← Chapters

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း (၁၁၁)

ဝမ်လင်းလင်းသည် လင်းယန် ပြန်လည်ရောက်ရှိလာသည်အား မြင်သောအခါမှ စိတ်အေးသက်သာစွာဖြင့် သက်ပြင်းချနိုင်တော့သည်။

ထိုအချိန်တွင် ရှောင်စစ်ယွီသည်လည်း ဖရိုဖရဲဖြစ်နေသော ဝန်းကျင်အား လိုက်လံသိမ်းဆည်းပေးနေ၏။

“အစ်ကိုလင်း ရောက်လာပြီပဲ၊ အစ်ကိုသာ အချိန်မီ ပြန်မရောက်လာရင် ဒီအကောင်ပေါက်လေးတွေ တစ်အိမ်လုံးကို ဖျက်ဆီးပစ်ကြတော့မှာ”

လင်းယန်သည် ကျားမကြီး၏အနားတွင် အေးချမ်းစွာ ကပ်မြှားခိုလှုံနေကြသော အမွေးဖြူရောင်နှင့် အမွေးဝါအား တစ်ချက် ကြည့်ရှုလိုက်ပြီးနောက် ဆွံ့အ သွားသည်။ ကလေးငယ်နှစ်ဦးသည် ဝင်းခြံအတွင်း၌ ထိုမျှလောက် ဆူညံသောင်းကျန်းနေကြသည်ကို မိခင်ဖြစ်သူ ကျားမကြီးသည် မည်သို့မျှ အရေးယူဆောင်ရွက်ရန် စိတ်ကူးမရှိပေ။

ကောင်းကင်ကြီး ပြိုကျပျက်စီးသွားလျှင်လည်း မိမိအိပ်စက်နေမည်ဟူသော ခံစားချက်မျိုး ပေးစွမ်းနေသဖြင့် ထိုကျားမကြီး၏အမူအရာကို သူသည် မည်သို့ ဝေဖန်ရမှန်း မသိတော့ပေ။

“ရန်အာဟူနဲ့ ချန်ဟောက်ထျန်းတို့ကို ဘာလို့မမြင်ရတာလဲ”

ထိုလူနှစ်ယောက်သည် အမျိုးသမီးနှစ်ဦးအား အပြင်ဘက်တွင် အမှိုက်သရိုက်များကို သိမ်းဆည်းရန် ပစ်ထားခဲ့၍ အတွင်းခန်း၌ နှစ်ခြိုက်စွာ အိပ်မောကျနေကြသည်လော။

ရှောင်စစ်ယွီသည် အနားမှနေ၍ ရှင်းပြသည်။

“နောက်ဖေးက ရေကန်ထဲမှာ ငါးတွေလျှံထွက်နေလို့ ထင်တယ်၊ အဲဒါကြောင့် သူတို့နှစ်ယောက် နောက်ဖေးဘက်ကို ငါးသွားဖမ်းကြတာ”

နောက်ဖေးရေ ကန်အတွင်း ငါးများ အဆမတန် တိုးလာခြင်းသည် လင်းယန်အတွက် အမြဲတစေ ခေါင်းခဲစရာ ကိစ္စရပ်တစ်ခု ဖြစ်ခဲ့ရသည်။

ရက်အနည်းငယ်လျှင် တစ်ကြိမ်မျှ ရွာသူရွာသားများထံသို့ ငါးများ ပေးပို့ဝေငှနေသော်လည်း ငါးတို့၏ မျိုးပွားနှုန်းကိုမူ မမှီနိုင်ပေ။ နောက်ပိုင်းတွင် ငါးစာကျွေးသည့်အခါ၌ ဝိဉာဉ်စမ်းရေ ထည့်သွင်းခြင်းကို အတိအလင်း ရပ်ခဲ့သော်လည်း အကြောင်းရင်းတစ်စုံတစ်ရာကြောင့် ငါးများသည် ထိုမျှလောက် မြန်ဆန်စွာ ဆက်လက်တိုးပွားနေဆဲ ဖြစ်သည်။

