← Chapters

အခန်း ၁၄၄

Vol. 15 Ch. 144

အခန်း ၁၄၄

Vol. 15 Ch. 144

အခန်း (၁၄၄) - ကျိုးရီပါ၀င်ပတ်သတ်လာခြင်း (၂)

“ဒါပေမဲ့ သူက ဒီကပ်ဆိုးကြီးကနေ လွတ်မြောက်ချင်တယ်ဆိုရင်တောင် တစ်ဖက်လူကို အနိုင်မယူနိုင်ဘူးလေ၊ ဒီနည်းလမ်းကလွဲပြီး သူ့မှာ တခြားနည်းလမ်း တကယ်မရှိတော့ဘူး”

နောက်တစ်ဦးကလည်း ဝင်ရောက်ဆွေးနွေးလာသည်။

“ဒါမှမဟုတ် သူ့ရဲ့ နဂါးမျိုးနွယ်စုက အင်အားကြီးကျင့်ကြံသူတွေဆီကနေ အကူအညီတောင်းလို့ ရတာပဲလေ၊ ဒါပေမဲ့ သူ အကူအညီရနိုင်မလား ဆိုတာကိုတော့ အာမမခံနိုင်ဘူး”

“တကယ်လို့ သူ အကူအညီ ရခဲ့မယ်ဆိုရင်တောင် ကောင်းကင်မိစ္ဆာဧကရာဇ်ကလည်း သူတို့မျိုးနွယ်စုက အကြီးအကဲတွေကို ကူညီဖို့ ဖိတ်ခေါ်နိုင်တာပဲလေ၊ နှစ်ဖက်လုံးက သူတို့ရဲ့ သက်ဆိုင်ရာမျိုးနွယ်စုတွေဆီကနေ အကြွင်းမဲ့ အင်အားကြီးကျင့်ကြံသူတွေကို ခေါ်လာနိုင်မှာ မဟုတ်ဘူး၊

ဒါက သူတို့ အချင်းချင်းကြားက အနိုင်ရနိုင်ခြေက သိပ်ပြီးပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတဲ့ သဘောပဲ၊ တကယ်လို့ အကြီးအကဲလိန်မှာ နဂါးမျိုးနွယ်စုထဲက ကြီးမားတဲ့ ကျောထောက်နောက်ခံ ရှိနေမယ်ဆိုရင်တော့ တစ်မျိုးပေါ့”

အခြားသူတစ်ဦးက လှောင်ပြောင်လိုက်သည်။

“အဲဒီအကြောင်း ထည့်ပြောမနေစမ်းနဲ့၊ သူ့မှာသာ တကယ်ပဲ ကြီးမားတဲ့ ကျောထောက်နောက်ခံ ရှိနေမယ်ဆိုရင် သူ့ကို ဒီနေရာမှာ ကင်းလှည့်ဖို့ စေလွှတ်ခံရမှာ မဟုတ်ဘူး၊ သူက အခုချိန်ဆို မြင့်မြတ်နယ်မြေတစ်ခုခုမှာ ဇွဲရှိရှိ တံခါးပိတ်ကျင့်ကြံနေလောက်ပြီ”

“အဲဒါလည်း ဟုတ်တာပဲ”

“သူ ဘာလုပ်လုပ် ဘယ်သူက ဂရုစိုက်နေမှာလဲ၊ သူက ငါတို့ရဲ့လမ်းကြောင်းပေါ်မှာ ရှိနေတဲ့သူမှမဟုတ်တာ၊ တကယ်လို့ သူ သေသွားရင်တောင် ငါတို့အတွက် ပိုပြီးအကျိုးရှိလာမှာပဲ၊ အဆုံးမှာ သူ ဘာကို ရွှေးချယ်မလဲဆိုတာကိုပဲ ငါသိချင်တာ”

