အခန်း (၁၀၂၉-၁၀၃၂
Vol. 53 Ch. 1029-1032
အခန်း ၁၀၂၉ မင်းကအရူးလား
ကျောက်ရွှမ်ကျင်းသည် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါဖြင့် ရပ်နေ၏ ။ သူ ဒေါသထွက်လိုက်သည်နှင့် ရှဲ့ဖင်းကန်းသည် ထိခိုက်မှုမရှိစေရန် နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။
ယွီရှန်းသည် ရှဲ့ဖင်းကန်းကို ကြည့်ကာ ဤပုဂ္ဂိုလ်ကို မထိပါးသင့်ကြောင်း ရုတ်တရက် နားလည်သွား၏။
သူမ နှာခေါင်းကို ပွတ်သပ်ပြီး တုံ့နှေးစွာထရပ်ကာ ရှဲ့ဖင်းကန်းနှင့် ကျို့ဝေ့ကျုံးတို့ကြားသို့ တိုးဝင်သွား၏။
ရှဲ့ချောင်သည် အနည်းငယ် အကူအညီမဲ့သလို ခံစားခဲ့ရ၏။
သူမ၏ အစ်ကိုနှင့် မိန်းကလေးယွီတို့၏ တုံ့ပြန်မှုသည် အနည်းငယ် လက်တွေ့ဆန်လွန်းသလားပင် ထင်ရ၏။
သူတို့သည် အတူတူ အခက်အခဲများစွာကို ဖြတ်ကျော်ခဲ့ကြသော်လည်း ယခု သူမတစ်ယောက်တည်း အဆူခံနေရသည်ကို ရပ်ကြည့်နေနိုင်ကြသည်။
“ဒါက ဘာမှကြီးကြီးမားမား မဟုတ်ပါဘူး။ ဆရာတူမောင်လေး၊ မင်းက ဘာမှမဟုတ်တဲ့ ကိစ္စကို အကြီးအကျယ်လုပ်နေတာပဲ။ ကြည့်စမ်းပါဦး၊ ငါ ခဏပဲ မေ့လဲသွားတာပါ၊ ပြီးတော့ ချက်ချင်း ပြန်သက်သာလာတာပဲ။ ငါ့စိတ်က အဆတစ်ရာ ပိုပြီး ကြံ့ခိုင်လာသလို ဘာမှလည်း မသက်မသာ မခံစားရပါဘူး” ရှဲ့ချောင်သည် လည်ပင်းကို မတ်မတ်ထားပြီး ဆရာတူအစ်မ တစ်ယောက်အနေဖြင့် တည်ကြည်စွာ ပြောလိုက်၏ ။
“ကျွန်တော်က မင်းကိစ္စတွေကို ဝင်ရှုပ်နေတယ်လို့ ထင်နေတာလား”
ကျောက်ရွှမ်ကျင်းသည် ထိုစကားကိုကြားသောအခါ သူသည် အခြေအနေဆိုးတစ်ရပ်နှင့် ရင်ဆိုင်ရတော့မည်ကို အသိစိတ်တွင် အလိုလိုခံစားလိုက်ရ၏ ။
“မဟုတ်ပါဘူး” ရှဲ့ချောင်သည် ကျေးဇူးမသိတတ်သူ မဟုတ်ပေ။ သူဒေါသထွက်နေသည်ကို မြင်သောအခါ သူမ ချက်ချင်းပင် ပြောလိုက်၏ “အရှင့်သား၊ ဘာလို့ ဒီလောက် ဒေါသထွက်နေရတာ
လဲ။ ဒီလိုအရေးမပါတဲ့တာအိုဆရာမက ဘယ်အရာက သူမအတွက်အကျိုးရှိတယ်ဆိုတာကို မသိပါဘူး။ စိတ်မဆိုးပါနဲ့။ ငါလည်း မကြာသေးခင်က အရမ်း အလုပ်များနေလို့ အနားယူဖို့အချိန်မရခဲ့တာပါ။ ဒါပေမဲ့ ဆရာတူမောင်လေးရဲ့ သတိပေးစကားကို ကြားပြီးတော့ အခုငါ နားလည်သွားပါပြီ။ ဒီနေ့ ဘာမှ ထပ်မလုပ်တော့ပါဘူး။ ငါပြန်ရောက်ရင် ၁၂ နာရီလောက်ကြာအောင် အိပ်လိုက်တော့မယ်…”
သူမသည် အလုပ်များနေကျ ဖြစ်၏။
ရွှေယွဲ့တာအိုဘုရားကျောင်းတွင် ရှိစဉ် ဆရာကြီးသည် သူမကို ထိန်းချုပ်ထားသော်လည်း သူမကို လိုရာလုပ်ခွင့် ပေးခဲ့သည်။ သူ၏ စိတ်နေစိတ်ထားသည် သူမ လောက် မဆိုးပေ၊ ထို့ပြင် သူမ၏ ခန္ဓာကိုယ်သည်လည်း ထူးခြား၏ ။ သူမ မေ့လဲတိုင်း ခံနိုင်ရည်ရှိသည်။ မေ့လဲသည့် အကြိမ်များလေလေ၊ ဆရာကြီး၏ ဂရုစိုက်မှု နည်းလေလေ ဖြစ်၏။
သို့သော်လည်း အိမ်ရှေ့မင်းသားသည် အလွန် ခက်ထန်လှ၏ ။
သူမသည် ဆရာတူအစ်မ ဖြစ်၏ ။ လူအများ ရှေ့တွင် အရှက်ရခဲ့ရ၏ ။ သူသည် အရိုက်ခံထိုက်ပေသည်။
“မဟုတ်သေးပါဖူး၊ အစ်မ ကျွန်တော့်ကို တိတ်တိတ်လေး ကျိန်ဆဲ နေတယ်လို့ ထင်တယ်” ကျောက်ရွှမ်ကျင်းသည် သူမ၏ မျက်လုံးများကို စိုက်ကြည့်ပြီး ဂရုတစိုက် ပြောလိုက်၏။
“ဘုရားသခင်ကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်။ အကယ်၍ ငါ မင်းကို ကျိန်ဆဲခဲ့မယ်ဆိုရင် ဘယ်တော့မှ အိမ်ထောင်မပြုရပါစေနဲ့”ရှဲ့ချောင်သည် လက်မြှောက်ပြီး သူမကိုယ်သူမ မညှာမတာ ပြောလိုက်၏ ။
ရှဲ့ဖင်းကန်းသည် ထိုစကားကို ကြားသောအခါ ရယ်မောမိ၏ ။ “ဆရာမ၊ ဆရာမ အသက်လည်း ကြီးနေပါပြီ။ ဘယ်လိုမှ လက်ထပ်လို့ မရတော့ပါဘူး…” ယွီရှန်းသည် လက်ဆန့်ကာ ရှဲ့ဖင်းကန်း၏ ခါးကို တွန်းလိုက်၏ ။ “အစ်ကိုရှဲ့၊ ရူးနေတာလား”
“ငါက အမှန်အတိုင်း ပြောပြနေတာပါ။ အရှင့်သားက လူပိန်း မဟုတ်ပါဘူး။ ဒီစကားတွေကို ငါက ယုံရင်တောင် အရှင့်သားက ယုံမှာမဟုတ်ဘူးမလား။ ဒါ့အပြင် အရှင့်သားက ဆရာမရဲ့ ကောင်းကျိုးအတွက် လုပ်ပေးနေတာပါ။ ဆရာမယွီ၊ ရွှေယွဲ့တာအိုဘုရားကျောင်းက လူတွေဟာ အသက်
ဘယ်လောက်ပဲ ရှိရှိ ခန္ဓာကိုယ် အားနည်းတာကို မင်း မသိဘူးလား။ သူတို့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဘယ်လိုလုပ် နောက်ပြောင် နိုင်မှာလဲဗျာ”
“သူမ ဆရာမ ဖြစ်နေတာက ကောင်းတဲ့အရာပါပဲ။ ငါ့ညီမသာဆိုရင် နေ့ရောညပါ အလုပ် ကြိုးစားလို့ကတော့ သူ့ခြေထောက်တွေကို ငါ ခုတ်ပစ်မှာ သေချာတယ်။ သူ ဖျားနာပြီး သေချင်သေပါစေ၊ ဒါပေမဲ့ ပင်ပန်းပြီး သေသွားမယ်ဆိုရင်တော့… ငါ့ရဲ့ဂုဏ်သိက္ခာကိုမထိခိုက်စေချင်ဘူး ။ သတင်းပြန့်သွားရင် လူတွေက ငါ့ကို အသုံးမကျတဲ့သူ၊ ညီမတစ်ယောက်ကိုတောင် မစောင့်ရှောက်ပေးနိုင်လို့ အလုပ်ပင်ပန်းလွန်းလို့ သေသွားတယ်လို့ ထင်ကြလိမ့်မယ်” ရှဲ့ဖင်းကန်းသည် အရှင့်သားနေရာမှ ဝင်ခံစားကြည့်ပြီး ခဏတာ စဉ်းစားလိုက်သည်။ “ကြည့်ပါဦး၊ အရှင့်သားကလည်း သူ့ရဲ့ ဆရာတူမောင်လေးပဲ။ ဆရာမ ဒီလိုမျိုး လုပ်နေတာက ဆရာတူမောင်လေး ဖြစ်တဲ့အရှင့်သား ကို အလေးအနက်မထားဘူးဆိုတာ ထင်ရှားပါတယ်…”
ရှဲ့ချောင်သည် ရှဲ့ဖင်းကန်း၏ ပါးစပ်ကို ချက်ချင်း ပိတ်လိုက်ချင်တော့၏။
အိမ်ရှေ့စံမင်းသားသည် သဲ့သဲ့လေးပြုံးပြီး ပြောလိုက်၏ “ဆရာတူအစ်မလည်း ကြားတယ်မလား။ ဝန်ကြီးရှဲ့ ပြောတာ မှန်တယ်။ အစ်မရဲ့ ဆရာတူမောင်လေး ငါးယောက်စလုံးက အသုံးမကျဘူးမဟုတ်လား”
ရှဲ့ချောင်သည် သူမမှာ ဆရာတူအစ်မတစ်ယောက်ကဲ့သို့ မဟုတ်ဘဲ ရှုံးနိမ့်သူတစ်ယောက်လိုပင် ဖြစ်နေသည်ကို ခံစားရသည်။
“ဟုတ်တယ်၊ မင်းတို့ ပြောတာ မှန်တယ်။ နောက်တစ်ခါ အလုပ်ရှိရင် မင်းတို့ကို ခေါ်ပြီး လုပ်ခိုင်းသင့်တယ်” ရှဲ့ချောင်က ပြန်လည်မချေပဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်၏ ။
သူမသည် ဤဆရာတူ မောင်လေးများကို အလုပ်ခိုင်းလို သော်လည်း ရှက်ရွံ့နေမိ၏။ ဆရာတူမောင်လေးများအားလုံးသည် ပညာတတ်များဖြစ်ပြီး ရှောင်းယွိရုန် နှင့် စန်းယောင်တို့ နှစ်ဦးစလုံးသည် ဆရာများ ဖြစ်ကြ၏ ။ သူတို့သည် နေ့စဉ် ကျောင်းသားများကို သင်ကြားပေးရ၏။ ထိုမျှသေးငယ်သည့် ကိစ္စဖြင့် သူတို့ကို အဘယ့်ကြောင့် အလုပ်ရှုပ်အောင် လုပ်နိုင်ပါမည်နည်း….။
•••••
အခန်း ၁၀၃၀ သူရဲကောင်းတစ်ဦး၏ စွန့်လွှတ်အနစ်နာခံမှု
