အခန်း (၁၀၂၁-၁၀၂၄)
Vol. 53 Ch. 1021-1024
အခန်း ၁၀၂၁ သံယောဇဉ်နွယ်ကြိုး
သူမစိတ်ထဲ အတွေးများစွာဖြတ်ပြေးသွား၏။ နောက်ဆုံးတွင် သူမ ခေါင်းကို ပြတ်ပြတ်သားသားခါလိုက်သည်။
“ဆရာကြီးနဲ့...ဆရာတူအစ်ကိုတွေက တပည့်တွေ ထပ်လက်မခံကြတော့ဘူး။ မင်းလို အသက်ကြီးတဲ့တပည့်ကိုလည်း ကျွန်မ လက်မခံချင်ဘူး။ အရှင့်သား၊ မင်းရဲ့ရာထူးက အရေးကြီးတယ်။ ဒီလိုအရာတွေကို မသင်တာအကောင်းဆုံးပဲ။ မဟုတ်ရင် နောင်တစ်ချိန်ကျ ရေမြေ့အရှင်သခင်တစ်ယောက်အနေနဲ့ အာဏာကိုစွန့်ပြီး တာအိုဘုရားကျောင်းမှာ သွားပြီး ကျင့်ကြံနေရမယ်ဆိုရင် ဘာဖြစ်သွားမလဲ။ ဒါ့အပြင် နိုင်ငံရဲ့အိမ်ရှေ့စံမင်းသားတစ်ပါးအနေနဲ့ လမ်းညွှန်တဲ့ သံလိုက်အိမ်မြှောင် ကိုကိုင်ပြီး ထူးဆန်းတဲ့ အမူအရာတွေနဲ့စကားတွေပြောနေတာက... မင်းရဲ့ဂုဏ်သတင်းအတွက် မကောင်းပါဘူး…”ရှဲ့ချောင် ရှင်းပြလိုက်သည်။
ခဏကြာ စဉ်းစားပြီးနောက် ရှဲ့ချောင်က ဖြည်းဖြည်းချင်း ထပ်ပြော၏။ “ဧကရာဇ်တစ်ပါးအနေနဲ့ တာအိုဆရာဆီက ပညာသင်ယူတာကို တားမြစ်ထားတယ်။ မင်းကငယ်သေးပြီး အချိန်ရဲ့ရက်စက်မှုကို မသိသေးဘူး။ အသက်ကြီးလာတဲ့အခါ သေရမှာကြောက်ပြီး နေ့တိုင်း ဓမ္မစာပေ တွေသင်ယူနေရလိမ့်မယ်။ ဆေးလုံးကျိုဖို့ပါ စဉ်းစားနေရရင် ဘာလိုလုပ်မလဲ။” ရှဲ့ချောင် အိမ်ရှေ့စံမင်းသားကို လမ်းမှားရောက်အောင် မလုပ်ရဲပါချေ။
ကျောက်ရွှမ်ကျင်းသည် အဆင်ပြေစွာရှိနေဆဲပင်။သူမပြောသည်ကိုကြားသော အခါသူသည် ကူကယ်ရာမဲ့စွာပြောလိုက်၏၊“ဒီလောက်ထိတောင် ကြိုတွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“အရှင့်သားကို ပုံစံဖျက်ဖို့ ကူညီခိုင်းတာက ခဏတာပဲ။ အရှင့်သားရဲ့ပြဿနာကို မကြာခင်ဖြေရှင်းပေးနိုင်မှာပါ။ အဲဒီအခါကျရင် လုံးဝပျောက်ကင်းသွားလိမ့်မယ်။ အရှင့်သားက နောက်ဆို မင်းရဲ့အဆင့်အတန်းကို နိမ့်ကျအောင် လုပ်စရာမလိုတော့ဘူး” ရှဲ့ချောင် ထပ်ပြောလိုက်သည်။
၎င်းတို့မှာ သူမ၏စိတ်ရင်းမှန်စကားများ ဖြစ်၏။
“ဒါ့အပြင် အရှင့်သားက ပိုပြီးအရေးကြီးတဲ့အရာတွေကို လုပ်သင့်တယ်။ အရှင့်သားကို ကြည့်ရတာ အဆင်ပြေတဲ့ပုံမပေါ်ဘူး။ နေ့တိုင်းအရမ်းအလုပ်များနေမယ် ထင်တယ်။ ကျွန်မကို ကူညီဖို့ အချိန်ညှိပေးရတော့ စိတ်မကောင်းဖြစ်ရပါတယ်” ရှဲ့ချောင်က ထပ်ပြောပြန်၏။
အိမ်ရှေ့စံမင်းသားက အလုပ်များနေမှာ သေချာ၏ ။
ရှဲ့ချောင်က မိုက်မဲသူမဟုတ်ပေ။ ဧကရာဇ်က အိမ်ရှေ့စံမင်းသားကို ယုံကြည်သောကြောင့် သူ့ကို နိုင်ငံရေးကိစ္စများတွင် ပါဝင်ခွင့်ပေးမည်မှာ သေချာသည်။ ကျောက်ရွှမ်ကျင်းက ပျင်းရိသူမဟုတ်ပေ။ သူမ မမြင်ကွယ်ရာတွင် သူက ကြိုးစားလုပ်ကိုင်နေပုံပေါ်သည်။
ကျောက်ရွှမ်ကျင်း ထိုစကားအားကြားသောအခါ စိတ်အခြေအနေကောင်းသွား၏။
ရှဲ့ချောင်က သူ့ကို အလေးထားတာပဲ၊ ဟုတ်တယ်မလား။
သူ့ဘာသာ စိတ်ဆန္ဒပြင်းပြမှု ဖြစ်သည်ဟု ထင်ခဲ့သော်လည်း သူမ၏ နူးညံ့သိမ်မွေ့သော သဘောထားကို မြင်လိုက်သောအခါ သူမသည် သူ့အပေါ် “တွယ်တာမြတ်နိုး” နေမည်မှာ သေချာသည်။ ကံမကောင်းစွာပင် သူမ၏ အခြေအနေနှစ်ရပ်လုံးကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည့်အတွက် ဤအချိန်တွင် သူမအား စနောက်ရန် မသင့်တော်ပေ။ ၎င်းက သူ့နှလုံးသားကို ကြောင်တစ်ကောင်က ကုတ်ခြစ်နေသကဲ့သို့ မသက်မသာ ခံစားရစေသည်။
ရှဲ့ချောင်က သူ့နှုတ်ခမ်းထောင့်လေး ကော့တက်သွားသည်အား မြင်လိုက်ရ၏။ ၎င်းမှာ အနည်းငယ် ဝင့်ကြွားပြီး ဂုဏ်ယူနေသလိုပင်...
