ဘက်စုံဆင့်ကဲပြောင်းလဲခြင်း (၂)
Vol. 67 Ch. 1087
“လင်းရှန်”
ချန်ဆီရွှမ်က မြူခိုးများထဲမှ ထွက်လာသည်။ ထိုအချိန်တွင် အနန္တယာဉ်တန်းမှ အဖွဲ့ဝင်အများစုသည် ဤနေရာ၌ စုဝေးနေကြပြီ ဖြစ်သည်။ ချန်ဆီရွှမ်က မျက်မှောင်ကြုတ်လျက် အေးစက်စွာ ပြောလိုက်သည်။
“တာလို့နဲ့ ရှုချင်းတို့ ထွက်လာပြီ။ အဆင်ပြေတယ်။ နန်ကျင်းနဲ့ ချီလီတို့ကတော့ နိုးမလာသေးဘူး။ အခု ရူဂျီနဲ့ လုရှင်းချန်တို့ရဲ့ အခန်းငယ်တွေက မတည်မငြိမ်ဖြစ်နေလို့ ကျွန်မတို့ စောင့်ကြည့်နေရတယ်”
“သွားကြည့်ရအောင်”
ထိုစကားကို ကြားသောအခါ လင်းရှန်၏ မျက်နှာအမူအရာတည်တံ့သွားပြီး ချက်ချင်းလျှောက်သွားရာ ချန်ဆီရွှမ်နှင့် ကီကီတို့က နောက်မှထပ်ကြပ်မကွာလိုက်ပါလာခဲ့ကြသည်။ ကီကီက လက်မြှောက်ကာ စိတ်စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ကျန်ရှိနေသောမြူခိုးများကို ချက်ချင်းဖယ်ရှားပစ်လိုက်၏။ အတွင်းဘက်တွင် ရှောင်ယွမ်၊ မြောင်လု၊ လော့ယန်နှင့် တင်းကျန်းရီတို့သည် အခန်းငယ်ထဲမှ ထွက်လာကြသော ရှုချင်းနှင့် တာလို့တို့ကို ပြုစုပေးနေကြသည်။ ၎င်းတို့နှစ်ဦးမှာ ထူထဲသော စောင်များကို ခြုံထားကြရာ တာလို့၏ တစ်ကိုယ်လုံးမှာ သွေးရောင်လွှမ်းနေသကဲ့သို့ နီရဲတောက်နေပြီး ကြည့်ရသည်မှာ အလွန်ထူးဆန်းအံ့ဩဖွယ်ကောင်းလှသည်။ ရှုချင်းမှာမူ မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲသူတစ်ဦးဖြစ်သည့်အတွက် အကောင်းဆုံးအခြေအနေတွင် ရှိနေပြီး မည်သည့်ထိခိုက်မှုမျှမရှိသည့်အပြင် တစ်ကိုယ်လုံးမှ ပြင်းထန်သော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေခဲ့၏။ သူမ၏ ကြွက်သားအနားသတ်လိုင်းများပင်လျှင် ပိုမိုသန်မာတောင့်တင်းလာပုံရသည်။ အရေးကြီးဆုံးအချက်မှာ မိုနီကာကဲ့သို့ပင် ရှုချင်း၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်သည်လည်း ပြည့်စုံကောင်းမွန်အောင် မြှင့်တင်ခံထားရခြင်း ဖြစ်သည်။ သူမ၏ ဒဏ်ရာအမာရွတ်အားလုံး ပျောက်ကွယ်သွားပြီဖြစ်ကြောင်းကို လင်းရှန်အနေဖြင့် ကြည့်စရာပင်မလိုဘဲ ခန့်မှန်းမိလိုက်သည်။
