အခန်း ၁၁၆
Vol. 12 Ch. 116
အခန်း (၁၁၆)
လင်းယန်သည် ခေါင်းညိတ်လိုက်ပြီးနောက် ဆိုသည်။
“ငါ့အဖိုး ပြောဖူးတာ တစ်ခုရှိတယ်၊ တို့တွေဆီက တောင်ပေါ်မှာ လင်မုပျားရည်လို့ ခေါ်တဲ့ ပျားရည်တစ်မျိုး ရှိတတ်တယ်တဲ့၊ ထိုပျားရည်ကို ဆောင်းမက္ခာပျားရည်လို့လည်း ခေါ်ဆိုနိုင်ပြီး တို့နိုင်ငံမှာတော့ အလွန်ပဲ ရှားပါးတဲ့ ပျားရည်အမျိုးအစား ဖြစ်တယ်၊ သူ့ရဲ့ ချိုမြိန်ဆိမ့်အိတဲ့ အရသာကြောင့် ပျားရည်တို့၏ဘုရင်လို့တောင် တင်စားကြတယ်၊ တို့တွေ တောထဲသွားပြီး ကံစမ်းကြည့်ကြမလား၊ ရှာဖွေလို့ ရနိုင်မလားလို့လေ”
ရန်အာဟူသည် ထိုအရေးအား မဖြစ်နိုင်ကြောင်း တွေးမိသဖြင့် ပြန်ပြောသည်။
“ကံပဲကောင်းလှချည်ရဲ့ဆိုဦးတော့၊ တွေ့ဖို့တော့ မလွယ်ကူဘူးမလား၊ ဦးလေးလျူဆီကနေ ပျားရည်အချို့ကို ဝယ်ယူပြီး ပြန်ရောင်းတာကမှ ပိုပြီးတော့ စိတ်ချရဦးမယ်လို့ ငါထင်တယ်”
လင်းယန်သည် ခပ်ပြုံးပြုံးဖြင့် ဆိုသည်။
“တို့နှစ်ယောက်တည်းရဲ့ အားနဲ့ဆိုရင်တော့ ဧကန်မုချ မဖြစ်နိုင်ဘူးပေါ့၊ ဒါပေမဲ့ တို့တွေဆီမှာ ဟန်ဟော့ ရှိနေသေးတယ်မဟုတ်လား၊ ဒါဟာ တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ဖို့ အခွင့်အရေးကောင်းတစ်ခုပဲ၊ ကွန်ရက်အသုံးပြုသူ အပေါင်းတို့အနေနဲ့ ပျားရည်ထုတ်ယူတဲ့ လုပ်ငန်းစဉ်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နိုင်သလို တို့တွေရဲ့ ပျားရည်ဟာ လုံးဝသဘာဝစစ်စစ် တောပျားရည်ဖြစ်ကြောင်း၊ မည်သည့်ဓာတုပစ္စည်းမျှ ရောနှောထားခြင်းမရှိကြောင်း သက်သေပြရာ ရောက်တာပေါ့၊ အရင်ဦးဆုံး လာရောက်သူသာလျှင် အရင်ရရှိမှာဖြစ်တယ်”
အကယ်၍ ထိုစကားများကို အခြားသူတစ်ဦး ပြောကြားခဲ့လျှင် ရန်အာဟူသည် မည်သည့်အခါမျှ လက်ခံမည်မဟုတ်ပေ။
ကံတရားပေါ်တွင် အခြေပြုနေရသော ကိစ္စရပ်များကို မည်သူမျှ အသေအချာ ပြောဆိုနိုင်ပါအံ့နည်း။
အချိန်နှင့် လုပ်အားကို အချည်းနှီး ကုန်ဆုံးစေရုံသာ ရှိပေလိမ့်မည်။
သို့သော် လင်းယန်၏ လက်အောက်တွင် ကြာမြင့်စွာ လုပ်ကိုင်ခဲ့ရသဖြင့် ထိုသူ၏ ထူးခြားသော စွမ်းဆောင်ရည်များကိုမူ ထင်ထင်ရှားရှား သိမြင်ထားသည်။
တစ်ခါတစ်ရံတွင် မဖြစ်နိုင်သောအရာဟူ၍ မရှိနိုင်ပေလော။
“ဒါဆိုရင် ငါ ဦးလေးလျူဆီကနေ လိုအပ်တဲ့ ကိရိယာတန်ဆာပလာအချို့ သွားငှားလိုက်ဦးမယ်၊ မင်းကတော့ အရင်ဦးဆုံး တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ထားလိုက်တော့”