သူမ နားမလည်နိုင်တော့ပေ။
“ဒါက သာမန်ကိစ္စလေးပါ၊ ကျွန်တော့်ရဲ့အားအင် တွေလည်း သိပ်အများကြီးမလိုအပ်ပါဘူး။ ကျွန်တော့်ခန္ဓာကိုယ်နဲ့ဆိုရင် ခုနစ်ရက် ခုနစ်ည မအိပ်ဘဲနေရင်တောင် ဆရာတူအစ်မကိုတွေ့ရရင် လန်းဆန်းတက်ကြွနေမှာ။ ကျွန်တော့်ကို ဒီလောက်စိတ်ပူစရာ မလိုပါဘူး” ကျောက်ရွှမ်ကျင်းက ပြုံးပြီး ပြောလိုက်လေ၏။
ရှဲ့ချောင်သည် သူမရင်ဘတ်ကို ညင်သာစွာအုပ်လိုက်လေသည်။
သူမ နက်ရှိုင်းစွာအသက်ရှူလိုက်ကာ။ “ဟုတ်ပါပြီ၊ မင်းရဲ့ခန္ဓာကိုယ်က ကောင်းပါတယ်”
နွားထီးတစ်ကောင်လိုပဲ။
သူမ မဟုတ်သလိုပင် တစ်နေ့လုံး အလုပ်များခဲ့ရပြီး ခေါင်းထဲ မူးနောက်နေရာ စိတ်လည်း မကြည်မလင်ဖြစ်နေ တော့သည်။
သူမ၏စကားများမှာ ပြက်ရယ်ပြုနေသည့်သဘောဆောင်နေပြီး ကျောက်ရွှမ်ကျင်းက သူမဘာကိုတွေးနေလဲဆိုတာ သိလေ၏။ သူသည် ရယ်ရမလား၊ ငိုရမလား မသိတော့ချေ။
ရွှေယွဲ့တာအိုဘုရားကျောင်းမှ ဆင်းသက်လာသူများသည် ကောင်းကင်ဘုံ၏ အမိန့်ကို ထမ်းဆောင်လျက် ဝိညာဉ်များကို ဖမ်းဆီးကာ သရဲတစ္ဆေများကို မောင်းထုတ်ကြရသည်။ ထိုသူတို့သည် သာမန်လူတွေနဲ့မတူညီဘဲ အနည်းငယ် အားနည်းချက်များရှိနေပေသည်။ နောင်အနာဂတ်တွင်…
သူမ ဝကစ်လာသည်အထိ ကျွေးမှာ သေချာပေသည်။
ချူးရှန်းနဲ့ အလွန်အမင်းရင်းနှီးကျွမ်းဝင်ခြင်းသည် သူ့အတွက် အခြေအနေကောင်းတစ်ရပ် မဟုတ်ချေ။ သူသည် အမျိုးသားဖြစ်ပြီး ရှဲ့ချောင်သည် အမျိုးသမီးဖြစ်သည့်အတွက် နှစ်ဦးကြား အပြန်အလှန် ပြောဆို ဆက်ဆံမှု လွန်ကဲခြင်းအား ရှောင်ကြဥ်သင့်ပေသည်။
ရှဲ့ချောင် သူ့ကို လက်ထပ်သည့်အခါ သူ့အိမ်တွင် အစားအသောက်ပမာဏ အနည်းငယ်တိုးလာပေလိမ့်မည်။
မည်သို့ပင် ဖြစ်ပါစေ သူမကို ယခုလောက်ထိ အားနည်းနေအောင် မထားသင့်ပေ။
ဒီအကြောင်းကို စဉ်းစားမိတော့ ကျောက်ရွှမ်ကျင်း မျက်မှောင်ကြုတ်မိပြန်သည်။
ရှဲ့နျိုရှန်း၊ သူ့၏အသုံးမကျသော ယောက္ခထီးသည် ငွေကြေးဥစ္စာမရှာဖွေနိုင်သောသူ ဖြစ်သည်။ ရှဲ့ချောင်သည် မြို့တော်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သော်လည်း ယခုထိ ပိန်လှီနေဆဲဖြစ်သည်။ သူသည် ဖခင်တစ်ယောက်အနေဖြင့် အမှန်ပင် အသုံးမကျလှ၏။၊ ကိုယ့်သမီးကိုယ်ပင် မထောက်ပံ့နိုင်ပေ။
“ရှဲ့ဖင်းကန်းက မကြာသေးခင်က အတော်လေး ကြိုးစား ဆောင်ရွက်ခဲ့တယ်။ ကျွန်တော်ပြန်ရောက်တဲ့အခါ သူ့ကို ငွေသား ရွှေဒင်္ဂါးတစ်ထောင် ဆုချမယ်” ကျောက်ရွှမ်ကျင်းက ရုတ်တရက်ပြောလိုက်၏။
ရှဲ့ချောင် ခေါင်းစောင်းလိုက်သည်။
သူ မကြာသေးခင်ကပဲ အနာဂတ်အကြောင်းပြောနေခြင်း မဟုတ်ဘူးလား။ စကားတောင်မဆုံးသေးဘူး ဘာလို့ ရုတ်တရက်ကြီး သူမအစ်ကိုကြီးအကြောင်း ရောက်သွားပါလိမ့်။
“ကျွန်တော်တို့ မုန့်ကျားပေါင်ကို သွားတုန်းက ရှဲ့ဖင်းကန်းက အမှုကြီးတွေ အများကြီးကို သူဘာသာသူ ဖြေရှင်းနိုင်ခဲ့တာကို ရုတ်တရက် သတိရသွားလို့လေ။ တကယ် အထင်ကြီးစရာပါပဲ။ အခုလို အရည်အချင်းရှိတဲ့သူကို ဆုချရမယ်လေ။ အဲဒါကြောင့် ငွေကြေးတစ်ချို့ ရလာရင် ဂျင်ဆင်း၊ သမင်ချို၊ အနီရောင်ငှက်သိုက် (အာဟာရဖြည့်ဆေး) တွေ သူ့ခန္ဓာကိုယ်အတွက် အားဖြည့်ဖို့ ပို့ပေးမယ် စဉ်းစားထားတယ်”
•••••
အခန်း ၁၀၂၂ သောကများကင်းဝေးရာ
