← Chapters

ကြက်သွေးရောင်မြူဆိုက်ရောက်လာခြင်း (၁)

Vol. 67 Ch. 1093

ကြက်သွေးရောင်မြူဆိုက်ရောက်လာခြင်း (၁)

Vol. 67 Ch. 1093

နေ့အလင်းရောင်ထွက်ရန် ၈ နာရီပင် မလိုတော့ပေ။ လင်းရှန်သည် လက်နက်တိုက်သင်္ဘောပေါ်သို့ ရောက်ရှိနေပြီး ရှင်းဂျီ ဒီဇိုင်းဆွဲပေးထားသော တည်ငြိမ်လျှပ်စစ်စက်ကွင်းပုံကြမ်းကို ဖွင့်ကာ ကောင်းကင်အမိုးခုံးရထား၏ ကာကွယ်ရေးစနစ်ကို ဦးစွာအဆင့်မြှင့်တင်ရန် ပြင်ဆင်လိုက်သည်။

တည်ငြိမ်လျှပ်စစ်စက်ကွင်း၏ အဓိကရည်ရွယ်ချက်မှာ ယခင်က မိုးပျံဂျယ်လီဖစ်က ထုတ်လွှတ်ခဲ့သော မိုးကြိုးမုန်တိုင်းကဲ့သို့ စွမ်းအင်အခြေခံတိုက်ခိုက်မှုများကို ထိရောက်စွာတုံ့ပြန်ရန်ဖြစ်သည်။ သို့သော် မွန်းစတားများ၏ တိုက်ရိုက်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရပါက စွမ်းအင်မြင့်အမှုန်တန်းများဖြင့် ဖွဲ့စည်းထားသော အကာအကွယ်ကွန်ရက်နှင့် ပစ်ခတ်မှုစနစ်ကိုသာ အဓိကအားကိုး၍ ခုခံရမည်ဖြစ်ပြီး သို့မဟုတ်ပါက ကောင်းကင်အမိုးခုံးရထား၏ သံချပ်ကာကို ထပ်မံအားဖြည့်ရမည်ဖြစ်သည်။

သို့သော် လက်ရှိကောင်းကင်အမိုးခုံးရထားသည် ကြယ်သင်္ဘောတစ်စင်းဖြစ်နေသဖြင့် လင်းရှန်၏ အနန္တရထားကဲ့သို့ အပြင်ဘက်တွင် သံချပ်ကာပြားများကို စိတ်ကြိုက်ဂဟေဆော်၍ မရနိုင်ပေ။ ထို့အပြင် ကောင်းကင်အမိုးခုံးရထားတွင် အသုံးပြုထားသော သံချပ်ကာပစ္စည်းမှာ စတားဖလိ့၏ အဆင့်မြင့်ဆုံးကာကွယ်ရေးပစ္စည်းဖြစ်နေနှင့်ပြီးသားဖြစ်သောကြောင့် ကုန်ကြမ်းပစ္စည်းတစ်ခုတည်းအပေါ် အားကိုးရန်မဖြစ်နိုင်တော့ဘဲ ကာကွယ်ရေးဆိုင်ရာအဆောက်အအုံများကိုသာ အဆင့်မြှင့်တင်ရန် လင်းရှန် ကြိုးစားရတော့သည်။

လက်နက်တိုက်သင်္ဘောအထက်တွင်ရပ်လျက် လင်းရှန်သည် စွမ်းအင်စက်ကွင်းဂျင်နရေတာတည်ဆောက်မှုကို တိုက်ရိုက်စတင်လိုက်သည်။ ရထားကို ကြယ်နက်ပန်းပဲဖိုထဲသို့ ပြန်မရွှေ့ဘဲ ဤကဲ့သို့သော အဆောက်အအုံကြီးများကို ကိုယ်တိုင်သာတည်ဆောက်ရမည်ဖြစ်သည်။ သို့သော် လင်းရှန်၏ အဆင့် ၇ ရှိသော ယန္တရားထုတ်လုပ်မှုစွမ်းရည်ဖြင့် ဤစက်ပစ္စည်းများကို အလွန်လျင်မြန်စွာ တည်ဆောက်နိုင်သည်။ ယခုအခါ သူသည် G-3 လျှပ်စစ်သံလိုက်အမြောက်ကို မိနစ် ၄၀ ခန့်ဖြင့် ထုတ်လုပ်နိုင်နေပြီဖြစ်ရာ ထုတ်လုပ်မှုအစီအစဉ် ၇ ခုကို တစ်ပြိုင်နက်လည်ပတ်ပါက မိနစ် ၄၀ အတွင်း လျှပ်စစ်သံလိုက်အမြောက် ၇ လက် ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ဤထိရောက်မှုမှာ အကြီးစားစွမ်းအင်လက်နက်စက်ရုံကြီးတစ်ခုနှင့် ရင်ပေါင်တန်းနိုင်ပေသည်။

