင်းကင်ယံထက်မှ အလင်းတန်း မြောက်မြားစွာ ပျံသန်းထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရပြန်သည်။

ယခုအချိန်တွင် သူမ သေသေချာချာ မြင်တွေ့လိုက်ရသည်မှာ ၎င်းတို့အားလုံးသည် နတ်ရတနာ ပစ္စည်းများ ဖြစ်ကြပေသည်။

ရှုချော့ကျွင်းကိုယ်တိုင်ပင် အလွန်ပင် တုန်လှုပ်သွားရပြီး သက်ပြင်းအရှည်ကြီး တစ်ချက်ကို ချလိုက်မိသည်။

"ဒီလောက်အထိ များလွန်းလှတဲ့ နတ်ရတနာတွေလား"

ဟု ရေရွတ်မိတော့သည်။

သူမ၏ ဘေးနားတွင် လူတစ်ဦးက သက်ပြင်းကို ညည်းတွားစွာ ချလိုက်ပြီး...

"ဟုတ်ပါ့ဗျာ... မင်း ကြည့်လိုက်စမ်း၊ ဒီ နီရဲနေတဲ့ အလင်းတန်းကတော့ နတ်ရတနာ မီးလျှံလှံ ပဲ... အလွန်ပြင်းထန်လွန်းတယ်"

"ပြီးတော့ ဒီ နီရဲနေတဲ့ ပိုးဖဲကြိုးရှည်ကြီးကတော့ကောင်းကင်ဖဲကြိုး ပဲ... မူလက ဟော့ထုံတောင်ရဲ့ လျှို့ဝှက်နယ်မြေထဲမှာ ပုန်းကွယ်နေခဲ့တာ"

ရှုချော့ကျွင်း လှည့်ကြည့်လိုက်ရာ ဝတ်စုံစိမ်းဝတ် အမျိုးသားတစ်ဦး ဖြစ်သည်ကို မြင်တွေ့လိုက်ရပြီး သူ၏ မျက်နှာအမူအရာမှာ အလွန်ပင် ရှုပ်ထွေးနေခဲ့သည်။

သူ၏ အကြည့်များမှာ ထိုနတ်ရတနာပစ္စည်းများကို ကြည့်နေခြင်း မဟုတ်ဘဲ ထွက်ပြေးသွားခဲ့ကြသော မိမိ၏ ဇနီးမယားများကို ကြည့်နေသည့်အလား ဖြစ်နေခဲ့သည်။

"နင်က ဘယ်သူလဲ..."

ရှုချော့ကျွင်းက တားဆီး မေးမြန်းလိုက်သည်။

အစောပိုင်းက ထိုလူ မိမိ၏ ဘေးနားသို့ ရောက်ရှိလာသည်ကို သူမ လုံးဝ ခံစားမိခြင်း မရှိခဲ့ချေ။

ဝတ်စုံစိမ်းဝတ် အမျိုးသားသည် ကောင်းကင်ထက်က နတ်ရတနာပစ္စည်းများကို ကြည့်ရင်း စိတ်ထဲတွင် လွန်စွာ တောင့်တနေမိကာ တည်ငြိမ်စွာဖြင့်...

"ငါက... စိတ်ဒဏ်ရာရနေတဲ့ လူတစ်ယောက်ပါ" ဟု ဆိုသည်။

ကောင်းကင်ဖဲကြိုး၊ ဝိညာဉ်ခြောက်ခြားခေါင်းလောင်း၊ မီးလျှံလှံ စသည့် နတ်ရတနာ သုံးခုစလုံးမှာ မူလက သူနှင့် ရေစက်ဆုံခဲ့ဖူးသော်လည်း လွဲချော်သွားခဲ့ရခြင်း ဖြစ်ပေသည်။

ယခုအချိန်တွင် သူ၏ မျက်နှာအမူအရာမှာ အလွန်ပင် ဝမ်းနည်းကြေကွဲခြင်း၊ ဆုံးရှုံးရခြင်း၊ ပျက်စီးခြင်း ဝေဒနာများ ပြည့်နှက်နေခဲ့သည်။

ရှုချော့ကျွင်း၏ မျက်ခုံးများ ပင့်မော့သွားခဲ့ရပြီး... အမျိုးသားတစ်ဦး၏ မျက်နှာထက်တွင် ဤမျှ ရှုပ်ထွေးလှသော ခံစားချက် မြောက်မြားစွာကို မြင်တွေ့ရခဲလှပေသည်။

နောက်တစ်ဆက်တည်းမှာပင် ထိုဝတ်စုံစိမ်းဝတ် အမျိုးသားသည် လောကကြီးကို ငြီးငွေ့လှသည့်အလား သက်ပြင်းချလိုက်ပြန်ပြီး နီရဲသော အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလဲကာ ကောင်းကင်ယံဆီသို့ ပျံသန်းထွက်ခွာသွားတော့သည်။

" လျှို့ဝှက်နယ်မြေထဲမှာ ရတနာပစ္စည်း မြောက်မြားစွာ ရှိနေနိုင်တယ်... ဒီတစ်ခေါက် ငါ့ရဲ့ ကံကြမ္မာကို ထပ်ပြီး စမ်းသပ်ကြည့်ရမယ်၊ နတ်ရတနာ တစ်ခုခုကိုတောင် ငါ့လက်ထဲကို မရောက်ရှိနိုင်ဘူးဆိုတာ ငါ လုံးဝ မယုံကြည်နိုင်ဘူး"

ဟု ဝတ်စုံစိမ်းဝတ် အမျိုးသားက စိတ်ထဲတွင် ကြုံးဝါးလိုက်မိသည်။

ထိုလူ၏ မျက်နှာအမူအရာမှာ အလွန်ပင် သနားစဖွယ် ကောင်းလှသဖြင့် ရှုချော့ကျွင်းကိုယ်တိုင်ပင် အံ့ဩမှင်တက်သွားရတော့သည်။

ချက်ချင်းပင် ခေါင်းကို ခါယမ်းလိုက်ပြီး ဓားအရှိန်အဝါကို စီးနင်းလျက် မိစ္ဆာများကို သတ်ဖြတ်ရန် ဆက်လက် ထွက်ခွာသွားတော့သည်။

"ကြားသိရတာကတော့...ဒီ တာအိုဆရာက အလွန် ချောမောခန့်ညားပြီး လျှို့ဝှက်နယ်မြေတစ်ခုလုံးကို လွှမ်းမိုးထားနိုင်တယ် ကောင်းကင်လူသား ၊ စစ်မှန်တဲ့မိစ္ဆာကိုတောင် ဆက်တိုက် သတ်ဖြတ်နိုင်ခဲ့တယ်လို့ ဆိုတယ်... မသိနိုင်ဘူး ဒီနေ့ညမှာ သူ့ကို တွေ့ဆုံခွင့် ရရှိမလား"

ဟု ရှုချော့ကျွင်းက စိတ်ထဲတွင် တွေးတောလိုက်မိသည်။

သူမတွင် အခြားသော ရည်ရွယ်ချက် မရှိချေ၊ ထိုနေ့က မြို့တော်ကြီး၏ တိုက်ပွဲအတွင်း၌ အမျိုးသမီး ဓားနတ်သမီး နှစ်ဦးစလုံးမှာ ဤလူငယ် မြေပြင်နတ်ဘုရား၏ ဘေးနားတွင် ရှိနေခဲ့ကြသည်ဟု ကြားသိခဲ့ရသဖြင့်...

သူမသည် ထိုမြေပြင်နတ်ဘုရားမှတစ်ဆင့် အမျိုးသမီး ဓားနတ်သမီး နှစ်ဦး၏ အရှိန်အဝါကို မြင်တွေ့လိုခြင်းသာ ဖြစ်ပေသည်။

………………

အလွန်ပင် ချောမောခန့်ညားလှသော လူငယ်တာအိုဆရာတစ်ပါးသည် ကြီးမားလှသော ကျင်းကြီးတစ်ခု၏ အတွင်း၌ မတ်တပ်ရပ်နေခဲ့သည်။

ဤကျင်းကြီးမှာ မိုင်ပေါင်း ရာချီအထိ ကျယ်ပြန့်လှပြီး နေရာတစ်ခုလုံး မည်းမှောင်ကာ တောက်လောင်နေခဲ့ပြီး သန့်စင်လှသော စစ်မှန်သည့် မိုးကြိုးနှင့် မီးတောက်အရှိန်အဝါများ ဖြာထွက်နေခဲ့ကာ မည်သည့် သက်ရှိမျှ ရှိမနေခဲ့ချေ။

"အလွန် ပြင်းထန်လွန်းတဲ့ မိုးကြိုးအတတ်ပါလား..."

လီယန်ချူသည် အတွင်း၌ ကျန်ရှိနေသော မိုးကြိုးအတတ်၏ စွမ်းအားများကို သေသေချာချာ ခံစားကြည့်ရင်း လှမ်း၍ ချီးမွမ်းလိုက်မိသည်။

နယ်ပယ်ပြင်ပ မိစ္ဆာများကို သတ်ဖြတ်ပြီးနောက်တွင်မူ နတ်ဘုရားရတနာပစ္စည်း မြောက်မြားစွာမှာ ပျံသန်း ရောက်ရှိလာခဲ့ကြသဖြင့် သူက ထိုနတ်ရတနာပစ္စည်းများကို ပြန်လည် သိမ်းဆည်းလိုက်တော့သည်။

ကျန့်ကျောင်းဓား သာလျှင် ဓားအိမ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့ပြီး သူ၏ ခါးကြားတွင် ချိတ်ဆွဲထားခဲ့သည်။

ကိုယ်လုံးကိုယ်ထည် လှပလှသော ဝတ်စုံနက်ဝတ် အမျိုးသမီးတစ်ဦးမှာ ကျင်းကြီး၏ အပြင်ဘက်တွင် မတ်တပ်ရပ်လျက် တိုးညှင်းသော လေသံဖြင့်...

"ဒီကျင်းကြီးက ဘာကြည့်လို့ ကောင်းလို့လဲ" ဟု မေးလိုက်သည်။

ထိုအမျိုးသမီး၏ မျက်နှာသွင်ပြင်မှာ အလွန်ပင် လှပလွန်းလှပြီး ရင်သားထွားကျိုင်းကာ တင်ပါးဆုံ ကောက်ကြောင်းလှပပြီး ခြေတံရှည်များ ရှိပေရာ တစ်ကိုယ်လုံးမှ ရှေးဦးဆန်းပြားလှသော ဆွဲဆောင်မှု အရှိန်အဝါများ ဖြာထွက်နေသဖြင့် လူတစ်ဦး မြင်တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် စိတ်နှလုံးများ ပူပြင်းလာစေနိုင်ပေသည်။

"ဒီနေရာရဲ့ မိုးကြိုးအတတ်က အလွန် ကျယ်ပြန့်လွန်းတယ်... ငါက အတွင်းထဲက စစ်မှန်တဲ့ တရားသဘောကို လေ့လာကြည့်ချင်လို့ပါ"

လီယန်ချူက ပြုံးလျက် ဆိုသည်။

တာအိုဆရာကြီး နှစ်ဦးစလုံး လုံဟူရှန်းတောင်သို့ ပြန်လည် ထွက်ခွာသွားခဲ့သည်မှာ သုံးရက် ရှိခဲ့ပြီ ဖြစ်သည်။

ဤရက်ပိုင်းအတွင်း သူသည် မိုးကြိုးအတတ်ကို ဆက်လက် ဆင်ခြင်သုံးသပ်နေခဲ့ပြီး စိတ်ကူးသစ်များ ရရှိခဲ့သည်။

ယခုတစ်ခေါက် နယ်မြေအသစ် ထပ်မံ ပေါ်ထွက်လာခဲ့သဖြင့် သူသည် ထိုနေရာသို့ လာရောက် စစ်ဆေးကြည့်ရှုခြင်း ဖြစ်ပြီး ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ဤမိုးကြိုးအက်ကွဲကြောင်း ကျင်းကြီးကို အာရုံခံမိခြင်း ဖြစ်ပေသည်။

ကျွေ့ဟွာသည် ရှေ့သို့ တစ်လှမ်း တက်လှမ်းလိုက်ရာ ချက်ချင်းပင် လီယန်ချူ၏ ဘေးနားသို့ ရောက်ရှိလာခဲ့ပြီး သေသေချာချာ အာရုံခံကြည့်လိုက်သည်။

သူမ၏ မျက်တောင်ရှည်ကြီးများမှာ ခပ်ဖွဖွ လှုပ်ခါသွားခဲ့ပြီး ခဏအကြာတွင်မှ မျက်ဝန်းအစုံကို ဖြည်းညှင်းစွာ ဖွင့်လျက် ပြောလိုက်သည်။

"ဘာဖြစ်လို့ ငါက ဘာမှ အာရုံခံလို့ မရရတာလဲ" ဟု မေးလိုက်သည်။

လီယန်ချူက အံ့ဩစွာဖြင့်...

