မီးနတ်ဘုရားပေါ်ထွက်လာခြင်း (၁)
Vol. 67 Ch. 1089
လို့ရှားရှားက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်၊၊
“ဝါး... အံ့ဩဖို့ကောင်းလိုက်တာ”
“အစ်မကီကီရဲ့ စွမ်းရည်ထက်တောင် ပိုပြီး အထင်ကြီးစရာကောင်းမယ့်ပုံပဲ”
သူမက ကီကီဘက်သို့ လှည့်ကြည့်လိုက်ရာ ကီကီက သူမနှာခေါင်းကို ဆွဲညှစ်ပြီး တွန်းထုတ်ကာပြောလိုက်သည်။
“တိတ်စမ်း... ငါ့ရဲ့ စိတ်စွမ်းအားက အကန့်အသတ်မရှိဘူးနော်... စောင့်သာကြည့်နေလိုက်”
လှုပ်လှုပ်ရှားရှားဖြစ်နေသော လူအုပ်ကြားထဲမှ ရှောင်ချင်းက “ဒါနဲ့ အစ်မနန်ကျင်းကော”
ချီလီက နန်ကျင်း၏ အခန်းငယ်ဆီ လှည့်ကြည့်ကာ “သူ ဘာလို့ အခုထိ ထွက်မလာသေးတာလဲ... ငါကတော့ သူ့ဆီက အမှောင်စွမ်းအင်လှိုင်းထန်နေတာကို ခံစားနေရတယ်”
ချန်ဆီရွှမ်က မျက်မှောင်ကြုတ်လိုက်သည်၊၊
“တစ်ခုခုအမှားအယွင်းရှိလို့လားမသိဘူး”
“ငါ အဆင်ပြေပါတယ်”
ထိုစဉ် လူတိုင်း၏ ဆက်သွယ်ရေးစက်မှတစ်ဆင့် နန်ကျင်း၏အသံထွက်ပေါ်လာသော်လည်း သူမ၏ လေသံမှာ တစ်မျိုးဖြစ်နေသည်။
“ကပ္ပတိန်လင်း... ကပ္ပတိန်ချန်... ငါ့ဘက်မှာ ဘာပြဿနာမှမရှိပါဘူး... ဒါပေမဲ့...”
လင်းရှန်သည် နန်ကျင်း၏ စကားကို ကြားရသောအခါ မျက်မှောင်မကြုတ်ဘဲ မနေနိုင်ခဲ့ပေ။ အကြောင်းရင်းကို အသေအချာမသိရသော်လည်း သူမ၏ အသံမှာ အနည်းငယ်ပြောင်းလဲသွားသလို ခံစားရပြီး အခြားလူများလည်း သတိထားမိကြသည်။ နန်ကျင်း စကားမဆုံးခင်မှာပင် ချီလီက သူမ၏ အခန်းငယ်ဆီသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်လုံးများ ပြူးသွားကာ အံ့အားသင့်သွားရသည်။
“ဟေး... မင်း ဘာတွေဖြစ်နေတာလဲ...”
