အခန်း ၁၀၁
Vol. 11 Ch. 101
အခန်း (၁၀၁) - လှိုင်းတစ်ထောင် ဓားချက်
ဒေါင်...
လင်းဖန်သည် သူ၏သံတူများဖြင့် ဓားစွမ်းအင်လှိုင်းကို ကာကွယ်လိုက်သည်။
သို့သော်ငြား နောက်ဆက်တွဲအက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။
သံတူများ၏ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းတစ်ခု ထွက်ပေါ်လာလေသည်။
အချိန်အတော်ကြာအောင် သူ့အတွက် အသုံးတည့်ခဲ့ပြီးနောက် သံတူများမှာ နောက်ဆုံးတွင် ပြိုင်ဘက်နှင့် တွေ့သွားချေပြီ။
ထန်ယွမ်၏ ဓားကောက်မှာ ဝိညာဉ်အဆင့် သို့မဟုတ် သေချာပေါက် ထို့ထက်ပိုမြင့်ပေလိမ့်မည်။
ဝှစ်...
အခြားဓားစွမ်းအင်လှိုင်းတစ်ခုက သူ့ထံသို့ အလျားလိုက် ဝင်ရောက်လာပြန်သည်။
ယခုတစ်ကြိမ်တွင် လင်းဖန်၏ မြင်းကို ပစ်မှတ်ထားလာခြင်းပင်။
ရွှမ်း...
မြင်းသည် အန္တရာယ်ကို အာရုံခံမိသော်လည်း အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ချေ။
ထိုဓားစွမ်းအင်လှိုင်းက မြင်း၏အရှေ့မှနေ၍ အနောက်ဘက်အထိ ထိုးခွဲသွားလေသည်။
လင်းဖန်သည် လုတိကို ဆွဲမကာ မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး လမ်းဘေးသို့ ပစ်ချလိုက်သည်။
ထန်ယွမ်၏အနောက်မှ လူများမှာမူ သူမထံသို့ရောက်ရန် ကြိုးစားရင်း ပြေးလာကြတော့သည်။
ဟိုမင်သည်လည်း မြင်းပေါ်မှ ခုန်ဆင်းကာ ထိုလူများနှင့် ဝင်ရောက်တိုက်ခိုက်လေသည်။
ယခုအခါတွင် ထန်ယွမ်နှင့် လင်းဖန်တို့၏ တိုက်ပွဲသာ ကျန်ရှိတော့သည်။
[ဒင်...]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]
[ကလဲ့စားချေအမှတ် ၂၂၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ။]
လင်းဖန်သည် ကလဲ့စားချေအမှတ်များကို မြင်လိုက်ရပြီးနောက် သံတူများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
‘ဒီပွဲကတော့ အတော်လေး ခက်ခဲမယ့်ပုံပဲ’
လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။
သတိပေးခြင်း အလျဉ်းမရှိဘဲ ထန်ယွမ်က သူ၏ဓားကောက်ဖြင့် အလျားလိုက် ထပ်မံခုတ်ပိုင်းလိုက်ပြန်သည်။
လင်းဖန်ထံသို့ ဦးတည်လာသော ဓားစွမ်းအင်လှိုင်းကြောင့် တစ်ဖွဲဖွဲကျနေသော မိုးရေစက်များပင်လျှင် အဝတ်စတစ်စကဲ့သို့ အလယ်မှ ကွဲဟသွားသည့်အလား ထင်မှတ်ရပေသည်။
ဒေါင်...
လင်းဖန်က သံတူများဖြင့် ထပ်မံကာကွယ်လိုက်သည်။
အက်ကြောင်းများက ပို၍ ဆိုးရွားလာပြီး ပင့်ကူအိမ်ကဲ့သို့ ဖြာထွက်လာတော့သည်။
နောက်ထပ် အချက်အနည်းငယ်သာ ထိမှန်ပါက သူ၏သံတူများ ကျိုးပျက်သွားနိုင်ပေသည်။
လင်းဖန်သည် ရေခဲအစွယ်ကျားဖြူ၏ အမြုတေပါရှိသော သံတူထဲသို့ ချီစွမ်းအင်များ ထည့်သွင်းလိုက်လေသည်။
မိုးရေစက်များက ရေခဲစေ့ငယ်လေးများအဖြစ် အေးခဲသွားပြီး လင်းဖန်က ယင်ထိုးနှက်ချက်ဖြင့် သူ၏သံတူကို အရှေ့သို့ ထိုးသွင်းလိုက်သည်။
ဝှစ်...
ရေခဲစူးက လွဲချော်သွားသော်ငြား ရေခဲစေ့ငယ်လေးများက ထန်ယွမ်၏ မျက်နှာကို ထိမှန်သွားလေသည်။
ရေခဲစေ့များ သူ၏မျက်လုံးထဲသို့ မဝင်စေရန် ဓားကောက်ကို မြှောက်ကာ ကာကွယ်လိုက်ရသည်။
ဘုန်း...
