← Chapters

အခန်း ၃၆၆

Vol. 37 Ch. 366

အခန်း ၃၆၆

Vol. 37 Ch. 366

အခန်း (၃၆၆) ထွက်ပြေးခြင်းနှင့် အဋ္ဌမအဆင့် ရေခဲစစ်သည်အား သတ်ဖြတ်ခြင်း

ကျောက်လင်က ရှန့်ယွင်ချွမ်းနှင့် အခြားသူများ ထွက်ပြေးသွားသည်ကို ကြည့်နေလိုက်၏။

"ဒီသံမဏိခွာစာမရီတွေက တော်တော်လေး ယဉ်ပါးတာပဲ... တိုက်ပွဲပြင်းထန်နေတာတောင် သူတို့က ထိတ်လန့်ပြီး ထွက်မပြေးကြဘူး..."

"ဒီသယ်ယူပို့ဆောင်ရေးယာဉ်တွေပေါ်မှာ ဘာတွေပါလဲဆိုတာ ငါ စစ်ဆေးကြည့်ရဦးမယ်..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်၏။

ချက်ချင်းပင် ကျောက်လင်က ခုန်တက်သွားကာ ပထမဆုံး သယ်ယူပို့ဆောင်ရေးယာဉ်ဆီသို့ ရောက်ရှိသွားသည်။ သူ၏ စိတ်စွမ်းအား အာရုံခံနိုင်စွမ်းဖြင့် ကျောက်လင်သည် မိုးကာစကို ဖွင့်ကြည့်စရာပင်မလိုဘဲ ယာဉ်အတွင်း၌ မည်သည့် ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားကြောင်းကို သိရှိနေ၏။

"ဒါတွေက သစ်သားတုံးတွေပဲ... ကျောက်တုံးပစ်စက်တွေ တပ်ဆင်ဖို့ သုံးတာ ဖြစ်နိုင်တယ်..."

ကျောက်လင်က အနည်းငယ် ပြုံးလိုက်၏။

ကျောက်လင်က သံမဏိခွာ စာမရီများကို ချည်နှောင်ထားသော ကြိုးများကို ဖြတ်တောက်လိုက်ပြီးနောက် ၎င်းတို့ကို ဟင်းလင်းပြင်ပုတီးစေ့ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်သည်။ ထို့နောက် လက်ဝါးဖြင့် တစ်ချက် ရိုက်ချလိုက်ရာ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး သယ်ယူပို့ဆောင်ရေးယာဉ်အား မီးလောင်ကျွမ်းသွားစေ၏။

မည်သို့ပင်ဆိုစေကာမူ ကျောက်လင်သည် မီးလမ်းစဉ် တာအို၏ နက်နဲသော စွမ်းအားအားလုံးကို နားလည်သဘောပေါက်ထားပြီးဖြစ်ရာ သူ၏ ဝိညာဉ်စွမ်းအင်ကို မီးဓာတ်အဖြစ်သို့ ချက်ချင်း ပြောင်းလဲပစ်နိုင်ပေသည်။ ဤတစ်ကြိမ်တွင် ကျောက်လင်က သယ်ယူပို့ဆောင်ရေးယာဉ်များကို သိမ်းဆည်းခြင်း မပြုခဲ့ပေ။ ကောင်းဖန်နိုင်ငံမှ ရေခဲစစ်သည်များ ရောက်ရှိလာသောအခါ တစ်စုံတစ်ရာ ပုံမှန်မဟုတ်သည်ကို ရိပ်မိသွားမည်စိုးသဖြင့် ယာဉ်များကို ရိုးရှင်းစွာပင် မီးရှို့ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။

ကျောက်လင်က သံမဏိခွာ စာမရီများကို ယူဆောင်သွားခဲ့သော်လည်း အခြားသူများအမြင်တွင်မူ သံမဏိခွာ စာမရီများအားလုံး ထွက်ပြေးလွတ်မြောက်သွားသည်ဟု ထင်မြင်သွားစေမည် ဖြစ်၏။