“ဟုတ်တယ်၊ ဟုတ်တယ်... ငါတို့က ဒီနေရာမှာ ပွဲလာကြည့်ရုံသက်သက်ပဲ၊ အားလုံး ဘာကိုမှ စိတ်ပူမနေကြနဲ့၊ အဲဒါက ငါတို့နဲ့ ဘာမှမဆိုင်ဘူး၊ ဘာပဲဖြစ်ဖြစ် အဲဒါက ငါတို့ကို ဒုက္ခပေးမှာမှမဟုတ်တာ”

အချို့က တစ်ဖက်လူအတွက် စိုးရိမ်ပူပန်နေကြသော်လည်း အချို့ကမူ လက်ရှိအခြေအနေကို လုံးဝ ဂရုမစိုက်ဘဲ ပြုံးရွှင်နေကာ စိုးရိမ်ပူပန်မှု အနည်းငယ်မျှပင် မရှိပေ။

အချို့လူများဆိုလျှင် ဤနေရာမှ ထွက်ခွာသွားပြီးနောက် သတင်းထူး အကြောင်းအရာတစ်ခုအဖြစ် အသုံးပြုနိုင်ရန် စိတ်ဝင်စားစရာတစ်ခုခု ဖြစ်လာမည်လားဟု သိချင်ရုံသက်သက်ဖြင့် ပွဲကြည့်နေကြခြင်းသာ ဖြစ်သည်။

အကြီးအကဲလိန်က အေးစက်စက် မျက်နှာထားဖြင့် ပြန်လည်ချေပလိုက်သည်။

“ကောင်းကင်မိစ္ဆာဧကရာဇ်... သင့်ရဲ့ စွမ်းအားတွေက ကျွန်တော့်ထက် အများကြီးသာလွန်တယ်ဆိုတာကို ကျွန်တော် ဝန်ခံပါတယ်၊

သင်က သင့်မျိုးနွယ်စုထဲမှာ တကယ့် ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်ပြီး အရမ်းကို မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တာပါ၊ ဒါပေမဲ့ သင်က ကျွန်တော့်ကို ဒီလိုမဆက်ဆံသင့်ဘူး မဟုတ်လား”

“ဟုတ်တယ်... သင့်ရဲ့ လက်အောက်ငယ်သား အနည်းငယ်ကို ကျွန်တော် သတ်ခဲ့မိတယ်၊ ဒါပေမဲ့ သူတို့က သင့်ရဲ့ လက်အောက်ငယ်သားတွေ ဆိုတာကို ကျွန်တော်မသိခဲ့ဘူး၊

စကားပုံထဲကလိုပေါ့... မသိရင် အပြစ်မရှိဘူးတဲ့၊ သင်က ဒီလောက်တောင်ရန်လိုနေတာ ကျွန်တော်တို့ မျိုးနွယ်စုကြီးနှစ်ခုကြားမှာ ပြဿနာတွေ ဖြစ်လာမှာကို မကြောက်ဘူးလား”

ကောင်းကင်မိစ္ဆာဧကရာဇ်က လှောင်ပြောင်လိုက်သည်။

“မင်းတို့ နဂါးမျိုးနွယ်စုက စကြဝဠာထဲမှာ အင်အားအကြီးဆုံးမျိုးနွယ်စုဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့ အဲဒါက မင်းတို့ နဂါးမျိုးနွယ်စုက စကြဝဠာတစ်ခုလုံးမှာ သောင်းကျန်းလို့ရတဲ့ တစ်ခုတည်းသော တည်ရှိမှုလို့ ဆိုလိုတာ မဟုတ်ဘူး”

“ငါတို့ မျိုးနွယ်စုကလည်း စကြဝဠာတစ်ခုလုံးရဲ့ အထွတ်အထိပ် တည်ရှိမှုတစ်ခုအဖြစ် ကြီးထွားလာနိုင်တဲ့ အလားအလာရှိတယ်၊ ဒါကြောင့် အခု ငါကို အဓိပ္ပာယ်မရှိတာတွေ လာပြောမနေနဲ့တော့၊

