← Chapters

မီးနတ်ဘုရားပေါ်ထွက်လာခြင်း (၂)

Vol. 67 Ch. 1090

မီးနတ်ဘုရားပေါ်ထွက်လာခြင်း (၂)

Vol. 67 Ch. 1090

နန်ကျင်းက ကျေးဇူးတင်စွာဖြင့် လှမ်းယူလိုက်ရာ နာနိုနည်းပညာသုံး အတွင်းခံဝတ်စုံသည် သူမ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ ဖုံးအုပ်သွားပြီး လူတိုင်း၏ရှေ့တွင် အရပ်ရှည်လျားသော အမျိုးသမီး တိုင်တန်ကြီးတစ်ဦး၏ ပုံပန်းသဏ္ဌာန်ကို ချက်ချင်းပေါ်လွင်စေသည်။ သူမက ငုံ့ကြည့်ပြီး ဝတ်စုံကို ဝတ်ဆင်ပြီးနောက်တွင်မှ စိတ်အနည်းငယ်တည်ငြိမ်သွားကာ လင်းရှန်ကို ပြောလိုက်သည်။

“အများကြီးပိုကောင်းသွားပြီ... ငါ ပြန်ပြီး ကျင့်သားရအောင် လုပ်လိုက်မယ်... နင်ပြောတာ မှန်ပါတယ်... ငါ ဒါကို ထိန်းချုပ်နိုင်ရင်လည်း ထိန်းချုပ်နိုင်လိမ့်မယ်... တကယ်လို့ မထိန်းချုပ်နိုင်ရင်လည်း...”

နန်ကျင်းသည် သူမ၏ လက်နှစ်ဖက်ကို ရှုပ်ထွေးသော အကြည့်ဖြင့် စိုက်ကြည့်နေမိသည်။ နုပျိုသော မျက်နှာနှင့် ဘီဘူးကြီးကဲ့သို့သော အမျိုးသမီးခန္ဓာကိုယ်ပေါင်းစပ်သွားခြင်းက မည်သည့်အမျိုးသမီးကိုမဆို စိတ်ရှုပ်ထွေးသွားစေမည်ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူမအနေဖြင့် သက်ပြင်းချရုံသာတတ်နိုင်ပြီး ပြောလိုက်သည်။

“အနည်းဆုံးတော့ ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်လာတာပဲ... ဒီပမာဏဆိုရင် ပိုပြီးကြီးမားတဲ့ သန္ဓေပြောင်းမွန်းစတားတွေကို ရင်ဆိုင်တိုက်ခိုက်နိုင်လိမ့်မယ်”

“ငါကတော့ ဒါက အတော်လေးကောင်းတယ်လို့ ထင်တယ်”

ချီလီက အိပ်စက်အခန်းငယ်ပေါ်တွင် ခြေချိတ်ထိုင်ရင်း နန်ကျင်းကို စပ်ဖြဲဖြဲဖြင့် မော့ကြည့်ကာ ပြောလိုက်သည်။

“တွေ့လား... ဒီလို ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်က အမျိုးသမီးရဲ့ ရုပ်ပိုင်းဆိုင်ရာ အလှအပနဲ့ ခွန်အားကို အပြည့်အဝပေါင်းစပ်ထားတာပဲ... အလှအပရှုထောင့်ကနေ ကြည့်ရင်လည်း ဒါက ပြီးပြည့်စုံတဲ့ သက်ရှိပုံစံတစ်မျိုးပဲမလား”

ထိုစကားကို ကြားသောအခါ လုချန်၊ လော့ယန်နှင့် အခြားအမျိုးသားအချို့ကလည်း သဘောတူသည့်အနေဖြင့် အသံတိတ်ခေါင်းညိတ်ပြကြသည်။

“ဒီလောက်သန်မာဖို့အတွက် စတေးမှုအချို့ လုပ်ရမယ်ဆိုရင်လည်း ဘာမှမဖြစ်ပါဘူး”

