← Chapters

အခန်း ၁၁၈

Vol. 12 Ch. 118

အခန်း ၁၁၈

Vol. 12 Ch. 118

အခန်း (၁၁၈)

လင်းယန်သည် လိုက်ဖ်လွှင့်ဗီဒီယိုအတွင်း၌ ပရိသတ်များ ဆူညံပွက်လောရိုက်ကာ စနောက်နေကြသည်ကို ကြည့်၍ ခေါင်းခါယမ်းကာ ပြုံးမိသည်။

ထိုစဉ် အိမ်ကွင်းထဲ၌ အိပ်မောကျနေသော ရှောင်ရွှေသည် နိုးထလာကာ လင်းယန်အား တွေ့သည်။

သို့သော် အိပ်ချင်မူးတူးပုံစံဖြင့် သူ၏ရင်ခွင်ထဲသို့ တိုးဝင်ကာ ဦးခေါင်းဖြင့် ရင်ဘတ်ကို ပွတ်သပ်၍ ချွဲနွဲ့တော့သည်။

ထိုအပြုအမူကြောင့် လင်းယန်မှာ မအောင့်နိုင်ဘဲ တဟားဟား ရယ်မော၍မြူဆွယ်သည်။

“ဟားဟားဟား... တော်စမ်း ရှောင်ရွှေ၊ မနောက်နဲ့တော့”

အင်တာနက်အသုံးပြုသူများမှာ အလွန်အံ့ဩသင့်သွားကြ၏။

“ဒါ... ဒဏ္ဍာရီထဲက မြေခွေးမလေးများလား”

“အမွေးတွေက ဖြူဖွေးနေတာပဲ၊ ရှေးလူကြီးတွေ မြေခွေးကို ဘာလို့ ဒီလောက်ချစ်ကြလဲဆိုတာ အခုမှ သဘောပေါက်တော့တယ်၊ ဒီလောက်ချစ်စရာကောင်းတာ ဘယ်သူက မချစ်ဘဲ နေနိုင်မှာလဲ”

“ရှောင်ရွှေက တကယ့်ကို အချွဲသန်တဲ့ ကောင်မလေးပဲ”

“ဒါက သက်တမ်းသုံးရာရှိတဲ့ မြေခွေးမလေးပဲ ဖြစ်ရမယ်”

“ရှောင်ရွှေက ဒီအိမ်ကို ရောက်ကတည်းက ကျောက်ကျောက်နဲ့ လိုက်ဖ်လွှင့်တဲ့သူ နှစ်ယောက်တည်းကိုပဲ ကပ်တာ၊ ကျန်တဲ့လူတွေကိုကျ မာန်မာနခဲကြီးလို ဆက်ဆံတာ၊ ဒါကိုပဲ အခွင့်ထူးခံ သီးသန့်ချစ်ခြင်းလို့ ခေါ်တာလား”

“ရှောင်ရွှေက မင်းကို ဘာလို့ ဒီလောက်တောင် ဖက်လဲတကင်း ရှိနေရတာလဲ”

လင်းယန်သည် ရှောင်ရွှေ၏ ခေါင်းကို အသာအယာပုတ်၍ ရင်ခွင်ထဲသို့ ပွေ့ပိုက်လိုက်ကာ ဆိုသည်။

“ကဲ... မလှုပ်နဲ့တော့ ရှောင်ရွှေ”

သူသည်လည်း ထိုမျှလောက် အနားမခွာဘဲ ချွဲနွဲ့လွန်းသော သတ္တဝါငယ်လေးအား မည်သို့ ကိုင်တွယ်ရမည်ကို မသိတော့ပေ။

“ယာ... ချူး... ချူး... ချူး... ချူး”

ရှောင်ရွှေသည် သူမ၏မျက်နှာငယ်ဖြင့် လင်းယန်၏မျက်နှာကို အတင်းပွတ်သပ်ကာ တစ်ကိုယ်လုံးဖြင့် ရစ်ပတ်ထားချင်သည့်အလား ပြုမူနေတော့သည်။

ထိုမြင်ကွင်းသည် အွန်လိုင်းပေါ်ရှိ လူများအတွက် စနောက်ပြောင်ပြဇာတ်တစ်ခု ဖြစ်သွားရသည်။