လင်းရှန် ချဉ်းကပ်လာသည်ကို မြင်သောအခါ စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားပြီး ဖြစ်သော ရှုချင်းသည် မတ်တတ်ရပ်ကာ နှုတ်ဆက်လိုက်သည်။
“ကပ္ပတိန်လင်း”
“အစ်ကိုရှန်” တစ်ကိုယ်လုံးနီရဲနေသော တာလို့ကလည်း မတ်တတ်ရပ်ရန် ရုန်းကန်ကြိုးစားရင်း လှမ်းခေါ်လိုက်သည်။
“ဘယ်လိုနေလဲ” လင်းရှန်က ချက်ချင်းမေးလိုက်၏။
တာလို့နှင့် ရှုချင်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် ရှုချင်းက လင်းရှန်ကို ကြည့်ကာ ပထမဆုံးစတင်ပြောလာသည်။
“ထိရောက်တဲ့ ဆင့်ကဲပြောင်းလဲမှုပဲ။ ကန့်သတ်ချက်ကိန်းဂဏန်းကို ထည့်မတွက်ရင်တောင် အခု ကျွန်မရဲ့ အမြင့်ဆုံးစွမ်းရည်က ၁၅,၅၀၀ထိ ရောက်နိုင်တယ်။ ပြီးတော့ ဒါဟာ ကျွန်မရဲ့ စွမ်းအားအကုန်မဟုတ်သေးဘူးလို့ခံစားရတယ်”
သူမက ပြောရင်းနှင့် သူမ၏ ရင်ဘတ်ဆီသို့ ငုံ့ကြည့်ကာ “အမှောင်စွမ်းအင်နဲ့ အပြည့်အဝပေါင်းစပ်သွားသလိုပဲ။ အချိန်မရွေး… နေရာမရွေး ခန္ဓာကိုယ်က ပိုသန်မာလာတာကို ခံစားနေရတယ်”
“သောက်ရမ်းလန်းတယ်” ကီကီ၏ မျက်လုံးများ လင်းလက်သွားသည်၊၊
“ရှုချင်း... ကျွန်မမှတ်မိသလောက်ဆိုရင် ရှင့်ရဲ့ ကန့်သတ်ချက်ကိန်းဂဏန်းက ၁.၆ မဟုတ်လား။ ဒီလိုတွက်ချက်မှုအရဆိုရင် ရှင်က တိုက်ခိုက်ရေးစွမ်းရည် ၂၅,၀၀၀ နားကို ကပ်နေပြီပေါ့”
“ဒီလောက်အထိ မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မယ်လို့ မထင်ထားဘူး”
ထိုအချိန်တွင် ရှုချင်းသည် စိတ်လှုပ်ရှားစွာဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ သူမ အင်အားအများကြီးမသုံးလိုက်ရသော်လည်း ပြင်းထန်သောစွမ်းအင်လှိုင်းတစ်ခုပေါက်ကွဲထွက်လာကာ စွမ်းအားဝတ်စုံ၏ လက်ချောင်းသံချပ်ကာမှ ကလန်ခနဲ သတ္တုသံထွက်ပေါ်လာခဲ့၏။ သိသာထင်ရှားသော လေဖိအားလှိုင်းတစ်ခုပျံ့နှံ့သွားသဖြင့် လူတိုင်းအံ့အားသင့်သွားကြရသည်။
“ဝါး... မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲသူတွေလည်း ပြီးပြည့်စုံတဲ့ မြှင့်တင်မှုတွေကို ရနိုင်တာပဲ” လုချန်က ထိုမြင်ကွင်းကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အံ့ဩဖို့ကောင်းလိုက်တာ” လော့ယန်ကလည်း မှတ်ချက်ချသည်။
