ဒုတိယအသုတ်ဆင့်ကဲပြောင်းလဲခြင်း (၂)
Vol. 67 Ch. 1092
လင်းရှန်က ခေါင်းခါပြလိုက်သည်။
“ဒါက တစ်ချက်ပဲ... ငါ့ရဲ့ စွမ်းရည်က မင်းတို့နဲ့ မတူတာကိုလည်း သိကြတာပဲ... ဒါ့အပြင် ငါတို့ မနက်ဖြန်ခရီးထွက်ရတော့မှာ... ဒီညမှာ ငါ လက်နက်ပြင်ဆင်မှုအချို့ကို အမီလုပ်ရမယ်... မနက်ဖြန် လမ်းပေါ်ရောက်လို့ စိတ်ချရတဲ့အချိန်မှပဲ ငါအချိန်ရှာပြီးလုပ်လိုက်မယ်... အဲဒါလည်း မနောက်ကျပါဘူး”
“ငါ ပြောချင်တာကတော့ ဖိအားတွေအားလုံးကို မင်းတစ်ယောက်တည်း ပခုံးပေါ်ထမ်းမထားသင့်ဘူး”
ချီလီက အခန်းငယ်ပေါ်မှ ခုန်ဆင်းလိုက်ပြီး လင်းရှန်ကို ပြုံးကြည့်ကာ ပြောလိုက်သည်။
“မင်းရဲ့ စွမ်းရည်က ဘာပဲဖြစ်ဖြစ်... ပြီးတော့ အမှောင်ဂိုဏ်းက မင်းကို ဘယ်လိုပဲရင်ဆိုင်ဖို့ စီစဉ်ထားပါစေ... ငါတို့က တစ်ဖွဲ့တည်းသားတွေပဲ... အတူတူရင်ဆိုင်ကြတာပေါ့”
“မှန်တယ် ကပ္ပတိန်လင်း”
လူတိုင်းမတ်တတ်ရပ်လိုက်ကြသည်။
လင်းရှန်က ခေါင်းညိတ်ပြကာ “ကောင်းပြီ... ငါ နားလည်ပါပြီ”
“ဒါဆို ကျွန်မလည်း နောက်တစ်သုတ်ကိုပဲ စောင့်လိုက်ပါ့မယ်”
ရှီဇီက ထိုအချိန်တွင် ရှေ့သို့ ထွက်လာပြီး နန်ကျင်းနှင့် အခြားလူများကို တွန့်ဆုတ်စွာ ညွှန်ပြကာ ပြောလိုက်သည်။
“သူတို့က အခုတင် ဆင့်ကဲပြောင်းလဲမှုပြီးထားတာမို့လို့ သူတို့ရဲ့ အရှိန်အဝါက မတည်ငြိမ်သေးဘူး... ကျွန်မ ဒီမှာပဲနေပြီး အခြေအနေကို စောင့်ကြည့်ပေးမယ်... ဒါမှ ပိုပြီး စိတ်ချရလိမ့်မယ်”
“ကောင်းပြီ” လင်းရှန်က ခေါင်းညိတ် သဘောတူလိုက်ပြီး ချီလီ၊ နန်ကျင်းနှင့် မီးတောက်တို့အဖွဲ့ကို အရင်သွားအနားယူကြရန် ပြောလိုက်သည်။
“နောက်တစ်ခုက ကီကီတို့ ပြင်ဆင်ကြတော့”
သူက အချိန်ကို စစ်ဆေးလိုက်သည်။
“မနက်ဖြန် မိုးလင်းခါနီးလောက်ဆိုရင် ဆင့်ကဲပြောင်းလဲမှုပြီးမြောက်ဖို့ အချိန်ကိုက်ဖြစ်လိမ့်မယ်... အခုပဲစကြမယ်”
သူ ပြောလိုက်သည်နှင့် လူတိုင်းလည်း ချက်ချင်းပြင်ဆင်မှုများ စတင်ကြပြီး ပထမအသုတ်လူများမှာမူ အနားယူရန် သူတို့၏ အခန်းများသို့ ပြန်သွားကြသည်။ လင်းရှန်သည် တင်းကျန်းရီ လျှောက်လာသည်ကို မြင်သောအခါ ချက်ချင်းမေးလိုက်သည်။
“ဒါရိုက်တာတင်း... မင်းလည်း သလင်းကျောက်ဆင့်ကဲပြောင်းလဲချင်တယ်လို့ ပြောထားတယ် မဟုတ်လား”