ကျောက်ရွှမ်ကျင်းသည် ထိုအရာများကို ဂရုမစိုက်ပေ။ သူသည် အသိညဏ်နည်းပါးသော ရှဲ့ဖင်းကန်း သူ၏ဆိုလိုရင်းကို နားလည်လိမ့်မည်ဟုသာ မျှော်လင့်ခဲ့သည်။ သူသည် ကောင်းမွန်သောအရာများကို တစ်ဦးတည်းခံစားလိုခြင်း မရှိခဲ့ပေ။ ဆင်းရဲနွမ်းပါးပြီး အားနည်းသော ထိုမိန်းကလေးအတွက် တစ်ချို့တစ်ဝက်ကို ချန်ထားခဲ့လိုခြင်းဖြစ်၏။ ရှဲ့ချောင် သည် ရာဇဝတ်မှုစစ်ဆေးရေးဌာနမှ မည်သည့် အမှုကိုင်ဆောင်နေသည်ကို မသိခဲ့သောကြောင့် ကျောက်ရွှမ်ကျင်း၏စကားကိုသာ နားထောင်ပြီး ပြန်မဖြေခဲ့ပေ။
လှုပ်ယမ်းနေသော မြင်းလှည်းထဲတွင် သူမ၏ခေါင်းသည် မူးဝေနေပြီဖြစ်ရာ ခဏအကြာတွင်ပင် အိပ်ပျော်သွားခဲ့သည်။ ကျောက်ရွှမ်ကျင်း၏ မျက်လုံးအကြည့်များသည် သူမ၏မျက်နှာပေါ်သို့ ရောက်ရှိသွားခဲ့လေသည်။
သူသည် သူ၏ နဂါးဝါကျောက်စိမ်းတံဆိပ်ကို ချွတ်၍ ရှဲ့ချောင်၏ခြေရင်းရှိ ဝါးခြင်းတောင်းထဲသို့ ထည့်လိုက်လေသည်။ သူသည် သူမကို သူ၏ဝတ်ရုံခြုံပေးပြီး မြင်းလှည်းသမားအား ဖြည်းဖြည်းသွားရန် ပြောလိုက်၏။
ရှဲ့ချောင် နိုးလာသောအခါ မှောင်နေလေပြီ။
ကျောက်ရွှမ်ကျင်း မည်သည့်အချိန်က ထွက်သွားသည်ကို မသိလိုက်ပေ။ သူမ၏ကိုယ်ပေါ်ရှိ ဝတ်ရုံမှ စန္ဒကူးနံ့ သင်းပျံ့နေသည်မှာ အတော်လေးကောင်းမွန်လှသည်။
သူမ လိုက်ကာကို ဖွင့်လိုက်သောအခါ ကြမ္မာဥယျာဥ်၏ အဝင်ဝတွင် ရောက်နေသည်ကို တွေ့လိုက်ရ၏။
သူမသည် ယနေ့ အင်အားများစွာ ကုန်ဆုံးခဲ့လေသည်။ လွန်ခဲ့သည့် မိနစ်ပိုင်းက ကောင်းစွာ အိပ်ပျော်ခဲ့သော်လည်း သူမ၏ခန္ဓာကိုယ်မှာ အားနည်းပြီး တောင့်တင်း
နေဆဲဖြစ်၏ ။ မြင်းလှည်းပေါ်မှ ဆင်းချိန် လေအေးတိုက်ခတ်သွားသောအခါ သူမသည် နှစ်ကြိမ်မျှ ချောင်းဆိုးမိသည်။ ကြမ္မာဥယျာဥ် အတွင်းတွင် လွန်စွာနွေးထွေးလှပေသည်။
ရှဲ့ချောင်သည် ကျိပိုင်လိ စိတ်ပူမည်ကို စိုးရိမ်သဖြင့် နှေးကွေးဝံ့ခြင်းပင်မရှိပေ။ သူမ အပေါ်ထပ်သို့ တက်ပြီးနောက် ယနေ့ ဖမ်းမိသော မကောင်းဆိုးဝါးဝိဉာဉ်များကို ချက်ချင်း လွှတ်ပေးလိုက်သည်။
သူမသည် ထိုမကောင်းဆိုးဝါးဝိဉာဉ်များပါရှိသော ပုလင်းများပေါ်တွင် မန္တန် သုံးထားသောကြောင့် ထို မကောင်းဆိုးဝါးဝိဉာဉ်များ ထွက်ပြေးမည်ကို စိုးရိမ်စရာမလိုပေ။ သူမသည် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို မေးမြန်းရန်ပင် အချိန်မရခဲ့သောကြောင့် ပိုင်လိ မိသားစုမှ လူများ ပါဝင်နေခြင်းရှိ၊ မရှိကို မသိခဲ့ပေ။
သူမ၏မျက်လုံးများက လေးနက်ပြီး စိုးရိမ်ပူပန်နေသည်။
"ဘိုးဘိုး!" မကောင်းဆိုးဝါးဝိဉာဉ်အချို့ ထွက်ပေါ်လာပြီး ကျိပိုင်လိကို မြင်သောအခါ ချက်ချင်း ဒူးထောက်လိုက်ကြသည်။
ရှဲ့ချောင် စိတ်အေးစွာပင် သက်ပြင်းချလိုက်၏ ။
ကျိပိုင်လိ လည်းအတော်လေး စိတ်သက်သာရာရသွား၏။သူသည် သူ၏သားစဉ်မြေးဆက်များနှင့် စကားပြောခြင်းမရှိဘဲ ရှဲ့ချောင်ကို ကြည့်လိုက်လေသည်။ "ကလေးမ၊ မင်းအတွက် ခက်ခဲခဲ့ပြီ။ ဒီကိစ္စကြောင့် မင်းအတွက် မလွယ်ဘူးဆိုတာ ဒီအဘိုးကြီးလည်း တွေ့မြင်ခဲ့ပါတယ်။”
သူမသည် ရက်ပေါင်းများစွာကြာအောင် ကောင်းစွာမစားရ၊ ကောင်းစွာမအိပ်ရပေ။ သူမသည် မကောင်းဆိုးဝါးဝိဉာဉ်များကို ရှာဖွေရန် အပြင်ထွက်ရုံသာမက ကြမ္မာဥယျာဥ် တွင်လည်း ဝိညာဉ်နံ့သာများကဲ့သို့သော အရာများကို ပြုလုပ်နေရသည်။