လင်းရှန် ခေါင်းညိတ်ပြလိုက်၏။ အနီးတွင် ရှားရှားသည် တစ်ကိုယ်လုံး နီရဲနေသော သူမ၏ အစ်ကိုဖြစ်သူကို မျက်မှောင်ကုတ်ကြည့်ရင်း လင်းရှန်ကို လှမ်းပြောသည်။
“အစ်ကိုလင်း... ညီမအစ်ကိုက... ဆင့်ကဲပြောင်းလဲတာ မှားယွင်းသွားတာများလား”
လင်းရှန်သည် တာလို့ဘက်သို့ လှည့်ကြည့်လိုက်ကာ “တာလို့”
“ကျွန်တော် အဆင်ပြေပါတယ် အစ်ကိုရှန်”
ထိုအချိန်တွင် တာလို့သည် အသက်ပြင်းပြင်းရှူနေခဲ့၏။ သူ၏တစ်ကိုယ်လုံးရှိ နီရဲသောအရောင်မှာ အရေပြားအောက်သို့ ရွေ့လျားသွားသကဲ့သို့ လျင်မြန်စွာပျောက်ကွယ်သွားသည်ကို လူတိုင်းမြင်တွေ့လိုက်ရသည်။ တောက်ပသော အနီရောင်အလင်းတန်းများ မှေးမှိန်သွားသော်လည်း သူ၏အရေပြားမှာ နီမြန်းနေဆဲဖြစ်ရာ တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသကဲ့သို့ ဖြစ်နေစေသည်။
အရေပြားမှလွဲ၍ တာလို့တွင် တခြားပြောင်းလဲမှုမရှိပေ။
“ကျွန်တော် ခုနကပဲ တိုင်းတာကြည့်တာ ၁၆,၀၀၀ ရှိတယ်။ အောင်မြင်တယ်လို့ပဲ ပြောရမှာပေါ့။ ဒါပေမဲ့...”
တာလို့က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်၊၊
“အဲဒီထဲမှာ လှဲနေတုန်းကထက် အခုတော့ တော်တော်လေးနေလို့ကောင်းပါတယ်”
“နင့်ရဲ့ သလင်းကျောက်ကို ခံစားလို့ရလား” ချန်ဆီရွှမ်က ထိုအချိန်တွင် မေးလိုက်၏။
တာလို့က ခေါင်းညိတ်ပြသည်။ “ရတယ်”
သူ့၏ ရင်ဘတ်ကို ငုံ့ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ကာ “ဒါက ငါ့ရဲ့ သွေးကီစွမ်းအားနဲ့ ပတ်သက်နေတာများလား”
“ဒါပဲဖြစ်မှာပါ… တခြားအကြောင်းရင်းတော့ မဖြစ်နိုင်ဘူး”
လော့ယန်က လက်ပိုက်လိုက်ပြီး “အခု ခန္ဓာကိုယ်ထဲမှာ မကောင်းတာ ဒါမှမဟုတ် ပုံမှန်မဟုတ်တာမျိုး ခံစားရတာရှိလား”
တာလို့က ခေါင်းခါပြပြီးနောက် ပြန်၍ ခေါင်းညိတ်ပြပြန်သည်။ စကားပြောရင်းနှင့် သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး နောက်ဆုံးတွင် ရှုချင်း၏ စွမ်းအားဝတ်စုံပေါ်သို့ အကြည့်ရောက်သွားခဲ့၏။ ရုတ်တရက် သူက ရှုချင်းထံ လက်လှမ်းလိုက်ရင်း “ရှုချင်း... မင်းရဲ့ဓား ခဏလောက်ငှားပေးလို့ရမလား”
ရှုချင်းက နားမလည်နိုင်စွာဖြင့် လူတိုင်းကို ဇဝေဇဝါကြည့်လိုက်ပြီးနောက် သူမ၏တံတောင်ဆစ်မှ ထွက်ပေါ်လာသော ဓားမြှောင်ငယ်တစ်ခုကို ဖြုတ်၍ တာလို့ထံ ကမ်းပေးလိုက်၏။
တာလို့က ဘာစကားမျှမပြောဘဲ ဓားကို လှမ်းယူလိုက်ပြီး လူတိုင်း၏ရှေ့မှောက်တွင် သူ၏လက်ဖဝါးကို ဓားဖြင့် အဆုံးထိထိုးစိုက်ချလိုက်တော့သည်။
“အားး”
ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် မိန်းကလေးအချို့ ချက်ချင်းပင် လန့်ဖျပ်သွားကြရသည်။ ရှားရှားလည်း ထိတ်လန့်သွားခဲ့သည်၊၊
“အစ်ကို... ဘာလုပ်တာလဲ”
“ရှားရှား”
ထိုအချိန်တွင် လင်းရှန်က သူမကို တားမြစ်လိုက်သည်။ လူတိုင်း၏ အကြည့်များသည် ဓားစိုက်နေသော တာလို့၏ လက်ဖဝါးဆီသို့ ရောက်ရှိသွားကြရာ သွေးများပန်းထွက်လာခြင်း သို့မဟုတ် အရေပြားများစုတ်ပြဲသွားခြင်းမရှိသည်ကို တွေ့လိုက်ရ၏။ တာလို့က အာရုံစိုက်လိုက်ပြီး လက်ဖဝါးထဲမှ ဓားကို ဆွဲနှုတ်လိုက်ရာ ဒဏ်ရာမှ သွေးများသည် သက်ရှိတစ်ခုကဲ့သို့ လျင်မြန်စွာ ခဲသွားသည်ကို လူတိုင်း မြင်လိုက်ရသည်။ နှစ်စက္ကန့်၊ သုံးစက္ကန့်အတွင်းမှာပင် ထုတ်ချင်းပေါက်သွားသော ဒဏ်ရာသည် မျက်စိရှေ့တင် အပြည့်အဝပိတ်ဆို့သွားခဲ့ပြီဖြစ်သည်။
“အိုး”
မြောင်လုက ထိုအံ့ဩဖွယ်မြင်ကွင်းကို ကြည့်ရင်း “အစ်ကိုဟွာ... အစ်ကိုက မသေနိုင်တဲ့ ခန္ဓာကိုယ်ကို နိုးထစေခဲ့တာလား”
“အဲဒီလိုတော့... မဟုတ်လောက်ဘူး ထင်တယ်”
တာလို့က လေးနက်စွာ ပြန်ပြောသည်။
“ငါက ငါ့ရဲ့ သွေးကီစွမ်းအင်နဲ့ ခန္ဓာကိုယ်ကို အပြည့်အဝထိန်းချုပ်နိုင်တယ်လို့ ခံစားရတယ်။ ပြီးတော့... နည်းနည်းမှ မနာဘူး”
“ဒါက တကယ်ပဲ ခန္ဓာကိုယ်ကို လျင်မြန်စွာကုသပေးနိုင်တဲ့ ထူးခြားတဲ့မွန်းစတားတစ်မျိုးနဲ့ တူနေတယ်” မိုနီကာ၏ အသံသည် လူအုပ်ကြားထဲမှ ပြတ်သားစွာ ထွက်ပေါ်လာခဲ့၏။
“ငါ တစ်ခါက အမှတ် ၄ တွင်းနက်ရဲ့ အစွန်းမှာ သွေးတစ္ဆေလို့ခေါ်တဲ့ ထူးဆန်းတဲ့သတ္တဝါတစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ဖူးတယ်။ ဖီးနစ်က အဲဒါကို အထူးအဆင့်လို့ သတ်မှတ်ထားတယ်။ အကောင်က သိပ်မကြီးပေမဲ့ သတ်ရတာ အရမ်းခက်တယ်။ ငါက တခြားယာဉ်တန်း ခြောက်ခုနဲ့ ပူးပေါင်းပြီး တစ်ညလုံးနီးပါးတိုက်ခိုက်ခဲ့ရတယ်။ အကျအဆုံးလည်းများခဲ့တယ်။ အဲဒီအကောင်က စွမ်းအားပြင်းလက်နက်တွေနဲ့ စွမ်းအားရှင်တွေရဲ့ တိုက်ခိုက်မှုကြောင့် အမှုန့်ဖြစ်သွားပြီး လက်တစ်ဖက်ပဲ ကျန်တော့ရင်တောင် အချိန်တိုအတွင်းမှာ ပြန်ရှင်လာနိုင်လို့ ငါတို့ကို အတော်လေးဒုက္ခပေးခဲ့တယ်”
