အခန်း ၁၂၀
Vol. 12 Ch. 120
အခန်း (၁၂၀)
“သူဌေး... တစ်ကိုက်လောက် မြည်းကြည့်ဦးမလား”
လင်းယန်သည် မိမိ၏ခေါင်းကို ရမ်းခါလိုက်ကာ ရန်အာဟူ ကမ်းပေးလာသည့် အမဲခြောက်ကို ကြည့်၍ ပြောကြားလိုက်သည်။
“မင်းပဲ စားလိုက်ပါတော့၊ ငါကတော့ လောလောဆယ် အမဲခြောက် ထပ်လုပ်ဖို့ စိတ်ကူးမရှိသေးဘူး”
ထိုစကားကို ကြားရလျှင် ရန်အာဟူသည် စိတ်ပျက်လက်ပျက်ဖြင့် ငြီးတွားလေသည်။
“သူဌေးရယ်...သူဌေးရဲ့ စကားတွေက ဘယ်လောက်တောင် အေးစက်လှတယ်ဆိုတာ သိရဲ့လားခင်ဗျာ၊ ဒီလောက်တောင် အရသာရှိတဲ့ လက်ရာကောင်းမျိုးကို ဒီအတိုင်းကြီး ရပ်ပစ်လိုက်တော့မလို့လား၊ ကျွန်တော်တို့ရဲ့ ခံစားချက်ကိုရော နည်းနည်းလောက် ငဲ့ညာပေးပါဦးလား သူဌေးရယ်”
လင်းယန်သည် ဇဝေဇဝါဖြစ်သွားကာ မေးမြန်းလိုက်သည်။
“မင်းပြောတဲ့ ‘ကျွန်တော်တို့’ ဆိုတာ ဘယ်သူတွေကို ပြောတာလဲ”
“ပိုင်မောင်နဲ့ ဟွမ်မောင် နှစ်ကောင်စလုံးကလည်း သူဌေးကို အမဲခြောက်တွေ ပိုပြီးလုပ်ပေးဖို့ အပြင်းအထန် တောင်းဆိုနေကြတာပါဗျာ”
လင်းယန်၏ နှုတ်ခမ်းအစုံသည် တွန့်ကွေးသွားကာ ဆိုလေသည်။
“ဒီအမဲခြောက် အများစုက မင်းရဲ့ ပါးစပ်ထဲကိုပဲ ရောက်သွားတာ မဟုတ်ဘူးလား၊ အဲဒီကောင်တွေက အသားစိမ်းပဲ စားကြတာပါ”
အမှန် ပိုင်မောင်နှင့် ဟွမ်မောင်တို့သည် တောတောင်အိန္ဒြေရှိသော တောရိုင်းသားရဲစစ်စစ်များ ဖြစ်ကြသည့်အလျောက် အမဲခြောက်အား ထူးထူးခြားခြား နှစ်သက်ခြင်းမရှိကြဘဲ အမဲသားစိမ်းကိုသာ ပို၍ အာသာဆန္ဒရှိကြ၏။
၎င်းသည် သူတို့၏ သွေးသားထဲတွင် ကိန်းအောင်းနေသော ပင်ကိုယ်ဗီဇနှင့် သက်ဆိုင်ပေလိမ့်မည်။
“ဟားဟားဟားဟား... ကျွန်တော်တို့ မစားရရင် သူဌေးလည်း မစားရဘူးပေါ့ဗျာ၊ သူဌေး လိုက်ဖ်လွှင့်တဲ့ အချိန်တိုင်းမှာ ကျွန်တော်တို့ ဘေးနားကနေ ကြည့်ပြီး သွားရည်ကျနေခဲ့ရတာ၊ ဒီနေ့တော့ ကျွန်တော်တို့လည်း စိတ်အေးလက်အေး နားနားနေနေ နေရတော့မှာပေါ့၊ ကျွန်တော် ပြောချင်တာကတော့ ဒီအစီအစဉ်တင်ဆက်သူရဲ့အပြောက တကယ်ထိတယ်ဗျာ”
