← Chapters

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း (၁၄၅) - ကျိုးရီနှင့် ကောင်းကင်ဧကရာဇ်တို့ တိုက်ပွဲစတင်ခြင်း

“ထားလိုက်ပါတော့”

သူက ခေါင်းခါယမ်းလိုက်သည်။

“ငါက ဘာလို့ ဒီစကားတွေအားလုံးကို မင်းကို ပြောနေရတာလဲ၊ မင်းလို အရမ်းမာနကြီးတဲ့ သူတစ်ယောက်အတွက် ငါ ဘယ်လောက်ပဲပြောပြော မင်းက ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး၊

မင်းက ငါ့ကို လန့်အောင်လုပ်နေတာလား၊ ဟန်ရေးပြနေတာလား၊ ဒါမှမဟုတ် မင်း ငါ့ကို ခြောက်လှန့်ဖို့ ကြိုးစားနေတာလား”

“ဒီလိုဆိုမှတော့ ထပ်ပြောစရာ ဘာမှမရှိတော့ဘူး၊ မင်းကို သေလမ်းဆီ တိုက်ရိုက်ပဲပို့ပေးလိုက်မယ်”

ကောင်းကင်မိစ္ဆာဧကရာဇ်က စကားပြောနေရန် ပျင်းရိသွားပြီ ဖြစ်သည်။ ဤသည်မှာ သူ၏အချိန်ကို ဖြုန်းတီးနေခြင်းသက်သက်သာ ဖြစ်သည်။

မိမိကိုယ်ကို အင်အားကြီးကျင့်ကြံသူတစ်ဦးဟု ယုံကြည်နေသူ တစ်ယောက်အတွက် တစ်ဖက်လူက မည်မျှပင် ပြောနေပါစေ သူသည် ဖားသူငယ်တစ်ကောင်ဖြစ်ကြောင်းကို ဘယ်တော့မှ ယုံကြည်မည်မဟုတ်ချေ။

သူ့ကို ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ပြီး သူတို့ကြားရှိ စွမ်းအားကွာဟချက်ကို သိမြင်လာစေရန် ပြုလုပ်ပေးခြင်းဖြင့်သာ သူ့အား နာခံလာအောင် ပြုလုပ်နိုင်မည်ဖြစ်သည်။

ကျိုးရီသည် မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်လိုက်မိ၏။

ပွင့်ပွင့်လင်းလင်း ဆိုရလျှင် သူသည် အစကတည်းက တစ်ဖက်လူနှင့်တိုက်ခိုက်ရန် ရည်ရွယ်မထားခဲ့ချေ။ သူက အလွတ်သဘော ပြောလိုက်ရုံသာဖြစ်ပြီး အကယ်၍ တစ်ဖက်လူကသာ ဤကိစ္စကို ဤအတိုင်း ထားလိုက်မည်ဆိုပါက သူလည်း ဆက်လက်၍ ပြဿနာရှာနေမည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သူသည် အခြားသူများနှင့် တိုက်ခိုက်ရန် ဤနေရာသို့လာခဲ့ခြင်း မဟုတ်သောကြောင့်ပင်။

သူသည် အခွင့်အရေးအချို့ကို ရှာဖွေရန်၊ တစ်စုံတစ်ရာအပေါ် ပိုမိုနက်ရှိုင်းသော နားလည်သဘောပေါက်မှုများ ရရှိနိုင်မလားဆိုသည်ကို ကြည့်ရှုရန်နှင့် ထိုမှတစ်ဆင့် အခြားအဆင့်တစ်ခုသို့ တက်လှမ်းနိုင်ရန်အတွက်သာ ဤနေရာသို့ လာခဲ့ခြင်းဖြစ်သည်။

သို့သော် ဤအကောင်က တကယ်ကို ဟန်ရေးပြလွန်းနေသည်။

ကောင်းကင်မိစ္ဆာဧကရာဇ်က သူ့ကိုယ်သူ ဤကမ္ဘာ၏ဧကရာဇ်တစ်ပါးဟု ထင်မှတ်နေပြီး သူ့ကို ရင်ဆိုင်ရချိန်တွင် မည်သည့်အခက်အခဲမျှ ရှိမည်မဟုတ်ဟု တွေးထင်နေခြင်းလည်း ဖြစ်နိုင်ပေသည်။