သို့သော် ယခုအခါ အိမ်ရှေ့မင်းသား ပြောသမျှသည် မှန်ကန်နေ၏။ ရှဲ့ချောင်သည်လည်း ပြန်လည်ချေပနိုင်စွမ်းရော သတ္တိတို့ပါ မရှိခဲ့ပေ။
ထိုအရာအားလုံးသည် သူမ ဆရာ၏ ဆုံးဖြတ်ချက်မှားယွင်းမှုကြောင့်ပင်ဖြစ်၏။ အဘယ်ကြောင့် ဤမျှထိန်းရခက်သည့် တပည့်တစ်ဦးကို လက်ခံခဲ့ပါသနည်း။
သူသည် ဆရာတူမောင်လေး ဖြစ်သည်ကို မည်သို့ပြောနိုင်မည်နည်း။ သူသည် လက်တွေ့တွင် အနိုင်ကျင့်သူတစ်ဦးပင် ဖြစ်၏။ ရှဲ့ချောင် နှာခေါင်းရှုံ့ကာ ခေါင်းကို ပွတ်လိုက်သည်။ "ခေါင်းမူးလိုက်တာ။”
ကျောက်ရွှမ်ကျင်းသည် ချက်ချင်းပင် ဒေါသကို ထိန်းချုပ်လိုက်သည်။သူမကို ဆူပူရမည်လား မဆူပူရမည်လားကို မသိတော့ပေ။ သူမကို အချိန်အတော်ကြာ စိုက်ကြည့်နေသော်လည်း သူမ တကယ်ခေါင်းမူးနေခြင်း ဟုတ်မဟုတ် အတည်ပြုရန် မဝံ့ရဲသေးပေ။ သူသည် ဒေါသကို မတတ်သာဘဲ မျိုချလိုက်ရပြီး ရှဲ့ဖင်းကန်းဘက်သို့ လှည့်ကြည့်ကာ "မင်းကြောင့်ပဲ။ ဘာတွေ စောင့်နေတာလဲ။ မြန်မြန် သမားတော်သွားခေါ်လိုက်။”
ရှဲ့ဖင်းကန်း၏ မျက်ခွံများ တဆတ်ဆတ်တုန်ခါသွား၏ ။
သူသည် ထိုကဲ့သို့ လူများကို နိုင့်ထက်စီးနင်းမလုပ်သင့်ပေ။
သူသည် တရွေ့ရွေ့နှင့်အားသွန်ခွန်စိုက် သမားတော်ခေါ်ရန် ထွက်သွားခဲ့၏ ။ ထို့နောက် ကျို့ဝေ့ကျုံးအနီးသို့ တိုးကပ်ကာ တီးတိုးပြောလိုက်၏ "မင်းရဲ့ အိမ်ရှေ့စံမင်းသားက ဆရာမကို ဘာမှမလုပ်နိုင်ဘူး မဟုတ်လား" "မင်းလည်း မြင်လိုက်တယ်မဟုတ်လား..." ကျို့ဝေ့ကျုံးသည် အမြဲတမ်း ဆင်ခြင်ဉာဏ်ရှိသူတစ်ဦး ဖြစ်၏ ။ သူ မပြောသင့်သည့် မည်သည့်စကားကိုမဆို ပြောရန် ပြတ်သားစွာ ရှောင်ကြဉ်သည်။ သူ့အမြင်တွင် အရှင့်သားသည် ယခုအချိန်၌ သူ၏စိတ်ထဲတွင် ဒေါသများ ပြည့်နှက်နေလိမ့်မည်။
အရှင့်သားသည် မည်သည့်အခါကမျှ သဘောကောင်းသူတစ်ဦး မဟုတ်ခဲ့ပေ။ တရားရုံးတွင် သူ့အား စော်ကားခဲ့သူအားလုံးကို သေသေချာချာ ဖော်ထုတ်ခဲ့ပြီး တရားမဝင်သည့် အရာများနှင့် မကောင်းသည့် အရာများ ပြုလုပ်ခဲ့သူများသည် ကောင်းမွန်စွာ အဆုံးသတ်ခဲ့ရခြင်း မရှိခဲ့ပေ။
သို့သော် ယခုအခါ သူသည် တစ်စုံတစ်ဦးကို ဆူပူလိုသည့် သူ၏ဆန္ဒကို အတင်းအဓမ္မ ထိန်းချုပ်ထားခဲ့သည်။
၎င်းသည် အလွန်ရှားပါးလှပေ၏။
ရှဲ့ဖင်းကန်း၏ စိတ်ထဲတွင် မည်သည့်အရာများ တွေးနေသည်ကို မည်သူမျှ မသိပေ။ မကြာမီပင် သမားတော် ရောက်လာခဲ့သည်။
သမားတော်သည် ဆရာမ၏ သွေးခုန်နှုန်းကို စစ်ဆေးနေစဉ် ရှဲ့ဖင်းကန်းသည် ကျောက်ရွှမ်ကျင်းရှေ့သို့ ရောက်လာသည်။ သူသည် တရိုတသေဖြင့် ပြောလိုက်၏ "ဪ၊ ဆရာမက အမျိုးသမီးတစ်ဦးဖြစ်ပြီး ကျန်းမာရေးလည်း မကောင်းဘူး။ သူ့ကို ဦးစားပေးသင့်တာပေါ့။ ကျွန်တော့် ညီမလေးဆိုလည်း ဒီလိုပဲ။ သူ အရမ်းဒေါသထွက်နေရင် ဘယ်သူမှ ဘာမှမလုပ်နိုင်ဘူး။ ဒါပေမယ့် အရှင့်သား၊ နောက်ဆို ဒေါသကို မထိန်းချုပ်ပါနဲ့တော့။ ကျွန်တော့်ညီမလေးက အရှင့်သားကို ဒေါသထွက်စေရင် သူ့ကို မဆူပါနဲ့၊ မရိုက်ပါနဲ့။ ကျွန်တော်က အရေထူပြီး ခံနိုင်ရည်ရှိပါတယ်။ ကျွန်တော့်ကို အပြစ်ပေးလည်း အတူတူပါပဲ... ကျွန်တော် ဂရုမစိုက်ပါဘူး..."
