အခန်း ၃၆၂
Vol. 37 Ch. 362
အခန်း (၃၆၂) ထောက်ပံ့ရေးတပ်များကို တိုက်ခိုက်ခြင်း
ကြွက်လေးသည် ဝမ့်ရှန်းတောင်တန်းရှိ တောင်ကုန်းတစ်ခုပေါ်တွင် ရှိနေ၏။
အောက်ဘက်တွင် ကောင်းဖန်စစ်တပ်မှ စစ်သည်တစ်သောင်းပါဝင်သော ထောက်ပံ့ရေးတပ်ဖွဲ့သည် ကွေ့ကောက်နေသော တောင်ကမ်းပါးလမ်းတစ်လျှောက် တိရစ္ဆာန်လှည်း ငါးထောင်ကို စောင့်ရှောက်ကာ လာနေကြသည်။
ဤလှည်းဆွဲသော သားရဲများသည် ထုံထျန်းကုန်းပြင်မြင့်၏ ဒေသထွက်များဖြစ်ပြီး သံမဏိခွာစာမရီဟု လူသိများကြ၏။
သံမဏိခွာ စာမရီများအားလုံးသည် အရပ်သုံးမီတာခန့် မြင့်မားကာ တောင့်တင်းသော ကြွက်သားများ ရှိကြပြီး ခွန်အားကြီးမားကာ အလွန်အမင်း ခံနိုင်ရည်ရှိကြသည်။
ကောင်းဖန်တိုင်းပြည်သည် စစ်တပ်တိုင်း သယ်ယူပို့ဆောင်ရေးအတွက် လုံလောက်သော သံမဏိခွာ စာမရီများ ရရှိစေရန် ရည်ရွယ်၍ အကောင်ရေ တစ်သိန်းကျော်ကို အထူးမွေးမြူထားခဲ့၏။
တိရစ္ဆာန်ဆွဲလှည်း တစ်စီးစီပေါ်တွင် ထောက်ပံ့ရေးစစ်သည် နှစ်ယောက်စီ ထိုင်နေကြသည်။
သံမဏိခွာ စာမရီများ၏ အမြန်နှုန်းအရ တစ်နာရီလျှင် မိုင်ငါးဆယ်ခရီးကို အေးဆေးစွာ ဖြတ်သန်းနိုင်ပေသည်။
ပို့ဆောင်ရေးလှည်းများသည် အများအားဖြင့် စစ်သုံးပစ္စည်းများ၊ ကျောက်ခဲပစ်စက် အစိတ်အပိုင်းများ၊ အတားအဆီးများ၊ သံကြိုးများနှင့် အခြားသော ထောက်ပံ့ရေးပစ္စည်းများကို သယ်ဆောင်လာကြ၏။
ယုံမှားသံသယဖြစ်ဖွယ်မရှိ ဤသည်မှာ ထောက်ပံ့ရေးတပ်ဖွဲ့ပင်ဖြစ်သည်။
ကျောက်လင်သည် ကံကြမ္မာနတ်ဘုရားအဆင့်စာရင်း မှတစ်ဆင့် ကြွက်လေး၏ မြင်ကွင်းကို မျှဝေခံစားလိုက်ရသဖြင့် ဤထောက်ပံ့ရေးတပ်ဖွဲ့၏ အခြေအနေကို သိရှိသွားလေ၏။
"ဖုန်းလန်မြို့မှာ ကုန်သည်တွေ အများကြီး စုဝေးနေကြပြီး စစ်မြေပြင်ကနေ လုယက်လာတဲ့ ပစ္စည်းတွေကို မြို့ဆီ ပြန်သယ်လာမယ့်အချိန်ကို စောင့်နေကြတာပဲ..."
"ဒီထောက်ပံ့ရေးတပ်ဖွဲ့ရဲ့ အဖိုးတန်ဆုံးအရာက သံမဏိခွာစာမရီ ငါးထောင်ပဲ... အဲ့ဒီနောက်မှာတော့ သူတို့ သယ်လာတဲ့ ပစ္စည်းတွေပေါ့..."