ထို့နောက် ချီလီလည်း လင်းရှန်ကို မော့ကြည့်ရင်း လူတိုင်းကိုလာကြည့်ရန် အချက်ပြလိုက်သည်။
လင်းရှန်နှင့် အခြားလူများ အပြေးအလွှားရောက်ရှိလာကြပြီး လူတိုင်း၏ အကြည့်များက အခန်းငယ်ပေါ်သို့ ကျရောက်သွားချိန်တွင် အားလုံး ပါးစပ်အဟောင်းသားဖြစ်သွားကြတော့သည်။
နန်ကျင်းသည် အခန်းငယ်ထဲတွင် ကွေးကွေးလေး ဖြစ်နေပြီး လင်းရှန်ကို မျက်မှောင်ကြုတ်ကြည့်ကာ မေးသည်၊၊
“ကပ္ပတိန်လင်း... ငါ ဆင့်ကဲပြောင်းလဲမှု ရှုံးနိမ့်သွားတာကိုဆိုလိုတာလား”
ယခုအချိန်တွင် နန်ကျင်း၏ ခန္ဓာကိုယ်မှာ နှစ်ဆခန့်ကြီးထွားလာပြီး အရပ်နှစ်မီတာကျော်အထိ မြင့်မားနေကာ တာလို့ထက်ပင် ပိုမိုထွားကျိုင်းနေသည်။ သူမသည် ကြီးမားလှသော ခန္ဓာကိုယ်အား အခန်းငယ်ထဲတွင် ဆံ့ဝင်ရန် ခြေထောက်များကို ကွေးထားရပြီး မူလဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း စုတ်ပြတ်နေသဖြင့် အတော်လေးအခက်တွေ့နေသည့်ပုံဖြစ်နေသည်။ သို့သော် ပို၍ ထူးဆန်းသည်မှာ နန်ကျင်း၏ မျက်နှာသည် ဆယ်နှစ်ခန့် ပိုမိုနုပျိုသွားပြီး အသားအရေမှာ ချောမွေ့ကာ ကျန်းမာသော အညိုရောင်အသားအရေတွင် ငယ်ရွယ်နုပျိုမှုအရှိန်အဝါများပြည့်နှက်နေခြင်းပင်။
ဤလက္ခဏာများအားလုံးကြောင့် သူမသည် လုံးဝတခြားလူတစ်ယောက်ကဲ့သို့ ဖြစ်နေရသဖြင့် အခန်းငယ်ထဲမှ ထွက်မလာခြင်း ဖြစ်သည်။
“ဒါက...”
လင်းရှန်သည် ဤမြင်ကွင်းကို မြင်သောအခါ မျက်နှာ အုံ့မှိုင်းသွားပြီး ချက်ချင်းပင် တင်းကျန်းရီကို လှည့်ကြည့်လိုက်သည်၊၊
“ဒါရိုက်တာတင်း”
တင်းကျန်းရီသည် ဝိညာဉ်လှိုင်းတုန်ခါမှုတန်ဖိုးတိုင်းကိရိယာကို ကိုင်ဆောင်ထားရင်း အခန်းငယ်ပေါ်ရှိ ရှင်သန်ရေးစောင့်ကြည့်ကိရိယာကို တည်ငြိမ်စွာ စစ်ဆေးပြီးနောက် ပြောလိုက်သည်။
“ပုံမှန်မဟုတ်တာ ဘာမှမပြဘူး... သလင်းကျောက်ဆင့်ကဲပြောင်းလဲခြင်းစက်ပစ္စည်းက သွေးပဲစေ့ကို အပြည့်အဝစုပ်ယူသွားပြီ... သူ့ရဲ့ စိတ်ဝိညာဉ်တုန်ခါမှုတန်ဖိုးက ၁၆၈၀၀အထိ အထွတ်အထိပ်ရောက်နေတယ်... ဒါက မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲသူတစ်ယောက်အတွက် ကြောက်စရာကောင်းတဲ့ ကိန်းဂဏန်းပဲ... ဒါပေမဲ့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုကိုတော့ လောလောဆယ်တော့ မရှင်းပြနိုင်သေးဘူး”
လူအုပ်ထဲမှ ရှီဇီက ပြောလာသည်၊၊
“သူ့ရဲ့ အသက်စွမ်းအားနဲ့ စိတ်ဝိညာဉ်စွမ်းအားက ပုံမှန်ပဲ... ပြီးတော့ အများကြီးအင်အားပြည့်ဝနေတယ်... ပုံမှန်မဟုတ်တာ ဘာမှမခံစားရဘူး”
ထို့နောက် ချန်ဆီရွှမ်က ပြောသည်၊၊
“ထူးဆန်းတယ်... ရှောင်ချင်းနဲ့ ကျွန်မ တစ်ချိန်လုံးစောင့်ကြည့်နေတာ... သူ့ခန္ဓာကိုယ်က အခုထိသိသာတဲ့ ပြောင်းလဲမှုမျိုးမပြခဲ့ဘူး...”
