အခန်း ၁၄၆
Vol. 15 Ch. 146
အခန်း (၁၄၆) - အပြတ်အသတ်အနိုင်ယူခြင်း (၁)
“ဒါက လူသားမျိုးနွယ်ဝင် မဟုတ်တဲ့သူတွေ ပိုင်ဆိုင်ထားတဲ့ ထူးခြားတဲ့ စွမ်းရည်တစ်ခုပဲ” “ကျွန်တော်တို့မှာ ရုပ်သွင် သုံးမျိုး ရှိတယ်” “ပထမရုပ်သွင်က အခု အရှင်ကျိုးရီ မြင်နေရတဲ့ သာမန်လူသားရုပ်သွင်ပဲ” “ဒုတိယရုပ်သွင်က လူတစ်ဝက် သားရဲတစ်ဝက်၊ အဲဒါက ကျွန်တော်တို့ မူလမျိုးနွယ်စုခန္ဓာကိုယ်ရဲ့ တစ်ဝက်ကို ထုတ်ဖော်ပြသတာပဲ၊ ဒီအခြေအနေကို ရောက်သွားပြီးတဲ့နောက်မှာ ကျွန်တော်တို့ စွမ်းအားတွေက တိုးလာပြီး လက်ရှိအဆင့်ထက် အဆပေါင်းများစွာသာလွန်တဲ့ အဆင့်တစ်ခုကို ရောက်သွားလိမ့်မယ်” “တတိယရုပ်သွင်ကတော့ ကျွန်တော်တို့ရဲ့ မူလရုပ်သွင်ကို အပြည့်အဝ ပြောင်းလဲပစ်တာပဲ၊ အဲဒီရုပ်သွင်က ကျွန်တော်တို့အတွက် အင်အားအကြီးဆုံးအချိန်ပဲ” “ဒီကောင်က အခု သူ့ရဲ့ ရုပ်သွင်တစ်ဝက်ကို အသုံးပြုနေတယ်ဆိုတော့ သူ့စွမ်းအားတွေက အများကြီး တိုးလာလိမ့်မယ်၊ မျက်တောင်တစ်ခတ်အတွင်းမှာတင် အဆပေါင်းများစွာ တိုးလာနိုင်တယ်” “အခု သူ အသုံးပြုနေတဲ့ စွမ်းအားက အရှင်ကျိုးရီကို သတ်ဖို့…. ဒီကမ္ဘာကြီးကနေ လုံးဝ အမြစ်ပြတ်ချေမှုန်းပစ်ဖို့ ရည်ရွယ်ထားတာ သေချာတယ်” “အကယ်၍ အရှင်သာ သူနဲ့ ထိပ်တိုက် ရင်ဆိုင်မယ်ဆိုရင် သေဖို့ရာ ရာခိုင်နှုန်း အရမ်းများတယ်၊ ဘာလို့လဲဆိုတော့ အခု သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းအားတွေက အများကြီးတိုးလာရုံတင်မကဘူး၊ သူ့ရဲ့ ကျင့်ကြံခြင်း၊ တိုက်ခိုက်ရေးစွမ်းအားနဲ့ တခြား အခြေခံစွမ်းရည်အားလုံးကလည်း သိသိသာသာ တိုးလာလိမ့်မယ်” ကျိုးရီက ရိုးရှင်းစွာပင် တုံ့ပြန်လိုက်သည်။ “နားလည်ပြီ... ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ဒီအခြေအနေကို ရောက်နေမှတော့ ထွက်ပြေးဖို့မလိုတော့ပါဘူး” တစ်ဖက်လူမှာ ချက်ချင်းပင် မှင်တက်သွားလေသည်။ “အရှင်ကျိုးရီ... အဲဒါက ဘာအဓိပ္ပာယ်လဲ၊ သူနဲ့ ဆက်တိုက်နေဦးမလို့လား” ကျိုးရီသည် သူ့အား လျစ်လျူရှုလိုက်ပြီး တစ်ဖက်လူကို ဆက်လက်၍ တိုက်ခိုက်နေလေသည်။ အကြီးအကဲလိန်သည် ဤမြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေရင်း ကိုယ့်ဘာသာကိုယ် ရေရွတ်နေမိကာ သူ့ကြည့်ရသည်မှာ အနည်းငယ် ရူးသွပ်နေပုံ ပေါက်နေလေသည်။ “သူ ရူးနေပြီ... သူ ရူးသွားပြီပဲ” သို့သော် ကျိုးရီသည် မဆင်မခြင် တိုးဝင်သွားခြင်းမဟုတ်ဘဲ သူ့ကိုယ်အတွင်းရှိ စွမ်းအားများကို အဆက်မပြတ် မြှင့်တင်နေလေသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရပြီးနောက် ကောင်းကင်မိစ္ဆာဧကရာဇ်က သူ့ကို မလှောင်ပြောင်ဘဲ မနေနိုင်တော့ချေ။ “ရယ်စရာကောင်းလိုက်တာ၊ မင်းရဲ့ စွမ်းအားလေးနဲ့ ငါ့ကို အနိုင်ယူနိုင်မယ်လို့ မင်း တကယ်ထင်နေတာလား၊ ငါပြောမယ်... မင်းက နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ” “ဒီနေ့ မင်းသေရမယ်၊ ဒီရလဒ်ကို ဘယ်သူမှ ပြောင်းလဲပေးနိုင်မှာမဟုတ်ဘူး” ကောင်းကင်မိစ္ဆာဧကရာဇ် ဟိန်းဟောက်လိုက်ချိန်မှာပင် ကျိုးရီက ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ “ငါ ကျိုးရီရဲ့ နာမည်နဲ့... မင်းရဲ့ အကာအကွယ်ကို ဖျက်ဆီးပစ်မယ်” ကောင်းကင်မိစ္ဆာဧကရာဇ်သည် ဘာဖြစ်နေသလဲ ဆိုသည်ကို နားမလည်နိုင်သေးမီမှာပင် မှင်တက်သွားလေသည်။ ထိုခဏ၌ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက လျင်မြန်စွာစုစည်းလာပြီး သူ့ရှေ့ရှိ အကာအကွယ်ကို ချက်ချင်းပင် ရိုက်ချိုးဖျက်ဆီးပစ်လိုက်လေသည်။ ဝုန်း... “ဖူး...” ကောင်းကင်မိစ္ဆာဧကရာဇ်သည် ချက်ချင်းပင် လတ်ဆတ်သော သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရ၏ သူ့တစ်ကိုယ်လုံးမှာလည်း အဆုံးစွန်ထိ ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။ သူ၏မျက်လုံးများဖြင့် မြင်တွေ့နေရသည့် အရာကို သူ မယုံကြည်နိုင်အောင် ဖြစ်နေလေသည်။ ဤသည်မှာ အလွန်တရာ ယုံကြည်နိုင်စရာမရှိသည့် ဖြစ်ရပ်ကြီးမဟုတ်လော။ ‘ငါ အိပ်မက်မက်နေတာလား။ ဒါမှမဟုတ် တစ်ဖက်လူရဲ့ စိတ်စွမ်းအင်ပုံရိပ်ယောင်ထဲကို ရောက်သွားတာလား' ‘ဒီလိုကိစ္စမျိုးက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ တစ်ဖက်လူက ဘာလှည့်ကွက်မှတောင် မသုံးခဲ့ဘူးလေ၊ စကားတစ်ခွန်းပဲ ပြောလိုက်တာကို။ ဒါတောင်မှ ငါ့အကာအကွယ်က တကယ်ကြီး ကျိုးပျက်သွားခဲ့တယ်' သူ၏ အကာအကွယ်က အလွန်တရာ အင်အားကြီးမားပြီး သူ့တိုက်ခိုက်ရေးစွမ်းရည်ထက် လုံးဝမအားနည်းကြောင်းကို သိထားရမည်ဖြစ်သည်။ ဤစွမ်းအားကို စကားလုံးများဖြင့် အလွယ်တကူဖော်ပြရန်ပင် ခက်ခဲနေလေပြီ။ သို့သော် ထိုအခြေအနေကြားမှပင် တစ်ဖက်လူ၏တိုက်ခိုက်မှုကို သူ လုံးဝ မခုခံနိုင်ခဲ့သလို တစ်ဖက်လူ၏ တိုက်ခိုက်မှုက မည်သည့်အရာဖြစ်ကြောင်းကိုပင် သူ နားမလည်ခဲ့ပေ။ ဤအခိုက်အတန့်လေးအတွင်းမှာပင် သူသည် ထိတ်လန့်တုန်လှုပ်မှုကို အမှန်တကယ် စတင်ခံစားလာရလေပြီ။ ထိုမြင်ကွင်းကို မြင်လိုက်ရသော အခြားသူများမှာလည်း မည်သည့်အရာများ ဖြစ်ပျက်သွားသည်ကို လုံးဝ နားမလည်နိုင်ဘဲ အလွန်အမင်း ဇဝေဇဝါဖြစ်သွားကြလေသည်။ တစ်ဦးက နားမလည်နိုင်စွာ မေးခွန်းထုတ်လိုက်သည်။ “ခုနက အဲဒီလူ ဘာလုပ်လိုက်တာလဲ၊ သူ ဘာမှမလုပ်လိုက်ဘူးမလား၊ သူ့ရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအားတွေ စုစည်းနေတာကိုတောင် ငါ မခံစားမိလိုက်ဘူး၊ ဒါတောင်မှ ကောင်းကင်မိစ္ဆာဧကရာဇ်က ဒဏ်ရာရသွားတယ်လေ၊ အဲဒီစွမ်းရည်က အရမ်းကို သောက်ကျိုးနည်း မိစ္ဆာန်ဆန်လွန်းမနေဘူးလား” အခြားတစ်ဦးကလည်း မှတ်ချက်ချလိုက်သည်။ “ဒီစွမ်းအားက ဘယ်လိုလုပ်ပြီး ကျိန်စာတစ်ခုနဲ့ သွားတူနေရတာလဲ၊ မမြင်မရတဲ့ နည်းလမ်းနဲ့ တစ်ဖက်လူကို ချက်ချင်း ကြီးမားတဲ့ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တာပဲ၊ ဒီတိုက်ခိုက်ရေးနည်းလမ်းနှစ်ခုက တကယ်ကို ဆင်တူတယ်” နောက်တစ်ဦးကလည်း ဝင်ရောက်ဆွေးနွေးလာသည်။ “ဒါပေမယ့် အဲဒါက ကျိန်စာတစ်ခုဖြစ်နေရင်တောင်မှ တစ်ဖက်လူရဲ့ တိုက်ခိုက်မှုပုံစံကို မင်း တွက်ချက်နိုင်သေးတယ်လေ၊ အနည်းဆုံးတော့ တစ်ဖက်လူရဲ့ တိုက်ခိုက်မှုက လိုက်နာရမယ့် သတ်မှတ်ထားတဲ့လမ်းကြောင်းတစ်ခု ရှိနေသေးတယ်၊ ဒါကြောင့် ကျိန်စာတော်တော်များများကို ရှောင်လွှဲလို့ရတယ်၊ ဒါပေမယ့် သူ့ရဲ့ တိုက်ခိုက်မှုလမ်းကြောင်းကို လုံးဝ မမြင်လိုက်ရဘူး၊ အဲဒီလူက ဘယ်သူများလဲ... ဘယ်သူမှ မျှော်လင့်မထားတဲ့ ရုတ်တရက် တိုက်ခိုက်မှုတစ်ခုကို ဖန်တီးလိုက်တာပဲ” အခြားသူတစ်ဦးကလည်း သက်ပြင်းချကာ ရေရွတ်လိုက်သည်။ “ငါမသိဘူး၊ ဒါပေမယ့်... ဒီကောင်က တကယ်ကို မိစ္ဆာဆန်လွန်းတယ်၊ သူက ငါတို့ရဲ့ နားလည်မှုကို အမြဲတမ်း ရိုက်ချိုးနေတာပဲ၊ ဘုရားရေ... တကယ်ကို အံ့မခန်းပဲ”
ကောင်းကင်မိစ္ဆာဧကရာဇ်သည် သူ့ရင်ထဲရှိ သံသယများကို မမေးဘဲ မနေနိုင်တော့ချေ။
“မင်းက ဘယ်လို သိုင်းပညာရပ်မျိုးကို သုံးနေတာလဲ၊ ဒီလို တိုက်ခိုက်ရေးပုံစံမျိုးကို ငါ တစ်ခါမှ မမြင်ဖူးဘူး”
ထိုအခါ ကျိုးရီက ဖြည်းညင်းစွာ ပြန်ဖြေလေသည်။
“ဒီပညာရပ်ကို မဟာကံကြမ္မာကျင့်စဉ်လို့ ခေါ်တယ်”
“မဟာကံကြမ္မာကျင့်စဉ်”
