အခန်း ၁၄၃
Vol. 15 Ch. 143
အခန်း (၁၄၃) - ကျိုးရီပါ၀င်ပတ်သတ်လာခြင်း (၁)
“ကောင်းကင်မိစ္ဆာဧကရာဇ်ရဲ့ မျိုးနွယ်စုက ငါတို့ နဂါးမျိုးနွယ်စုလောက် အင်အားမကြီးဘူးဆိုပေမယ့် အချက်တစ်ချက်ကတော့ ငြင်းမရဘူး... ကောင်းကင်မိစ္ဆာမျိုးနွယ်စုက စကြဝဠာတစ်ခုလုံးမှာ ထိပ်တန်းအဆင့် ရှိတဲ့ ဖြစ်တည်မှုတွေထဲက တစ်ခုပဲ၊
ဒီလို ဖြစ်တည်မှုမျိုးကို ငါတို့ နဂါးမျိုးနွယ်စုတောင်မှ လေးလေးနက်နက် ဆက်ဆံရတယ်”
“ငါတို့လို ထိပ်တန်းမျိုးနွယ်စုတွေက အရမ်းအန္တရာယ်များတယ်၊ လှုပ်ရှားမှုသေးသေးကတောင် ဆင့်ကဲတုံ့ပြန်မှုတွေကို ဖြစ်စေနိုင်တယ်”
“သာမန်စစ်ပွဲလေးတစ်ပွဲက မျိုးနွယ်စုတစ်ခုလုံးကို ပြိုကွဲပျက်စီးသွားစေနိုင်တယ်၊ ဘာလို့လဲဆိုတော့ မျိုးနွယ်စုတစ်ခုက အခြားမျိုးနွယ်စုတစ်ခုကို ကျူးကျော်တဲ့အခါ ကျန်တဲ့ မျိုးနွယ်စုတွေက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလေ၊
မဟုတ်ရင် ငါတို့ရဲ့ မျိုးနွယ်စုက အရမ်း အင်အားကြီးလာတဲ့အခါ သူတို့က ဘယ်လိုလုပ် ခုခံနိုင်တော့မှာလဲ”
“ဒါက အချင်းချင်း ချိန်ခွင်လျှာညှိနေတဲ့ ဆက်ဆံရေးမျိုးပဲ၊ ဒါကြောင့် နဂါးမျိုးနွယ်စုက ငါ့အတွက် အလွယ်တကူ ဝင်ပါမှာမဟုတ်ဘူး”
“ဒါက ဘာကို ဆိုလိုတာလဲဆိုတော့ ဒီနေ့ ဒီနေရာမှာ ငါသာ တစ်ဖက်လူရဲ့ လက်ချက်နဲ့ သေဆုံးသွားမယ်ဆိုရင် အလကားဖြစ်သွားလိမ့်မယ်ဆိုတာပဲ”
ကျိုးရီက နားလည်သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်သည်။
“ဪ... ဒါကြောင့်ကိုး၊ ခင်ဗျားရဲ့ မျက်လုံးထဲမှာ ကြောက်ရွံ့နေတဲ့ အရိပ်အယောင်လေး ပေါ်နေတာ အံ့သြစရာမဟုတ်တော့ဘူး”
ပုံမှန်အားဖြင့် အကြီးအကဲလိန်သည် မည်သည့်အရာကိုမျှ ကြောက်ရွံ့လေ့မရှိသူ ဖြစ်သည်။ ယခုအခါ လက်ရှိအခြေအနေကို တစ်ဖက်လူထံမှ ကြားသိလိုက်ရပြီးနောက် ဤစကြဝဠာကြီးသည် မျိုးနွယ်စုတစ်ခု အင်အားကြီးမားရုံဖြင့် မိမိဆန္ဒရှိရာကို အလွယ်တကူ လုပ်ဆောင်နိုင်သော လုပ်ဆောင်နိုင်သေနေရာမျိုး မဟုတ်ကြောင်းကို ကျိုးရီ ဝေဝါးဝါး ခန့်မှန်းမိလိုက်သည်။