ရန်အာဟူ ထွက်ခွာသွားသည်။
လင်းယန်သည် တွန့်ဆုတ်မနေဘဲ ချက်ချင်း တိုက်ရိုက်ထုတ်လွှင့်မှု စတင်ပြီးနောက် ပြောသည်။
“မင်္ဂလာပါ မိသားစုတို့ရေ၊ ဒီနေ့တော့ တို့တွေ တောထဲမှာ ပျားရည် သွားရောက်ရှာဖွေ စုဆောင်းကြမှာ ဖြစ်ပါတယ်၊ စိတ်ပါဝင်စားတဲ့ မိသားစုဝင်တွေအနေနဲ့ တို့တွေနဲ့အတူ လိုက်လံစူးစမ်းလေ့လာဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ”
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော ပရိသတ်အများစုမှာ များစွာ ဝေခွဲမရ ဖြစ်သွားကြပြီးနောက် ရေးသားကြသည်။
“ရက်အနည်းငယ်မျှသာ ရှိသေးတယ်၊ ဘယ်လိုကြောင့် ပျားရည်ရှာဖွေတဲ့ အလုပ်ကို ချက်ချင်းလုပ်ဆောင်ရတာလဲ၊ ထုတ်လွှင့်သူက ပျားမွေးမြူရေးလုပ်တယ်လို့လည်း တစ်ခါမှ မကြားဖူးပါဘူး”
“တို့တွေကို ကွယ်ဝှက်ပြီး ပျားတွေ တိတ်တဆိတ် မွေးမြူထားတာလား”
“အလို... ထုတ်လွှင့်သူက အရာရာကို တတ်ကျွမ်းနေပါလား”
လင်းယန်သည် မိမိ၏ လက်ကိုင်ဖုန်း ရိုက်ကူးရေးထောင့်အား ညှိလိုက်ရင်း ဆိုသည်။
“တို့တွေ ခဏနေရင် တောပျားရည် သွားရောက်ရှာဖွေကြမှာပါ၊ ဒါပေမဲ့ ပျားရည်ကို ရှာဖွေတွေ့ရှိနိုင်ခြင်း ရှိ၊ မရှိကတော့ ကံတရားပေါ်မှာပဲ တည်မှီနေပါတယ်၊ ဒီနေ့ ပျားရည်ရှာဖွေရေးအဖွဲ့ကို ငါကပဲ ဦးဆောင်သွားမှာပါ၊ ဟန်ဟော့က ပျားရည်ရှိတဲ့နေရာကို ရှာဖွေဖို့ တာဝန်ယူမှာဖြစ်ပြီး အာဟုလေးကတော့ ပျားမွေးမြူရေးသမားဆီကနေ လိုအပ်တဲ့ ဝတ်စုံနဲ့ ကိရိယာတွေ သွားရောက်ငှားရမ်းနေပါတယ်၊ အဲဒါထက် အရင်ဦးဆုံး တို့မိသားစုရဲ့ အဖွဲ့ဝင်သစ်လေးတွေကို မိတ်ဆက်ပေးပါရစေ”
လင်းယန်သည် ကင်မရာအား သိမ်းငှက်မောင်နှံရှိရာသို့ လှည့်လိုက်သည်။
“ငါ အခုတင်ပဲ မင်းရဲ့ဗီဒီယိုကို ကြည့်ပြီးတာ၊ ဒါဟာ ဒဏ္ဍာရီလာ သိမ်းငှက်ဖြူတွေလား၊ အလွန်ပဲ လှပလွန်းတယ်၊ နတ်ငှက်လို့ တင်စားကြတာ မဆန်းပါဘူး”
“ဗီဒီယိုထဲက ငှက်နှစ်ကောင်ကတော့ အချင်းချင်း အလွန်ပဲ ကြင်နာယုယကြပုံရတယ်၊ တိရစ္ဆာန်တွေမှာ သံယောဇဉ် တရားမရှိဘူးလို့ ဘယ်သူက ပြောဆိုသနည်း”
“မင်းရဲ့ အိမ်ကတော့ တကယ်ကို တိရစ္ဆာန်ရုံတစ်ခုလို ဖြစ်နေပြီ၊ ပြီးတော့ နိုင်ငံတော်က ကာကွယ်စောင့်ရှောက်ထားတဲ့ ရှားပါး တိရစ္ဆာန်တွေချည်းပဲ”