ယွီရှန်းနှင့် ကျို့ဝေ့ကျုံးတို့သည် သူပြောသည်ကို ကြားလိုက်ရ၏ ။
၎င်းသည် သူရဲကောင်းတစ်ဦး၏ ပေးဆပ်မှုပင်ဖြစ်သည်ကို သူတို့ ခံစားရသည်။
အရှင့်သားသည် ဒေါသထွက်နေဆဲဖြစ်ပြီး ဤရူး ကြောင်ကြောင်သူသည် အိမ်ရှေ့မင်းသားအား နောင်တွင် သခင်မလေးရှဲ့ကို လွှတ်ပေးရန် သတိပေးရန်ပင် လာခဲ့လေ၏….။
ထိုအရာသည် အရှင့်သားအတွက် မလွယ်ကူပေ။ သူသည် ထိုသို့သော ဉာဏ်မမှီသည့် ယောက်ဖတော်မျိုးကို မည်သို့ ရနိုင်ပါမည်နည်း။ သို့သော် ကျို့ဝေ့ကျုံးသည် သူ့စိတ်ထဲတွင် မတတ်သာသလို ခံစားရ၏ ။ နောက်တစ်ကြိမ် ပြန်စဉ်းစားကြည့်သောအခါ ဤယောက်ဖတော်သည် အမှန်တကယ် ညံ့ဖျင်းသူမဟုတ်နိုင်ကြောင်းကို ခံစားမိ၏ ။
အရှင့်သားသည် ဆရာမကို ဆက်ဆံပုံကို ကြည့်ခြင်းဖြင့် သူသည် အနည်းငယ် စိုးရိမ်ပူပန်ပြီး ဂရုစိုက်အလေးထားလွန်း နေပုံရသည်။ ရှဲ့ဖင်းကန်းသည် အမတအရှင်ရှဲ့အကြောင်းကို ပြောခဲ့ခြင်းမှာ ပထမအချက်အနေဖြင့် သူ၏ အနာဂတ်ဇနီးသည် သည် အခြားတစ်ဦးဖြစ်ကြောင်း အရှင့်သားအား သတိပေးရန်ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် အိမ်ရှေ့မင်းသားသည် အမတအရှင်ရှဲ့ကို ဂရု
မစိုက်ခဲ့သည်ဆိုလျှင်တောင် နောင်တွင် သူမ မည်မျှ အားနည်းသည်ကို မြင်သောအခါ ဆရာမကို သတိရလိမ့်မည်။ သူသည် သူမကိုပင် ချစ်ခင်ပြီး သဘောထားကြီးနိုင်ပေလိမ့်မည်။ ကျို့ဝေ့ကျုံးသည် သူ အလွန်အကျွံ တွေးနေခြင်းကို မသိခဲ့ပေ။
သူသည် ရှဲ့ဖင်းကန်းကို တိတ်တဆိတ် ကြည့်နေခဲ့၏။
ရှဲ့ဖင်းကန်းအကြောင်း စဉ်းစားကြည့်ရင်း...
သူသည် အရှင့်သား၏ ဘေးတွင် အချိန်အကြာကြီး ရှိနေခဲ့သော်လည်း အရှင့်သား၏ အခြေခံစည်းမျဉ်းများကို မည်သည့်အခါမျှ မချိုးဖောက်ခဲ့ပေ။ သူသည် မည်သူမျှ အပြစ်မရှာနိုင်သည့် အရာများကို လုပ်ခဲ့၏ ။
၎င်းသည်... တိုက်ဆိုင်မှုလား သို့မဟုတ် သူသည် မွေးရာပါ ဉာဏ်ကောင်းသူပင် ဖြစ်နိုင်လေမည်လော။
ကျို့ဝေ့ကျုံးသည် အလွန်အမင်း ခိုးကြည့်နေခဲ့ရာ သူ၏ ဝမ်းကွဲညီမ၏ မျက်လုံးများက ညှို့ယူမှုရှိနေသည်ကို တွေ့လိုက်ရ၏။
သူမသည်လည်း ရှဲ့ဖင်းကန်းကို စိုက်ကြည့်နေခဲ့သည်။
သူ၏ နှလုံးသားသည် လှပ်ခနဲဖြစ်သွား၏။
သူသည် ပိုမိုနီးကပ်စွာ တိုးကပ်လိုက်၏။ "ဝမ်းကွဲညီမ၊ မင်း ဘာမှမလုပ်စရာမရှိရင် ပြန်လို့ရပြီ... ပြီးတော့ ဒီနေ့ မင်းရဲ့ ဝမ်းကွဲညီအစ်မတွေနဲ့ အပြင်မထွက်ဘူးလား။ သူတို့ မင်းကို ဘယ်ဆိုင်မှာ စောင့်နေကြတာလဲ”
ယွီရှန်း အံ့အားသင့်သွား၏။ "အင်း ဟို၊ ကျွန်မ ဘာမှမလုပ်စရာမရှိဘူး၊ ဒါကြောင့် ဒီမှာပဲ နေရမှာပေါ့။ ကျွန်မ ဝမ်းကွဲညီအစ်မတွေနဲ့ ခုနကပဲ ရန်ဖြစ်ထားလို့ သူတို့ကို မတွေ့ချင်ဘူး။ဝမ်းကွဲအစ်ကို၊ ကျွန်မ ဒီည ရှဲ့အိမ်တော်မှာ နေလို့ရမလား”
ကျို့ဝေ့ကျုံး၏ နှလုံးသားသည် အေးခဲသွား၏။
ရှဲ့ဖင်းကန်း၊ သူသည် သူ၏ ဝမ်းကွဲညီမအပေါ် မည်သို့သော လွှမ်းမိုးမှုများ ရှိနေပါသနည်း။
•••••
အခန်း ၁၀၃၁ နှလုံးသားကိုယိမ်းယိုင်စေသော အချစ်
ကျို့ဝေ့ကျုံးသည် အလွန်စိတ်ဆိုးနေပြီး ရှဲ့ဖင်းကန်းနှင့် တိုက်ခိုက်ချင်နေတော့သည်။ ထိုအချိန်တွင် ယွီရှန်းသည် ရှဲ့ဖင်းကန်းပြောခဲ့သည်များကို စဉ်းစားနေကြောင်း သူသတိမထားမိပေ။