“ရှောင်ရွှေက လိုက်ဖ်လွှင့်တဲ့သူကို စိတ်ဝင်စားနေတာများလား”

“ရှောင်ရွှေတစ်ယောက် မိတ်လိုက်ချင်တဲ့ ရာသီ ရောက်နေတာလား၊ သူမအတွက် အဖော်တစ်ကောင်လောက် ရှာပေးလိုက်ပါလား”

“မင်းကတော့ ကံကောင်းတာပဲလုလင်၊ ရုပ်သံဇာတ်လမ်းတွဲတွေထဲကအတိုင်းဆိုရင် နောက်နှစ်ပေါင်းသုံးရာကြာလို့ လူအသွင်ပြောင်းလဲနိုင်တဲ့အခါကျရင် ရှောင်ရွှေက မင်းဆီကို လိုက်ရှာလာလိမ့်မယ်”

လင်းယန်သည် သက်ပြင်းတစ်ချက်ချကာ ရှောင်ရွှေကို အသာအယာမချီ၍ မြေပြင်ပေါ်သို့ ချထားလိုက်ကာ လွှတ်လိုက်သည်။

“ကျောက်ကျောက်ဆီ သွားပြီး ခဏလောက် သွားဆော့ချေ”

ရှောင်ရွှေသည် မကျေမနပ်ဖြစ်သကဲ့သို့ အသံပြု၏။

ထိုအခါမှ လင်းယန်သည် ဇဝေဇဝါဖြစ်လျက် အကြည့်လွှဲလိုက်ရာ ကျောက်ကျောက်သည် ဟန်ဟော့၏ လုံးထွေးပတ်သတ် အနှောင့်အယှက်ပေးခြင်းအား ခံရသဖြင့် ရုန်းထွက်၍မရ ဖြစ်နေသည်ကို မြင်သွာသည်။

သူ၏ နှုတ်ခမ်းအစုံမှာ တွန့်ကွေးသွားပြီးနောက် စိတ်မရှည်နိုင်ဖြစ်ကာ ဟန့်တားလိုက်သည်။

“ဟန်ဟော့... မင်းမှာ လုပ်စရာအလုပ် မရှိဘူးလား၊ ကျောက်ကျောက်ကို တစ်နေ့လုံး လာမနှောင့်ယှက်နဲ့တော့”

ထိုကောင်သည် အလုပ်မရှိလျှင် ကျောက်ကျောက်၏ အနီးအနားတွင်သာ တဝဲလည်လည် လုပ်နေတတ်သည်။ အကြိမ်ကြိမ် အရိုက်ခံရသော်လည်း မှတ်လေ့မရှိပေ။

ကျောက်ကျောက်သည် ဟန်ဟော့ မိမိအနားသို့ တိုးကပ်လာသည်အား မြင်လျှင် လက်သည်းများဖြင့် ကုတ်ခြစ်၍ ပယ်ထုတ်လိုက်သည်။

ဟန်ဟော့သည် ဒဏ်ရာရသွားသော မျက်လုံးအား ကာကွယ်ရင်း သနားစရာကောင်းသော အသံဖြင့် အော်မြည်လေသည်။

“ဝုတ်... ဝုတ်... ဝုတ်”

‘ငါ့မိန်းမက စိတ်ဆိုးပြီး ငိုနေတာ တကယ့်ကို သနားစရာပဲ၊ ငါသူကို နမ်းချင်လိုက်တာ၊ ငါဘာလုပ်ရမလဲ’

ထိုအသံကို ကြားသောအခါ ကျောက်ကျောက်သည် ရှေ့တိုး၍ နောက်ထပ်တစ်ကြိမ် ထပ်ကုတ်ခြစ်လိုက်သည်။

“အဝူးးး”

‘ထွက်သွားစမ်း’

“ဝုတ်... ဝုတ်... ဝုတ်”

‘ငါ့မိန်းမက တကယ့်ကို အစွမ်းထက်ပြီး ခန့်ညားထည်ဝါတာပဲ၊ အခုဆိုရင် သူ့ကို ပိုပြီးတော့တောင် သဘောကျမိသွားပြီ၊ ငါဘာလုပ်ရမလဲ’

