အခန်း ၃၆၈
Vol. 37 Ch. 368
အခန်း (၃၆၈) ယွီဝမ်ယန်အား သတ်ဖြတ်ခြင်း
"စတုတ္ထညီမတော်..."
"ချန်အာ..."
ယွီဝမ်ယန်က ယွီဝမ်ချန်အား အထက်အောက် သေချာစွာ အကဲခတ်ကြည့်လိုက်ပြီး သူ၏ ညီမဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သောအခါ သူမှာ အလွန် အံ့အားသင့်သွား၏။
ယွီဝမ်ယန်သည် အနောက်ပိုင်းဒေသစစ်တပ်ကို ဦးဆောင်ကာ ကောင်းဖန်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီးကတည်းက အခြားသော မင်းသားများနှင့် မင်းသမီးတို့၏ သတင်းများကို ကြားရခဲလှပေသည်။
တစ်နှစ်ကျော်ကြာသည်အထိ ယွီဝမ်ယန်က ယွီဝမ်ချန် သေဆုံးသွားပြီဟုသာ ယုံကြည်ထားခဲ့၏။
ယခုအခါတွင် ယွီဝမ်ချန်၏ မည်သူမည်ဝါဖြစ်ကြောင်းကို သူ၏ မျက်စိဖြင့် ကိုယ်တိုင် ကိုယ်ကျ အတည်ပြုလိုက်ရသောအခါ ယွီဝမ်ယန်မှာ အံ့သြသွားသလို ဝမ်းလည်း ဝမ်းသာသွားသည်။
"ဒုတိယအစ်ကိုတော်... ကျွန်မက အစ်ကိုတော့်ကို ကယ်တင်ဖို့နဲ့ အနောက်ပိုင်းဒေသစစ်တပ်ကို ကျွန်မနဲ့အတူ ခေါ်သွားဖို့ လာခဲ့တာပါ..."
ယွီဝမ်ချန်က တစ်လှမ်း တိုးကပ်လာပြီး တည်ငြိမ်စွာ ပြောလိုက်၏။
ယွီဝမ်ယန်က ယွီဝမ်ချန်အား အံ့သြတကြီးဖြင့် နောက်တစ်ကြိမ် စိုက်ကြည့်လိုက်ပြန်သည်။
ထို့နောက် ယွီဝမ်ယန်က ခေါင်းခါယမ်းလိုက်၏။
"နောက်ကျသွားပြီ ချန်အာ..."
"အခု ငါတို့က ကောင်းဖန်နိုင်ငံရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေပြီ... ပြီးတော့ ကောင်းဖန်စစ်တပ်ရဲ့ ထိန်းချုပ်မှုကနေလည်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး..."
"ဒုတိယအစ်ကို့ဆီမှာက အဋ္ဌမအဆင့်ဆရာသခင် အဘိုးဖန်တစ်ယောက်တည်းပဲရှိတာ... ကောင်းဖန်နိုင်ငံဆီမှာက နဝမအဆင့် အရာရှိတစ်ယောက်နဲ့ အဋ္ဌမအဆင့် ဆရာသခင်ငါးယောက်တောင်ရှိတယ်... ငါတို့ သူတို့ကို ပြန်ခုခံနိုင်ဖို့ နည်းလမ်းမရှိဘူး..."
"ဒါ့အပြင် ငါတို့ အနောက်ပိုင်းဒေသစစ်တပ်ရဲ့ ရိက္ခာတွေကိုလည်း ကောင်းဖန်စစ်တပ်ကပဲ ထောက်ပံ့ပေးထားတာဆိုတော့ ငါတို့က ကောင်းဖန်စစ်တပ်ရဲ့ အမိန့်တွေကိုပဲ နာခံနိုင်တော့မှာပေါ့..."