လင်းယန်သည် အနည်းငယ် စိတ်ရှုပ်ထွေးသွားရကာ ရေရွတ်လိုက်သည်။

“မနက်ဖြန်ကျရင် ရွာလူကြီးဆီ သွားပြီးတော့ ရေကန်တူးဖို့ လျှောက်ထားတာ ဘယ်လိုအခြေအနေရှိလဲလို့ မေးရမယ်”

လွန်ခဲ့သော ရက်အနည်းငယ်က သူသည် ရေကန် တူးဖော်ခွင့်ပြုရန် ရွာလူကြီးထံ တောင်းဆိုခဲ့ဖူး၏။

ရွာလူကြီးသည်လည်း လျှောက်လွှာအစီရင်ခံစာကို အထက်သို့ တင်ပြပေးထားပြီးဖြစ်ကြောင်း ပြောခဲ့သော်လည်း ယခုထက်တိုင် မည်သည့်တုံ့ပြန်မှုမျှ မရရှိသေးချေ။

အထက်လူကြီးများ ထိုတောင်းဆိုချက်ကို ခွင့်ပြုပါ့မလား မသိနိုင်ပေ။

အကယ်၍ ခွင့်မပြုခဲ့ပါက ထိုရေကန်ငယ်လေးကို မည်သို့ စီမံခန့်ခွဲရမည်နည်း။

ထိုစဉ် ရန်အာဟူသည် ညှီစော်နံနေသော ငါးများအပြည့်ဖြင့် ငါးပုံးကြီးနှစ်ပုံးအား ထမ်း၍ လျှောက်လှမ်းလာကာ ပြောလိုက်သည်။

“သူဌေးကြီး... မနက်ဖြန်အတွက် ကျွန်တော်တို့ရဲ့ အလုပ်ကတော့ ဒီငါးတွေကို ငါးခြောက်လုပ်ဖို့ ထင်တယ်”

လင်းယန်သည် ငါးများ မြင်ရုံမျှဖြင့် ပျို့အန်ချင်စိတ် ဖြစ်ပေါ်လာသဖြင့် ဆိုသည်။

“ဘာပဲဖြစ်ဖြစ် ငါကတော့ မစားနိုင်တော့ဘူး၊ ဒါတွေကို အရင်ဆုံး ငါးခြောက်အပြားလေးတွေ ဖြစ်အောင် လုပ်လိုက်ပါ၊ သူတို့တွေ ပြန်ကြတဲ့အခါ အိမ်ကို အနည်းငယ် ယူသွားလို့ရတာပေါ့၊ ပြီးတော့ တိုက်ရိုက်ထုတ်လွှင့်မှု ထဲက ကြည့်ရှုသူတွေကိုလည်း အခမဲ့ လက်ဆောင်အဖြစ် ဝေမျှပေးဦးမယ်”

ယခုအခါ လင်းယန်သည် “ရောင်းချခြင်း” ဟူသော စကားလုံးကို ထုတ်ဖော်ပြောဆိုရန် စိတ်ကူးမရှိတော့ပေ။

သူ၏အမြင်တွင် ငါးခြောက်အနည်းငယ်သည် မည်မျှလောက် တန်ဖိုးရှိနိုင်မည်နည်း။

ရန်အာဟူ၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသော ချန်ဟောက်ထျန်းသည်လည်း ပြောလိုက်၏။

“မင်းရဲ့ နောက်ဖေးဝင်းထဲမှာ လေလွင့်ကြောင်အုပ်ကြီး စုဝေးနေတာကို ငါ ခုနကတင် မြင်ခဲ့ရတယ်၊ ငါးလာစားကြတာ ထင်တယ်”

ရေကန်တစ်ခုအတွင်း ငါးများ ထိုမျှလောက် လျှံထွက်နေသည်အား သူ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ဟု ဆိုလျှင်လည်း အပိုမဖြစ်နိုင်ပေ။

ငါးများသည် ရေပြင်ပေါ်သို့ တဖျတ်ဖျတ် ခုန်တက်နေကြသဖြင့် လေလွင့်ကြောင်များသည် ကိုယ်တိုင် ရှာဖွေဖမ်းဆီးရန် မလိုဘဲ ကမ်းစပ်သို့ အလွယ်တကူ ရောက်လာသော ငါးများကို ကောက်ယူစားသောက်ရုံမျှသာ ရှိသည်။