‘ထားလိုက်ပါတော့... သူပြောသလိုပဲ ဒီကောင်နဲ့ စကားပြောနေလည်း အလကားပဲ’

‘သူ့ရဲ့ စိတ်ကို လုံးဝ ပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူး။ ဒီလိုဆိုမှတော့ တိုက်ရုံပဲ ရှိတော့တာပေါ့'

‘ဘယ်သူက ပိုပြီး အင်အားကြီးမလဲ၊ ဘယ်သူက အားနည်းလဲ ဆိုတာကို တိုက်ပွဲပြီးရင်တော့ သိရမှာပဲလေ'

ကျိုးရီသည် အဓိပ္ပာယ်မရှိသောစကားများ ထပ်ပြောနေရန် ပျင်းရိသွားပြီး ချက်ချင်းပင် စတင်တိုက်ခိုက်လိုက်လေတော့သည်။

ထိုအချိန်၌ ကောင်းကင်မိစ္ဆာဧကရာဇ်သည် ကျိုးရီ၏ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများ စုစည်းနေသည်ကို အာရုံခံမိနေပြီဖြစ်သည်။

သူက ရွံရှာမုန်းတီးစွာဖြင့် လှောင်ပြောင်လိုက်သည်။

“အသိဉာဏ်မဲ့တဲ့ကောင်လေး... မင်းက အရင်စတိုက်ရုံနဲ့ ငါ့အပေါ် အသာစီးရနိုင်မယ်လို့ တကယ်ထင်နေတာလား၊ တကယ်ကို ရယ်စရာကောင်းလွန်းတယ်”

“မင်းရဲ့ အသေးအမွှားလှည့်ကွက်လေးတွေက ငါ့ရှေ့မှာ လုံးဝအသုံးမဝင်ဘူး ဆိုတာကို မကြာခင် မင်း သဘောပေါက်သွားလိမ့်မယ်၊ မင်းက ဆောင်းဦးပေါက်မှာ ခုန်ပေါက်နေတဲ့ ကျိုင်းကောင်တစ်ကောင်ထက် မပိုဘူး”

ထိုသို့ပြောပြီးနောက် သူသည်လည်း သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို စတင်စုစည်းလာလေသည်။

သူတို့၏ လှုပ်ရှားမှုများက အလွန်တရာ မြန်ဆန်လွန်းလှရာ နယ်မြေနတ်ဘုရားတစ်ပါးပင်လျှင် သူတို့၏ လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်တော့ချေ။

မျက်တောင်တစ်ခတ် အတွင်းမှာပင် သူတို့နှစ်ဦးသည် ထိပ်တိုက်ရင်ဆိုင်နေကြပြီ ဖြစ်သည်။

ဝုန်း...

ကမ္ဘာမြေကို တုန်လှုပ်သွားစေလောက်သော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ နတ်ဘုရားအလင်းတန်းနှစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီးနောက် အချင်းချင်း ဝင်တိုက်မိသွားကာ အလွန်တရာ ကြီးမားလှသော ပေါက်ကွဲမှုကြီးတစ်ခုကို ချက်ချင်း ဖြစ်ပေါ်လာစေလေသည်။

အလွန်အမင်း အင်အားကြီးမားလှသော တုန်ခါမှုလှိုင်းများက နယ်မြေတစ်ခုလုံးကို ဖြတ်သန်းတိုက်ခတ်သွားပြီး ဤကမ္ဘာကြီးတစ်ခုလုံးကို ထိခိုက်သွားစေလေသည်။

ကမ္ဘာကြီးတစ်ခုလုံးပင် တုန်ယင်လာ၏။

အင်အားကြီးမားလှသော တုန်ခါမှုလှိုင်းများက အနီးအနားတွင် ရှိနေသူအားလုံးကို မျက်တောင်တစ်ခတ် အတွင်းမှာပင် လွင့်စဉ်သွားစေလေသည်။