ဆရာမ... နှင့် သခင်မလေးရှဲ့တို့သည် တူညီလွန်းလှ၏။
သူတို့၏ခန္ဓာကိုယ်များမှာ အားနည်းကြပြီး တူညီသော တာအိုဘုရားကျောင်းမှ လာကြသော်လည်း ယင်နှင့်ယန်ကို နားလည်နိုင်ပုံရသည်။
သူမသည် ရှဲ့အိမ်တော်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီး ရှဲ့ဖင်းကန်းနှင့်သူမသည် သူ၏မောင်နှမများအကြောင်းကို မကြာခဏ ပြောဖြစ်ခဲ့ကြသည်။ ထို့ကြောင့် သူမသည် သခင်မလေးရှဲ့၏ အလေ့အကျင့်များနှင့် စွမ်းရည်များအကြောင်းကို များစွာသိခဲ့၏။ သေချာစဉ်းစားကြည့်လျှင်…
လွန်ခဲ့သည့်အချိန်အနည်းငယ်က သူမသည် ဆရာမက မုန့်ကျားပေါင်သို့ သွားခဲ့ကြောင်း ကြားသိခဲ့ရသည်။ သို့သော် ထိုအချိန်တွင် သခင်မလေးရှဲ့သည် အိမ်တွင်မရှိခဲ့ပေ။ သူမသည် ကြမ္မာဥယျာဉ်သို့ ကျန်းမာရေးပြန်လည်ကောင်းမွန်လာစေရန် သွားခဲ့ ကြောင်းပြောခဲ့သည်။
သို့သော် နာလန်ထူနေစဉ် မည်သူနှင့်မျှ တွေ့ခွင့်မရသည်အထိတော့ မဟုတ်နိုင်လောက်ပေ။
ဆရာမ၏ မျက်နှာသည် ဟန်ဆောင်မှုသက်သက်ပင် ဖြစ်၏ ။
ဖြစ်နိုင်ပါ့မလား... ဖြစ်နိုင်ပါ့မလား... ယွီရှန်းသည် အဖြေတစ်ခုကို ပါးစပ်ဖျားတွင် ရောက်နေသကဲ့သို့ ခံစားနေရ၏ ။
သို့သော် သူမမယုံနိုင်ခဲ့ပေ။
အမှန်ဆိုရလျှင် သူတို့ကြားထဲတွင် အိမ်ရှေ့စံမင်းသားလည်း ရှိနေသေး၏ ။
အရှင့်သားသည် ဆရာမနှင့် ရင်းနှီးပြီး သခင်မလေးရှဲ့၏ အနာဂတ်ခင်ပွန်းလောင်းလည်းဖြစ်သည်။ သူတို့နှစ်ဦးသည် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်ကို အရှင့်သား သိပါလေသနည်း။ မသိဘူးဆိုလျှင် ဆရာမသည် လူများကိုလှည့်ဖြားရန် သူ့ကိုယ်သူ မည်သို့နှစ်ကိုယ်ခွဲခဲ့ရသနည်း။
ယွီရှန်းသည် စိတ်လှုပ်ရှားသလို အနည်းငယ်လည်း စိတ်ပူနေ၏။
သို့သော် သူမ တကယ်တမ်းတွင် ဘာမှမပြောရဲခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် များစွာသိသူများသည် အဆုံးသတ်ကောင်းမည်မဟုတ်ပေ။ အခြားသူများ၏ လျှို့ဝှက်ချက်များကို လျှို့ဝှက်ထားရမည်ဖြစ်ပြီး ဖော်ထုတ်ခြင်းမပြုရပေ။ သူမ သိကြောင်း ထိုပုဂ္ဂိုလ်ကိုပင် မသိစေရပေ။ မဟုတ်လျှင် အကြောင်းမဲ့ ကြောက်ရွံ့ခြင်းနှင့် မုန်းတီးခြင်းကို ခံရပေလိမ့်မည်။
သူမသည် စည်းမျဥ်းစည်းကမ်းများကို သိ၏ ။
သို့သော် ဤကိစ္စသည် သူမအတွက် အလွန်အံ့အားသင့်စရာကောင်းလှပေသည်။ ၎င်းသည် ပုရွက်ဆိတ်အကောင်တစ်ရာက သူမ၏နှလုံးသားကို ကုတ်ခြစ်နေသကဲ့သို့ဖြစ်ပြီး သူမ၏ကိုယ်ခန္ဓာတစ်ခုလုံးသည် ဂနာမငြိမ်ဖြစ်နေ၏ ။
ယွီရှန်းသည် ပိုမိုထိန်းထားနိုင်စွမ်းမရှိတော့ပေ။ သူမသည် ရှဲ့ချောင်ကိုကြည့်လိုက်၊ ထို့နောက် အိမ်ရှေ့စံမင်းသားကိုကြည့်လိုက်၊ ပြီးနောက် သူမဘေးတွင် ထိုင်းမှိုင်းစွာ ရပ်နေသော ရှဲ့ဖင်းကန်းကို ကြည့်လိုက်လုပ်နေသည်။ သူမ၏မျက်လုံးများမှာ မကျေမချမ်းဖြစ်မှု၊ စိတ်လှုပ်ရှားမှုနှင့် စိတ်တိုမှုတို့ဖြင့် ပြည့်နှက်နေပြီး အနည်းငယ် ပင်ပန်းနွမ်းနယ်သွားကာ သူမခံစားနေရသည်များမှာ အလွန်ရှုပ်ထွေးနေ၏။