“ဖြူကောင်လေးနဲ့ ဝါကောင်လေးတို့ကိုတော့ နောက်ပိုင်းမှာ သိပ်မတွေ့ရတော့ဘူး၊ သူတို့တွေ မျက်နှာသာမရတော့တာလား”
ပရိတ်သတ်များ မေးကြသည်။
လင်းယန်သည် သက်ပြင်းခပ်ဖွဖွချရင်း ပြုံးလိုက်ကာ ပြန်ဖြေသည်။
“ထိုကောင်လေးနှစ်ကောင်က တော်တော်လေး ကြီးထွားလာကြပြီဖြစ်သလို အပြင်မှာလည်း ပိုပြီး လျှောက်လည်ချင်ကြတယ်၊ မိုးမချုပ်မချင်း အိမ်ပြန်မလာတတ်ကြတော့ ငါကိုယ်တိုင်တောင်မှ တွေ့ရခဲလှပါတယ်”
“ဒါနဲ့ အဲဒီသိမ်းငှက်နှစ်ကောင်က အိမ်ရှင်ရဲ့အိမ်ကို ဘယ်လိုဖြစ်ပြီး ရောက်ရှိလာတာလဲ၊ သူတို့ရဲ့ သားသမီးလေးတွေကိုပါ တစ်ပါတည်း ခေါ်ဆောင်လာကြတာလား”
“ဟုတ်တယ်၊ ငါလည်း အဲဒီမေးခွန်းကိုပဲ မေးချင်နေတာ၊ သဘာဝတရားအရ ဆိုရင်တော့ ထိုသိမ်းငှက်တွေဟာ ရွှေလင်းယုန်တွေလိုပဲ လူသူထူထပ်တဲ့နေရာတွေနဲ့ ဝေးရာမှာ နေထိုင်သင့်တာ မဟုတ်ဘူးလား”
“သစ်တောဦးစီးဌာနကနေ ပို့ပေးလိုက်တာလား”
ပရိတ်သက်များ စူးစမ်းကြပြန်သည်။
လင်းယန်သည် မျက်တောင်ခတ်လျက် လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် ပြောသည်။
“ခင်ဗျားတို့ ဘယ်လိုမှ ရိပ်မိမှာ မဟုတ်ပါဘူး၊ ထိုငှက်မောင်နှံဟာ သူတို့ရဲ့ သားသမီးကို လာရောက်ရှာဖွေကြတာ ဖြစ်ပါတယ်”
“ဟယ်... အံ့ဩစရာပါပဲ၊ ထုတ်လွှင့်သူ မင်းက သူတပါးရဲ့ သားသမီးကို ခိုးယူခဲ့တာလား”
“ငါ ခန့်မှန်းကြည့်ရမလား၊ ထုတ်လွှင့်သူက တောထဲကို ငှက်ဥရှာဖို့ သွားရင်းနဲ့ သိမ်းငှက်ဥကို မတော်တဆ တွေ့ရှိခဲ့တာနေမှာ၊ ကြက်ဥအမှတ်နဲ့ အိမ်ကို ယူဆောင်လာခဲ့တာ မဟုတ်လား”
“အကယ်၍သာ အဲလိုဖြစ်ရင်တော့ တကယ်ကို ရယ်စရာတစ်ခုဖြစ်လိမ့်မယ်”
“ဒါပေမဲ့ သိမ်းငှက်ဖြူဟာ တရုတ်နိုင်ငံရဲ့ ပထမတန်းစား ကာကွယ်စောင့်ရှောက်ထားတဲ့ တိရစ္ဆာန် ဖြစ်တယ်၊ ထုတ်လွှင့်သူအနေနဲ့ အမှားအယွင်းကြီး မလုပ်မိတာ ကံကောင်းတယ်”
သူတို့ ရေးသားကြသည်။
လင်းယန်သည် ခေါင်းခါယမ်းလျက် ပြုံးလိုက်ရင်း ရှင်းပြသည်။
“ခင်ဗျားတို့ ခန့်မှန်းချက်က တစ်ချက်ပဲ မှန်ကန်ပါတယ်၊ ထိုဥကို ငါကိုယ်တိုင် ကောက်ယူခဲ့တာ မဟုတ်ပါဘူး၊ ဘဲဖြူကြီးက ခိုးယူလာခဲ့တာ ဖြစ်ပါတယ်၊ ဘဲဖြူကြီးက အပြင်ကို သွားရောက်ဆော့ကစားရင်းနဲ့ သိမ်းငှက်ဖမ်းတာခံရပြီး အစားခံရလုနီးပါး ဖြစ်ခဲ့ရတယ်၊ ထိုသိမ်းငှက်နှစ်ကောင်ကို ကလဲ့စားချေတဲ့အနေနဲ့ သူတို့ရဲ့ ဥကို တိတ်တဆိတ် ခိုးယူခဲ့တာပါ”