"ငါ့မှာ ဟင်းလင်းပြင်ပုတီးစေ့ရှိတယ်လေ... ဒီသံမဏိခွာ စာမရီတွေကို မွေးမြူရေးခြံထဲ ပြန်ယူသွားပြီး မွေးထားလို့ရတာပဲ..."
ထိုအချိန်၌ ကျောက်လင်သည် နယ်ခြားစောင့်တပ် စစ်သည်တစ်ရာကို ဦးဆောင်ကာ ဝမ့်ရှန်းတောင်တန်းဆီသို့ ရောက်ရှိနေပြီဖြစ်သည်။ ထောက်ပံ့ရေးတပ်ဖွဲ့၏ အခြေအနေကို မြင်တွေ့လိုက်ရသောအခါ သူက စတင်၍ စဉ်းစားခန်း ဝင်နေလေ၏။
ရှန့်ယွင်ချွမ်းက ကျောက်လင်၏ အနားသို့ မြင်းစီးကာ ရောက်လာသည်။
"ကျောက်လင်... ငါတို့တွေ တောင်တွေ တောတွေထဲကနေ ဖြတ်လာကြတာနော်... မင်း လမ်းပျောက်မှာ မကြောက်ဘူးလား..."
"ငါတို့က ကောင်းဖန်စစ်တပ်ရဲ့ ထောက်ပံ့ရေးတပ်ဖွဲ့ကို တကယ်ကြီး ရှာတွေ့နိုင်မှာတဲ့လား..."
ရှန့်ယွင်ချွမ်းက အလွန်အမင်း စိုးရိမ်တကြီးဖြင့် မေးလိုက်၏။
မည်သို့ပင်ဆိုစေ လူတိုင်းသည် အနောက်လန်ကျိုးသို့ ယခုမှ ရောက်ရှိလာကြခြင်းဖြစ်ပြီး မြေပြင်အနေအထားနှင့် လုံးဝ ရင်းနှီးကျွမ်းဝင်မှု မရှိကြပေ။ ကျောက်လင်သည် နယ်ခြားစောင့်တပ် တစ်ခုလုံးကို ဦးဆောင်ကာ တောင်တန်းများနှင့် သစ်တောများအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားခြင်းမှာ ရည်ရွယ်ချက်မရှိဘဲ ဟိုပြေးဒီလွှားလုပ်ကာ လောင်းကြေးထပ်နေသည်နှင့် တူနေ၏။
ရှန့်ယွင်ချွမ်း၏ စစ်ရေးကျွမ်းကျင်မှုဖြင့်ကြည့်လျှင် ဤသည်မှာ အလွန် ပုံမှန်မဟုတ်ကြောင်းကို သူက သဘာဝကျကျ ခံစားမိနေသည်။
"တပ်စုမှူး... ဒီကနေ ဟေးဟူတောင်ကို သွားတဲ့ လမ်းတစ်လျှောက်လုံးမှာ ကောင်းဖန်စစ်တပ်ရဲ့ တပ်ဦးစစ်သည် တစ်သောင်းက တပ်စွဲထားတယ်... ဒါကြောင့် ငါတို့တွေ ပင်မလမ်းမကြီးကနေ သွားလို့ မရဘူး..."
"ငါတို့တွေ ဟေးဟူတောင်ကို ကျော်ဖြတ်လိုက်တာနဲ့ ပင်မလမ်းမကြီးဆီကို ရောက်သွားပြီး အဲ့ဒီမှာ ထောက်ပံ့ရေးတပ်ဖွဲ့ကို ရှာတွေ့နိုင်လိမ့်မယ်..."
ကျောက်လင်က ပြုံးကာ ရှင်းပြလိုက်၏။
ဤသည်ကို ကြားလိုက်ရသောအခါ ရှန့်ယွင်ချွမ်းမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။
"ကျောက်လင်... မင်းက ဘယ်လိုလုပ်သိတာလဲ... ဟေးဟူတောင်မှာ အင်အားတစ်သောင်းရှိတဲ့ ကောင်းဖန်စစ်တပ် ရှိနေတယ်ဆိုတာကိုလေ..."
