← Chapters

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း (၁၁၃)

နှစ်ရက် ကြာပြီးနောက် လင်းယန်သည် သတင်းကောင်းတစ်ခု လက်ခံရရှိသည်။

ထိုသတင်းသည် အခြားမဟုတ်၊ လူလုပ်ရေကန်တူးဖော်ရန် တင်ပြထားသော လျှောက်လွှာကို သက်ဆိုင်ရာ အာဏာပိုင်များ ခွင့်ပြုချက်ချမှတ်လိုက်ပြီဟူသော သတင်း ဖြစ်၏။

ရွာသူကြီးသည် လင်းယန်ထံသို့ ကိုယ်တိုင်ကိုယ်ကျလာ၍ ထိုအကြောင်းအရာအား ပြောပြလေသည်။

“ခွင့်ပြုချက်တော့ ကျလာပြီ၊ ဒါပေမဲ့ မင်းရွေးထားတဲ့နေရာက သိပ်မဟန်တာနဲ့ ငါပဲ နေရာလေး နည်းနည်း ပြောင်းပေးလိုက်တယ်၊ ငါတို့ ရှီရွှေရွာက မြေနေရာကျယ်ဝန်းပြီး မြေကွက်အလွတ်တွေ များတာကလွဲရင် အခြားထူးခြားတဲ့ အားသာချက်တော့ မရှိပါဘူး၊ ဒါကြောင့် မင်းရဲ့ရေကန်တူးမယ့်နေရာကို နောက်ဆုံးမှာတော့ ထိုက်ရန်ပင်ရဲ့ အနောက်ဘက်မှာပဲ အတည်ပြုပေးလိုက်တယ်”

ထိုက်ရန်ပင်သည် ရွာ၏အနောက်မြောက်ဘက်တွင် တည်ရှိသော မြက်ခင်းပြင်ကျယ်ကြီးတစ်ခု ဖြစ်၏။ ထိုမြက်ခင်းပြင် အလွန်တရာ ကျယ်ဝန်းလှသဖြင့် ရွာသူရွာသားများသည် မိမိတို့၏ နွားနှင့် သိုးများကို ထိုနေရာသို့ လာရောက်ကျောင်းလေ့ ရှိကြသည်။

ထိုထိုက်ရန်ပင် မြက်ခင်းပြင်၏ အနောက်ဘက်တွင် ကျယ်ပြောလှသော မြေရိုင်းပြင်ကြီးတစ်ခု ရှိနေလေသည်။

“လုပ်ထုံးလုပ်နည်းအရဆိုရင်တော့ မင်းက ရွာပိုင်မြေကို ငှားရမ်းခပေးပြီး သုံးရမှာပဲ၊ ဒါပေမဲ့ ငါက အထက်လူကြီးတွေနဲ့ သေချာညှိနှိုင်းပေးခဲ့ပါတယ်၊ ဘာပဲဖြစ်ဖြစ် အဲဒီမြေရိုင်းကြီးက ဒီအတိုင်းပဲ ပစ်ထားတာဆိုတော့ မင်းကိုပဲ အလကား ပေးသုံးလိုက်တာပေါ့”

အကယ်၍ အခြားသူသာ ဤကဲ့သို့ လွယ်လင့်တကူ ဆွေးနွေးနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော် လင်းယန်သည် သစ်တောရေးရာဗျူရိုအတွက် တောရိုင်းတိရစ္ဆာန်များ ကူညီစောင့်ရှောက် မွေးမြူပေးသူ ဖြစ်ခြင်းကြောင့် အထက်လူကြီးများသည် သူ့အပေါ် ထူးထူးခြားခြား မျက်နှာသာပေးကာ ဆက်ဆံကြခြင်း ဖြစ်သည်။

“ရေကန်တူးဖို့ ဒီလောက်ကြီးတဲ့ မြေကွက်ကြီးကို ကျွန်တော့်ကို ပေးသုံးတာလားခင်ဗျာ”

လင်းယန်သည် အလွန် အံ့အားသင့်သွားရုံမျှမက စိတ်လှုပ်ရှားမှုကိုလည်း ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