မီးလောင်ကျွမ်းနေသော သယ်ယူပို့ဆောင်ရေးယာဉ်များကြောင့် ကောင်းဖန်နိုင်ငံမှ ရေခဲစစ်သည်များအနေဖြင့် မဟာချင်စစ်တပ်သည် ထောက်ပံ့ရေးစစ်သည်များကိုသာ သတ်ဖြတ်သွားပြီး ထောက်ပံ့ရေးပစ္စည်းများကို ယူဆောင်သွားခြင်းမရှိဘဲ မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ယုံကြည်သွားစေမည်ဖြစ်သည်။

ထို့နောက်တွင်လည်း ကျောက်လင်က ရပ်တန့်မနေဘဲ တစ်လျှောက်လုံး ပျံသန်းသွားကာ လမ်းတစ်လျှောက်ရှိ သံမဏိခွာ စာမရီများကို သိမ်းဆည်းခဲ့သည်။

သယ်ယူပို့ဆောင်ရေးယာဉ် ငါးစီးပေါ်တွင် အံ့မခန်းဖွယ်ကောင်းသော ငွေပြား တစ်သန်းတိတိပါရှိနေပြီး စစ်တပ်လစာများ ဖြစ်ဟန်တူပေသည်။ ကျောက်လင်က ၎င်းတို့ကို ချက်ချင်းပင် သိမ်းယူလိုက်ပြီး စနစ်အမှတ်များအဖြစ်သို့

ပြောင်းလဲပစ်လိုက်၏။

စနစ်အမှတ် - ၁၁၀၁၀၀၀၀၀၀

ထို့အပြင် စံသတ်မှတ်ချက်မီ လေးမြား တင်ဆောင်ထားသော သယ်ယူပို့ဆောင်ရေးယာဉ် အစီးတစ်ရာလည်း ရှိနေသေးရာ စုစုပေါင်း (၅,၀၀၀) တိတိကို ကျောက်လင်က စနစ်နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်သည်။

ကံမကောင်းစွာဖြင့် မည်သည့် သယ်ယူပို့ဆောင်ရေးယာဉ်ပေါ်တွင်မှ ရိက္ခာများ ပါရှိမလာခဲ့ပေ။

"ကောင်းဖန်စစ်တပ်မှာ ရိက္ခာတွေ သယ်ယူဖို့အတွက် သီးသန့်လမ်းကြောင်း ရှိနေပုံရတယ်..."

ကျောက်လင်က ခေတ္တမျှ စဉ်းစားပြီးနောက် ကောက်ချက်ချလိုက်၏။

တောင်ပေါ်လမ်းတစ်လျှောက်လုံးတွင် သယ်ယူပို့ဆောင်ရေးယာဉ် အစီးရေ လေးထောင်နီးပါးခန့် မီးလောင်ကျွမ်းနေပြီး တောင်တန်းများတစ်လျှောက် မီးခိုးလုံးကြီးများ ထောင်းထောင်းထနေသည်။ ထိုအခိုက်တွင် လျှပ်စီးတန်းတစ်ခုအလား ကောင်းကင်ယံ၌ လူရိပ်တစ်ခု ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူရိပ်က တောင်တန်းများအထက် ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့သည်။

တကယ်တော့ ထိုသူက အဋ္ဌမအဆင့် ရေခဲစစ်သည်တစ်ဦး ဖြစ်နေပေသည်။ ဤရေခဲစစ်သည်က သတင်းရရချင်း ချက်ချင်း ရောက်ရှိလာခြင်း ဖြစ်ရပေမည်။

"ကောင်လေး... ထောက်ပံ့ရေးတပ်ဖွဲ့ကို ဝင်ရောက်စီးနင်းတဲ့သူက မင်းလား..."

အဋ္ဌမအဆင့် ရေခဲစစ်သည်က ရေခဲတမျှ အေးစက်သော မျက်လုံးများဖြင့် ကျောက်လင်အား ကြည့်လိုက်၏။

"ငါပဲ..."

ကျောက်လင်က ပြုံး၍ ပြန်ဖြေလိုက်သည်။

"ဘာလို့ တစ်ယောက်တည်း ရှိနေတာလဲ..."

"ကျန်တဲ့သူတွေရော ဘယ်မှာလဲ..."