"မင်း မနေ့ညက ဒီကို လာပြီး ကင်းထောက်ထားတာလား..."
ရှန့်ယွင်ချွမ်းက အလေးအနက် မေးလိုက်၏။
ကျောက်လင်က ခေါင်းညိတ်ပြလိုက်သည်။
"ငါ နားလည်ပြီ..."
"ကျောက်လင်... မင်း ဒီအကြောင်းကို သေချာ စဉ်းစားထားပြီးသားပဲ... မင်းက စုံစမ်းပြီးသွားပြီဆိုတော့ ငါတို့ မင်းကို ယုံကြည်ပါတယ်..."
"ကောင်းပြီလေ..."
ရှန့်ယွင်ချွမ်းက ဝမ်းသာအားရဖြင့် ပြောလိုက်၏။
ထို့နောက် လူတိုင်းသည် မြင်းများကို စီးကာ တောင်တန်းများနှင့် သစ်တောများကို ဖြတ်သန်းသွားကြပြီး မကြာမီမှာပင် ဟေးဟူတောင်ကို ကွင်းရှောင်သွားနိုင်ခဲ့ကြသည်။
မွန်းတည့်ချိန်သို့ ရောက်ရှိလာ၏။
ဝမ့်ရှန်းတောင်တန်းတွင် ပုန်းခိုနေခဲ့ကြသော မင်းသမီး ယွီကျောက်၊ ကောင်းနျန်ရှုနှင့် အခြားသူများသည် နောက်ဆုံးတွင် ကောင်းဖန်စစ်တပ်၏ ထောက်ပံ့ရေးတပ်ဖွဲ့ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
"မင်းသမီး... ထောက်ပံ့ရေးတပ်ဖွဲ့တွေ ရောက်လာပါပြီ..."
ကောင်းနျန်ရှုသည် ထိုနေ့နံနက်က ရှေ့မှ ကြိုတင်၍ ကင်းထောက်ရန် သွားခဲ့ပြီး ထောက်ပံ့ရေးတပ်ဖွဲ့များ လာနေပြီဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့သည်။ ထို့နောက် သူက ပြန်လည် ပျံသန်းလာပြီး အခြေအနေကို မင်းသမီးယွီကျောက်အား အစီရင်ခံလိုက်ခြင်း ဖြစ်၏။
ယခုအခါတွင်မူ ထောက်ပံ့ရေးတပ်ဖွဲ့သည် တကယ်ပင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
"နျန်ရှု... ဒီထောက်ပံ့ရေးတပ်ဖွဲ့က လူတစ်သောင်းထဲမှာ ပုန်းကွယ်နေတဲ့ ရေခဲစစ်သည် ဘယ်နှစ်ယောက်ပါလာလဲ..."
မင်းသမီးယွီကျောက်က တည်ငြိမ်စွာပင် မေးလိုက်၏။
အကယ်၍သာ ဤသည်က သာမန်ထောက်ပံ့ရေးတပ်ဖွဲ့တစ်ခု ဖြစ်နေခဲ့လျှင် အင်အားတစ်သောင်းရှိသော နယ်ခြားစောင့်တပ်ကို ဦးဆောင်နေသည့် မင်းသမီး ယွီကျောက်အနေဖြင့် ထိုထောက်ပံ့ရေးတပ်ဖွဲ့ကို အမြစ်ဖြတ် ချေမှုန်းကာ ပစ္စည်းအားလုံးကို သိမ်းယူနိုင်မည်ဟု လုံးဝ ယုံကြည်ချက် ရှိနေသည်။
သို့သော်လည်း ကောင်းဖန်စစ်တပ်သည် ထောက်ပံ့ရေးတပ်ဖွဲ့များကို တစ်စုံတစ်ယောက်က လုယက်လိမ့်မည်ဟု မသိဘဲ မနေနိုင်လောက်ပေ။ ထို့ကြောင့် သူတို့သည် ထောက်ပံ့ရေးတပ်ဖွဲ့များအတွင်း၌ စစ်သည်များအသွင် ဖုံးကွယ်ထားသော ရေခဲစစ်သည်အချို့ကို မလွဲမသွေ ထည့်သွင်းထားပေလိမ့်မည်။
"ရေခဲစစ်သည်တစ်ရာ ရှိနေတာကို အာရုံခံမိတယ်..."
