← Chapters

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း (၁၄၇) - အပြတ်အသတ်အနိုင်ယူခြင်း (၂)

ကောင်းကင်မိစ္ဆာဧကရာဇ်က လှောင်ပြောင်လိုက်သည်။

“မင်း ဘာလှည့်ကွက်တွေ သုံးနေတယ်ဆိုတာကို ငါမသိဘူးလို့ မထင်လိုက်နဲ့၊ ဒီတိုက်ခိုက်မှုကို ငါနားမလည်နိုင်လို့ မင်းက ဒီနည်းလမ်းနဲ့ ငါ့ကို ခြောက်လှန့်ပြီး ထွက်ပြေးသွားအောင် လုပ်ချင်နေတာပဲ၊

ဒါပေမယ့် မင်း မှားနေတယ်၊ တော်တော်လေးကို မှားနေတာပဲ၊ မင်းဆီက သေးငယ်တဲ့ ခြိမ်းခြောက်မှုလေးတစ်ခုကြောင့် ငါက နောက်ဆုတ်သွားမှာမဟုတ်ဘူး”

“မင်းရဲ့ တိုက်ခိုက်ရေးပုံစံ အတိအကျကို ငါ နားမလည်သေးဘူးဆိုပေမယ့် သေချာတဲ့ အချက်တစ်ချက်ကတော့ ဒါက အသုံးပြုရင် ပေးဆပ်ရမယ့်အရာက အရမ်းကို တန်ကြေးကြီးမားမယ်ဆိုတာပဲ”

“ပေးဆပ်ရမယ့်တန်ကြေး ဒီလောက်တောင် ကြီးမားနေမှတော့ မင်းက ဒါကို အကန့်အသတ်မရှိ ထုတ်သုံးနိုင်မှာမဟုတ်ဘူး၊ မင်းက ငါ့ကို တစ်ကြိမ် နှစ်ကြိမ်လောက် ဒဏ်ရာရအောင် လုပ်နိုင်ရင်တောင်မှ ဒီစကြဝဠာကြီးထဲကနေ ငါ့ကို လုံးဝ အမြစ်ပြတ်ချေမှုန်းပစ်နိုင်မှာမဟုတ်ဘူး၊

ဘာလို့လဲဆိုတော့ အဲဒီလိုလုပ်ရင် မင်း စတေးလိုက်ရမယ့်အရာတွေက မင်းရလာမယ့်အကျိုးအမြတ်တွေထက် ပိုများသွားမှာ သေချာနေလို့ပဲ”

“ဒီစကြဝဠာကြီးထဲမှာ အဲဒီလောက်အထိ မိုက်ရူးရဲဆန်တဲ့သူတစ်ယောက် ရှိနေမယ်လို့ ငါမထင်ဘူး”

“မင်းက ငါ့အပေါ် ပိုပြီးနက်ရှိုင်းတဲ့ တိုက်ခိုက်မှုတစ်ခုကို မလုပ်နိုင်သမျှကာလပတ်လုံး ငါက ဘာကိုကြောက်နေရမှာလဲ”

တစ်ဖက်လူသည် ဤအဆင့်အထိ ကျင့်ကြံနိုင်လာပြီဖြစ်ရာ အမှန်တကယ်ပင် ဖြတ်ထိုးဉာဏ်ကောင်းမွန်သော ဦးနှောက်တစ်ခုကို ပိုင်ဆိုင်ထားကြောင်း ကျိုးရီဝန်ခံရပေမည်။

သူပြောခဲ့သော အချက်အလက်အားလုံးမှာ အလွန်လက်တွေ့ကျပြီး သူပြောသကဲ့သို့ပင် တစ်ဖက်လူက ဤနည်းလမ်းကို အလွယ်တကူ ခုခံနိုင်စွမ်းရှိပေသည်။

အနည်းဆုံးတော့ လာမည့် တိုက်ပွဲတွင် သူ ဆက်လက်၍ ရှုံးနိမ့်နေမည်မဟုတ်ချေ။

သို့သော် သူ မှားယွင်းခန့်မှန်းမိခဲ့သော အချက်တစ်ချက် ရှိလေသည်။ ယင်းမှာ ကျိုးရီ၏ သက်တမ်းပြဿနာပင်။

ကျိုးရီသည် ထာဝရတည်ရှိမှုတစ်ခု ဖြစ်ပြီး ထာဝရအသက် တာအိုသစ်သီး၏ စွမ်းအားသည်လည်း အဆုံးမဲ့ ဖြစ်ပေသည်။