ထို့အပြင် ဤကလေးမ၏ ကျန်းမာရေးမှာ မကောင်းပေ။ သူမသည် နေ့စဉ် နှစ်နာရီမှ သုံးနာရီလောက်ပင် ရှာဖွေခဲ့လျှင်တောင် စကားများများ ပြောဖြစ်လိမ့်မည်မဟုတ်ချေ။ သို့သော် သူမသည် ပိုင်လိမိသားစု၏ အဘိုးဖြစ်သူထက်ပင် ပို၍ ဂရုတစိုက်ရှိခဲ့သည်။ သူမသည် ရှာဖွေနေစဉ် ခြေတစ်လှမ်းနောက်ကျလျှင် သူ၏သားစဉ်မြေးဆက်များ ပျောက်ကွယ်သွားမည်ကို စိုးရိမ်ခဲ့၏ ။“ကျွန်မ အကြီးအကဲရဲ့ တောင်းဆိုချက်ကို လိုက်နာပြီးပါပြီ။ ကျွန်မ အကောင်းဆုံး
ပြီးဆုံးအောင် ကြိုးစားဆောင်ရွက်ပါ့မယ်။”ရှဲ့ချောင် လေးလေးနက်နက်ဖြင့် မေးမြန်းလိုက်၏ “အကြီးအကဲ၊ တစ်ယောက်ယောက်များ ကျန်နေသေးတာ တွေ့မိပါသလား”
အဲ့ဒါဘာလဲ။
၎င်းသည် အားလုံး အသက်ရှင်ရပ်တည်ရေးအတွက် ဖြစ်၏ ။
"အားလုံး ရောက်နေပါပြီ။" ပိုင်ကျိလိ အလွန်ကျေနပ်နေပြီး သူမကို ကြည့်သည့်ပုံစံမှာ သံယောဇဉ်ရှိသော အရိပ်အယောင်များ ပေါ် လွင်နေသည်။ "ငါ မင်းကို ရက်အနည်းငယ်အကြာက ရတနာသေတ္တာရဲ့ တည်နေရာကို ပြောပြခဲ့ဖူးတယ်မဟုတ်လား။ မင်း ခုထိ သွားမရှာရသေးဘူးထင်တယ်။ ကောင်းကောင်းအနားယူပြီးရင် အဲဒီရတနာသေတ္တာကို ယူထားလို့ရပါတယ်။ ရှက်မနေပါနဲ့။”
“အကြီးအကဲ၊ စိတ်မပူပါနဲ့၊ ကျွန်မ မမေ့ပါဘူး။” ရှဲ့ချောင် အတော်လေး မျှော်လင့်နေပြီး ရတနာသေတ္တာက မည်မျှကြီးသည်ကို မသိခဲ့ပေ။
ယခုတစ်ကြိမ်တွင် သူမသည် အလုပ်ကြီးတစ်ခုကို ပြီးမြောက်ခဲ့ခြင်းပင်။ အကျိုးကျေးဇူးများ ပိုမိုရရှိခြင်းသည် အဆင်ပြေလှ၏။ ယင်းတို့ထဲမှ တစ်စိတ်တစ်ပိုင်းကို ကောင်းမှုကုသိုလ်များ ပြုလုပ်ဖို့နှင့် သူတို့အတွက် အမွှေးတိုင်ထွန်းညှိဖို့ သုံးခဲ့သည်။
ကောင်းမှုအပေါင်း တို့သည် တစ်ဦ်းတည်း ခံစားရသည့် အရာများမဟုတ်ချေ။
"ငါ့မှာ သားသမီးမြေးမြစ်တွေ အများကြီးရှိတယ်။ မကြာခင်မှာ ငရဲတံခါးပွင့်တော့
မှာ မဟုတ်လား။ အဲ့ဒီအချိန်ကျရင် ငါအပါအဝင် ခြောက်ယောက်ကို ချန်ထားခဲ့ပြီး ကျန်တဲ့သူတွေကိုတော့ လွှတ်ပေးလိုက်လို့ရပါတယ်။" ပိုင်ကျိလိ ပြောလိုက်၏။
ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။ ကျန်နေခဲ့သူများမှာ မူလအားဖြင့် အသိပညာအရှိဆုံးနှင့် အရည်အချင်းအရှိဆုံးသူများ ဖြစ်ကြသည်။
သူသည် ၎င်းကို ကောင်းစွာ စဉ်းစားပြီးဖြစ်၏။ သူသည် ရှဲ့ချောင်ကို ထပ်မံ ဒုက္ခပေးရလိမ့်မည်။ ပထမအချက်သည် သူမကို သင်ကြားပေးရန်ဖြစ်သည်။ ဒုတိယအချက်သည် ရှဲ့ချောင်အတွက် စာအုပ်များ၏ အကြောင်းအရာများကို မှတ်တမ်းတင်ပေးရန် နှုတ်တိုက်ချပေးခြင်းဖြစ်သည်။ သူ အသက်ရှင်စဉ်ကာလတွင် သူ၏ဘဝသည် အချည်းနှီး ဖြစ်နေ တော့မည်မဟုတ်ပေ။
"ဆောင်းရာသီအဝတ်အထည်နေ့ နီးကပ်လာပြီ။ ရှင့်မှာ ဆန္ဒတစ်ခုခုရှိရင် ကျွန်မ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမယ်။ တကယ်လို့ ကျွန်မ မဖြည့်ဆည်းပေးနိုင်ခဲ့ရင်လည်း နောက်နှစ် ချင်းမင်ပွဲတော်အထိတော့ စောင့်ပေး။ အလျင်လိုဖို့ မလိုဘူးလေ။" ရှဲ့ချောင်လည်းပဲ လူသားတစ်ယောက်သာ။
မကောင်းဆိုးဝါးဝိဉာဉ်များကို လွှတ်ပေးခြင်းသည် ကောင်းမှုကုသိုလ်များ ရနိုင်သော်လည်း သူမသည် ၎င်းတို့အား စိုးရိမ်ပူပန်မှုမရှိဘဲ ထွက်ခွာသွားစေရန် သူမ အကောင်းဆုံး ကြိုးစားနိုင်မည်ဟု မျှော်လင့်နေဆဲပင်။
