ဒုတိယအသုတ်ဆင့်ကဲပြောင်းလဲခြင်း (၁)
Vol. 67 Ch. 1091
မီးတောက်များငြိမ်းသွားသည့်တိုင် လူအုပ်ဘက်သို့ လုံးဝလှည့်မလာဘဲ ကျောခိုင်းထားဆဲဖြစ်သည်ကို ကြည့်ပြီး လင်းရှန် ခန့်မှန်းမိသည်မှာ သေချာသွားသည်။ ယောကျာ်းတစ်ယောက်အနေဖြင့် လင်းရှန်ကိုယ်တိုင်လည်း ထိုသို့ဖြစ်ပါက လှည့်ကြည့်ရန် ရှက်မိမည်မှာ အမှန်ပင်။ အခြားနေရာများပေါ်နေသည်ထက်စာလျှင် နောက်ကျောဘက် ပေါ်နေသည်က လုရှင်းချန်ကဲ့သို့ မာနကြီးသူတစ်ယောက်အတွက် အရှက်ရခြင်းနည်းပေမည်၊၊
ကံကောင်းထောက်မစွာဖြင့် သူသည် ရေနွေးငွေ့များနှင့် အဝတ်အစားအပိုင်းအစများကြားတွင် ပိတ်မိနေသောကြောင့် မည်သူမျှ သတိမထားမိခဲ့ကြပေ။
နာနိုနည်းပညာသုံး အတွင်းခံဝတ်စုံက ခန္ဓာကိုယ်ကို ဖုံးအုပ်သွားပြီးနောက်တွင်မှ လုရှင်းချန်သည် လူအုပ်ကို ကျောခိုင်းထားလျက်ပင် သက်ပြင်းတစ်ချက်ခိုးချလိုက်နိုင်ပြီး တည်ငြိမ်သောအနေအထားသို့ ချက်ချင်းပြန်ရောက်သွားကာ လင်းရှန်ကို လှည့်ပြုံးပြရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒီဝတ်စုံရဲ့ ကုန်ကြမ်းပစ္စည်းက တကယ်ကို ထူးခြားတာပဲ... ငါ ထွက်လာချိန်မှာ ပေါက်ကွဲထွက်လာမယ့် စွမ်းအားတွေကို ထိန်းချုပ်ပေးဖို့ အစ်ကိုလင်းက သေချာအားထုတ်ပေးထားတာပဲဖြစ်ရမယ်... အစ်ကိုလင်း.. ကျေးဇူးတင်ပါတယ်”
လင်းရှန်က ဆွံ့အစွာဖြင့် ပြုံးပြရင်း “ရပါတယ်”
တင်းကျန်းရီက ဝိညာဉ်တုန်ခါမှုတန်ဖိုးတိုင်းကိရိယာကို ကိုင်မြှောက်ကာ မျက်မှန်ကို ပင့်တင်ရင်း ပြောလိုက်သည်။
“နှစ်သောင်းခြောက်ထောင်ငါးရာ... နင့်ရဲ့ ကိုယ်ပိုင်အမှောင်စွမ်းအင်အမြင့်ဆုံးတန်ဖိုးက သာလွန်အဆင့်ကို ရောက်သွားပြီ... ဖီးနစ်ရဲ့ စံနှုန်းအသစ်အရဆိုရင် ဒီကိန်းဂဏန်းက ကမ္ဘာတစ်ဝန်းက စွမ်းအားရှင်တွေထဲမှာ ထိပ်တန်းစာရင်းဝင်ပဲ”
“နှစ်သောင်းခြောက်ထောင်ငါးရာ”
လော့ယန်က ထိုစကားကို ကြားသောအခါ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
“မီးတောက်... သောက်ရမ်းလန်းတယ်”
လူအုပ်ကြားထဲမှ ရှောင်ချင်းကလည်း လုရှင်းချန်ကို အံ့ဩတကြီးကြည့်လိုက်မိသည်။ စွမ်းအားရှင်များ၏ အမြင့်ဆုံးတန်ဖိုးသည် ၁၀၀% ခန့် တိုးတက်လာလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း မီးတောက်သည် ၁၂၅၀၀ မှ ၂၆၅၀၀ သို့ ခုန်တက်သွားခြင်းက အမှန်ပင် ထူးခြားလွန်းလှသည်။