လင်းဖန်သည် အံ့ဖွယ်ခုန်ပျံခြင်းဖြင့် ခုန်တက်လိုက်ရာ ထန်ယွမ်၏အရှေ့သို့ ရောက်ရှိသွားတော့သည်။
သူသည် ယင်ယန်ကြက်ခြေခတ်ရိုက်ချက်ကို အသုံးပြုကာ ထန်ယွမ်၏ ခါးကို ရိုက်ချလိုက်လေသည်။
ယင်နှင့်ယန် ချီစွမ်းအင်များက ခါးအတွင်းသို့ ဝင်ရောက်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ချေ။
ထန်ယွမ်၏အဆင့်က ၎င်းအတွက် မြင့်မားလွန်းနေကာ သူ၏ချီစွမ်းအင်များက လင်းဖန်၏ ယင်ယန်ရိုက်ချက်ကို ကာကွယ်ပေးထားခြင်းပင်။
“ဟား...”
ထန်ယွမ်က အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ပြီး ချီစွမ်းအင်များကို ဖယ်ရှားလိုက်ရာ လင်းဖန်ထံသို့ ပြန်လည်ရိုက်ခတ်သွားလေသည်။
သူ၏သံတူများမှာ လက်ထဲမှ လွတ်ထွက်သွားတော့သည်။
ရွှမ်း...
ထန်ယွမ်က လင်းဖန်အား အသက်ရှူချိန်မပေးဘဲ သူ၏ဓားကောက်ဖြင့် အောက်သို့ ခုတ်ချလိုက်သည်။
လင်းဖန်မှာ ညာဘက်လက်ကို မြှောက်၍သာ ကာကွယ်လိုက်နိုင်တော့သည်။
ဂျွတ်...
ထိုဓားကောက်မှာ လင်းဖန်၏ လက်ဖျံအနီးတွင် ရပ်တန့်သွားလေသည်။
သံမဏိတုံး တစ်တုံးကို ခုတ်ပိုင်းမိလိုက်သကဲ့သို့ ထန်ယွမ် ခံစားလိုက်ရသည်။
“မင်းက ဘာကောင်လဲ”
ချီစုစည်းမှုအဆင့်သာရှိသော လင်းဖန်က သူ၏ဓားကောက်ကို ခံနိုင်ရည်ရှိနေသည်ကိုမြင်လျှင် ထန်ယွမ် အံ့ဩသွားတော့သည်။
သူ၏ ဝိညာဉ်အဆင့်ဓားကောက်မှာ ပုံမှန်အားဖြင့် ချီစုစည်းမှုအဆင့် ကျင့်ကြံသူများကို လွယ်ကူစွာ ခုတ်ပိုင်းနိုင်စွမ်း ရှိပေသည်။
ချီစုစည်းမှုအဆင့်ရှိသော ထိုအနှောင့်အယှက်ပေးတတ်သည့် ခန္ဓာကိုယ်ကျင့်ကြံသူများပင်လျှင် ၎င်းကို ခုခံနိုင်စွမ်း မရှိကြချေ။
သို့သော်လည်း လင်းဖန်ကမူ တစ်နည်းနည်းဖြင့် ခုခံနိုင်ခဲ့လေသည်။
“အား...”