ယွီဝမ်ယန်က စိတ်ဆင်းရဲနေသော အမူအရာဖြင့် ပြောလိုက်၏။
ဤသည်မှာ အမှန်တရားပင် ဖြစ်သည်။
ကျင့်ကြံသူများဘက်မှ ကြည့်လျှင်ဖြစ်စေ၊ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးဘက်မှ ကြည့်လျှင်ဖြစ်စေ အနောက်ပိုင်းဒေသစစ်တပ်သည် ကောင်းဖန်စစ်တပ်၏ ထိန်းချုပ်မှုမှ လွတ်ကင်းနိုင်ရန် အခြေခံအားဖြင့် မဖြစ်နိုင်ပေ။
"ဒုတိယအစ်ကိုတော်... ကျွန်မ လာရဲကတည်းက အစ်ကိုတော်နဲ့ အနောက်ပိုင်းဒေသစစ်တပ်ကို ကောင်းဖန်စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ကနေ ဆွဲထုတ်ဖို့ နည်းလမ်းတွေ ရှိလို့ပေါ့..."
ယွီဝမ်ချန်က တည်ငြိမ်စွာပင် ပြောလိုက်၏။
တကယ်တမ်းတွင် ဤစကားများကို ကျောက်လင်က ကံကြမ္မာနတ်ဘုရားအဆင့်စာရင်းမှတစ်ဆင့် ယွီဝမ်ချန်ထံသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယွီဝမ်ချန်ကိုယ်တိုင်ပင်လျှင် ကျောက်လင်၌ အနောက်ပိုင်းဒေသစစ်တပ်ကို ပြောင်းရွှေ့ရန် မည်သို့သော နည်းလမ်းများ ရှိနေသည်ကို နားမလည်ခဲ့ပေ။
သို့သော် ယွီဝမ်ချန် သေချာသည့် အရာတစ်ခုက ရှိနေ၏။ သူမသည် ကျောက်လင်က သူမအား လှည့်စားမည် မဟုတ်ကြောင်း အပြည့်အဝ ယုံကြည်ထားသည်။
ကျောက်လင်က အနောက်ပိုင်းဒေသစစ်တပ်ကို ခေါ်ထုတ်သွားရန် နည်းလမ်းရှိသည်ဟု ပြောဆိုထားသဖြင့် ယွီဝမ်ချန်ကလည်း သူ၏စကားကို လုံးဝ ယုံကြည်ခဲ့၏။ ထို့ကြောင့် သူမက လျန်ရှီးမြို့သို့ လာရောက်ကာ အနောက်ပိုင်းဒေသစစ်တပ်အတွင်းသို့ လျှို့ဝှက်ဝင်ရောက်ခဲ့ပြီး ယွီဝမ်ယန်အား တစ်ဦးတည်း ရှိနေချိန်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
"ဒါက..."
ယွီဝမ်ယန်က တွေဝေသွား၏။
ထိုအခိုက်တွင် ယွီဝမ်ယန်က အနည်းငယ် စိုးရိမ်ပူပန်သွားသည်။
အကယ်၍ ယွီဝမ်ချန် ပြောသည့်စကားကသာ အမှန်ဖြစ်ခဲ့လျှင် သူမသည် အနောက်ပိုင်းဒေသစစ်တပ်ကို ကောင်းဖန်စစ်တပ်၏ ထိန်းချုပ်မှုအောက်မှ အမှန်တကယ်ပင် ခေါ်ထုတ်သွားနိုင်မည် ဖြစ်၏။
သို့ဆိုလျှင် အနောက်ပိုင်းဒေသစစ်တပ်ကို နောက်ထပ် မည်သူက ကွပ်ကဲမည်နည်းဟု စဉ်းစားစရာဖြစ်လာ၏။
ယွီဝမ်ယန်က ယွီဝမ်ချန်မှ အနောက်ပိုင်းဒေသစစ်တပ်ကို ထိန်းချုပ်လိုက်မည်ကိုလည်း ကြောက်ရွံ့နေပြီး အနာဂတ်တွင် သူ့တစ်ယောက်တည်း အထီးကျန်စွာဖြင့် ယွီဝမ်ချန်အပေါ် မှီခိုနေရမည်ကို စိုးရိမ်နေသည်။
"ချန်အာ... မင်းက အနောက်ပိုင်းဒေသစစ်တပ်ကို ဘယ်လိုမျိုး ခေါ်ထုတ်သွားမလဲဆိုတာ ဒုတိယအစ်ကိုတော်ကို ပြောပြနိုင်မလား... နောင်အနာဂတ်မှာရော မင်းက အစ်ကိုတော်နဲ့ အနောက်ပိုင်းဒေသစစ်တပ်ရဲ့ ကွပ်ကဲမှုအာဏာကို လုယူဦးမှာလား..."