“စားချင်သလောက် စားပါစေ၊ ဘယ်လိုပဲဖြစ်ဖြစ် အကုန်ကုန်အောင် စားနိုင်မှာ မဟုတ်ပါဘူး၊ ဒီရက်ပိုင်းအတွင်းမှာတော့ အကောင်ပေါက်လေးတွေ အာဟာရပြည့်ဝစေဖို့ သူတို့ရဲ့ အစားအစာထဲမှာ ငါးတွေ ပိုထည့်ပေးရမယ်”

နောက်တစ်နေ့တွင် လင်းယန်သည် လူတိုင်းကို ဦးဆောင်၍ ငါးအသေးစားလေးများ ငါးခြောက်ပြုလုပ်ကြသည်။

သူနှင့် ရန်အာဟူတို့သည် ငါးများ၏ ဝမ်းဗိုက်အား ခွဲ၍ အူအတိုင်များ ထုတ်ပစ်ရန် တာဝန်ယူကြ၏။

ငါးများကို ဆားနယ်ရမည့် အလုပ်ကို အမျိုးသမီးငယ်နှစ်ဦးအား တာဝန်ပေးအပ်ထားသည်။

ချန်ဟောက်ထျန်းကမူ ဆားနယ်ထားသော ငါးများ လိုက်လှန်းရမည့် တာဝန်ကို ယူ၏။

“ဒီလောက်အမြင့်မှာ လှန်းထားရင် တောကြောင်တွေ လာခိုးစားတာမျိုး မဖြစ်နိုင်ဘူးလို့ မင်း သေချာလို့လား”

လင်းယန်သည် ဂရုမစိုက်ဟန်ဖြင့် အေးအေးလူလူ ပြန်ပြောသည်။

“နောက်ဖေးကန်ထဲက ငါးအရှင်တွေကိုတောင် သူတို့ ကုန်အောင် မစားနိုင်ကြတာ၊ အဲဒီတော့ ဒီလိုငါးခြောက်မျိုးကို သူတို့ စိတ်ဝင်စားလိမ့်မယ် မထင်ဘူး”

ချန်ဟောက်ထျန်းသည် နှုတ်ခမ်းမဲ့လိုက်မိ၏။ ထိုမျှလောက် ပေါ့ပေါ့ဆဆ နေတတ်သော သူဌေးမျိုးအား ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ဖြာကျနေသော နေရောင်နွေးနွေးသည် သာယာဖွယ် ခံစားချက်အား ပေးစွမ်းနေ၏။

လက်လုပ်လက်စား အလုပ်မျိုး လုပ်ကိုင်ဖူးခြင်း မရှိကြသော ချန်ဟောက်ထျန်း၊ ဝမ်လင်းလင်းနှင့် ရှောင်စစ်ယွီတို့သည် ဤကဲ့သို့ လူနေမှုဘဝမျိုး အလွန် မွေ့လျော်စရာကောင်းကြောင်း ယူဆမိသည်။

မိတ်ဆွေကောင်းတစ်စုသည် ဝင်းခြံအတွင်း၌ နေပူဆာလှုံရင်း စကားစမြည် ပြောဆိုကာ အလုပ်များ အတူတကွ လုပ်နေကြသည် မဟုတ်ပါလော။

ဤအခြေအနေသည် ရုံးခန်းအတွင်း၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပုံသေအလုပ်လုပ်ခြင်းထက် ပို၍ စိတ်အေးချမ်းစရာ ကောင်းလှသည်။

ငါးငယ်လေးများအား သုံးရက်တိုင်တိုင် နေလှန်းပြီးသောအခါတွင် အားလုံး အောင်မြင်စွာ ပြီးဆုံးသွားတော့သည်။

“ကဲ... လွှင့်ထုတ်မှုကို စကြစို့”

လင်းယန်သည် အရာခပ်သိမ်း အဆင်သင့် ပြင်ဆင်ပြီးနောက် ရန်အာဟူဘက်သို့ လှည့်၍ ပြောလိုက်၏။