“မဆိုးဘူးပဲ... ငါကတော့ တစ်သောင်းရှစ်ထောင်ပဲ ရှိတယ်... မင်းက တာလို့ရဲ့ တစ်သောင်းကိုးထောင်ထက်တောင် ခုနစ်ထောင်ငါးရာ ပိုများနေတာပဲ... ဒီဆင့်ကဲပြောင်းလဲမှုက တိုက်ခိုက်ရေးစွမ်းရည်ကို အများကြီးမြှင့်တင်ပေးနိုင်တဲ့ပုံပဲ”
ချီလီက သူ၏ မေးစေ့ကို ပွတ်သပ်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
“သလင်းကျောက်မြှင့်တင်မှုအရှိန်အဟုန်အရဆိုရင် သုံးသောင်းကို ကျော်ဖြတ်ဖို့က သိပ်မကြာတော့ဘူး”
ထိုစကားကို ကြားရသောအခါ လုရှင်းချန်က ဝမ်းသာအားရဖြင့် လှမ်းလာပြီး တင်းကျန်းရီကို မေးလိုက်သည်။
“ဒါရိုက်တာတင်း... ဒါက တကယ်ပဲလား... ငါ အရင်က ၁၂၅၀၀ ပဲ ရှိတာလေ...”
သူက မေးနေခြင်း ဖြစ်သော်လည်း လက်ရှိတွင် လုရှင်းချန် အလွန်အမင်းစိတ်လှုပ်ရှားနေသည်မှာ ထင်ရှားလှသည်။ တိုက်ခိုက်ရေးစွမ်းရည်ထိုးတက်လာခြင်းက သူ အလွန်မျှော်လင့်ထားသည့် အရာဖြစ်ပြီး ဒါရိုက်တာတင်းက ကမ္ဘာ့ထိပ်တန်းစာရင်းဝင်ဟု မှတ်ချက်ပြုလိုက်သောကြောင့် လုရှင်းချန်၏ စရိုက်အရ သူ၏ စိတ်ထဲတွင် ပျော်ရွှင်မှုများအဆုံးမရှိပေါက်ကွဲနေလောက်ပြီ ဖြစ်သည်။
တင်းကျန်းရီက ဝိညာဉ်တုန်ခါမှုတန်ဖိုးတိုင်းကိရိယာကို သူ့အား ပြသလိုက်ရင်း “ဒါက နောက်ဆုံးစံနှုန်းတော့ မဟုတ်သေးဘူး... တိုးတက်ဖို့ နေရာအများကြီးကျန်သေးတယ်... နင့်ရဲ့ သလင်းကျောက်မြှင့်တင်မှုနှုန်းက ၁၀၀% ထက် ကျော်လွန်နေသင့်တယ်”
“ကောင်းတယ်... ကောင်းတယ်”
လုရှင်းချန်က သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ရင်း သက်ပြင်းချလိုက်ပြီး သူ၏ ရင်ဘတ်ကို မောက်မာစွာ ကော့လိုက်ကာ အကြည့်များက ရထား၏ သံချပ်ကာကို ဖြတ်သန်းလျက် ကမ္ဘာပျက်ကပ်ဘေးကြောင့် မွန်းစတားများကျက်စားနေသော ပြင်ပလောကကြီးဆီသို့ စိုက်ကြည့်နေသည့်အလား ပြောလိုက်သည်၊၊
“ရှေ့က လမ်းက ရှည်လျားပြီး မိစ္ဆာတွေနဲ့ ပြည့်နှက်နေတယ်... ကောင်းပြီလေ... ငါ အသစ်ရရှိထားတဲ့ ‘သမာဓိစစ်မှန်မီးတောက်’ နဲ့ မင်းတို့အားလုံးအတွက် နတ်ဘုရားဘုံဆီကို ဦးတည်မယ့် လမ်းတစ်ခုကို လောင်ကျွမ်းဖောက်လုပ်ပေးလိုက်ပါ့မယ်”