ငါပြောတဲ့အတိုင်း အခုချက်ချင်း လုပ်ရင်လုပ်၊ မလုပ်ရင် ငါတို့ တိုက်ရိုက်ပဲ တိုက်ခိုက်ကြမယ်၊ ဒါပေမဲ့ တိုက်ရိုက် တိုက်ခိုက်ကြမယ်ဆိုရင် မင်း သေသေ၊ ရှင်ရှင် ငါနဲ့ မဆိုင်ဘူး၊ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်လို့ ငါ အာမမခံနိုင်ဘူး”

သူ၏ စကားလုံးများက အလွန်တရာဗိုလ်ကျလွန်းပြီး လွှမ်းမိုးနိုင်စွမ်းရှိလှရာ ရှင်းပြရန် သို့မဟုတ် ဆုတ်ခွာရန် နေရာပင် မရှိတော့ဘဲ ‘မင်းကို ငါ ချောင်ပိတ်ထားပြီ’ ဟူသော သဘောထားကို အပြည့်အဝ ဖော်ပြနေလေသည်။

ထိုအခြေအနေကို မြင်လိုက်ရသောအခါ အကြီးအကဲလိန်သည်လည်း ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။

သူ ထွက်ပြေး၍မရနိုင်သလို ဆက်လက်၍ စကားပြောနေရန်လည်း မဖြစ်နိုင်တော့ကြောင်း သူ သိထားလေသည်။

ဤအဆင့်ထိရောက်လာပြီဖြစ်ရာ နောက်ထပ် စကားများ ပြောဆိုနေခြင်းကလည်း အရေးမပါတော့ပေ။

‘စကားပြောနေလည်း အလကားပဲဆိုတော့ ငါ့ရဲ့ ပြင်ပအကူအညီကို ကူညီခိုင်းဖို့ပဲ ရှိတော့တယ်’

သူက ကျိုးရီကို လှမ်းကြည့်လိုက်သည်။ သူ၏ အကြည့်က ဤအခက်အခဲကို ကျော်ဖြတ်နိုင်ဖို့ရာ တစ်ဖက်လူအား ကူညီပေးရန် ရှင်းလင်းစွာ တောင်းဆိုနေလေသည်။

ကျိုးရီသည်လည်း အမှန်တကယ်ပင် ငြင်းပယ်ခြင်း မရှိခဲ့ချေ။ စောစောက သူပြောခဲ့သည့်အတိုင်းပင် တစ်ဖက်လူအား ကူညီပေးရန် သူ ဆုံးဖြတ်ထားပြီးဖြစ်သည်။

နဂါးမျိုးနွယ်စုသည် သူ့ကို လျစ်လျူရှုထားခဲ့သော်ငြားလည်း တစ်ဖက်လူက သူ့လက်အောက်ငယ်သားများကို ကယ်တင်ရန် ဝင်ပါပေးခဲ့ခြင်းကြောင့် ကောင်းကင်မိစ္ဆာဧကရာဇ်ကို ပြစ်မှားမိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဤအချိန်တွင် အဖော်ကို ရောင်းစားကာ ယုတ်မာသော လုပ်ရပ်မျိုး သူ လုပ်ဆောင်မည် မဟုတ်ချေ။

ထိုသို့တွေးရင်း သူက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ တစ်ဖက်လူကို မော့ကြည့်လိုက်သည်။

“ခင်ဗျား စကားတွေက နည်းနည်းလေး ဗိုလ်ကျလွန်းရာကျနေတယ်၊ အဲဒါက မကောင်းဘူး၊ ခင်ဗျား ဘယ်လောက်ပဲ အင်အားကြီးနေပါစေ ဒီစကြဝဠာကြီးထဲမှာ နှိမ့်ချတဲ့ စိတ်ထားတစ်ခုကို ထိန်းသိမ်းထားသင့်တယ်၊