•••••
အခန်း ၁၀၂၃ တိမ်မြုပ်နေသော
မကောင်းဆိုးဝါးဝိဉာဉ်များကို ပို့ဆောင်ပေးရခြင်းသည် ရှဲ့ချောင်၏ အလုပ်ဖြစ်သောကြောင့် မည်မျှပင် ပင်ပန်းသည်ဖြစ်စေ သူမ မညည်းညူပေ။
သူမ လုပ်သင့်သည့်အရာများကို ကောင်းစွာလုပ်ဆောင်ရမည်။ ဖောက်သည်များက သဘောထားကြီးသော်လည်း သူတို့၏ သည်းခံမှုကို အခွင့်ကောင်းယူ၍ ကိုယ့်ကိုယ်ကို ပေါ့ဆ၍မရပေ။
မျက်လုံးများကို ပွတ်သပ်ရင်း သူမထ၍ စုတ်တံနှင့် စက္ကူကိုယူလိုက်၏ ။ ပိုင်လိသားစုဝင်များကို တစ်ဦးချင်းစီ တန်းစီစေပြီး သူတို့၏ဆန္ဒများကို ချရေးလိုက်သည်။
သူမ၏ ကြိုးစားလုပ်ကိုင်မှုကိုတွေ့သောအခါ ကျိပိုင်လိသည် ပျော်ရွှင်သလို စိုးရိမ်စိတ်လည်းဝင်မိသည်။ ဆောင်းရာသီအဝတ်အထည် ပွဲတော်ကျင်းပရန် ငါးရက်သာလိုတော့သောကြောင့် သူမသည် ဆန္ဒအချို့ကိုသာ အကြမ်းဖျင်း ဖြည့်ဆည်းပေးနိုင် ပေလိမ့်မည်။
ရှဲ့ချောင်သည် အလွန်အလေးထားသောကြောင့် ပိုင်လိမိသားစုဝင်များသည် သူမအားလှည့်စားရန် မည်သည့်ဆန္ဒကိုမျှ ပေါ့ပေါ့တန်တန် မပြောဆိုခဲ့ကြပေ။ သူတို့အားလုံး ဂရုတစိုက်စဉ်းစားခဲ့ကြသည်။
သူတို့၏ ဆန္ဒများမှာ တကယ်တမ်းတွင် ရိုးရှင်းလှ၏ ။
အချို့က သူတို့မသေခင်အချိန်တွင် နောက်ဆုံးဖတ်ခဲ့သော စာအုပ်ကို ရှာတွေ့လိုကြောင်း၊ စာအုပ်ကို အဆုံးသတ်ဖတ်ရှုပြီး ၎င်းနှင့်ပက်သက်၍ ဆက်ပြီးတွေးမနေစေရန် မျှော်လင့်ကြောင်း ပြောကြသည်။အချို့ကမူ ရှဲ့ချောင်အား ယခင်ဧကရာဇ်၏ ဂူဗိမာန်သို့သွား၍ ကဲ့ရဲ့ပြစ်တင်ပေးရန် တောင်းဆိုကြ၏။
သေချာပေါက်ပင် ကဲ့ရဲ့ပြစ်တင်ချင်သည်ဆိုလျှင်တောင် သူတို့၏စကားများသည် ယဉ်ကျေးပြီး ပညာသားပါ၏။
အချို့က ရှဲ့ချောင်အနေဖြင့် သူတို့၏ ပုံတူပန်းချီကိုရေးဆွဲပေးရန်၊ ဗိမာန်တည်ဆောက်ပေးရန်၊ ထိုဗိမာန်တွင် သူတို့၏ပုံတူများကို ချိတ်ဆွဲပေးရန်၊ သို့မှ
သာ ကမ္ဘာပေါ်ရှိ ပညာရှင်အားလုံးသည် သူတို့အား လေးစားကြည်ညိုနိုင်မည်ဟူ၍ မျှော်လင့်ကြသည်။
သတိမထားမိခင်မှာပင် ရှဲ့ချောင်သည် သူတို့၏ဆန္ဒများအား ရေးမှတ်ခြင်းကို ပြီးစီးရန် တစ်ညလုံး ကြိုးစားလုပ်ဆောင်ခဲ့သည်။
သူမ၏ မျက်လုံးများ ပြာလာပြီး အနည်းငယ် ဝေဝါးနေသည်။ ရှဲ့ချောင်သည် ဆံပင် ကုတ်လိုက်ကာ နှာခေါင်း ရှုံ့လိုက်၏။ သူမလက်ထဲတွင် ဖြည့်ဆည်းရန် လွယ်ကူသော ဆန္ဒများကို ကိုင်ဆောင်ထားသည်။ အောက်ထပ်သို့ ဆင်းလာသောအခါ ဆိုင်ရှင်ချန်သည် သူမကိုကြည့်ပြီး ကြောက်လန့်တကြားဖြစ်သွား၏။
'ငါတို့ သူဌေးမလေး ဘာဖြစ်နေမှန်းမသိဘူး။ ဒီနေ့ ရူးနေတဲ့ တာအိုဆရာမတစ်ယောက်လိုပဲ...' ဆိုင်ရှင်ချန်လည်း စိုးရိမ်မိ၏ ။
သူဌေးမလေး၏ စိတ်အခြေအနေ မကောင်းချေ။
ရှဲ့ချောင် အမှန်ပင် စိုးရိမ်တကြီးဖြစ်နေ၏။ အဘယ်ကြောင့်ဆိုသော် လုပ်စရာများ များပြားနေသောကြောင့်ပင်။သူမ ကိုယ့်ကိုယ်ကို တင်းတင်းကျပ်ကျပ်ဖြင့် မလုပ်ကိုင်လျှင် ပြီးမြောက်နိုင်မည်မဟုတ်ပေ။