ထာဝရအသက် တာအိုသစ်သီး၏ စွမ်းအားက သူ့အား ဤကျင့်စဉ်ကို အဆက်မပြတ်အသုံးပြုနိုင်စေသည်။ ဤသည်မှာ အခြားသူများ၏အမြင်တွင် မိမိ၏အသက်ကို စတေးရမည့် တိုက်ကွက်တစ်ခု ဖြစ်သော်လည်း သူ့အတွက်မူ အလွယ်တကူလုပ်ဆောင်နိုင်သော သာမန် အခြေခံတိုက်ကွက်တစ်ခုနှင့် တူနေလေ၏။

ကောင်းကင်မိစ္ဆာဧကရာဇ်က ဤမျှလောက် ယုံကြည်မှုလွန်ကဲနေသည်ကို မြင်သောအခါ ကျိုးရီသည် အချိန်ဖြုန်းနေရန် ပျင်းရိသွားပြီး တစ်ဖက်လူကို တိုက်ရိုက် စတင်တိုက်ခိုက်လိုက်လေတော့သည်။

“မင်းနဲ့ စကားဆက်ပြောနေဖို့ ငါ အရမ်းပျင်းနေပြီ၊ မင်းက သေချင်နေမှတော့ သေခြင်းတရားက ဘယ်လိုမျိုးလဲဆိုတာ မင်းကို ကောင်းကောင်းကြီး မြည်းစမ်းကြည့်ခိုင်းရတာပေါ့”

“ငါ့နာမည်နဲ့တိုင်တည်... ကောင်းကင်မိစ္ဆာဧကရာဇ်ကို ပြင်းပြင်းထန်ထန်ဒဏ်ရာရစေ၊ သူ့ရဲ့ ဘယ်ဘက်လက်မောင်းကို ဖြတ်တောက်စေ”

“ငါ့နာမည်နဲ့ တိုင်တည်... ကောင်းကင်မိစ္ဆာဧကရာဇ်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေ၊ သူ့ရဲ့ ညာဘက်လက်မောင်းကို ဖြတ်တောက်စေ”

“ငါ့နာမည်နဲ့...”

အမိန့်များ တစ်ခုပြီးတစ်ခု အဆက်မပြတ် ထွက်ပေါ်လာလေသည်။

သူ စကားပြောလိုက်တိုင်း တစ်ဖက်လူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုက တိုက်ရိုက် ပေါက်ကွဲသွားလေသည်။

“အား... အား... အား... အား... အား...”

ကောင်းကင်မိစ္ဆာဧကရာဇ်သည် နှလုံးသားကို ဆုတ်ဖြဲခံနေရသကဲ့သို့ အဆက်မပြတ် အော်ဟစ်နေရလေသည်။ ဤအော်ဟစ်သံများက စကြဝဠာကြီး တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး လက်ရှိနေရာ၌ ရှိနေသူအားလုံးကို မှင်တက်သွားစေလေသည်။

ဤကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ မမျှော်လင့်ထားခဲ့ကြချေ။

ထိုသူမှာ ကောင်းကင်မိစ္ဆာဧကရာဇ်ဖြစ်ကြောင်း သိထားရမည် ဖြစ်သည်။

အင်အားကြီးမားလှသော ကောင်းကင်မိစ္ဆာဧကရာဇ်ပင်။

သူ မည်မျှလောက်အထိ အင်အားကြီးမားသည်ကို ဤနေရာ၌ ရှိနေသူ မည်သူ့ကိုမျှ ရှင်းပြနေရန် မလိုတော့ပေ။ သူသည် နှစ်ပေါင်းများစွာကြာအောင် သူတို့အပေါ် ဖိနှိပ်ထားခဲ့သော တောင်ကြီးတစ်လုံးနှင့် တူညီနေခဲ့သည်။

ထိုနှစ်များအတွင်း မည်သူကမျှ သူ့အား ခုခံရန် သို့မဟုတ် ဆန့်ကျင်ရန်ပင် မတွေးရဲခဲ့ကြချေ။

အားလုံး၏ မျက်လုံးထဲတွင် သူသည် ဤစကြဝဠာကြီး၌ အင်အားအကြီးဆုံး ဖြစ်တည်မှုတစ်ခု ဖြစ်ခဲ့သည်။

‘သူကသာ တခြားသူတွေကို အနိုင်ကျင့်ခဲ့ဖူးတာလေ၊ တခြား ဘယ်သူကမှ သူ့ကို အနိုင်မကျင့်နိုင်ခဲ့ဖူးဘူး'