သူသည် ထိုငါးခြောက်များ အမြန်ဆုံး ဝေငှလိုက်ချင်သည်။ နှစ်ပတ်ကျော်မျှ ငါးများကို ဆက်တိုက် စားသုံးခဲ့ရသဖြင့် ယခုအခါ ငါးဟူသော အရာအား မမြင်ချင်တော့ပေ။

ပရိသတ်များ လင်းယန်၏ စိတ်ကူးအား သိရှိကြပါက အဖိုးတန်အရာကို တန်ဖိုးမထားတတ်ဟု မုချ ဝေဖန်ကြပေလိမ့်မည်။

ထိုမျှလောက် အရသာရှိသော အရာအား အလွယ်တကူ ပေးပစ်နိုင်သည်လော။

ရန်အာဟူသည် လက်ကိုင်ဖုန်း စတပ်ဆင်လိုက်သည်နှင့် တစ်ပြိုင်နက် မျောက်အိုကြီးသည် ငါးခြောက်တစ်ကောင်ကို ကိုင်လျက် ကင်မရာ၏ ရှေ့သို့ ချက်ချင်း ပြေးဝင်လာသည်။

ထို့ကြောင့် ပရိသတ်များ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းသို့ ဝင်ရောက်လာချိန်တွင် ပထမဦးဆုံး မြင်တွေ့ရသည့်အရာမှာ မျောက်အိုကြီး၏ မျက်နှာကြီး ဖြစ်နေတော့သည်။

“ဘာဖြစ်တာလဲ၊ ကုန်ပစ္စည်း ကြော်ငြာရမယ့် အဓိကလူက ပြောင်းသွားတာလား၊ အလိုလေး... သူဌေးက ဒီလောက်တောင် ပျင်းရိသွားရတာလား၊ တိရစ္ဆာန်တွေကို သုံးပြီးတော့ လိုက်ဖ် လွှင့်ခိုင်းတယ်ဆိုတော့ သူ ဘာတွေ စိတ်ကူးပေါက်နေတာလဲ”

“ရယ်စရာကြီး၊ ဒီတစ်ခါ သူတို့ ဘာတွေ ရောင်းမှာလဲ”

မျောက်အိုကြီးသည် ညည်တွားလိုက်၏။

“အွိုင်း အွိုင်း”

၎င်းတို့သည် လူတိုင်းအတွက် ကြိုပြင်ဆင်ထားခြင်းမရှိသော အကတစ်ခုကိုလည်း ကပြဖျော်ဖြေကြသည်။

ဤအရာများသည် လွန်ခဲ့သော နှစ်ရက်ခန့်က အင်တာနက်ဗီဒီယိုများ ကြည့်ရှုရင်း သင်ယူထားခဲ့သော အရာများ ဖြစ်သည်။

ဤမျှဖြင့် မလုံလောက်သေးကြောင်း ခံစားရသဖြင့် ၎င်းသည် အခြားသော မျောက်အနည်းငယ်ကို ခေါ်၍ အတူတကွ ကပြသည်။

အင်တာနက်အသုံးပြုသူများသည် မထိန်းချုပ်နိုင်ဘဲ ရယ်မောကြတော့သည်။

“မဟုတ်သေးပါဘူး၊ ဒါက ဘာကြီးလဲ”

“အခုကြည့်နေတာ လင်းယန်ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကော ဟုတ်ရဲ့လား”

“အခုဆိုရင် သူတို့က ဘာလို့ ဒီလိုမျိုး ကပြတာတွေကိုပါ လုပ်နေကြတာလဲ”

“သူဌေး ဘယ်ရောက်နေလဲ၊ ဒီမျောက်ကို မင်း ဘာတွေ လုပ်ခိုင်းထားတာလဲ ကြည့်ပါဦး”