[ကြယ်သင်္ဘော တည်ငြိမ်လျှပ်စစ်စက်ကွင်း - ဂျင်နရေတာထုတ်လုပ်မှု တိုးတက်မှု ၂၃%]

ထုတ်လုပ်နေစဉ်အတွင်း လင်းရှန်သည် သူ၏ ကြယ်နက်ပန်းပဲဖိုထဲမှ ကောင်းကင်နတ်ဘုရားအဆင့်ပုံကြမ်းကိုလည်း စောင့်ကြည့်နေခဲ့သည်။ ယခုအကြိမ်တွင် သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာသည် ယခင်ကဲ့သို့ အချိန်အကြာကြီးမယူခဲ့ပေ။ ကြယ်နက်ပန်းပဲဖို၏ စကြဝဠာလမ်းကြောင်းသည် စကြဝဠာ၏ တစ်နေရာရာမှ ပုံကြမ်းကို လက်ခံရရှိလိုက်သည့်သဏ္ဌာန်ရှိပြီး တည်ဆောက်မှုကို တိုက်ရိုက်စတင်ခွင့်ပြုလိုက်သည်။

ဤထူးဆန်းသောဖြစ်ရပ်ကြောင့် လင်းရှန်သည် ကြယ်နက်ပန်းပဲဖိုစွမ်းရည်၏ စစ်မှန်သော အနှစ်သာရကို အလွန်စိတ်ဝင်စားသွားမိသည်။

“အချိန်မရွေးတည်ဆောက်မှုကို စတင်လို့ရပေမယ့် ဒီအရာတွေကို ဘယ်လိုလုပ်ကိုင်တွယ်ရမလဲ”

လင်းရှန်သည် ယန္တရားနှလုံးသားမှ ပေါ်ထွက်လာသော အချက်အလက်များကို သတ်မှတ်ချက်ထက်ကျော်လွန်သော တွက်ချက်မှုစွမ်းရည်ဖြင့် ဆက်တိုက်ခွဲခြမ်းစိတ်ဖြာနေပြီး ၎င်းတို့ထဲတွင် အဓိကအချက် ၄ ချက် ပါဝင်နေသည်။

ပထမအချက်မှာ နက္ခတ္တဗေဒဆိုင်ရာ ကိန်းဂဏန်းပမာဏရှိသော ကုန်ကြမ်းပစ္စည်းများဖြစ်သည်။ ယင်းတို့အားလုံးသည် အဆင့် ၅ ရှိသော ကုန်ကြမ်းများဖြစ်ကြပြီး စတားဖလိ့၏ ကြယ်သင်္ဘော သို့မဟုတ် အင်ပါယာပရောဂျက်ယန္တရားဝတ်စုံများတွင်သာ တပ်ဆင်ထားသည့် စူပါသတ္တုများဖြစ်ကြသည်။ ထို့အပြင် ဤပစ္စည်းများကို ကုန်ကြမ်းစင်တာတစ်ခုက ကြိုတင်ပြင်ဆင်ပေးရန်လိုအပ်ပုံရပြီး လင်းရှန် တစ်ခါမှမကြားဖူးသော ဂြိုဟ်ပြင်ပပစ္စည်းများဖြစ်လာသည်။ ပို၍ ကြောက်စရာကောင်းသည်မှာ ဤပစ္စည်းသည် အနည်းဆုံး တန်ချိန် ၁ဘီလီယံခန့် လိုအပ်နေခြင်းပင်။