ရှောင်ချင်းက တိုးတိုးလေးပြောလိုက်သည်။

“ဒါဆို မင်းကော အမျိုးသမီးတိုင်တန်ကြီးဖြစ်ချင်လား” လင်းရှန်က သူမကို မေးလိုက်သည်။

လင်းရှန်ထံမှ ထိုစကားကို ကြားလိုက်ရသောအခါ ရှောင်ချင်းသည် မသိချင်ယောင်ဆောင်ကာ အကြည့်လွှဲသွားတော့သည်။

ထိုစဉ် ကီကီက အဝေးဆုံးရှိ အခန်းငယ်ဘက်သို့ လှည့်ကြည့်ကာ လက်ပိုက်လျက် ပြောလိုက်သည်။

“ကဲ... အခြားလူတွေ အားလုံးအဆင်ပြေသွားပြီ... အကြွားသန်ဆုံးကောင်လေးတစ်ယောက်ပဲ ကျန်တော့တယ်”

လင်းရှန်က ဝင်ပြောလိုက်သည်။

“စောစောက အခန်းငယ်လေးခုလုံးက သတိပေးသံမြည်ခဲ့တယ်မဟုတ်လား... ဘာလို့ မီးတောက်ရဲ့ အခန်းက အခုထိမပွင့်သေးတာလဲ”

“ဒါက ဘာဖြစ်နိုင်ဦးမှာလဲ”

ကီကီက ရယ်မောရင်း မျက်လုံးစောင်းကြည့်ကာ ပြောလိုက်သည်။

“ကျွန်မတို့ ခန့်မှန်းနေဖို့လိုသေးလို့လား... အဲဒီကောင်က ကွင်းထဲကို အခမ်းအနားနဲ့ ဝင်ချင်လို့ စောင့်နေတာနေမှာပေါ့... အခုဆို စောင့်ရင်းနဲ့တောင် အိပ်ပျော်လုနီးပါးဖြစ်နေလောက်ပြီ”

“ဟိဟိ” ရှားရှားလည်း မရယ်ဘဲ မနေနိုင်ဘဲ လင်းရှန်နားသို့ တိုးကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

“စောစောကတင် သူ့အခန်းပွင့်သွားတာ ညီမကြားလိုက်တယ်... ဒါပေမဲ့ ညီမတို့အားလုံးက အစ်မနန်ကျင်းဆီမှာပဲ အာရုံရောက်နေကြတော့ သူက အဖုံးကို ပြန်ပိတ်လိုက်တာ”

လင်းရှန် “…”

ချန်ဆီရွှမ်က သူမ၏ နဖူးကို လက်ဖြင့် အုပ်လိုက်ပြီး ရှောင်ချင်းက မျက်လုံးလှိမ့်လိုက်သည်။

ထိုကောင်ကြောင့် ဆွံ့အသွားရသော်လည်း တိုက်ခတ်လာသော အပူလှိုင်းများကြောင့် လူတိုင်း၏ စပ်စုလိုစိတ်ကို နှိုးဆွပေးနေဆဲဖြစ်သည်။ စိတ်ဝိညာဉ်တုန်ခါမှုတန်ဖိုးအမြင့်ဆုံးရှိသော အဖွဲ့ဝင်အဖြစ် လင်းရှန်သည်လည်း လုရှင်းချန်၏ ဆင့်ကဲပြောင်းလဲမှုကို အလွန်မျှော်လင့်နေမိသည်။

လူတိုင်း၏ မျှော်လင့်ချက်ကို ခံစားမိ၍လော သို့မဟုတ် တိတ်ဆိတ်မှုကြောင့်လော မသိရဘဲ လုရှင်းချန်၏ အခန်းငယ်သည် နောက်ဆုံးတွင် လှုပ်ရှားမှုလက္ခဏာများပြသလာခဲ့သည်။