“ဟုတ်တယ်၊ စကားပြောလိုက်ရုံနဲ့တင် ပတ်ဝန်းကျင်က ကမ္ဘာတစ်ခုလုံးနဲ့ ချိတ်ဆက်နိုင်ပြီး ခင်ဗျားကိုတိုက်ခိုက်ဖို့ စွမ်းအားတွေကို ထုတ်လွှတ်နိုင်တယ်၊ ခင်ဗျားမှာ အစွမ်းထက်သွေးမျိုးဆက်တစ်ခု ရှိနေရင်တောင်မှ အရေးမကြီးဘူး၊
မင်းကိုယ်ထဲက စွမ်းအားတွေက လှုံ့ဆော်ခံရနိုင်သေးတယ်”
“ကံကြမ္မာအမျိုးအစားလား”
ကောင်းကင်မိစ္ဆာဧကရာဇ်သည် တစ်ဖက်လူ၏ တိုက်ခိုက်မှုနောက်ကွယ်ရှိ နိယာမကို ချက်ချင်းပင် ခန့်မှန်းမိသွားလေသည်။
ကျိုးရီသည် ဤကဲ့သို့သောအရာကို တစ်ဖက်လူက ဤမျှမြန်မြန်ဆန်ဆန် ခန့်မှန်းနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ ကြည့်ရသည်မှာ ဤတိုက်ခိုက်ရေးနည်းလမ်းကို တွေးမိခဲ့သူမှာ သူတစ်ယောက်တည်း မဟုတ်လောက်ပေ။
သို့သော် သူတို့က ဤကဲ့သို့သော တိုက်ခိုက်ရေးနည်းလမ်းကို လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့ကြခြင်းသာ ဖြစ်ပေလိမ့်မည်။
“ခင်ဗျားမှန်းတာ မှန်ပါတယ်”
ကျိုးရီ စကားပြောပြီးသည်နှင့်တပြိုင်နက် တစ်ဖက်လူက ချက်ချင်း ကန့်ကွက်လာလေသည်။
“ဒါက မဖြစ်နိုင်ဘူး၊ လုံးဝယုတ္တိမရှိဘူး၊ ကံကြမ္မာနဲ့ ပတ်သက်တဲ့ ဘယ်အရာကိုမဆို ဒီလောက် လွယ်လွယ်ကူကူ လက်တွေ့ အသုံးချလို့ မရဘူး၊ မင်းက ဘာကိုစတေးဖို့ လိုတယ်လို့ ထင်နေတာလဲ၊ အနည်းဆုံး မင်းရဲ့ ကိုယ်ပိုင်အသက်ကိုလေ၊
မင်းရဲ့ စွမ်းအားတွေက ကြီးမားနေရင်တောင်မှ ဒီလောက်ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတွေကို ထုတ်လွှတ်ဖို့အတွက် မျက်တောင်တစ်ခတ်အတွင်း သက်တမ်းကုန်ဆုံးမှုက မင်းခံနိုင်ရည်ရှိတာထက် အများကြီး ကျော်လွန်နေမှာသေချာတယ်”
စတေးလိုက်ရသော စွမ်းအားမှာ အသုံးပြုလိုက်သော တိုက်ကွက်၏ စွမ်းအားအပေါ်တွင် မမူတည်ဘဲ တိုက်ခိုက်ခံရမည့်ပစ်မှတ်၏ စွမ်းအားအပေါ်တွင်သာ မူတည်ပေသည်။
အဘယ်ကြောင့်ဆိုသော် ကံကြမ္မာနှင့်ပတ်သက်လာပါက ၎င်းပါဝင်ပတ်သက်လိုက်သည်နှင့်တစ်ပြိုင်နက် စွမ်းအင်အားလုံးသည် ချက်ချင်းကြိုတင်ထုတ်ယူခံရပြီး သုံးစွဲသွားခြင်းကြောင့်ပင်။
ဤသည်မှာ တိုက်ခိုက်မှုစတင်ပြီးနောက်တွင်ပင် နောက်ဆုတ်ရန် အခွင့်အရေး ရှိနေသေးသည့် အခြားသော နည်းလမ်းများနှင့် မတူညီပေ။
ဤတိုက်ခိုက်မှုကို စတင်လိုက်သည်နှင့်တစ်ပြိုင်နက် ပြန်လည်ရုပ်သိမ်းရန် အခွင့်အရေး လုံးဝမရှိတော့ချေ။