ထိတ်လန့်စရာကောင်းလှသော်လည်း အနည်းဆုံးတော့ လမ်းစတစ်ခုရှိသည်ဟု လင်းရှန် ခံစားရသည်။ သူ ဆက်တိုက်ဝါးမျိုနေသရွေ့ ကုန်ကြမ်းများကို စုဆောင်းနိုင်ပြီး ယန္တရားနှလုံးသားကို အဆင့်မြှင့်တင်နိုင်မည်ဖြစ်သည်။ ယန္တရားဝါးမျိုမှုအဆင့်မြင့်သွားပါက အရှိန်လည်းမြန်ဆန်လာမည်ဖြစ်ရာ ၎င်းသည် အချိန်နှင့် လုပ်ငန်းပမာဏပြဿနာသာဖြစ်ပြီး အနည်းဆုံးတော့ မျှော်လင့်ချက်အနည်းငယ်ရှိပေသည်။ သို့သော် ကျန်ရှိသော အချက် ၃ ချက်အတွက်မူ သူ လုံးဝ အစရှာမရဖြစ်နေသည်။

လင်းရှန်သည် ထိုအချက် ၃ ချက်ကို အောက်ပါအတိုင်း အကျဉ်းချုပ်လိုက်သည်။

၁။ ပြင်းထန်သောအပြန်အလှန်သက်ရောက်မှုစွမ်းအား ထိန်းချုပ်မှုစက်ကွင်းကို တည်ဆောက်ရန် ကြီးမားသော ကြယ်တာရာပတ်လမ်းတစ်ခုကို ချိတ်ဆက်ခြင်း။

၂။ ကြယ်မှုန်မီးဖိုကို တည်ဆောက်ရန် နီကယ်-သံ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုကို ဖမ်းယူခြင်း။

၃။ ကာစီမီယာလေဟာနယ်လှုပ်ရှားမှုအင်ဂျင်ကို တည်ဆောက်ပြီး ကြယ်မှုန်မီးဖိုကို မီးအစပျိုးရန် မီးပွားကျောက်တုံးတစ်ခုဖန်တီးကာ ပုံသေကြယ်စွမ်းအင်ကို အသုံးပြုခြင်း။

“ကြယ်တာရာတွေကို ချိတ်ဆက်မယ် ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေကို ဖမ်းယူမယ် ပုံသေကြယ်တွေကို သုံးမယ် ဟုတ်လား”

“သောက်ကျိုးနည်း... ငါ့ကို အထင်ကြီးလွန်းနေကြတာပဲ။ ငါ ကမ္ဘာမြေကနေတောင် မထွက်ခွာနိုင်သေးဘူးလေ…. ဒါတွေကို ဘယ်လိုလုပ်ကိုင်တွယ်နိုင်မှာလဲ”

လင်းရှန်သည် အလင်းမျက်နှာပြင်ကို ကြည့်ကာ အလွန်ခေါင်းခဲသွားပြီး လုံးဝအကြံအိုက်သွားခဲ့၏။ စင်စစ်အားဖြင့် အဆင့်မြင့်သန္ဓေပြောင်းသတ္တဝါများ သို့မဟုတ် ဖုတ်ကောင်သိုးထိန်းများကို ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းခြင်း သို့မဟုတ် အဆင့်မြင့်သွေးပဲစေ့အချို့ကို ရှာဖွေပြီး ဖီးနစ်နှင့် စီမံကိန်းချခြင်းမျိုးကသာ ဖြစ်နိုင်ခြေရှိပေသည်။ ဤအရာများမှာမူ လက်ရှိလူသားယဉ်ကျေးမှုက နားလည်သဘောပေါက်နိုင်သည့်အရာများပင် မဟုတ်ချေ။ သူသည် ဂြိုဟ်သိမ်ဂြိုဟ်မွှားများကို မည်သို့ရှာဖွေရမည်နည်း။

“ထားလိုက်ပါတော့… တဆင့်ချင်းပဲ သွားရမှာပေါ့။ ပထမဆုံးကုန်ကြမ်းတွေကို အရင်ရင်းနှီးမြှုပ်နှံပြီး ပထမခြေလှမ်းကို အရင်ပြီးအောင် လုပ်ရမယ်”

လင်းရှန်သည် သက်ပြင်းအရှည်ကြီးတစ်ခုကို ချလိုက်ပြီး ဤအရာများသည် အလွယ်တကူရနိုင်မည်မဟုတ်ကြောင်း တွေးလိုက်သည်။ သူ ဖီးနစ်အဖွဲ့နှင့် ဆက်သွယ်မိပါက ယဲ့လန်ကို မေးမြန်းကြည့်နိုင်ပေလိမ့်မည်။