သို့သော် ယနေ့တွင် အမည်မသိလူစိမ်းတစ်ယောက်၏လက်ချက်ဖြင့် အညှာအတာ ကင်းမဲ့စွာ ညှဉ်းပန်းနှိပ်စက်ခံနေရသည်ကို မြင်တွေ့ရလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ကြချေ။

ထိုညှဉ်းပန်းနှိပ်စက်မှုကလည်း နည်းနည်းချင်းစီ လုပ်ဆောင်နေခြင်းဖြစ်သည်။

သူသည် တစ်ဖက်လူ၏လက်ထဲတွင် အသုံးမကျသော ရုပ်သေးရုပ်လေးတစ်ရုပ်ကဲ့သို့ဖြစ်နေလေ၏။

ပြန်လည်ခုခံနိုင်မည့်နည်းလမ်းပင် မရှိခဲ့ပေ။

ဤသည်မှာ ရိုးရှင်းစွာပင် အလွန်ရယ်စရာကောင်းနေပြီး သူတို့ အမြဲတမ်း မယုံကြည်ခဲ့ကြသော အရာတစ်ခုနှင့် တူညီနေသည်။

မဟုတ်သေး... တိတိကျကျ ဆိုရလျှင် သူတို့ စိတ်ကူးဖြင့်ပင်မတွေးရဲခဲ့သော ပြဿနာတစ်ခုနှင့် တူညီနေပေသည်။

ယင်းက ရုတ်တရက်ဖြစ်ပေါ်လာခဲ့ပြီး သူတို့၏မျက်စိရှေ့တွင်ပင် ဖြစ်ပျက်သွားခဲ့လေပြီ။

သူတို့၏ စိတ်အတွင်းမှ အတွေးများကို ပြောင်းလဲရန် ဆင်ခြေတစ်ခုပင် မရှာနိုင်တော့ချေ။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ကောင်းကင်မိစ္ဆာ‌ဧကရာဇ်သည် လုံးဝ အကောင်းပကတိအခြေအနေမှ ဒုက္ခိတတစ်ယောက်ဖြစ်သည်အထိ ရိုက်နှက်ခံလိုက်ရသည်ကို သူတို့ ကိုယ်တိုင် တွေ့နေရသောကြောင့်ပင်။

ဤအဆင့်ရောက်သည်အထိ လုပ်နိုင်ရန် ကျိုးရီ မည်မျှလောက် အင်အားကြီးနေရမည်နည်း။

‘ဒါက စကားလုံးတွေနဲ့တောင် ဖော်ပြလို့မရနိုင်လောက်အောင် ကြောက်စရာကောင်းလွန်းတယ်'

အကြီးအကဲလိန်သည် နဖူးမှ ချွေးစေးများကို မသုတ်ဘဲ မနေနိုင်တော့ချေ။

ကံကောင်း၍ ခုနက သူနှင့် ဆက်လက်တိုက်ခိုက်ရန် မရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်ပါက ယခုအချိန်တွင် သူသည် ဤစကြဝဠာကြီးမှ လုံးဝ ပျောက်ကွယ်သွားလောက်ပြီ ဖြစ်သည်။

ကျိုးရီ၏ တိုက်ခိုက်မှုအားလုံးကို သူ မြင်တွေ့နေရသည်။ သူ၏ အကဲဖြတ်ချက်အရဆိုလျှင် ၎င်းတို့ထဲမှ တစ်ကွက်ပင် သူ ခံနိုင်ရည်ရှိမည်မဟုတ်ချေ။

အကယ်၍ ထိုတိုက်ခိုက်မှုများထဲမှ တစ်ခုခုသာ သူ၏ အပေါ်သို့ ကျရောက်လာခဲ့ပါက သူသည် ချက်ချင်းပင် ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားပြီး ဤစကြဝဠာကြီးမှ ထာဝရ ပျောက်ကွယ်သွားပေလိမ့်မည်။

ဤအခြေအနေက လူတိုင်း၏ရင်ထဲရှိ ထိတ်လန့်မှုနှင့် မျှော်လင့်ချက်မဲ့မှုများကို စကားလုံးဖြင့်ပင် မဖော်ပြနိုင်တော့ချေ။ ဤဖိနှိပ်မှုက ရိုးရှင်းစွာပင် အလွန်တရာ ကြီးမားလွန်းလှပေသည်။