လင်းယန်မှာ လုံးဝ အံ့အားသင့်သွားရသည်။

ဟန်ဟော့သည် နာကျင်မှုအား ခံယူလိုသော စိတ်ဖောက်ပြန်မှု ရှိနေသည်လော။

လိုက်ဖ်လွှင့်ဗီဒီယိုကို ကြည့်ရှုနေကြသော ပရိသတ်များမှာ ရယ်မောခြင်းကို မရပ်တန့်နိုင်ကြတော့ပေ။

“တကယ့်ကို ရယ်ရတယ်၊ ဟန်ဟော့က မိန်းမနောက် လိုက်တတ်တဲ့ လော်လည်သူတွေနဲ့ အတိအကျတူနေတာပဲ”

“ဟန်ဟော့ကို လော်လည်တဲ့ခွေး ဆိုတဲ့ စကားလုံးနဲ့ စော်ကားတာကိုတော့ ငါခွင့်မပြုနိုင်ဘူး၊ ဟန်ဟော့က အရမ်းချစ်ဖို့ကောင်းတာ၊ သူက တကယ့် ဟတ်စကီစစ်စစ်ပဲ”

“ဟုတ်ပ၊ ဟန်ဟော့ရဲ့ ကြိုးစားအားထုတ်မှုက တရားဥပဒေနဲ့အညီ မှန်ကန်ပါတယ်”

“ဟန်ဟော့ရဲ့ ဇနီးသည်ကို အရယူမယ့် လမ်းခရီးကတော့ တကယ့်ကို ရှည်လျားပြီး ခက်ခဲဦးမယ့်ပုံပဲ၊ သူ ကျောက်ကျောက်ရဲ့ နှလုံးသားကို ဘယ်တော့မှ အရယူနိုင်မလဲ”

“လယ်သမားကြီးရေ... ဟန်ဟော့က ကျောက်ကျောက်ကို ရအောင်ခိုးနိုင်တဲ့နေ့ကျရင်တော့ မင်းအနေနဲ့ အနည်းဆုံးတော့ ရင်ပြင်ထဲမှာ မင်္ဂလာစားပွဲတော့ ပြင်ဆင်ပေးရမယ်နော်”

“ဝိုင်းအနည်းငယ်တည်းနဲ့ ငါတို့ သက်သေတွေကို ဖိတ်ဖို့ လောက်ပါ့မလား”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ ငါတို့ ဒါကို အခမ်းအနားကြီးတစ်ခုအနေနဲ့ စီစဉ်ရမယ်၊ ဒါက ‘ယာတောအိမ်’ လိုက်ဖ်လွှင့်ကတည်းက မင်းပထမဆုံး ကူညီပေးရမယ့် စုံတွဲမင်္ဂလာဆောင်ပဲ၊ ဒါကြောင့် အကြီးအကျယ် ဖြစ်စေရမယ်၊”

လင်းယန်သည် သက်ပြင်းချလျက် မျှော်လင့်ချက်မဲ့စွာ ပြုံးလိုက်ကာ မေးသည်။

“လိုက်ဖ်လွှင့်ထဲက ဘကြီးတွေ ဒေါ်ကြီးတွေက မင်းတို့အတွက် မင်္ဂလာဆောင်ပေးချင်နေကြတယ်၊ မင်းရော လိုချင်လား”

ဟန်ဟော့သည် ဝေဝေဝါဝါပုံစံဖြင့်အော်မည်သည်။

“ဝုတ်”

‘မင်္ဂလာဆောင်ဆိုတာ ဘာလဲ’

“မင်္ဂလာဆောင်ပြီးရင်တော့ မင်းက ကျောက်ကျောက်နဲ့ ထာဝရ အတူတူ နေခွင့်ရမှာနော်”

ထိုစကားကို ကြားရသည်ရှိသော် ဟန်ဟော့သည် စိတ်လှုပ်ရှားစွာဖြင့် အမြီးကို တဖျတ်ဖျတ်ရမ်းလျက် ပြနအော်သည်။

“ဝုတ်... ဝုတ်... ဝုတ်”

‘လုပ်လိုက်စမ်းပါ’