အကယ်၍ တစ်စုံတစ်ယောက်က မိမိဆန္ဒရှိရာကို လွတ်လပ်စွာ လုပ်ဆောင်လိုပါက သူ၏စွမ်းအားများသည် စကြဝဠာတစ်ခုလုံးရှိ မျိုးနွယ်စုအားလုံးထက် သာလွန်နေရန် လိုအပ်ပေမည်။
ဤလိုအပ်ချက်က အလွန်တရာ ကြီးမားလွန်းလှ၏။
တစ်စကြဝဠာလုံးတွင် အင်အားအကြီးဆုံး ဖြစ်တည်မှုတစ်ခု ဖြစ်လာခဲ့လျှင်ပင် ဤအဆင့်သို့ရောက်ရှိရန် မဖြစ်နိုင်ချေ။
လက်ရှိအချိန်တွင် စကြဝဠာအတွင်း၌ ချိန်ခွင်လျှာညှိနေသော ဆက်ဆံရေးမျိုး တည်ရှိနေဆဲ ဖြစ်၏။
ကျိုးရီသည် ခေါင်းငုံ့ကာ အတွေးနက်နေမိသည်။
အနာဂတ်တွင် စကြဝဠာတစ်ခုလုံး၌ ပြိုင်ဘက်ကင်းတည်ရှိမှုတစ်ခု ဖြစ်လာရန် သူ နည်းလမ်းရှာကောင်း ရှာနိုင်ပေလိမ့်မည်။
အကယ်၍ သူသာ သူ့အောက်တွင် ရှိနေသူအားလုံးကို လုံးဝ ဖိနှိပ်ထားနိုင်မည်ဆိုပါက ဤချိန်ခွင်လျှာညှိနေရသော ဆက်ဆံရေးအတွက် စိုးရိမ်နေရန် မလိုအပ်တော့ဘဲ စစ်မှန်သော အင်အားအကြီးဆုံးတည်ရှိမှု တစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော် ဤနည်းလမ်းကို အကောင်အထည်ဖော်ရန် ထိုမျှလောက် ရိုးရှင်းမည်တော့ မဟုတ်ချေ။
သို့သော် သူ အလျင်လိုမနေခဲ့ပေ။ သူသည် မူလကတည်းက ဤကမ္ဘာပေါ်တွင် ထာ၀ရအသက်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။
တခြားလူလက်ချက်ဖြင့် မသေဆုံးသေးသမျှကာလပတ်လုံး သူသည် တစ်နည်းမဟုတ် တစ်နည်း ဖြေရှင်းနိုင်မည်သာ ဖြစ်သည်။
ထိုထိပ်တန်း အင်အားကြီးကျင့်ကြံသူများတွင် သူ့ကဲ့သို့ သက်တမ်းကိုလောင်ကျွမ်းနိုင်သော အခွင့်အရေးမျိုး မရှိကြချေ။
ယင်းမှာ သူက အခြားသူများထက် ပိုမိုကြီးမားသော အားသာချက်ကို ပိုင်ဆိုင်ထားကြောင်း ဆိုလိုနေပေသည်။
ထိုအရာက ပြီးပြည့်စုံလှ၏။
“ကောင်းကင်မိစ္ဆာဧကရာဇ်... အဲဒါ ကောင်းကင်မိစ္ဆာဧကရာဇ်ပဲ”
ထိုအချိန်တွင် အခြားသူများကလည်း တစ်ဖက်လူကို မှတ်မိသွားကြလေပြီ။
တစ်စုံတစ်ယောက်က အလန့်တကြား ရေရွတ်လိုက်သည်။