ကျို့ဝေ့ကျုံးသည် သူ၏ဝမ်းကွဲညီမမှာ စိတ်လှုပ်ရှားနေသကဲ့သို့ ဖြစ်နေသည်ကို သဘောပေါက်လိုက်သည်။
သူသည် ဘာကြောင့်မှန်း မသိခဲ့ပေ။
သူမသည် ဂနာမငြိမ်ဖြစ်နေပြီး ပင်ပန်းနွမ်းနယ်နေ၏။
ဆရာဝန်သည် ရှဲ့ချောင်ကို ကုသပေးခဲ့ပြီး ယခင်ကနှင့် သိပ်မကွာခြားပေ။ ခေါင်းကိုက်ခြင်းနှင့် ပတ်သက်၍ ဆရာဝန်သည် ဟန်ဆောင်နေသည်ကို မပြောရဲခဲ့ပေ။ သူမ၏ကိုယ်ခန္ဓာသည် အလွန်အားနည်းသဖြင့် စိတ်လှုပ်ရှားမှု မရှိစေရန်သာ ပြောခဲ့သည်။
ထိုအရာကြောင့် ကျောက်ရွှမ်ကျင်းသည် ကိုယ့်ကိုယ်ကို ချက်ချင်းပင် ပြန်ထိန်းလိုက်ခဲ့ရသည်။ ရှဲ့
ချောင်နှင့် ထပ်တွေ့ပါက သူ ဒေါသထွက်ရတော့မည်ဖြစ်၏။
“ကျွန်တော် အစ်မကို မဆူသင့်ပါဘူး။ အစ်မကျန်းမာရေးက အားနည်းနေတာပဲ။ နောက်ဆို ပိုဂရုစိုက်သင့်တယ်။ နောက်ဆို အရေးမကြီးတဲ့ ကိစ္စတွေရှိရင် တခြားလူကိုပဲ လုပ်ခိုင်းလိုက်။ စန်းယောင်ဖြစ်ဖြစ်၊ ကျန်းကျင်လုဖြစ်ဖြစ် မနာခံဘူးဆိုရင် ကျွန်တော် အစ်မအတွက် ဝင်ဖြေရှင်းပေးမယ်” ကျောက်ရွှမ်ကျင်း၏ အသံသည် နှင်းကျနေသည့်နေ့တွင် နေရောင်ခြည်ကဲ့သို့ အေးစက်ပြီး နူးညံ့သိမ်မွေ့လှ၏။
ရှဲ့ချောင်သည် သူ၏မျက်လုံးများကို မကြည့်ရဲခဲ့ပေ။ သူမ ခေါင်းသာညိတ်လိုက်၏။ “နားလည်ပါပြီ”
သူမသည် ပို၍ပင် အပြစ်ရှိသလို ခံစားရသည်။ အမှန်တကယ်တွင် လူသားတို့၏ ကြင်နာမှုသည် အရေးပါဆုံးဖြစ်သလို စိတ်ပျက်စရာအကောင်းဆုံးလည်းဖြစ်၏။
“တခြား ဘာလုပ်ချင်သေးလဲ။ မင်းစိတ်ပူရင် ငါကိုယ်တိုင် မင်းအတွက် ဆောင်ရွက်ပေးမယ်။ အခု မင်းပြန်ပြီး နားနားနေနေပဲ နေသင့်တယ်” ကျောက်ရွှမ်ကျင်းက ထပ်ပြော၏။ ခဏကြာစဉ်းစားပြီးနောက် သူမ ကြမ္မာဥယျာဥ်သို့ ပြန်ရောက်သောအခါ သူပြောသည်ကို လျစ်လျူရှုမည်ကို စိုးရွံ့သဖြင့် သူသည် ထပ်ပြောလိုက်၏ “တော်ဝင်ကျောင်းတော်ကိုသွားပါ။ ဆရာ့ကို ကျွန်တော် အစ်မကို ဂရုစိုက်ပေးဖို့ လူလွှတ်ပေးဖို့ပြောလိုက်မယ်”
ရှဲ့ချောင်သည် သူမ ဂြိုလ်ဆိုးဝင်မည်ကို သိလိုက်၏။
သူမသည် ကျောက်ရွှမ်ကျင်းကို မနှောင့်ယှက်ရဲသော်လည်း ဆရာ့ကို... ပို၍ပင် မနှောင့်ယှက်ရဲပေ။
ဆရာသည် ဖခင်နှင့်တူပြီး သူမ မပြစ်မှားရဲခဲ့ပေ။
ထိုအဖိုးအို မော့လင်းကျစ်နှင့် အဆင်ပြေ၏။ သူသည် မူလကပင် မာနကြီးပြီး အသေးအမွှာကိစ္စများကို ဂရုမစိုက်သူဖြစ်သည်။ သူ့ရှေ့တွင် သူမအတွက် ပြန်ပြောရန် လွယ်ကူ၏။ သို့သော် လီရှီးယန်ကမူ မတူပေ။ သူသည် တည်ကြည်ပြီး အသက်လည်းကြီးသလို ဖြောင့်မတ်သူလည်းဖြစ်၏။ သူမ၏ဆရာစိတ်ထဲတွင် သူမသည် အမြဲတစေ နာခံမှုရှိပြီး ဆင်ခြင်တုံတရားရှိသူဖြစ်၏ ။
သူမသည် ဤကောင်းမွန်သော စိတ်ကူးကို သူမကိုယ်တိုင် မဖျက်ဆီးနိုင်ပေ။
“ကောင်းပြီ၊ မင်းပြောတာကို ငါလိုက်နာမယ်” ရှဲ့ချောင်သည် ကောင်းကင်မှဆင်းသက်လာသော စွန်တစ်ကောင်ကဲ့သို့ ဖြစ်နေ၏။ သူမသည် နောက်ထပ်ပျံသန်းရန် မကြိုးစားတော့ပေ။
•••••
အခန်း ၁၀၃၂ သူမကို ပိုဂရုစိုက်ဆက်ဆံပါ
ကျောင်းတော်သို့ မထွက်ခွာမီ ရှဲ့ချောင်သည် ကျောက်ရွှမ်ကျင်းကို တာဝန်ပေးအပ်ရန် မမေ့ခဲ့ပေ။