တစ်ချိန်တည်းမှာပင် သူ့မျိုးနွယ်စုသည် မှားယွင်းသော ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ခဲ့လေသလားဟု အကြီးအကဲလိန် တွေးမိလာလေသည်။

ဖြစ်နိုင်သည်မှာ သူပြောခဲ့သကဲ့သို့ပင် သူတို့သည် သူ့ကို လျစ်လျူရှုထားပြီး နှစ်ပေါင်းများစွာကြာပြီး သူ၏ကျင့်ကြံမှု အောင်မြင်လာချိန်မှသာ အမွမ်းတင်နေမည့်အစား သူ့နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို ယခုကတည်းက တည်ဆောက်ထားခဲ့သင့်ပေသည်။

ထိုအချိန်သို့ ရောက်လာပါက အရာအားလုံးက နောက်ကျသွားပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤစကြဝဠာကြီးအတွက် အမွမ်းတင်ခြင်း၏အဓိပ္ပာယ်သည် အခက်အခဲနှင့် ကြုံတွေ့နေရချိန်တွင် ကူညီပေးခြင်း၏ကြင်နာမှုနှင့် ဘယ်သောအခါမျှ နှိုင်းယှဉ်၍ ရမည်မဟုတ်သောကြောင့်ပင်။

အကြီးအကဲလိန်သည် နောင်တတရားများဖြင့် ရေရွတ်လိုက်သည်။

“အရင်တုန်းက ငါ အရမ်းမာနကြီးခဲ့တာ၊ ငါ့ကိုယ်ငါ အရမ်းကို အထင်ကြီးနေခဲ့တာ၊ နဂါးမျိုးနွယ်စုတစ်ခုလုံးကလည်း အရမ်းထူးချွန်ပြောင်မြောက်တယ်လို့တောင် ငါထင်နေခဲ့မိတာ၊

ဒါပေမဲ့ ငါ့ရှေ့က ဒီကောင်လေးက ဒီအခြေအနေကို အလွယ်တကူ ပြောင်းလဲနိုင်တယ်၊ လက်ရှိအဖြစ်အပျက်ပေါ် အခြေခံပြီး သူ့ရဲ့ စွမ်းအားတွေကို ထပ်ပြီးတိုးချဲ့နိုင်စွမ်း ရှိနေပုံရတယ်”

“ဒါကြောင့် ဒီအခြေအနေအရ တွက်ချက်ကြည့်မယ်ဆိုရင် တစ်ဖက်လူက အနာဂတ်မှာ နဂါးမျိုးနွယ်စုကို မကျော်လွန်နိုင်ဘူး ဆိုရင်တောင်မှ အနည်းဆုံးတော့ စကြဝဠာတစ်ခုလုံးမှာ လုံးဝ အသစ်ဖြစ်တဲ့ လွှမ်းမိုးမှုနယ်ပယ်တစ်ခုကို ဖန်တီးနိုင်စွမ်းရှိလာလိမ့်မယ်”

“တကယ်လို့ အဲဒီအချိန်သာ တကယ်ရောက်လာခဲ့မယ်ဆိုရင် ငါတို့ တစ်ခုခုလုပ်ဖို့ဆိုတာ အရမ်းနောက်ကျသွားလောက်ပြီ၊ တကယ်ကို နှမြောစရာပဲ”

ယခုအခါ သူ၏ရင်ထဲတွင် အဖိုးတန်ရတနာတစ်ခုကို ဆုံးရှုံးလိုက်ရသကဲ့သို့ ခံစားနေရလေသည်။

ယနေ့ပြီးနောက်တွင် နဂါးမျိုးနွယ်စုရှိရာ ကမ္ဘာသို့ပြန်သွားရန် အချိန်အနည်းငယ်ယူပြီး ကျိုးရီမှာ ခြွင်းချက်မရှိ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးဖြစ်ကြောင်း သူတို့ ရှင်းရှင်းလင်းလင်း နားလည်စေရန် သေချာပေါက် လုပ်ဆောင်ရမည်ဟု သူ တွေးမိလေသည်။

မည်သို့ပင်ဆိုစေကာမူ သူ့ကို သူတို့ဘက်သို့ ပါလာအောင်၊ သူတို့နှင့် ပူးပေါင်းလာအောင် နည်းလမ်းရှာရမည် ဖြစ်သည်။

ဤနည်းလမ်းဖြင့်ဆိုလျှင် သူတို့သည် အလွန်တရာအင်အားကြီးမားသော မဟာမိတ်တစ်ဦးကို ရရှိပေလိမ့်မည်။

