အခန်း ၁၁၄
Vol. 12 Ch. 114
အခန်း (၁၁၄)
ထိုအရာအား မြင်သောအခါ ရန်အာဟူသည် စူးစမ်းလိုစိတ်ဖြင့် မေးသည်။
“သူဌေး၊ အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”
လင်းယန်သည် သူ၏နားထင်များပွတ်သပ်ရင်း ခေါင်းခဲစရာ ကိစ္စရပ်တစ်ခုဟု ခံစားလိုက်ရသဖြင့် ဥများ ကွဲအက်သွားမည်အား စိုးရိမ်သောကြောင့် အသာအယာ ဘေးသို့ ဖယ်ထားလိုက်ကာ ဆိုသည်။
“ဒါပေါ့၊ သစ်တောဦးစီးဌာနကို ဖုန်းဆက်ရမှာပေါ့”
လွန်ခဲ့သည့်ရက်အနည်းငယ်က တောင်ပေါ်တွင် ဝက်ဝံနက်များ ရှိနေသည့်အကြောင်း လုံးဝမေ့လျော့နေခဲ့သဖြင့် ထိုအကြောင်းကို သစ်တောဦးစီးဌာနသို့ တစ်ခါတည်း အသိပေးရန် တွေးမိသည်။
သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ တောင်ပေါ်သို့ စေလွှတ်၍ အခြေအနေအား စစ်ဆေးခိုင်းရသည်။
အကယ်၍ ဝက်ဝံနက်သည် တောင်အောက်သို့ ဆင်းလာကာ ဘေးအန္တရာယ် တစ်စုံတစ်ရာ ဖြစ်သွားလျှင် မကောင်းနိုင်ပေ။
ညွှန်ကြားရေးမှူးလီသည် လင်းယန်ထံမှ ဖုန်းခေါ်ဆိုမှု မြင်လိုက်သည့်အခါ မကောင်းသော အတိတ်နိမိတ်ကို ခံစားလိုက်ရ၏။
ထိုသူ ဖုန်းဆက်လာသည့် အခါတိုင်း ကောင်းသော အကြောင်းအရာဟူ၍ တစ်ခါမျှ မရှိခဲ့ဖူးချေ။
ထိုတိရစ္ဆာန်များထံတွင် တစ်စုံတစ်ရာ ပြဿနာတက်ပြန်ပြီလော။
ညွှန်ကြားရေးမှူးလီသည် သက်ပြင်းတစ်ချက်ချကာ ဖုန်း လက်ခံဖြေကြားလိုက်ကာ မေးသည်။
“ရှောင်လင်း၊ ဘာပြဿနာရှိလို့လဲ”
လင်းယန်သည် စောင်ဖြင့် ဝိုင်းရံပံ့ပိုးထားသော ဥများ ကြည့်ရင်း ပြောသည်၊
“ညွှန်ကြားရေးမှူး လီ၊ ကျွန်တော့်အိမ်မှာ သိန်းငှက်ဥ အပိုအချို့ ရောက်နေလို့ပါ၊ ခင်ဗျားတို့ သစ်တောဦးစီးဌာနက လူလွှတ်ပြီး လာယူခိုင်းသင့်လား”
ထိုအရာကို မိမိ၏အိမ်တွင် ထားရန် မသင့်ကြောင်းယူဆမိ၏။
အကယ်၍ အိမ်မွေးငန်းဖြူကြီး သို့မဟုတ် ရွှေလင်းယုန်တို့မှ မတော်တဆ တိုက်မိ၍ ကွဲအက်သွားလျှင် မည်သို့လုပ်အံ့နည်း။
ညွှန်ကြားရေးမှူးလီသည် ထိုစကား ကြားလျှင် ဆတ်ဆတ်ခါ တုန်လှုပ်သွားပြီး ပြန်မေးသည်။
“ဘာဥလဲ၊ သိန်းငှက်ဥဆိုတာ သေချာလို့လား”