အဋ္ဌမအဆင့် ရေခဲစစ်သည်က ကျောက်လင်အား သတ်ဖြတ်လိုသော အကြည့်များဖြင့် စူးစိုက်ကြည့်လိုက်၏။

"သူတို့အားလုံး ဖုန်းလန်မြို့ကို ပြန်သွားကြပြီ..."

"ငါက ဒီမှာ မင်းကို စောင့်နေခဲ့တာ..."

ကျောက်လင်က ရယ်မောလိုက်သည်။

"ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်..."

"မင်းက အရမ်းသတ္တိရှိတာပဲ..."

"မင်းက သတ္တမအဆင့်တောင် မရှိသေးဘဲနဲ့ ငါ့ကို ရပ်စောင့်ရဲတဲ့ သတ္တိရှိတယ်ပေါ့လေ..."

အဋ္ဌမအဆင့် ရေခဲစစ်သည်က အေးစက်စွာ ပြောလိုက်၏။ ထိုသူက ကျောက်လင်ထံတွင် တာအိုစွမ်းအား ကင်းမဲ့နေသည်ကို အာရုံခံမိသောကြောင့် ကျောက်လင်သည် သတ္တမအဆင့် မြေကမ္ဘာနတ်ဆိုးနယ်ပယ်သို့ မရောက်ရှိသေးဟု ကောက်ချက်ချလိုက်ခြင်း ဖြစ်သည်။

ထိုသို့ပြောပြီးနောက် အဋ္ဌမအဆင့် ရေခဲစစ်သည်က ချက်ချင်းပင် အောက်သို့ ခုန်ဆင်းလာကာ ကျောက်လင်၏ ခန္ဓာကိုယ်အား ဖမ်းချုပ်ရန် ညာဘက်လက်ဝါးဖြင့် ရိုက်ချလိုက်၏။ ကြီးမားကျယ်ပြန့်ကာ အေးစက်သော စွမ်းအားတစ်ခုက မီတာတစ်ရာ ပတ်လည်အတွင်းရှိ နေရာလွတ်ကို ဖုံးလွှမ်းသွားပြီး ထိုနေရာတစ်ခုလုံးကို အကျဉ်းချထားရန် ကြိုးပမ်းလိုက်သည်။

ဤသည်က အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦး၏ တာအိုနယ်ပယ်ပင်ဖြစ်၏။

"မင်း ငါ့ကို ဖိနှိပ်ထားလို့မရပါဘူး..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။ ရုတ်တရက် ကျောက်လင်၏ ခန္ဓာကိုယ်က လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး မီတာတစ်ရာ ကျယ်ဝန်းသော ရေခဲနယ်ပယ်အတွင်းမှ လွတ်မြောက်သွား၏။

တစ်ချိန်တည်းမှာပင် ကျောတွင် အသံထက်မြန်သော ကျောပိုးအိတ်ကို လွယ်ထားပြီးဖြစ်သည့် ကျောက်လင်သည် မျက်စိတစ်မှိတ်အတွင်း အဖြူရောင်မီးခိုးငွေ့တစ်စအဖြစ်သို့ ပြောင်းလဲသွားကာ တောင်ပေါ်မှ ကျော်ဖြတ်လျက် မီတာတစ်ထောင်အကွာသို့ ချက်ချင်း ရောက်ရှိသွားပေသည်။

"ဟမ့်... ငါ ဒီမှာရှိနေတာတောင် မင်းက ထွက်ပြေးလို့ လွတ်မယ် ထင်နေတာလား..."

အဋ္ဌမအဆင့် ရေခဲစစ်သည်မှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် သူ၏ ခန္ဓာကိုယ်က လျှပ်တစ်ပြက် လှုပ်ရှားသွားကာ အလျင်အမြန် လိုက်လံ ဖမ်းဆီးတော့၏။

ကျောက်လင်က လှောင်ပြုံးပြုံးလိုက်ပြီး လေထဲတွင် အသံထက်မြန်သော အရှိန်ဖြင့် ဆက်လက် ပျံသန်းသွားသည်။ အဋ္ဌမအဆင့် ရေခဲစစ်သည်၏ အမြန်နှုန်းမှာလည်း အသံ၏ အရှိန်တွင်ရှိနေပြီး အနီးကပ် ထပ်ကြပ်မကွာ လိုက်ပါလာ၏။