"ဒါပေမဲ့ မင်းသမီး... စိုးရိမ်စရာတော့ မလိုပါဘူး... သတ္တမအဆင့် ရေခဲစစ်သည် တစ်ယောက်နဲ့ ဆဋ္ဌမအဆင့် ရေခဲစစ်သည် ဆယ်ယောက်ပဲ ရှိတာပါ... ကျန်တဲ့သူတွေက ပဉ္စမအဆင့် ရေခဲစစ်သည်တွေချည်းပါပဲ..."
"အဲ့ဒီသတ္တမအဆင့် ရေခဲစစ်သည်ကို ကျွန်တော် ကိုင်တွယ်လိုက်ပါ့မယ်..."
ကောင်းနျန်ရှုက ချက်ချင်း ပြန်ဖြေလိုက်၏။
"မလိုဘူး... သတ္တမအဆင့် ရေခဲစစ်သည်ဆိုရင် ငါပဲ သူ့ကို သတ်လိုက်မယ်..."
မင်းသမီးယွီကျောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
မင်းသမီးယွီကျောက်သည် ဤမျှ ငယ်ရွယ်သော အသက်အရွယ်၌ပင် သတ္တမအဆင့် မြေကမ္ဘာနတ်ဆိုးနယ်ပယ်၏ ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
"ကောင်းပါပြီ... မင်းသမီး ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်..."
ကောင်းနျန်ရှုမှာ ငယ်ရွယ်စဉ်ကတည်းက တိုက်ခိုက်သတ်ဖြတ်ခြင်းကို နှစ်သက်လွန်းသော ဤမင်းသမီး၏ရှေ့တွင် အကူအညီမဲ့နေခဲ့ရပြီး သူ၏ စွမ်းရည်များကို ပြသခွင့်ပင် မရခဲ့ပေ။
တောင်ကမ်းပါးလမ်းပေါ်တွင် သံမဏိခွာ စာမရီများသည် ထောက်ပံ့ရေးပစ္စည်းများကို ဆွဲကာ ရှေ့သို့ ပြေးလွှားသွားနေကြသည်။
သံမဏိခွာစာမရီများ ဖြတ်သန်းသွားပြီးနောက် မင်းသမီးယွီကျောက်က သူမ၏ လက်ကို ဝှေ့ယမ်းကာ နယ်ခြားစောင့်တပ်ကို တိုက်ခိုက်ရန် အချက်ပြလိုက်၏။
"သတ်ကြ..."
နယ်ခြားစောင့်တပ်၏ တပ်စုများသည် ဂူထဲမှ ထွက်လာကြပြီးနောက် သူတို့ ကြိုတင်ပြင်ဆင်ထားခဲ့သော ကျောက်တုံးများကို အောက်သို့ ပစ်ချလိုက်ကြသည်။
"ရန်သူတွေ လာတိုက်နေပြီ..."
"ချုံခိုတိုက်ခိုက်ခံရပြီဟ..."