ခင်ဗျားထက် အင်အားကြီးတဲ့သူတွေ အမြဲတမ်း ရှိနေတယ်ဆိုတာကို သိသင့်တယ်၊ ပြီးတော့ ကောင်းကင်ရဲ့ အထက်မှာ နောက်ထပ်ကောင်းကင်တွေ ရှိနေသေးတယ် ဆိုတာကိုလည်း သိသင့်တယ်၊

ခင်ဗျားက ဒီစကြဝဠာကြီးထဲမှာ အင်အားအကြီးဆုံး ဖြစ်တည်မှုမဟုတ်ဘူး၊ ဒီလို မာနကြီးတာက သေချာပေါက် တန်ဖိုးတစ်ခု ပေးဆပ်ရလိမ့်မယ်”

ထိုစကားများကို ကြားလိုက်ရသောအခါ လက်ရှိနေရာ၌ ရှိနေသူအားလုံး ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြလေသည်။

တစ်ဦးက အလန့်တကြား ရေရွတ်လိုက်သည်။

“ဘုရားရေ... ကောင်းကင်မိစ္ဆာဧကရာဇ်ကို ဒီလိုမျိုး စကားပြောရဲတယ်ဆိုတော့ ဒီလူတော့ ရူးနေတာသေချာတယ်”

အခြားတစ်ဦးကလည်း မှတ်ချက်ချလိုက်သည်။

“သူက တကယ်ကို အသက်ရှင်ရတာ ငြီးငွေ့နေပြီထင်တယ်၊ ဒါမှမဟုတ် သူက ကျားမကြောက်တဲ့ နွားသူငယ်လေးလို တစ်ဖက်လူက ဘယ်လောက်အင်အားကြီးလဲဆိုတာကို တကယ် မသိတာပဲဖြစ်ရမယ်”

ကောင်းကင်မိစ္ဆာဧကရာဇ်သည် အစကတည်းက သူ့ကို သတိထားမိခဲ့သော်လည်း အစပိုင်းတွင် တစ်ဖက်လူက အနည်းငယ် ထူးခြားနေသည်ဟုသာ သူ ခံစားခဲ့ရပြီး မည်သည့်နေရာတွင် ထူးခြားနေသည်ကိုမူ သူ အတိအကျ မထောက်ပြနိုင်ခဲ့ပေ။

ထို့အပြင် အစပိုင်းတွင် မည်သည့်ခြိမ်းခြောက်မှုမျိုးကိုမျှ သူ အာရုံမခံမိခဲ့သဖြင့် သူ့ကို ဆက်လက်၍ အာရုံစိုက်မနေခဲ့ခြင်းဖြစ်သည်။

ယခု ကျိုးရီက စကားစပြောလာသောအခါ ကောင်းကင်မိစ္ဆာဧကရာဇ်သည် သူ့ကို တစ်ဖန် ပြန်ကြည့်လိုက်မိပြီး အလွန်ထူးဆန်းသော ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရလေသည်။

ဤကောင်ကို သူ ထိုးထွင်းမသိမြင်နိုင်ကြောင်း ရှာဖွေတွေ့ရှိလိုက်ရ၏။

ဤသည်မှာ ရိုးရှင်းစွာပင် မယုံနိုင်စရာဖြစ်ရပ်ကြီးဖြစ်၏။

သူ၏စွမ်းအားများက အလွန်တရာကြီးမားလှပြီး လက်ရှိနေရာတွင် ရှိနေသူအားလုံးထဲ၌ အင်အားအကြီးဆုံးသူပင် ဖြစ်နေနိုင်လေ၏။ ဤနေရာတွင် မည်သူကမျှ သူ၏ အမြင်အာရုံမှ လွတ်မြောက်နိုင်မည်မဟုတ်ချေ။

သူဆန္ဒရှိပါက မည်သူ့စွမ်းအင်အဆင့်ကိုမဆို ခွဲခြားသိမြင်နိုင်စွမ်းရှိပြီး မည်သူကမျှ သူ့ရှေ့တွင် ဖုံးကွယ်၍မရနိုင်ချေ။ သို့သော် တစ်ဖက်လူကိုမူ သူ ထိုးထွင်းမသိမြင်နိုင်ခဲ့ပေ။