နယ်မြေနတ်ဘုရားများပင်လျှင် သူတို့၏ရှေ့မှောက်၌ သစ်ရွက်ဟောင်းများပမာ ဖြစ်နေကြပြီး အနည်းငယ်မျှပင် ခုခံနိုင်စွမ်းမရှိကြဘဲ အပြင်းအထန် လွင့်စဉ်ထွက်သွားကြလေသည်။

“ဘုရားရေ... သူတို့ရဲ့စွမ်းအားက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြီးမားနေရတာလဲ”

“ဒါက နတ်ဘုရားဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားလား၊ ဒီစွမ်းအားက တကယ်ကို ကြောက်မက်ဖွယ်ကောင်းလွန်းတယ်၊ ငါတို့မှာ သူတို့ကို ခုခံနိုင်စွမ်း လုံးဝမရှိဘူး”

“အဆင့်တစ်ဆင့်ပဲ ကွာတယ်ဆိုပေမယ့် ငါတို့ကြားက တကယ့်ကွာဟချက်က ကောင်းကင်နဲ့ မြေကြီးလိုပဲ”

ထိုခဏ၌ မရေမတွက်နိုင်သောလူများမှာ ဤအဖြစ်အပျက်ကြောင့် အလွန်အမင်း ကြောက်ရွံ့သွားကြလေသည်။

ယခင်က သူတို့နှင့် နတ်ဘုရားဧကရာဇ်ကြားတွင် ကြီးမားသော ကွာဟချက်ကြီးတစ်ခု ရှိနေကြောင်းကို သူတို့ သိထားခဲ့သော်လည်း ဤအခြေအနေသို့ ရောက်ရှိလာမှသာ သူတို့ကြားရှိ ကွာဟချက်က မည်မျှအထိ ကြီးမားကျယ်ပြန့်သည်ကို သူတို့ အမှန်တကယ် နားလည်သဘောပေါက်သွားခဲ့ကြလေသည်။

ထို့အပြင် သူတို့ ကြောက်ရွံ့နေခြင်းက ဤအချက်တစ်ခုတည်းကြောင့်တော့ မဟုတ်ပေ။ အလွန်အရေးကြီးသော အကြောင်းရင်းတစ်ခုလည်း ရှိနေသေးသည်။

ယင်းမှာ ကျိုးရီနှင့် ကောင်းကင်မိစ္ဆာဧကရာဇ်တို့သည် သာမန် နတ်ဘုရားဧကရာဇ်များထက် ပိုမိုအင်အားကြီးမားနေပုံ ပေါ်သောကြောင့်ပင်။

ထိုအကြီးအကဲလိန်သည်လည်း နတ်ဘုရားဧကရာဇ်တစ်ပါး ဖြစ်သော်ငြား သူ လုပ်နိုင်စွမ်းရှိသည်မှာ နယ်မြေနတ်ဘုရားအချို့ကို အလွယ်တကူ သတ်ဖြတ်နိုင်ရုံမျှသာ ဖြစ်သည်။

သို့သော် သူတို့ရှေ့ရှိ ပုဂ္ဂိုလ်နှစ်ဦးမှာမူ သာမန်တိုက်ခိုက်မှု အနည်းငယ်ဖြင့်ပင် ဤကမ္ဘာကြီးကို တိုက်ရိုက်ဖျက်ဆီးပစ်နိုင်လောက်သည့် ခံစားချက်မျိုးကို ပေးစွမ်းနေလေသည်။

ဤအရာများကြားရှိ ကွာဟချက်က အလွန်တရာ ကြီးမားလွန်းလှပေသည်။ အကြီးအကဲလိန်ပင်လျှင် ခုနက တိုက်ပွဲ၏ တုန်ခါမှုလှိုင်းကြောင့် အနောက်သို့ ဆုတ်ခွာသွားခဲ့ရသည်ကို သူတို့ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ကြရသည်။

အကြီးအကဲလိန်သည် သူတို့နှင့် မတူဘဲ စစ်မှန်သော နတ်ဘုရားဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်းကို သိထားရမည်ဖြစ်သည်။