လင်းယန်သည် ရေအနည်းငယ်မျှ သောက်ပြီးနောက် မိမိ၏ ခရီးဆောင်ပစ္စည်းများ ပြန်ပြင်ဆင်ကာ ဝတ်ဆင်၍ အနီးအနားရှိ ပျားအုံများ စတင် ရှာဖွေတော့သည်။
ပုံမှန်အားဖြင့် သူ၏ ပျားအုံရှာဖွေခြင်း အတတ်ပညာသည် ဦးတည်ချက်မရှိဘဲ ဟိုဟိုဒီဒီ လျှောက်လှမ်းနေခြင်းမျှသာ မဟုတ်ပေ။
“တကယ်လို့ မိမိတို့က တောတောင်ထဲမှာ ကျွန်တော့်လိုမျိုး တောပျားအုံတွေကို ရှာဖွေချင်တယ်ဆိုရင်တော့ ပျားတွေရဲ့ မစင်စွန့်ပစ်မှုကို လေ့လာစောင့်ကြည့်ပြီး ပျားအုပ်စုတွေ ဘယ်နေရာမှာ ရှိနေသလဲဆိုတာကို အဆုံးအဖြတ် ပေးနိုင်ပါတယ်”
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော ပရိသတ်များသည် လင်းယန် မိမိတို့အား နောက်ပြောင်ကျီစယ်နေသည်ဟု ထင်မှတ်နေကြ၏။
“သူဌေးက အတည်ပြောနေတာလား၊ ပျားတွေရဲ့ မစင်ကို လေ့လာရမယ် ဟုတ်လား၊ သူတို့ရဲ့ စွန့်ပစ်မှုကို ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့အတွက် ကျွန်တော်တို့က လက်နှိပ်မှန်ဘီလူးတွေ ဆောင်ထားရဦးမှာလား”
“ဒီသိပ္ပံနည်းကျ ဗဟုသုတကတော့ တကယ့်ကို ထူးခြားတဲ့ အနံ့အသက်တစ်ခု ရှိနေသလိုပဲနော်”
“ကျွန်တော်က သူဌေး ပျားအုံသွားရှာမယ် ထင်နေတာ၊ အခုတော့ ချေး သွားရှာနေတာ ကိုး”
“ကျေးဇူးပြုပြီး အဲဒီလောက်ကြီး တိုက်ရိုက် မပြောပါနဲ့လားဗျာ၊ အဲဒီပုံရိပ်ကို တွေးကြည့်ရုံနဲ့တင် ပိုပြီး ရွံစရာကောင်းလာလို့ပါ”
လင်းယန်သည် သက်ပြင်းတစ်ချက်ကို မတတ်သာဘဲ ချလိုက်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ရှာဖွေပြီးနောက် သစ်ရွက်တစ်ရွက်ကို ကောက်ယူ၍ ပြောကြားလိုက်သည်။
“အားလုံးပဲ ကြည့်လိုက်ကြပါဦး၊ ဒီသစ်ရွက်ပေါ်မှာ ပျားရဲ့ မစင်တွေ ရှိနေပါတယ်၊ ဒါက ကျွန်တော်တို့ကို အချက်အလက် နှစ်ခု ပေးစွမ်းနိုင်တယ်၊ ပထမတစ်ခုကတော့ အနီးအနားမှာ ပျားအုံတစ်ခု လုံးဝရှိနေရမယ်ဆိုတာပါပဲ”
“တကယ်ကြီးလား၊ သူဌေး တကယ် ရှာတွေ့သွားတာပဲလား၊ ဒီဝါကျင့်ကျင့် အရာကြီးက... ကျွန်တော် ဘယ်လို ဖော်ပြရမှန်းတောင် မသိတော့ဘူး”
“ဒါဆို နောက်ထပ် အချက်အလက်တစ်ခုက ဘာဖြစ်မလဲ ခင်ဗျာ”