ကွန်ရက်အသုံးပြုသူ အပေါင်းတို့သည် ထိုကဲ့သို့ ဆန်းကြယ်လှသော အဖြစ်အပျက်အား ကြားသိရသောအခါ များစွာ အံ့အားသင့်သွားကြပြီးလျှင် ဝိုင်းဝန်းမေးကြသည်။
“ဒီဘဲဖြူကြီးက တကယ်ကို ဉာဏ်ကောင်းလွန်းတယ်၊ မင်းရဲ့ဘဲဖြူကြီးကို ဘယ်လိုမျိုး ပြုစုပျိုးထောင်ထားသလဲဆိုတာ ပြောပြပေးလို့ ရမလား၊ ငါလည်း တစ်ကောင်လောက် မွေးမြူချင်တယ်၊ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းလွန်းလို့ပါ”
“အံ့ဩစရာပဲ... ငါ့ကို ဖမ်းဆီးစားသောက်တော့မယ့် အခြေအနေကနေ အသာစီးရယူပြီး ဥကို ပြန်လည်ခိုးယူခဲ့တယ်ပေါ့”
“မင်းကတော့ တကယ့်ကို ဇာတ်လမ်းဆင် တတ်လွန်းပါတယ်၊ မနက်ဖြန်ကျရင် ဘိုင်ဒူး ကုမ္ပဏီမှာ သွားရောက်အလုပ်လုပ်ကိုင်လိုက်တော့”
“သိမ်းငှက်မောင်နှံ အိမ်ပြန်ရောက်တဲ့အခါ သူတို့ရဲ့ ရင်သွေးလေး ပျောက်ဆုံးနေတာကို မြင်တွေ့ရတော့ ကောင်းကင်ကြီး ပြိုကျပျက်စီးသွားသလို ခံစားရမှာ အမှန်ပဲ”
“အခုတော့ အစားအစာလည်း ရှာမလာနိုင်တဲ့အပြင် မိမိတို့ရဲ့ ရင်သွေးကိုပါ ဆုံးရှုံးလိုက်ရပြီပေါ့”
“မဆန်းပါဘူး... ထိုငှက်မောင်နှံ အိမ်ရှေ့အထိ ရောက်ရှိလာတာ၊ သူတို့ရဲ့ ကလေးကို အခိုးခံလိုက်ရတာကိုး”
“ငါကတော့ အပြင်မှာ ပင်ပင်ပန်းပန်း အမဲလိုက်နေရချိန်မှာ အိမ်ကတော့ အခိုးခံလိုက်ရတယ်ပေါ့ ဟုတ်စ”
“ဟေ့... ထုတ်လွှင့်သူ၊ အဲဒီဘဲဖြူကြီးကို ငါ့ကို ရောင်းချပါလား၊ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ သတ္တဝါလေးမို့ ငါလည်း မွေးမြူချင်လို့ပါ”
“ငါ့ရဲ့ အိမ်ဝန်းထဲမှာတော့ ဘဲဖြူအုပ်ကြီး ရှိနေတယ်၊ သူတို့ကတော့ တစ်နေ့ကုန် မစင်စွန့်ရုံနဲ့ ဆူညံစွာ အော်ဟစ်နေရုံကလွဲလို့ ဘာမှမလုပ်တတ်ကြဘူး၊ ငါ့ရဲ့ဘဲတွေကို ဉာဏ်ပညာ ပိုမိုထက်မြက်လာအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းကောင်းများ ရှိရင်လည်း မျှဝေပေးပါဦး”
လင်းယန်သည် ပခုံးကို အသာအယာ တွန့်ပြလိုက်ရင်း ဖြေသည်။
“ဒီအတွက် ထူးခြားတဲ့ နည်းစနစ်ရယ်လို့ မရှိပါဘူး၊ ငါ့ရဲ့ တိရစ္ဆာန်တွေကိုတော့ သဘာဝအတိုင်းပဲ လွှတ်ကျောင်းမွေးမြူထားတာပါ၊ အချိန်မှန် အစာကျွေးရုံကလွဲလို့ ထွေထွေထူးထူး ပြုစုစောင့်ရှောက်ထားခြင်းမျိုး မရှိပါဘူး”
လူအများရှေ့တွင် မိမိကိုယ်မိမိ ကြွားဝါပြသနေသည့် အလား ခံစားလိုက်ကြသည်။