“ကိုးဆယ်ရာခိုင်နှုန်းလောက်တော့ သေချာပါတယ်၊ အင်တာနက်ပေါ်က ဂျာဖယ်(လ်)ကွန်သိမ်းငှက်ရဲ့ဥ ပုံစံတွေနဲ့ တိုက်စစ်ကြည့်တော့ တစ်ထေရာတည်း တူနေလို့ပါ”
ညွှန်ကြားရေးမှူးလီသည် သိလိုစိတ်ဖြင့် မေးလိုက်၏။
“သိန်းငှက်ဥက မင်းဆီကို ဘယ်လိုလုပ် ရောက်နေရတာလဲ”
“ဒါကို ကျွန်တော့်ရဲ့ ငန်းဖြူကြီးက ရှာတွေ့ခဲ့တာလို့ ပြောရင် ခင်ဗျား ယုံမလား”
လင်းယန်သည်လည်း ဤအခြေအနေကို မည်သို့ ရှင်းပြရမှန်း မသိတော့ပေ။
“မင်းရဲ့ ငန်းဖြူကြီးကတော့ တကယ့်ကို အံ့ဩစရာပဲ၊ သိန်းငှက်ဥတွေကိုတောင် ယူလာနိုင်တယ်ပေါ့၊ လောလောဆယ်တော့ မင်းပဲ သိမ်းထားပေးပါဦး၊ သိန်းငှက်ဥတွေကို ဘယ်လို ပြုစုစောင့်ရှောက်ရမလဲဆိုတဲ့ လမ်းညွှန်ချက်ကို ရှောင်ချင်းကတစ်ဆင့် ပို့ပေးခိုင်းလိုက်မယ်၊ မင်း အောင်အောင်မြင်မြင် အကောင်ဖောက်နိုင်မလား ကြည့်ရအောင်”
လင်းယန်သည် ထိုစကား ကြားရသောအခါ အလုံးစုံ ဝေခွဲမရ ဖြစ်သွားသည်။
“ဗျာ၊ ညွှန်ကြားရေးမှူးလီ၊ တကယ်ကြီး ပြောနေတာလား၊ ကျွန်တော့်ကို ဥအကောင်ဖောက်ခိုင်းမလို့လား”
မိမိသည် ငှက်မျိုးနွယ်များနှင့် မည်သို့မျှ ပတ်သက်ဖူးသူ မဟုတ်ပေ။
ဂျာဖယ်(လ်)ကွန် သိန်းငှက်များအကြောင်း ဗဟုသုတ မရှိသော လင်းယန်သည် ထိုသိန်းငှက်များ အကောင်ဖောက်ရန် အချိန်ကြာကြာ လိုအပ်၍ အောင်မြင်မှုနှုန်း အလွန်နည်းပါးကြောင်း သိထားသည်။
ထို့ကြောင့် “နတ်သိန်းငှက် တစ်သိန်း နတ်သက်ကြွေမှသာ ဂျာဖယ်(လ်)ကွန် တစ်ကောင် ပါသည်” ဟူသော ဆိုရိုးစကား ရှိခဲ့ခြင်း ဖြစ်သည်။
ယခု ညွှန်ကြားရေးမှူးလီသည် ဤတာဝန်အား မိမိအပေါ်သို့ လွယ်လွယ်ကူကူ ပုံချနေသည် မဟုတ်ပါလော။
သူသည် မိမိကိုယ်မိမိ ယုံကြည်မှု လွန်ကဲနေခြင်း မဟုတ်ပါလော။
လင်းယန်ကိုယ်တိုင်ပင် မိမိကိုယ်မိမိ ထိုမျှအထိ ယုံကြည်မှု မရှိပေ။
ညွှန်ကြားရေးမှူးလီသည် လင်းယန်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိကာ ဆိုသည်။