“ဟုတ်တယ်” ရှောင်ချင်းက ခေါင်းညိတ်လိုက်သည်၊၊
“သူ့ရဲ့ အသားအရေနဲ့ မျက်နှာက ပိုပြီး နုပျိုလာတာမို့လို့ မိုနီကာတုန်းကလိုမျိုး ပုံမှန်ပြောင်းလဲမှုလို့ပဲ ကျွန်မတို့ထင်နေခဲ့တာ”
“ဒါက စိတ်ဝင်စားဖို့ကောင်းသားပဲ”
ထိုစဉ် မိုနီကာက ရှေ့သို့ လှမ်းလာပြီး နန်ကျင်းကို မေးလိုက်သည်၊၊
“နေလို့မကောင်းတာမျိုး ရှိလား”
နန်ကျင်း၏ မျက်လုံးများ လှုပ်ရှားသွားပြီး ရှုပ်ထွေးသောအမူအရာဖြင့် “ပုခက်ထဲ ပြန်ရောက်သွားသလိုမျိုးဖြစ်နေတာကလွဲရင် ကျန်တာ အားလုံးအဆင်ပြေတယ်... အတိအကျပြောရရင် ငါ့ရဲ့ ခွန်အား... ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်စွမ်းအား အားလုံးက အရမ်းကောင်းမွန်နေတယ်... ငါ့ရဲ့ စွမ်းရည်တွေ သိသိသာသာတိုးတက်လာတာ သေချာတယ်”
“ဒါဆိုရင်တော့...”
မိုနီကာ၏ အကြည့်က သူမအပေါ် ဝေ့ဝဲသွားပြီးနောက် လက်ပိုက်လျက် ပြောလိုက်သည်။
“ဒါက နင့်ရဲ့ ဆင့်ကဲပြောင်းလဲမှု အောင်မြင်တယ်ဆိုတာကို ပြနေတာပဲ... ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုနဲ့ ပတ်သက်လို့တော့ ပိုပြီး နုပျိုလှပလာတာက ကောင်းတဲ့အချက်လို့ပဲ ပြောရမှာပေါ့”
“ဒါပေမဲ့ ငါ...” နန်ကျင်း၏ အကြည့်က လူတိုင်းအပေါ် ကျရောက်သွားပြီး ရုတ်တရက် စိုးရိမ်ပူပန်လာသည်၊၊
“ဒါက ဘေးထွက်ဆိုးကျိုးလား”
လင်းရှန်က သူမကို ကြည့်ပြီး “ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုအချို့ဖြစ်ပေါ်နိုင်တယ်ဆိုတာကို ငါတို့ အရင်ကတည်းက နားလည်ထားပြီးသားပါ”
လင်းရှန် ပြောရင်း တာလို့ကို တစ်ချက်ကြည့်ကာ စဉ်းစားလိုက်သည်။
“လောလောဆယ်တော့ မင်းနဲ့ တာလို့ကြုံတွေ့ရတဲ့ ပြောင်းလဲမှုတွေက ဆင့်ကဲပြောင်းလဲမှုရဲ့ ပုံမှန်မဟုတ်တဲ့ဖြစ်စဉ်လား... ဒါမှမဟုတ် မင်းတို့ရဲ့ စွမ်းအားတွေနဲ့ ပေါင်းစပ်သွားတဲ့ ပုံမှန်ဖြစ်စဉ်လားဆိုတာ မရှင်းလင်းသေးဘူး...”