"မင်းက ဘာဖြစ်လို့ မင်းလည်း အာရုံခံနိုင်လိမ့်မယ်လို့ ထင်မှတ်နေရတာလဲ" ဟု ဆိုလိုက်၏။

ကျွေ့ဟွာ : "………………"

စူးရှတောက်ပလှသော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး နေမင်းစစ်မှန်သော မီးတောက်များ ဝန်းရံထားသည့် ရွှေကျီးကန်း တစ်ကောင် ပျံသန်းရောက်ရှိလာခဲ့သည်။

လီယန်ချူသည် အစောပိုင်းက ရွှေကျီးကန်းငယ်ကို လှုပ်ရှားစေခဲ့ခြင်း မရှိဘဲ နတ်ရတနာပစ္စည်း မြောက်မြားစွာကိုသာ ထုတ်ဖော်ကာ ကျန်ရှိနေသော နယ်ပယ်ပြင်ပ မိစ္ဆာသွေးသားများကို ချေမှုန်းစေခဲ့ခြင်း ဖြစ်ပေသည်။

ရွှေကျီးကန်းငယ်သည် ယခုအခါတွင် ခန္ဓာကိုယ် ပုံသဏ္ဌာန်မှာ အလွန်ပင် ကြီးမားလာခဲ့ပြီး အတောင်ပံနှစ်ဖက်ကို ဖြန့်ကြက်လိုက်ပါက ဆယ်လံခန့်အထိ ရှိနေခဲ့ရာ နေမင်းတစ်စင်းအလား အလွန်ပင် ပူပြင်းလှပေသည်။

ရန်သူကို တိုက်ခိုက်ရန် နေနေသာသာ... မိစ္ဆာကောင်များ ဘေးနားသို့ ချဉ်းကပ်လာရုံမျှဖြင့် ပြာအဖြစ်သို့ ပြောင်းလဲသွားစေနိုင်ပြီး မကောင်းသော ဝိညာဉ် မိစ္ဆာများမှာ မြင်တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် စိတ်ဝိညာဉ်များ ပျက်စီးသွားကြရမည် ဖြစ်သည်။

ရွှေကျီးကန်းငှက်သည် အလွန်ပင် ပူပြင်းလှသော ရှေးဟောင်း နတ်ဘုရားငှက်တစ်ကောင် ဖြစ်ပေရာ ယခုအခါ ရွှေကျီးကန်းငယ်၏ စွမ်းအားများ တိုးပွားလာခဲ့ပြီးဖြစ်သဖြင့် နတ်ဘုရား အရှိန်အဝါများ ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။

"ဘဲကလေး... ဘာမှမဖြစ်ဘူး၊ နင့်ရဲ့ မီးတောက်တွေကို ပြန်သိမ်းလိုက်ပါ"

ကျွေ့ဟွာက ဆိုသည်။

ရွှေကျီးကန်းငယ်သည် အတောင်ပံများကို ခတ်လိုက်ပြီး စူးရှသော အော်ဟစ်သံကြီးတစ်ခုကို ပြုလုပ်လိုက်ရာ ကျွေ့ဟွာကို ပြန်လည် ဖြေကြားနေသည့်အလား ဖြစ်ပေသည်။

နောက်တစ်ဆက်တည်းမှာပင် ၎င်း၏ ကိုယ်ပေါ်က နေမင်းစစ်မှန်သော မီးတောက်များမှာ အမှန်တကယ်ပင် ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ကွယ်ပျောက်သွားခဲ့ရတော့သည်။

လီယန်ချူက ကျွေ့ဟွာကို လှည့်ကြည့်ကာ...

"မင်း အခု သူ့ကို စကားပြောလို့ ရနေပြီလား" ဟု မေးလိုက်သည်။

ရွှေကျီးကန်းငယ်၏ မျက်ဝန်းအစုံမှာ အလွန်ပင် ကြည်လင်လှသော်လည်း ၎င်း၏ စွမ်းအားမှာ ပြင်းထန်သော်လည်း လူသားအသွင်သို့ မပြောင်းလဲနိုင်သေးသလို လူသားစကားကိုလည်း မပြောဆိုနိုင်သေးချေ၊ စိတ်အာရုံဖြင့် စကားပေး ပို့ရန်လည်း မတတ်နိုင်သေးချေ။

ထို့ကြောင့် လီယန်ချူသည် ရွှေကျီးကန်းငယ် ဤမျှ နာခံမှုရှိသည်ကို မြင်တွေ့လိုက်ရသဖြင့် အနည်းငယ် အံ့ဩသွားခြင်း ဖြစ်ပေသည်။

"မူလကတော့ ငါပြောတာကို သူ နားလည်ရုံတင် ရှိသေးတာ... အခုတော့ နည်းနည်း ဉာဏ်ပွင့်လာပုံရတယ်"

ကျွေ့ဟွာက ခေတ္တမျှ တွက်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ်... ဒါက ကောင်းတဲ့ ကိစ္စပဲ"

လီယန်ချူက ဆိုသည်။

"သံစားဝက်ဝံ က ခွန်လွန်တောင်ပေါ်မှာ ကျင့်ကြံနေတာ... ဘယ်အဆင့်အထိ ရောက်ရှိနေပြီလဲ မသိဘူး၊ ဒီနေရာက ကိစ္စတွေ ပြီးသွားရင် ခွန်လွန်တောင်ကို တစ်ခေါက်သွားပြီး သူ့ကို သွားကြည့်ရမယ်"

"ကောင်းတာပေါ့"

လီယန်ချူသည် ဤနေရာရှိ နတ်ဘုရားတို့၏ ကျန်ရှိနေသော စိတ်အာရုံများကို လိုက်လံ ရှာဖွေကြည့်လိုက်မိသည်။ မူလကတော့ ဘာမှ ရှာဖွေတွေ့ရှိလိမ့်မည် မဟုတ်ဟု ထင်မှတ်ထားခဲ့သော်လည်း မထင်မှတ်ဘဲ နေရာတစ်ခုတွင် နတ်ဘုရား၏ ကျန်ရှိနေသော စိတ်အာရုံ လက္ခဏာတစ်ခုကို အမှန်တကယ် ရှာဖွေတွေ့ရှိသွားခဲ့သည်။

သူ၏ မျက်ဝန်းအစုံမှ နတ်အလင်းတန်းများ လင်းလက်သွားခဲ့ပြီး လှမ်းမျှော်ကြည့်လိုက်သည့်အခါ မြက်ပင်များဖြင့် ဆောက်လုပ်ထားသော တဲအိမ်ငယ် တစ်ခုကို မြင်တွေ့လိုက်ရသဖြင့်...

"မင်း လျှို့ဝှက်နယ်မြေထဲက နတ်ဘုရားတွေကို မမြင်ဖူးဘူးလို့ ပြောဖူးတယ် မဟုတ်လား... လာ၊ ငါ မင်းကို သွားပြီး ပြမယ်"

လီယန်ချူက ဆိုလိုက်သည်။

ကျွေ့ဟွာသည် မူလက ဤမိုးကြိုးကျင်းကြီးကို ကြည့်ရှုနေခြင်းဖြစ်ပြီး ထိုစကားကို ကြားလိုက်ရသဖြင့် မျက်ဝန်းအစုံမှာ လင်းလက်သွားခဲ့ရတော့သည်။

မြက်တဲ၏ ရှေ့မှောက်သို့ ရောက်ရှိလာသည့်အခါ လီယန်ချူသည် မိမိ၏ ကိုယ်ပေါ်က အရှိန်အဝါကို အနည်းငယ် ထုတ်ဖော်လိုက်ရာ မြက်တဲ၏ ရှေ့မှောက်တွင် လူရိပ်တစ်ခု ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့ပြီး အလွန်ပင် မှေးမှိန်လှပေသည်။

၎င်းမှာ ဆံပင်နှင့် မုတ်ဆိတ်မွေးများ ဆီးနှင်းအလား ဖြူဖွေးနေသော တာအိုဆရာအိုကြီးတစ်ဦးဖြစ်ပြီး ကိုယ်ပေါ်က ဝတ်စုံမှာလည်း တွန့်ကြေနေခဲ့ရာ နှစ်ပေါင်း မည်မျှတိုင်တိုင် မလျှော်ဖွတ်ရသေးသည်ကို မသိရချေ။

တာအိုဆရာအိုကြီး၏ ကျန်ရှိနေသော စိတ်အာရုံမှာ လေထဲတွင် ယိမ်းထိုးနေခဲ့ပြီး နောက်ထပ် ခဏအတွင်းမှာပင် ကြေမွပျက်စီးသွားတော့မည့်အလား ဖြစ်နေခဲ့သည်။

ယခုအချိန်တွင်မှ ပြန်လည် နိုးထလာခဲ့ခြင်းဖြစ်ပြီး မိမိ၏ ရှေ့မှောက်က ယဉ်ကျေးသိမ်မွေ့ကာ ချောမောခန့်ညားလှသော လူငယ်တာအိုရဟန်းလေးကို ကြည့်ရင်း တစ်ချက် ပြုံးလိုက်ကာ...

"နောက်မျိုးဆက်တစ်ဦး ရောက်လာတာပဲ... ဒါ့ပြင် မြေပြင်နတ်ဘုရား တစ်ပါးလည်း ဖြစ်သေးတယ်၊ အလွန် ရှားပါးတယ်"

ဟု တာအိုဆရာအိုကြီးက ဆိုသည်။

" စီနီယာကို ဘယ်လို ခေါ်ရမလဲ"

လီယန်ချူက လက်ဝါးချင်းယှက် ဂါရဝပြုလိုက်သည်။

"ငါက တာအိုရဟန်း လင်ယင် ပါ... ဒီနေရာကတော့ ယွင်ထိုင်ရှန်း နတ်ဘုရားနယ်မြေပဲ"

တာအိုဆရာအိုကြီးက ဆိုတော့သည်။

လီယန်ချူသည် လူ့လောကနှင့် ဆက်သွယ်ထားသော ဤလျှို့ဝှက်နယ်မြေများမှ နိုးထလာသည့် လူများနှင့် အကြိမ်ကြိမ် ဆက်ဆံဖူးသဖြင့် ကိစ္စရပ်အားလုံးကို အမြန်ဆုံး ရှင်းလင်း ပြောပြလိုက်တော့သည်။

ဤဆံပင်နှင့် မုတ်ဆိတ်မွေးများ ဆီးနှင်းအလား ဖြူဖွေးနေသော တာအိုဆရာအိုကြီးသည် ဤစကားကို ကြားလိုက်ရသဖြင့် သက်ပြင်းချလိုက်မိပြီး... "ဘေးဒဏ်ကြီးပါလား" ဟု ရေရွတ်မိသည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင်မှ သူက ဖြည်းညှင်းစွာဖြင့်...

"အဲဒီတုန်းက ငါ့ရဲ့ ယွင်ထိုင်ရှန်း နယ်မြေဆီကို လာရောက်တိုက်ခိုက်တဲ့ ကောင်းကင်လူသားတစ်ဦးကို... ငါက မိုးကြိုးငါးပါး လမ်းစဉ်အတတ် ကို အသုံးပြုပြီး အမှုန့်ခြေပစ်ခဲ့တယ်၊ ငါ့ရဲ့ စိတ်ဝိညာဉ်လည်း ပျက်စီးသွားခဲ့ရပြီး ဒီမြက်တဲအတွင်းမှာ စိတ်အာရုံ လက္ခဏာ တစ်ခုပဲ ကျန်ရှိတော့တာ"

ဟု ဆိုသည်။

"ဒီနေ့ မင်း ရောက်လာတာကလည်း မင်းနဲ့ငါနဲ့ ရေစက်ရှိလို့ပဲ... ငါ့မှာ ရှေးဟောင်းကျမ်းစာ တစ်ခု ရှိတယ်၊ မင်းရဲ့ ကျင့်ကြံခြင်း နယ်ပယ်ကို ဆက်စပ် တွက်ချက်ကြည့်ဖို့အတွက် ဒါကို မင်းကို ပေးလိုက်ပါ့မယ်"

ဟု လင်ယင် က ဖြည်းညှင်းစွာ ပြောကြားလိုက်သည်။

"စီနီယာရဲ့ ပေးသနားမှုကို ကျေးဇူးတင်ပါတယ်"

လီယန်ချူက လက်ဝါးချင်းယှက် ဆိုလိုက်သည်။

လင်ယင်က လက်ညှိုးဖြင့် ခပ်ဖွဖွ တို့ထိလိုက်ရာ ကျန်ရှိနေသော စိတ်အာရုံ စွမ်းအားမှာ အလွန်ပင် နည်းပါးလှသော်လည်း မြက်တဲ၏ အောက်ခြေမှနေ၍ ရှေးဟောင်းကျမ်းစာ တစ်စောင်ကို တွန်းထုတ်ပေးလိုက်ရာ လီယန်ချူ၏ လက်ထဲသို့ ကျရောက်လာခဲ့သည်။

"ထိုက်ဖိန်ကျန်း (ငြိမ်းချမ်းခြင်းကျမ်းစာ)" လီယန်ချူက တိုးညှင်းစွာ ဖတ်ရှုလိုက်သည်။

"ဒီကျမ်းစာက... ငါ လွန်ခဲ့တဲ့ အချိန်တုန်းက ယင်ကျိုးကျွန်း ဆီကနေ ရရှိခဲ့တဲ့ နတ်ဘုရား အခွင့်ရေးတစ်ခုပဲ၊ ဒီနေ့ မင်းကို ပေးအပ်လိုက်ပြီဖြစ်လို့ ညီငယ်လေး သေသေချာချာ ကျင့်ကြံနိုင်ပါစေ"

ဟု တာအိုဆရာအိုကြီးက ဆိုသည်။

"ယင်ကျိုးကျွန်းလား..."

လီယန်ချူ၏ မျက်ခုံးများ ပင့်မော့သွားခဲ့ရပြီး...

"စီနီယာက ယင်ကျိုးကျွန်းဆီကို သွားဖူးတာလား" ဟု မေးမြန်းလိုက်သည်။

"မှန်တယ်... အဲဒီတုန်းက ငါက နတ်ဘုရားတွေကို ရှာဖွေဖို့ ပင်လယ်ပြင်ကို ထွက်ခွာခဲ့ရင်း ယင်ကျိုးနတ်ဘုရားကျွန်းဆီကို မတော်တဆ ရောက်ရှိသွားခဲ့တာပဲ၊ ဒီကျွန်းကြီးက အလွန် ကြီးမားလွန်းပြီး စီရင်စုနှစ်ခုစာလောက် ကျယ်ပြန့်တယ်၊ ငါက နတ်ဘုရား ရုပ်အလောင်းတစ်ခုရဲ့ ကိုယ်ပေါ်ကနေ ဒီအရာကို ရရှိခဲ့တာ "

ဟု လင်ယင်ကျိရန်က ရှင်းပြသည်။

" ယင်ကျိုးကျွန်းမှာ နတ်ဘုရားတွေ ဘယ်လောက်အထိ ရှိနေလဲ... ဘယ်လိုမျိုး သွားရမလဲ"

လီယန်ချူက မေးမြန်းလိုက်ပြန်သည်။

"ပြောရရင်လည်း ထူးဆန်းတယ်... အဲဒီတုန်းက ငါကလည်း မတော်တဆ ရောက်ရှိသွားခဲ့တာ နောက်ပိုင်းမှာ ထပ်မံ ရှာဖွေကြည့်တဲ့အခါမှာတော့ လုံးဝ ရှာမတွေ့တော့ဘူး"

လင်ယင် က ခေါင်းကို ခါယမ်းလိုက်သည်။

"အတွင်းထဲမှာ နတ်ဘုရားတွေ အလွန်များတယ်. အားလုံးဟာ လွတ်လပ်ပျော်ရွှင်ကြတဲ့ မြေပြင်နတ်ဘုရားတွေပဲ၊ သူတို့က နတ်ဘုရားလောကထဲကို တက်လှမ်းဖို့ကို ရည်မှန်းချက် မထားကြဘဲ ယင်ကျိုးနတ်ဘုရားကျွန်းပေါ်မှာပဲ ကျင့်ကြံခြင်း၊ ဆေးဝါးများ သန့်စင်ခြင်း၊ ဆေးပင်များ ခူးဆွတ်ခြင်းတွေကို လုပ်ဆောင်နေကြတာ"

လီယန်ချူက ခေါင်းကို ညိတ်လျက်...