သို့သော်လည်း အသံထက်မြန်သော ကျောပိုးအိတ်၏ အထောက်အပံ့ဖြင့် ကျောက်လင်သည် လေထဲတွင် ဘယ်ညာ ရှောင်တိမ်းနေသောကြောင့် အဋ္ဌမအဆင့် ရေခဲစစ်သည်အနေဖြင့် မီအောင် လိုက်ရန် မဖြစ်နိုင်တော့ပေ။

"ကောင်လေး... မင်း ထွက်ပြေးလို့ မလွတ်ပါဘူး..."

အဋ္ဌမအဆင့် ရေခဲစစ်သည်မှာ အလွန်တရာ ဒေါသထွက်နေပေသည်။ သို့သော် အဋ္ဌမအဆင့် ရေခဲစစ်သည်မှာ ယုံကြည်မှု အပြည့်ရှိနေ၏။ သူသည် အဆုံးအစမရှိသော ဝိညာဉ်စွမ်းအင်ကို ပိုင်ဆိုင်ထားရာ ကျောက်လင်အား ဖိနှိပ်နိုင်မည်ဟု သေချာပေါက် ယုံကြည်ထားသည်။

ကျောက်လင်က အရှေ့မှ ပျံသန်းနေပြီး သူ၏ နှုတ်ခမ်းထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခုက ကစားနေ၏။ ထိုထောက်ပံ့ရေးလမ်းကြောင်းပေါ်တွင် ကျောက်လင်က အဋ္ဌမအဆင့် ရေခဲစစ်သည်အား သတ်ဖြတ်ခဲ့ခြင်းမရှိဘဲ သူ့ကို အပြင်သို့ ရည်ရွယ်ချက်ရှိရှိ ဖြားယောင်းခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ အဋ္ဌမအဆင့် ရေခဲစစ်သည်တစ်ဦးကို သတ်ဖြတ်ခြင်းက ကြီးမားသော စွမ်းအင်လှိုင်းတုန်ခါမှုကြီးကို ချန်ရစ်ထားခဲ့မည် ဖြစ်၏။

ကျောက်လင်သည် သူ၏ စွမ်းအားများ ပေါ်လွင်သွားမည်ကို စိုးရိမ်သဖြင့် အဋ္ဌမအဆင့် ရေခဲစစ်သည်အား သတ်ဖြတ်မှုတွင် လူများက သူနှင့် ဆက်စပ်တွေးတောမိမည်ကို မလိုလားခဲ့ပေ။

ယခုအခါတွင် ကျောက်လင်က ကောင်းဖန်နိုင်ငံဘက်သို့ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းသွားနေသည်။ အနောက်ဘက်သို့ ပို၍ ပျံသန်းလာလေလေ တောင်တန်းများက ပို၍ မြင့်မားလာလေလေ ဖြစ်၏။

"ကောင်လေး... မင်းက ထုံထျန်းကုန်းပြင်မြင့်ဘက်ကိုတောင် ပျံသန်းလာရဲတယ်ပေါ့လေ..."

အဋ္ဌမအဆင့် ရေခဲစစ်သည်က နောက်မှ လိုက်လာရင်း ကျောက်လင် ထွက်ပြေးနေသည့် ဦးတည်ချက်ကို မြင်သောအခါ လှောင်ပြောင်လိုသော အရိပ်အယောင်တစ်ခုကို ဖော်ပြလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထုံထျန်းကုန်းပြင်မြင့်သည် ဤရေခဲစစ်သည်များအတွက် စွမ်းအားရင်းမြစ် ဖြစ်နေသောကြောင့်ပင်။

