← Chapters

ဘက်စုံဆင့်ကဲပြောင်းလဲခြင်း (၁)

Vol. 67 Ch. 1086

ဘက်စုံဆင့်ကဲပြောင်းလဲခြင်း (၁)

Vol. 67 Ch. 1086

အတွေးအားလုံး တစ်စုတစ်စည်းတည်းဖြစ်သွားပြီးနောက် လင်းရှန်သည် ရှုပ်ထွေးလှသော အတွေးကမ္ဘာမှ တဖြည်းဖြည်းလူးလဲနိုးထလာကာ ကြယ်တာရာအာကာသအတွင်းရှိ ခန့်ညားထည်ဝါ၍ လျှို့ဝှက်ဆန်းကြယ်သောဂြိုဟ်မြေပုံကို ကြည့်ရင်း သူ၏အသိစိတ်သည် ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်းပြန်လည်ရောက်ရှိလာခဲ့၏။

မျက်လုံးဖွင့်လိုက်ချိန်တွင် ကီကီသည် သူ၏ရှေ့ရှိ စာပွဲပေါ်၌ ခြေထောက်ချိတ်ထိုင်ကာ သူ့ကို အေးအေးလူလူကြည့်နေသည်ကို တွေ့လိုက်ရသည်။ လင်းရှန် မျက်လုံးပွင့်လာသည်ကို မြင်သည်နှင့် သူမက ချက်ချင်းပင် မေးလိုက်သည်။

“အောင်မြင်ခဲ့လား။ ဘာလို့ ဒီလောက်တောင် ကြာသွားရတာလဲ”

ထိုစကားကို ကြားသောအခါ လင်းရှန်သည် မူးဝေနေသော ခေါင်းကို ကိုင်ရင်း မျက်မှောင်ကြုတ်ကာ အချိန်ကိုကြည့်လိုက်မိသည်။

နံနက် ၁ နာရီ ၃၂ မိနစ်။

သူသည် ကြယ်နက်ပန်းပဲဖိုအတွင်း၌ သူကိုယ်တိုင်ပင် သတိမထားမိဘဲ ဤမျှလောက်အထိ အချိန်အတော်ကြာကုန်ဆုံးခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ကြာသွားလို့လား”

လင်းရှန် ဇဝေဇဝါဖြစ်သွားသည်။ ဗိုင်အိုလာ၏ စူပါကွန်ပျူတာနှင့် ချိတ်ဆက်ထားပြီးဖြစ်သောကြောင့် သူသည် ချက်ချင်းပင် အဖြေပေါင်းများစွာကို တွေးတောမိသွားသည်။ ဖြစ်နိုင်ခြေအရှိဆုံး အကြောင်းရင်းမှာ သူ၏စိတ်စွမ်းရည်တိုးမြှင့်ခံရမှုကြောင့် အဖြစ်အပျက်များကို ခွဲခြမ်းစိတ်ဖြာမှု အလွန်မြန်ဆန်သွားသော်လည်း သူ၏ဦးနှောက်အသိစိတ်မှာ စူပါကွန်ပျူတာနှင့် အပြည့်အဝတစ်ထပ်တည်းမကျနိုင်သေးခြင်းကြောင့်ဖြစ်နိုင်သည်။ ထို့ကြောင့် အာရုံခံစားမှုထုံထိုင်းသွားကာ မိနစ်ပိုင်းမျှသာကုန်ဆုံးသွားသည်ဟု ထင်မှတ်နေခဲ့သော်လည်း အမှန်တကယ်တွင်မူ ငါးနာရီနီးပါးခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

“သူတို့ကော ဘယ်လိုနေလဲ”

လင်းရှန်သည် သလင်းကျောက်ဆင့်ကဲပြောင်းလဲနေသော အဖွဲ့ဝင်များကို ချက်ချင်းသတိရသွားသည်။ ထိုအချိန်တွင် ကီကီက သူ့ကို စိတ်မပူရန် လက်ကာပြလိုက်ပြီး ပြောသည်။

“ဆရာမချန်တို့ အဲဒီမှာစောင့်ကြည့်ပေးနေကြတယ်။ ဘာမှအမှားအယွင်းရှိမှာ မဟုတ်ဘူး။ တခြားလူတွေက ပုံမှန်ပဲဆိုပေမဲ့ မီးတောက်တစ်ယောက်ပဲ နည်းနည်းထူးဆန်းနေတယ်”