ထန်ယွမ်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လင်းဖန်အပေါ်သို့ ဖိချလိုက်တော့သည်။
မြေလွှာကြံ့ခိုင်မှုစွမ်းရည်က သူ၏ခွန်အားများကို စုပ်ယူနေသဖြင့် လင်းဖန်မှာ စက္ကန့်အနည်းငယ်မျှသာ ထပ်တောင့်ခံနိုင်တော့မည် ဖြစ်သည်။
သူသည် ဘယ်ဘက်လက်ကို အသုံးပြုကာ သံမဏိလက်သည်းကို သက်ဝင်စေလိုက်ပြီး ထန်ယွမ်၏ မျက်လုံးများဆီသို့ လှမ်းထိုးလိုက်သည်။
လက်သည်းများက နီးကပ်လာသော်လည်း ထန်ယွမ်က နောက်သို့ ဆုတ်ရှောင်လိုက်သဖြင့် ပါးပြင်ကိုသာ ရှပ်မိသွားလေသည်။
ပါးပြင်ပေါ်တွင် ဖြူဖျော့ဖျော့ အစင်းရာ အနည်းငယ်မျှသာ ကျန်ရစ်ခဲ့တော့သည်။
ထန်ယွမ်က နောက်သို့ အလျင်အမြန် ခုန်ဆုတ်လိုက်သည်။
လင်းဖန်၏ သံမဏိလက်သည်းများဖြင့် ရုတ်တရက် တိုက်ခိုက်မှုက သူ့ကို အံ့အားသင့်သွားစေသည်။
ဤသည်ကပင် လင်းဖန်အတွက် သူ၏ချီစွမ်းအင်များကို အသုံးပြုကာ ခွန်အားပြန်လည်ဖြည့်တင်းရန် အခွင့်အရေး ရသွားစေခဲ့သည်။
မြေလွှာကြံ့ခိုင်မှုစွမ်းရည်မှာ အခြားစွမ်းရည်များထက် ခွန်အားများကို ပိုမိုကုန်ခမ်းစေလေသည်။
မကြာမီမှာပင် သူတို့နှစ်ဦးသား အပြန်အလှန် ချိန်ဆနေကြလေသည်။
“မင်းမှာ ဒီလောက်ပဲရှိတာလား”
လင်းဖန်က လှောင်ပြောင်လိုက်သည်။
ပတ်ဝန်းကျင်မှ ချီစွမ်းအင်များ စုပ်ယူနိုင်ရန် အချိန်ဆွဲနေခြင်း ဖြစ်သည်။
သူ၏ ခွန်အားများ ပြည့်ဝနေသော်လည်း ချီစွမ်းအင်မှာမူ လေးပုံတစ်ပုံခန့်သာ ကျန်ရှိတော့သည်။
ထန်ယွမ်တစ်ယောက် လင်းဖန်ကို မည်သို့ရှင်းလင်းရမည်ကို တွေးတောနေချိန်တွင် အလိုအလျောက် ချီစွမ်းအင်စုပ်ယူမှုက ၎င်း၏တာဝန်ကို ထမ်းဆောင်နေလေသည်။
နောက်ဆုံးတွင် ထန်ယွမ်က မဲ့ပြုံး ပြုံးလိုက်သည်။
လင်းဖန်မှာ ယခုအချိန်တွင် ချီစွမ်းအင်များ နည်းပါးနေလောက်ပြီဖြစ်ရာ အဆက်မပြတ် ဖိအားပေးတိုက်ခိုက်ပါက လင်းဖန်၏ အကာအကွယ်ကို နောက်ဆုံးတွင် ဖောက်ထွင်းပိုင်းဖြတ်နိုင်မည်ဖြစ်ကြောင်း သူ တွက်ဆလိုက်ခြင်းပင်။
“ဒါဆိုရင်လည်း သင်ခန်းစာပေးတာကို ခံဖို့ ပြင်ထားပေတော့”
ထန်ယွမ်က သူ့ထံသို့ ထပ်မံပြေးဝင်လာသည်ကို လင်းဖန် မြင်လိုက်ရသည်။
ဤတစ်ကြိမ်တွင်မူ တိုက်ကွက်သစ်တစ်ခု ပါလာချေပြီ။
“လှိုင်းတစ်ထောင် ဓားချက်”
ထန်ယွမ်က အော်ဟစ်လိုက်ရင်း သူ၏ ဓားကောက်ကို စက်ဝိုင်းသဏ္ဌာန် ဝှေ့ယမ်းလိုက်လေသည်။
၎င်းက ဒေါင်လိုက်နှင့် အလျားလိုက် ဓားစွမ်းအင်လှိုင်းများကို တစ်ခုပြီးတစ်ခု ထွက်ပေါ်လာစေသည်။
ဖုန်း...
လင်းဖန်သည် ထိုဓားစွမ်းအင်လှိုင်းများကို သူ၏ မြေလွှာကြံ့ခိုင်မှုစွမ်းရည်ဖြင့်သာ ကာကွယ်နိုင်တော့သည်။
သူက အသာစီးရနေသည်ကို မြင်သောအခါ ထန်ယွမ်က ဓားစွမ်းအင်လှိုင်းများ ထုတ်လွှတ်ရင်း ဖြည်းညင်းစွာဖြင့် ရှေ့သို့ တိုးလာသည်။
တဖြည်းဖြည်းနှင့် လင်းဖန်၏ ခန္ဓာကိုယ်အနှံ့တွင် ဖြူဖျော့ဖျော့ ဒဏ်ရာများ ထွက်ပေါ်လာလေသည်။
ထိုအရာက ထန်ယွမ်ကို ပိုမိုရဲတင်းလာစေပြီး လင်းဖန်အား နောက်ဆုံးအဆုံးသတ်တိုက်ကွက်ဖြင့် အပြတ်ရှင်းရန် ဆုံးဖြတ်လိုက်တော့သည်။
“လခြမ်းဓားချက်”
သူသည် ဓားကောက်ကို မြှောက်ကိုင်လိုက်ပြီး လခြမ်းသဏ္ဌာန် ဝှေ့ယမ်းလိုက်သည်။
ဓားကောက်ပေါ်တွင် အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။
‘မိပြီ’
လင်းဖန်က သူ့ဖာသာ ရေရွတ်လိုက်ပြီး ဤအခွင့်အရေးကို အသုံးချကာ မြေပြင်ကို ဆောင့်နင်းလိုက်တော့သည်။
မြေကြီးတစ်ခုလုံး တုန်ခါသွားသဖြင့် ထန်ယွမ်မှာ အံ့အားသင့်သွားရသည်။
သူက ဟန်ချက်ပြန်ထိန်းလိုက်ရသဖြင့် တိုက်ကွက်ကို ရပ်တန့်လိုက်ရသည်။
ဘုန်း...