"စီနီယာက ဖုန်လိုင်နတ်ဘုရားကျွန်းဆီကိုရော သွားဖူးပါသလား" ဟု မေးလိုက်သည်။

"မသွားဖူးဘူး..." လင်ယင်ကျိရန်က ခေါင်းကို ခါယမ်းလိုက်သည်။

စကားစမြည် ပြောဆိုပြီးနောက်တွင်မူ လီယန်ချူသည် ယင်ကျိုးကျွန်းနှင့် ပတ်သက်၍ အနည်းငယ် နားလည် သဘောပေါက်သွားခဲ့ရသည်။

သို့သော်လည်း ဤလင်ယင်သည် ထိုစဉ်က ယင်ကျိုးကျွန်းပေါ်တွင် နေထိုင်ခဲ့သည့် အချိန်မှာ မရှည်လျားလှသလို သွားရောက်ခဲ့သည့် နေရာများမှာလည်း မများပြားလှချေ။

ထို့ပြင် သူ၏ ပြောပြချက်အရ... ယင်ကျိုးနတ်ဘုရားကျွန်းပေါ်က နတ်ဘုရားများ၏ အပြုအမူများမှာ စိတ်ကူးထဲက နတ်ဘုရားများ၏ ပုံစံနှင့် ကွဲပြားနေခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် ထိုနေရာတွင် တစ်နှစ်မျှသာ နေထိုင်ခဲ့ပြီး ဤရှေးဟောင်းကျမ်းစာကို ရရှိပြီးနောက်တွင်မူ ထွက်ခွာခဲ့ခြင်း ဖြစ်ပေသည်။

"သူတို့ရဲ့ လုပ်ရပ်တွေက အလွန် မာနကြီးပြီး အနိုင်ကျင့်တတ်ကြတာလား..."

လီယန်ချူက မျက်မှောင်ကြုတ်လိုက်မိသည်။

သူ၏ ဦးခေါင်းထက်တွင် ရွှေရောင်ကြာပန်းတစ်ပွင့် ပေါ်ထွက်လာခဲ့ပြီး နတ်အလင်းတန်း မြောက်မြားစွာ ဖြာကျလာကာ ဤလင်ယင်၏ ကျန်ရှိနေသော စိတ်အာရုံ ခန္ဓာကိုယ် ပုံသဏ္ဌာန်ကို စုစည်းပေးလိုက်တော့သည်။

လင်ယင်၏ ကျန်ရှိနေသော စိတ်အာရုံမှာ မူလက ကွယ်ပျောက်တော့မည့်အခြေအနေ ဖြစ်သော်လည်း လီယန်ချူ၏ အကူအညီကြောင့် အလွန်ပင် ခိုင်မာလာခဲ့ရသည်။

ထိုအပြောင်းအလဲကို ခံစားမိလိုက်ရသဖြင့် သူက လက်ဝါးချင်းယှက် ဂါရဝပြုလိုက်သည်။

"ညီငယ်လေးကို ကျေးဇူးတင်ပါတယ်... ညီငယ်လေးက မထင်မှတ်ဘဲ ဖန်တီးခြင်းရွှေကျမ်းစာ ရဲ့ အတတ်ပညာကို တတ်မြောက်ထားတာပဲ၊ တကယ့်ကို အံ့ဩစရာကောင်းတယ်"

ဟု ဆိုသည်။

"စီနီယာက ဒီအတတ်ပညာကို သိနေတာလား"

လီယန်ချူက အံ့ဩစွာ မေးလိုက်သည်။

"ငါ ယင်ကျိုးနတ်ဘုရားကျွန်းပေါ်မှာ ထိုက်ဖိန်ကျမ်းကို သွားရောက် ရယူတုန်းက... တစ်စုံတစ်ဦးက ဒီအတတ်ပညာကို ထုတ်ဖော် အသုံးပြုတာကို မြင်တွေ့ဖူးခဲ့တယ်"

ဟု လင်ယင်ကျိရန်က ဆိုသည်။

"အမျိုးသမီးတစ်ဦး လား"

လီယန်ချူက အမြန် မေးမြန်းလိုက်သည်။

"မှန်တယ်... သူ့ရဲ့ နာမည်က ပိုင်ချူးဟန် လို့ ခေါ်တယ်၊ ငါ ဒီနေ့အထိ သူမရဲ့ အသွင်အပြင်ကို မှတ်မိနေဆဲပဲ... အရှိန်အဝါက လျှို့ဝှက်ဆန်းကြယ်လှပြီး လူ့လောကထဲက လူတစ်ဦး မဟုတ်သလိုပဲ "

ဟု လင်ယင်က သက်ပြင်းချရင်း ဆိုတော့သည်။

လီယန်ချူသည် အသက်ရှည်ကြီး တစ်ချက်ကို ရှူသွင်းလိုက်ပြီး ကျွေ့ဟွာနှင့် တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ကြသည်။

ပိုင်ချူးဟန်သည် ထိုစဉ်က ယင်ကျိုးကျွန်းဆီသို့ သွားရောက်ဖူးခဲ့သည်တကား။ ဤအမျိုးသမီး နတ်သမီးသည် မူလက ရှန့်ရှန်းနန်းတော် ၏ ပိတ်ဆို့ချုပ်ချယ်ခြင်း ခံခဲ့ရဖူးပြီး မိမိကိုယ်တိုင် ထိုရှန့်ရှန်းနန်းတော် ကို ချေမှုန်းဖျက်ဆီးပစ်ခဲ့ကာ ထိုစဉ်က ဘေးဒဏ်ကြီးကို ကြုံတွေ့ခဲ့ရသူဖြစ်သဖြင့် သူမ၏ ကိုယ်ပေါ်တွင် လျှို့ဝှက်ချက် မြောက်မြားစွာ ရှိနေခဲ့သည်။

လီယန်ချူသည် နှုတ်ဆက်ထွက်ခွာရန် ပြင်ဆင်လိုက်စဉ်... လင်ယင်က ရုတ်တရက် ဆိုလာသည်။

"အဲဒီတုန်းက ငါက မိုးကြိုးအတတ်ကို အသုံးပြုပြီး ကောင်းကင်လူသားကို သတ်ဖြတ်ခဲ့တာတင်မကဘဲ... နောက်ထပ် လူတစ်ဦးလည်း ရှိသေးတယ်၊ သူက နတ်အလင်းတန်းတွေ ဝန်းရံထားတဲ့အတွက် အသွင်အပြင်ကို မြင်တွေ့ရခြင်း မရှိဘူး... တကယ်လို့ တာအိုမိတ်ဆွေတစ်ဦးက လှုပ်ရှားပြီး ကျိုထျန်ယွမ်ယန်ချီ (ကိုးမိုးကောင်းကင် ပေတံ) ကို ထုတ်ဖော် မတိုက်ခိုက်ခဲ့ဘူးဆိုရင်... ငါလည်း မိုးကြိုးငါးပါး အစီရင်ကို လှုံ့ဆော်ဖို့ အခွင့်အရေး ရှိလိမ့်မယ် မဟုတ်ဘူး"

"နှမြောစရာကောင်းတာက ငါက စောစောစီးစီး ကျရှုံးသွားခဲ့ရတဲ့အတွက် ဒီတိုက်ပွဲရဲ့ ရလဒ်က ဘယ်လိုဖြစ်သွားလဲဆိုတာ ငါ မသိရတော့ဘူး... တာအိုမိတ်ဆွေအနေနဲ့ ဒီယွင်ထိုင်ရှန်း နတ်ဘုးနယ်မြေထဲမှာ အနည်းငယ် ဂရုစိုက်ကြည့်ပါဦး"

ဟု လင်ယင်က ဆိုသည်။

"နောက်ထပ် လူတစ်ဦးက သူ့ရဲ့ အစစ်အမှန် အသွင်အပြင်ကို ထုတ်ဖော်ခဲ့ခြင်း မရှိဘူးပေါ့"

လီယန်ချူက ဆိုသည်။

"မှန်တယ်... ဒီလူရဲ့ အဆင့်အတန်းက ငါသတ်လိုက်တဲ့ ကောင်းကင်လူသားထက် ပိုမို မြင့်မားပုံရပြီး အစပိုင်းမှာတော့ လှုပ်ရှားဖို့ကိုတောင် ဂရုမစိုက်ခဲ့ဘူး"

လင်ယင်ကျိရန်က ဆိုသည်။

လီယန်ချူ၏ မျက်ခုံးများ ပင့်မော့သွားခဲ့ရပြီး... ဒါက ကောင်းကင်လူသားတွေရဲ့ လုပ်ရိုးလုပ်စဉ်မျိုး မဟုတ်ချေ။

"ဒီ ကျိုထျန်ယွမ်ယန်ချီ ဆိုတာကရော ဘာလဲ"

လီယန်ချူက မေးလိုက်သည်။

"ဒီ ကျိုထျန်ယွမ်ယန်ချီ ဆိုတာကတော့ သန့်စင်လှတဲ့ စစ်မှန်တဲ့ နတ်ဘုရားရတနာပစ္စည်းတစ်ခုပဲလေ... ရွှေကြာပန်း ကိုးပွင့်နဲ့ ခရမ်းရောင် အရှိန်အဝါတစ်ခုကို ထုတ်ဖော်နိုင်စွမ်း ရှိတယ်... အလွန် ပြင်းထန်ပြီး မိစ္ဆာအပေါင်း မချဉ်းကပ်နိုင်ဘူး"

ဟု လင်ယင်က ရှင်းပြသည်။

"ဒီရတနာက ကျုံးနန်ရှန်းတောင်ရဲ့ တောင်စောင့်ရတနာလည်း ဖြစ်တယ်... တကယ်လို့ ကျုံးနန်ရှန်းတောင်က ဟွာရွှီ တာအိုမိတ်ဆွေက ဒီနေရာကို ဖြတ်သန်းသွားရင်း အကူအညီ မပေးခဲ့ဘူးဆိုရင် လူနှစ်ဦး ပူးပေါင်း တိုက်ခိုက်မှုအောက်မှာ ငါက မိုးကြိုးငါးပါးအတတ်ကိုတောင် ထုတ်ဖော်နိုင်ခွင့် ရမှာ မဟုတ်ဘူး"

ဟု လင်ယင်က ဆိုသည်။

"မင်း ဒီနယ်မြေထဲမှာ ပိုပြီးတော့ ဂရုစိုက်ရမယ်"

"စီနီယာရဲ့ သတိပေးမှုကို ကျေးဇူးတင်ပါတယ်"

လီယန်ချူက လက်ဝါးချင်းယှက် ဆိုလိုက်သည်။

နောက်တစ်ဆက်တည်းမှာပင် ထိုလင်ယင်သည် ခန္ဓာကိုယ် ပုံရိပ် ပျောက်ကွယ်သွားခဲ့ရတော့သည်။

လီယန်ချူ၏ ဖန်းတီးခြင်း ရွှေကျမ်းစာ အတတ်ပညာ၏ စွမ်းအားမှာ ကြီးမားလှသော်လည်း ကောင်းကင်ဘုံ၏ ကံကြမ္မာကိုတော့ မလွန်ဆန်နိုင်ချေ။ ဤကျန်ရှိနေသော စိတ်အာရုံသည် လောကထဲတွင် ခေတ္တမျှသာ တည်ရှိနေနိုင်ပြီး နောက်ဆုံးတွင်တော့ ပျက်စီးခြင်းသို့ ရောက်ရှိသွားမည်သာ ဖြစ်ပေသည်။

ကျွေ့ဟွာက ဒေါသတကြီးဖြင့်...