ထိုအဆင့်ရှိ ကျင့်ကြံသူ တစ်ဦးပင်လျှင် သူနှင့် အဆင့်တူညီသော တည်ရှိမှုများကြားမှ တိုက်ပွဲ၏ တုန်ခါမှုလှိုင်းကို မခံနိုင်ဘူးဆိုလျှင် တစ်ဖက်လူ၏စွမ်းအားက အမှန်တကယ် မည်မျှလောက်အထိ အင်အားကြီးမားနေသည်ကို စိတ်ကူးဖြင့် မှန်းဆကြည့်၍ ရနိုင်ပေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရပြီးနောက် အကြီးအကဲလိန်၏ နှလုံးသားမှာလည်း နှိုင်းယှဉ်၍မရနိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။

“ဒီကောင်နှစ်ယောက်က တကယ်ကို ကြောက်စရာကောင်းလွန်းတယ်၊ ကံကောင်းလို့ ခုနက ငါ သူတို့နဲ့ တိုက်ရိုက်ပြဿနာမဖြစ်ခဲ့တာ၊ ပြီးတော့ ငါက ကျိုးရီရှေ့မှာ ဟန်ရေးတောင် ပြလိုက်မိသေးတယ်”

အကယ်၍ ကျိုးရီသာ ယနေ့ ဤနေရာသို့ မရောက်လာခဲ့ပါက သူသည် ယခုအချိန်တွင် သေဆုံးနေလောက်ပြီဖြစ်သည်။

တစ်ဖက်လူ၏ စွမ်းအားကို အကဲခတ်ကြည့်ရမည်ဆိုပါက သူ့ကိုသတ်ရန်မှာ လက်တစ်ချောင်း လှုပ်ရသလောက်ပင် လွယ်ကူနေပေလိမ့်မည်။

သူတို့ကြားရှိ စွမ်းအင်ကွာဟချက်က သိပ်မကြီးမားဘဲ အဆင့်တူနေသော်လည်း ပြသလာသော တိုက်ခိုက်ရေးစွမ်းအားက အဘယ်ကြောင့် ဤမျှလောက် ကောင်းကင်ကိုပင် အံတုနိုင်နေသည်ကို သူ လုံးဝနားမလည်နိုင်အောင် ဖြစ်နေရ၏။

တစ်ဖက်လူ၏ ရှေ့မှောက်တွင် သူသည် သေးငယ်သော ပုရွက်ဆိတ်လေးတစ်ကောင်ပမာ ခံစားနေရသည်။

ဤအဆင့်၏ ကနဦးနှင့် အထွတ်အထိပ်ကြားရှိ ကွာဟချက်က တကယ်ပဲ ဤမျှလောက်အထိ ကြီးမားကျယ်ပြန့်နေသည်လော။

ကျိုးရီနှင့် ကောင်းကင်မိစ္ဆာဧကရာဇ်တို့၏တိုက်ပွဲ စတင်ပြီးနောက် လေဟာနယ်အတားအဆီးများမှာ အညှာအတာကင်းမဲ့စွာ ရိုက်ချိုးခံလိုက်ရပြီး သူတို့နှစ်ဦးမှာမူ အခြားသော ဟင်းလင်းပြင်နယ်ပယ်တစ်ခုအတွင်း၌ တိုက်ပွဲဝင်နေကြလေသည်။

ဝုန်း... ဝုန်း... ဝုန်း...

ကောင်းကင်ယံရှိ စွမ်းအင်များက အဆက်မပြတ် ပေါက်ကွဲနေပြီး ပတ်၀န်းကျင်လေဟာနယ်ပင်လျင် သူတို့၏တိုက်ခိုက်မှုများကို မခံနိုင်သောကြောင့် အလိုအလျောက်အက်ကွဲသွားကြလေသည်။

အသိဉာဏ်ရှိသော လေဟာနယ်မိစ္ဆာအချို့လည်း ရှိနေပြီး သူတို့သည် သူတို့၏ဦးတည်ရာကို အချိန်မီ ပြောင်းလဲကာ မူလနေရာမှ ကြိုတင်ထွက်ပြေးခဲ့ကြသဖြင့် ကပ်ဘေးတစ်ခုမှ ရှောင်လွှဲနိုင်ခဲ့ကြသည်။

သို့မဟုတ်ပါက သူတို့အားလုံး သေချာပေါက် အမြစ်ပြတ်ချေမှုန်းခံခဲ့ရပေလိမ့်မည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကောင်းကင်မိစ္ဆာဧကရာဇ်သည်လည်း အလွန်အမင်း ထိတ်လန့်သွားခဲ့လေသည်။

