အခန်း ၁၁၂
Vol. 12 Ch. 112
အခန်း (၁၁၂)
လင်းယန်သည် အဓိပ္ပာယ်များပြည့်နှံ့နေသော အပြုံးဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
“ဒါဆိုရင် သေသေချာချာ နားထောင်ကြပေတော့၊ မှန်ကန်တဲ့အဖြေကို ပထမဆုံးဖြေဆိုနိုင်တဲ့ ပရိသတ်သုံးယောက်ပဲ ငါးခြောက် ဆယ်ကတ်တီ (၃ပိသာ)ကို ဆုအဖြစ် ရရှိမှာ ဖြစ်တယ်”
သူသည် ပြောပြောဆိုဆိုဖြင့် ကြိုတင်ပြင်ဆင်ထားသော အသံဖမ်းဖိုင်အား ဖွင့်ပြလိုက်၏။
“ဝိုး... ဝိုး”
လွန်ခဲ့သော မိနစ်ပိုင်းမျှမှ အလွန် စိတ်လှုပ်ရှားကာ ဆူညံနေကြသည့် အွန်လိုင်းအသုံးပြုသူ တို့သည် ထိုအသံကို ကြားလိုက်ရသော် ငြိမ်သက်သွားကြသည်။
“ဒါက ဘာအသံကြီးလဲ”
“အသံဖိုင် မှားဖွင့်လိုက်တာလား”
“ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကနေ ထွက်လာတဲ့ အသံလဲဟ”
လင်းရန်သည် ရယ်ချင်စိတ် အောင့်အီးထိန်းချုပ်ကာ ဆိုသည်။
“ဒါကတော့ ငါ့အိမ်က ကောင်တွေထဲက တစ်ကောင်က ပေးလိုက်တဲ့ အသံပေါ့၊ ဘယ်ကောင်လဲဆိုတာကိုတော့ မင်းတို့ဘာမင်းတို့ ခန့်မှန်းကြည့်ကြပေါ့”
အွန်လိုင်းအသုံးပြုသူတို့သည် ၎င်းတို့၏ ဦးနှောက်အား အစွမ်းကုန် အသုံးချကာ စဉ်းစားကြသော်လည်း ခြံဝင်းအတွင်းရှိ များပြားလှသော သတ္တဝါများထဲမှ မည်သည့်အကောင်သည် ဤကဲ့သို့ ဆန်းပြားသော အသံအား ပြုလုပ်နိုင်မည်နည်းဟု မတွေးဆနိုင်ပေ။
“ချစ်စရာကောင်းတဲ့ အသံလေးပဲ၊ ဒါပေမဲ့ မြေခွေးဖြူလေးရဲ့ အသံနဲ့တော့မတူဘူး”
“အမွေးဝါဆီက ထွက်လာတာလား”
“ရဲရဲသာ ခန့်မှန်းလိုက်စမ်းပါ၊ ငါကတော့ အဲဒီအသံက မျောက်ဆီကလာတာလို့ လောင်းကြေးထပ်တယ်၊ အဲဒီကောင်က အတုခိုးဝါသနာပါတာ မဟုတ်လား၊ အွန်လိုင်းကနေ သင်ယူထားတာလည်း ဖြစ်နိုင်တာပဲ”
“ဟုတ်နိုင်တယ်၊ ဒါဆိုရင် ငါလည်း မျောက်ပဲလို့ ခန့်မှန်းမယ်”
ထိုအခါ လင်းရန်သည် ဆို၏။
“မင်းတို့တွေ အဓိကအချက်ကို လွဲနေကြပြီ၊ ငါက ဘယ်သူက အသံပြုတာလဲလို့ မေးနေတာမဟုတ်ဘူး၊ ဒီအသံက ဘာအဓိပ္ပာယ်လဲဆိုတာကို ခန့်မှန်းခိုင်းတာ၊ အကြမ်းဖျင်းပေါ့ဗျာ၊ ပျော်နေတာလား၊ ဝမ်းနည်းနေတာလား၊ ဆာလောင်နေတာလား၊ ဒါမှမဟုတ် အိပ်ငိုက်နေတာလား စသဖြင့်ပေါ့”
“ဒါကို ခဏဖယ်ထားလိုက်ပါဦး၊ အဲဒီအသံကို ဘယ်သူပြုလုပ်တာလဲဆိုတာ အရင်ပြောပြပေးပါလား၊ ငါ့ရည်းစားရဲ့ အသံထက်တောင် ပိုပြီး ကျယ်သေးတယ်”
“ဟေ့လူ... မင်းရည်းစား ဒါကိုမြင်ရင် မင်းကို အသေသတ်လိမ့်မယ်၊ သတိထားဦး”