ဂျိန်း—— ဝုန်း

သတ္တုတံခါးပွင့်သွားသည့် အသံမျိုးမဟုတ်ဘဲ ဟင်းလင်းပြင်ကြီးအတင်းအကျပ်ဆုတ်ဖြဲခံလိုက်ရသည့်အလား ပေါက်ကွဲသံကြီးတစ်ခုက အစွန်ဆုံးရှိ အခန်းငယ်ထံမှ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့သည်။ ခိုင်ခံ့လှသော အလွိုင်းတံခါးသည် အတွင်းမှ ထွက်ပေါ်လာသော နီရဲသည့် မီးတောက်များကြောင့် ချက်ချင်းအရည်ပျော်ကာ အငွေ့ပျံသွားတော့သည်။ စူးရှတောက်ပသော အနီရောင်အလင်းတန်းသည် မီးတောင်ပေါက်ကွဲသည့်အလား ပန်းထွက်လာပြီး အဖုံးခန်းတစ်ခုလုံးကို လောင်ကျွမ်းနေသော သွေးနီရောင်ငရဲခန်းအဖြစ် ပြောင်းလဲပစ်လိုက်သည်။

ခန်းမအတွင်းရှိ မီးလုံးများသည် ၎င်း၏ နောက်ဆုံးအော်ဟစ်သံနှင့်အတူ လုံးဝပိတ်သွားခဲ့သော်လည်း အဖုံးခန်းထဲတွင်မူ နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေဆဲ ဖြစ်သည်၊၊ အလင်းရောင်၏ မြစ်ဖျားခံရာမှာ ပေါက်ကွဲထွက်လာသော မီးတောက်များ၏ ဗဟိုချက်ပင်ဖြစ်သည်။

အရည်ပျော်နေသော အဖုံးအကြွင်းအကျန်များကို နင်းချေရင်း လူရိပ်တစ်ခုသည် နေမင်း၏ ဗဟိုချက်မှ ထွက်ပေါ်လာသည့်အလား နတ်ဘုရားတစ်ပါးကဲ့သို့ ဖြည်းညှင်းစွာ လျှောက်ထွက်လာခဲ့သည်။

လုရှင်းချန်။

ထိုလူရိပ်သည် လေထဲတွင် ဖြည်းညှင်းစွာ လွင့်မြောနေပြီး အလွန်တောက်ပစွာ လင်းလက်နေကာ ရေတွက်၍မရသော မီးလျှံများက လေထုထဲတွင် စီးဆင်းနေသည်။ ထို့နောက် နီရဲသော မီးလျှံများထဲမှ နတ်ဘုရားကဲ့သို့သော အနေအထားဖြင့် လှမ်းထွက်လာခဲ့ပြီး သူ၏ မျက်လုံးအိမ်အတွင်းမှ အဖြူရောင်မီးလျှံများက ပြင်းထန်စွာ လောင်ကျွမ်းနေကာ သူ၏ အကြည့်ကျရောက်ရာ လေထုထဲတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာစေသည်။

“ဟူး~”

လုရှင်းချန်သည် မီးတောက်များ ဝန်းရံလျက် နက်ရှိုင်းသော သဘောပေါက်မှုဖြင့် အသက်ကို ပြင်းပြင်းရှူထုတ်လိုက်သည်။ ယခုအချိန်တွင် သူသည် မည်သူ့ကိုမျှ ကြည့်မနေဘဲ ဟင်းလင်းပြင်ထဲတွင် တစ်ကိုယ်တည်းမတ်တတ်ရပ်နေခြင်းဖြစ်သည်။

“လမ်းစဉ်သုံးထောင်မှာ မီးလျှံတစ်ခုတည်းကို ကိုးကွယ်ပြီး... သလင်းကျောက်ဝိညာဥ်အမြုတေကို ကျင့်ကြံပြီး ကောင်းကင်ဘုံကို လောင်ကျွမ်းစေပြီ ကိုယ့်ကိုယ်ကိုယ် သက်သေပြမယ်”

နက်ရှိုင်းပြီး ကျေနပ်အားရဖွယ်ကောင်းသော အသံကြီး ဟိန်းထွက်လာသည်။ ပြောပြီးနောက်တွင် သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ လှည့်လိုက်ပြီး စကြာဝဠာကြီးကို စိုးမိုးအုပ်ချုပ်နိုင်သည့် ဟန်ပန်မျိုးဖြင့် သူ၏ ညာလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