ထို့ပြင်... သူမသည် ဤအခြေအနေကို တကယ်ပင် ကျင့်သားရနေခဲ့ပြီ ဖြစ်၏ ။ ငယ်စဉ်ကတည်းက ဤကဲ့သို့ပင် နေထိုင်ခဲ့ရသည်။ မကောင်းဆိုးဝါးဝိဉာဥ်များအတွက် ဟိုဟိုဒီဒီပြေးလွှားရချိန်တွင် ခါးသီးပင်ပန်းသော်လည်း သူမ၏ဘဝ အဆင်ပြေခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် သူမ ပို၍ပျင်းရိလေလေ ကံကောင်းခြင်းများ နည်းပါးလေလေဖြစ်ပြီး ထို့ကြောင့်ပင် သူမ၏ ခန္ဓာကိုယ်သည် ယခင်က ပိုမိုဆိုးရွားခဲ့ခြင်းဖြစ်လေသည်။
သူမသည် ဆင်းရဲခြင်းကို ကြောက်ရွံ့သည်ဟူ၍လည်း ဆိုနိုင်သည်။ ဆန္ဒများစွာ သူမထံရောက်လာသောအခါ သူမ မည်သည့်ဆန္ဒကိုမျှ လက်လွှတ်မခံရဲပေ။ တစ်ခုခုကို လက်လွှတ်ပေးလိုက်ပါက သူမဘဝ၏ တစ်ရက်တာ နှင့် ကံကောင်း
ခြင်းတို့ကို ဆုံးရှုံးရနိုင်သည်။ သူမ ပိုမိုကြိုးစားလုပ်ဆောင် ရပေလိမ့်မည်။
ရှဲ့ချောင်သည် စာအုပ်ဆိုင်မှ ပစ္စည်းများစွာကို ဝယ်ယူခဲ့သည်။
သူမသည် ပစ္စည်းများကို လှည်းထဲသို့ ဆက်တိုက်ထည့်သွင်းနေ၏။သူမသည် ထိုနေရာတွင် ပင်ပန်းနွမ်းနယ်နေသော သူမ၏ခန္ဓာကိုယ်ကို မနည်းထိန်းထားပြီး ဖြည်းဖြည်းချင်းရပ်စောင့်နေခဲ့ရာ လေတိုက်လျှင်ပင် လဲကျတော့မည့်အလား ပုံစံပေါက်နေ၏ ။
ထိုအချိန်တွင် ယွီရှန်းသည် နီမြန်းသော ဒေါင်းမွှေးဝတ်ရုံကို ဝတ်ဆင်ထားသည်။ ယွီရှန်းသည် သူမ စာအုပ်ဆိုင်အဝင်ဝတွင် ဆီးနှင်းအေးထဲ၌ ရပ်နေသည်ကို မြင်သောအခါ အံ့အားသင့်သွားပြီး သူမဘေးနားရှိလူများကို ဂရုမစိုက်တော့ဘဲ ခြေလှမ်းကျဲကြီးများဖြင့် ပြေးသွားကာ မေးလိုက်၏ ။ “ဆရာမ! ဒီလောက်အေးနေတဲ့နေ့မှာ ဘာလို့ ဒီမှာ ရပ်နေတာလဲ”
ဆရာမ၏ မျက်လုံးများက အနည်းငယ် နီရဲနေသည်...
သူမ မည်သည့်ဒုက္ခမျိုးကို ခံစားခဲ့ရပါသနည်း။
ရှဲ့ချောင်က ခေါင်းကို တုံ့ဆိုင်းစွာ လှည့်လိုက်ပြီး ယွီရှန်းကို မြင်သောအခါ ပြုံးကာ ပြောလိုက်၏ “မင်း ဒီဝတ်စုံနဲ့ လိုက်ဖက်တယ်”
ယွီရှန်းသည် ချောမောလှပသူဖြစ်သည်။ ဤအနီရောင်ဝတ်စုံနှင့် သူမ ကြည့်ကောင်းလှ၏။ သူမသည် ဖြောင့်မတ်တည်ကြည်ခြင်းအပြည့်ရှိပြီး ရှဲ့ချောင်က သူမကိုကြည့်ရုံဖြင့် နေရထိုင်ရပိုကောင်းလာပြီး သက်တောင့်သက်သာဖြစ်လာသည်ကို ခံစားရလေသည်။
“ချီးမွမ်းသည့် အတွက် ကျေးဇူးတင်ပါတယ် ဆရာမ!” ယွီရှန်းသည် လုံးဝရှက်ရွံ့ခြင်းမရှိခဲ့ပေ။ သူမက ရှဲ့ချောင်ဝယ်ထားသော ပစ္စည်းများကို ကြည့်ပြီး ပြောလိုက်၏။ “ဒီလောက်ပစ္စည်းတွေအများကြီးကို ဘာလို့ ကြမ္မာဥယျာဥ် ကိုပဲ မပို့ခိုင်းလိုက်ပဲ ကိုယ်တိုင် စောင့်နေရတာလဲ”
“ဟုတ်တယ်၊ ငါမေ့သွားတာ။” ရှဲ့ချောင် ခဏတာ ကြက်သေ သေသွား၏ ။
“ဆရာမ၊ ဆရာမ စိတ်အခြေအနေ အဆင်ပြေရဲ့လား။ ဘာဖြစ်ခဲ့တာလဲ။ ကျွန်မ လုပ်ပေးနိုင်တာရှိရင် သေချာပေါက် လုပ်ပေးပါ့မယ်” ယွီရှန်း အလွန်စိုးရိမ်နေလေသည်။
“မဟုတ်ပါဘူး၊ ပုံမှန်ကိစ္စလေးပါ။ ဘာမှမဟုတ်ပါဘူး။” ရှဲ့ချောင်၏ လေသံမှာ လေးလံ နှေးကွေးနေသည်။ “မင်းရော... အဆင်ပြေရဲ့လား”
သူမသည် ကျို့အိမ်တော်တွင် အဆင်ပြေသည်မပြေသည်ကို မသိပေ။
“အဆင်ပြေပါတယ်” ယွီရှန်းက ရယ်မောပြီး ပြောလိုက်၏ “ရက်အနည်းငယ်အတွင်း ရှဲ့အိမ်တော်ကို ပြန်လာဖို့ နည်းလမ်းရှာပါ့မယ်”
သူမပြောနေစဉ်တွင် ယွီရှန်းနှင့် လိုက်ပါလာသူက ပြောလိုက်၏ “ဝမ်းကွဲအစ်မ၊ ဒါ ဘယ်သူလဲ။ ဘာလို့ သူမက ဒီလို ဝတ်ထားတာလဲ။ သူ့ကြည့်ရတာ လူလိမ်တစ်ယောက်လိုပဲ။ ငါတို့လိုလူတွေက ဒီလို ထူးဆန်းတဲ့လူတွေနဲ့ ဝေးဝေးနေတာ ပိုကောင်းတယ်။ မဟုတ်ရင် လူတွေမြင်ရင် အတင်းပြောကြလိမ့်မယ်”