ဤသည်ကား မမျှော်လင့်ဘဲ ရလိုက်သော ဆုလာဘ်ကြီးတစ်ခုဟု ဆိုရမည်။

ထိုမြေရိုင်းပြင်ကြီး၏ အကျယ်အဝန်းကို အကြမ်းဖျင်း တွက်ချက်ကြည့်ပါက စတုရန်းမီတာ ခြောက်ရာ နီးပါး ရှိနေသည် မဟုတ်ပါလော။

မိမိ၏ နောက်ဖေးဝင်းအတွင်းရှိ ရေကန်ငယ်လေးနှင့် နှိုင်းယှဉ်ပါက များစွာကွာခြားလှသည်။

အကယ်၍ ဤလူလုပ်ရေကန်ကြီးကို အောင်မြင်စွာ တူးဖော်နိုင်ခဲ့လျှင် သူသည် ငါးသားပေါက်များ ပိုစိုက်ထည့်နိုင်မည်ဖြစ်၍ ၎င်းကို အကြီးစား စီးပွားရေးလုပ်ငန်းကွင်းဆက်တစ်ခုအဖြစ် အကောင်အထည်ဖော် တည်ဆောက်နိုင်လိမ့်မည် ဖြစ်ကြောင်း တွေးနေမိ၏။

လင်းယန်သည် မိမိစုဆောင်းထားသော ငွေကြေးပမာဏအား အကြမ်းဖျင်း တွက်ချက်ကြည့်ရာ ယွမ်တစ်သန်းခန့် ရှိနေကြောင်း တွေ့ရသည်။

ဤစီမံကိန်းသည် သေးငယ်သော လုပ်ငန်းတစ်ခု မဟုတ်သဖြင့် ၎င်းကို ပြီးမြောက်အောင်မြင်ရန်အတွက် ကျွမ်းကျင်သော ဆောက်လုပ်ရေးအဖွဲ့တစ်ခု ငှားရမည် ဖြစ်၏။

သူ့တွင် ငွေကြေးလုံလောက်ရုံမျှ ရှိသော်လည်း ဤလုပ်ငန်းအားလုံး လုပ်ဆောင်ပြီးစီးသွားပါက စုဆောင်းငွေ လုံးဝကျန်ရှိတော့မည် မဟုတ်ချေ။

မိမိ၏ လက်ရှိအခြေအနေကို ပြန်စဉ်းစားမိသောအခါ လင်းယန်သည် အနည်းငယ် တွေဝေသွားသည်။

လင်းယန်သည် ဤလူလုပ်ရေကန်အား ယခုချက်ချင်း တူးဖော်သင့်သလော။

သို့သော် ပြိုင်ပွဲစတင်ရန် လအနည်းငယ်မျှ လိုသေးသည်။ သူသည် ဤလအနည်းငယ်အတွင်း ကြိုးကြိုးစားစား အလုပ်လုပ်ကာ ထိုငွေများ ပြန်ရှာဖွေနိုင်သည်။

အကယ်၍ ဤလူလုပ်ရေကန်အား မတူးဖော်ဖြစ်ပါက မိမိ၏ နောက်ဖေးဝင်းတစ်ခုလုံး ငါးများဖြင့် ပြည့်သွားလိမ့်မည်။

လျှောက်လွှာခွင့်ပြုချက် ကျလာပြီးနောက် လင်းယန်သည် ကျွမ်းကျင်သော ဆောက်လုပ်ရေးအဖွဲ့တစ်ခုထံသို့ ချက်ချင်း ဆက်သွယ်လိုက်သည်။

ဆောက်လုပ်ရေးအဖွဲ့သည် နောက်တစ်နေ့၌ လူလုပ်ရေကန်၏ တည်နေရာ၊ အကျယ်အဝန်း၊ ပုံသဏ္ဌာန်နှင့် သက်ဆိုင်ရာ ရှုခင်းဒီဇိုင်းများအား သတ်မှတ်ရန်အတွက် လူလွှတ်၍ စစ်ဆေးစေခဲ့၏။

ထို့နောက် ၎င်းတို့သည် သက်ဆိုင်ရာ ဒီဇိုင်းပုံစံများအား ရေးဆွဲတင်ပြကြမည်ဖြစ်၍ ကန်၏ ပဓာနကျသော ကိုယ်ထည်ပိုင်းအား စတင်တူးဖော်မည့် လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ကြမည် ဖြစ်သည်။