တောင်ပေါ်မှ လိမ့်ဆင်းလာသော ကျောက်တုံးများကို မြင်လိုက်ရသောအခါ ထောက်ပံ့ရေးစစ်သည်များအားလုံးက အော်ဟစ်လိုက်ကြ၏။
ကျောက်တုံးများက ကြီးမားလှသော အရှိန်အဟုန်ဖြင့် ကျဆင်းလာသည်။
ထိုရိုက်ခတ်မှုများက သံမဏိခွာ စာမရီများအပေါ်သို့ ကျရောက်သွားသောအခါ ဤခွန်အားကြီးမားသော သားရဲများကို ကြိတ်ချေကာ သေဆုံးသွားစေ၏။
စစ်သည်များ၏ အပေါ်သို့ ကျရောက်သွားသောအခါတွင်လည်း သူတို့၏ ခန္ဓာကိုယ်များကို သွေးသံရဲရဲဖြစ်အောင် ရိုက်ချိုးပစ်လိုက်လေသည်။
ရုတ်တရက်ဆိုသလိုပင် ထောက်ပံ့ရေးတပ်ဖွဲ့ တစ်ခုလုံးမှာ နှစ်ပိုင်း ကွဲသွားခဲ့၏။
"ငါတို့ ကောင်းဖန်စစ်တပ်ကို ဘယ်သူကများ လာတိုက်ရဲတာလဲ..."
ပထမအကြိမ် ကျောက်တုံးများ လိမ့်ဆင်းလာပြီးနောက် ထောက်ပံ့ရေးတပ်ဖွဲ့များထဲတွင် ပုန်းကွယ်နေခဲ့ကြသော ရေခဲစစ်သည်များသည် လေထဲသို့ ပျံတက်လာကြပြီး အင်အားတစ်သောင်းရှိသော နယ်ခြားစောင့်တပ်ကို ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်ကြသည်။
"စစ်သည်တို့... ကောင်းဖန်တိုင်းပြည်က ရေခဲစစ်သည်တွေကို သွားတွေ့ကြရအောင်..."
လေထဲရှိ ရေခဲစစ်သည်တစ်ရာကို မြင်လိုက်ရသောအခါ မင်းသမီး ယွီကျောက်သည် စိတ်လှုပ်ရှားနေသော အမူအရာကို ပြသလိုက်၏။
ဤဒုတိယမျိုးဆက် စစ်သူကြီးများသည် မဟာလီမင်းဆက်ကို မဟာချင်စစ်တပ်က ဖြုတ်ချခဲ့စဉ်အတွင်း သူတို့၏ ဖခင်များနှင့်အတူ စစ်တပ်ထဲတွင် ယှဉ်တွဲတိုက်ခိုက်ခဲ့ကြပြီး စစ်မြေပြင်၌ သွေးချွေးများ ပေးဆပ်ခဲ့ကြသူများဖြစ်သည်။
သို့သော်လည်း မဟာချင်မင်းဆက်ကို တည်ထောင်ပြီးနောက်ပိုင်းတွင် ဤဒုတိယမျိုးဆက် စစ်သူကြီးများသည် သူတို့၏ အဆင့်အတန်းကြောင့် လွတ်လွတ်လပ်လပ် မတိုက်ခိုက်နိုင်တော့ပေ။
ယခု ကောင်းဖန်စစ်တပ်၏ ကျူးကျော်မှုက နောက်ဆုံးတွင် ဤဒုတိယမျိုးဆက် စစ်သူကြီးများအား လူအစုလိုက်အပြုံလိုက်ကို ဗြောင်ကျကျ ရဲရဲတင်းတင်း သတ်ဖြတ်နိုင်မည့် အခွင့်အရေးကို ပေးစွမ်းလိုက်ခြင်းပင် ဖြစ်၏။
"သတ်ကြ..."