"ဒီကောင်းကင်လူသားတွေက တကယ့်ကို မာနကြီးလွန်းတယ်... မထင်မှတ်ဘဲ လူ့လောကကြီးကို အကြိမ်ကြိမ်ဖျက်ဆီးခဲ့ကြတာပဲ အတိတ်က ဒီလူက မသေဆုံးသေးဘဲ ရှိနေရင် အကောင်းဆုံးပဲ... ငါနဲ့ တွေ့ဆုံရင် သူ့ရဲ့ ဦးခေါင်းကို အပိုင်းပိုင်း ကြေမွသွားအောင် ရိုက်ခွဲပစ်မယ် "

ဟု ဆိုလိုက်သည်။

သူမသည် လျှို့ဝှက်နယ်မြေများအတွင်း၌ အသက်ရှင်ကျန်ရစ်နေသော ကောင်းကင်လူသားများ ရှိနေနိုင်သည်ကို သိရှိထားပြီး အတိတ်က တစ်စုံတစ်ဦးက လျှို့ဝှက်နယ်မြေများကို ပိတ်ဆို့ချုပ်ချယ်ခဲ့ခြင်း ဖြစ်ပေသည်။

ယွင်ထိုင်ရှန်း နယ်မြေအတွင်း၌လည်း ယခုအခါ အသက်ရှင်ကျန်ရစ်နေသော ကောင်းကင်လူသားများ ရှိမနေဘူးဟု မပြောနိုင်ချေ။

ကျွေ့ဟွာသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်မိပြီး ဆံပင်နှင့် မုတ်ဆိတ်မွေးများ ဆီးနှင်းအလား ဖြူဖွေးနေသော ထိုတာအိုဆရာအိုကြီး နောက်ဆုံးတွင် ကွယ်ပျောက်သွားရမည်ကို တွေးမိကာ... ကောင်းကင်လူသားများသည် အပေါ်ယံတွင် မြင့်မြတ်လှသည်ဟု ထင်ရသော်လည်း အမှန်တကယ်တော့ အလွန်ပင် ယုတ်မာကောက်ကျစ်လှသည်ဟု ပိုမို ခံစားလိုက်ရတော့သည်။

"တကယ့်ကို... သေသင့်တဲ့ ကောင်တွေပဲ"

လီယန်ချူက အေးစက်စွာ ပြောလိုက်တော့သည်။

အခန်း (၁၁၁၂) - နိုင်လူ ရှုံးလူ ဆွေးနွေးပွဲ

ယွင်ထိုင်ရှန်း နယ်မြေ၏ အတွင်း၌ အလွန်ပင် မြင့်မားမတ်စောက်ပြီး အန္တရာယ်များလှသော နတ်ဘုရားတောင်ကြီးတစ်တောင် ရှိပေသည်။

ရှုချော့ကျွင်းသည် ရှေးဟောင်းဓားရှည်တစ်လက်ကို စီးနင်းလျက် လေထုကို ဖြတ်သန်းကာ ထိုနတ်ဘုရားတောင်ပေါ်သို့ လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့၏။ သူမ ဤနေရာသို့ လာရောက်ရခြင်းမှာ တောင်တန်းများကြားမှ ဆန်းကြယ်သော ရောင်စဉ်တန်းများ ဖျတ်ခနဲ ပေါ်ထွက်နေသည်ကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်ပေသည်။

ယခု ထိုနတ်ဘုရားတောင်ပေါ်သို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် သူမသည် လေးလံလှသော ဖိအားပေးစွမ်းအားတစ်ခုကို ချက်ချင်း ခံစားလိုက်ရပြီး စိတ်နှလုံးကိုပင် ထိတ်လန့်တုန်လှုပ်သွားစေသည်။

"ထူးဆန်းလိုက်တာ... ဒီတောင်ထဲမှာ ဘာရှိနေလို့လဲ"

ရှုချော့ကျွင်းက စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။

သို့သော်လည်း အခြေအနေက ဤမျှ ထူးဆန်းနေလေလေ... ဤတောင်၏ မထူးဆန်းသော ဆန်းကြယ်မှုကို ပိုမို သက်သေပြနေလေလေ ဖြစ်ပေသည်။

သူမသည် ခါးကြားက ရှေးဟောင်းဓားရှည်ကို လက်မှ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး မိမိ၏ ခန္ဓာကိုယ်ပတ်လည်တွင် ထက်မြက်လှသော ဓားအရှိန်အဝါများကို ဝန်းရံစေလျက် တောင်ပေါ်သို့ ခက်ခက်ခဲခဲ တက်လှမ်းခဲ့ရတော့သည်။

ကိုယ်လုံးကိုယ်ထည် လှပမော်ကြွားလှသော ထိုအမျိုးသမီး အလှပဂေးသည် ကျောက်စင်္ကြံလှေကားထစ်များပေါ်မှနေ၍ တစ်လှမ်းချင်းစီ တက်လှမ်းသွားခဲ့ရာ... သူမ၏ လှုပ်ရှားမှုနှင့်အတူ ထွားကျိုင်းလှပသော တင်ပါးဆုံ ကောက်ကြောင်းများမှာ တုန်ခါသွားခဲ့ပြီး မြင်တွေ့ရသူ မည်သူမဆို စိတ်နှလုံးကို ဖမ်းစားနိုင်လောက်ပေသည်။

သို့သော်လည်း နှမြောစရာကောင်းသည်မှာ ဤလှပသော မြင်ကွင်းကို ကြည့်ရှုခံစားမည့်သူ မည်သူမျှ ရှိမနေခဲ့ချေ။

သူမသည် အချိန်အတော်ကြာအောင် ဆက်လက် လျှောက်လှမ်းပြီးနောက် တောင်ကွေ့တစ်ခုသို့ ရောက်ရှိလာခဲ့ရာ ကျောက်ကုန်းပြင်မြင့်တစ်ခုကို တွေ့ရှိလိုက်ရပြီး ၎င်း၏အပေါ်တွင် ကျောက်စားပွဲနှင့် ကျောက်ကုလားထိုင်များ ရှိနေခဲ့သည်။

ရှုချော့ကျွင်းသည် အဘိုးအိုတစ်ဦး တစ်ယောက်တည်း ထိုင်လျက် စစ်တုရင် ကစားနေသည်ကို မြင်တွေ့လိုက်ရသဖြင့် အနည်းငယ် ဆန်းကြယ်သွားပြီး ရှေ့သို့ တက်လှမ်းကာ...

"စီနီယာ... ဘာဖြစ်လို့ ဒီနေရာမှာ တစ်ယောက်တည်း စစ်တုရင် ထိုင်ကစားနေရတာလဲ "

ဟု မေးမြန်းလိုက်သည်။

ထိုအဘိုးအို၏ အရှိန်အဝါမှာ တည်ငြိမ်လွန်းလှပြီး သူ၏ ရှေ့မှောက်က စစ်တုရင်ခုံပေါ်တွင်မူ... အမည်းရောင်နှင့် အဖြူရောင် ကစားကွက်နှစ်ခုမှာ အလွန်ပင် ပြင်းထန်စွာ တိုက်ခိုက်နေကြသော်လည်း အမည်းရောင်ကွက်မှာ အဘက်ဘက်က ရှုံးနိမ့်မည့် အခြေအနေသို့ ရောက်ရှိနေခဲ့သည်။

အဘိုးအိုသည် သူမ၏ မေးခွန်းကို ကြားသော်လည်း တစ်ခွန်းမျှ ပြန်လည်ပြောဆိုခြင်း မရှိဘဲ စစ်တုရင်ခုံကိုသာ စူးစိုက်ကြည့်နေခဲ့သည်။

ရှုချော့ကျွင်းသည် ချင်ဟယ်စီရင်စု၏ ရှုမိသားစုမှ ဆင်းသက်လာသူ ဖြစ်ပေရာ ချင်ဟယ်စီရင်စုတစ်ခုလုံးတွင် စာပေယဉ်ကျေးမှု အလွန် ထွန်းကားပြီး ရှုမိသားစုသည်လည်း ထင်ရှားကျော်ကြားသော မျိုးရိုးဝါဒ မိသားစုကြီးတစ်ခု ဖြစ်ပေသည်။

ရှုချော့ကျွင်းသည် ငယ်စဉ်ကတည်းက စောင်းတီးခြင်း၊ စစ်တုရင်ကစားခြင်း၊ စာပေနှင့် ပန်းချီအတတ်ပညာများအပေါ် စိတ်ဝင်စားမှု မရှိခဲ့သော်လည်း အနည်းနှင့်အများဆိုသလို ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကို ခံခဲ့ရဖူးသည်။

ထို့ပြင် ဤရှုမိသားစု၏ အဒေါ်အိုကလေးသည် အလွန်ပင် ဉာဏ်ပညာ ထက်မြက်လှသဖြင့် မည်သည့် အတတ်ပညာမဆို တစ်ခါသင်ရုံဖြင့် တတ်မြောက်ခဲ့ကာ နတ်ဘုရားဆန်းကြယ်အတတ်များကိုလည်း လွယ်ကူစွာ အသုံးပြုနိုင်ခဲ့သူ ဖြစ်၏။

သူမသည် စစ်တုရင်ခုံကို တစ်ချက်မျှ ကြည့်ရုံဖြင့် မနေနိုင်တော့ဘဲ...

"အမည်းကွက်က ရှုံးနေပြီပဲ... ဆက်ပြီး ရုန်းကန်နေလည်း ဘာမှ အဓိပ္ပာယ်မရှိပါဘူး"

ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်တော့သည်။

ထို စိတ်ထဲရှိသည့်အတိုင်း တဲ့တိုးပြောတတ်သော အမျိုးသမီး အလှပဂေးသည် သိုင်းလောကထဲတွင် ရဲရင့်ပြတ်သားပြီး လူများကို စကားလုံးဖြင့် တိုက်ခိုက်ရသည်ကို နှစ်သက်သူ ဖြစ်ရာ... အဘိုးအိုက သူမကို ဂရုမစိုက်သည်ကို ဂရုမစိုက်ဘဲ စစ်တုရင်ခုံ၏ နိုင်ရှုံးအဖြေကို တိုက်ရိုက် ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။

အဘိုးအိုသည် လက်ထဲတွင် အမည်းရောင် စစ်တုရင်ရုပ်တစ်ခုကို ညှပ်ထားပြီး အချိန်အတော်ကြာအောင် မချနိုင်ဘဲ ရှိနေခဲ့သည်။ သူသည် စစ်တုရင်ခုံကို အချိန်အတော်ကြာအောင် စူးစိုက်ကြည့်နေခဲ့ရာ တစ်ကိုယ်လုံးမှာ ကျောက်ရုပ်တစ်ခုအလား တောင့်တင်းခဲနေခဲ့ပြီးမှ... နောက်ဆုံးတွင် ခေါင်းကို ဖြည်းညှင်းစွာ လှည့်လာခဲ့ပြီး...

"မင်းက ငါက မင်းကို ဂရုမစိုက်ဘူးဆိုပြီး အပြစ်တင်ချင်နေတာလား... ငါကတော့ မင်း ငါ့ရဲ့ စစ်တုရင်ကစားပွဲကို လာရောက်နှောင့်ယှက်တာကို အပြစ်မတင်ခဲ့ပါဘူး... အခုတော့ မင်းက စကားလုံးတွေနဲ့ ငါ့ရဲ့ စိတ်အာရုံကို လာရောက် နှောင့်ယှက်ဖျက်ဆီးနေပြီ"

ဟု ဆိုသည်။

ရှုချော့ကျွင်းသည် ထိုစကားကို ကြားလိုက်ရသဖြင့် မှင်တက်သွားခဲ့ရပြီး ခဏမျှ စဉ်းစားလိုက်ပြီးနောက် လက်ဝါးချင်းယှက်ကာ...

"စီနီယာ ပြောတာလည်း အကျိုးအကြောင်း ရှိပါတယ်... ဒါဆိုရင်တော့ ကျွန်မဘက်က စိတ်သဘောထား သေးသိမ်သွားခဲ့တာပဲ... ဒီနေရာမှာတင်ပဲ စီနီယာကို တောင်းပန်ပါတယ်"

ဟု ဆိုလိုက်သည်။

အဘိုးအို၏ မျက်နှာအမူအရာမှာ တည်ငြိမ်သွားခဲ့ပြီး လက်ထဲက အမည်းရောင် စစ်တုရင်ရုပ်ကို သေတ္တာထဲသို့ ပြန်လည် ထည့်သွင်းလိုက်ကာ အင်္ကျီလက်စကို ခါယမ်းလိုက်ရင်း...

"မင်းက အဲဒီလောက်အထိတော့ စိတ်ပျက်ဖို့ မကောင်းပါဘူး"

"ဒါပေမဲ့ မျက်စိရှိပြီး အမြင်မရှိသလို ဖြစ်နေတယ်... စစ်တုရင်ခုံပေါ်က နိုင်ရှုံးကိုတော့ မြင်နိုင်ပြီး... ငါ့ရဲ့ ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ စစ်တုရင် ကစားဖော်ကိုတော့ မမြင်နိုင်ဘူးလား"

ဟု ဆိုတော့သည်။

ရှုချော့ကျွင်းသည် ထိုစကားကို ကြားလိုက်ရသဖြင့် မျက်ခုံးများ ပင့်မော့သွားခဲ့ရပြီး မိမိ၏ နတ်မျက်စိ ကို ဖွင့်လှစ်ကာ ထိုအဘိုးအို၏ ရှေ့တည့်တည့်သို့ လှမ်းမျှော်ကြည့်လိုက်သော်လည်း မည်သည့် လူရိပ်လူယောင်မျှ ရှာဖွေတွေ့ရှိခြင်း မရှိချေ။

"ဘယ်မှာ လူရှိလို့လဲ..."

အဘိုးအိုက ထိုစကားကို ကြားသော် တစ်ချက် ပြုံးလိုက်ပြီး...

"မမြင်ရရင်လည်း ကိစ္စမရှိပါဘူး... မြန်မြန် တောင်အောက်ကို ဆင်းသွားပါ"

ဟု ဆိုသည်။

ရှုချော့ကျွင်းက တည်ငြိမ်စွာဖြင့်...

"ရှင်က တကယ်တော့ ဘယ်သူလဲ"

ဟု မေးမြန်းလိုက်သည်။

"တောင်ထဲက အမည်မရှိတဲ့ အဘိုးကြီးတစ်ယောက်ပါပဲ... ဘာနာမည်မှ မရှိပါဘူး"

အဘိုးအိုက ပြုံးလျက် ဆိုသည်။

ရှုချော့ကျွင်းသည် တစ်ဖက်လူကို စူးစိုက်ကြည့်နေခဲ့ရာ သူမ၏ လက်ထဲက ရှေးဟောင်းဓားရှည်မှာမူ တုန်ခါနေခဲ့ပြီး ဝုန်းဝုန်းဒိုင်းဒိုင်းနှင့် နဂါးဟိန်းသံကဲ့သို့သော အသံများ တိုးညှင်းစွာ ထွက်ပေါ်နေခဲ့သည်။

"ကျွန်မရဲ့ ဒီဓားက မိစ္ဆာတွေကို သတ်ဖြတ်တဲ့ ဓားပဲ... အကြောင်းရင်းမရှိဘဲ ဓားသံ ထွက်ပေါ်လာမှာ မဟုတ်ဘူး... ရှင်က အမှန်အတိုင်း မပြောဘူးဆိုရင်တော့... ကျွန်မတို့ တစ်ချက်လောက် တိုက်ခိုက်ကြည့်ရတာပေါ့"

စကားဆုံးသည်နှင့်တစ်ပြိုင်နက် ရှုချော့ကျွင်းသည် ဓားအရှိန်အဝါ တစ်ချက်ကို ထုတ်ဖော်ကာ ဖြတ်ခုတ်လိုက်တော့သည်။

ဤနယ်မြေအသစ်၏ နတ်ဘုရားတောင်ပေါ်တွင် လူတစ်ဦး တစ်ယောက်တည်း စစ်တုရင် ထိုင်ကစားနေခြင်းမှာ... ဤကိစ္စကြီးက မူလကတည်းကပင် ထူးဆန်းလွန်းလှပေသည်။

ရှုချော့ကျွင်း၏ ဓားအရှိန်အဝါ ဖြတ်ခုတ်သွားသည့်အခါ...