၎င်းသည် ခက်ခဲသော လုပ်ငန်းတာဝန်တော့ မဟုတ်ခဲ့ပေ။ ကျောက်ရွှမ်ကျင်းသည် သူမ၏ စာရင်းကို ကြည့်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေ၏ ။
ထိုမျှ သေးငယ်သည့် ကိစ္စအတွက် သူမကိုယ်တိုင် အပြေးအလွှား လုပ်ဆောင်ရန် အဘယ့်ကြောင့် လိုအပ်ပါသနည်း။ သို့သော်... သူမ အရိုးများတူးဖော်ခဲ့သည့် မြင်ကွင်းကို ပြန်တွေးကြည့်ရင်း သူသည် အံ့ဩမနေတော့ပေ။
သူမသည် မကောင်းဆိုးဝါးဝိဉာဉ်များနှင့် ဆက်ဆံရာတွင် အမြဲတမ်း အလေးအနက်ထားခဲ့သည်။ သူမကိုယ်တိုင် လုပ်ဆောင်ခြင်းက ပို၍ စစ်မှန်ပြီး မကောင်းဆိုးဝါးဝိဉာဉ်များ စိတ်ကျေနပ်မှု ရှိမည်ဟူ၍ ခံစားရပုံ ရ၏။ ထိုသို့ဆိုလျှင် မကောင်းဆိုးဝါးဝိဉာဉ်များ ပိုမိုလွယ်ကူစွာ ထွက်ခွာသွားနိုင်မည် ဖြစ်၏ ။
ရှဲ့ချောင်သည် မြင်းလှည်းပေါ်သို့ တက်ရောက်ခဲ့ပြီး ကျောက်ရွှမ်ကျင်း၏ အစောင့်များက တော်ဝင်ကျောင်းတော်သို့ ပို့ဆောင်ပေးခဲ့သည်။
ယွီရှန်းသည် ဆက်နေရန် မဖြစ်နိုင်တော့ဘဲ ရိုကျိုးစွာ ခွင့်ပန်ခဲ့၏။ သို့သော် သူမသည် ရှဲ့အိမ်တော်သို့ သွားရန် အလျင်မလိုခဲ့ပေ။ ထို့အစား သူမသည် ဖုန်ယင်းယင်းကို ရှာဖွေခဲ့သည်။ ဆရာမ၏ ကိစ္စကို ဖုန်ယင်းယင်းအား ပြောပြရန် သူမ မဝံ့ရဲခဲ့သော်လည်း သူမ၏ ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို ဖြေလျှော့ရန် စကားပြောဖို့ လူတစ်ဦးကို အရေးတကြီး လိုအပ်နေခဲ့သည်။
ကျောက်ရွှမ်ကျင်းသည် မြင်းလှည်းထဲတွင် ထိုင်နေပြီး ရှဲ့ဖင်းကန်းနှင့် ကျို့ဝေ့ကျုံးတို့က မြင်းများ စီးနင်းခဲ့ကြ၏ ။
ထိုနှစ်ဦးသား ဘေးချင်းယှဉ်လျက် ထိုင်နေကြသည်။ ကျို့ဝေ့ကျုံးသည် အတော်ကြာအောင် တွေဝေနေပြီးမှ မေးခဲ့၏ “ကျွန်တော့် ဝမ်းကွဲညီမ နဲ့ပက်သက်လို့ ဘယ်လိုထင်လဲ”
“မင်း ဘာပြောချင်တာလဲ” ရှဲ့ဖင်းကန်းသည် သူ့ကို စူးစူးစိုက်စိုက် ကြည့်ကာ ပြောလိုက်၏
“ဘာလဲ၊ မင်း ဝမ်းကွဲညီမ ဘယ်လောက်တော်လဲဆိုတာ အခုမှ သိပြီး သူ့ကို သိုင်းပညာရှင်အဖြစ် ငါနဲ့ ပြိုင်စေချင်တာလား။ ပြောလိုက်မယ်၊ ဘယ်နည်းနဲ့မှ မရဘူး။ ငါ သူ့နဲ့ ငါးနှစ်စာချုပ်ချုပ်ထားတယ်။ နောက်ငါးနှစ်လုံးလုံး သူက ငါ့အပိုင်ပဲ”
ကျို့ဝေ့ကျုံးသည် ဒေါသကြောင့် မျက်နှာနီရဲသွား၏ ။ “အရှက်မရှိလိုက်တာ”
“ဘာပဲဖြစ်ဖြစ်၊ ငါနဲ့ ဆရာမကို တိုက်ခိုက်တဲ့သူက ငါ့ရန်သူပဲ။ ငါ သူ့ကို ဘယ်လိုအခက်အခဲပဲရှိရှိ မဖြစ်ဖြစ်အောင် အနိုင်ယူရမယ်။ ညီအစ်ကိုကျို့၊ မင်း ပိုပြီးပွင့်လင်းမြင်သာမှုရှိရမယ်။ ကျွန်တော့်လက်ထဲရောက်တဲ့သူက ကျွန်တော့်အပိုင်ပဲ။ မင်း သူမကို ခေါ်သွားချင်တာလား။ မင်းက ကျွန်တော့် အဖေမဟုတ်ရင်တော့ မရနိုင်ဘူး”
“ငါသာ မင်းအဖေဆိုရင်...” မင်းကိုမွေးကတည်းက လည်ပင်းညှစ်သတ်ပစ်မိလိမ့်မယ်။
မည်မျှပင် ဒေါသထွက်စရာ ကောင်းလိုက်သည်လဲ။
“ကျွန်တော့်အဖေက ကျွန်တော့်ပစ္စည်းတွေကို ခိုးရင်တော့ သူ ကျွန်တော့်ဓားချက်ကို ခံရမှာပဲ” ရှဲ့ဖင်းကန်းသည် ရည်မွန်စွာ ပြုံးလိုက်၏။ “မင်း ငါ့ညီမ ဘာလို့မဖြစ်လာတာပါလိမ့်။ သူက လေတိုက်ရင် တောင် လဲကျနိုင်တယ်။ နူးညံ့ပြီး အားနည်းတာများ ငါ သူ့ကို ဘာမှ လုပ်လို့မရဘူး”