လင်းယန်သည် အပြစ်ကင်းစင်ဟန်ဖြင့် ရှင်းပြသည်။

“ကျွန်တော့်ကို အပြစ်မတင်ကြပါနဲ့၊ ဒါက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး၊ သူက တစ်နေ့ကုန် ဘာအလုပ်မှ မရှိတော့ ဖုန်းတစ်လုံးနဲ့ အင်တာနက်သုံးရတာကို သဘောကျနေတာ၊ ဒါတွေအကုန်လုံးကို သူ ကိုယ်တိုင် သင်ယူထားတာပါ”

အင်တာနက်အသုံးပြုသူများသည် အံ့အားသင့်သွားကြ၏။

“ဒီမျောက်က တချို့ အမျိုးသမီးတင်ဆက်သူတွေထက်တောင် ပိုပြီး ကောင်းကောင်း ကနိုင်သေးတယ်”

“အလွန်ကောင်းတယ်၊ သူကတော့ ချက်ချင်း အနုပညာလောကထဲ ဝင်လို့ရပြီ”

“သူဌေး... ‘Life Swap’ အစီအစဉ်ရဲ့ ရိုက်ကူးရေးအဖွဲ့က နောက်အပတ်မှာ မင်းရဲ့အစီအစဉ်ဆီ လာတော့မယ်လို့ ကြားတယ်၊ အဲဒီထဲမှာ နာမည်ကြီးတွေ အများကြီး ပါတယ်ဆိုပဲ၊ မင်းနဲ့ ဆရာဟွမ်တို့ အတူတူ အလုပ်လုပ်တာကို ငါ မြင်ချင်မိတယ်၊ အဲဒါ ဖြစ်နိုင်မလား”

“ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒါက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းမှာ သေချာတယ်”

“ဆရာဟွမ်က သူဌေးရဲ့ ဝင်းခြံထဲက တိရစ္ဆာန်တွေကို မြင်ရင် ကြောက်လန့်ပြီး သေသွားနိုင်မလား”

“ရယ်စရာကြီး၊ မင်းတို့အားလုံးက ဘာလို့ ဆရာဟွမ်ကိုပဲ မြင်ချင်နေကြတာလဲ၊ ဆရာဟယ်ကိုပါ အဖတ်လုပ်ကြပါအုံးဟ”

လင်းယန်သည် လွန်ခဲ့သော နှစ်ရက်ခန့်ကပင် ထိုကြေညာချက်အား လက်ခံရရှိထားခြင်း ဖြစ်၍ ထိုဖျော်ဖြေရေးအစီအစဉ်နှစ်ခုသည် အမှန်တကယ် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေကြခြင်း ဖြစ်သည်။ အစီအစဉ်နှစ်ခုလုံး၏ ဒါရိုက်တာများသည် လူထုစိတ်ဝင်စားမှု ရစေရန်အတွက် ဤပူးပေါင်းမှုအား စီစဉ်ခဲ့ကြသည်။

“အခုအချိန်မှာ အဲဒီအကြောင်းတွေကို ပြောဖို့ စောပါသေးတယ်၊ ဘယ်ဆရာနဲ့မဆို အတူတကွ အလုပ်လုပ်ရတာကို ကျွန်တော် ဝမ်းမြောက်မိပါတယ်၊ ဒီနေ့မှာတော့ လူတိုင်းကို လက်ဆောင်ပေးဖို့အတွက် ဈေးရောင်း လိုက်ဖ် လေး လုပ်တာပါ၊ ကျွန်တော့်ရဲ့ နောက်က ငါးခြောက်တွေကို မြင်ကြလား”

အင်တာနက်အသုံးပြုသူများသည် ထိုအရာအား သတိပြုမိကြ၏။

“ဒီငါးခြောက်တွေအကုန်လုံးကို ပရိသတ်တွေကို ပေးဖို့ စိတ်ကူးနေတာလား”

“မင်း တကယ်ပြောနေတာလား တင်ဆက်သူ၊ ငါ မရယ်ဘဲ မနေနိုင်တော့ဘူး၊ အခြား တင်ဆက်သူတွေက ဖုန်းတွေ၊ တက်ဘလက်တွေနဲ့ ကွန်ပျူတာတွေကို လက်ဆောင်ပေးနေကြချိန်မှာ မင်းကတော့ ငါးခြောက်တွေကို ပေးနေတယ်ပေါ့”