အံ့မခန်း အံအားသင့်စရာဖြစ်ရပ်ကြီးပင်။

ဤသည်မှာ တစ်ဖက်လူ၏စွမ်းအားက သူ့ထက် မသာလွန်လျှင်ပင် အနည်းဆုံးတော့ သူ့နှင့်အဆင့်တူဖြစ်နေကြောင်းကို ပြသနေပေသည်။

သို့သော် တစ်ဖက်လူက စကားပြောလာရုံမျှဖြင့် သူက ကြောက်ရွံ့သွားမည်မဟုတ်ချေ။

သူတို့၏ ကျင့်ကြံခြင်းအဆင့်က တူညီနေနိုင်သော်လည်း မည်သူက ပိုမိုအင်အားကြီးမားသည်ကို အမှန်တကယ် နှိုင်းယှဉ်မည်ဆိုပါက သူတို့၏ စစ်မှန်သော တိုက်ခိုက်ရေးစွမ်းအား၊ ကျင့်ကြံထားသော ကျင့်စဉ်များနှင့် တိုက်ခိုက်ရေး အတွေ့အကြုံများကိုသာ ကြည့်ရမည်ဖြစ်သည်။

ဤနေရာတွင် ပါဝင်ပတ်သက်နေသော အကြောင်းရင်းများစွာ ရှိလေသည်။

ကောင်းကင်မိစ္ဆာမျိုးနွယ်စုဝင် တစ်ဦးအနေဖြင့် သူသည် သူ့မျိုးနွယ်စု သွေးမျိုးဆက်အတွင်း၌ ဖုံးကွယ်နေသော အံ့မခန်းစွမ်းအားများနှင့် မျိုးနွယ်စုမှ အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့သော နတ်ဘုရားစွမ်းရည်များကို မွေးရာပါ ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ဤအရာများသည် သာမန်လူများ မရရှိနိုင်သော အရာများဖြစ်ပြီး သူတို့က သူ့ကို မည်သည့်နည်းနှင့်မျှ ယှဉ်ပြိုင်နိုင်စွမ်းမရှိကြချေ။ ထို့ကြောင့် သူ အနည်းငယ်မျှပင် ကြောက်ရွံ့မနေခဲ့ခြင်းဖြစ်သည်။

အကယ်၍ တိုက်ပွဲတစ်ခုသာ ဖြစ်ပွားလာခဲ့ပါက သူ့ပြိုင်ဘက်ကို အပြည့်အဝ ချေမှုန်းနိုင်မည်ဟု သူ အကြွင်းမဲ့ ယုံကြည်ထားလေသည်။

စကြဝဠာတစ်ခုလုံးရှိ လူတိုင်းက အဆင့်မြင့်မျိုးနွယ်စုတစ်ခု ဖြစ်လာရန် လိုလားနေကြသည့် အကြောင်းရင်းမှာလည်း ဤသည်ပင်။

အဆင့်မြင့် မျိုးနွယ်စုတစ်ခုသည် ကြီးမားသောပါရမီကို ပိုင်ဆိုင်ထားရုံမျှမက နတ်ဘုရားစွမ်းရည်များနှင့် အခြားသော ကဏ္ဍများတွင်လည်း သာမန်လူများ မျှော်မှန်းနိုင်သည့်အဆင့်ထက် များစွာ သာလွန်နေကြပေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လက်ရှိနေရာ၌ ရှိနေသော အခြားသူများမှာ ခေါင်းခါယမ်းရုံမှလွဲ၍ မတတ်နိုင်ကြတော့ချေ။

တစ်ဦးက သက်ပြင်းချကာ ရေရွတ်လိုက်သည်။

“ဒီကောင်က တကယ်ပဲ သေလမ်းရှာနေတာပဲ၊ ဒီတစ်ခါတော့ သူ သေချာပေါက် လွတ်မှာမဟုတ်တော့ဘူး”