“မင်းက အရှေ့မြောက်ကျားပေါက်လေးတွေကို တောင် ကောင်းကောင်း ပြုစုစောင့်ရှောက်နိုင်ခဲ့တာပဲ၊ ဂျာဖယ်(လ်)ကွန်ဥတွေကိုလည်း အောင်အောင်မြင်မြင် အကောင်ဖောက်နိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်၊ တကယ်တော့ ဂျာဖယ်(လ်)ကွန် သိန်းငှက်တွေက သူတို့ဥတွေကို လာရှာနိုင်တာမို့ လောလောဆယ် မင်းဆီမှာပဲ ထားလိုက်တာ ပိုကောင်းလိမ့်မယ်”
လင်းယန်ထံတွင် နိုင်ငံတော်အဆင့် ပထမတန်းစား ကာကွယ်ထားသော တိရစ္ဆာန်များ အားလုံးနီးပါး ရှိနေ၍ ၎င်းတို့ကိုလည်း အလွန် ကောင်းမွန်စွာ မွေးမြူထားသည် မဟုတ်ပါလော။
ထို့ကြောင့် အခြား မည်သည့်အရာအား စိုးရိမ်နေရန် လိုဦးအံ့နည်း။
သစ်တောဦးစီးဌာန၏ အကြီးအကဲတစ်ဦးအနေဖြင့် ထိုတိရစ္ဆာန်များအား လင်းယန်၏အိမ်တွင် ထားရှိခြင်းသည် ပိုမို အဆင်ပြေချောမွေ့စေသည်ဟု ယူဆသည်။
အကြောင်းမှာ ၎င်းတို့ကို တောရိုင်းသဘာဝထဲသို့ ပြန်လည် စေလွှတ်မည်ဆိုပါက ဤအခြင်းအရာထက် ပိုများပြားသော ကိစ္စရပ်များ ထည့်သွင်းစဉ်းစားရမည် ဖြစ်သောကြောင့်ဖြစ်သည်။
ထို့အပြင် မကြာသေးမီက အိမ်နီးချင်း သစ်တောဦးစီးဌာနမှ တိရစ္ဆာန်အချို့ ပြောင်းရွှေ့လာခဲ့သဖြင့် သူသည် မတတ်နိုင်လောက်အောင် အလွန် အလုပ်ရှုပ်နေသောကြောင့် ခန္ဓာကိုယ်ကို သုံးခြမ်းပင် ခြမ်းလိုက်ချင်နေသည်။ထို့ကြောင့် ဤကိစ္စများကို လုံးဝမစီမံနိုင်တော့ပေ။
လင်းယန်သည် နှုတ်ခမ်းများ တွန့်ကွေးသွားကာ မည်သို့ ပြန်လည်ပြောဆိုရမှန်း မသိတော့ပေ။
ကံကောင်းထောက်မစွာဖြင့် ညွှန်ကြားရေးမှူးလီသည် သက်ဆိုင်ရာ ထောက်ပံ့ကြေးများ ပေးအပ်မည်ဟု ကတိပြုခဲ့၏။
သူသည် မိမိ၏ စုဆောင်းထားသမျှ ငွေကြေးအားလုံး သုံးစွဲ၍ လူလုပ်အိုင်ကြီး တူးဖော်ခဲ့သဖြင့် ယခုအခါ ငွေကြေးပြတ်တောက်နေချိန် ဖြစ်သည်။
ထိုအခြေအနေအား ထောက်ရသော် သူသည် ဤကမ်းလှမ်းချက်အား မငြင်းပယ်နိုင်တော့ပေ။
“ဒါနဲ့ ညွှန်ကြားရေးမှူးလီ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော့်သူငယ်ချင်းက တောင်ပေါ်မှာ ဝက်ဝံနက်တစ်ကောင်ကို တွေ့ခဲ့တယ်၊ ခင်ဗျားတို့ ဝန်ထမ်းအချို့ လွှတ်ပြီး သွားရောက် စစ်ဆေးသင့်တယ်လို့ မထင်ဘူးလား၊ ပြီးတော့ အဲဒီ ဝက်ဝံနက်က သစ်ပင်မတက်တတ်ဘူးဗျ”