“ဒါဆို မေးပါရစေ၊ တစ်နေ့ကျရင် လူဆိုးဓားမြတစ်ယောက်က အစ်ကို့ ဝမ်းကွဲညီမနဲ့ ညီမကို ပြန်ပေးဆွဲသွားရင် ဘယ်သူ့ကို ကယ်မလဲ”
သူသည် ရှဲ့ဖင်းကန်းက သူ၏ ဝမ်းကွဲညီမကို ပြောဆိုရန်မသင့်သော အပြုအမူတစ်ခုခု လုပ်ခဲ့သည်ဟူ၍ သံသယရှိခဲ့၏ ။
မဟုတ်လျှင် သူက သူမကို “သူ့အပိုင်” ဟူ၍ အဘယ့်ကြောင့် ခေါ်ဝေါ်မည်နည်း။
ထို့ပြင် သူ၏ ဝမ်းကွဲညီမ၏ မျက်လုံးထဲရှိ အကြည့်များသည် တကယ့်ကို... နက်နဲလှ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုနှစ်ဦးကြားတွင် တစ်ခုခု ထူးဆန်းမှုရှိရမည်မှာ ထင်ရှားပေသည်။
သနားစရာ ဝမ်းကွဲညီမလေး။
“မင်း ဒီနေ့ ဘာတွေ စိတ်ရူးပေါက်နေတာလဲ။ ငါကိုက လူဆိုးဓားမြပဲ။ ဘယ်သူက ငါ့ရှေ့မှာ ငါ့မိသားစုကို ဖမ်းဆီးရဲမှာလဲ” ရှဲ့ဖင်းကန်းသည် သူ့ကို မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်၏ ။ “ငါရဲ့ ရှဲ့မိသားစု နာမည်ကိုကြားရင် ကမ္ဘာပေါ်မှာရှိတဲ့ တခြားလူဆိုးဓားမြတွေအားလုံး ကြောက်လန့်တကြားဖြစ်ကုန်တယ်ဆိုတာ မင်းမသိဘူးလား”
သူတို့သည် လူဆိုးဓားမြများ၏ ရှေ့ဆောင်လမ်းပြများ ဖြစ်ကြ၏ ။
“ကျွန်တော် ဆိုလိုတာက” ကျို့ဝေ့ကျုံးသည် ကြိုးစားပြီး စိတ်ကို ထိန်းချုပ်ခဲ့သည်။
သူသည် ထိုလူနှင့် စကားများရန် မလိုလားခဲ့ပေ။
“မင်း မိန်းမတစ်ယောက်လို တုံ့ဆိုင်းနေတာပဲ” ရှဲ့ဖင်းကန်းသည် နှာခေါင်းရှုံ့လိုက်၏။ “နှစ်ယောက်လုံး အဖမ်းခံရရင်... ငါ စဉ်းစားဖို့ လိုသေးလား။ ငါ့ညီမကို သေချာပေါက် ကယ်မှာပဲ”
“ဘာလို့လဲ။ ကျွန်တော့်ဝမ်းကွဲညီမက အရေးမကြီးတော့ဘူးလား” ကျို့ဝေ့ကျုံးသည် ဒေါသထွက်ခဲ့၏။ ရှဲ့ဖင်းကန်းသည် သူ့ကို ထူးဆန်းပြီး မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ကြည့်လိုက်၏။ “ငါ့ညီမက အားနည်းတယ်။ သူ ပြေးလို့မရဘူး၊ ခုန်လို့မရဘူး၊ ကန်လို့မရဘူး။ သူ နတ်သမီးတစ်ပါးလို လှပတယ်။ လူဆိုးတွေလက်ထဲမှာ သူ ဘယ်လောက်ထိ ကောင်းကောင်းလုပ်နိုင်မှာမို့လို့လဲ။ ငါ သူ့ကို ကယ်နိုင်ရင် သေချာပေါက် သူ့ကို အရင်ကယ်မှာပေါ့၊ ဟုတ်တယ်မလား။ သခင်မယွီက ခက်ထန်ပြီး အင်အားကြီးတယ်။ သူ့ရဲ့ စွမ်းရည်က ငါ့ထက် မနိမ့်ဘူး။ သူမ သူ့ကိုယ်သူ သေချာပေါက် ကယ်နိုင်မှာပဲ။ သူမက အသုံးမကျတဲ့သူ မဟုတ်ဘူး။”
“ဒါ့အပြင်၊ ငါ့ညီမက နောင်မှာ တော်ဝင်အမျိုးအနွယ်နဲ့ လက်ထပ်ရမှာ မင်း မမေ့သေးဘူးလား။ ငါ သူ့ကို မကယ်ဘဲ ဆရာမကို ကယ်ရင် ဆရာမက အသက်ရှင်ရင်တောင် သေရမှာပဲ” ကျို့ဝေ့ကျုံးသည် ထိုစကားကို ကြားသောအခါ သက်ပြင်းချလိုက်၏ ။
ဟုတ်သည်၊ သူသည် ရှဲ့အိမ်တော်မှ သခင်မလေးသည် နောင်တွင် မင်းသမီးကြင်ယာတော် ဖြစ်လာမည်ကို လုံးလုံးပင် မေ့နေခဲ့သည်။ ဘုရင့်လက်အောက်ခံတစ်ဦးအနေဖြင့် အချို့သော စွန့်လွှတ်မှုများကို ပြုလုပ်ရမည်…
“ဒါဆို မင်း အနာဂတ်မှာ ငါ့ဝမ်းကွဲညီမကို ပိုကောင်းအောင် ဆက်ဆံသင့်တယ်” သူ၏ ဝမ်းကွဲညီမသည် လိမ်ပင်မလိမ်နိုင်သော ထိုရူးကြောင်ကြောင်သူ နောက်သို့ လိုက်ခဲ့ရခြင်းမှာ သနားစရာပင် ဖြစ်၏ ။
••••••