ဤနေရာတွင် ယွီဝမ်ယန်က သွယ်ဝိုက်မနေတော့ရန် ဆုံးဖြတ်လိုက်ပြီး သူ၏ စိုးရိမ်ပူပန်မှုများကို တိုက်ရိုက်ပင် မေးမြန်းလိုက်၏။
"ဒုတိယအစ်ကိုတော်... ခမည်းတော် မကွယ်လွန်ခင်တုန်းက မဟာချင်မင်းဆက်ကို ဖြုတ်ချဖို့အတွက် မဟာလီမင်းဆက်ရဲ့ အာဏာရှိသမျှ အကုန်လုံးကို ကျွန်မကို လွှဲပြောင်းရယူဖို့ မှာကြားခဲ့တယ်..."
"မဟာလီမင်းဆက် အာဏာပြန်လည်ရယူရေး အစီအစဉ်ပြီးတဲ့နောက် ဘယ်သူက ထီးနန်းဆက်ခံမလဲဆိုတာကိုတော့ အဲ့ဒီအချိန်ကျမှပဲ ကြည့်ကြတာပေါ့..."
"ဒုတိယအစ်ကိုတော်ကို ကျွန်မ အာမခံနိုင်တာတစ်ခုက ကျွန်မကိုယ်တိုင် ထီးနန်းပေါ်ကို တက်လှမ်းမှာ မဟုတ်ဘူး... အစ်ကိုတော်ရဲ့သားက ထီးနန်းဆက်ခံနိုင်မလားဆိုတာကတော့ သူ့ရဲ့ ကိုယ်ပိုင်စွမ်းရည်အပေါ်မှာပဲ မူတည်တယ်..."
ယွီဝမ်ချန်ကလည်း အမှန်တရားကိုသာ ပြောပြလိုက်၏။
အနောက်ပိုင်းဒေသစစ်တပ်ကို ကယ်တင်ပြီးနောက် ယွီဝမ်ချန်က အနောက်ပိုင်းဒေသစစ်တပ်အား ထိန်းချုပ်ကာ ကျန်းနန်စစ်တပ်နှင့် ပေါင်းစည်းရန် သဘာဝကျကျပင် ဆန္ဒရှိခဲ့သည်။
ယွီဝမ်ချန်က ဤကိစ္စများကို ဖုံးကွယ်မထားလိုသောကြောင့် သူ့အား ကြိုတင် အသိပေးလိုက်ခြင်း ဖြစ်၏။
"မင်း..."
ဤစကားကို ကြားလိုက်ရသောအခါ ယွီဝမ်ယန်၏ မျက်နှာအမူအရာက အနည်းငယ် မနှစ်မြို့ဖွယ် ဖြစ်သွား၏။
ယခုအခါတွင် သူသည် ကောင်းဖန်နိုင်ငံ၏ ရုပ်သေးရုပ်တစ်ရုပ်ဖြစ်နေသော်လည်း အနောက်ပိုင်းဒေသစစ်တပ်ရှိ စစ်သည်နှစ်သိန်းကို ကွပ်ကဲနိုင်ဆဲဖြစ်ကာ ယခင်မင်းသားတစ်ပါးဟူသော ဂုဏ်ပုဒ်ကို အသုံးချပြီး စည်းစိမ်ချမ်းသာနှင့် ဂုဏ်ကျက်သရေကို ခံစားနေရဆဲ ဖြစ်သည်။
သို့သော် အကယ်၍ ယွီဝမ်ချန်ကသာ အနောက်ပိုင်းဒေသစစ်တပ်အား ထိန်းချုပ်လိုက်မည်ဆိုလျှင် ယွီဝမ်ယန်မှာ ယွီဝမ်ချန်၏ အဟန့်အတားများကို အမြဲတမ်း ခံနေရမည်ဖြစ်ပြီး ယွီဝမ်ချန်၏ စိတ်အခြေအနေကို အမြဲတစေ သတိထားနေရမည်ဖြစ်ရာ ဤသည်မှာ အလွန် စိတ်ပျက်ဖွယ်ကောင်းသော အတွေ့အကြုံတစ်ခု ဖြစ်လာပေမည်။
မဟာလီမင်းဆက် အာဏာပြန်လည်ရယူရေး အစီအစဉ်ကို သူ ဂရုမစိုက်ပေ။
ယွီဝမ်ယန်က ထိုသို့သော ဆန္ဒမျိုးကို ဂရုမစိုက်ခဲ့ပေ။
"ဝေ့မြို့စား... အဘိုးဖန်... ဝင်လာခဲ့ကြ..."