ထိုစဉ် ချန်ဟောက်ထျန်း ကြုံတွေ့ခဲ့သော အခြေအနေကို အခြေခံ၍ သုံးသပ်ရလျှင် ထိုဝက်ဝံနက်သည် သစ်ပင်တက်နိုင်ခြင်း မရှိလောက်ပေ။
သို့မဟုတ်ပါက ချန်ဟောက်ထျန်းသည် သစ်ပင်ပေါ်တွင် ထိုမျှလောက် ကြာမြင့်စွာ ခိုကပ်နေနိုင်မည် မဟုတ်ချေ။
သို့သော် သစ်ပင်တက်ခြင်းသည် ဝက်ဝံနက်တို့၏ မွေးရာပါ ဗီဇစွမ်းရည် ဖြစ်သည်။ အကယ်၍ ထိုဝက်ဝံနက်သည် သစ်ပင်မတက်တတ်ပါက ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိမည်။
ပထမတစ်ချက်မှာ ၎င်းသည် ဉာဏ်ရည်နိမ့်ကျခြင်း ဖြစ်သည်။
ဒုတိယတစ်ချက်မှာ ၎င်း၏ ခြေသည်းများ ဒဏ်ရာရရှိထားကြောင့်ဖြစ်နိုင်သည်။
လင်းယန်သည် ဒုတိယဖြစ်နိုင်ခြေသည် ပိုမိုများပြားသည်ဟု တွေးမိသည်။
အကယ်၍ သစ်ပင်မတက်နိုင်ပါက ထိုဝက်ဝံနက်သည် ပုံမှန်အားဖြင့် မည်သို့ အစာရှာဖွေပါအံ့နည်း။
ညွှန်ကြားရေးမှူးလီသည် ခေတ္တ စဉ်းစားပြီးနောက် ဆိုသည်။
“ကောင်းပြီ၊ နောက်ရက်အနည်းငယ်အတွင်းမှာ ဝန်ထမ်းအချို့ကို လွှတ်ပြီး အဲဒီ ဝက်ဝံနက်ကို ပြန်ရှာတွေ့နိုင်မလား ကြည့်ခိုင်းလိုက်မယ်၊ အကယ်၍ အနီးနားက တောင်တွေထဲမှာ ရှိနေသေးရင် ဘေးမဲ့တောဆီ ပြန်ပို့ရမှာပေါ့”
“ပြဿနာ တစ်စုံတစ်ရာ ရှိရင်လည်း မင်းကို အချိန်မရွေး ဆက်သွယ်လိုက်ပါမယ်”
ထိုသို့ ပြောပြီးနောက် ညွှန်ကြားရေးမှူး လီသည် ဖုန်း ချက်ချင်း ချလိုက်သည်။
မည်သူထက်မဆို ပိုပြတ်သား၍ သန္နိဋ္ဌာန် ခိုင်မာလှသည်။
ချပစ်လိုက်သော ဖုန်းအား ကြည့်ရင်း လင်းယန်သည် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။
ညွှန်ကြားရေးမှူးလီသည် မိမိ၏ ကံကြမ္မာအား အရှုံးပေး လက်ခံလိုက်ရသကဲ့သို့ အဘယ်ကြောင့် ခံစားနေရသနည်း။
လင်းယန်သည် သက်ပြင်းချကာ ဆိုသည်။
“ဥတွေကို အကောင်ဖောက်မယ့် လမ်းညွှန်တွေကို အင်တာနက်မှာ သွားရှာကြည့်ရအောင်”
ဤအရာသည် တရုတ်နိုင်ငံ၏ အဆင့် (၁) ကာကွယ်ထားသော တိရစ္ဆာန် ဖြစ်သဖြင့် ၎င်းကို အောင်မြင်စွာ အကောင်ဖောက်နိုင်ရန် နည်းလမ်း ရှာဖွေရမည် ဖြစ်သည်။