“ဘယ်ဖြစ်လို့လဲ”

“မသိဘူးလေ”

ကီကီသည် လေထဲသို့ ပျံတက်လာရင်း ပြောသည်။

“ဒါရိုက်တာတင်း ပြောတာတော့ သူက တော်တော်လေး စိတ်လှုပ်ရှားနေတဲ့အခြေအနေမှာ ရှိနေပြီး စိတ်ဝိညာဉ်တုန်ခါမှုနှုန်းက တစ်ခါတလေ အတက်အကျဖြစ်နေတယ်တဲ့။ လေထုကိုတောင် အပူချိန်တက်လာစေတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ချရအောင်လို့ ဆရာမချန်က ရှီဇီကို အကူအညီလှမ်းခေါ်ထားပြီးပြီ။ ဗိုင်အိုလာကလည်း သူ့ရဲ့ အေးခဲအိပ်စက်ခန်းမကို ကာကွယ်ဖို့ စက်ရုပ်တွေကို စုစည်းပေးထားတယ်။ ဒါကလွဲရင် တခြားပြဿနာမရှိပါဘူး။ လူတွေအများကြီး စောင့်ကြည့်နေကြတာပဲကို”

“အဲဒီကောင်ကတော့...”

“ဒါနဲ့ ရှင်ကရော… ရှင့်ရဲ့ စူပါကွန်ပျူတာစနစ်မြင်ကွင်းက အောင်မြင်ခဲ့ရဲ့လား”

လင်းရှန်က ခေါင်းညိတ်ပြလိုက်ရင်း “အဆင်ပြေပါတယ်။ ပြဿနာအတော်များများကို ရှင်းနိုင်ခဲ့တယ်။ ဒါနဲ့ ကီကီ…”

သူက ပြောရင်းနှင့် ကြယ်နက်ပန်းပဲဖိုအာကာသထဲမှ ကျဆင်းလာသော ဖျော့တော့စွာ လင်းလက်နေသည့် လျှို့ဝှက်ဆန်းကြယ်သော ကွန်တိန်နာဘူးကို လက်လှမ်း၍ ဖမ်းဆွဲလိုက်ကာ “ဒါကို မှတ်မိသေးလား”

ကီကီသည် ချက်ချင်းပင် အံ့ဩတကြီး ရေရွတ်လိုက်သည်။ “ဒါ ချင်းရွှေမြို့က စမ်းသပ်ကွင်းထဲမှာ တွေ့ခဲ့တဲ့အရာမဟုတ်ဘူးလား။ ဘာလဲ။ ရှင် သဲလွန်စတစ်ခုခုရလာလို့လား”

လင်းရှန်က အတန်ကြာ စဉ်းစားပြီးမှ ပြောသည်။

“ဒီအရာက ငါ့ရဲ့ ယန္တရားနှလုံးသားနဲ့ ဆက်စပ်မှု ရှိနေတုန်းပဲ။ ငါ အရင်က မင်းကိုပြောဖူးသားပဲလေ။ ငါ့ရဲ့ယန္တရားနှလုံးသားနဲ့ မင်းရဲ့ စွမ်းအားက...”

“စွမ်းအားတစ်ခုတည်း မဟုတ်ဘူးဆိုတာလား”

ကီကီသည် သကြားလုံးတစ်လုံးကို ကိုက်လိုက်ရင်း သူမ၏လက်ချောင်းလေးကို လှုပ်ရှားကာ စိတ်စွမ်းအင်ဖြင့် သူမရှေ့ရှိ လျှို့ဝှက်ဆန်းကြယ်သော ကွန်တိန်နာဘူးကို ဆွဲယူလိုက်သည်။ သေချာစစ်ဆေးပြီးနောက် သူမက ဆက်ပြောသည်။

“ပျက်စီးသွားမှာကို မစိုးရိမ်ရဘူးဆိုရင် ဗိုင်အိုလာရဲ့ တွက်ချက်မှုစွမ်းရည်နဲ့တင် ဒီပေါ်က လျှို့ဝှက်ကုဒ်ကို အတင်းအဓမ္မချိုးဖျက်ဖို့ဆိုတာ မျက်တောင်တစ်ခတ်စာပဲ။ ကျွန်မကို ရှုပ်ထွေးစေတာက... ဒါက တားမြစ်ပစ္စည်းတစ်ခုမဟုတ်ဘူးဆိုရင် ရှင့်ရဲ့ ယန္တရားစွမ်းအားက ဘာလို့ ဒါကို တိုက်ရိုက်မထိန်းချုပ်နိုင်တာ ဒါမှမဟုတ် မခြေဖျက်နိုင်ရတာလဲ”