တင်းကျန်းရီက သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး “ကျွန်မက ရှင်နဲ့အတူ နောက်ဆုံးအသုတ်ကျမှ ပါမယ်လေ... ဒါက သလင်းကျောက်ဆင့်ကဲပြောင်းလဲမှုဒေတာတွေကို စောင့်ကြည့်ဖို့ အကောင်းဆုံးအချိန်ပဲ... လူတိုင်းရဲ့ ပြောင်းလဲမှုတွေက အရေးကြီးတယ်... ကျွန်မက သွေးကပ်ဘေးပန်းနဲ့ တခြားကပ်ဘေးအပင်တွေနဲ့ စမ်းသပ်မှုအချို့လုပ်ဖို့ စီစဉ်ထားတယ်... ဒါဆိုရင် မတူညီတဲ့ အရာတစ်ခုခုကို ရှာဖွေတွေ့ရှိနိုင်မလားလို့ပါ”
တင်းကျန်းရီ၏ စကားကို ကြားရသောအခါ လင်းရှန်က ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပါပြီ”
မကြာမီ လင်းရှန်သည် ဒုတိယအသုတ် သလင်းကျောက်ဆင့်ကဲပြောင်းလဲမှုကို ခံယူမည့်အဖွဲ့ဝင်များအတွက် စက်ပစ္စည်းများကို အဆင်သင့်ပြင်ဆင်ပေးလိုက်သည်။ အရင်အတွေ့အကြုံများရှိထားသဖြင့် သလင်းကျောက်ဆင့်ကဲပြောင်းလဲမှုပြီးဆုံးပြီးနောက် ဝတ်ဆင်ရလွယ်ကူစေရန်အတွက် လူတိုင်းကို နာနိုနည်းပညာသုံးအတွင်းခံဝတ်စုံများကို ကြိုတင်ဝေငှပေးထားခဲ့သည်။
“လင်းရှန်”
ချန်ဆီရွှမ် အနည်းငယ်တုန်လှုပ်နေခဲ့သည်။ သူမသည် အခန်းငယ်ထဲတွင် ထိုင်ရင်း အသက်ရှူမှုကို ထိန်းညှိရန် ခေါင်းငုံ့ထားသည်။ လင်းရှန်က သူမအနားသို့ လျှောက်သွားပြီး စက်ပစ္စည်းများကို ချိန်ညှိပေးရင်း ပြောလိုက်သည်။
“ရှုချင်းနဲ့ တခြားလူတွေ စောစောကပြောသွားတဲ့ ကိစ္စတွေကို အထူးဂရုစိုက်ပါ... အဓိကကတော့ မင်းရဲ့ စိတ်ဆန္ဒကို ရှင်းလင်းအောင်ထားဖို့ပဲ... တခြားအရာတွေကို စိတ်မပူပါနဲ့”
“ကျွန်မ သိပါတယ်... ကျွန်မ ရုတ်တရက်...”
ချန်ဆီရွှမ်က ပြောလိုက်သည်။ လမ်းတစ်လျှောက်လုံးတွင် သူမသည် မိမိ၏ စွမ်းရည်ကို မြှင့်တင်ရန် တမင်တကာမကြိုးစားခဲ့ဖူးဘဲ မသိစိတ်ကြောင့်သာ တိုးတက်မှုများရရှိခဲ့ခြင်း ဖြစ်သည်။ သူမသည် ထိုပြောင်းလဲမှုများကို အာရုံမစိုက်ဘဲ အဖွဲ့၏ ထောက်ပံ့ပို့ဆောင်ရေးကို ဖြေရှင်းရန်နှင့် မိမိ၏ စိတ်ဓာတ်ကို ကြံ့ခိုင်အောင် လုပ်ရန်သာ အာရုံစိုက်ခဲ့သည်။ ယခုကဲ့သို့ စွမ်းအားဆင့်ကဲပြောင်းလဲမှုကို တကူးတကလုပ်ဆောင်ခြင်းက ပထမဆုံးဖြစ်ပေသည်။
လင်းရှန်သည် သူမ၏ အတွေးများကို ရိပ်မိခဲ့သည်။ သူမသည် တာလို့နှင့် နန်ကျင်းတို့၏ ခန္ဓာကိုယ်ပြောင်းလဲမှုများကြောင့် လွှမ်းမိုးခံထားရခြင်း ဖြစ်နိုင်ပေသည်။
တာလို့နှင့် နန်ကျင်းတို့၏ ပြောင်းလဲမှုများက လက်မခံနိုင်လောက်သည့် အဆင့်မဟုတ်သော်လည်း ထိုသို့သော မသိရသေးသည့် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများက လူတိုင်း၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုအချို့ကို ဖြစ်ပေါ်စေခဲ့သည်။ တကယ်လို့ ပိုပြီး ထူးဆန်းတဲ့ပြောင်းလဲမှုတွေ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။