အဘိုးအိုက အင်္ကျီလက်စကို ခပ်ဖွဖွ ခါယမ်းလိုက်ရုံမျှဖြင့် ထိုဓားအရှိန်အဝါကို ဖမ်းယူ ပျောက်ကွယ်သွားစေခဲ့သည်။

သူမ၏ ဓားအရှိန်အဝါမှာ အလွန်ပင် ထက်မြက်လှသဖြင့် နယ်ပယ်ပြင်ပ မိစ္ဆာသွေးသားများပင် ကြောက်လန့်ရသည် ဖြစ်သော်လည်း... ဤအဘိုးအိုကမူ တည်ငြိမ်သော မျက်နှာအမူအရာဖြင့် အလွန်ပင် လွယ်ကူစွာ ခုခံသွားနိုင်ခဲ့ခြင်း ဖြစ်၏။

"မြန်မြန် တောင်အောက်ကို ဆင်းသွားပါ"

အဘိုးအို၏ လေသံမှာ စည်တီးလိုက်သည့်အလား ဟိန်းထွက်သွားခဲ့ပြီး ရှုချော့ကျွင်း၏ နားစည်ထဲသို့ ရိုက်ခတ်သွားခဲ့သည်။

ထိုရှုမိသားစု၏ အဒေါ်အိုကလေးသည် မျက်နှာတွင် အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသော်လည်း... သူမက ရုတ်တရက် ဓားကို ဓားအိမ်အတွင်းသို့ ပြန်လည် ထည့်သွင်းလိုက်ပြီး...

"ရှင်က ကျွန်မကို အပေါ်ကို မတက်ခိုင်းလေ... ကျွန်မက ပိုပြီးတော့ တက်ချင်လေပဲ... မဟုတ်ရင် ရှင် ကျွန်မကို ရိုက်သတ်ပစ်လိုက်လေ"

ဟု ရှုချော့ကျွင်းက တည်ငြိမ်စွာ ဆိုလိုက်သည်။

သူမသည် ထိုအဘိုးအို၏ ဘေးနားမှနေ၍ လျှောက်လှမ်း ထွက်ခွာသွားခဲ့ပြီး...

ဒေါက် ဒေါက် ဒေါက် နှင့် တောင်ပေါ်သို့ ဆက်လက် တက်လှမ်းသွားတော့သည်။

အဘိုးအိုသည် သူမ၏ ကျောပြင်ကို စူးစိုက်ကြည့်နေခဲ့ပြီး ခဏအကြာတွင်မှ ခေါင်းကို ခါယမ်းလိုက်ကာ...

"မိုက်မဲလိုက်တာ... ငါ့ရဲ့ စေတနာစကားကို နားမထောင်တဲ့အတွက်... နောက်ဆုံးတော့ မင်းရဲ့ အသက်ကို ဒီတောင်ထဲမှာပဲ စတေးရတော့မှာပဲ"

ဟု ရေရွတ်မိသည်။

ရှုချော့ကျွင်းသည် အပြင်ပန်းတွင် တည်ငြိမ်နေသကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်တော့ သူမ၏ခန္ဓာကိုယ် စွမ်းအင်ကြောများ အတွင်း၌ ပြင်းထန်လှသော ဓားအရှိန်အဝါများကို လျှို့ဝှက်စွာ စုစည်းထားပြီး အဆင်သင့် ပြင်ဆင်ထားခဲ့သည်။

"ဒီအဘိုးအိုဆီမှာ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေ ရှိမနေဘူး... သူက လူတွေကို ဇွတ်အတင်း တားဆီးချင်ပုံလည်း မရဘူး"

ရှုချော့ကျွင်းက မျက်မှောင်ကြုတ်လိုက်မိသည်။

သူမသည် ထိုနတ်ဘုရားတောင်ထိပ်မှ လျှို့ဝှက်စွာ ဖြာထွက်နေသော ဆန်းကြယ်သည့် ရောင်စဉ်တန်းများအပေါ် ပိုမို၍ စိတ်ဝင်စားသွားခဲ့ရသည်။

"ဒါက နတ်သမီး ၊ နတ်ဘုရားတွေရဲ့ တားမြစ်ချက် ပိတ်ဆို့မှုမျိုး ဖြစ်နေတာလား..."

ရှုချော့ကျွင်းက စိတ်ထဲတွင် တွေးတောလိုက်မိသည်။

ရှုချော့ကျွင်းသည် တောင်ပေါ်သို့ ဆက်လက် တက်လှမ်းခဲ့ရာ... တောင်ကွေ့တစ်ခုစီသို့ ရောက်ရှိတိုင်း မူလက မြင်တွေ့ခဲ့ရသော အဘိုးအိုနှင့် ပုံစံတူ အဘိုးအိုတစ်ဦး စစ်တုရင် ထိုင်ကစားနေသည်ကို ဆက်တိုက် မြင်တွေ့လိုက်ရပြန်သည်။

သို့သော်လည်း ရှုချော့ကျွင်းတွင် အတွေ့အကြုံ ရှိသွားခဲ့ပြီဖြစ်ရာ ယခုတစ်ခေါက်တွင်မူ ထိုအဘိုးအိုများကို စကားလုံးဖြင့် သွားရောက်ပတ်သက်ခြင်း မပြုတော့ဘဲ တောင်ပေါ်သို့ တိုက်ရိုက် တက်လှမ်းသွားခဲ့သဖြင့် မည်သည့် ပြဿနာမျှ ဖြစ်ပွားခြင်း မရှိခဲ့ချေ။

သူမ တောင်ထိပ်သို့ အောင်မြင်စွာ ရောက်ရှိသွားသည့်အခါတွင်မူ... သူမ၏ နဖူးထက်တွင် ချွေးစေးများ စိမ့်ထွက်နေခဲ့သည်။ သူမ၏ အသားအရေမှာ အလွန်ပင် ဖြူဖွေးလှသဖြင့် နဖူးထက်တွင် ကပ်ငြိနေသော ဆံစအနည်းငယ်က သူမကို ပိုမို၍ ဆွဲဆောင်မှုရှိကာ လှပသွားစေခဲ့သည်။

သို့သော်လည်း ရှုချော့ကျွင်းသည် ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ရပြီး မျက်နှာအမူအရာမှာ အလွန်ပင် လေးနက်သွားခဲ့ရတော့သည်။

တောင်ထိပ်ပေါ်တွင်မူ... မထင်မှတ်ဘဲ အဘိုးအိုတစ်ဦး တစ်ယောက်တည်း စစ်တုရင် ထိုင်ကစားနေသည်ကို ထပ်မံ မြင်တွေ့လိုက်ရပြန်သည်။

ထို့ပြင် ထိုအဘိုးအိုမှာ သူမ အစောပိုင်းက မြင်တွေ့ခဲ့ရသော လူနှင့် တစ်ပုံစံတည်း တူညီလွန်းလှပြီး...

သူ၏ ရှေ့မှောက်တွင်လည်း မည်သည့် လူရိပ်လူယောင်မျှ ရှိမနေခဲ့ချေ။

သူ၏ ဘေးနားတွင်မူ ရှေးကျလှသော ထင်းရှူးပင်အိုကြီးတစ်ပင် ရှိနေခဲ့ပြီး အဘိုးအိုသည် ထိုထင်းရှူးပင်အိုကြီး၏ အောက်တွင် ထိုင်နေခြင်း ဖြစ်သည်။

ယခင်က နေရာများနှင့် မတူညီသည့်အချက်မှာ... ဤနေရာတွင် အပင်အိုကြီးတစ်ပင် ပိုမို ပါဝင်လာခြင်း ဖြစ်ပြီး၊ အခြားတစ်ချက်မှာမူ သူ၏ ဘေးနားတွင် ဝတ်စုံစိမ်းဝတ် အမျိုးသားတစ်ဦး ပိုမို ရောက်ရှိနေခြင်း ဖြစ်ပေသည်။

"သူပါလား..."

ရှုချော့ကျွင်းက မှင်တက်သွားခဲ့ရပြီး... ထိုလူမှာ အစောပိုင်းက မိမိ မြင်တွေ့ခဲ့ရသော မျက်နှာထက်တွင် ဝမ်းနည်းကြေကွဲခြင်း ခံစားချက်များ ပြည့်နှက်နေကာ စိတ်ရှုပ်ထွေးနေခဲ့သည့် အမျိုးသား ဖြစ်သည်ကို မှတ်မိသွားခဲ့သည်။

ထိုဝတ်စုံစိမ်းဝတ် အမျိုးသားမှာ မဟာချန်နိုင်ငံ၏ လေကျင့်ကြံသူ တစ်ဦး ဖြစ်ပေရာ သူ၏ ကိုယ်ပေါ်တွင် ကြီးမားလှသော ကံကြမ္မာ အရှိန်အဝါများ ရှိနေခဲ့ပြီး အလွန်ပင် ဉာဏ်ပညာ ထက်မြက်သူ ဖြစ်၏။ သူ၏ မျိုးရိုးအမည်မှာ ဟွမ်ဖူ ဖြစ်ပြီး နာမည်မှာ ဖျင် ဖြစ်ပေသည်။

ဟွမ်ဖူဖျင်... သူနှင့် တစ်ခေတ်တည်းဖြစ်သော မဟာချန်နိုင်ငံ၏ လေကျင့်ကြံသူများမှာ အစောပိုင်းကတည်းကပင် ကွယ်လွန် ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သော်လည်း... အချို့သော လူများမှာ အမျိုးမျိုးသော ကောင်းကင်နှင့်မြေပြင် ရတနာပစ္စည်းများကို အသုံးပြုကာ အသက်ရှင် ကျန်ရစ်ခဲ့ကြပြီး၊ အချို့မှာမူ ရတနာပစ္စည်းများ လိုက်လံလုယက်သည့် လုပ်ငန်းစဉ်များအတွင်း၌ ကျဆုံးသွားခဲ့ကြရသည်။

ခွန်လွန်တောင်၊ ခုံးထုံတောင်၊ ဟွာရှန်းတောင် စသည့် နေရာသုံးခုစလုံးသို့ သူ သွားရောက်ဖူးခဲ့ပြီး... ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း အလင်းတန်းများကို ကြည့်ရှုလေ့လာကာ မဟာတရားတော်များကို ဆင်ခြင်သုံးသပ်ခဲ့ဖူးသော်လည်း နေရာတစ်ခုချင်းစီတွင် ရေရှည် နေထိုင်ခဲ့ခြင်း မရှိချေ။

အမှန်တကယ်တော့ ဒါကလည်း ကံကောင်းလွန်း၍ ဖြစ်ပေရာ... မဟုတ်ပါက သူသည် ခုံးထုံတောင်တွင် ဖြစ်စေ၊ ဟွာရှန်းတောင်တွင် ဖြစ်စေ သေဆုံးသွားခဲ့ပြီး ဖြစ်ပေလိမ့်မည်။

ချင်းဝမ်စံအိမ်တော်၏ အိမ်ရှေ့မင်းသားသည် ဝမ်ချွမ်းမြစ် ကနေ ပြန်လည် ရောက်ရှိလာခဲ့ပြီးနောက် လူမြောက်မြားစွာကို သတ်ဖြတ်ခဲ့ဖူးပေသည်။

ဝတ်စုံစိမ်းဝတ် အမျိုးသား ဟွမ်ဖူဖျင်သည် ရုတ်တရက် ကောင်းကင်ကို မော့ကြည့်ကာ အော်ဟစ် ရယ်မောလိုက်ပြီး...

"ကျွန်တော် နားလည်သွားပြီ... မထင်မှတ်ဘဲ ဒီလျှို့ဝှက်ချက်က ဒီစစ်တုရင်ခုံထဲမှာ ရှိနေတာ မဟုတ်ဘူးပဲ"

ဟု ဆိုလိုက်သည်။

သူ၏ စကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်... ထိုအဘိုးအိုသည် ရုတ်တရက် သူ၏အကြည့်ကို လှည့်လာခဲ့ပြီး တည်ငြိမ်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

ဝတ်စုံစိမ်းဝတ် အမျိုးသားသည် ရှေ့သို့ တက်လှမ်းလိုက်ပြီး အင်္ကျီလက်စကို ခါယမ်းလျက်... စစ်တုရင်ခုံပေါ်က အမည်းရောင်နှင့် အဖြူရောင် စစ်တုရင်ရုပ်များကို တိုက်ရိုက် ပုတ်ထုတ်ပစ်လိုက်ရာ စစ်တုရင်ရုပ်များမှာ မြေပြင်ပေါ်သို့ ဖရိုဖရဲ လွင့်စင်သွားခဲ့ရတော့သည်။

အဘိုးအိုက ဒေါသတကြီးဖြင့်...

"မင်း ဒါ ဘာလုပ်တာလဲ..."

ဟု ဟိန်းဟောက်လိုက်သည်။

ဝတ်စုံစိမ်းဝတ် အမျိုးသား ဟွမ်ဖူဖျင်က ပြုံးလျက်...