လင်းရန်သည် ထောင့်တစ်နေရာတွင် အိပ်မောကျနေသော ကျားမကြီးအား တစ်ချက် လှမ်းကြည့်ကာ ဆို၏။
“သိသာနေတာပဲ မဟုတ်လား၊ ဒါ ကျားမကြီးရဲ့ အသံလေ”
အွန်လိုင်းအသုံးပြုသူတို့သည် ဆွံ့အသွားကြသည်။
ကျားတစ်ကောင်သည် ဤကဲ့သို့သော အသံ ပြုလုပ်နိုင်ပါသလော။
၎င်းတို့၏ စိတ်ထဲတွင် ကျားဟူသည် အစဉ်သဖြင့် ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါများ ဖြစ်ကြသည်။
ထိုသတ္တဝါ၏ ဟိန်းဟောက်သံတစ်ချက်သည် လူတစ်ယောက်၏ ဝိညာဉ်အား လွင့်စင်သွားနိုင်၏။
၎င်းတို့အနေဖြင့် ထိုမျှ ညင်သာဆန်းပြားသော အသံသည် ကြောက်မက်ဖွယ်ကောင်းသော ကျားမကြီး၏ ခံတွင်းမှ ထွက်ပေါ်လာသည်ဟူသောအချက်အား လုံးဝ မယုံကြည်နိုင်ကြချေ။
“ထားလိုက်ပါတော့၊ ဒါကို ဆက်ပြီး အငြင်းမပွားကြေး၊ ကျားမကြီးက အဖော်ရှာနေတာ နေမှာ”
“ဒီလို အသံကတော့ ကျားတွေအဖော်ရှာတဲ့အခါ သုံးတဲ့အသံဆိုတာ ရာနှုန်းပြည့် သေချာတယ်”
“တစ်စုံတစ်ခုတော့ မရိုးသားဘူးနော်၊ သူက သူဌေးလင်းကို မြူဆွယ်နေတာလို့ ငါတော့ လောင်းရဲတယ်”
အွန်လိုင်းအသုံးပြုသူတို့သည် မိမိတို့၏ အမြင်များအား အသီးသီး အပြိုင်အဆိုင် ရေးသားကြရာ တစ်ခဏအကြာ လင်းယန်သည် သိနားလည်သော အပြုံးတစ်ခုဖြင့် ဆိုသည်။
“မင်းတို့အားလုံး ခန့်မှန်းတာ တစ်ယောက်မှ မမှန်ဘူး”
ပရိသတ်များမှာ စိတ်ထဲတွင် မည်သည့်အရာမျှ ပေါ်မလာတော့ပေ။
“အမှန်တရားကတော့ ကျားမကြီး အိပ်ပျော်စဉ်မှာ ဟောက်နေတာကို ငါက တိတ်တဆိတ် အသံဖမ်းထားတာ”
လင်းယန်သည် ၎င်း၏စကားကို သက်သေပြရန်အတွက် ကျားမကြီး အိပ်မောကျကာ ဟောက်နေသည့် ရုပ်သံဗီဒီယိုဖိုင်ကိုပါ ဖွင့်ပြလိုက်သည်။
ကြည့်ရှုသူတို့မှာ ဆွံ့အသွားကြ၏။
အချို့က မိတ်လိုက်ရန် မြူဆွယ်ခြင်းဟု ခန့်မှန်းကြကာ အချို့က အဖော်ရှာခြင်းဟု ထင်မြင်ကြသည်။
အချို့ကမူ ဆာလောင်သောကြောင့်ဟု တွေးဆကြ၏။
နောက်ဆုံးတွင် ခန့်မှန်းချက်အမျိုးမျိုး ပေါ်ထွက်ခဲ့ကြသည်။
သို့သော် ကျားမကြီးသည် အိပ်ပျော်နေစဉ် ထိုသို့ ဟောက်တတ်သည်ဟု မည်သူက မျှော်လင့်ထားပါမည်နည်း။
အကြောင်းမူကား ထိုအသံသည် ဟောက်သံနှင့် အနည်းငယ်မျှ တူညီမှုမရှိသောကြောင့် ဖြစ်၏။
“ငါ့ဦးနှောက်ကို အစွမ်းကုန် သုံးခဲ့ပေမဲ့ ကျားရဲ့ဟောက်သံက ဒီလိုမျိုး ဖြစ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး”