“အဲဒါကပဲ ငါ့ကို စဉ်းစားရခက်စေတာ”

လင်းရှန်၏ အကြည့်က ထိုကွန်တိန်နာဘူးပေါ်သို့ ရောက်ရှိသွားသည်။

“ငါ့ရဲ့ ယန္တရားနှလုံးသားနဲ့ တုန်ခါမှုချင်း ထပ်တူကျနေပြီး ခြေဖျက်လို့လည်းမရ၊ ထိန်းချုပ်လို့လည်းမရတဲ့ အရာတစ်ခုဖြစ်နေတယ်။ စွမ်းအင်ခွဲခြမ်းစိတ်ဖြာချက်အရလည်း တားမြစ်ပစ္စည်းတွေထဲက မဟုတ်ပြန်ဘူး။ ဖောင်ဒေးရှင်းက ဒီလိုအရာမျိုးကို ဘယ်လိုရလာခဲ့လဲဆိုတာ ငါ တကယ်စိတ်ဝင်စားတယ်”

ကီကီက သူ့ကို ကြည့်လိုက်ရင်း “ရှင့်ရဲ့ စွမ်းအားတွေက ဖောင်ဒေးရှင်းနဲ့ တစ်စုံတစ်ခုပတ်သက်နေမှာကို စိုးရိမ်နေတာလား။ တကယ်လို့ အဲဒီလိုသာဆိုရင် ရှင့်အတွက် အန္တရာယ်အကြီးကြီးဖြစ်လာနိုင်တယ်နော်”

လင်းရှန်သည် အလွန်ကျွံမျက်မှောင်ကြုတ်လိုက်မိပြီး ထိုအချိန်တွင် ယဉ်ကျေးမှုအကြိုမြင်ကွင်းစက်လုံးကို ထုတ်ယူကာ အလေးနက်ပြောလိုက်သည်။

“ဖောင်ဒေးရှင်းက အမှောင်ယဉ်ကျေးမှုရဲ့ ကိုယ်စားလှယ်တွေ ဖြစ်နေခဲ့ပြီ။ အခုလည်း လူသားဘက်တော်သားတွေထဲက ထိပ်သီးပညာရှင်တွေကို အဆက်မပြတ်စည်းရုံးသိမ်းသွင်းနေကြတယ်။ ဒီနည်းလမ်းတွေကို ကြည့်ရင် သူတို့တွေ အမှောင်ယဉ်ကျေးမှုနဲ့ တစ်စုံတစ်ရာဆက်သွယ်မှုရထားပြီးပြီလို့ ယူဆရတယ်။ အဲဒါနဲ့ယှဉ်ရင် ဖီးနစ်က တော်တော်လေးအားနည်းနေပုံပဲ။ ဒါက သတင်းကောင်းမဟုတ်ဘူး။ ဖီးနစ်ရဲ့ အထက်လူကြီးတွေမှာ ငါတို့ထက်ပိုပြီး ကျယ်ပြန့်တဲ့ သတင်းအချက်အလက်တွေရှိနေတာမို့လို့ တစ်ကမ္ဘာလုံးရဲ့ အခြေအနေက အခုထက်ပိုပြီးဆိုးရွားနေတာလည်းဖြစ်နိုင်တယ်”

“အဲဒါက အလွယ်လေးပဲ”

ကီကီက ထိုလျှို့ဝှက်ဆန်းကြယ်သော ကွန်တိန်နာဘူးကို လင်းရှန်ထံသို့ ပြန်ပေးလိုက်ရင်း “ဒါကို တိုက်ရိုက်ပဲ အားသုံးပြီးရိုက်ခွဲပစ်လိုက် ဒါမှမဟုတ် ဟွာရှောင်လင်းကိုခေါ်လာခဲ့… ရှင် ရှာနေတဲ့ အဖြေတွေကို သေချာပေါက်ရမှာပဲ”