လင်းယန်နှင့် ရန်အာဟူတို့သည် လမ်းညွှန်ချက်များ အတူတူ လေ့လာနေကြစဉ် ကောင်းကင်မှ အော်မြည်သံ နှစ်ချက် ထွက်လာသည်။
စူးရှ၍ ကျယ်လောင်လှသော အသံ ဖြစ်၏။
“ကျိန်း ကျိန်း”
လင်းယန်သည် မော့ကြည့်လိုက်ကာ ရေရွတ်လိုက်သည်။
“ဟာ၊ ဒါ ဂျာဖယ်(လ်)ကွန် သိန်းငှက်ကြီးတွေ မဟုတ်လား”
“ဥနှစ်လုံးဆိုတော့၊ ဒီဥတွေရဲ့ မိဘတွေက ငါတို့ဆီကို လာရှာတာ ဖြစ်နိုင်မလား”
လင်းယန်သည် မိမိလက်ထဲမှ ဥကို ကြည့်ရင်း ဤဖြစ်နိုင်ခြေသည် အလွန်မြင့်မားကြောင်း ခံစားလိုက်ရသည်။
ဂျာဖယ်(လ်)ကွန် သိန်းငှက်နှစ်ကောင်သည် ၎င်းတို့၏ ခြံဝင်းအတွင်းသို့ ဆင်းသက်လာကာ ၎င်းတို့၏ စူးရှသော လင်းယုန်မျက်လုံးများဖြင့် ဥနှစ်လုံးအား စိုက်ကြည့်နေကြ၏။
လင်းယန် အလျင်အမြန် ပြောလိုက်သည်။
“မင်းတို့ရဲ့ ဥတွေကို ပြန်ယူသွားလို့ ရပါပြီ၊ ဒါကို ငါ တကယ် ခိုးခဲ့တာ မဟုတ်ပါဘူး”
ရန်အာဟူသည်လည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်ရင်း ဆိုသည်။
“ဟုတ်ပါပေ့၊ ဟုတ်ပါပေ့၊ ဒီဥနှစ်လုံးက ကျွန်တော်တို့ ခြံထဲကို ဘယ်ကနေ ဘယ်လို ရောက်လာမှန်းမသိ ရောက်နေတာလို့ ကျွန်တော် သက်သေခံနိုင်ပါတယ်”
အကယ်၍ စကားအပြော မတတ်လျှင် လုံးဝမပြောဘဲ နေလိုက်သည်မှာ ပိုကောင်းမည် မဟုတ်ပါလော။
အမှန်တကယ် ပြစ်မှုကျူးလွန်သူမှာ ငန်းဖြူကြီး ဖြစ်သော်လည်း ယခု မိမိတွင် အပြစ်ရှိ၍ လိပ်ပြာမလုံ ဖြစ်နေသည်။
ဂျာဖယ်(လ်)ကွန် သိန်းငှက်နှစ်ကောင်သည် လင်းယန်ကို ဆက်၍ သတိကြီးစွာ ထားရှိကာ ခက်ထန်စွာ စိုက်ကြည့်နေကြဆဲ ဖြစ်သည်။
လင်းယန်သည် သက်ပြင်းတစ်ချက်ချကာ မိမိ၏ လျှို့ဝှက်လက်နက် ဖြစ်သော ဝိဉာဉ်စမ်းရေ ကို ထုတ်ယူရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ဂျာဖယ်(လ်)ကွန် သိန်းငှက်နှစ်ကောင်သည် ဝိဉာဉ်စမ်းရေမှ ထွက်ပေါ်လာသော အနံ့အသက်ကို ရလိုက်သည့်အခါ ၎င်းတို့၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းသွားကြ၏။ ၎င်းတို့သည် မိမိတို့၏ ဥများ လင်းယန်၏ လက်ထဲတွင် ရှိနေသည်ကို အလုံးစုံ မေ့လျော့သွားကြသည်။