“ပျားခမျာတော့ လူသားတစ်ယောက်က သူ့ရဲ့ မစင်နောက်ကို လိုက်ရင်းနဲ့ ပျားအုံကို ရှာတွေ့လိမ့်မယ်လို့ အိမ်မက်ထဲတောင် ထည့်မက်ဖူးမှာ မဟုတ်ဘူး”
“ရယ်စရာကောင်းလိုက်တာ၊ ကျွန်တော်သာဆိုရင်တော့ ဒါမျိုးကို ဘယ်လိုမှ လုပ်တတ်မှာ မဟုတ်ဘူး”
လင်းယန် ဆက်ရှင်းလင်းပြောကြားသည်။
“သေချာ ဂရုတစိုက် ကြည့်လိုက်ပါ၊ ဒီမစင်ရဲ့ ပုံသဏ္ဌာန်က အစွန်းတစ်ဖက်မှာ ကြီးပြီးတော့ နောက်အစွန်းတစ်ဖက်မှာ သေးငယ်နေတာကို မြင်တွေ့နိုင်ပါတယ်၊ ကျွန်တော်တို့က ပိုပြီးကြီးမားတဲ့ အစွန်းဘက်ကို မျက်ခြေမပြတ် လိုက်သွားခြင်းအားဖြင့် ပျားအုံရှိရာ အရပ်မျက်နှာကို အဆုံးအဖြတ် ပေးနိုင်မှာ ဖြစ်ပါတယ်၊ ဒါပေမဲ့ တကယ်လို့ သင်တို့က ဒီနည်းလမ်းကို မသုံးချင်ဘူးဆိုရင်တော့ ဒုတိယနည်းလမ်းတစ်ခုကို ရွေးချယ်နိုင်ပါတယ်၊ အဲဒါကတော့ အနီးအနားမှာရှိတဲ့ ရေရှိတဲ့နေရာတွေနားမှာ ရှာဖွေဖို့ပါပဲ၊ ပျားတွေဟာ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းဖို့ လိုအပ်တာကြောင့် ရေအရင်းအမြစ်ရဲ့ အနီးအနားမှာ ပျားအုံ ရှိနေတတ်တာ ဓမ္မတာပါပဲ၊ ကျွန်တော်တို့က ရေကန်အနီးမှာရှိတဲ့ ရေသောက်နေတဲ့ ပျားတွေကို ရှာဖွေပြီး ထိုရေသောက်နေတဲ့ ပျားတွေရဲ့ ပျံသန်းရာ လမ်းကြောင်းအတိုင်း ပျားအုံကို ရှာဖွေဖော်ထုတ်နိုင်ပါတယ်”
အင်တာနက်အသုံးပြုသူ ပရိသတ်များမှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားကြတော့သည်။
“ကျွန်တော့်ရဲ့ တစ်သက်တာမှာတော့ တောပျားရည် ရှာဖွေစုဆောင်းမယ်ဆိုတဲ့ စိတ်ကူးမျိုး ဘယ်တော့မှ ပေါ်လာမှာ မဟုတ်တော့ဘူးလို့ ထင်တယ်၊ ဒါက သိပ်ကို အလုပ်ရှုပ်လွန်းပါတယ်၊ ကျွန်တော်ကတော့ ပိုက်ဆံလေးနည်းနည်း ပေးပြီးပဲ ဝယ်စားလိုက်ပါတော့မယ်”
“သူဌေးက ကျွန်တော်တို့ကို အထင်ကြီးလွန်းနေပါပြီ၊ ကျွန်တော်တို့က ကျွမ်းကျင်ပညာရှင်တွေမှ မဟုတ်တာ၊ ပျားရည်အရသာလေး တစ်ငုံစာအတွက်နဲ့ တစ်ကိုယ်လုံး ပျားတုပ်ခံရမှာတော့ မတန်ပါဘူးဗျာ”
“အခုလို ပြောပြတော့မှပဲ အကျိုးအကြောင်း ဆီလျော်မှု ရှိတော့တယ်၊ ကျွန်တော်ကတော့ ကျွန်တော့်ရည်းစားကို ခေါ်ပြီး သွားရောက်စမ်းသပ်ကြည့်ဖို့ စဉ်းစားနေတာ”