တစ်ဖက်လူကလည်း အလွန်အမင်း အင်အားကြီးမားပြီး သူ့စွမ်းအားနှင့် တန်းတူရှိနေသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် တစ်ဖက်လူအား ဒဏ်ရာရစေချင်ပါက သူထုတ်လွှတ်မည့် စွမ်းအားသည် တစ်ဖက်လူ၏စွမ်းအားထက် သေချာပေါက် များစွာသာလွန်နေရမည်သာ။
ထိုသို့ဆိုလျှင် သူသည် မျက်တောင်တစ်ခတ်အတွင်း အလွန်အမင်းများပြားလှသော သက်တမ်းကို ဆုံးရှုံးရပေမည်။
သူသည် နတ်ဘုရားဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေလျှင်ပင် ဤမျှ ကြီးမားလှသော သုံးစွဲမှုကို သူ မခံနိုင်ချေ။
သူ၏ မျက်နှာပေါ်တွင် အရေးအကြောင်းအချို့ပင် ပေါ်လာသင့်သော်လည်း ယခုမူ ကျိုးရီသည် လုံးဝ အကောင်းပကတိရှိနေပြီး အနည်းငယ်မျှပင် ထိခိုက်ထားပုံမပေါ်ပေ။
ဤသည်မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေလေသည်။
ထိုလူတွင် သာမန်လူများထက် များစွာပိုမိုများပြားသော သက်တမ်းများ ရှိနေလျှင်ပင် ဤကဲ့သို့ တိုက်ခိုက်ရဲမည်မဟုတ်ပေ။
နတ်ဘုရားဧကရာဇ်အဆင့်ရှိ အင်အားကြီးကျင့်ကြံသူများသည် အလွန်ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်ထားကြပြီး နှစ်သောင်းနှင့်ချီ အလွယ်တကူ ရှင်သန်နိုင်ကြသော်ငြား…..
ဤသည်က သူတို့၏ အသက်များက ထာဝရရှင်သန်နေမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
သာမန်လူများနှင့် နှိုင်းယှဉ်လျှင် အရမ်းကို များပြားလွန်းနေခြင်းသာ။
သို့သော် သူတို့၏ ကျင့်ကြံခြင်းအတွက် လိုအပ်သောအချိန်ကလည်း အလွန်ရှည်လျားလှပေသည်။ လူအများအပြားသည် နှစ်တစ်သောင်း သို့မဟုတ် နှစ်သောင်းခန့် တံခါးပိတ်ကျင့်ကြံနေလျှင်ပင် မည်သည့်အရာကိုမျှ နားလည်သဘောပေါက်နိုင်ခြင်းမရှိပေ။
ဤသည်မှာ သူတို့၏စွမ်းအားများ ထပ်မံတိုးတက်လာရန် ခက်ခဲကြောင်းကို ပြသနေပေသည်။ ဤအခြေအနေတွင် လူတိုင်း၏သက်တမ်းက အလွန်တန်ဖိုးရှိလှပေသည်။
တစ်နည်းအားဖြင့်ဆိုရလျှင် သူတို့၏ အသက်များသည် ထိုအောက်ခြေအဆင့် ကျင့်ကြံသူများ၏အသက်ထက် ပိုမိုအရေးကြီးနေလေ၏။
အဘယ်ကြောင့်ဆိုသော် သူတို့၏အသက်က ထိုသူများထက် များစွာ ပိုမိုအဖိုးတန်နေသောကြောင့်ပင်။
ကျိုးရီသည် သူ့အား ဆက်လက်၍ ငြင်းခုံမနေတော့ဘဲ စကားအနည်းငယ်ဖြင့်သာ ပြန်လည်တုံ့ပြန်လိုက်သည်။
“ကျွန်တော်က အမှန်တရားကို ပြောနေရုံသက်သက်ပဲ၊ ခင်ဗျား ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ခင်ဗျားသဘောပဲ၊ ခင်ဗျားက မဖြစ်နိုင်ဘူးလို့ အတင်းပြောနေရင်လည်း ကျွန်တော်တတ်နိုင်တာ ဘာမှမရှိဘူး”