“မင်းတစ်ယောက်တည်းကို မပြောနဲ့၊ တို့တစ်တွေအားလုံးထဲမှာ တစ်ယောက်ယောက်များ မှန်အောင် ခန့်မှန်းနိုင်ခဲ့လို့လား”
“လိုက်ဖ် လွှင့်တဲ့လူကတော့ လွန်သွားပြီ၊ စစချင်းမှာတင် မေးခွန်းသတ်တာပဲ”
“နောက်တစ်ခုကတော့ ပိုပြီး လွယ်မှရမယ်”
လင်းရန် ဆက်ဖွင့်ပြလိုက်သည်။
“ကောင်းပြီ၊ ဒါဆိုရင် နောက်ထပ် အသံဖမ်းဖိုင်တစ်ခုကို နားထောင်ကြည့်ကြရအောင်”
နောက်ထွက်ပေါ်လာသောအသံမှာ ငန်းဖြူကြီး ပြုလုပ်လိုက်သော အသံဖြစ်၏။
“ဂတ်”
ထိုအသံသည် ပုံမှန်ထက် ထူးခြားနေကာ အလွန် စူးရှတုန်ခါနေသည်။
“ဒီအသံကတော့ အလွန်သိသာပါတယ်၊ ဘယ်သူက သွားပြီး ရန်စလိုက်တာလဲ၊ ကလေးသံလေးကတောင် ဒီလိုမျိုး ပြောင်းလဲသွားရတယ်”
“ငါထင်တာတော့ ဒါ ဒေါသထွက်နေတဲ့ အသံပဲ ဖြစ်ရမယ်”
“အပေါ်ကလူ့အမြင်ကို ငါလည်း ထောက်ခံတယ်”
လင်းယန်၏ နှုတ်ခမ်းအစုံသည် အနည်းငယ် ကွေးညွတ်သွားကာ ၎င်း၏ လက်ညှိုးအား မြှောက်၍ ဘယ်ညာ ယမ်းပြလျက် ငြင်းလိုက်၏။
“မဟုတ်ဘူး... မဟုတ်ဘူး”
နှစ်ကြိမ်တိုင်တိုင် ဆက်တိုက် မှားယွင်းစွာ ခန့်မှန်းမိကြသဖြင့် အွန်လိုင်းအသုံးပြုသူတို့သည် စိတ်ပျက်အားလျော့လာကြသည်။
လင်းယန်သည် အမှန်တရားအား ဖွင့်ဟလိုက်၏။
“ဒါကတော့ ငန်းဖြူကြီးကို မျောက်ကြီးကလည်ပင်းညှစ်ထားလို့ မထွက်ချင်ဘဲ ထွက်လာရတဲ့ အသံဖြစ်တယ်”
သူသည် ပြောပြီးနောက် အခြားဗီဒီယိုတစ်ခုကို ထပ်ပြလိုက်ပြန်သည်။
ဗီဒီယိုထဲတွင် ငန်းဖြူကြီး၏ လည်ပင်းကို မျောက်ညိုကလေး အတင်းဆွဲညှစ်ထားသည်။
ထိုမြင်ကွင်းအား မြင်လိုက်ရသော အွန်လိုင်းအသုံးပြုသူတို့သည် ဆွံ့အသက်ပြင်းချရုံမှတစ်ပါး အခြားမရှိတော့ပေ။
ဤလောကကြီးသည် ဘာတွေဖြစ်ပျက်နေပါသနည်း။
“ငန်းဖြူကြီးက ရွှေရောင်မျောက်ကလေးရဲ့ ကစားစရာ ဖြစ်သွားရတာလား”
“ဘုရားရေ... ငန်းဖြူကြီးက ဘာလို့ အဲဒီမျောက်ကို သွားပြီး ဆွလိုက်ရတာလဲ၊ အခုတော့ သူ့အသက်က မျောက်လက်ထဲ ရောက်သွားပြီ မဟုတ်လား”
“ငါတော့ ဆက်မကစားတော့ဘူး၊ နှစ်ခါရှိပြီ... အကုန်မှားတယ်၊ စိတ်တိုဖို့ကောင်းလိုက်တာ”
“အပေါ်က ညီအစ်ကိုရေ... စိတ်မပူပါနဲ့၊ ငါက တိမွေးကုပါ၊ ငါတောင် မမှန်သေးဘူး”
ဘာအကြောင်းပြချက်မျှမရှိဘဲ ရယ်ချင်စိတ်အား အဘယ်ကြောင့် ထိန်းမရမှန်း မသိတော့လျှင် အဘယ်သို့ ပြုလုပ်ရပါမည်နည်း။
“ဒါကတော့ တကယ့်ကို ရယ်ရတယ်၊ ငါ ဒီဗီဒီယိုနှစ်ခုကို တည်းဖြတ်ပြီး အွန်လိုင်းပေါ် တင်လိုက်ဦးမယ်”