“အစ်ကိုကြီးရယ်... ကျွန်တော့်စကားကို ယုံစမ်းပါ၊ အဲဒီကို သွားပြီးရင် အစ်ကိုကြီးမှာ ရည်းစား ရှိတော့မှာ မဟုတ်ဘူး၊ အခု ကျွန်တော်တို့က တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြတာဆိုတော့ တောတောင်ထဲက ပတ်ဝန်းကျင်ဟာလည်း အခု ကျွန်တော်တို့ နေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့ ထူးမခြားနားဘူးလို့ ထင်မှတ်နေကြတာပေါ့၊ ဒါပေမဲ့ လက်တွေ့မှာတော့ ကျေးလက်တောရွာတွေမှာ ပိုးမွှားကောင်တွေ သိပ်ကို ပေါများလှပါတယ်၊ ခူကောင်တစ်ကောင်တည်းတင် အစ်ကိုကြီးရဲ့ ရည်းစားကို သေလုမတတ် လန့်ဖျန့်သွားအောင် ခြောက်လှန့်နိုင်စွမ်း ရှိတယ်”
“ဟုတ်တယ်၊ ကျွန်တော် ငယ်ငယ်တုန်းက မိသားစုနဲ့အတူ တောင်ပေါ်ကို သင်္ချိုင်းဂူ သန့်ရှင်းရေး သွားလုပ်ခဲ့ဖူးတယ်၊ အဲဒီအချိန်တုန်းက ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ ပုံသဏ္ဌာန်ရှိတဲ့ ပိုးမွှားကောင်တွေကို မြင်ပြီး သေမတတ် ကြောက်လန့်ခဲ့ရတာ၊ အဲဒီနောက်ပိုင်းကစလို့ တောရိုင်းမြေတွေဆီကို ဘယ်တော့မှ မသွားရဲတော့ဘူး”
လင်းယန်သည် ပျားအုံတည်ရှိရာ နေရာကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားပြီးနောက် ရန်အာဟူအား လက်ဟန်ပြလျက် ပြောကြားလိုက်သည်။
“စားမနေနဲ့တော့၊ ထပြီး အလုပ်လုပ်ဖို့ ပြင်ဆင်တော့”
ရန်အာဟူသည် အမဲခြောက်ကို ပါးစပ်ထဲသို့ လျင်မြန်စွာ ထိုးသွန်းလိုက်ပြီး လျှင် မိမိ၏ အဝတ်အစားများကို ဝတ်ဆင်ကာ ပါးစပ်အစုံ ဖောင်းကားလျက် ပြေးလွှားရောက်ရှိလာသည်။
လင်းယန်မှာ မည်သို့ ပြောဆိုရမှန်းပင် မသိအောင် ဖြစ်ရကာ ဆိုလေသည်။
“ဟိုဘက်နားမှာ မြင်ရလား၊ အဲဒီမှာ ပျားအုံကြီးကြီး တစ်ခု ရှိနေတယ်၊ ငါတို့ အရင်ဆုံး ပျားတွေကို အုံပြင်ပရောက်အောင် ဘယ်လို မောင်းထုတ်ရမလဲဆိုတာကို နည်းလမ်းရှာရမယ်”
ပျားရည် ထုတ်ယူခြင်း လုပ်ငန်းစဉ်အတွင်း ပျားများအပေါ် ထိခိုက်ပျက်စီးမှုကို အနည်းဆုံးဖြစ်အောင် လျှော့ချရန်မှာ သိပ်အရေးကြီးသည်။