တစ်နာရီ ကြာပြီးနောက်…

ကျောက်လင်သည် ထုံထျန်းကုန်းပြင်မြင့်၏ လူသူကင်းမဲ့သော နေရာတစ်ခုသို့ အဆုံးတွင် ရောက်ရှိသွားခဲ့သည်။ ဤနေရာရှိ တောင်တန်းများက မိုးထိအောင် မြင့်မားနေပြီး လေထုကလည်း ပါးလွှာလွန်းသဖြင့် အပင်များပင် အသက်မရှင်နိုင်ရာ တိရစ္ဆာန်များ၏ အရိပ်အယောင်ဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ပေ။ မိုင်ပေါင်းများစွာ ပတ်လည်တွင် မည်သူမျှ နေထိုင်ခြင်းမရှိသော နယ်မြေများသာဖြစ်၏။

ရုတ်တရက် ကျောက်လင်က ကြည်လင်နေသော အပြာရောင်ရေကန်တစ်ခုရှိရာ တောင်ကြားတစ်ခုအတွင်းသို့ ဆင်းသက်လိုက်သည်။

"ကောင်လေး... မင်းရဲ့ ပျံသန်းနိုင်တဲ့ ဝိညာဉ်ရတနာက အဆုံးမှာတော့ ဝိညာဉ်စွမ်းအင် ကုန်ခမ်းသွားပြီ မဟုတ်လား..."

"အခု မင်း လက်နက်ချပြီး ဘယ်မိသားစုကလာတာလဲဆိုတာကို ငါ့ကို ပြောပြတာ ပိုကောင်းလိမ့်မယ်... မင်းက ဘာလို့ နိုင်ငံနှစ်ခုကြားက စစ်ပွဲမှာ ပါဝင်ပတ်သက်နေရတာလဲ..."

အဋ္ဌမအဆင့် ရေခဲစစ်သည်က မီလာသော်လည်း ကျောက်လင်၏ ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားပြီဟု ယူဆကာ ချက်ချင်း တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ သဘာဝကျစွာပင် ကျောက်လင်တွင် ထွက်ပြေးစရာ နေရာမရှိတော့သဖြင့် သူက လှုပ်ရှားရန် အလျင်လိုမနေခြင်း ဖြစ်သည်။

အဋ္ဌမအဆင့် ရေခဲစစ်သည်သည် ကျောက်လင်အား အညှာအတာမရှိ လိုက်လံဖမ်းဆီးခဲ့ပြီး သေချာစွာ စဉ်းစားသုံးသပ်ပြီးနောက် ကျောက်လင်သည် မဟာချင်မင်းဆက်၏ ရှေးဟောင်းသိုင်းပညာရှင် မိသားစုတစ်ခုခုမှ လာခြင်းဖြစ်ရမည်ဟု ကောက်ချက်ချလိုက်၏။ ဤကိစ္စကို နယ်ခြားစောင့်တပ်မှ အဖွဲ့ဝင်တစ်ဦးနှင့် ဆက်စပ်တွေးတောရန်မှာ မဖြစ်နိုင်ပေ။

ဤအခိုက်အတန့်တွင် ကျောက်လင်က နှုတ်ခမ်းထောင့်ကို ပင့်တင်လိုက်ပြီး လှောင်ပြုံးတစ်ခုကို ဖော်ပြလိုက်သည်။ ထွက်ပြေးနေစဉ်အတွင်း ကျောက်လင်သည် ဝိညာဉ်သလင်းကျောက်တစ်ခု ဝယ်ယူရန်အတွက် စနစ်အမှတ် သန်း (၁၀၀)ကို အသုံးပြုပြီးဖြစ်၏။

"ငါ့ကို အကျပ်အတည်းဖြစ်အောင် လုပ်နိုင်ပြီလို့ မင်း ထင်နေတာလား..."

ကျောက်လင်က မည်သည့် အကြောက်တရားမျှမပြဘဲ တည်ငြိမ်စွာ ပြုံးလိုက်သည်။

"ဟက်... ကောင်လေး... မင်းက ဆဋ္ဌမအဆင့်ကျင့်ကြံသူတစ်ယောက်ပါ..."

"မင်းဘယ်လောက်ပဲ စွမ်းအားကြီးပါစေ ငါ့လက်ထဲမှာ ပြဿနာရှာနိုင်စွမ်း မရှိပါဘူး..."