“အသက်ရှည်ရှည်နေရင်တော့ အရာရာကို မြင်တွေ့ရစမြဲပါပဲ “
လင်းယန်သည် တစ်နာရီကျော်မျှသာ ကြာမြင့်သော တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ငါးခြောက် အချိန်ကီလို၂၀ ကျော်ကို အလကား ပေးဝေခဲ့သည်။
မိမိပြင်ဆင်ထားသော ပဟေဠိသည် ဤမျှအထိ ခန့်မှန်းရန် ခက်ခဲလိမ့်မည်ဟု သူ ကိုယ်တိုင် ထင်မှတ်မထားခဲ့ချေ။
၎င်းကို အွန်လိုင်းအသုံးပြုသူ အများအပြားသည်လည်း ဝိုင်းဝန်းစိတ်ဝင်စားခဲ့ကြသည်။
နောက်ဆုံးတွင် သူသည် အွန်လိုင်းအသုံးပြုသူ အချို့ကိုသာ ကျပန်းရွေးချယ်၍ ငါးခြောက်များ ပေးပို့ရန် ဆုံးဖြတ်လိုက်တော့၏။
သို့မဟုတ်ပါက ထိုပရိသတ်များသည် ဒေါသထွက်ကာ မိမိအား တိုင်ကြားကြလိမ့်မည်အား သူ အမှန်တကယ် စိုးရိမ်မိသောကြောင့် ဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု ပိတ်လိုက်ပြီးနောက် အွန်လိုင်းပေါ်ရှိ ဆွေးနွေးငြင်းခုံမှုများသည် ရပ်တန့်သွားခြင်း မရှိပေ။
၎င်းတို့သည် လင်းယန် တင်ပေးလိုက်သော ဗီဒီယိုများအား လူမှုကွန်ရက်သုံး Memeများအဖြစ်ပင် ပြောင်းလဲပစ်ကြလေသည်။
လူကြိုက်အများဆုံး မြင်ကွင်းမှာ မျောက်အိုကြီးက ငန်းဖြူကြီး၏ လည်ပင်းအား ဖမ်းဆွဲထားသည့် မြင်ကွင်း ဖြစ်၏။
အွန်လိုင်းအသုံးပြုသူတို့သည် စာသားများအား စာနာစိတ်ရှိစွာဖြင့် ထည့်သွင်းပေးထားကြသည်။
“ညီလေး... လျှောက်မလုပ်နဲ့ဦး”
“အစ်ကိုကြီး... ကယ်ပါဦး”
“ဒီညတော့ တို့တစ်တွေ ငန်းသားသံအိုးချက် စားရတော့မယ်”
အမျိုးမျိုးသော ဟာသစာသားများသည် ဤရုပ်ပြပုံရိပ်အား အင်တာနက်တစ်ခွင်၌ အလွန်ရေပန်းစားသွားခဲ့သည်။
လင်းယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုအား မကြည့်ဖူးသော လူအများအပြား ဤရုပ်ပြပုံရိပ်ကို သိမ်းဆည်းထားကြ၏။
မိမိ၏ မူလရည်ရွယ်ချက်ဖြစ်သော လက်ဆောင်ပစ္စည်း အခမဲ့ပေးဝေခြင်း အစီအစဉ်သည် ငန်းဖြူကြီးကို အကြောင်းပြချက်မရှိဘဲ ရေပန်းစားသွားစေလိမ့်မည်ဟု လင်းယန် မျှော်လင့်မထားခဲ့မိချေ။
သူသည် မိုက်ခရိုဝေ့ဖ်မီးဖိုအား ပိတ်လိုက်ပြီးနောက် ကျန်ရှိနေသော ငါးခြောက်များအား သုံးပုံ ပုံလိုက်ကာ ချန်ဟောက်ထျန်းနှင့် အခြားနှစ်ယောက်ကို အိမ်သယ်သွားရန်အတွက် ထုပ်ပိုးရန် ရည်ရွယ်လိုက်သည်။
ချန်ဟောက်ထျန်းသည် အနည်းငယ် အားနာသွားကာ ဆိုသည်။
“ဒါကတော့... မင်း ငါ့ကို ဒီလောက်အများကြီး ပေးဖို့ မလိုပါဘူး”