“ကျိန်း ကျိန်း”
ဤအရာသည် အလွန်အမင်း မွှေးကြိုင်လှသဖြင့် ၎င်းတို့အား ပေးသနားပါလော။
လင်းယန်သည် ဖျော်ထားသော ဝိဉာဉ်စမ်းရေအား ခွက်ငယ်တစ်ခုအတွင်းသို့ လောင်းထည့်ပေးလိုက်သည်။
၎င်းတို့ သောက်သုံးပြီးနောက် ဥများကို ၎င်းတို့ထံသို့ တွန်းပို့ပေးလိုက်ကာ ဆိုသည်။
“ကဲ၊ အခုတော့ မင်းတို့ရဲ့ ရင်သွေးတွေကို ပြန်ယူသွားကြတော့”
သူသည် ဤပူလောင်လှသော အခက်အခဲကို အလျင်အမြန် ဖယ်ရှားပစ်ရန် လိုအပ်သည်။
သို့မဟုတ်ပါက ဂျာဖယ်(လ်)ကွန် သားငယ်များ မည်သို့ ကျွေးမွေးရမည်အား အမှန်တကယ် စဉ်းစားရတော့မည် ဖြစ်သည်။
မိမိတို့အိမ်တွင် အိမ်မွေးတိရစ္ဆာန်ငယ် အားလုံး မွေးမြူရန် မတတ်နိုင်ပေ။
အရွယ်အစား သိသိသာသာ ပိုမိုကြီးမားသော ဂျာဖယ်(လ်)ကွန် အဖို ကြီးသည် ခေါင်းစောင်းကာ သူ့ ကြည့်၍ အော်လိုက်၏၊
“ကျိန်း”
၎င်းသည် မေးခွန်းထုတ်သည့် အသံ ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
ဤလူသားသည် မိမိတို့ကို မောင်းထုတ်ရန် ကြိုးပမ်းနေသည်ဟု ထင်မှတ်နေသည်။
အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။
ဂျာဖယ်(လ်)ကွန် အဖိုကြီးသည် မြေပြင်ကို တစ်ချက်မျှ ဆိတ်ဆွလိုက်ပြီးနောက် ၎င်း၏ တောင်ပံများ ဖြန့်၍ ပျံသန်းသွားရာ ဂျာဖယ်(လ်)ကွန် အမကြီးနှင့် ဥနှစ်လုံးသာ ကျန်ရစ်ခဲ့တော့သည်။
လင်းယန်၏ ရင်ဘတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွားကာ မကောင်းသော ခံစားချက်တစ်ခု ဝင်လာကာ အော်ပြောလိုက်သည်။
“မဟုတ်ဘူးလေ၊ မင်းက မင်းရဲ့ မိန်းမနဲ့ ကလေးတွေကို ဒီလိုပဲ စွန့်ပစ်သွားတော့မလို့လား၊ မင်း သွားမယ်ဆိုရင် မင်းရဲ့ မိန်းမနဲ့ ကလေးတွေကိုပါ တစ်ပါတည်း ခေါ်သွားလေ၊ ငါက မင်းရဲ့ မိန်းမကို မကျွေးမွေးချင်ဘူး”
ဂျာဖယ်(လ်)ကွန် အဖိုကြီးသည် မည်သို့မျှ တုန်လှုပ်ခြင်း မရှိဘဲ ကောင်းကင်တွင် တဖြည်းဖြည်း ရိပ်ခြေမျှသာ ကျန်ရှိတော့သည်။
၎င်းသည် ဝေးသထက် ဝေးအောင် ပျံသန်းသွားခဲ့၏။