ဝူး——

သူ၏ လက်ဖဝါးအထက်တွင် ဟင်းလင်းပြင်သည် အနည်းငယ် ပုံပျက်သွားပြီး ဘယ်ကမှန်းမသိဘဲ စစ်မှန်သော နီရဲသည့် မီးတောက်များဖြင့် ပြုလုပ်ထားသော ပွင့်ချပ်ကိုးလွှာအနီရောင်ကြာပန်းတစ်ပွင့် ပွင့်အာလာခဲ့သည်။ ၎င်းကို လုရှင်းချန်က တိကျစွာ ထိန်းချုပ်ထားပြီး ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်များဖြာထွက်နေသည်။

“ဒါက ‘ကမ္ဘာလောင်ကျွမ်းကြာပန်းနီ’ ပဲ... စစ်မှန်တဲ့ မီးတောက်တစ်ခုရဲ့ အထိအတွေ့က မကောင်းဆိုးဝါးအားလုံးကို ပြာချနိုင်တယ်”

လုရှင်းချန်၏ နှုတ်ခမ်းထောင့်က ဘာကိုမှဂရုမစိုက်သည့်အလား တွန့်ကွေးသွားပြီး သူ၏ အကြည့်က ဆွံ့အနေသော အဖွဲ့သားများကို ကျော်ဖြတ်ကာ နောက်ဆုံးတွင် လင်းရှန်ဆီသို့ ကျရောက်သွားပြီး သူ၏ အသံမှာ သတ္တုချင်းရိုက်ခတ်သည့်အလား မြည်ဟည်းသွားသည်။

“ကပ္ပတိန်... မီးနတ်ဘုရားရဲ့ စွမ်းအားက ကပ္ပတိန်ရဲ့ စိတ်ဝင်စားမှုနဲ့ ထိုက်တန်ရဲ့လား”

သူက လက်ချောင်းငါးချောင်းကို အနည်းငယ်ပိတ်လိုက်ရာ ကမ္ဘာလောင်ကျွမ်းကြာပန်းနီသည် ရုတ်တရက်ကျုံ့ဝင်သွားပြီး သူ့လက်ထိပ်တွင် လွင့်မြောနေသည့် သိမ်မွေ့သော နီရဲသည့် ကြာစေ့လေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှ ထွက်ပေါ်လာသော အပူရှိန်မှာ လျော့ပါးမသွားဘဲ ပို၍သိပ်သည်းသွားပြီး ကြောက်မက်ဖွယ်ကောင်းနေသည်။

မျှော်လင့်မထားသောထိုအချိန်တွင် အေးခဲခန်းမအတွင်းရှိ အပူချိန်မြင့်မားမှုကြောင့် အလိုအလျောက်မီးသတ်စနစ်က အသက်ဝင်သွားခဲ့သည်။ သတိပေးသံမြည်လာပြီး အပေါ်ဘက်ရှိပိုက်လ်ုင်းများမှ အလွန်ကြီးမားသော ရေပန်းများနှင့် အေးမြသော နိုက်ထရိုဂျင်ဓာတ်ငွေ့များကို လုရှင်းချန်အပေါ်သို့ တိုက်ရိုက်လောင်းချပြီး သူ့ကိုယ်ပေါ်ရှိ မီးတောက်များကို ငြိမ်းသတ်ပစ်လိုက်တော့သည်။ ရေနွေးငွေ့နှင့် အအေးဓာတ်တို့ ပေါင်းစပ်ကျယ်ပြန့်လာပြီး ပျံ့နှံ့သွားခဲ့သည်။

အေးခဲခန်းမအတွင်းရှိ အပူချိန်မှာ ချက်ချင်းကျဆင်းသွားပြီး ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။

“အိုးမိုင်…” လို့ရှားရှားက လှည့်ပတ်စီးဆင်းနေသော အပူ၊ အအေးရေနွေးငွေ့များကြောင့် အသက်ရှူရကျပ်သွားသဖြင့် လက်ဖြင့် ယပ်ခတ်ရင်း ဒေါသတကြီးအော်ဟစ်လိုက်သည်။