“ဘုရားရေ... သူပါ ဒီကိုရောက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး၊ ဘာလို့ သူပါ ရောက်လာရတာလဲ၊ ပုံမှန်ဆိုရင် သူက ဒီလိုပွဲမျိုးကို တက်လေ့မရှိဘူးလေ”
အခြားတစ်ဦးကလည်း စိုးရိမ်တကြီး ဝင်ပြောလိုက်သည်။
“သူ့အဆင့်ရှိတဲ့ ဖြစ်တည်မှုတစ်ခုက သူ့ရဲ့ နတ်ဘုရားနန်းတော်ထဲမှာ ဇွဲရှိရှိ ကျင့်ကြံနေသင့်တာ မဟုတ်ဘူးလား၊ သူ အခုလို ရုတ်တရက် ပေါ်လာတာက သာမန်ကိစ္စတော့ မဖြစ်နိုင်ဘူး”
နောက်တစ်ဦးကလည်း ထောက်ခံလိုက်သည်။
“ပြီးပြီ၊ ပြီးပြီ... ဒီတစ်ခါတော့ တကယ့် ပြဿနာကြီးကြီး တတ်လောက်တယ်၊ ဘယ်သူကများ ဒီပြဿနာအိုးကြီးနဲ့ ရင်ဆိုင်ရမလဲဆိုတာကိုပဲ ငါသိချင်မိတယ်”
အားလုံးမှာ ခဏတာမျှ ထိတ်လန့်တုန်လှုပ်သွားကြလေသည်။ မည်သူက ဤကောင်ကို ပြစ်မှားမိ၍ သူ့အား တံခါးပိတ်ကျင့်ကြံရာမှ တိုက်ရိုက်ထွက်လာအောင် လုပ်လိုက်သနည်းဆိုသည်ကို မည်သူကမျှ မသိရှိကြချေ။
သို့သော် ထိုအချိန်၌ ကောင်းကင်မိစ္ဆာဧကရာဇ်သည် သူ၏ရထားလုံးကို ရပ်တန့်လိုက်ပြီး အောက်ဘက်သို့ အကြည့်တစ်ချက် ပို့လွှတ်လိုက်လေသည်။
တိုက်ဆိုင်စွာပင် သူ့အကြည့်က အကြီးအကဲလိန် အပေါ်သို့ တိုက်ရိုက်ကျရောက်သွားလေသည်။
အကြီးအကဲလိန်၏ နှလုံးသားမှာ ချက်ချင်းပင် တုန်လှုပ်သွားလေသည်။
“သောက်ကျိုးနည်းပြီ၊ ဒီကောင်က ခုနကကောင်တွေနဲ့ တကယ်ပဲ ပတ်သက်နေတာလား”
အကြီးအကဲလိန်၏ မျက်ခုံးများက နက်နက်ရှိုင်းရှိုင်း တွန့်ကွေးသွားလေသည်။
အကယ်၍ ထိုသူများသာ တစ်ဖက်လူနှင့် အမှန်တကယ် ဆက်နွယ်မှုရှိနေမည်ဆိုပါက သူ့ဘ၀ ပြီးဆုံးသွားပြီမဟုတ်လော။
အစကတည်းကသာ သိခဲ့မည်ဆိုပါက သူ ဤမျှလောက် ဒေါသထွက်ခဲ့မည်မဟုတ်ချေ။ အနည်းငယ် ဆုံးမလိုက်လျှင် လုံလောက်နေလေပြီ။
ယခုမူ သူသည် ကိုယ့်ဒုက္ခ ကိုယ်ရှာမိသလို ဖြစ်သွားခဲ့ပြီး မျက်နှာပန်းမလှရုံသာမက သူ၏အသက်ပါ ဆုံးရှုံးသွားနိုင်ခြေ ရှိလာပေသည်။ ဤသည်ကား လုံးဝအကျိုးမရှိသော လုပ်ရပ်ပင်။
ကျိုးရီသည် အကြီးအကဲလိန်၏ လက်ရှိစိတ်အခြေအနေကို သဘာဝကျကျပင် အာရုံခံမိပြီး သူ့အား နှစ်သိမ့်ပေးလိုက်သည်။