"စစ်တုရင်ကစားပွဲ မရှိတော့ရင်... သဘာဝအတိုင်း နိုင်ရှုံးအဖြေဆိုတာလည်း ပြောစရာ မလိုတော့ပါဘူး... စီနီယာက ဘာဖြစ်လို့ ဒီလောက်အထိ ဇွတ်အတင်း စွဲလမ်းနေရတာလဲ"

ဟု ဆိုလိုက်၏။

အဘိုးအိုသည် စောစောက ဒေါသထွက်သွားသည့် အရှိန်အဟုန်ကြောင့်... သူ၏ ကိုယ်ပေါ်က အရှိန်အဝါများ ဖြာထွက်လာခဲ့ရာ ကမ္ဘာကြီးကိုပင် တုန်လှုပ်စေမည့်အလား ပြင်းထန်လှပေသည်။

တစ်ခဏအတွင်းမှာပင်... နတ်ဘုရားတောင်ပေါ်က တောင်ကွေ့လမ်းစဉ်များပေါ်တွင် ရှိနေခဲ့ကြသော အဘိုးအိုများအားလုံးမှာလည်း တစ်ပြိုင်နက်တည်း ဒေါသတကြီးဖြင့် တုံ့ပြန်လိုက်ကြရာ လုပ်ဆောင်ချက်များမှာ အလွန်ပင် ညီညွတ်လှပေသည်။

သူ၏ အရှိန်အဝါမှာ တောင်တန်းကြီးများအလား လေးလံလှပြီး အလွန်ပင် ထူထဲလှပေသည်။

ယခုအချိန်တွင် သူသည် ဝတ်စုံစိမ်းဝတ် အမျိုးသား ဟွမ်ဖူဖျင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ရုတ်တရက် ခပ်ဖွဖွ ပြုံးလိုက်သည်။

"တိုင်းပြည်ရဲ့ မျိုးဆက်သစ်တွေထဲမှာ ထူးချွန်တဲ့ လူရည်ချွန်တွေ ပေါ်ထွက်လာတာပဲ... မင်းက ကြီးမားလှတဲ့ ကံကြမ္မာ အရှိန်အဝါ ရှိတဲ့သူတစ်ဦး ဖြစ်တာနဲ့အညီ ထိုက်တန်ပါတယ်... ဒါပေမဲ့ နှမြောစရာကောင်းတာက မင်းရဲ့ ကံကြမ္မာထဲမှာ ဘေးဒဏ်ကြီးတွေ အလွန်များပြားလှပြီး... မွန်မြတ်တဲ့ လူ ရဲ့ အကူအညီကို မရရှိဘူးဆိုရင်... စောစောစီးစီး ကျရှုံးသွားရလိမ့်မယ်"

ဟု ဆိုသည်။

ဝတ်စုံစိမ်းဝတ် အမျိုးသား ဟွမ်ဖူဖျင်က ခေါင်းကို ခါယမ်းလိုက်ပြီး တစ်ခွန်းမျှ ပြန်လည် မပြောဆိုတော့ချေ။

သူသည် မိမိနှင့် လွဲချော်သွားခဲ့ရသော နတ်ဘုရားလက်နက် များ ဖြစ်ကြသည့် ကောင်းကင်ဖဲကြိုး ၊ ဝိညာဉ်ခြောက်ခြားခေါင်းလောင်း ၊ မီးလျှံလှံ တို့ကို ပြန်လည် တွေးတောမိလိုက်သည်။

ထို နတ်ရတနာ သုံးခုစလုံးမှာ တခြားလူများ၏ လုယက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ပေသည်။

"စီနီယာရဲ့ ဒီစကားကတော့ သိပ်ပြီးတော့ မတိကျဘူးဗျာ... ကျွန်တော့်မှာ ကံကြမ္မာ အရှိန်အဝါ ရှိတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ ဒါက ဘာမှ အသုံးမဝင်ပါဘူး... နတ်ဘုရားလက်နက် သုံးခုစလုံးနဲ့ လွဲချော်သွားခဲ့ရပြီးပြီ"

ဟု ဝတ်စုံစိမ်းဝတ် အမျိုးသားက ဆိုသည်။

အဘိုးအိုက အံ့ဩစွာဖြင့်...

"ဒီလို ကိစ္စမျိုးအထိ ရှိနေရတာလား..."

ဟု ဆိုလိုက်မိသည်။

သို့သော်လည်း ပြန်လည် တည်ငြိမ်သွားခဲ့ပြီးနောက်... သူက ဝတ်စုံစိမ်းဝတ် အမျိုးသား ဟွမ်ဖူဖျင်ကို ကြည့်လိုက်သည့် မျက်ဝန်းအစုံမှာ အနည်းငယ် ထူးဆန်းသွားခဲ့ရတော့သည်။

ဟွမ်ဖူဖျင်သည် အဘိုးအို၏ မျက်ဝန်းထဲက ထူးဆန်းသော အဓိပ္ပာယ်ကို သတိမပြုမိဘဲ တိုးညှင်းသော လေသံဖြင့်...

"စီနီယာ... ကျွန်တော် ဒီနေရာက စမ်းသပ်ချက်ကို အောင်မြင်သွားပြီလို့ သတ်မှတ်လို့ ရမလား"

ဟု မေးမြန်းလိုက်သည်။

အဘိုးအိုသည် မြေပြင်ပေါ်တွင် ဖရိုဖရဲ လွင့်စင်နေသော စစ်တုရင်ရုပ်များကို ကြည့်ရင်း ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းချလိုက်မိသည်။

"မင်းပြောတာ မှန်ပါတယ်... စစ်တုရင်ကစားပွဲ မရှိတော့ရင်... သဘာဝအတိုင်း နိုင်ရှုံးအဖြေဆိုတာလည်း ပြောစရာ မရှိတော့ပါဘူး"

ဟု ရေရွတ်မိသည်။

ဝတ်စုံစိမ်းဝတ် အမျိုးသား ဟွမ်ဖူဖျင်၏ မျက်ဝန်းအစုံမှာ လင်းလက်သွားခဲ့ရပြီး ချက်ချင်းပင် အနည်းငယ် ဝမ်းမြောက်သွားခဲ့ရတော့သည်။

"အစောပိုင်းက အဘိုးအိုရဲ့ စကားတွေက စမ်းသပ်ချက်တစ်ခု ဖြစ်ပြီး... ဒီအမျိုးသားက အောင်မြင်သွားခဲ့တာပေါ့..."

ရှုချော့ကျွင်းက မျက်မှောင်ကြုတ်လိုက်မိသည်။

အဘိုးအိုက သက်ပြင်းချလိုက်ပြီး...

"စောင့်ရင်း စောင့်ရင်းနဲ့... ဒီထက်ပိုပြီး ကောင်းမွန်တဲ့ ရွေးချယ်စရာ မရှိတော့ဘူးထင်တယ်"

ဟု ဆိုသည်။

သူက ရှုချော့ကျွင်းကို တစ်ချက် ကြည့်လိုက်ပြီး...

"နှမြောစရာကောင်းတာက... မထင်မှတ်ဘဲ အမျိုးသမီးတစ်ဦး ဖြစ်နေပြန်တယ်"

ဟု ဆိုလိုက်ပြန်သည်။

ဝတ်စုံစိမ်းဝတ် အမျိုးသား ဟွမ်ဖူဖျင်၏ နှုတ်ခမ်းအစုံမှာ တစ်ချက် တွန့်ခနဲ ဖြစ်သွားခဲ့ရသည်။

ဒါက အထင်သေးခြင်း ခံလိုက်ရတာပဲ

သို့သော်လည်း နောက်တစ်ဆက်တည်းမှာပင် သူက အနည်းငယ် စိတ်သက်သာရာရသွားခဲ့ပြီး... ဒါက သွယ်ဝိုက်သော နည်းလမ်းဖြင့် အဘိုးအိုက မိမိကို အသိအမှတ်ပြုလိုက်ခြင်း ဖြစ်သည်ဟု တွေးတောလိုက်မိသည်။

သူသည် ရှုချော့ကျွင်းထက် စောစီးစွာ တောင်ပေါ်သို့ တက်လှမ်းခဲ့သူဖြစ်ရာ ဤအဘိုးအို၏ မရိုးရှင်းသော ဆန်းကြယ်မှုကို သိရှိထားပြီး ဖြစ်ပေသည်။

ထို့ပြင် သူသည် သိုင်းလောကထဲတွင် မည်မျှလောက်သော ဂူဗိမာန်များကို တူးဖော်ခဲ့ဖူးသည်၊ မည်မျှလောက်သော လျှို့ဝှက်နယ်မြေများဆီသို့ သွားရောက်ဖူးသည်ကို မသိရချေ။ စည်းမျဉ်းစည်းကမ်း မြောက်မြားစွာကိုလည်း သိရှိထားပြီး ဖြစ်သဖြင့် စမ်းသပ်ချက်များကို ကျော်ဖြတ်ရန်အတွက်မူ သူက ဆရာကြီးအဆင့် ဟု ပြောရမည် ဖြစ်ပေသည်။

သို့သော်လည်း နောက်တစ်ခဏ၌... ဝတ်စုံစိမ်းဝတ် အမျိုးသား ဟွမ်ဖူဖျင်သည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ဖြန့်ကြက်လာသည်ကို ခံစားလိုက်ရသည်။

၎င်းမှာ ဤအဘိုးအို၏ ရှေ့တည့်တည့်က ဟင်းလင်းပြင်ထဲမှနေ၍ ကူးပြောင်း ရောက်ရှိလာခြင်း ဖြစ်ပုံရပေသည်။

"ဒီဘက်မှာ တကယ်ပဲ လူရှိနေတာလား..."

ဟွမ်ဖူဖျင်က မျက်မှောင်ကြုတ်လိုက်မိပြီး ချက်ချင်းပင် သတိကြီးစွာ ပြင်ဆင်လိုက်တော့သည်။

"မသေသေးဘူးလား..."

အဘိုးအိုက ဒေါသတကြီးဖြင့် ကြိမ်းမောင်းလိုက်သည်။

ထိုစဉ် သာယာနာပျော်ဖွယ်ကောင်းသော အမျိုးသမီးတစ်ဦး၏ အသံ ပေါ်ထွက်လာခဲ့ပြီး တည်ငြိမ်စွာဖြင့်...

"အဲဒီတုန်းက ငါက နင့်ရဲ့ ဒီကျန်ရှိနေတဲ့ စိတ်အာရုံကို အမှုန့်ခြေပစ်ဖို့ လက်မတင်ကလေးပဲ လိုတော့တာ... နင်က ကျိုထျန်ယွမ်ယန်ချီ ကို အသုံးပြုပြီး ငါ့ကို ချုပ်နှောင်ခဲ့တာပဲ၊ ဒါပေမဲ့ နင်ကိုယ်တိုင်လည်း သိပါတယ်... ငါ တစ်နေ့နေ့မှာ ပိတ်ဆို့မှုကို ဖြတ်ကျော်နိုင်မယ့်ရက် ရှိလာလိမ့်မယ်ဆိုတာကို "

"ဒါပေမဲ့ မထင်မှတ်ဘဲ ငါတို့တွေက ရုတ်တရက် ဒီနေရာမှာ အတူတူ ချိတ်ပိတ်ခြင်း ခံလိုက်ရတယ်... ချိတ်ပိတ်ခြင်း စွမ်းအားက မဟာတရားတော်တွေကို ဖြတ်တောက်ထားခဲ့ပြီး ယွင်ထိုင်ရှန်း နယ်မြေကလည်း သီးခြား ကမ္ဘာတစ်ခု ဖြစ်သွားခဲ့ရတယ်... ဒါကြောင့်ပဲ ငါက ဒီပိတ်ဆို့မှုကို အခုထက်ထိ မဖျက်ဆီးနိုင်ခဲ့တာ"

"အခု ဒီလူပြောသလိုပဲ... စစ်တုရင်ခုံကို ပုတ်ထုတ်ပစ်လိုက်ရင်... အခြေအနေက အောက်ဖက်ကို ရောက်နေရင်တောင်မှ နိုင်ရှုံးအဖြေ မထွက်သေးဘူးလို့ ပြောလို့ရတာပေါ့... ဒါက ငါ့ရဲ့ အခြေအနေကို ကွက်တိ ဖော်ပြနေတာပဲ"

ဟု ဆိုသည်။

အဘိုးအိုက အေးစက်သော လေသံဖြင့်...

"နင် သိနေရင်လည်း... မြန်မြန် နောက်ဆုတ်မသွားသေးဘူးလား၊ ငါ ရှိနေသရွေ့တော့... နင် ဘယ်တော့မှ ခေါင်းထောင်နိုင်မှာ မဟုတ်ဘူး "

ဟု ဟိန်းဟောက်လိုက်သည်။

ထို သာယာနာပျော်ဖွယ်ကောင်းသော အမျိုးသမီး၏ အသံက ထပ်မံ ထွက်ပေါ်လာခဲ့ပြီး လှောင်ပြောင် သရော်သော လေသံဖြင့်...

"ဟုတ်လို့လား..."

ဟု မေးလိုက်သည်။

နောက်တစ်ခဏ၌... နတ်အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး ထိုနတ်အလင်းတန်း၏ အတွင်း၌ လူရိပ်တစ်ခုကို ဝန်းရံထားခဲ့သည်။ ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး ခန္ဓာကိုယ် ပုံသဏ္ဌာန်မှာမူ အလွန်ပင် သွယ်လျလှပေရာ ကြည့်ရသည်မှာ အမျိုးသမီးတစ်ဦးနှင့် တူညီလွန်းလှသည်။

ထိုအလင်းတန်းများမှာ ပိုမို၍ ထူထပ်လာခဲ့ပြီးဖြစ်သဖြင့် ထိုလူရိပ်ကိုပင် သေသေချာချာ မြင်တွေ့ရခြင်း မရှိတော့ဘဲ... ထိုနေရာတွင် နတ်အလင်းတန်းတစ်ခုသာ မတ်တပ်ရပ်နေသည့်အလား ဖြစ်နေခဲ့သည်။

အဘိုးအို၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့ရသည်။

"မဖြစ်နိုင်တာ... ငါက ကျိုထျန်ယွမ်ယန်ချီ ကို အသုံးပြုပြီး နင့်ကို သေသေချာချာ ချုပ်နှောင်ထားခဲ့တာပဲ "

ဟု ဆိုလိုက်မိသည်။

နတ်အလင်းတန်းအတွင်းက လူရိပ်က လှောင်ပြောင် ရယ်မောလိုက်ပြီး...