လင်းရှန်သည် ထိုစကားကို ကြားသောအခါ သက်ပြင်းချပြီး ပြုံးလိုက်သည်၊၊

“အဲဒီတစ်ယောက်က ငါတို့ရဲ့ အခြေစိုက်စခန်းရှေ့ကို ဘယ်သူမှ မသိအောင် ရောက်လာနိုင်ခဲ့တယ်။ ငါ့ရဲ့ ဒရုန်းကင်းလှည့်စနစ်ကတောင် သူမကို မရိပ်မိခဲ့ဘူး။ ပြီးတော့မှ ငါတို့ရှေ့တင် ပျောက်ကွယ်သွားခဲ့တာလေ။ မြင့်မြတ်မြို့တော် ဒါမှမဟုတ် ဗျာဒိတ်တော်ဂိုဏ်းရဲ့ တိုက်ခိုက်မှုကို မခံရတာတင် ကံကောင်းလှပြီ။ သူတို့ ငါ့ကို မထိသေးဘူးဆိုကတည်းက ဖောင်ဒေးရှင်းက ငါတို့ကို အင်အားသုံးဖို့ အဆင်မသင့်သေးတာဖြစ်နိုင်တယ်။ ငါတို့ကို စည်းရုံးဖို့ ပြင်ဆင်နေတာလည်းဖြစ်နိုင်တာပဲ။ သူမကို ဖမ်းဖို့ဆိုတာ တကယ်ကို မလွယ်ကူတဲ့ကိစ္စပဲ”

“ရှင်က အမြဲတမ်းသတိကြီးလွန်းနေတာပဲ”

ကီကီက လက်ပိုက်လိုက်ပြီး ပြုံးလိုက်သည်၊၊

“ဟုတ်ပါပြီ။ ဟွာရှောင်လင်း ဒါမှမဟုတ် ဖောင်ဒေးရှင်းကလူတွေက ကျွန်မတို့ထက် အမှန်တရားတွေကို ပိုသိထားကြတာ ဒါမှမဟုတ် အမှောင်ယဉ်ကျေးမှုရဲ့ လမ်းညွှန်မှုကို ရထားကြတာနေမှာပါ။ မြင့်မြတ်မြို့တော်၊ ဗျာဒိတ်တော်ဂိုဏ်းနဲ့ ပူးပေါင်းပြီး အမျိုးမျိုးသော ဆန်းပြားတဲ့ တားမြစ်ပစ္စည်းတွေ၊ ကပ်ဘေးအပင်တွေ ရှိနေနိုင်တာပဲ။ ဒါပေမဲ့ သူတို့က အပေါ်ယံမှာပဲ ပိုပြီး ဦးဆောင်နေတာပါ။ တကယ်လို့ တိုက်ပွဲသာစဖြစ်လာရင် ဘယ်သူနိုင်မလဲဆိုတာ မပြောနိုင်သေးဘူး။ သူတို့က ဘယ်လောက်ပဲတော်တော် လူသားတွေပဲ မဟုတ်လား။ တခြားဂြိုဟ်က သတ္တဝါတွေ ဖြစ်မသွားသေးဘူးလေ။ ဘာကိုကြောက်နေရမှာလဲ”

ကီကီ၏ စကားကို ကြားပြီးနောက် လင်းရှန်သည် ခေတ္တမျှ မှင်တက်သွားပြီးမှ ပြုံးလျက် ပြန်ပြောလိုက်သည်။

“ကလေးမက မဆိုးဘူးပဲ… မင်းရဲ့ ပြဿနာကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းက ဗိုင်အိုလာရဲ့ စနစ်ထက်တောင် ပိုပြီး ပါးနပ်သေးတယ်။ ငါ သဘောတူတယ်”

“ဩော်... ဒါနဲ့ ဟို အံစာတုံးကောပဲ”

ကီကီသည် ရုတ်တရက် သတိရသွားဟန်ဖြင့် “ပြီးခဲ့တဲ့အကြိမ်က ရှင့်ရဲ့ သောက်ကျိုးနည်း အချိန်ရေတွက်မှုကို အဲဒါက ခန့်မှန်းပေးခဲ့တာ မဟုတ်လား။ အဲဒီအရာက တော်တော်လေးထူးဆန်းတယ်။ ဖောင်ဒေးရှင်းနဲ့ ပတ်သက်နေဖို့ အခွင့်အလမ်းအများကြီးရှိတယ်။ အခု ရှင့်အနားမှာရှိနေတဲ့အရာတွေကြောင့်လည်း ဟွာရှောင်လင်းက ရှင့်ကို ရှာတွေ့သွားတာဖြစ်နိုင်တယ်။ ရှင်ဘယ်လိုထင်လဲ”