"မင်းရဲ့ ဇာစ်မြစ်ကို ရိုးရိုးသားသား ပြောပြတာ ပိုကောင်းမယ်... အဲ့ဒါဆိုရင် မင်းရဲ့ ခန္ဓာကိုယ်ကို အကောင်းပကတိအတိုင်း ချန်ထားပေးမယ်လို့ ငါ ကတိပေးနိုင်တယ်..."

အဋ္ဌမအဆင့် ရေခဲစစ်သည်က တည်ငြိမ်စွာ ပြောလိုက်၏။

ကျောက်လင်က ခေါင်းယမ်းလိုက်သည်။ ဤအခိုက်တွင် ကျောက်လင်သည် သူ၏ ဘယ်ဘက်လက်တွင် ဝိညာဉ်သလင်းကျောက်ကို ကိုင်ဆောင်ထားပြီး ညာဘက်လက်တွင် ပျက်စီးခြင်းဓားအဆောင်ကို ကိုင်ထား၏။

"စိန်ခေါ်မှုက အခုမှ လာပြီ..."

ကျောက်လင်က အနည်းငယ် ပြုံးလိုက်သည်။

ဝိညာဉ်သလင်းကျောက်က ပျက်စီးခြင်းဓားအဆောင်ကို အသက်သွင်းလိုက်၏။ ဝိညာဉ်သလင်းကျောက်အတွင်းရှိ ဝိညာဉ်စွမ်းအင်များ အားလုံး အပြည့်အဝ ကုန်ခမ်းသွားသည်။

ဟင်းလင်းပြင်နယ်ပယ်ထဲတွင် ရုတ်တရက် တာအိုစွမ်းအားတစ်ခု ပေါ်ထွက်လာ၏။ ဓားချီကြောင့် နေရာလွတ်တစ်ခုလုံး ဆုတ်ဖြဲခံလိုက်ရပြီး ကမ္ဘာမြေတစ်ခုလုံးမှာ ဖျက်ဆီးခြင်း၏ နက်နဲသော စွမ်းအားများ ဖုံးလွှမ်းသွားပေသည်။ ဤတာအိုဖြစ်သည့် ဖျက်ဆီးခြင်း ဓားချီက မည်သူ့ကိုမျှ တုံ့ပြန်ရန် အချိန်မပေးခဲ့ပေ။

ဓားချီက အဋ္ဌမအဆင့် ရေခဲစစ်သည်၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွား၏။

"မဖြစ်နိုင်ဘူး..."

"မင်းဆီမှာ နဝမအဆင့် ဓားအဆောင် ဘယ်လိုလုပ် ရှိနေရတာလဲ..."

အဋ္ဌမအဆင့် ရေခဲစစ်သည်က တာအိုပျက်စီးခြင်းဓားအဆောင်ကို ခုခံရန် ကြိုးစားခဲ့သော်လည်း သူ၏ ကိုယ်တွင်းရှိ အေးစက်သော တာအိုစွမ်းအားများက လျင်မြန်စွာ ဖျက်ဆီးခံလိုက်ရသဖြင့် သူ၏ ခုခံမှုမှာ လုံးဝ အချည်းနှီးဖြစ်သွားစေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အဋ္ဌမအဆင့် ရေခဲစစ်သည်၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားခဲ့၏။

ကောင်းဖန်နိုင်ငံတွင် အဋ္ဌမအဆင့် ရေခဲစစ်သည် ငါးဦးသာရှိပြီး ယခုအခါ ၎င်းတို့ထဲမှ တစ်ဦးမှာ ဤနေရာတွင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

"အင်း..."

"ဒီကောင်ရဲ့ ခန္ဓာကိုယ်က ပျက်စီးသွားပေမဲ့ ကျောက်စိမ်းပြားတစ်ခုကတော့ ကျန်ရစ်နေသေးတာပဲ... ဒီကျောက်စိမ်းပြားက အရည်အသွေး တော်တော်မြင့်မားပုံရတယ်..."

ကျောက်လင်က ခုန်တက်လိုက်ပြီး အဋ္ဌမအဆင့် ရေခဲစစ်သည် သေဆုံးပြီးနောက် ကျန်ရစ်ခဲ့သော ကျောက်စိမ်းဆွဲပြားကို ဖမ်းယူလိုက်၏။

All Chapters