“လုရှင်းချန်... နင် အကြွားသန်ကောင်... မသိရင် ပစိဖိတ်သမုဒ္ဒရာထဲက ရေတွေအားလုံးကိုပဲ အငွေ့ပျံအောင် လုပ်တော့မယ့်အတိုင်းပဲ”

“ဒါက တရားလွန်လွန်းတယ်... အခန်းငယ်တစ်ခုလုံးကို ပြာချပစ်လိုက်တာပဲ... မီးသတ်စနစ်သာ အချိန်မီအလုပ်မလုပ်ရင် အေးခဲခန်းမတစ်ခုလုံး ပျက်စီးသွားလောက်တယ်”

ကီကီက ခါးထောက်လျက် မကျေမနပ်အော်ပြောလိုက်သည်။ “ဟေး... ငါတို့က သလင်းကျောက်မွေးမြူဖို့ လိုသေးတယ်ဟဲ့... ဒီနေရာကို မီးရှို့မပစ်လိုက်နဲ့ဦး”

ပြောပြီးနောက် သူမက ချက်ချင်းပင် လက်ကို ဝှေ့ယမ်းလိုက်ရာ ခန်းမအတွင်းရှိ မြင်ကွင်းကို ဖုံးကွယ်နေသော မြူခိုးများ လွင့်စင်သွားတော့သည်။

ထိုအခါမှသာ အဝေးရှိ လုရှင်းချန်သည် လူအုပ်ကို ကျောခိုင်းလျက် လက်နှစ်ဖက်ကို နောက်ပစ်ထားသည့် အနေအထားအတိုင်းရှိနေဆဲဖြစ်သည်ကို အားလုံးမြင်လိုက်ရသည်၊၊ သို့သော် သူ၏ အဝတ်အစားများမှာမူ အမွှေးနုတ်ထားသော ကြက်တစ်ကောင်လို စုတ်ပြတ်ကာ ရွှဲရွှဲစိုနေခဲ့ပြီ ဖြစ်သည်။

“နေဦး... နေဦး”

မြူခိုးများ လွင့်စင်သွားသည်ကို မြင်သောအခါ လုရှင်းချန်သည် ရုတ်တရက် ပြာပြာသလဲဖြစ်သွားပြီး သူ၏ ခန္ဓာကိုယ်မှ မီးတောက်များကို အတင်းကျပ်ပြန်လည်တောက်လောင်စေသည်။ ထိုစဉ် လင်းရှန်က အချိန်ကိုက်ပင် နာနိုနည်းပညာသုံး အတွင်းခံဝတ်စုံကို လုရှင်းချန်ထံသို့ လှမ်းပစ်ပေးလိုက်ရာ ငွေရောင်နာနိုမှုန်များက လျင်မြန်စွာ ပျံ့နှံ့သွားပြီး သူ၏ ခန္ဓာကိုယ်နှင့် စုတ်ပြဲနေသော အဝတ်အစားကို ချက်ချင်း ဖုံးအုပ်ပေးလိုက်တော့သည်။

လင်းရှန်သည် ဤကောင်က ကြွားချင်ရုံသက်သက်ဖြင့် ထွက်လာခြင်းမဟုတ်ကြောင်း စောစောကတည်းက ရိပ်မိထားသည်။ အခုကြည့်ရသည်မှာ ဆင့်ကဲပြောင်းလဲနေစဥ် စိတ်လှုပ်ရှားလွန်းသဖြင့် ဝတ်ဆင်ထားသော အဝတ်အစားများ မီးလောင်ပြာကျသွားခြင်းဖြစ်ပုံရသည်။ လူတိုင်း၏ အကြည့်အောက်တွင် နန်ကျင်း၏ ခန္ဓာကိုယ်ပြောင်းလဲသွားသည်ကို သူ မြင်တွေ့ခဲ့ရသောကြောင့် သူ့၏ ဖင်ပြောင်ကြီးပေါ်နေသည့် အရှက်ရဖွယ်အခြေအနေကို ဖုံးကွယ်ရန်အတွက် မီးနတ်ဘုရားဆင်းသက်ခြင်းအနေအထားကို အတင်းလုပ်ယူနေခြင်းဖြစ်ပေသည်။

All Chapters