“အရမ်းကြီးစိတ်မပူပါနဲ့၊ ခုနက ခင်ဗျားက ကျွန်တော့်လူတွေကို ကူညီဖို့ ဝင်ပါပေးခဲ့တာလေ၊ ခင်ဗျားကို တခြားသူတွေ အနိုင်ကျင့်နေတာကို ကျွန်တော် လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး၊
စိတ်ချပါ... ကျွန်တော် ဒီမှာရှိနေသမျှကာလပတ်လုံး ဘယ်သူမှ ခင်ဗျားကို မထိစေရဘူး”
ထိုစကားကို ကြားလိုက်ရမှသာ အကြီးအကဲလိန်သည် သက်ပြင်းချနိုင်သွားလေသည်။
ကျိုးရီ၏ ကတိစကားကြောင့် သူ အတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။ ကျိုးရီ၏ လက်ရှိအဆင့်က မည်သည့်အဆင့်သို့ ရောက်ရှိနေသည်ကို သူ အတိအကျ မသိရှိသော်ငြား အနည်းဆုံးတော့ အချက်တစ်ချက်က သေချာနေပေသည်။
၎င်းမှာ သူ့အား ကာကွယ်ပေးရန်က ကြီးမားသောကိစ္စတစ်ခု မဖြစ်နိုင်ကြောင်းပင်။
ထို့ကြောင့် လက်ရှိအချိန်တွင် သူသည် အတော်လေးလုံခြုံနေပြီဖြစ်သည်။
“ဒါဆိုရင် ကျေးဇူးတင်ပါတယ် အရှင်ကျိုးရီ”
ထိုအချိန်တွင် ကောင်းကင်မိစ္ဆာဧကရာဇ်က ဖြည်းညင်းစွာ စကားစပြောလာလေသည်။
“နဂါးအိုကြီးလိန်... မင်းက ငါ့လူတွေကို ထိရဲတယ်ပေါ့၊ မင်း မသိဘူးလား၊ သူတို့ကမ္ဘာက ငါ့ဆီကို သစ္စာခံထားတာလေ၊ ဒါကို မင်းက မျက်တောင်တစ်ခတ်အတွင်းမှာ သူတို့ကို တိုက်ခိုက်လိုက်တယ်ပေါ့”
“မင်းက ငါ့မျက်နှာကို လုံးဝဂရုမစိုက်ဘဲ စကြဝဠာတစ်ခုလုံးရဲ့ ရှေ့မှာ ငါ့မျက်နှာကို ရိုက်ချလိုက်တာ မဟုတ်ဘူးလား၊ မင်းက ငါ့ကို အနိုင်ကျင့်ရလွယ်တယ်လို့များ ထင်နေတာလား၊
ဒါမှမဟုတ် မင်းရဲ့စွမ်းအားက ငါ့ထက်သာနေလို့ ငါ့ကို လေးစားစရာမလိုတော့ဘူးလို့ ထင်နေတာလား”
အကြီးအကဲလိန်တွင် ကျိုးရီ၏ ကတိစကား ရှိနေသော်လည်း ဤအချိန်တွင် ပြဿနာကို ပိုမိုမကြီးထွားစေလိုသဖြင့် တည်ငြိမ်စွာ ရှင်းပြလေသည်။
“ကောင်းကင်မိစ္ဆာဧကရာဇ်... သူတို့က သင့်လူတွေဆိုတာကို ကျွန်တော် မသိခဲ့ပါဘူး၊ သိခဲ့မယ်ဆိုရင်တော့ ခုနက သူတို့ကို သေချာပေါက် သနားညှာတာပေးခဲ့မှာပါ”
“ဒါတွေ အားလုံးက နားလည်မှုလွဲတာပါ၊ သင် ရှင်းရှင်းလင်းလင်း မြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