ပျားရည် ရှာဖွေစုဆောင်းသူ အများစုသည် ပျားရည်ကို သိမ်းဆည်းသည့်အခါတွင် ပျားများကို မောင်းထုတ်ရန်အတွက် မီးခိုးမှိုင်းတိုက်ခြင်း နည်းလမ်းကို အသုံးပြုလေ့ရှိကြရာ၊ ၎င်းသည် ပျားများကို ထိခိုက်ဒဏ်ရာရရှိစေခြင်းမှ ရှောင်ရှားနိုင်ရုံမျှမက ပျားများ၏ ရန်ပြုတိုက်ခိုက်ခြင်း ဘေးမှလည်း ကာကွယ်ပေးနိုင်သည်။
“အမလေး... ကြီးလိုက်တဲ့ ပျားအုံကြီးပါလား၊ အထဲမှာ ပျားရည်တွေ အများကြီး ရှိနေမှာ အသေအချာပဲ”
ရန်အာဟူသည် တံတွေးကို အားပါးတရ မျိုချလိုက်ရင်း ဆိုလေသည်။
“ပျားရည်ကို သုံးပြီးတော့ အရသာရှိတဲ့ စားသောက်ဖွယ်ရာတွေ အများကြီး လုပ်လို့ရတယ်လို့ ကြားဖူးတယ်၊ သူဌေး... ကျွန်တော့်အတွက် နည်းနည်းလောက် ရအောင် ယူပေးပါဦးလား ခင်ဗျာ”
လင်းယန်သည် မျက်စောင်းငဲ့ကြည့်လိုက်ကာ ပြောကြားလိုက်သည်။
“မင်းကတော့ တစ်နေ့ပတ်လုံး အစားအသောက်အကြောင်းကလွဲလို့ တခြားအရာတွေကို မတွေးတောနိုင်တော့ဘူးလား”
“ဟဲဟဲ... အစားအသောက်အကြောင်း မတွေးရင် ဘာအကြောင်း တွေးရမှာလဲ ခင်ဗျာ”
ရန်အာဟူသည် ပျားအုံ့ဆီသို့ လျှောက်လှမ်းသွားကာ မိမိ၏ လက်ထဲတွင် ကိုင်ဆောင်ထားသော သစ်သားတုတ်ဖြင့် ပျားအုံကို သွားရောက် ထိုးဆွလိုက်တော့သည်။
“ဘာမှ မလုပ်နဲ့”
လင်းရန်သည် သူ၏ ပြုမူဆောင်ရွက်ချက်ကို မြင်တွေ့လိုက်ရသဖြင့် တားဆီးရန် အားထုတ်ခဲ့သော်လည်း အချိန်နှောင်းသွားခဲ့သည်။
ပျားအုံအတွင်းရှိ ပျားများသည် ထိတ်လန့်ဖြန့်ကုန်ကြကာ တစ်ကောင်ပြီးတစ်ကောင် အုံပြင်ပသို့ အလုအယက် ပျံသန်းထွက်ခွာလာကြသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့နှစ်ဦးစလုံး အကာအကွယ်ဝတ်စုံများ စနစ်တကျ ဝတ်ဆင်ထားကြသဖြင့် ပျားတုပ်မည့် ဘေးအန္တရာယ်ကို စိုးရိမ်ပူပန်ရန် မလိုဘဲ စိတ်အေးချမ်းသာ ရှိနိုင်ခဲ့ကြသည်။
သို့သော် သူတို့သည် ခွေးတစ်ကောင်ကိုပါ တပါတည်း ခေါ်ဆောင်လာခဲ့ကြသည် မဟုတ်ပါလော။
ထို့နောက် ပရိသတ်များ၏ နားထဲသို့ ဟန်ဟော့ ၏ နာကျင်စွာ အော်ဟစ်ငိုကြွေးသံများသည် ထိုတောတောင်အနှံ့ ပဲ့တင်ထပ်၍ ပျံ့လွင့်သွားသည်အား ကြားလိုက်ကြရသည်။