“ကျွန်မကတော့ ပုံမှန်မဟုတ်ဘူး ထင်တယ်... ရှုချင်းကလည်း မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲသူပဲ... ဒါပေမဲ့ သူက အကောင်းအတိုင်းပဲလေ” နန်ကျင်းက ပြောသည်။
လင်းရှန်က ခေါင်းညိတ်ပြီး အားပေးသည့်အနေဖြင့် ပြောလိုက်သည်။
“ထွက်လာပြီးကြည့်လိုက်တာ ပိုကောင်းလိမ့်မယ်... ပုံမှန်မဟုတ်တဲ့ ကြီးထွားမှုမျိုးမရှိသရွေ့တော့ ဒါက ကြီးမားတဲ့ သက်ရောက်မှုရှိမှာမဟုတ်ပါဘူး... နည်းနည်းပိုမြင့်သွားတာကလွဲရင်ပေါ့... ဒါမှမဟုတ်လည်း ဒီလိုပြောင်းလဲမှုကို မင်း ကိုယ်တိုင်ထိန်းချုပ်နိုင်တာမျိုးဖြစ်လိမ့်မယ်... အခုက အပြည့်အဝကျင့်သားမရသေးလို့ဖြစ်မှာပါ”
ချီလီကလည်း ခေါင်းညိတ်သည်၊၊
“မှန်တယ်... ငါလည်း အခုထိ အပြည့်အဝကျင့်သားမရသေးဘူး”
နန်ကျင်းလည်း လင်းရှန်၏ စကားကို ကြားပြီးနောက် မျက်လုံးများ လှုပ်ရှားသွားကာ ခဏမျှ စဉ်းစားပြီးမှ ခေါင်းညိတ်ပြလျက် အခန်းငယ်ထဲမှ ထွက်ရန် ပြင်လိုက်သည်။ သူမ လှုပ်ရှားလိုက်သည်နှင့် အခန်းငယ်က တကျွိကျွိမြည်သွားပြီး လူအုပ်ကြီးက နောက်သို့ ဆုတ်ပေးလိုက်သဖြင့် နန်ကျင်းသည် အထဲမှ စတင်ထွက်လာနိုင်ခဲ့သည်။
ဘေးမှ စောင့်ကြည့်နေသူများ၏ အကြည့်များသည် စပ်စုရိပ်များဖြင့် သူမနှင့်အတူ အပေါ်သို့ လိုက်ပါသွားကြသည်။ နန်ကျင်း မတ်တတ်ရပ်လိုက်သောအခါ လူအုပ်၏ မျက်မှောင်များ ပို၍ကျုံ့သွားကြပြီး အရပ် ၂.၅ မီတာခန့် မြင့်မားနေသော နန်ကျင်းကို ဖော်ပြမတတ်နိုင်သည့် ထူးဆန်းသောခံစားချက်မျိုးဖြင့် စိုက်ကြည့်နေကြတော့သည်။
“ငါ ထင်ထားတာထက် ပိုမြင့်နေတာပဲ” လင်းရှန်က တိုးတိုးလေးရေရွတ်လိုက်သည်။
နန်ကျင်းသည် ခြေဗလာဖြင့် ဖြစ်နေလင့်ကစား တာလို့ထက် ခေါင်းတစ်ဝက်ခန့် ပိုမြင့်နေပြီး တိုင်တန်ငယ်တစ်ဦးကဲ့သို့ ထင်ရှားနေသည်။ ကြောက်စရာအကောင်းဆုံးမှာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အမှောင်စွမ်းအင်များဖြာထွက်နေခြင်းဖြစ်ပြီး သူမ၏ အလွန်အစွမ်းထက်သော ဆင့်ကဲပြောင်းလဲမှုအင်္ဂါရပ်များနှင့် ပေါင်းစပ်လိုက်ပါက သူမသည် သန္ဓေပြောင်းခန္ဓာကိုယ်ကို လက်သီးဖြင့် ထိုးခွဲပစ်မည့် ကြောက်မက်ဖွယ်မြင်ကွင်းကို လင်းရှန်အနေဖြင့် ကွက်ကွက်ကွင်းကွင်းပြန်လည်မြင်ယောင်ကြည့်နိုင်ပေသည်။
ဘေးနားရှိ ရှောင်ချင်းနှင့် အားဖေးတို့လည်း အလွန်မှင်သက်သွားကြသည်။
“အစ်မနန်ကျင်း...”