“ခုနက ကျွန်တော့်ရဲ့ အမှားအတွက် တောင်းပန်တဲ့အနေနဲ့ အရင်းအမြစ်တချို့ကို ပေးအပ်ဖို့ ဆန္ဒရှိပါတယ်၊ ကောင်းကင်မိစ္ဆာဧကရာဇ် အနေနဲ့ ကျွန်တော်တို့နှစ်ယောက်လုံးက စကြဝဠာရဲ့ ထိပ်တန်းဆယ်ခုစာရင်းဝင် မျိုးနွယ်စုတွေ ဖြစ်တာကို ထောက်ထားပြီး ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
ကောင်းကင်မိစ္ဆာဧကရာဇ်က သူ့ကို တစ်ချက်စိုက်ကြည့်ကာ မထီမဲ့မြင် ပြုံးလိုက်သည်။
“ခွင့်လွှတ်ရမယ်လား”
“မင်းပြောတဲ့ စကားက တကယ်ကို ရယ်စရာကောင်းတာပဲ၊ ငါက မင်းကို ခွင့်လွှတ်လိုက်မယ်ဆိုရင် ငါ့လူတွေကို ဘယ်သူက အသက်ပြန်ရှင်အောင် လုပ်ပေးမှာလဲ၊ မင်းက ငါ့မျက်နှာကို ဖျက်ဆီးခဲ့လို့ ငါက မင်းကို ဒုက္ခပေးနေတယ်လို့ ထင်နေတာလား၊
အရေးအကြီးဆုံးက သူတို့အားလုံးက ငါ့ရဲ့ လက်အောက်ငယ်သားတွေလေ၊ ဒီနေ့သာ ငါက မင်းကို ဒီလောက်လွယ်လွယ်လေးနဲ့ လွှတ်ပေးလိုက်မယ်ဆိုရင် အနာဂတ်မှာ ငါ့လက်အောက်ငယ်သားလုပ်ရဲတဲ့သူ ဘယ်သူရှိတော့မှာလဲ”
“အဲဒီအချိန်ရောက်ရင် ငါ့လက်အောက်ငယ်သားတွေကို သတ်တာက အပြစ်ပေးခံရမှာမဟုတ်ဘူး၊ တောင်းပန်လိုက်ရုံနဲ့ ရတယ်လို့ထင်ပြီး စကြဝဠာတစ်ခုလုံးမှာ ရှိတဲ့ လူဘယ်နှစ်ယောက်က ငါ့ကို ပြဿနာရှာလာကြမလဲ”
“အဲဒီအချိန်ရောက်ရင် စကြဝဠာကြီးထဲမှာရှိတဲ့ လူတော်တော်များများက အထက်ကိုတက်လှမ်းဖို့အတွက် ငါ့မျက်နှာကို နင်းလာကြလိမ့်မယ်”
“ငါက ဒီလိုအခြေအနေမျိုးဖြစ်လာအောင် ခွင့်ပြုပေးလိမ့်မယ်လို့ မင်းထင်နေတာလား”
အကြီးအကဲလိန်က အံကြိတ်ကာ မေးလိုက်သည်။
“ဒါဆို သင်က ဘာလိုချင်တာလဲ၊ ကျွန်တော့်ကို သတ်ချင်နေတာလား”
ကောင်းကင်မိစ္ဆာဧကရာဇ်က အေးစက်စက် တုံ့ပြန်လိုက်သည်။
“မင်းကို သတ်ဖို့တော့ မလိုအပ်ပါဘူး၊ ဒါပေမဲ့ အနည်းဆုံး အချက်တစ်ချက်တော့ ရှိတယ်... မင်းရဲ့ လက်နှစ်ဖက်လုံးကို ဖြတ်ပစ်ရမယ်၊ ပြီးတော့ မင်းရဲ့ ကျင့်ကြံခြင်းအဆင့် တစ်ဆင့်ကိုလည်း ဖျက်ဆီးပစ်ရမယ်”
“ဘာ”