အကျဉ်းချုပ်ရလျှင် လင်းယန်အနေဖြင့် မည်သည့်အရာကိုမျှ ပူပန်နေရန် မလိုဘဲ ငွေကြေးစိုက်ထုတ်ပေးရန်သာ လိုအပ်သည်။

လင်းယန်သည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လယ်ကွင်းပြင်ရှိ အလုပ်ကိစ္စများဖြင့် အလုပ်ရှုပ်နေခဲ့၍ ပရော်ဖက်ဆာထန်နှင့် အခြားသူများထံမှ စိုက်ပျိုးရေးဆိုင်ရာ အတွေ့အကြုံများ မေးမြန်းနေခဲ့၏။

ထိုသူများသည် စိုက်ပျိုးရေးလောကတွင် အလွန်ကျွမ်းကျင်သော ပညာရှင်ကြီးများ ဖြစ်ကြသည်။ ထိုပညာရှင်ကြီးများ ဤနေရာ၌ ရှိနေဆဲအချိန်တွင် မိမိအနေဖြင့် ပညာရပ်များအား အမိအရ သင်ယူရမည် ဖြစ်၏။

ဤကဲ့သို့ ပညာရပ်များအတွက် သင်တန်းကြေး ပေးရန် မလိုပေ။

သူသည် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်အား ဆွဲဆန့်ကာ အိမ်သို့ ပြန်ရောက်လာသောအခါ ငန်းကြီး၏ ဘေးနားတွင် ထူးခြားသော ဥသုံးလုံး ရောက်ရှိနေသည်အား တွေ့လိုက်ရ၏။

ထိုဥများသည် ငန်းဥနှင့် မတူဘဲ ကြက်ဥနှင့်သာ ပိုတူနေလေသည်။

“မင်း ငါ့ကြက်ခြံထဲက သွားခိုးလာတာလား”

လင်းယန်သည် လုံးဝဇဝေဇဝါ ဖြစ်သွား၏။

ငန်းဖြူကြီးသည် မိမိ၏ တောင်ပံများ အသုံးပြု၍ ထိုဥများအား ကမန်းကတန်း ဖုံးအုပ်လိုက်ကာ ခေါင်းမော့ကာ အသံကျယ်ကျယ် အော်မြည်လေတော့သည်။

“ဒီဥတွေအကုန်လုံးက ငါ့ဥတွေကွ”

လင်းရန်သည် ရန်အာဟူကို ချက်ချင်း လှမ်းခေါ်လိုက်၏။

“ရန်အာဟူ…ငန်းဖြူကြီးက ဒီဥတွေကို ကြက်ခြံထဲကနေ ခိုးလာတာလား”

ရန်အာဟူသည် ဇဝေဇဝါဖြစ်လျက် ပြန်ပြောလေသည်။

“မဖြစ်နိုင်တာ… ကျွန်တော် ဥတွေအကုန်လုံးကို ခြင်းတောင်းထဲ ထည့်ထားတာလေ၊ အကုန်လုံးကို သေချာစုထားတာ”

လင်းယန်သည် ပို၍ နားမလည်နိုင်အောင် ဖြစ်သွားရ၏။ အကယ်၍ ဤဥများသည် မိမိတို့ခြံမှ ဥများမဟုတ်ပါက ငန်းဖြူကြီးသည် အခြားသူတစ်ပါး၏ အိမ်မှ သွားခိုးယူလာခြင်း ဖြစ်လိမ့်မည်။ ထိုသို့ဆိုပါက ပို၍ လက်ခံနိုင်စရာ မရှိချေ။

သူသည် ငန်းဖြူကြီးအား ပွေ့ချီ၍ ဘေးသို့ ဖယ်ထုတ်လိုက်ပြီးနောက် မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သော ဥသုံးလုံးအား စိုက်ကြည့်ကာ စိတ်ထဲတွင် သံသယများ ဖြစ်နေမိသည်။

“ဒီဥတွေက ကြက်ဥနဲ့တော့ သိပ်မတူဘူး”

၎င်းသည် ကြက်ဥထက် များစွာသေးလှ၏။

သို့သော် ငုံးဥထက် အနည်းငယ် ပိုကြီးနေပြန်သည်။

“မင်း ဒီဥတွေကို ဘယ်ကရလာတာလဲ၊ သူတပါးအိမ်က ဥတွေကို လျှောက်မခိုးနဲ့လေ၊ မင်းက ဒါတွေကို ကြက်ပေါက်လေးတွေဖြစ်အောင် ဝပ်ပေးမလို့လား”