[ဒင်.. Steel Bone-X နဲ့ Reaper-X ပေါင်းစပ်ပုံကြမ်းဒီဇိုင်းကို အပြီးသတ်ပြီးပါပြီ။ ပေါင်းညှိခြင်းကို ဆက်လက်လုပ်ဆောင်ရန် အတည်ပြုပေးမလား]

ဤအချိန်တွင် ဗိုင်အိုလာ၏အသံပေါ်ထွက်လာပြီး လင်းရှန်၏ အာရုံကို ချက်ချင်းဖမ်းစားလိုက်သည်။

“စနစ်ကနေ ပုံတူစမ်းသပ်ပြီးပြီလား”

[ဟုတ်ကဲ့.. ကျွန်မ ပုံကြမ်းနဲ့အတူ တိုက်ပွဲပုံတူစမ်းသပ်မှု ၃၂၅၁၈ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ လိုက်လျောညီထွေဖြစ်မှုနှုန်းက ၉၉.၅၇၈ ရာခိုင်နှုန်းရှိပြီး ကျရှုံးမှုနှုန်းက ၀.၀၁၅၈ ရာခိုင်နှုန်း ရှိပါတယ်။ ဘက်စုံတိုက်ခိုက်ရေးစွမ်းရည်မှာ Steel Bone-X (Iron Man) က မူလပုံစံထက် ၇၅.၂ ရာခိုင်နှုန်း ပိုမိုမြင့်မားပြီး Reaper-X(Dragon Girl) က ကချေသည် အမှတ် ၀၁ ထက် ၂၁၇ ရာခိုင်နှုန်း ပိုမိုမြင့်မားပါတယ်။ အားနည်းချက်ကတော့ ၎င်းဟာ ကြယ်တာရာအဆင့် စွမ်းအားဝတ်စုံ [မိုက်ခရိုစတား] စွမ်းအင်မော်ဂျူးနဲ့ T3 အဆင့် ဉာဏ်ရည်တုလုပ်ဆောင်ရေးစက်ပစ္စည်းတွေ လိုအပ်တာကြောင့် ကုန်ကျစရိတ်အလွန်မြင့်မားပါတယ်။ စုစုပေါင်းကုန်ကျစရိတ်ဟာ ရှင်တပ်ဆင်ထားတဲ့ တစ်ကိုယ်ရေသုံး ကြယ်တာရာအဆင့် နာနိုစွမ်းအားဝတ်စုံရဲ့ ၈၅ ရာခိုင်နှုန်းနီးပါးရှိပါတယ်။ ရှင်က ဒီလိုကုန်ကျစရိတ်မြင့်မားတဲ့ ပုံကြမ်းကို ရှင့်ရဲ့ ယန္တရားစစ်တပ် တိုက်ခိုက်ရေးယူနစ်တွေအတွက် အသုံးပြုဖို့ သေချာပါသလား]

“သေချာတာပေါ့”

လင်းရှန်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“သန္ဓေပြောင်းမွန်းစတားတွေရဲ့ ဆင့်ကဲပြောင်းလဲမှုက မြန်ဆန်လွန်းတယ်။ ပြီးတော့ သူတို့ရဲ့ ဇီဝစွမ်းအင်ဒိုင်းတွေကြောင့် သာမန်စစ်ဘက်သုံး လက်နက်တွေနဲ့ ထိုးဖောက်ဖို့ မဖြစ်နိုင်ဘူး။ မူလဒရုန်းအုပ်က သန္ဓေပြောင်းမွန်းစတားတွေကို ကိုင်တွယ်ဖို့ ဒီဇိုင်းဆွဲထားတာမဟုတ်ဘူး။ အခုအချိန်မှာ အဲဒါက ခေတ်နောက်ကျနေပြီ။ ဒီလိုအခြေအနေမျိုးမှာ အရေအတွက်အပေါ်မှာပဲအားကိုးနေလို့ ဘာမှမထူးဘူး။ အစီးရေ တစ်ထောင်ဖြစ် တစ်သောင်းဖြစ်ဖြစ် အလဟဿဖြစ်ရုံပဲရှိမယ်။ စက်ပစ္စည်းအသစ်တွေကသာ ကူညီနိုင်လိမ့်မယ်။ ငါ့အတွက်တော့ ကုန်ကျစရိတ်က အရေးမကြီးပါဘူး။ ထုတ်လုပ်မှုအချိန်ပိုပေးရမှာပဲ ရှိတယ်”