“အင်း... ငါလည်း အဲဒါကိုစဉ်းစားဖူးတယ်”

လင်းရှန်က ပခုံးတွန့်ပြလိုက်ရင်း “ငါက အဲဒီပစ္စည်းနှစ်ခုလုံးကို ကြယ်နက်ပန်းပဲဖိုထဲမှာ ထည့်ထားတာလေ။ တကယ်လို့ အဲဒီလိုလုပ်တာတောင် ခြေရာခံနိုင်နေသေးတယ်ဆိုရင်တော့ ဝှက်ထားတာလည်း အဓိပ္ပာယ်မရှိတော့ဘူး။ ဒါပေမဲ့ ဒီသံသယတစ်ခုတည်းနဲ့တော့ အဲဒီပစ္စည်းတွေကို အလွယ်တကူလွှင့်ပစ်မှာမဟုတ်ဘူး”

ကီကီက ခေါင်းညိတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ စဉ်းစားနေသည်၊၊

“ရှင် ပြောတာမှန်တယ်။ ရှင်က မထင်မှတ်ဘဲအသုံးဝင်လာနိုင်မယ့်ရတနာတွေကို အမြဲသိမ်းထားတတ်တာပဲ။ တစ်နေ့နေ့မှာ သူတို့က အရေးပါတဲ့နေရာကနေ ကူညီပေးနိုင်လိမ့်မယ်။ တစ်ခုက ရှင့်ရဲ့ ယန္တရားနှလုံးသားနဲ့ ထပ်တူကျနေပြီး နောက်တစ်ခုကလည်း အပြာရောင်ဂြိုဟ်ရဲ့ နည်းပညာထုတ်ကုန်မဟုတ်တာသေချာသလို ခန့်မှန်းတွက်ချက်မှုလည်း လုပ်နိုင်တယ်။ သူတို့ကို စွန့်ပစ်လိုက်ရင် နှမြောစရာကြီးဖြစ်နေမှာပေါ့”

၎င်းတို့နှစ်ဦး စကားပြောဆိုနေကြစဉ် ရုတ်တရက်ပင် ချန်ဆီရွှမ်၏အသံက ဆက်သွယ်ရေးစက်မှ ထွက်ပေါ်လာခဲ့၏။

“လင်းရှန်၊ ကီကီ… မြန်မြန်လာခဲ့ကြဦး”

ထိုအသံကို ကြားလျှင် လင်းရှန်နှင့် ကီကီတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး အေးခဲအိပ်စက်ခန်းမဆီသို့ ချက်ချင်းပြေးထွက်ခဲ့ကြတော့သည်။

ရှူး~

နံပါတ် ၂ သင်္ဘော၏ အေးခဲအိပ်စက်ခန်းမ၏ အလိုအလျောက်တံခါးပွင့်သွားသည်နှင့် ပြင်းထန်သော လေပူလှိုင်းတစ်ခုတိုးထွက်လာခဲ့၏။ လေအေးနှင့် လေပူတို့ ရောနှောကာ ဖြူဖွေးသော မြူခိုးများအသွင်ပြောင်းလဲသွားပြီး ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထို့နောက် အေးခဲအိပ်စက်ခန်းမအတွင်း၌ ပြင်းထန်သော အမှောင်စွမ်းအင်လှိုင်းဂယက်များရိုက်ခတ်ပေါက်ကွဲနေသည့် ခံစားချက်ကို ချက်ချင်း သိသာစေခဲ့သည်။ တီကနဲ အသံနှင့်အတူ လင်းရှန်၏ မျက်လုံးများတွင် လျှပ်စစ်အလင်းတန်းများ လက်ခနဲဖြစ်သွားပြီး မီးသတ်စက်ရုပ်များနှင့် ခန်းမ၏ အအေးပေးလေဝင်လေထွက်စနစ်များက တစ်ပြိုင်နက်တည်းအလုပ်လုပ်လာကာ ခန်းမအတွင်းရှိ မြူခိုးများကို လျင်မြန်စွာမောင်းထုတ်ပစ်လိုက်သဖြင့် မြင်ကွင်းသည် ချက်ချင်းပြန်လည်ကြည်လင်သွားခဲ့၏။

All Chapters