ဤကဲ့သို့သော ဖြစ်နိုင်ခြေအား တွေးမိသောအခါ လင်းယန်၏ နှုတ်ခမ်းများ တုန်ရီသွားကာ မေးလိုက်၏။

“နေပါဦး၊ မင်းက အထီးကြီး မဟုတ်ဘူးလား”

ငန်းဖြူကြီးသည် မိမိ၏တောင်ပံများ တဖြတ်ဖြတ် ခတ်လိုက်ကာ အာခံသည့်ဟန်ဖြင့် ကျယ်ကျယ် အော်သည်။

“အထီးဖြစ်ဖြစ် အမဖြစ်ဖြစ် ဘာအရေးလဲ၊ ဒါတွေက ငါ့ဥတွေပဲ”

အကျဉ်းချုပ်ရလျှင် ဤဥများသည် မိမိ၏ ပုဂ္ဂလိကပိုင် ပစ္စည်းများ ဖြစ်၏။ လင်းယန်သည် ထိုဥများ စိုက်ကြည့်ရင်း ပို၍ ဇဝေဇဝါဖြစ်လာသဖြင့် မိမိ၏လက်ကိုင်ဖုန်းအား ထုတ်ကာ ပုံရိပ်ဖော်ထုတ်ခြင်းစနစ်ဖြင့် ရှာဖွေကြည့်လိုက်သည်။

ရှာဖွေမှုရလဒ်အား မြင်လိုက်ရသောအခါ သူ၏ မျက်နှာအမူအရာသည် ချက်ချင်း ပျက်ယွင်းသွားတော့၏။

“မဟုတ်ဘူး၊ ဒါက ဘာလို့ သိန်းငှက်ဖြူ ရဲ့ ဥဖြစ်နေရတာလဲ”

ရွှေလင်းယုန်သည် ယခင်က သိန်းငှက်ဖြူအယောင်ဆောင်ထားသော ဒရုန်းတစ်ခုအား ဖမ်းဆီးခဲ့ဖူးသဖြင့် သိန်းငှက်ဖြူဟူသည် တရုတ်နိုင်ငံ၏ ပထမတန်းစား ကာကွယ်စောင့်ရှောက်ထားသော တောရိုင်းတိရစ္ဆာန် ဖြစ်ကြောင်းကို သူကောင်းစွာ သိရှိထား၏။

ရှေးယခင်ကတည်းက တောင်ပံပါသော သတ္တဝါပေါင်း သုံးရာခြောက်ဆယ် ရှိသည့်အနက် အထူးချွန်ဆုံးနှင့် အပြောင်မြောက်ဆုံး သိန်းငှက်ဖြူဖြစ်၍ ၎င်း၏ သဘာဝစရိုက်သည် လောကဓာတ်၏ စွမ်းအင်နှင့် မီးဓာတ်၏ အရှိန်အဝါတို့ ဝပ်လျက် ရှိရုံမျှမက ထူးခြားသော ပါရမီရည်မှန်းချက်များသည် ကောင်းကင်ယံမှ ယောင်ကွမ်ကြယ်ပွင့်ကဲ့သို့ ထွန်းလင်းတောက်ပနေသည်ဟူသော ဆိုရိုးစကား ရှိလေသည်။

ထို့ကြောင့် သိန်းငှက်ဖြူသည် ပြတ်သားသော စရိုက်လက္ခဏာရှိ၍ ၎င်း၏ ထူးကဲသော အရည်အသွေးများသည် ကောင်းကင်မှ ကြယ်တာရာများနှင့် နှိုင်းယှဉ်နိုင်ကြောင်း ဖော်ပြနေခြင်း ဖြစ်၏။ သိန်းငှက်ဖြူဟူသည် အလယ်အလတ်စား သားရဲငှက်တစ်မျိုး ဖြစ်၍ ခန္ဓာကိုယ်အလျားမှာ ခန့်မှန်းခြေ ငါးဆယ့်ခြောက် မှ ခြောက်ဆယ့်သုံး စင်တီမီတာခန့် ရှိကာ “လင်းယုန်တို့၏ နတ်ဘုရား” ဟုလည်း လူသိများကြသည်။