“စိတ်မပူပါနဲ့ ဆရာမချန်ရဲ့... အစ်မက ရုပ်ဆိုးမသွားသလို လုံးဝနီရဲသွားတာမျိုးလည်းဖြစ်မှာမဟုတ်ပါဘူး”
ကီကီက အခန်းထဲတွင် ဘေးစောင်းလှဲရင်း ခေါင်းကို လက်ထောက်ကာ လှမ်းကြည့်ရင်း ပြောလိုက်သည်။
“အစ်မနန်ကျင်းလိုဖြစ်သွားရင်တောင် ခန္ဓာကိုယ်က ဆယ်နှစ်လောက် ပိုပြီးနုပျိုသွားတာပဲလေ... ကျွန်မကတော့ အဲဒါက သိပ်ပြီးကြောက်စရာမကောင်းဘူးထင်တာပဲ”
ချန်ဆီရွှမ်က မျက်လုံးများကို မှိတ်ကာ နှုတ်ခမ်းဆူလျက် “ဒါဆို နင်ကော... ဆယ်နှစ်လောက် ပိုနုပျိုသွားရင် နင်က ကလေးလေးပြန်ဖြစ်သွားမှာကို မကြောက်ဘူးလား”
ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာချင်းဆိုင်ရှိ ရှောင်ချင်းလည်း ခဏမျှ ဆွံ့အသွားပြီး လင်းရှန်ကို ရှုပ်ထွေးသောအကြည့်ဖြင့် လှမ်းကြည့်လိုက်မိသည်။ သူမနှင့် အားဖေးတို့ နှစ်ယောက်လုံးက အသက် ၂၀ အောက်သာ ရှိသေးရာ အခုထက် ပိုပြီး ဘယ်လောက်တောင် နုပျိုသွားနိုင်မလဲ…
လော့ယန်က အခန်းငယ်ထဲတွင်လှဲလျက် လက်နှစ်ဖက်ကို စုစည်းကာ ဆုတောင်းသည့်အမူအရာကို ပြုလုပ်ရင်း တစ်စုံတစ်ခုကို တီးတိုးရွတ်ဆိုနေခဲ့သည်။ ဘေးနားရှိ အားဖေးက အနည်းငယ်စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
“အစ်ကိုလော့ယန်... ဘာတွေရွတ်နေတာလဲ”
လော့ယန်က မျက်လုံးတစ်ဖက်ကို ဖွင့်ကြည့်ကာ စိုးရိမ်စွာ ပြောလိုက်သည်။
“ငါ့မျက်လုံးတွေ ရုတ်တရက် ပြောင်းလဲမသွားဖို့ ဆုတောင်းနေတာလေ... အဓိကက ငါ့ရဲ့ စွမ်းရည်က မျက်လုံးပေါ်မှာ အခြေခံတာကိုး... အစ်ကိုဟွာရဲ့ သွေးကီစွမ်းအားက သူ့ကို တစ်ကိုယ်လုံးနီရဲသွားစေတယ်... တကယ်လို့ ငါ့ရဲ့ စွမ်းအင်မျက်လုံးက ပေါက်ကွဲပြီး ဘယ်သူမှ ယှဉ်လို့မရတဲ့ မျက်လုံးကြီးတစ်လုံးဖြစ်လာရင် ပြဿနာပဲ... အမ်... ဟုတ်သားပဲ… ဒါနဲ့ မင်းလည်း ငါ့လိုပဲ မျက်လုံးစွမ်းရည်ရှိတာပဲလေ”
အားဖေးလည်း ထိုစကားကို ကြားသောအခါ တုန်လှုပ်သွားလေသည်။
“ဒါ ဒါက... ဖြစ်မှာမဟုတ်ပါဘူး”
“ဟဲဟဲ... တကယ်လို့ အဲလိုသာတကယ်ဖြစ်လာရင် တကယ်တော့ အတော်လေးလန်းမှာပါ”
မတ်တတ်ရပ်လျက် ရဲရင့်စွာရှိနေသော ချီလီက ထိုအချိန်တွင် လူတိုင်းကို စနောက်လျက် ပြောလိုက်သည်။