ယွီဝမ်ယန်က ရုတ်တရက် ခေါ်လိုက်၏။
လုတုံဝေ့နှင့် ဖန်လျန်ရှန်းတို့က တဲအတွင်းသို့ ဝင်လာကြသည်။
"ဝေ့မြို့စား... အဘိုးဖန်... ဒီမိန်းမက ယောက်ျားလေးလို ရုပ်ဖျက်ထားပြီး ငါ့ကို လုပ်ကြံဖို့ ကြိုးစားနေတာ... သူ့ကို ဖမ်းလိုက်စမ်း..."
သူ၏ ယုံကြည်ရသော လူယုံနှစ်ယောက် ဝင်လာသည်ကို မြင်လိုက်ရသောအခါ ယွီဝမ်ယန်က ချက်ချင်းပင် အမိန့်ပေးလိုက်၏။
ဝေ့မြို့စား လုတုံဝေ့၏ အမူအရာက တောင့်တင်းသွားသည်။
သူ၏ တဲမှာ ဤနေရာနှင့် ကပ်လျက်တွင် ရှိနေပြီး လုတုံဝေ့သည် သူ၏ စိတ်စွမ်းအားဖြင့် မောင်နှမနှစ်ယောက်ကြားရှိ စကားဝိုင်းတစ်ခုလုံးကို ခိုးနားထောင်ခဲ့ပြီးဖြစ်ကာ ယွီဝမ်ချန်မှာ မင်းသမီးဖြစ်ကြောင်းကို သူ သိထား၏။
ဖန်လျန်ရှန်း၏ မျက်နှာကလည်း တောင့်တင်းသွား၏။ သူသည်လည်း သဘာဝကျကျပင် သိထားပြီးဖြစ်ကာ ယွီဝမ်ချန်၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိလျက်နှင့် မင်းသမီးအား ဖမ်းဆီးရန် ယွီဝမ်ယန်၏ ရည်ရွယ်ချက်ကို သူ သိပ်နားမလည်နိုင် ဖြစ်နေသည်။
"ဒုတိယအစ်ကိုတော်... အစ်ကိုတော်က ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ..."
ယွီဝမ်ယန်၏ စကားများကို ကြားလိုက်ရသောအခါ ယွီဝမ်ချန်မှာလည်း အလွန်အံ့အားသင့်သွား၏။
သူမက ယွီဝမ်ယန်နှင့် အနောက်ပိုင်းဒေသစစ်တပ်ကို ကောင်းဖန်စစ်တပ်၏ ထိန်းချုပ်မှုအောက်မှ ခေါ်ထုတ်သွားရန် ဤနေရာသို့ လာခဲ့ခြင်းဖြစ်ရာ အဘယ်ကြောင့် ယွီဝမ်ယန်က သူမအား ဖမ်းဆီးချင်နေရဆဲ ဖြစ်သနည်းဟု တွေးလိုက်မိသည်။
"ချန်အာ... မင်းက အနောက်ပိုင်းဒေသစစ်တပ်ကို တကယ်ပဲ ထိန်းချုပ်ချင်နေတာလား... မင်းရဲ့ ဒုတိယအစ်ကိုတော်ဖြစ်တဲ့ ငါ့ကိုကျတော့ ဘယ်နေရာမှာ ထားမှာလဲ..."
"မင်းက ငါ့အပေါ် မကြင်နာမှတော့ ငါကလည်း မင်းအပေါ် မတရားပြန်လုပ်ရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ဘူး..."