"နင်က ကွယ်ပျောက်တော့မယ့် စိတ်အာရုံ လက္ခဏာတစ်ခု ဖြစ်တာနဲ့အညီ... ငါ့ရဲ့ နတ်ဘုရားဆန်းကြယ်အတတ်တွေရဲ့ ဆန်းကြယ်မှုကို ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ"

"ဒီနေရာက မဟာသျှံပြည် နဲ့ လမ်းကြောင်း ပြန်ပွင့်လာပြီး လူ့လောကထဲကို ပြန်လည် ပေါ်ထွက်လာတာနဲ့တစ်ပြိုင်နက်... ငါက ချိတ်ပိတ်မှုကို ဖျက်ဆီးပစ်ခဲ့တာပဲ"

ဟု ဆိုလိုက်သည်။

ပြင်းထန်လှသော အရှိန်အဝါတစ်ခုမှာ နတ်ဘုရားတောင်ထိပ်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့ရတော့သည်။

အဘိုးအိုက အံ့ဩတုန်လှုပ်စွာဖြင့်...

"မဖြစ်နိုင်တာ ဒါဆိုရင်... နင်က ဘာဖြစ်လို့ မထွက်ခွာသွားဘဲ... ငါ့ရဲ့ စစ်တုရင်တရားတော်ရဲ့ ချုပ်နှောင်မှုအောက်မှာပဲ ဆက်ပြီး ရှိနေရတာလဲ"

ဟု မေးမြန်းလိုက်သည်။

နတ်အလင်းတန်းအတွင်းက လူရိပ်က တစ်ချက် ပြုံးလိုက်သည်။

ရှုချော့ကျွင်းနှင့် ဝတ်စုံစိမ်းဝတ် အမျိုးသား ဟွမ်ဖူဖျင်တို့သည် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု၏ စူးစိုက်ကြည့်ခြင်းကို ခံလိုက်ရသည့်အလား ခံစားလိုက်ရပြီး ကျောရိုးထဲအထိ စိမ့်ဝင်လုမတတ် ထိတ်လန့်တုန်လှုပ်သွားခဲ့ရတော့သည်။

"သဘာဝအတိုင်းပဲ... နင် အကောင်းဆုံး မျိုးဆက်သစ်ကို ရွေးချယ်ပေးမယ့်အချိန်ကို စောင့်နေတာပေါ့... နင့်ရဲ့ ကျင့်ကြံခြင်း နယ်ပယ်က ငါ့ကို မမှီပေမဲ့... လူရွေးတဲ့ အမြင်ကတော့ မဆိုးပါဘူး"

အဘိုးအိုသည် ချက်ချင်းပင် အလွန်အမင်း ဒေါသထွက်သွားခဲ့ရတော့သည်။

ဝတ်စုံစိမ်းဝတ် အမျိုးသားသည် ထိုစကားကို ကြားလိုက်ရသဖြင့် စိတ်ထဲတွင် အေးစက်သွားခဲ့ရပြီး ရေခဲတိုက်အတွင်းသို့ ရောက်ရှိသွားသည့်အလား ခံစားလိုက်ရသည်။

တစ်ဖက်လူ၏ စကားလုံးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အဓိပ္ပာယ်များ ပြည့်နှက်နေခဲ့သည်။

"တောက်... မထင်မှတ်ဘဲ ဒါက ထောင်ချောက်တစ်ခု ဖြစ်နေတာပဲ "

ဝတ်စုံစိမ်းဝတ် အမျိုးသားသည် အလွန်ပင် ဉာဏ်ပညာ ထက်မြက်သူဖြစ်ရာ ယခုအခါ ဤအဘိုးအိုသည် ကျန်ရှိနေသော စိတ်အာရုံမျှသာ ဖြစ်ပြီး၊ နတ်အလင်းတန်းအတွင်းက လူရိပ် ထိန်းချုပ်ထားသော နတ်ဘုရားဆန်းကြယ်အတတ်မှာမူ အလွန်ပင် လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်ကို ရိပ်မိသွားခဲ့သည်။

သူသည် ချက်ချင်းပင် ဆန်းကြယ်အတတ်ကို အသုံးပြုကာ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်လိုက်သော်လည်း... ကိုယ်ပေါ်တွင် အလင်းတန်းတစ်ခု ဝင်းခနဲ ဖြစ်သွားခဲ့ပြီး ထိုနေရာ၌ပင် ပိတ်ဆို့ချုပ်ချယ်ခြင်း ခံလိုက်ရတော့သည်။

နတ်အလင်းတန်းအတွင်းက ဝေဝါးလှသော လူရိပ်က လှောင်ပြောင် ရယ်မောလိုက်ပြီး...

"အစောပိုင်းက မင်းပြောတဲ့ ပိတ်ဆို့မှုကို ဖျက်ဆီးမယ့် နည်းလမ်းက အလွန် ကောင်းမွန်ပါတယ်... ဒီခန္ဓာကိုယ်ကလည်း မဆိုးပါဘူး၊ ငါ မင်းရဲ့ စိတ်အာရုံ အစိတ်အပိုင်းတချို့ကိုတော့ ချန်ထားပေးနိုင်ပါတယ်"

ဟု ဆိုသည်။

ဤလူသည် ကောင်းကင်နှင့်မြေပြင်ကို ပိတ်ဆို့ထားခဲ့ပြီး စွမ်းအားမှာ အလွန်ပင် ပြင်းထန်လှပေသည်။

ဝတ်စုံစိမ်းဝတ် အမျိုးသား ဟွမ်ဖူဖျင်က ဟန်မပျက် ပြုံးလိုက်ရင်း...

"အရှင် ပြောတဲ့ အဓိပ္ပာယ်အရ... ခန္ဓာကိုယ်တစ်ခုကို ငှားရမ်းအသုံးပြုချင်တာ ထင်တယ်... ဒါပေမဲ့ ကျွန်တော်က အမျိုးသားတစ်ယောက် ဖြစ်နေတဲ့အတွက် အဆင်မပြေမှုတွေ အများကြီး ရှိလာနိုင်ပါတယ်ဗျာ"

ဟု ဆိုလိုက်သည်။

ရှုချော့ကျွင်း : "………………"

သူမသည် ထိုစကားကို ကြားသည်နှင့်တစ်ပြိုင်နက် ဓားအိမ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်တော့သည်။

တကယ့်ကို ကောင်းမွန်လှသော "သူတစ်ပါး ကျဆုံးပါစေ၊ မိမိ မကျဆုံးပါစေနှင့်" ဆိုသည့် စိတ်ဓာတ်ပါပဲ။

နတ်အလင်းတန်းအတွင်းက လူရိပ်က...

"အမျိုးသားအသွင်၊ အမျိုးသမီးအသွင် ဆိုတာအားလုံးက စိတ်အာရုံရဲ့ လှည့်စားမှုတွေပါပဲ... ပြီးတော့ မင်းက အတွေးလွန်နေပြီ၊ ငါက မင်းကို ဝါးမြိုပစ်ချင်ရုံသက်သက်ပဲ"

ဟု ဆိုသည်။

သူမက အလွန် စိတ်ရှည်စွာဖြင့် ရှင်းပြနေခဲ့ပြီး လေသံမှာလည်း အလွန်ပင် နူးညံ့လှပေသည်။

ဝတ်စုံစိမ်းဝတ် အမျိုးသား : "………………"

ထိုအဘိုးအိုက သက်ပြင်းခပ်ဖွဖွ တစ်ချက် ချလိုက်ပြီး တည်ငြိမ်စွာဖြင့်...

"လာစမ်း"

ဟု အော်ဟစ်လိုက်သည်။

စကားဆုံးသည်နှင့်တစ်ပြိုင်နက် ပေတံပုံသဏ္ဌာန် ရတနာတစ်ခုမှာ သူ၏ လက်ထဲသို့ ပျံသန်း ရောက်ရှိလာခဲ့ပြီး နတ်အလင်းတန်းများ တောက်ပကာ ရောင်စဉ်တန်းများ ဝန်းရံထားခဲ့သည်။

"မိတ်ဆွေငယ်... ဒီရတနာရဲ့ နာမည်က ကျိုထျန်ယွမ်ယန်ချီ လို့ ခေါ်တယ်၊ ဒါက ကျုံးနန်ရှန်းတောင်ရဲ့ တောင်စောင့်ရတနာပဲ... မင်းက ငါ ရွေးချယ်ထားတဲ့သူ ဖြစ်တာနဲ့အညီ၊ မင်းကို အန္တရာယ်ဖြစ်အောင် ငါ ခွင့်ပြုမှာ မဟုတ်ဘူး"

အဘိုးအို၏ စကားလုံးများမှာ လူကို အလွန်ပင် တည်ငြိမ်သွားစေနိုင်သော စွမ်းအား ရှိပေသည်။

ဝတ်စုံစိမ်းဝတ် အမျိုးသား၏ အကြည့်များမှာ သူ၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ပြီး...

"စီနီယာကို ကျေးဇူးတင်ပါတယ်"

ဟု ဆိုလိုက်သည်။

အဘိုးအို၏ ကိုယ်ပေါ်တွင် ပြတ်သားလှသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့ပြီး အလွန်ပင် ရဲရင့်ပြတ်သားကာ...မော်ကြွားလှပေသည်။

သူ၏ အကြည့်များမှာ ဓားကဲ့သို့ ထက်မြက်လှပြီး နတ်အလင်းတန်းအတွင်းက ဝေဝါးလှသော လူရိပ်ပေါ်သို့ စူးစိုက်ကြည့်လျက်...

"မိတ်ဆွေငယ်... မင်းရဲ့ ခန္ဓာကိုယ်ကို ခေတ္တမျှ ငှားရမ်း အသုံးပြုပါရစေ... အတိတ်က ငါ သူမကို ချုပ်နှောင်နိုင်ခဲ့ရင်... ဒီနေ့လည်း အတူတူ ချုပ်နှောင်နိုင်ရမယ် "

ဟု ဆိုသည်။

သူ၏ လေသံမှာ အလွန်ပင် ပြတ်သားလှပြီး အကြည့်များမှာလည်း လောကကို အန်တုနိုင်လောက်ပေသည်။

ဤနတ်အလင်းတန်းအတွင်းက ဝေဝါးလှသော လူရိပ်မှာ အလွန်ပင် ပြင်းထန်လှပြီး လက်တစ်ချက် လှုပ်ရှားရုံမျှဖြင့် ကောင်းကင်နှင့်မြေပြင်ကို ချုပ်နှောင်နိုင်စွမ်း ရှိပေသည်။

ဝတ်စုံစိမ်းဝတ် အမျိုးသားသည် ယခုအချိန်တွင် စိတ်ထဲ၌ အလွန်ပင် သံသယဖြစ်နေခဲ့ပြီး ထိုစကားကို ကြားလိုက်ရသဖြင့် ခဏမျှ တုံ့ဆိုင်းသွားခဲ့ပြီးနောက်မှ...

"ကောင်းပါပြီ... စီနီယာကို ကျေးဇူးတင်ပါတယ်"

ဟု ဆိုလိုက်သည်။

ရှုချော့ကျွင်းက မျက်မှောင်ကြုတ်လိုက်မိပြီး အခြေအနေက ထိုအဆင့်အထိ ရောက်ရှိလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ မိမိ တောင်ပေါ်သို့ တက်လှမ်းကာ ရတနာ ရှာဖွေခြင်း ဖြစ်သော်လည်း... မထင်မှတ်ဘဲ အသက်အန္တရာယ်နှင့်ပါ ပတ်သက်လာခဲ့ရပြီ ဖြစ်သည်။

ထိုစဉ် သူမသည် တိုးညှင်းသော ခြေလှမ်းသံများနှင့် စကားပြောဆို ရယ်မောသံများကို ရုတ်တရက် ကြားလိုက်ရသည်။

ဒေါက် ဒေါက် ဒေါက် ဒေါက် ဒေါက်

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး လျှောက်လှမ်း ရောက်ရှိလာခဲ့ကြသည်။

အမျိုးသားမှာ အလွန်ပင် ချောမောခန့်ညားလှသော လူငယ်တာအိုဆရာတစ်ပါး ဖြစ်ပြီး ဝတ်စုံစိမ်းကို ဝတ်ဆင်ထားကာ ခါးကြားတွင် ဓားရှည်တစ်လက်ကို ချိတ်ဆွဲထားခဲ့သည်။

အမျိုးသမီးမှာမူ ကိုယ်လုံးကိုယ်ထည် ထွားကျိုင်းလှပသော အလှပဂေးတစ်ဦး ဖြစ်ပြီး အနောက်ဘက်ဒေသမှ လာသူတစ်ဦးအလား... မျက်နှာသွင်ပြင်မှာ အလွန်ပင် ထင်ရှားပြတ်သားကာ မျက်ဝန်းအစုံမှာ ရေကန်ရေပြင်အလား စိမ်းလဲ့နေခဲ့ပြီး အလွန်ပင် ကြည်လင်ဆန်းပြားလှသည်။

သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ရှေးဦးဆန်းပြားလှသော ဆွဲဆောင်မှု အရှိန်အဝါများ ဖြာထွက်နေပြီး ခြေတံရှည်များကို ခပ်ဖွဖွ လှုပ်ခါလျက် လျှောက်လှမ်းလာပုံမှာ အလွန်ပင် ကျကျနန ရှိလှပေသည်။

"စောစောက အဘိုးကြီးက တကယ့်ကို ထူးဆန်းတယ်... တစ်ယောက်တည်း စစ်တုရင် ထိုင်ကစားနေတာ"

ကျွေ့ဟွာက ဆိုသည်။

"အခြေအနေက ထူးဆန်းနေရင်... သေချာပေါက် မိစ္ဆာကောင် ရှိနေလို့ပဲ"

လီယန်ချူက ဆိုလိုက်သည်။

ဝတ်စုံစိမ်းဝတ် အမျိုးသားသည် တောင်ပေါ်သို့ တက်လှမ်းလာသော လူငယ်တာအိုဆရာကို မြင်တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် မျက်ဝန်းအစုံမှာ ကျုံ့သွားခဲ့ရပြီး...