အခြားတစ်ဦးကလည်း ထောက်ခံလိုက်သည်။

“ငါလည်း အဲဒီလိုပဲ ထင်တယ်၊ သူ့ရဲ့ စွမ်းအားက အရမ်းကြီးမားတယ် ဆိုပေမယ့် သူ့ရဲ့ပြိုင်ဘက်က ကောင်းကင်မိစ္ဆာဧကရာဇ် ဖြစ်နေတယ်လေ၊ ဒီနေ့ ဒီနေရာကိုရောက်လာတဲ့ သူတွေထဲမှာ ကောင်းကင်မိစ္ဆာဧကရာဇ်ကို အနိုင်ယူဖို့ အရည်အချင်းပြည့်မီတဲ့သူ တစ်ယောက်မှမရှိဘူး”

ကောင်းကင်မိစ္ဆာဧကရာဇ်သည် ကျိုးရီကို စိုက်ကြည့်ကာ ဖြည်းညင်းစွာ စကားစပြောလာလေသည်။

“မင်းက အရမ်းမာနကြီးတာပဲ၊ ငါ ဖြတ်သန်းခဲ့ရတဲ့ နှစ်တစ်လျှောက်လုံး တွေ့ဖူးခဲ့တဲ့ လူတွေထဲမှာ မင်းလောက်မာနကြီးတဲ့သူ မရှိသလောက်ရှားတယ်”

“မင်းရဲ့ စွမ်းအားက အရမ်းကြီးမားတယ်လို့ မင်းကိုယ်မင်း ထင်နေလောက်တယ်၊ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက မင်းက အရမ်းကို အသိဉာဏ်မဲ့လွန်းနေတာပဲ၊ ကိုယ့်စွမ်းအားကို အားကိုးပြီး မာနကြီးတာနဲ့ တခြားသူတွေကို လုံးဝ အရေးမစိုက်တာက အမိုက်မဲဆုံး လုပ်ရပ်ပဲ”

“မင်းက သူ့ကိုကယ်နိုင်မှာ မဟုတ်သလို မင်းကိုယ်မင်းလည်း ကယ်နိုင်မှာ မဟုတ်ဘူး”

ကျိုးရီက တည်ငြိမ်စွာ ပြန်လည် ချေပလိုက်သည်။

“ကိုယ့်ကိုယ်ကို ကယ်နိုင်၊ မကယ်နိုင် ဆိုတာက ခင်ဗျားရဲ့ လျှာဖျားလေးလှုပ်ရုံ ဆုံးဖြတ်လို့ရတဲ့ ကိစ္စ မဟုတ်ဘူးလေ၊ ကျွန်တော်တို့က တကယ်ပဲ ဘယ်သူက ပိုအင်အားကြီးသလဲ ဆိုတာကို တိုက်ကြည့်မှပဲ သိရမှာပေါ့”

“ဟီးဟီး...”

ကောင်းကင်မိစ္ဆာဧကရာဇ်၏ မျက်လုံးများက တဖြည်းဖြည်း အေးစက်လာပြီး သေလူတစ်ယောက်ကို ကြည့်နေသည့်အကြည့်မျိုးဖြင့် ကျိုးရီကို စိုက်ကြည့်လာလေသည်။

“မင်းက အရမ်းကို ယုံကြည်မှုရှိနေတာပဲ၊ ယုံကြည်မှု ရှိတာက ကောင်းတဲ့ကိစ္စပါ၊ ဒါပေမဲ့ တစ်ခါတလေကျတော့လည်း ဆိုးရွားတဲ့ကိစ္စတစ်ခု ဖြစ်သွားတတ်တယ်၊

ယုံကြည်မှုလွန်ကဲတာက လူတစ်ယောက်ကို အသိဉာဏ်မဲ့တဲ့ ဝက်တစ်ကောင်လို ဖြစ်သွားစေနိုင်တယ်”

All Chapters