ယွီဝမ်ယန်က အေးစက်စွာ ပြောလိုက်၏။
ယွီဝမ်ချန်က နားလည်သွားသည်။ ယွီဝမ်ယန်က အနောက်ပိုင်းဒေသစစ်တပ်ကို ထိန်းချုပ်ထားမှုအား စွန့်လွှတ်ရန် တွန့်ဆုတ်နေခြင်း ဖြစ်၏။
ထိုအခိုက်တွင် ယွီဝမ်ချန်က လှည့်ကာ လုတုံဝေ့နှင့် ဖန်လျန်ရှန်းတို့အား ကြည့်လိုက်ပြီးနောက် သူမ၏ အင်္ကျီလက်ထဲသို့ လက်နှိုက်၍ ဧကရာဇ်တံဆိပ်တုံးကို ဆွဲထုတ်လိုက်သည်။
"ဝေ့မြို့စား... အဘိုးဖန်... ဒါက ဧကရာဇ်တံဆိပ်တုံးပဲ..."
"ရှင်တို့ ဒါကို အသိအမှတ်ပြုသေးလား... မပြုတော့ဘူးလား..."
ယွီဝမ်ချန်က တည်ငြိမ်စွာ ပြောလိုက်၏။
လုတုံဝေ့နှင့် ဖန်လျန်ရှန်းတို့က ဧကရာဇ်တံဆိပ်တုံးကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာအမူအရာများက အကြီးအကျယ် ပြောင်းလဲသွားပြီး ယွီဝမ်ချန်အား အံ့သြတကြီး စိုက်ကြည့်နေကြသည်။
ရွေးချယ်ခွင့်သည် သူတို့နှစ်ဦးထံသို့ ချက်ချင်းပင် ရောက်ရှိသွား၏။
အကယ်၍ လုတုံဝေ့သာ ဧကရာဇ်တံဆိပ်တုံးကို အသိအမှတ်မပြုပါက မဟာလီမင်းဆက်မှ ပေးအပ်ထားသော သူ၏ ဝေ့မြို့စားဟူသည့် ဘွဲ့အမည်မှာ တရားဝင်မှုကို ဆုံးရှုံးသွားမည် ဖြစ်သည်။
အဋ္ဌမအဆင့် ဆရာသခင် ဖန်လျန်ရှန်းက ယွီဝမ်ယန်အား ကာကွယ်ပေးနေရသည့် အကြောင်းရင်းမှာ ကွယ်လွန်သူ ဧကရာဇ်၏ ကျေးဇူးကြောင့်ပင်ဖြစ်၏။ အကယ်၍ သူသာ ဧကရာဇ်တံဆိပ်တုံးကို အသိအမှတ်မပြုပါက ကွယ်လွန်သူ ဧကရာဇ်အပေါ် မလေးမစား လုပ်ရာရောက်သွားမည် ဖြစ်သည်။
ထို့ကြောင့် ယွီဝမ်ချန်က ဧကရာဇ်တံဆိပ်တုံးကို ထုတ်ပြလိုက်သောအခါ လုတုံဝေ့နှင့် ဖန်လျန်ရှန်းတို့မှာ သူမအပေါ် အရမ်းကာရော မလှုပ်ရှားရဲကြတော့ပေ။
"ဧကရာဇ်တံဆိပ်တုံး... မင်းက ဧကရာဇ်တံဆိပ်တုံးကို တကယ်ပဲ ရထားတာကိုး..."
"ဟွန့်... ဒါဆိုလည်း ငါက ဧကရာဇ်တံဆိပ်တုံးကို လုယူရုံပေါ့... မင်း... ယွီဝမ်ချန်က အဲ့တာကို ငါ့ဆီ လိုလိုလားလား လာပေးလိမ့်မယ်လို့ မထင်ထားဘူး... တကယ့်ကို ကောင်းလွန်းတယ်..."