လင်းဖန်က ထန်ယွမ်ထံသို့ ခုန်အုပ်လိုက်ပြီး သံမဏိလက်သည်းများဖြင့် ၎င်း၏မျက်လုံးများဆီသို့ ထပ်မံထိုးနှက်လိုက်ပြန်သည်။
ယခင်က အတွေ့အကြုံရှိထားသဖြင့် ထန်ယွမ်က ခေါင်းကို နောက်သို့ငဲ့ရှောင်လိုက်ကာ လင်းဖန်အား ဓားကောက်ဖြင့် ခုတ်ချလိုက်သည်။
လင်းဖန်က လက်ဖျံကိုသုံး၍ ဓားကို ပုတ်ထုတ်ကာ ကာကွယ်လိုက်သည်။
ဂျွတ်...
ဤတစ်ကြိမ်တွင်မူ ဓားကောက်က လင်းဖန်၏ လက်ဖျံထဲသို့ စိုက်ဝင်သွားလေသည်။
သူ၏ သံမဏိလက်သည်းများမှာ ထန်ယွမ်၏ မျက်လုံးများကို ထိုးဖောက်မိရန် နီးကပ်လွန်းလှသည်။
ထန်ယွမ်က ဓားကောက်ကို ပြန်ဆွဲနုတ်ရန် ကြိုးစားသော်လည်း မရချေ။
လင်းဖန်က ပြန်လည်ကုစားနိုင်စွမ်းကို အသုံးပြုလိုက်သဖြင့် သူ၏အသားများက ပြန်လည်ပူးကပ်သွားသည်။
၎င်းက ဓားကောက်ကို အထဲတွင် ညပ်နေစေတော့သည်။
လင်းဖန်က သံမဏိလက်သည်းများဖြင့် ထန်ယွမ်၏ မျက်လုံးများဆီသို့ ထပ်မံထိုးသွင်းလိုက်ပြန်သည်။
ဤတစ်ကြိမ်တွင် သူက အလွန်နီးကပ်နေပြီဖြစ်ရာ ထန်ယွမ်အတွက် လွတ်မြောက်ရန် လမ်းစမရှိတော့ပေ။
“အား...”
လင်းဖန်၏ သံမဏိလက်သည်းများ မျက်လုံးထဲသို့ စိုက်ဝင်သွားချိန်တွင် ထန်ယွမ်မှာ နာကျင်စွာဖြင့်သာ အော်ဟစ်နိုင်တော့သည်။
လင်းဖန်သည် ကျန်ရှိနေသမျှ ခွန်အားအားလုံးကို အသုံးချကာ အံ့ဖွယ်ခုန်ပျံခြင်းဖြင့် ထန်ယွမ်ကို မြေပြင်ပေါ်သို့ ဖိချလိုက်သည်။
သူ၏လက်သည်းများက တဖြည်းဖြည်းဖြင့် မျက်လုံးအိမ်နှင့် ၎င်းနောက်ကွယ်ရှိ အရာများထဲသို့ ပို၍ပို၍ နက်ရှိုင်းစွာ စိုက်ဝင်သွားတော့သည်။
နောက်ဆုံးတွင် ထန်ယွမ်သည် ဓားကောက်ကို လွှတ်ချလိုက်ပြီး လင်းဖန်အား လက်ဝါးရိုက်ချက်များဖြင့် ထိုးနှက်လေသည်။
လင်းဖန်က သူ၏ဝမ်းဗိုက်ထဲသို့ ထန်ယွမ်၏ ချီစွမ်းအင်များ ကျူးကျော်ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး ထိုချီစွမ်းအင်က အတွင်းဒဏ်ရာများ ဖြစ်စေသဖြင့် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
‘ရပ်လို့ မဖြစ်ဘူး’
လင်းဖန်က နာကျင်မှုကို အံကြိတ်ခံရင်း လက်သည်းများကို ပိုမိုပြင်းထန်စွာ ဖိသွင်းလိုက်သည်။
ထိုအချိန်တွင် ဟိုမင်၏ အသံက လေထုထဲတွင် ဟိန်းထွက်လာသည်။
“လင်းဖန်... ငါ လာပြီ”