ရှဲ့ချောင်၏ အခြေအနေသည် ယနေ့တွင် တကယ်ပင် မကောင်းပေ။ သူမ၏ ဆံပင်များမှာ အနည်းငယ် ရှုပ်ပွနေ၏။ သူမက မတ်မတ်ရပ်ပြီး ဂုဏ်သိက္ခာမကျဆင်းအောင် နေနေ သော်လည်း အဆင်ပြေဟန် မပေါ်ပေ။
သူမ၏ ကိုယ်ပေါ်မှ မကောင်းသော အငွေ့အသက်များက တဖြည်းဖြည်း ကျဆင်းလာ၏။
••••••
အခန်း ၁၀၂၄ - ကြမ်းတမ်းသော ဘဝခရီး
ရှဲ့ချောင် ခေါင်း အနည်းငယ်ငုံ့ပြီး အနည်းငယ်တွန့်နေသော သူမအဝတ်များကို သပ်ရပ်အောင်ပြင်လိုက်၏ ။
ယနေ့အပြင်သွားစဉ် သူမသည် အဝတ်အစားအသစ်လဲရန် မေ့သွားခဲ့၏...။
သူမ လက်ကိုမြှောက်ကြည့်ပြီး နမ်းကြည့်သည်။ ကံကောင်းစွာဖြင့် သူမခန္ဓာကိုယ်မှာ သန့်ရှင်းနေတုန်းမို့ အနံ့အသက်မထွက်ပေ။
“စကားကိုဘယ်လိုပြောရမလဲ မသိရင်လည်း တိတ်တိတ်နေစမ်းပါ။ သခင်မက ငါ့ကျေးဇူးရှင်။ မင်းဆက်ပြီး အဓိပ္ပာယ်မရှိတာတွေ ပြောနေမယ်ဆိုရင် ငါထိုးလိုက်မှာနော်” ယွီရှန်း သူ့ ဝမ်းကွဲညီမ ဘက်သို့ လှည့်ကာ လက်သီးပြ၍ ကြောက်အောင် ခြိမ်းခြောက်လိုက်သည် ။
ယွီရှန်းဘေး၌ လူတစ်ယောက်ထပ်မကရှိ၏။
ခုနက စကားပြောလိုက်သူမှာ ကျို့မိသားစုရဲ့ ဒုတိယဝမ်းကွဲညီအစ်မ ကျို့စစ်ကျင်းဖြစ်ပြီး သူမဘေး၌ ကျို့ဝေ့ကျုံး၏ မိထွေးညီအစ်မနှင့် ဝမ်းကွဲညီအစ်မ သုံးယောက် ရှိ၏။
သူတို့ ယွီရှန်း၏ စကားကို ကြားသောအခါ မျက်နှာပျက်သွားလေသည်။
ကျို့စစ်ကျင်းသည် အနည်းငယ် စိတ်မကောင်းဖြစ်သွား၏ “ဝမ်းကွဲအစ်မ၊ ငါကနင့်အတွက် ကောင်းစေချင်လို့ ပြောတာပါ။ နင်အရင်က မကောင်းတဲ့လူတွေ အများကြီးနဲ့ ပေါင်းခဲ့ပြီးတော့ ကျိုးအိမ်တော်ကို ပြန်မလာဘဲ အဘွားကို စိတ်ပူအောင်လုပ်ခဲ့တယ်လေ။ အခု ငါတို့မိသားစုဝင် ဖြစ်လာပြီဆိုတော့ စည်းကမ်းတွေကို လိုက်နာရမှာပေါ့”
တကယ်တမ်းမှာတော့ ရှဲ့ချောင်ဟာ သူမပြောသည်များ ကိုသေချာနားမထောင်နိုင်ခဲ့ပေ။
လေတိုက်၍ သူမခေါင်းကိုက်နေလေသည်။
နားထဲတွင် လည်း တဝီဝီမြည်နေ၏။
ကျို့စစ်ကျင်း စကားဆုံးသည်နှင့် ရှဲ့ချောင် ခြေထောက်များ ခွေကျပြီး မူးလဲသွား၏ ။ ယွီရှန်းသည် မြန်မြန်ဆန်ဆန်ပင် သူမကိုချက်ချင်း ဆွဲပွေ့ပြီး ရင်ခွင်ထဲ ထည့်လိုက်လေသည်။
ထို့နောက် ကျို့စစ်ကျင်းအား ဒေါသတကြီးဖြင့် စိုက်ကြည့်ကာ ပြောလိုက်၏။ “နင်က ရိုင်းတာပဲ၊ နင် ဆရာမကို ဒေါသထွက်အောင်လုပ်လိုက်လို့ မူးလဲသွားပြီ။ ဆရာမ တစ်ခုခုဖြစ်ရင် နင့်ကို ငါအရှင်လတ်လတ် ခုတ်ထစ်ပစ်မယ်”
ထိုသို့ပြောပြီး သူမ ရှဲ့ချောင်ကို ပွေ့ချီကာ အစေခံအား ရှဲ့ချောင်၏ မြင်းလှည်းနဲ့ ပစ္စည်းတွေကို ကြမ္မာဥယျာဥ်သို့ ပို့ခိုင်းလိုက်၏ ။ ထို့နောက် ရှဲ့ချောင်အား သူမ၏မြင်းလှည်းပေါ် တင်ပြီး ဆေးကုသဆောင်သို့ ချက်ချင်းခေါ်သွားရန် မြင်းလှည်းသမားကို ပြောကြားလိုက်၏။
ရှဲ့ချောင်သည် မကြာခဏ မူးလဲတတ်၏။ ယခင်က ရွှေယွဲ့တာအိုဘုရားကျောင်းအောက်ခြေရှိ ရွာ၌ တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ မူးလဲပြီး ဆေးကုသဆောင်သို့ မကြာခဏ ပို့ရသည်။
ယခုတစ်နှစ်အတွင်းတွင် သူမခန္ဓာကိုယ်သည် များစွာ ပိုမိုကောင်းမွန်လာခဲ့လေသည်။