အစကမူ တစ်ဖက်လူက သူနှင့် အဆင့်တူရုံမျှသာဖြစ်ပြီး တစ်ဖက်လူ၏ သွေးမျိုးဆက်နှင့် ကျင့်ကြံထားသော စွမ်းအင်ကျင့်စဉ်များက သူ့ထက် များစွာနိမ့်ကျနေလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် တစ်ဖက်လူတွင် ဤမျှကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ရှိနေလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးထားခဲ့မိချေ။

တစ်ဖက်လူနှင့် တိုက်ပွဲဝင်နေသည့် မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် မရေမတွက်နိုင်သော တိုက်ကွက်များကို ထုတ်ဖော်အသုံးပြုခဲ့ပြီး ဖြစ်သည်။

ထိုသို့လုပ်ဆောင်ခဲ့သည့်တိုင် သူတို့ကြားရှိ တိုက်ပွဲက အနည်းငယ်မျှပင် အသာစီးမရခဲ့ဘဲ တစ်ဖက်လူကလည်း ဆုတ်ခွာလိုသည့်အရိပ်အယောင် မပြခဲ့ချေ။

“ကောင်လေး... မင်းရဲ့စွမ်းအားက တော်တော်လေး ကြီးမားပါတယ်၊ ဒါပေမယ့် ဒီလိုဖြစ်နေရင်တောင်မှ ဒီနေ့ မင်းကြုံတွေ့ရမယ့် ကံကြမ္မာဆိုးကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

“ငါက မင်းကို သတ်မယ်လို့ပြောရင် မင်းသေရမယ်၊ ငါ့ဘဝမှာ ငါသတ်ချင်တဲ့သူ ဘယ်သူကမှ ခုခံနိုင်စွမ်းမရှိခဲ့ဘူး၊ မင်းလည်း ခြွင်းချက်မဟုတ်ဘူး”

ကောင်းကင်မိစ္ဆာဧကရာဇ်က စကားအဆုံးတွင် ဟိန်းဟောက်လိုက်ရာ ကျောဘက်မှ တောင်ပံလေးခု ရုတ်တရက် ထွက်ပေါ်လာလေသည်။

ထိုတောင်ပံများသည် ပုစဉ်းတောင်ပံများနှင့် အနည်းငယ် တူညီနေလေသည်။ ဤတောင်ပံများ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ကောင်းကင်မိစ္ဆာဧကရာဇ်၏ အရှိန်အဝါများက ရုတ်တရက် အားကောင်းလာလေသည်။

ထိုမျှမက သူ၏မျက်လုံးများကလည်း ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရပြီးနောက် အကြီးအကဲလိန်က မကျေမနပ်ဖြင့် တံတွေးထွေးလိုက်သည်။

“ဒီကျက်သတုံးကောင်က တကယ်ကို ယုတ်မာတာပဲ”

ထို့နောက် သူက ကျိုးရီထံသို့ အလျင်အမြန် စိတ်အာရုံဖြင့် ဆက်သွယ်လိုက်သည်။

“အရှင်ကျိုးရီ... သူနဲ့ လုံး၀ထိပ်တိုက်ရင်မဆိုင်ပါနဲ့၊ ဒီကောင်က အရမ်းယုတ်မာတယ်၊ သူက အခု သူ့ရဲ့ အစစ်အမှန် ရုပ်သွင်တစ်ဝက်ကို ထုတ်ဖော်ပြသလိုက်ပြီ၊ အဲဒါကြောင့် သူ့ရဲ့စွမ်းအားတွေက အများကြီး တိုးလာလိမ့်မယ်”

“အစစ်အမှန် ရုပ်သွင်တစ်ဝက်လား... အဲဒါက ဘာအဓိပ္ပာယ်လဲ”

ကျိုးရီသည် ထိုစကားကို ကြားလိုက်ရချိန်တွင် ချက်ချင်းပင် နားမလည်နိုင်အောင် ဖြစ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် သူ့ဘဝတွင် ဤကဲ့သို့သော စကားမျိုးကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သောကြောင့်ပင်။

All Chapters