၎င်းသည် မန်ချူးလူမျိုးစုတို့၏ ကိုးကွယ်ရာ အထိမ်းအမှတ်လက္ခဏာ ဖြစ်၍ သတ္တိ၊ ဝိရိယ၊ သစ္စာနှင့် အင်အားတို့ကို ကိုယ်စားပြုသည်။

ရှေးခေတ်ကာလတွင် သိန်းငှက်ဖြူသည် မုဆိုးများအတွက် စွမ်းအားထက်မြက်သော လက်နက်တစ်ခု ဖြစ်ရုံမျှမက ဘုရင်မင်းမြတ်ထံ ဆက်သရသော အဖိုးတန်ပစ္စည်းနှင့် တော်ဝင်အမဲလိုက်ကိရိယာလည်း ဖြစ်ခဲ့၏။

ရှေးခေတ်အခါက အကယ်၍ မည်သူမဆို သိန်းငှက်ဖြူတစ်ကောင်အား ဖမ်းဆီးမိ၍ ဧကရာဇ်မင်းမြတ်ထံ ဆက်သနိုင်ခဲ့လျှင် ထိုသူ၏ မိသားစုတစ်ခုလုံး ခုနစ်ဆက်တိုင်တိုင် ကွပ်မျက်ရမည့် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရရှိနိုင်သည်ဟူသော ကောလာဟလတစ်ခု ရှိခဲ့ဖူးသည်။

ဤအချက်သည် သမိုင်းကြောင်းတစ်လျှောက်တွင် သိန်းငှက်ဖြူ၏ မြင့်မားသော အဆင့်အတန်းအား ပေါ်လွင်စေ၏။

လင်းယန်အနေဖြင့် သိန်းငှက်ဖြူ၏ ဥများသည် မိမိအိမ်သို့ ရောက်ရှိလာလိမ့်မည်ကြောင်း ဘယ်သောအခါမျှ တွေးတောမထားခဲ့မိချေ။

“ငါ့ကို အမှန်အတိုင်းပြောစမ်း၊ ဒီအရာက ဘယ်ကနေ ရောက်လာတာလဲ”

ငန်းဖြူကြီးသည် အပြစ်ကင်းစင်ဟန်ဆောင်လျက် မိမိ၏ တောင်ပံများဖြင့် ဥများအား ထပ်မံဖုံးအုပ်လိုက်ရာ ၎င်းကိုယ်တိုင် ဥဝပ်နေသော မိခင်ငန်းကြီးတစ်ကောင်ကဲ့သို့ အမှန်တကယ် ထင်မှတ်နေ၏။

လင်းယန်သည် ဆက်၍ သည်းခံနိုင်စရာ မရှိတော့သဖြင့် ပြောလိုက်သည်။

“ရန်အာဟူ… ဒီညတော့ ငါတို့ အိုးကြီးနဲ့ မြန်းငန်းသားစွပ်ပြုတ် ချက်စားကြတာပေါ့”

ငန်းဖြူကြီးသည် အရှုံးမပေးလိုသော အမူအရာဖြင့် ပြန်အော်မြည်လေ၏။

“ဒါ ငါရှာတွေ့တာကွ၊ ရှာတွေ့တဲ့သူက ပိုင်ရှင်ပဲ”

လင်းယန်သည် အံ့သြလွန်းသဖြင့် ရယ်ရယ်မောမော ဆိုလိုက်၏။

“သူတစ်ပါးပစ္စည်းကို ခိုးလာပြီးတော့ မင်းကိုယ်မင်း မှန်တယ်လို့ ထင်နေတာလား၊ ဒီသိန်းငှက်ဖြူဥတွေကို သူ့နေရာသူ အမြန်ဆုံး သွားပြန်ထားစမ်း၊ အကယ်၍ သိန်းငှက်ဖြူကြီးက မင်းကို လာရှာရင်တော့ ငါ လုံးဝကာကွယ်ပေးမှာ မဟုတ်ဘူး”

ငန်းဖြူကြီးသည် မွေးမြူရေးငှက်များ၏ အစာကွင်းဆက်တွင် အောက်ဆုံးအဆင့်၌ ရှိသည် မဟုတ်ပါလော။