နဂါးမျိုးနွယ်စုသည် စကြဝဠာတစ်ခုလုံးတွင် အင်အားအကြီးဆုံးမျိုးနွယ်စု ဖြစ်သော်လည်း အကြွင်းမဲ့ အုပ်စိုးရှင်များတော့ မဟုတ်ပေ။ ဤစကြဝဠာကြီးတွင် သူတို့ကို ခြိမ်းခြောက်နိုင်စွမ်းရှိသော အခြားမျိုးနွယ်စုများ ရှိနေသေးသည်။

အထူးသဖြင့် ထိုမျိုးနွယ်စုများသည် ပူးပေါင်းသွားမည်ဆိုပါက ပို၍ပင် အန္တရာယ်ကြီးလာနိုင်ပေသည်။ နဂါးမျိုးနွယ်စုတစ်ခုလုံးအတွက် အန္တရာယ်က ပိုမိုကြီးမားလာပေလိမ့်မည်။

အကယ်၍ ဤအချိန်တွင် အလွန်တရာအင်အားကြီးမားသော ဖြစ်တည်မှုတစ်ခုက ရုတ်တရက်ဝင်ရောက်လာမည်ဆိုပါက မည်သူက နဂါးမျိုးနွယ်စုကို နှောက်ယှက်ရန် ဝံ့ရဲဦးမည်နည်း။

မည်သို့ပင်ဆိုစေကာမူ ဤမျှလောက်ကောင်းမွန်သော အခွင့်အရေးကို သူတို့ လက်လွတ်ခံ၍မဖြစ်ပေ။

ကောင်းကင်မိစ္ဆာဧကရာဇ်သည် အဆက်မပြတ်အော်ဟစ်နေလေ၏။

သူ၏ မျက်လုံးများက ထိတ်လန့်နေမှုမှ မယုံကြည်နိုင်မှုသို့ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် ထုံထိုင်းသွားကာ မျှော်လင့်ချက်မဲ့သွားလေသည်။

တစ်ဖက်လူ၏စွမ်းအားက ဤမျှအထိ ကြီးမားပြီး သူ့အား အလွယ်တကူ ဒုက္ခိတဖြစ်သွားစေနိုင်လိမ့်မည်ဟု သူ တစ်ခါမျှ မမျှော်လင့်ထားခဲ့ချေ။

တိုက်ခိုက်ခံရစဉ်အတွင်း သူသည် အင်အားအကြီးဆုံး ကာကွယ်ရေးနည်းလမ်းများကိုပင် အလိုအလျောက် အသုံးပြုခဲ့သေးသည်။

သို့သော် နောက်ဆုံးတွင်မူ ၎င်းက မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိခဲ့ချေ။ ယခုမူ သူ ကြောက်ရွံ့လာပြီဖြစ်ပြီ တစ်ဖက်လူ၏စွမ်းအားကို နောက်ဆုံးတွင် သဘောပေါက်သွားခဲ့လေပြီ။

သူနှင့်နှိုင်းယှဉ်ပါက တစ်ဖက်လူသည် ကောင်းကင်ယံတွင် ပျံသန်းနေသော ခမ်းနားထည်ဝါလှသည့် သိမ်းငှက်ကြီး တစ်ကောင်နှင့် တူညီနေပြီး သူကမူ ရေတွင်းထဲမှ အသိဉာဏ်မဲ့သော ဖားသူငယ်လေးတစ်ကောင်သာ ဖြစ်နေလေသည်။

‘ဒီအတိုင်းသာ ဆက်သွားနေရင် ငါတကယ်ပဲ ဒီနေရာမှာ သေသွားနိုင်တယ်... မဟုတ်ဘူး၊ ငါ ဒီနေရာမှာ လုံးဝ သေလို့မဖြစ်ဘူး'

သူသည် လက်ရှိဘဝတွင် ဤအဆင့်သို့ရောက်ရန် အလွန်ခက်ခဲစွာ ကျင့်ကြံခဲ့ရသည်။ ဤသည်မှာ သူ၏အသက်သွေးကြောပင်။

အားနည်းသူများက အခြားသူများ၏အနိုင်ကျင့်မှုအား ခံရသည်ကို သူ အမြဲတမ်း မြင်တွေ့နေခဲ့ရသည်။ ထို့ကြောင့် သူသည် အားနည်းသူတစ်ယောက် လုံးဝမဖြစ်လိုချေ။

All Chapters