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် တစ်ခန်းလုံးရှိ အပူချိန်မှာ လေထုကြီး ဆူပွက်လုမတတ် တစ်ကျော့ပြန် မြင့်တက်လာပြန်သည်။
“ကဲပါ... ကဲပါ... နင့်ရဲ့ ခန္ဓာကိုယ်မှာ တခြားပုံမှန်မဟုတ်တာတွေရှိသေးလားဆိုတာ အမြန်စစ်ဆေးကြည့်ပါဦး” ချန်ဆီရွှမ်က သူ ထပ်မံကြွားဝါတော့မည့်အခြေအနေကို ဖြတ်ပြောရင်း စိုးရိမ်တကြီးမေးလိုက်သည်။
ချန်ဆီရွှမ် ဖြတ်ပြောလိုက်သဖြင့် လုရှင်းချန်က သူ၏ ခန္ဓာကိုယ်ကို အမြန်ပြန်လည်စမ်းသပ်ကြည့်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“အားလုံး အဆင်ပြေတယ်... ဘာမှစိုးရိမ်စရာမလိုပါဘူး”
လင်းရှန်က ခေါင်းညိတ်ပြသည်၊၊
“အဆင့် ၄ သွေးပဲစေ့ကို သုံးတာက လူတိုင်းရဲ့ ဆင့်ကဲပြောင်းလဲမှုနှုန်းကို ၁၀၀% ဝန်းကျင်လောက် မြှင့်တင်ပေးနိုင်တာမို့လို့ ကောင်းတဲ့အချက်ပဲ... အခု လက်ရှိပြဿနာကတော့ တာလို့နဲ့ နန်ကျင်းတို့ရဲ့ ခန္ဓာကိုယ် ပြောင်းလဲမှုတွေက ကောင်းတာလား… ဆိုးတာလားဆိုတာ မသိရသေးတာပဲ... ဒါကိုတော့ ငါ ဖီးနစ်နဲ့ ဆက်သွယ်ပြီး ညှိနှိုင်းပြီးမှ သိရလိမ့်မယ်”
တာလို့က သူ၏ ရင်ဘတ်ကို ပုတ်ရင်း “ငါကတော့ အဆင်ပြေတယ်လို့ ခံစားရတယ်... အသားတွေ နည်းနည်းနီရဲနေပေမဲ့... ခြုံပြောရရင်တော့ အရင်ကထက် အများကြီးပိုကောင်းလာတယ်”
တာလို့သည်လည်း အလွန်စိတ်လှုပ်ရှားနေခဲ့သည်၊၊ အရင်က သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဖွဲ့ထဲတွင် များစွာနောက်ကျကျန်နေခဲ့ပြီး သူ၏ သွေးကီစွမ်းအားမှာလည်း ကြီးမားသော သန္ဓေပြောင်းမွန်းစတားများကို ရင်ဆိုင်ရန် ရုန်းကန်နေခဲ့ရသည်။ လင်းရှန်က သူ့အတွက် နဂါးနက်တိုက်ပွဲဝတ်စုံကို ပြုလုပ်ပေးခဲ့သော်လည်း ၎င်းက သူ၏ ကိုယ်ပိုင်စွမ်းအားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသဖြင့် တိုက်ခိုက်ရေးစွမ်းအားကို အပြည့်အဝအသုံးမချနိုင်ဘဲ ပင်လယ်ပြင်တွင် လှုပ်ရှားနိုင်စွမ်းနှင့် ကာကွယ်ရေးစွမ်းရည်ကိုသာ မြှင့်တင်ပေးနိုင်ခဲ့သည်။ သို့သော် ယခုအချိန်တွင်မူ သူသည် ရုပ်ပိုင်းဆိုင်ရာခွန်အားသက်သက်ဖြင့် ကောင်းကင်ကြီးကိုပင် ထိုးခွဲပစ်နိုင်သည့် စွမ်းအားမျိုးကို ရရှိထားပြီဟု သိသိသာသာခံစားနေရပြီး အနည်းငယ်ကျင့်သားရသွားပါက ဗန်နက်ဆာကဲ့သို့ အဝေးမှ ရန်သူများကို သတ်ဖြတ်နိုင်သည့် ခွန်အားမျိုးကိုလည်း ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်ပေသည်။