၎င်းတို့သည် သိန်းငှက်ဖြူ၏ အစားအစာအဖြစ် အဆုံးသတ်သွားရပေလိမ့်မည်။

သို့သော် ငန်းဖြူကြီးသည် လုံးဝကြောက်ရွံ့ပုံမရဘဲ မြည်တွန်တောက်တီးနေ၏။

“ဘာကြောက်စရာရှိလဲ၊ ငါ့မှာ ငါ့ကိုကာကွယ်ပေးမယ့် အစ်ကိုကြီး ရှိတာပဲ”

လင်းယန်သည် ကောင်းကင်ယံသို့ စကားမဲ့စွာ မော့ကြည့်လျက် မျက်လုံးအား အပေါ်သို့ ပင့်တင်ကာ လက်ကိုဝှေ့ယမ်း၍ သစ်ပင်ပေါ်မှ ရွှေလင်းယုန်အား အောက်သို့ ခေါ်ယူလိုက်သည်။

“ဒီငန်းဖြူကြီး ဘယ်ကနေ ဒီဥတွေကို ခိုးလာလဲဆိုတာ မင်းသိလား”

ရွှေလင်းယုန်သည် မိမိ၏ခေါင်း ခါယမ်းလျက် အော်ကာ အမူအရာ ပြသည်။

“မသိဘူး၊ ဒီမနက်က အဲဒီငန်းကြီး အပြင်ကို ထွက်သွားတာတော့ ငါမြင်လိုက်တယ်၊ ဒါပေမဲ့ ဘယ်နေရာကို သွားလဲဆိုတာတော့ ငါလည်းမသိဘူး၊ အခုလေးတင်ပဲ ပြန်ရောက်လာတာ”

လင်းယန်သည် သက်ပြင်းတစ်ချက် ခပ်ပြင်းပြင်း ချလိုက်မိသည်။

မိမိ၏ ငန်းဖြူကြီးသည် မိမိအတွက် ဒုက္ခရှာရာတွင် အလွန်တရာ ကျွမ်းကျင်လှသည်ကို သူသဘောပေါက်လိုက်၏။

၎င်းသည် အဘယ်ကြောင့် သိန်းငှက်ဖြူ၏ ဥများ သွားရောက်ခိုးယူရသနည်း။

“မင်း ငါ့ကို ထောင်ထဲ ရောက်အောင် တကယ်ပို့ချင်နေတာပဲ မဟုတ်လား”

လင်းယန်သည် ညည်းတွားလျက် ပြောလိုက်၏။

ငန်းဖြူကြီးသည် အခြေအနေ၏ ထူးခြားဆိုးရွားမှုအား သဘောမပေါက်သေးဘဲ ထိုဥများပေါ်တွင် ဖင်ထိုင်ချလိုက်သည်။

လင်းရန်သည် ထိတ်လန့်တုန်လှုပ်သွားရသဖြင့် ၎င်းကို ဘေးသို့ အမြန်ဆွဲထုတ်လိုက်၏။

“ဒီဥတွေကို မခွဲပစ်နဲ့၊ အကယ်၍ ကွဲသွားရင် မင်းရဲ့ အသက်နဲ့လဲရင်တောင် လျော်နိုင်မှာ မဟုတ်ဘူး၊ မင်း ဒီဥတွေကို ဘယ်နေရာမှာ တွေ့ခဲ့တာလဲဆိုတာ ငါ့ကိုပြော၊ တွေ့တဲ့နေရာကို ပြန်သွားထားစမ်း၊ ဒါမှမဟုတ်ရင်တော့ မင်း ငါ့အိမ်ကို ပြန်လာဖို့ လုံးဝမစဉ်းစားနဲ့တော့”

ငန်းဖြူကြီးသည် မိမိ၏ လည်ပင်းကို အပေါ်သို့ မတ်မတ်ထောင်လျက် လင်းယန်အား အသေအလဲ အာခံရန် ဆုံးဖြတ်ထားသည့်အလား ပြင်းထန်စွာ အော်မြည်တော့သည်။

“မထားဘူး၊ ငါ ဘယ်တော့မှ ပြန်မထားဘူး၊ ငါပဲ ဒီကလေးတွေကို သေချာစောင့်ရှောက်မှာ၊ အခုကစပြီး ငါက သူတို့ရဲ့ အဖေပဲ”