ထိုမင်္ဂလာပွဲကို မုချကျင်းပရမည် ဖြစ်သော်လည်း မည်သည့်အချိန်တွင် ကျင်းပရမည်နည်း။

လင်းယန်သည် ဟန်ဟော့၏ ဦးခေါင်းကို စိတ်ပျက်လက်ပျက်ဖြင့် လက်ညှိုးထိုးလျက် ဆိုသည်။

“ဒါကတော့ မင်း ကျောက်ကျောက်ရဲ့ စိတ်ကို ဘယ်တော့ အရယူနိုင်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်”

သူ့အနေဖြင့် မိမိ၏ လူ့သက်တမ်းအတွင်း ထိုမင်္ဂလာပွဲကို မြင်တွေ့နိုင်လိမ့်မည်ဟု မျှော်လင့်မိသည်။

လက်ရှိအခြေအနေအရ ကျောက်ကျောက်၏ အဆင့်အတန်းသည် ဝံပုလွေအုပ်စုအတွင်း အလွန်မြင့်မားသော နေရာတွင် ရှိနေသည်မှာ အမှန်ပင် ဖြစ်၏။

အမသတ္တဝါများသည် အမြဲသန်မာထွားကျိုင်းသော အဖော်အထီးများကိုသာ ရွေးချယ်တတ်ကြသည်။

ဟန်ဟော့သည် ဟတ်စကီအမျိုးအစားထဲတွင် သန်မာသည်ဟု ဆိုနိုင်သော်လည်း ဝံပုလွေများနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် အားနည်းနေသည်။

ကျောက်ကျောက်သည် မာနထောင်လွှားသော အမူအရာဖြင့် ခေါင်းမြင့်မြင့်မော့လျက် ဟန်ဟော့အား အထင်သေးသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။

ဟန်ဟော့မှာ ထိုအရာကို လုံးဝသတိမပြုမိဘဲ မျက်လုံးများ မှိတ်လျက် လျှာထုတ်ကာ အူကြောင်ကြောင်ဖြင့် ပြုံးနေတော့သည်။

လင်းယန်သည် ခေါင်းခါယမ်းကာ ကဲ့ရဲ့သည်။

“မင်းလို လူရှုပ်လူပွေကတော့ ဇာတာကို ကြည့်စရာတောင် မလိုဘူး၊ တစ်သက်မှာ နှစ်ကြိမ် လင်မယားကွာရှင်းရမယ့် ကံဇာတာပဲ”

အင်တာနက်အသုံးပြုသူများမှာ များစွာ ရယ်မောပျော်ရွှင်နေကြ၏။

“လိုက်ဖ်လွှင့်တဲ့သူက ကောင်းတဲ့ဆုမွန်ကောင်းတွေ မပေးနိုင်ဘူးလား၊ ဒါက ဟန်ဟော့ရဲ့ တစ်သက်တာလုံးအတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နိုင်တာကို၊ မင်း သူ့ကို ဆုတောင်းမပေးသင့်ဘူးလား”

“ဟန်ဟော့... သူ့စကားကို မနားထောင်နဲ့၊ မင်းမင်္ဂလာဆောင်တဲ့နေ့ကျရင် မမက မင်းကို မင်္ဂလာလက်ဖွဲ့အကြီးကြီး ဖွဲ့မှာ”

“အမှန်အတိုင်းပြောရရင် ဟန်ဟော့က ကျောက်ကျောက်နဲ့ မတန်ဘူးလို့ ထင်မိတယ်၊ ကျောက်ကျောက်က ကြမ်းတမ်းပြီး အစွမ်းထက်တဲ့ ဝံပုလွေဘုရင်မလိုပဲ၊ ဟန်ဟော့ကကျတော့ တစ်နေ့လုံး အရိုးမရှိတဲ့လူလို ပျော့ဖတ်နေတာပဲ”

“သမီးကို ယောက်ျားပေးစားရသလိုမျိုး ဒီလို ဝမ်းနည်းပက်လက် ခံစားချက်ကြီးက ဘာလဲ”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ငါလည်း အဲဒီလိုပဲ ထင်တယ်၊ ကျောက်ကျောက်က ပိုပြီး သန်မာတဲ့ အဖော်ကိုပဲ ရှာသင့်တာ”

All Chapters