ယွီဝမ်ယန်က ခဏတာမျှ မှင်တက်သွားပြီးနောက် ရူးသွပ်နေသည့် အမူအရာတစ်ခု ပေါ်ထွက်လာကာ ဧကရာဇ်တံဆိပ်တုံးကို လုယူချင်သွား၏။
ယွီဝမ်ယန်က ဧကရာဇ်တံဆိပ်တုံးကို လုယူရန် ရှေ့သို့ ပြေးဝင်လာချိန်တွင် ယွီဝမ်ချန်က လှည့်ကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
ထိုလက်ဝါးရိုက်ချက်က ယွီဝမ်ယန်၏ ခေါင်းပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွား၏။
ယွီဝမ်ယန်၏ ခေါင်းမှာ ဝါးပင်ကို ထက်ပိုင်းခွဲလိုက်သကဲ့သို့ နှစ်ခြမ်းကွဲသွားသည်။
"အား..."
"ဒါက..."
လုတုံဝေ့နှင့် ဖန်လျန်ရှန်းတို့မှာ အခြေအနေ ပြောင်းလဲသွားမှုအပေါ် အံ့အားသင့်စွာ စိုက်ကြည့်နေကြ၏။
ယွီဝမ်ချန်က ဤမျှအထိ ပြတ်သားလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြပေ။
"မင်းသမီး... ဒုတိယမင်းသားကို သတ်ပစ်လိုက်တာက အရမ်း အဆင်အခြင်မဲ့လွန်းပါတယ်..."
"ကျွန်တော်တို့ တပ်စခန်းထဲမှာ ကောင်းဖန်နိုင်ငံက ရေခဲစစ်သည် အယောက်နှစ်ဆယ် ရှိနေသေးတယ်... အကယ်၍ ဒုတိယမင်းသား သေဆုံးသွားတာကိုသာ သူတို့ သိသွားရင် သူတို့က အနောက်ပိုင်းဒေသစစ်တပ်ထဲက စစ်သူကြီးတွေကို ရှင်းလင်းဖို့ အစပျိုးပြီး အနောက်ပိုင်းဒေသစစ်တပ်ရဲ့ ကွပ်ကဲမှုအာဏာကို တိုက်ရိုက် လွှဲပြောင်းယူသွားလိမ့်မယ်..."
ထိုအခိုက်တွင် လုတုံဝေ့မှာ ထိတ်လန့်သွား၏။
"ဟုတ်တယ် မင်းသမီး..."
"အကယ်၍ ဒုတိယမင်းသား သေဆုံးသွားတာကိုသာ ကောင်းဖန်စစ်တပ်က သိသွားရင် စစ်တပ်ထဲက စစ်သူကြီးတွေ အကုန်လုံးကို ထိန်းချုပ်ဖို့ လူလွှတ်ပြီး အနောက်ပိုင်းဒေသစစ်တပ်ကို တိုက်ရိုက် ကွပ်ကဲလိမ့်မယ်..."
ဖန်လျန်ရှန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ယွီဝမ်ချန်က အသာအယာ ပြုံးလိုက်၏။
"ဝေ့မြို့စား... အဘိုးဖန်... စိတ်မပူပါနဲ့..."
"ကျွန်မက ရှန်းကျင်းဌာနကို တာဝန်ယူခဲ့တုန်းက ရုပ်ဖျက်တဲ့ နည်းလမ်းတစ်ခုကို ကျွမ်းကျင်ထားလို့ ကျွန်မ ဒုတိယအစ်ကိုရဲ့ ရုပ်သွင်အဖြစ် ပြောင်းလဲနိုင်တယ်..."
"နောက်ထပ် နှစ်ရက်နေရင် ကောင်းဖန်စစ်တပ်က ငါတို့ရဲ့ အနောက်ပိုင်းဒေသစစ်တပ်ကို အမြောက်စာအဖြစ် အသုံးချဖို့ အတင်းအကျပ် ခိုင်းစေလိမ့်မယ်... ငါတို့မှာ အချိန် နှစ်ရက်ပဲ ရှိတယ်..."
"နောက်လာမယ့် နှစ်ရက်အတွင်း အနောက်ပိုင်းဒေသစစ်တပ်ကို ကျွန်မ ပြောင်းရွှေ့ပေးမယ်... အနောက်ပိုင်းဒေသစစ်တပ်ကြီး ပျောက်ကွယ်သွားတာကို ကျွန်မ ထိုင်ကြည့်မနေနိုင်ဘူး..."
ယွီဝမ်ချန်က တည်ငြိမ်စွာ ပြောလိုက်၏။