တာလို့ စကားပြောပြီးနောက် နန်ကျင်းက သူမ၏ လက်မောင်းများကို ပိုက်လျက် ခန္ဓာကိုယ်ကို ငုံ့ကြည့်ကာ သက်ပြင်းချလိုက်သည်။
“ဒါနဲ့ပတ်သက်လို့ ငါလည်း အတူတူပဲဖြစ်ရမယ်... ထူးထူးခြားခြားစိတ်မသက်မသာဖြစ်တာမျိုးတော့ မရှိပါဘူး... အိပ်ရမှာပဲ နည်းနည်းအခက်တွေ့နိုင်တယ်”
“ကျွန်မလည်း အဲဒါကို စဉ်းစားမိတယ်”
ကီကီက နှုတ်ခမ်းဆူလျက် အရပ်ရှည်လှသော နန်ကျင်းကို ကြည့်ကာ ပြောလိုက်သည်။
“လင်းရှန်အနေနဲ့ ရှင့်အတွက် ကုတင်အသစ်တစ်လုံးလုပ်ပေးဖို့ လိုလိမ့်မယ်ထင်တယ်”
“လောလောဆယ်တော့ ငါဖြစ်သလိုနေလို့ရပါတယ်”
လင်းရှန်က သူမကို တည်ငြိမ်စွာ ပြောလိုက်သည်။
“လက်ရှိမှာ ငါတို့တင်မကဘဲ ဖီးနစ်၊ ပင်လယ်လင်းယုန်အုပ်စုနဲ့ မြင့်မြတ်မြို့တော်အဖွဲ့အစည်းတွေပါ သလင်းကျောက်ဖြစ်ပေါ်ပြီးနောက် ပြောင်းလဲမှုတွေကို ရှာဖွေစူးစမ်းတဲ့နေရာမှာ အစပြုရုံပဲ ရှိပါသေးတယ်... လူသားတွေရဲ့ ဆင့်ကဲပြောင်းလဲမှုက အချိန်တိုအတွင်းမှာ ဖြစ်ပျက်တာမို့လို့ ငါတို့ ဖော်ထုတ်ရမယ့် မသိသေးတဲ့အရာတွေ အများကြီးရှိနေမှာပဲ... ဒါကြောင့် အသက်အန္တရာယ်မရှိသရွေ့နဲ့ ဆင့်ကဲပြောင်းလဲမှုချောမွေ့နေသရွေ့တော့ တခြားပြောင်းလဲမှုတွေကို လောလောဆယ်တော့ စွမ်းအားရှင်ဖွံ့ဖြိုးမှုလို့ပဲ သတ်မှတ်လို့ရပါတယ်... ပုံမှန်မဟုတ်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းရှိကြတဲ့ စွမ်းအားရှင်တွေတောင် သူတို့ရဲ့ စွမ်းရည်တွေကို ဝှက်ထားနိုင်၊ ထိန်းချုပ်နိုင်ကြတာပဲ... ဒါကြောင့် မင်းရဲ့ အခြေအနေအတွက်လည်း နည်းလမ်းရှိမှာပါလို့ ငါယုံကြည်တယ်”
နန်ကျင်းက ထိုစကားကို ကြားသောအခါ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
“အဓိပ္ပာယ်ရှိပါတယ်... ကပ္ပတိန်လင်း... မစိုးရိမ်ပါနဲ့... ငါ...ကျင့်သားရအောင် လုပ်လိုက်ပါ့မယ်”
“နင်တို့ရဲ့ အရင်က စိုးရိမ်မှုတွေက သိပ်ပြီး သတိကြီးလွန်းခဲ့ပုံပဲ”
လင်းရှန် စကားပြောပြီးနောက် မိုနီကာက လက်ပိုက်လျက် တည်ငြိမ်စွာ ဆိုလိုက်သည်။