စက်ရုပ်စစ်သည်တစ်ခုချင်းစီ၏ ကုန်ကျစရိတ်မှာ လင်းရှန်၏ လက်ထဲတွင်ရှိသော အဆင့်မြင့်ဆုံးစွမ်းအားဝတ်စုံနှင့် တူညီလုနီးပါးဖြစ်နေသော်လည်း သူ ဘာဖိအားမှ မခံစားရပေ။ သူသည် ကီဟွာအကြီးစားစက်မှုထုတ်လုပ်မှုလိုင်းများနှင့် ကုန်ကြမ်းပြင်ဆင်မှုများအတွက် စိုးရိမ်စရာမလိုဘဲ အကြီးအကျယ်ရင်းနှီးမြှုပ်နှံနိုင်သည်။ အရေးကြီးဆုံးအချက်မှာ သူ၏ ယန္တရားအရှင်သခင်စွမ်းအားကို ထုတ်ဖော်ရန်အတွက် အင်ပါယာပရောဂျက်မှ ဧရာမစက်ရုပ်ကြီးများအပြင် သူ၏ ယန္တရားစစ်တပ်တွင် ထိရောက်မှုရှိသော အထူးရွေးချယ်ထားသည့် တိုက်ခိုက်ရေးစွမ်းရည်များလည်း ရှိနေရမည်ဖြစ်ပေသည်။

ယခင်က ရေငုပ်သင်္ဘောအခြေစိုက်စခန်းအတွင်း၌ ထိုမြွေကဲ့သို့အရာကြီးနှင့် တိုက်ခိုက်ခဲ့စဉ်က သူ၏ ထောင်ပေါင်းများစွာသော ဒရုန်းများသည် ရုန်းကန်ခဲ့ရသည်။ သူ၏ ဆွဲငင်အားမှန်ဘီလူးနှင့် ကီကီ၏ စွမ်းအားမပါဝင်ပါက ဒရုန်းများသည် ထိုမွန်းစတားကြီး၏ ကာကွယ်ရေးကိုပင် ဖောက်ထွင်းနိုင်ခြင်းမရှိခဲ့ချေ။ ထိုသို့သောအခြေအနေမျိုးတွင် အရေအတွက်သောင်းနှင့်ချီရှိနေပါစေဦးတော့ အကုန်အကျခံရမည့်အရာများသာဖြစ်လာမည်ဖြစ်ရာ လင်းရှန်၏ ဆုံးဖြတ်ချက်မှာ အလွန်ပြတ်သားလှသည်။

“တည်ဆောက်မယ်ဆိုရင် အကောင်းဆုံးကိုပဲ တည်ဆောက်မယ်”

ထို့ကြောင့် လင်းရှန်သည် အချိန်ဆိုင်းမနေတော့ဘဲ Iron Man နှင့် Dragon Girl ပုံကြမ်းများကို ကြယ်နက်ပန်းပဲဖို၏ ထုတ်လုပ်မှုအစီအစဉ်ထဲသို့ တိုက်ရိုက်ထည့်သွင်းကာ တည်ဆောက်မှုကို စတင်လိုက်သည်။ ထုတ်လုပ်မှုအစီအစဉ် ၆ ခုကို အသုံးပြု၍ စမ်းသပ်မှုအဖြစ် တစ်မျိုးလျှင် ၃ ရုပ်စီ အရင်ထုတ်လုပ်လိုက်သည်။

ဝူး.. ထုတ်လုပ်မှုအစီအစဉ်များ စတင်လည်ပတ်သွားပြီဖြစ်သည်။

[Iron Man—Steel Bone- X01 ဉာဏ်ရည်တုတိုက်ခိုက်ရေးစက်ရုပ် တည်ဆောက်နေဆဲ 05:02:59]

[Dragon Girl—Reaper-X01 ဉာဏ်ရည်တုတိုက်ခိုက်ရေးစက်ရုပ် တည်ဆောက်နေဆဲ 05:07:59]

“တစ်ခုကို ၅ နာရီနီးပါးဆိုတော့ မဆိုးပါဘူး။ အစီအစဉ် ၇ ခုစလုံး အပြည့်အဝလည်ပတ်ရင် တစ်ရက်ကို ၃၀ လောက် ထွက်နိုင်တယ်၊၊ ဒါပေမဲ့ ကုန်ကြမ်းစားသုံးမှုကတော့ တော်တော်များတယ်...”

All Chapters