“ဒါနဲ့ ရှင်တို့ အဲဒီကောင်ကို ဘယ်လိုနှိမ်နင်းလိုက်တာလဲ” ကီကီက ထိုအချိန်တွင် မေးလိုက်၏။
မိုနီကာက လက်ပိုက်လျက် တည်ငြိမ်စွာ ပြောသည်။ “အားကုန်အောင် လုပ်တာလေ။ အဲဒီထူးဆန်းတဲ့ သတ္တဝါရဲ့ အမှောင်စွမ်းအားကို စုပ်ယူတဲ့အရှိန်က ငါတို့နဲ့ တိုက်ခိုက်ရလို့ ကုန်ဆုံးသွားတဲ့ အရှိန်ကိုမမီတော့လို့ပဲ”
လင်းရှန်သည် ထိုစကားကို ကြားသောအခါ တာလို့ကို ကြည့်လိုက်ရင်း “ဒါက တာလို့ရဲ့ အခြေအနေနဲ့ တကယ်ကို တူတာပဲ”
“ဒါဆို မင်းတို့က အဲဒီမိစ္ဆာကောင်ကို ရှင်းပစ်လိုက်ပြီဆိုမှတော့ အစ်ကိုဟွာရဲ့ စွမ်းရည်က ဘာလို့ပျောက်မသွားတာလဲ” လုချန်က ထိုအချိန်တွင် ကြားဖြတ်မေးလိုက်သည်။
“နင်ကလည်း အူကြောင်ကြောင်နဲ့။ ငါ့အစ်ကိုတစ်ယောက်တည်းမှာပဲ ဒီစွမ်းရည်ရှိတာမှ မဟုတ်တာ” ရှားရှားက ချက်ချင်းပင် ပြန်ပြောလိုက်သည်။
“ငါ့အစ်ကိုက အဆင့် C ပဲ ရှိသေးတာ။ ဒီလိုစွမ်းရည်မျိုးရှိတဲ့လူတွေ အများကြီးပဲ”
“နှိုင်းယှဉ်ချက်ရှုထောင့်ကကြည့်ရင် အဆင့် C စွမ်းအားရှင်တွေဟာ အနည်းဆုံး အထူးအဆင့် ဒါမှမဟုတ် အဲဒီထက်မြင့်တဲ့ ထူးဆန်းတဲ့သတ္တဝါတွေနဲ့ တူညီတဲ့ ဆက်နွှယ်မှုရှိကြတာပဲ။ ဒါကို ကြည့်ရင် လူသားတွေနဲ့ ထပ်တူကျနိုင်တဲ့ ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ အဆင့်က နိမ့်မှာမဟုတ်ဘူးဆိုတာ ထင်ရှားတယ်”
တင်းကျန်းရီက လူအုပ်ထဲမှ ထွက်လာရင်း ခွဲခြမ်းစိတ်ဖြာလိုက်သည်။
“သီအိုရီအရဆိုရင် အဆင့်မြင့်ထူးဆန်းတဲ့ သတ္တဝါတွေဟာ ပိုမိုအားကောင်းတဲ့ ထူးခြားစွမ်းအားတွေကို ပိုင်ဆိုင်ထားကြတယ်။ ဒါပေမဲ့ ခြွင်းချက်တော့ ရှိတာပေါ့”
သူမက ပြောရင်းနှင့် အဝေး၌ အပူချိန်အလွန်မြင့်တက်နေသော အေးခဲအခန်းငယ်တစ်ခုဆီသို့ လှည့်ကြည့်လိုက်ကာ “အဆင့် B ဖြစ်တဲ့ လူဦးခေါင်းခွံကလည်း မီးမှုတ်နိုင်တာပဲ။ ဒါပေမဲ့ ဒါက အငြင်းပွားစရာအခြေခံအချက်အဖြစ် သတ်မှတ်ဖို့တော့ မလုံလောက်သေးပါဘူး”