“ဒါမှမဟုတ် မျက်လုံးခြောက်လုံးထွက်လာပြီး မျက်လုံးခြောက်လုံးပါတဲ့ ငါးပျံကြီးဖြစ်သွားရင် ပိုပြီးတော့တောင် စွမ်းအားကြီးဦးမှာပေါ့”
ထိုစကားကို ကြားလိုက်ရသောအခါ စောင့်ကြည့်နေကြသော အဖွဲ့ဝင်များမှာ ရုတ်တရက် တဟားဟားရယ်မောမိကုန်ကြလေသည်။ သူတို့ကို အားပေးရမလား၊ ရယ်ရမလားကို ခဏမျှ ဝေခွဲမရဖြစ်နေကြသည်။
“တကယ်တော့ ဒါကို အဲလောက်အထိ စိုးရိမ်နေဖို့ မလိုပါဘူး” လင်းရှန်က အနေခက်စွာဖြင့် ပြောလိုက်သည်။
“ပင်လယ်လင်းယုန်အုပ်စုမှာကော… ငါ မြင်ဖူးတဲ့ ဖီးနစ်ရဲ့ အချက်အလက်တွေထဲမှာကော… မျက်လုံးသန္ဓေပြောင်းသွားတဲ့ဖြစ်စဉ်မျိုး မရှိပါဘူး... အများစုက... အဟမ်း... လူသားပုံစံအတိုင်း ရှိနေပါသေးတယ်”
လူတိုင်း “…”
“ကဲ... ကျွန်မ အဆင်သင့်ဖြစ်ပြီ”
ချန်ဆီရွှမ်က အသက်ကို ပြင်းပြင်းရှူကာ လှဲချလိုက်ပြီး အခန်းငယ်ကို ပိတ်လိုက်သည်။
“ကျွန်မလည်း အဆင်သင့်ဖြစ်ပြီ... စကြစို့”
ကီကီက ဘာကိုမှ မကြောက်သည့် အနေအထားဖြင့် မျက်လုံးများကို မှိတ်ကာ လှဲချလျက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ်... ဒီမိန်းကလေးက လက်ခံတယ်”
ရှောင်ချင်း၊ လော့ယန်နှင့် အားဖေးတို့ကလည်း တစ်ယောက်ပြီးတစ်ယောက် အခန်းငယ်များကို ပိတ်လိုက်ကြသည်။ ထို့နောက် လင်းရှန်က စက်ပစ္စည်းကို အသက်သွင်းလိုက်ရာ ဟိန်းဟောက်နေသော အမှောင်စွမ်းအင်များက ချက်ချင်းပေါက်ကွဲထွက်လာခဲ့သည်။ ခန်းမအတွင်း၌ လူအချို့၏ တီးတိုးညည်းတွားသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် အားလုံးအိပ်ပျော်သွားကြတော့သည်။
လူတိုင်း၏ အခြေအနေတည်ငြိမ်သွားပြီးနောက် ဤပင်မတိုက်ခိုက်ရေးအင်အားစုများမှလွဲ၍ အခြားလူများမှာ အနားယူရန် အေးခဲခန်းမမှ စတင်ထွက်ခွာသွားကြသည်။
လင်းရှန်က အချိန်ကို စစ်ဆေးလိုက်ပြီး လက်နက်များထုတ်လုပ်ရန်အတွက် ကောင်းကင်အမိုးခုံးရထား၏ လက်နက်တိုက်သင်္ဘောဆီသို့ တိုက်ရိုက်သွားရောက်ခဲ့၏၊၊ ယခုအခါ သူသည် ဗိုင်အိုလာ၏ တွက်ချက်မှုနှင့် ချိတ်ဆက်ထားသဖြင့် ဤနေရာရှိ အချိန်နှင့်တပြေးညီ စောင့်ကြည့်မှုများကို ရရှိနိုင်ကာ တစ်ခုခုဖြစ်ပါက သူ ချက်ချင်းသိရှိနိုင်သည်။
ထို့ကြောင့် လင်းရှန်သည် လက်နက်ထုတ်လုပ်မှုကို စတင်ရန် ပြင်ဆင်လိုက်ပြီး တိုင်တန်ဂြိုလ်၏ ကြယ်တာယာထုတ်လုပ်မှုထဲသို့ လိုအပ်သောကုန်ကြမ်းများနှင့် ပြင်ဆင်မှုများကို ထည့်သွင်းကာ စမ်းသပ်မှုအချို့ကို လုပ်ဆောင်ရန် ပြင်ဆင်လိုက်တော့သည်။