“လက်ရှိမှာ ငါအပါအဝင် ငါတို့ထဲက ခုနစ်ယောက်လုံးက စိတ်ဝိညာဉ်တုန်ခါမှုတန်ဖိုး တစ်သောင်းငါးထောင်ကို ကျော်လွန်သွားကြပြီ... ငါတို့ တိုက်ပွဲမဝင်ရသေးပေမဲ့ ပင်လယ်လင်းယုန်အုပ်စုရဲ့ ပင်မအင်အားစုတွေရဲ့ စွမ်းဆောင်ရည်အရဆိုရင် အထူးအဆင့်အချို့ကို ရင်ဆိုင်ဖို့ ငါတို့အတွက် ပြဿနာမရှိနိုင်တော့ဘူး”
“ကျွန်မလည်း သဘောတူတယ်”
ရှုချင်းက ခေါင်းညိတ်ပြပြီး သူမ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ပြောလိုက်သည်။
“ဒါက အင်အားတိုးတက်လာတာတင် မကဘူး... အဓိကကတော့ အမှောင်စွမ်းအင်ကို စုပ်ယူပြီးတဲ့နောက် သန္ဓေပြောင်းမွန်းစတားတွေဆီက အမှောင်ကျူးကျော်မှုစွမ်းအင်သက်ရောက်မှုက ကျွန်မတို့အပေါ်မှာ အနည်းဆုံးဖြစ်သွားလိမ့်မယ်... တစ်ချိန်တည်းမှာပဲ ကျွန်မတို့က ဒီစွမ်းအားကို ပြန်လည်တုံ့ပြန်တဲ့နေရာမှာ သုံးလို့ရတယ်... တချို့ ရှုထောင့်ကကြည့်ရင် ကျွန်မတို့က သန္ဓေပြောင်းမွန်းစတားတွေလိုပဲ ဖျက်ဆီးခြင်းစွမ်းအားအမျိုးအစားထဲမှာ ပါဝင်နေတာပဲ”
“မှန်တာပေါ့” ချီလီက ပုခုံးတွန့်လိုက်သည်။
လက်ရှိတွင် လူအုပ်၏ အထက်၌ မတ်တတ်ရပ်နေသော နန်ကျင်းက ထိုစကားများကို ကြားသောအခါ ရယ်လျက် ပြောလိုက်သည်။
“ဟုတ်တာပေါ့... ငါတို့က ခန္ဓာကိုယ်အရွယ်အစားချင်းပါ သန္ဓေပြောင်းမွန်းစတားတွေနဲ့ တူနေပြီလေ”
“ကဲပါ... တော်ပြီ” ကီကီက ရှေ့သို့ ထွက်လာပြီး ပြောလိုက်သည်။
“လူတိုင်း အဆင်ပြေပြေပြီးသွားပြီဆိုတော့ အခု ကျွန်မတို့အလှည့်ရောက်ပြီ မဟုတ်လား”
လင်းရှန်က ကီကီကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ “ကောင်းပြီ... အချိန်မဖြုန်းတော့ဘူး... ကီကီ၊ ဆရာမချန်၊ လော့ယန်၊ ရှောင်ချင်း၊ အားဖေးနဲ့ ရှီဇီတို့ နောက်တစ်သုတ်အတွက် ပြင်ဆင်ကြတော့”
“နင်ကော” မိုနီကာက ထိုအချိန်တွင် မေးလိုက်ပြီး သူမ၏ အကြည့်က သူ့ထံကျရောက်သွားသည်။
“မင်းတို့အားလုံးပြီးမှပဲ ငါလုပ်မယ်”
လင်းရှန်က ပွင့်ပွင့်လင်းလင်း ပြန်ပြောလိုက်သည်။
“ဒါမှ ငါ ပိုပြီး စိတ်ချရမှာမို့လို့ပါ”
“မင်းကတော့ အခုထိ စိုးရိမ်လွန်းနေတုန်းပဲလား”
ချီလီက ထိုအချိန်တွင် သူ့ကို ပြောလိုက်သည်။
“လူအများကြီး အောင်အောင်မြင်မြင်ပြီးသွားပြီပဲ... အခု ငါတို့ စောင့်ကြပ်ပေးနေတာမို့လို့ စိုးရိမ်စရာအများကြီးမရှိပါဘူး”