ထိုစကားကို ကြားလိုက်ရသောအခါ လက်ရှိနေရာ၌ ရှိနေသူအားလုံး၏ နှလုံးသားများ ချက်ချင်း တုန်လှုပ်သွားကြလေသည်။
ဤအပြစ်ပေးမှုက ရိုးရှင်းစွာပင် အလွန်တရာ ရက်စက်လွန်းလှ၏။
သူတို့အဆင့်ရှိ အင်အားကြီးကျင့်ကြံသူများအတွက် အရေးအကြီးဆုံးအရာမှာ စွမ်းအားဖြစ်ကြောင်းကို သိထားရပေမည်။
သူတို့၏ ကိုယ်ပိုင်စွမ်းအားများမှလွဲ၍ အခြားသော အရင်းအမြစ်များ အားလုံးမှာ မည်သူကမျှ ဂရုမစိုက်သော ပြင်ပပိုင်ဆိုင်မှုများမျှသာ ဖြစ်သည်။
ထိုအရာများက သူတို့အတွက် မည်သည့်တန်ဖိုးမျှ မရှိတော့ချေ။
သို့သော် သူက တစ်ဖက်လူကို လက်နှစ်ဖက်လုံး ဖြတ်ခိုင်းပြီး ကျင့်ကြံခြင်း အဆင့်ကိုပါ ဖျက်ဆီးခိုင်းနေလေသည်။
ဤရှုထောင့်မှ ကြည့်မည်ဆိုပါက ယင်းက သူ၏ဘဝတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ခြင်းနှင့် တူညီနေပြီး သူ့အား သေရသည်ထက်ပင် ပိုမိုဆိုးရွားစွာ ခံစားရစေမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ၏စွမ်းအားများ ကျဆင်းသွားသည်နှင့်တစ်ပြိုင်နက် သူ ပြန်လည်နာလန်ထူနိုင်ရန် အလွန်ခက်ခဲသွားမည် ဖြစ်သောကြောင့်ပင်။
သူသည် ထာဝရ ရှုံးနိမ့်သူတစ်ယောက်အဖြစ် သေဆုံးသွားရမည်ဖြစ်၏။
သူများခြေထောက်အောက်တွင် နင်းခြေခံရကာ လှောင်ပြောင်မှုကို ထာဝရ ခံစားနေရမည့် အရှုံးသမားတစ်ယောက် ဖြစ်သွားပေလိမ့်မည်။
အဆင့်တစ်ဆင့် ကျဆင်းသွားလျှင်ပင် နယ်မြေနတ်ဘုရားအဆင့်ရှိ အင်အားကြီးကျင့်ကြံသူ တစ်ဦးအနေဖြင့် အတော်လေး ကောင်းမွန်နေဆဲဖြစ်မည်ဟု မထင်သင့်ပေ။
သူတို့ကဲ့သို့သော တည်ရှိမှုများအတွက် မြင့်မားသောနေရာတစ်ခုမှ ပြုတ်ကျခြင်း၊ အဆင့်ငယ်လေးတစ်ဆင့် ကျဆင်းခြင်းကပင်လျှင် သူတို့ လုံးဝမလိုလားသော အရာတစ်ခု ဖြစ်ပေသည်။
ပွဲကြည့်ပရိသတ်တစ်ဦးက တီးတိုးရေရွတ်လိုက်သည်။
“ဒီတစ်ခါတော့ သူ့ဘ၀ တကယ်ပဲ ပြီးသွားလောက်ပြီ”
အခြားတစ်ဦးကလည်း ထောက်ခံလိုက်သည်။
“ဟုတ်တယ်၊ သူ့ရဲ့ စွမ်းအားက အရမ်းကြီးမားတယ်လေ၊ သူက ကျင့်ကြံခြင်းအဆင့်ကို သေချာပေါက် ဆုံးရှုံးချင်မှာ မဟုတ်ဘူး”