လင်းယန်သည် လုံးဝစကားမဲ့သွားကာ သတိပေးလိုက်၏။

“မင်းက ငန်းဖြူတစ်ကောင် ဖြစ်ပြီးတော့ နိုင်ငံတော်ရဲ့ ပထမတန်းစား ကာကွယ်စောင့်ရှောက်ထားတဲ့ တောရိုင်းတိရစ္ဆာန်ရဲ့ အဖေလုပ်ချင်နေတာလား၊ သေချာသတိထားစမ်း၊ အကယ်၍ သူ့ရဲ့ အဖေအရင်းကြီး ရောက်လာရင် မင်းကို ပါးနှစ်ချက်လောက် ဖြတ်ရိုက်သွားလိမ့်မယ်”

ငန်းဖြူကြီးသည် ဂရုမစိုက်ဟန်ဖြင့် ပြန်အော်လေသည်။

“ဒါ ငါ့အရည်အချင်းနဲ့ ငါယူလာတာပဲ၊ ဘာလို့ ပြန်ပေးရမှာလဲ၊ သူတို့က တကယ်တော်ရင် ငါတို့ဆီကို ကိုယ်တိုင်လာရှာခိုင်းလိုက်လေ၊ အစ်ကိုကြီး… အကယ်၍ သူတို့ တကယ်လာရှာရင်လည်း မင်းပဲ သူတို့ကို ဖမ်းပစ်လိုက်ပေါ့၊ သူတို့က ငါ့ကို အရင် လာစတာကွ”

လင်းယန်သည် ထူးခြားသော အချက်တစ်ခု ရိပ်မိသွားရသဖြင့် မေးလိုက်၏။

“မင်း ဘာကို ဆိုလိုတာလဲ၊ ဒီနေ့ မင်းအပြင်သွားတုန်းက သိန်းငှက်ဖြူနဲ့ တကယ်တိုးခဲ့တာလား”

ထိုစကား ကြားရသောအခါ ငန်းဖြူကြီးသည် မကျေမနပ်ဖြင့် အသည်းအသန် တိုင်တည်၍ အော်မြည်တော့သည်။

“ဟုတ်တယ်၊ အဲဒီအသိဉာဏ်မရှိတဲ့ ကောင်တွေက ငါ့ကိုဖမ်းပြီး သူတို့ရဲ့ သားသမီးတွေကို အစာကျွေးဖို့ လုပ်နေကြတာ၊ ငါသာ ဉာဏ်မပြေးရင် အခုလောက်ဆို သေနေလောက်ပြီ၊ သူတို့ မရှိတဲ့အချိန်မှာ ငါက သူတို့ဥနှစ်လုံး သုံးလုံးလောက် ခိုးလာတာ ဘာအပြစ်ရှိလို့လဲ၊ ငါက သူတို့ဥတွေကို စားပစ်တာလည်း မဟုတ်ဘူး၊ ငါက စေတနာကောင်းနဲ့ စောင့်ရှောက်ပေးမလို့ဟာကို သူတို့က ငါ့ကို ကျေးဇူးတင်ရဦးမှာ၊ ဘာပဲဖြစ်ဖြစ် ငါ အဲဒီဥတွေကို ဘယ်နေရာကနေ ခိုးလာလဲဆိုတာ မမှတ်မိတော့ဘူး၊ ဒါကြောင့် ပြန်ထားဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး၊ ဒါက ဝဋ်လည်တာပဲ”

လင်းယန်သည် ဤကဲ့သို့ အကြောင်းပြချက်ကြောင့် ဖြစ်လိမ့်မည် ထင်မှတ်မထားခဲ့ချေ။

သူသည် နှုတ်ခမ်းများ တွန့်ကွေးလျက် ရန်အာဟူထံသို့ စကား လွှဲ၍ ပြောကြားလိုက်သည်။

“နောက်ဆိုရင် ဒီငန်းဖြူကြီးကို သေချာစောင့်ကြည့်ထားပါ၊ ငါ့အတွက် ဒုက္ခတွေ ထပ်ပြီး လျှောက်ရှာမလာစေနဲ့”

ယခုအကြိမ်တွင် သိန်းငှက်ဖြူ၏ ဥများ ခိုးယူလာခဲ့၏။

နောက်တစ်ကြိမ်တွင် မည်ကဲ့သို့ ဒုက္ခမျိုးကို ယူဆောင်လာဦးမည်နည်း။

All Chapters