ကောင်းနျန်ရှု၊ ရှီတာ့ဖုန်းနှင့် အခြားသော ဒုတိယမျိုးဆက် စစ်သူကြီး ငါးဆယ်ကျော်တို့သည် လေထဲသို့ ခုန်တက်သွားကြပြီး ရေခဲစစ်သည်တစ်ရာဆီသို့ ပြေးဝင်သွားကြသည်။
ဤဒုတိယမျိုးဆက် စစ်သူကြီးများသည် ရေခဲစစ်သည်များထက် အရေအတွက် နည်းပါးနေသော်လည်း သူတို့အားလုံးက အလွန် စွမ်းအားကြီးမားကြပြီး တစ်ယောက်ချင်းစီတိုင်းတွင် အသက်ရှင်သန်ရန်အတွက် သူတို့၏ ဖခင်များထံမှ လက်ဆင့်ကမ်းပေးထားသော လျှို့ဝှက်စွမ်းရည်များ ကိုယ်စီရှိနေကြ၏။
နှစ်ဖက်စလုံးသည် လေထဲ၌ ကျင့်ကြံသူများ၏ ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲလိုက်ကြလေသည်။
ကြွက်လေးသည် ထောက်ပံ့ရေးတပ်ဖွဲ့၏ နောက်မှ လိုက်ပါလာခဲ့စဉ် လေထဲရှိ ကျင့်ကြံသူများ၏ တိုက်ပွဲကို မြင်တွေ့လိုက်ရပြီး နယ်ခြားစောင့်တပ်များ တောင်ပေါ်မှ ဆင်းလာကာ ထောက်ပံ့ရေးစစ်သည်များနှင့် ရောထွေးတိုက်ခိုက်နေကြသည်ကို မြင်လိုက်ရသည်။
ကြွက်လေး၏ မြင်ကွင်းကို မျှဝေခံစားနေခဲ့သော ကျောက်လင်သည် ဤနေရာရှိ တိုက်ပွဲအခြေအနေကို သဘာဝကျကျပင် ချက်ချင်း သိရှိသွားခဲ့၏။
"တပ်စုမှူး... မြန်မြန်လုပ်...ကောင်းဖန်စစ်တပ်ရဲ့ ထောက်ပံ့ရေးတပ်ဖွဲ့ကို ကိုင်တွယ်ဖို့ ငါနဲ့အတူ လိုက်ခဲ့..."
ကျောက်လင်က စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။
မင်းသမီးယွီကျောက်၊ ကောင်းနျန်ရှုနှင့် အခြားသော ဒုတိယမျိုးဆက် စစ်သူကြီးများသည် ရေခဲစစ်သည်တစ်ရာကို တားဆီးထားပြီး နယ်ခြားစောင့်တပ်က ထောက်ပံ့ရေးစစ်သည်များနှင့် ရောထွေးတိုက်ခိုက်နေချိန်တွင် ကျောက်လင်သည် ဤမျှကောင်းမွန်သော အခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။
"ကျောက်လင်... ထောက်ပံ့ရေးတပ်ဖွဲ့ကို မင်း တွေ့လိုက်ပြီလား..."
ရှန့်ယွင်ချွမ်းက ချက်ချင်း မေးလိုက်၏။
"ဟုတ်တယ်... ငါ့သူငယ်ချင်းက ကောင်းဖန်တိုင်းပြည်ရဲ့ ထောက်ပံ့ရေးတပ်ဖွဲ့တွေ ရှေ့မှာရှိတယ်ဆိုပြီး သတင်းပို့လာတယ်..."
ကျောက်လင်က ပြန်ဖြေလိုက်ပြီးနောက် လေထဲသို့ တက်သွားလေ၏။
"ငါ အရင်သွားနှင့်မယ်..."
"တပ်စုမှူး... သူတို့ကိုခေါ်ပြီး မြန်မြန် လိုက်ခဲ့တော့..."
ထို့နောက် ကျောက်လင်က ထပ်မံ အော်ပြောလိုက်ပြီး သူ၏ ခန္ဓာကိုယ်သည် လေထဲတွင် အနက်ရောင် အစက်ကလေးတစ်ခုအဖြစ် ပြောင်းလဲသွား၏။
ရှန့်ယွင်ချွမ်းနှင့် အခြားသူများ၏ရှေ့တွင် ကျောက်လင် အသုံးမပြုလိုသော နည်းလမ်းအချို့ ရှိနေသည်။
ထို့ကြောင့် ကျောက်လင်သည် ထိုထောက်ပံ့ရေးစစ်သည်များကို သူကိုယ်တိုင် သွားရောက် သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်လေ၏။