"သူပါလား..."

ဟု ရေရွတ်မိတော့သည်။

လီယန်ချူသည် ပတ်ဝန်းကျင်ကို တည်ငြိမ်စွာဖြင့် တစ်ချက် ကြည့်လိုက်ပြီး ထိုဝတ်စုံစိမ်းဝတ် အမျိုးသားကိုလည်း မြင်တွေ့လိုက်ရသည်။

လီယန်ချူသည် သူ၏ လက်ထဲမှနေ၍ နတ်ဘုရားလက်နက် သုံးခုစလုံးကို လုယက်ခဲ့ဖူးသဖြင့် သဘာဝအတိုင်း ထိုလူကို အမှတ်ရနေခြင်း ဖြစ်ပေသည်။

သို့သော်လည်း သူ နတ်ဘုရားလက်နက်များကို လုယက်သည့် အကြိမ်တိုင်းတွင်မူ အသွင်ပြောင်းလဲခြင်း နတ်ဘုရားအတတ် ကို အသုံးပြုကာ ရုပ်အသွင်အပြင်ကို ပြောင်းလဲထားခဲ့ခြင်း ဖြစ်ပေသည်။

ကောင်းကင်ဖဲကြိုးကို လုယက်ခဲ့သူမှာ ယန့်ချီရှား ဖြစ်ပြီး၊ ဝိညာဉ်ခြောက်ခြားခေါင်းလောင်းကို လုယက်ခဲ့သူမှာ ဝူမိသားစု၏ အဘိုးအိုကြီး ဖြစ်ကာ...

လီရှန်းတာအိုနန်းတော်အတွင်း၌ မီးလျှံလှံကို လုယက်ခဲ့သူမှာမူ လူငယ်လူရွယ် လုပု ဖြစ်ပေသည်။

"ဒါတွေအားလုံးက ငါ လီယန်ချူနဲ့ ဘာဆိုင်လို့လဲ..."

လီယန်ချူသည် အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ထိုဝတ်စုံစိမ်းဝတ် အမျိုးသားကို ဆက်လက် ကြည့်ရှုခြင်း မပြုတော့ချေ။

သူ၏ အကြည့်များမှာ နတ်အလင်းတန်းအတွင်းက လူရိပ်ပေါ်သို့လည်းကောင်း၊ လက်ထဲတွင် ကျိုထျန်ယွမ်ယန်ချီ ကို ကိုင်ဆောင်ထားသော အဘိုးအိုပေါ်သို့လည်းကောင်း ကျရောက်သွားခဲ့သည်။

ထိုအဘိုးအိုက ဝတ်စုံစိမ်းဝတ် အမျိုးသား ဟွမ်ဖူဖျင်ကို ကြည့်ရင်း...

"အချိန်မဆိုင်းနဲ့တော့... မြန်မြန်လုပ်"

ဟု ဆိုလိုက်သည်။

ဟွမ်ဖူဖျင်က မှင်တက်သွားခဲ့ရပြီးနောက် ချက်ချင်းပင် သတိပြန်ဝင်လာခဲ့ကာ မျက်ဝန်းအစုံတွင် ပြင်းပြသော လောဘစိတ်များ ထွက်ပေါ်လာခဲ့သော်လည်း တစ်ချိန်တည်းမှာပင် အလွန်ပင် စိုးရိမ်ပူပန်သွားခဲ့ရပြန်သည်။

"သူက ငါ့ရဲ့ နတ်ဘုရားလက်နက် သုံးခုစလုံးကို လုယက်သွားခဲ့တာ... တကယ်လို့ ငါ ကျိုထျန်ယွမ်ယန်ချီ ကို ထပ်ပြီး ရရှိခဲ့ရင်တောင်... ဘယ်လိုလုပ်ပြီး ကာကွယ်ထားနိုင်မှာလဲ"

ဝတ်စုံစိမ်းဝတ် အမျိုးသားက မျက်မှောင်ကြုတ်လိုက်မိသည်။

လီယန်ချူသည် ဤဝတ်စုံစိမ်းဝတ် အမျိုးသားက မိမိကို မှတ်မိသွားခဲ့သဖြင့် ယခုအခါတွင် ခက်ခဲပူပန်နေရသည်ကို မသိရှိချေ။

သူ၏ မျက်နှာအမူအရာမှာ အလွန်ပင် အေးစက်လှပြီး အကြည့်များမှာ ဓားကဲ့သို့ ထက်မြက်လှကာ ထိုအဘိုးအို၏ မျက်နှာပေါ်သို့ စူးစိုက်ကြည့်လျက်...

"စောစောက မင်းတို့ရဲ့ စကားပြောဆိုသံတွေကို ငါ အကုန်လုံး ကြားလိုက်ရပါတယ်... စီနီယာက ကျုံးနန်ရှန်းတောင်က ဟွာရွှီ တာအိုဆရာ များ ဖြစ်နေတာလား"

လီယန်ချူက တည်ငြိမ်စွာ ဆိုလိုက်သည်။

"မှန်တယ်... ငါက ဟွာရွှီ ပဲ၊ ကောင်းကင်လူသားကို သတ်ဖြတ်ဖို့အတွက်... ကျန်ရှိနေတဲ့ စိတ်အာရုံ လက္ခဏာတစ်ခုပဲ ရှိတော့တာ၊ ဒီမိတ်ဆွေငယ်ရဲ့ ခန္ဓာကိုယ်ကို ငှားရမ်းပြီး နတ်ဘုရားလက်နက်နဲ့ ... ဒီလူကို နှိမ်နင်းရမယ်"

အဘိုးအိုက တည်ငြိမ်စွာ ဆိုသည်။

ဖြောင်း ဖြောင်း ဖြောင်း

လီယန်ချူက လက်ခုပ်တီးလိုက်ပြီး ပြုံးလျက်...

"မင်းရဲ့ ဒီအတတ်ပညာက တကယ့်ကို နည်းပညာပိုင်းဆိုင်ရာ အတတ်ပညာပဲ"

ဟု ဆိုလိုက်သည်။

"မင်း ဘာကို ဆိုလိုတာလဲ..."

အဘိုးအိုက မျက်မှောင်ကြုတ်လိုက်မိသည်။

"မင်းက ခန္ဓာကိုယ်တစ်ခုကို ဝါးမြိုပြီး လူ့လောကထဲကို ပြန်လည် ရောက်ရှိချင်တာပဲ... ဒါ့အတွက် တကယ့်ကို အစီအစဉ်တွေ အများကြီး ပြင်ဆင်ထားခဲ့တာပဲ"

လီယန်ချူသည် နတ်အလင်းတန်းအတွင်းက လူရိပ်ကို ကြည့်ပြီး ပြောဆိုခြင်း မဟုတ်ဘဲ ဤအဘိုးအိုကို စူးစိုက်ကြည့်လျက် ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။

သူ၏ စကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရှုချော့ကျွင်းနှင့် ဟွမ်ဖူဖျင်တို့သည် ချက်ချင်းပင် တုန်လှုပ်သွားခဲ့ရတော့သည်။

"ခန္ဓာကိုယ်ကို ဝါးမြိုတာ ဟုတ်လား... မဖြစ်နိုင်တာ"

ရှုချော့ကျွင်းက မျက်မှောင်ကြုတ်လိုက်မိသည်။

"မင်း ဘာတွေ ပြောနေလဲဆိုတာ ငါ လုံးဝ နားမလည်ဘူး"

အဘိုးအိုက ဆိုသည်။

"ဒီတောင်ထဲမှာ... မူလကတည်းက လူတစ်ယောက်တည်းပဲ ရှိတာ "

လီယန်ချူက လှောင်ပြောင် ရယ်မောလိုက်တော့သည်။

ထိုစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ရှုချော့ကျွင်းနှင့် ဟွမ်ဖူဖျင်တို့သည် ချက်ချင်းပင် ကျောရိုးထဲအထိ စိမ့်ဝင်လုမတတ် ထိတ်လန့်တုန်လှုပ်သွားခဲ့ရတော့သည်။

မျက်ဝန်းအစုံတွင်လည်း သံသယစိတ်များ ပြည့်နှက်နေခဲ့သည်။

အဘိုးအို၏ မျက်နှာအမူအရာမှာ အလွန်ပင် ဆိုးရွားသွားခဲ့ရပြီး လက်ထဲက ကျိုထျန်ယွမ်ယန်ချီ ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့သည်။

"ငါက သူတို့နှစ်ဦးကို တောင်အောက်ကို ဆင်းဖို့ အကြိမ်ကြိမ် သတိပေးခဲ့တာပဲ... သူတို့ကိုယ်တိုင်က နားမထောင်ခဲ့ကြတာ၊ ငါလည်း ကောင်းကင်လူသား ပိတ်ဆို့မှုကို ဖြတ်ကျော်သွားခဲ့ပြီဆိုတာကို မသိခဲ့ဘူး... ငါ့ရဲ့ အသက်ကို စတေးပြီး ကျန်ရှိနေတဲ့ စိတ်အာရုံနဲ့ ကောင်းကင်လူသားကို ဆက်ပြီး ချုပ်နှောင်ဖို့ ပြင်ဆင်နေတာ၊ သူတို့နှစ်ဦးကို ဘေးကင်းကင်းနဲ့ ထွက်ခွာခွင့် ပြုဖို့ပဲ..."

"မင်းက မထင်မှတ်ဘဲ ငါ့ကို ဒီလောက်အထိ သံသယဖြစ်နေရတာလဲ "

လီယန်ချူက အေးစက်စွာ ပြုံးလိုက်သည်။

"တောင်ထဲက အထီးကျန် ဝိညာဉ် မိစ္ဆာကောင်တွေက... အမြဲတမ်း ရတနာ အလင်းတန်းတွေကို ထုတ်ဖော်ပြီး လူတွေကို ထောင်ချောက်ဆင်တတ်ကြတာပဲ၊ ပြီးတော့ စကားလုံးတွေကလည်း အလွန် လှပလွန်းပြီး လူတွေရဲ့ စိတ်နှလုံးကို နားလည်လှည့်ဖြားနိုင်စွမ်း ရှိကြတယ်"

"မင်းက ဒီနေရာမှာ ရောင်စဉ်တန်းတွေကို ထုတ်ဖော်ထားခဲ့ပြီး... ရိုးရှင်းတဲ့ စကားလုံး အနည်းငယ် ပြောရုံနဲ့... ဘယ်ကျင့်ကြံသူက ထွက်ခွာသွားမှာလဲ"

"ငါ ပြောပြီးသွားတဲ့နောက်မှာတော့... သူတို့နှစ်ဦးစလုံးက မင်းအပေါ်မှာ သတိထားမိသွားကြပြီ ဖြစ်လို့... မင်းရဲ့ လှည့်ကွက်ကြီးက ပျက်စီးသွားခဲ့ရပြီ"

"ပြီးတော့... ငါ အကုန်လုံးကို မြင်တွေ့နေရတာပဲ... မင်း ဆက်ပြီး သရုပ်ဆောင်နေဖို့ လိုသေးလို့လား"

အဘိုးအို၏ မျက်နှာအမူအရာမှာ လုံးဝကို မည်းမှောင်သွားခဲ့ရပြီး လီယန်ချူကို စူးစိုက်ကြည့်လျက် သတ်ဖြတ်လိုသော အငွေ့အသက်များ ဖြန့်ကြက်လာခဲ့တော့သည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ငါ့ရဲ့ အသွင်ပြောင်းလဲခြင်း နတ်ဘုရားအတတ်ကို နတ်မျက်စိကတောင်မှ ဖြတ်ကျော်ပြီး မမြင်နိုင်ပါဘူး..."

ဝုန်း

အဘိုးအို၏ ကိုယ်ပေါ်တွင် ရုတ်တရက် နတ်အလင်းတန်းတစ်ခု ဝင်းခနဲ ပေါ်ထွက်လာခဲ့ပြီး တောက်ပလင်းလက်လှကာ ရောင်စဉ်တန်းများ ဝန်းရံသွားခဲ့သည်။

ထို ဝေဝါးလှသော လူရိပ်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သော်လည်း... ယခုအခါတွင်မူ ဤအဘိုးအိုကိုယ်တိုင် ထိုနတ်အလင်းတန်းအတွင်းသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်ပေသည်။

ရှုချော့ကျွင်းနှင့် ဝတ်စုံစိမ်းဝတ် အမျိုးသားတို့သည် ချက်ချင်းပင် လည်ပင်းနောက်ကော ဂျပိုးကိုက်သကဲ့သို့ အေးစက်သွားခဲ့ရတော့သည်။

အထူးသဖြင့် ဝတ်စုံစိမ်းဝတ် အမျိုးသား ဖြစ်ပေရာ... စောစောက သူသည် လက်မတင်ကလေးအတွင်းမှာပင် တစ်ဖက်လူ၏ လှည့်စားခြင်းကို ခံရတော့မည်ဖြစ်ပြီး မိမိ၏ ခန္ဓာကိုယ်ကို ပေးအပ်မိတော့မည့် အခြေအနေ ဖြစ်ခဲ့ရသည်။

"ဒါဆိုရင်... ကောင်းကင်နှင့်မြေပြင်ကို ပိတ်ဆို့ချုပ်ချယ်ထားတဲ့သူက...ငါနဲ့ စကားပြောနေတဲ့ အဘိုးအိုကိုယ်တိုင်ပဲပေါ့ "

ဝတ်စုံစိမ်းဝတ် အမျိုးသားသည် စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရတော့သည်။

ယွင်ထိုင်ရှန်း နယ်မြေသည်... မထင်မှတ်ဘဲ ဤမျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းလှပေသည်။

All Chapters