“ငါတို့ရဲ့ တင်ဆက်သူက မြေကြီးဆင်းပြီး လက်တွေ့ကျလွန်းတာ တကယ်ကို ရယ်ရတယ်”

“ဘာလဲ၊ မင်းတို့က တကယ့်ကိုပဲ ငါတို့ရဲ့ တင်ဆက်သူကို ဖုန်းတွေ၊ တက်ဘလက်တွေ ပေးခိုင်းနေတာလား၊ ဒါတွေက အလကားရတာ မဟုတ်ဘူးလေ”

“ဟားဟားဟား... မိတ်ဆွေရာ၊ အဲလောက်ကြီး ရယ်စရာမလုပ်ပါနဲ့”

လင်းယန်သည် အပြစ်ကင်းစင်စွာဖြင့် ရိုးသားစွာဆိုသည်။

“အဲဒီပစ္စည်းတွေကတော့ ပိုက်ဆံပေးရမှာပါ၊ ဒါပေမဲ့ ဒီငါးခြောက်ကတော့ အလကားရတာပါ”

အင်တာနက်အသုံးပြုသူများသည် သူ၏စကားအား ကြားရသောအခါ ပို၍ ရယ်မောချင်စိတ် ဖြစ်ပေါ်လာကြ၏။

“သိပ်ပြီးတော့ ရိုးမနေပါနဲ့ဦး”

“မင်းက အဲဒီအတိုင်း တိုက်ရိုက်ပြောချင်ရသလား၊ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဆင်ခြေတစ်ခုခုလောက် ရှာသင့်တာပေါ့၊ ပရိသတ်တွေ လျော့နည်းသွားမှာကို မကြောက်ဘူးလား”

“ဘာပဲဖြစ်ဖြစ် ငါတို့က မင်းရဲ့ ပရိသတ်တွေလေ၊ မင်းပြောပုံအရဆိုရင် ငါတို့က တန်ဖိုးမရှိတဲ့လူတွေလို ဖြစ်နေပြီ”

“ဟမ်း”

လင်းယန်သည် လည်ချောင်းကို တစ်ချက်မျှ ရှင်းလိုက်ပြီးနောက် အသိပေးလိုက်သည်။

“ဒီတစ်ကြိမ်မှာတော့ လက်ဆောင်ပေးဖို့အတွက် ကံစမ်းမဲနှိုက်တာမျိုး မလုပ်တော့ပါဘူး၊ ပျော်စရာကောင်းတဲ့ ကစားပွဲလေးတစ်ခု ကစားကြစို့။ မှန်ကန်အောင် ဖြေဆိုနိုင်တဲ့သူတိုင်း ဆုလာဘ်ကို ရရှိစေရမယ်”

သူ စကားပြော၍ ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် ရှောင်စစ်ယွီ၊ ဝမ်လင်းလင်းနှင့် ချန်ဟောက်ထျန်းတို့သည် တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် တိုင်ပင်နေကြကာ မိမိတို့၏ လက်ကိုင်ဖုန်းများအား မကြာခဏ ကြည့်နေကြကြောင်း မြင်တွေ့လိုက်ရသည်။

“မင်းတို့သုံးယောက် ဘာတွေ လုပ်နေကြတာလဲ”

ဝမ်လင်းလင်းသည် သဘာဝကျကျဆို၏။

“မေးခွန်းဖြေမလို့လေ၊ အစ်ကိုလင်း... အပိုစကားတွေ ပြောမနေဘဲ ဘယ်လိုကစားရမလဲဆိုတာသာ မြန်မြန်ပြောပါတော့”

“ဗျာ”

ထိုသူသုံးဦး၏ အပြုအမူသည် လင်းယန်အား လုံးဝ ဆွံ့အသွားစေခဲ့သည်။

ဒေသထွက် လက်ဆောင်ပစ္စည်းအဖြစ် သူတို့ကို ပေးပို့မည်ဟု အစောပိုင်းက သဘောတူထားခဲ့ကြသည် မဟုတ်ပါလော။