နန်ကျင်းသည် ရှုပ်ထွေးသော ခံစားချက်များဖြင့် သူမ၏ အဖွဲ့ဝင်များကို ငုံ့ကြည့်ရင်း အလိုလိုနောက်သို့ တစ်လှမ်းဆုတ်လိုက်မိသည်။ လူတစ်စုက မိမိကို မော့ကြည့်နေသည့် ခံစားချက်က သူမကို အနည်းငယ်စိတ်မသက်မသာဖြစ်စေသည့်အပြင် ယခုအချိန်တွင် ဝတ်ဆင်ထားသော အဝတ်အစားများကလည်း စုတ်ပြဲနေသောကြောင့် ဖြစ်သည်။ ပုံမှန်ဆို နန်ကျင်းသည် တည်ငြိမ်ပြီး ဟန်ဆောင်မှုမရှိသူဖြစ်သော်လည်း အနည်းငယ်ရှက်ရွံ့မိခြင်းကိုမူ ရှောင်လွှဲ၍ မရခဲ့ပေ။
“ငါသာ ဒါကို ထိန်းချုပ်နိုင်ရင် မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲသူမဟုတ်ဘဲ တစ်မျိုးမျိုးသော စွမ်းအားရှင်ဖြစ်နေမှာပေါ့” နန်ကျင်းက သက်ပြင်းချရင်း ပြောလိုက်သည်။
“လောလောဆယ်တော့ ပုံမှန်မဟုတ်တာ ဘာမှမရှိပါဘူး... ကျင့်သားမရသေးတာနဲ့ ဝတ်ဖို့ သင့်တော်တဲ့ အဝတ်အစားမရှိတာမျိုးလိုမျိုး အဆင်မပြေမှုအနည်းငယ်ပဲရှိတာပါ”
“ဒါက ပြဿနာမဟုတ်ပါဘူး”
လင်းရှန်သည် နာနိုနည်းပညာသုံး အတွင်းခံဝတ်စုံတစ်စုံကို ချက်ချင်း ထုတ်ပေးလိုက်သည်။ ဤပစ္စည်းသည် ကုန်ကြမ်းပစ္စည်းများကို ပေါင်းစပ်ပြီး ပရိုဂရမ်စနစ်ဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်သည်။ လင်းရှန်သည် ထိုဝတ်စုံပေါ်တွင် အမှောင်စွမ်းအင်ပေါင်းစည်းကိရိယာနှင့် တည်ငြိမ်လျှပ်စစ်စက်ကွင်းအသေးစားကာကွယ်ရေးစနစ်တို့ကိုပါ ထည့်သွင်းထားသောကြောင့် ကာကွယ်ရေးစွမ်းအားကို များစွာမြှင့်တင်ပေးထားပြီး အဖွဲ့သားများ စွမ်းအားဝတ်စုံ ဝတ်ဆင်ထားချိန်တွင် အပိုဆောင်း အပျော့စားကာကွယ်ရေးစွမ်းအားကို ရရှိစေသည်။
လက်ရှိတွင် နန်ကျင်းအတွက်မူ ဤ အဝတ်အစားသည် သူမ၏ အရပ် ၂.၅ မီတာရှိသော ခန္ဓာကိုယ်ကို ဖုံးကွယ်ပေးနိုင်ပြီး အဝတ်အစားစုတ်ပြဲနေခြင်းမှ ကယ်တင်ပေးနိုင်မည့် တစ်ခုတည်းသော ပစ္စည်း ဖြစ်ပေသည်။