လင်းယန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားကာ ဂျာဖယ်(လ်)ကွန် အဖိုကြီးသည် ထိုမျှလောက်အထိ အားကိုး၍မရကြောင်း သူ တစ်ခါမျှ မမျှော်လင့်ထားခဲ့ချေ။
၎င်းသည် မိမိ၏ ဇနီးနှင့် သားသမီးများကိုပင် စွန့်ပစ်ရန် ဝန်မလေးပေ။
လင်းယန်သည် မတတ်သာဘဲ ခေါင်းခါယမ်းကာ ဂျာဖယ်(လ်)ကွန် အမကြီးနှင့် ဥနှစ်လုံးကို ကြည့်ရင်း ပြောလိုက်သည်။
“သူက ကွာရှင်းချင်တာဆိုတော့ ဒါက မင်းတို့နှစ်ယောက်ကြားက ကိစ္စပဲ၊ ငါ့ကိုတော့ အပြစ်ပုံချလို့ မရဘူး မဟုတ်လား၊ မင်း ကလေးကိုခေါ်ပြီး သူ့ကို သွားတောင်းပန်ကြည့်ပါလား၊ ဖြစ်နိုင်ရင် သူ စိတ်ပြေသွားပြီး မင်းတို့ ပြန်အဆင်ပြေသွားမှာပေါ့”
ဂျာဖယ်(လ်)ကွန် အမကြီးသည် တုန်လှုပ်ခြင်းမရှိဘဲ လင်းယန် ပြောဆိုနေသည်များ လုံးဝ နားမလည်သည့်ပုံစံဖြင့် ရှိနေသည်။
အမှန်တကယ် လင်းယန်သည် ၎င်း နားလည်ကြောင်း သိရှိသော်လည်း ၎င်းသည် ထိုသို့ မလုပ်ဆောင်လိုခြင်း ဖြစ်သည်။
လင်းယန်သည် မျက်ရည်ကျလုမတတ် ဖြစ်သွား၍ ဥနှစ်လုံးရှိသော ဂျာဖယ်(လ်)ကွန် အမကြီး၏ ဖက်တွယ်ခြင်း ခံလိုက်ရကြောင်း သဘောပေါက်လိုက်သည်။
ယန်အာဟူသည် ခေါင်းကို ကုတ်ကာ မုန့်တစ်ခုကို ပါးစပ်ထဲသို့ သွတ်သွင်းပြီး ဝါးစားရင်း မေးလိုက်သည်။
“သူဌေး၊ အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”
“ဘာလုပ်ရဦးမလဲ၊ သူတို့ နေထိုင်ဖို့ နေရာတစ်ခု ဘယ်လို ဆောက်ပေးရမလဲဆိုတာပဲ စဉ်းစားရတော့မှာပေါ့၊ ဒါမှမဟုတ်ရင် သူတို့က ဥတွေကို ဘယ်လိုလုပ် အကောင်ဖောက်နိုင်မှာလဲ”
သစ်တောဦးစီးဌာန မစီမံလိုသော ကိစ္စရပ်များသည် မိမိထံသို့ ကျရောက်လာခဲ့သည်။
ဤအခိုက်အတန့်တွင် လင်းယန်သည် တိတ်တဆိတ် စိတ်သက်သာစေရန် မိမိသည် ဤဂျာဖယ်(လ်)ကွန် သိန်းငှက်ကို ပြုစုစောင့်ရှောက်ရန်အတွက် ငွေကြေးရမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် မိမိ၌ ငွေကြေး အလွန်လိုအပ်နေသဖြင့် ဤဘိုးဘွားတမျှ အဖိုးတန်သော သတ္တဝါကို ကောင်းမွန်စွာ စောင့်ရှောက်ရမည် ဖြစ်ကြောင်း မိမိကိုယ်မိမိ ပြန်ပြောဆိုနေမိတော့သည်။