ယခုမူ သူတို့သည် ပေါ်ပေါ်ထင်ထင်ပင် လုယူရန် ပြင်ဆင်နေကြသည်။

ပရိသတ်များသည်လည်း အလျင်အမြန် စတင်ရန် တိုက်တွန်းလာကြသဖြင့် လင်းယန်သည် အခြားရွေးချယ်စရာမရှိဘဲ ရှင်းပြတော့သည်။

“အလွန်ရိုးရှင်းပါတယ်၊ ကျွန်တော့်ဆီမှာ တိရစ္ဆာန်တွေရဲ့ အသံသွင်းယူထားချက်အချို့ ရှိတယ်၊ လူတိုင်းအနေနဲ့ အဲဒီအသံသွင်းချက်တွေပေါ် မူတည်ပြီး တိရစ္ဆာန်တွေဘာပြောလဲဆိုတာကို ခန့်မှန်းပေးရုံပါပဲ”

အချို့သော အင်တာနက်အသုံးပြုသူများသည် ထိုစိန်ခေါ်မှုသည် အလွန် လွယ်ကူလွန်းသည်ဟု ခံစားမိကြ၏။

၎င်းတို့သည် တိရစ္ဆာန်များနှင့် တိုက်ရိုက် ဆက်သွယ်စကားပြောနိုင်ခြင်း မရှိသော်လည်း ယခုအဓိပ္ပာယ်ကိုမူ နားလည်နိုင်ကြသည်။

တိရစ္ဆာန်များသည် လူသားများကဲ့သို့ စကားလှည့်ပတ်ပြောဆိုခြင်းမရှိဘဲ သဘာဝအတိုင်း ပွင့်လင်းရိုးသားကြသဖြင့် ၎င်းတို့တွင် ပျော်ရွှင်သော အော်မြည်သံနှင့် ဝမ်းနည်းသော အော်မြည်သံသာ ရှိသည်။

ဤအရာသည် ဆုလာဘ်ပါရှိသော ဉာဏ်စမ်းပဟေဠိတစ်ခု မဟုတ်ဘဲ အခမဲ့ ဝေငှပေးခြင်းသာ ဖြစ်သည်မှာ ထင်ရှားလှသည်။

“မင်း တကယ်ပြောနေတာလား တင်ဆက်သူ၊ အခု မင်းရဲ့ လိုက်ဖ် ထဲမှာ ကြည့်ရှုသူ နှစ်သောင်းလောက် ရှိနေတာ၊ ငါးခြောက်တွေ ပေးလိုက်ရလို့ မင်းရဲ့ စုငွေတွေ အကုန် ကုန်သွားတာမျိုး မဖြစ်ပါစေနဲ့ဦး”

“အဲဒါက အဲဒီလောက် ရိုးရှင်းလိမ့်မယ် မထင်ဘူး”

“အသံကို နားထောင်ရုံတင် တကယ်ပဲ အဆင်ပြေပါ့မလား”

“ငါ လိပ်စာကို ပို့ထားပြီးပြီ၊ ဒီလက်ဆောင်ကတော့ ငါ့အတွက် ဖြစ်ရမယ်”

သို့သော် လူအချို့အတွက်မူ ဤအရာသည် အနည်းငယ် ခက်ခဲနေဆဲ ဖြစ်သည်။

“အလိုလေး... တင်ဆက်သူက ငါတို့ကို အထင်ကြီးလွန်းနေတာပဲ”

“လူတိုင်းက တိရစ္ဆာန်တွေနဲ့ အလွယ်တကူ ဆက်သွယ်နိုင်တာမှ မဟုတ်တာ”

“အင်တာနက်ပေါ်မှာ ဘာသာပြန် App တစ်ခု ရှိတယ်လို့ ငါ မှတ်မိနေတယ်၊ အဲဒါနဲ့ ခိုးချလို့ ရမလား”

“အဲလိုအရာမျိုး ရှိတာလား၊ ငါ မင်းဆီ စာပို့ထားတယ်၊ အဲဒါကို ငါ့ဆီ ချက်ချင်း ပေးပို့ပေးပါဦး”

All Chapters