“မင်းတို့တွေ ပျော်ရွှင်စရာ ယာတောအိမ်ဂေဟာမှာ ငါ့ကို အများကြီး ကူညီပေးခဲ့ကြတာပဲ၊ ဒါကြောင့် ဒီငါးခြောက်တွေကို မင်းတို့ရဲ့ ကူညီမှုအတွက် ကျေးဇူးတင်လို့ပေးတာလို့ပဲ သဘောထားလိုက်ပါ”
“မနက်ဖြန်ကျရင်တော့ ရွာကလူတစ်ယောက်ကို မင်းတို့ မြို့ထဲအထိ လိုက်ပို့ခိုင်းပြီး ဘတ်စကားစီးနိုင်အောင် စီစဉ်ပေးမယ်”
ရှောင်စစ်ယွီသည် ရှောင်ရွှေနှင့် မခွဲနိုင် မခွာရက် ဖြစ်နေ၏။
သူမသည် မျက်ဝန်းအစုံမှ ကျလာသော မျက်ရည်များ တိတ်တဆိတ် သုတ်ဖယ်ကာ လှည့်ပြန်၍ ရှောင်ရွှေကို ပွေ့ချီထားရင်း မိမိ၏ စိတ်လှုပ်ရှားမှုများ အတတ်နိုင်ဆုံး ဖုံးကွယ်ထားရန် ကြိုးစားနေရှာသည်။
သို့သော် ဝမ်လင်းလင်းသည် ထိုသို့မဟုတ်ချေ။ သူမသည် ဝမ်းနည်းပက်လက် ငိုကြွေးလျက် ညည်းတွားလေသည်။
“အစ်ကိုလင်း... ညီမ မခွဲနိုင်ဘူး ဖြစ်နေပြီ”
ရန်အာဟူကမူ သူမ၏အဖြစ်အား သနားညှာတာခြင်းမရှိဘဲ ဖော်ထုတ်လိုက်၏။
“မင်းက အစ်ကိုလင်းနဲ့ မခွဲနိုင်တာ မဟုတ်ပါဘူး၊ ဒီက တိရစ္ဆာန်တွေ၊ ပြီးတော့ ကောင်းမွန်တဲ့ အစားအသောက်ကောင်းတွေနဲ့ မခွဲနိုင်တာလို့ ငါတော့ ထင်တာပဲ”
ထိုစကားကို ကြားလျှင် ဝမ်လင်းလင်းသည် မျက်ရည်များကြားမှ သဘောကျကာ ရယ်မောမိ၍ ရန်အာဟူအား ခြေဖြင့် ကန်ကျောက်လျက် ရန်တွေ့လိုက်သည်။
“နင် ငါ့ကို မဖဲ့ဘဲနေရင် သေသွားမှာမို့လို့လား”
ဤကောင်သည် ဤမျှ စိတ်လှုပ်ရှားဖွယ်ကောင်းသော အချိန်အခါကို ဖျက်ဆီးပစ်လိုက်သည်။
နောက်တစ်နေ့တွင် ဝမ်လင်းလင်းနှင့် အခြားနှစ်ယောက်တို့သည် လင်းယန်အား နှုတ်ဆက်ကြသည်။
လင်းယန်သည် ၎င်းတို့အား ဒေသထွက် လက်ဆောင်ပစ္စည်း အမြောက်အမြားကို ပေးလိုက်၏။
ဝမ်လင်းလင်းသည် နောင်တစ်ချိန်တွင် သေချာပေါက် ပြန်လာလည်ဦးမည်ဖြစ်ကြောင်း မခွဲနိုင်သော လေသံဖြင့် ပြောခဲ့သည်။
ရန်အာဟူသည် ၎င်းတို့ ထွက်သွားသော ကျောပြင်ကို ကြည့်ကာ သက်ပြင်းချလျက် ဆို၏။
“ဒီကောင်တွေ နောက်ဆုံးတော့ သွားကြပြီပဲ”
“မင်းရဲ့ သူငယ်ချင်းဟောင်းတွေ လာတာကို မင်း မပျော်ဘူးလား”
ရန်အာဟူသည် ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်၏။
“သူတို့ရှိနေရင် ငါ့ရဲ့ အလုပ်တာဝန်တွေ ပိုများလာရုံပဲ ရှိတာပေါ့”
သူသည် အမြဲ လင်းယန် အား ဆွံအသွားအောင် လုပ်လေ့ရှိသည်။ယခုလည်း လင်းယန်မှာ အတွေးများစွာဖြင့် ဆွံအနေရလေသည်။