ခုနက သူမအနည်းငယ်ပင်ပန်းသွားခဲ့လေသည်။ သို့သော် သူမ ယခုလောက်ထိ ခံနိုင်ရည်မရှိ ဖြစ်သွားလိမ့်မည်ကို မထင်ထားခဲ့ပေ။
ယွီရှန်း အလွန် စိုးရိမ်သွားပြီး သခင်မသည် အလွန်အားနည်းပြီး သနားစရာကောင်းသည်ဟူ၍ ခံစားမိလေ၏။ ရှဲ့မိသားစုဝင်များသည် သခင်မနှင့် အလွန်ရင်းနှီးပုံရသည်ဟု ယူဆကာ ရာဇဝတ်မှုဌာနသို့ လူတစ်ယောက်ကို ခေါ်ကာ ရှဲ့ဖင်းကန်း အား လာရောက်ဆုံးဖြတ်ပေးရန် တောင်းဆိုလိုက်သည်။
တစ်ဖက်တွင် ကျို့စစ်ကျင်းသည် စိတ်ဆိုးလွန်း၍ မျက်နှာတစ်ခုလုံး နီရဲနေသည်။ “အား..သူမက အရမ်းရိုင်းတာပဲ။ ငါက သူ့ကို နာမည်ဂုဏ်သတင်းဂရုစိုက်ဖို့ ကောင်းစေချင်လို့ ပြောတာကို သူမက ငါ့ကို စော်ကားတယ်။ မင်းတို့အားလုံးကြားတာပဲ။ သူမကပဲ ငါ့ကို အရင်စပြီး အနိုင်ကျင့်တာ၊ ဟုတ်တယ်မလား။ သူမက ဘယ်သူမို့လို့လဲ။ဝမ်းကွဲညီအစ်မ လို့ ပြောပေမယ့် ဘယ်သူမှ မလိုချင်တဲ့ မိဘမဲ့တစ်ယောက်ပဲ။ ငါတို့ ကျို့မိသားစုက သူ့ကို နည်းနည်းလေး ယဉ်ယဉ်ကျေးကျေး ဆက်ဆံပေးတာနဲ့ သူက ချမ်းသာတဲ့မိသားစုက သမီးကြီးလို့ တကယ်ထင်နေတာလား”
“တတိယညီမ၊ စိတ်မဆိုးပါနဲ့။ ဝမ်းကွဲအစ်မက စိတ်လှုပ်ရှားနေတာလို့ ငါထင်တယ်။ ဒီတာအိုဆရာမက တကယ်ပဲ အရေးကြီးနေသလားမှ မသိတာ”
“တာအိုဆရာမ ပဲဟာကို၊ ဘာများထူးဆန်းလို့လဲ” ကျို့စီကျင်း အလွန်စိတ်ဆိုးနေ၏ ။ ခဏကြာစဉ်းစားပြီးတော့ ထပ်ပြီး တံတွေးထွေးလိုက်၏ ။ “သွားကြည့်ရအောင်။ ဒီတာအိုဆရာမက ဘယ်သူ့သမီးလဲ၊ ဆွေမျိုးသားချင်းတွေကိုတောင် ဂရုမစိုက်နိုင်ရလောက်အောင် ဘယ်လိုလူမျိုးလဲဆိုတာ ငါမေးချင်တယ်”
ကျို့စစ်ကျင်း ခြေဆောင့်ကာ ချက်ချင်း မြင်းလှည်းပေါ်တက်ပြီး ယွီရှန်းနောက်သို့ လိုက်သွားသည်။
မြင်းလှည်းသည် တစ်လျှောက်လုံး မောင်းနှင်လာရာ မကြာမီပင် ဆေးကုသဆောင်သို့ ရောက်လာခဲ့သည်။
သမားတော်ရဲ့ ရောဂါရှာဖွေမှုနဲ့ ကုသမှုပြီးနောက် သူ မျက်မှောင်ကြုံ့လိုက်သည်မှာ ယင်ကောင်တစ်ကောင်ကိုပင် ညှစ်သတ်ပစ်နိုင်လောက်၏ ။ “ဒီတာအိုဆရာမရဲ့ ခန္ဓာကိုယ်က အရမ်းအားနည်းတယ်။ ကိုယ်ခံအားနည်းနေတယ်။ ငယ်ငယ်ကတည်းက အားနည်းနေတာ...။ သူမအလုပ်ပင်ပန်းလွန်းလို့ မူးလဲသွားတာဖြစ်နိုင်ပါတယ်။ ဒီရောဂါကို ကုသဖို့ ငါမတတ်နိုင်ဘူး။ ဒါပေမယ့် ခဏလောက် နားလိုက်ရင်တော့ သူဘာသာသူ ပြန်သတိရလာလိမ့်မယ်”
သမားတော်သည် ခေါင်းယမ်းလိုက်၏ ။
“ငယ်ငယ်ကတည်းက အားနည်းနေတာလား” ယွီရှန်းသည် မျက်မှောင်ကြုတ်လိုက်၏ ။ “ဒီရောဂါက... အဖြစ်များလား?”
“ဖြစ်ပွားမှုတော်တော်များပေမယ့် ဒီလောက်ဆိုးတာတော့ သိပ်မရှိဘူး” သမားတော်က ပြော၏ ။
ဒီတာအိုဆရာမ မည်ကဲ့သို့ပင် ယခုအသက်အရွယ်ထိ အသက်ရှင်နေထိုင်ခဲ့သည် မသိချေ။
ယွီရှန်းသည် တာအိုဆရာမကို ကြည့်ပြီး ကိုယ့်ဘာသာကိုယ် ရေရွတ်လိုက်၏။ “ဒါဘယ်လိုများ ထူးဆန်းတဲ့ တိုက်ဆိုင်မှုလဲ။ ငါသဘောကျတဲ့ ရှဲ့မိသားစုက သခင်မလေးကလည်း ကိုယ်ခန္ဓာအားနည်းနေတယ်။ ငယ်ငယ်ကတည်းက အားနည်းနေတယ်လို့ ငါကြားတယ်။ သူက သုံးလှမ်းလှမ်းတိုင်း မောပြီး ငါးလှမ်းလှမ်းတိုင်း ချောင်းဆိုးတယ်။ အရမ်းသနားဖို့ကောင်းတာပဲ။ ဆရာမလည်း ဒီလိုဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး…..ဪ၊ တခြားသူတွေရဲ့ ဘဝက ဒီလောက် တောက် ခက်ခဲခဲ့ကြတာပါလား”
••••••