← Chapters

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း (၁၀၃) - ဗိုလ်ချုပ်

“ကျုပ်တို့ ဆုလာဘ်လာထုတ်တာ”

လင်းဖန်က တာဝန်ခံတပည့်ကို ပြောလိုက်သည်။

တပည့်ဖြစ်သူက လင်းဖန်ကမ်းပေးလာသော သစ်သားပြားများကိုယူလိုက်ပြီး ၎င်းတို့အတွင်းသို့ စွမ်းဆောင်ရည်အမှတ်များကို ထည့်သွင်းမှတ်တမ်းတင်ပေးလိုက်လေသည်။

ထို့နောက် သူက ၎င်းတို့နှစ်ဦးအား စာတစ်စောင်စီ ကမ်းပေးလိုက်သည်။

“ဒီစာကို စာကြည့်တိုက်ဆီ ယူသွားလိုက်ပါ။ သူတို့က မင်းတို့ကို ဝင်ခွင့်ပြုပြီး လေ့လာဖို့အတွက် သိုင်းကျမ်းတစ်ခုစီ ငှားပေးလိမ့်မယ်”

လင်းဖန်နှင့် ဟိုမင်တို့ ဆုလာဘ်များရရှိသွားချိန်တွင် သူတို့ပတ်ဝန်းကျင်၌ စုရုံးနေကြသော တပည့်များမှာ မနာလိုဖြစ်သွားကြချေသည်။

သူတို့သည် စွမ်းဆောင်ရည်အမှတ် ဆယ်မှတ်၊ နှစ်ဆယ်ခန့်သာ တန်ကြေးရှိသော မိမိတို့၏ တာဝန်များကို ငုံ့ကြည့်ရင်း အံမကြိတ်မိဘဲ မနေနိုင်တော့ပေ။

လင်းဖန်နှင့် ဟိုမင်တို့ ယခုလေးတင်ရရှိသွားသော စွမ်းဆောင်ရည်အမှတ် သုံးရာအကြောင်းကို သိရှိထားကြသဖြင့် သူတို့၏ နှလုံးသားထဲတွင် မနာလိုဝန်တိုမှုများ ပြည့်နှက်သွားလေသည်။

ထို့အပြင် သူတို့သည် စာကြည့်တိုက်အတွင်းမှ သိုင်းကျမ်းတစ်ခုကိုပါ ရွေးချယ်ခွင့် ရရှိကြသေးသည်။

မှန်ကန်သော သိုင်းနည်းစနစ်ကိုသာ သင်ယူနိုင်ခဲ့မည်ဆိုလျှင် အင်အားနှင့် ကြွယ်ဝချမ်းသာမှုများကိုပါ ပိုင်ဆိုင်နိုင်မည်ပင်။

သို့သော်ငြား တာဝန်ပေးခန်းမထဲမှ ထွက်ခွာသွားသော လင်းဖန်နှင့် ဟိုမင်တို့၏ လက်ထဲမှ စာအိတ်များကို မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေရုံမှလွဲ၍ ဘာမှမလုပ်နိုင်ကြပေ။

“ဟိုမင်... မင်းရဲ့ မြွေကဲ့သို့ရွေ့လျားခြင်းတိုက်ကွက် နေရာမှာ အစားထိုးဖို့ အသစ်တစ်ခု ရှာသင့်ပြီလို့ ငါ ထင်တယ်”

မြွေကဲ့သို့ရွေ့လျားခြင်းတိုက်ကွက်မှာ သိပ်ပြီး အသုံးမဝင်လှသဖြင့် လင်းဖန်က ဟိုမင်၏ သိုင်းနည်းစနစ်နှင့် ပတ်သက်၍ အကြံဉာဏ် ပေးလိုက်ခြင်းဖြစ်သည်။

ဤတိုက်ကွက် အလုပ်ဖြစ်သည်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ထို့အပြင် ဟိုမင်အနေဖြင့် ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်ရေးဟန်ဖြင့်သာ အစားထိုး အသုံးပြုနေရသည်။

ဟိုမင်က ခေါင်းညိတ်လိုက်သည်။

“ဓားတောင်ထွတ်က လူအများစုက ချင်ဖုန်းဓားသိုင်းကို သင်ယူကြတော့ ဒီတိုက်ကွက်ကို ငါ့ကို သင်ပေးခဲ့တာ။ သူတို့မှာ ဒါကို ဖြည့်စွက်ပေးဖို့ တခြား ထူးထူးခြားခြား ပညာရပ်မျိုး မရှိခဲ့ဘူးလေ”

‘သူတို့က မင်းကို သိပ်ပြီး ထူးချွန်ထက်မြက်မလာစေချင်လို့ နေမှာပေါ့’

လင်းဖန်က စိတ်ထဲမှ တွေးလိုက်သည်။

ဤသည်မှာ ဟိုမင်အတွက် ချင်ဖုန်းဓားသိုင်းကို ပိုမိုပြည့်စုံသွားစေမည့် ဖြည့်စွက်ကျင့်စဉ်တစ်ခုရှာဖွေရန် အခွင့်ကောင်းတစ်ခုပင် ဖြစ်လေသည်။

လင်းဖန်အတွက်လည်း ထိုနည်းတူပင်။

သူ၏ ယင်ယန်တူသိုင်းမှာ ထန်ယွမ်အပေါ် သိပ်ပြီး အလုပ်မဖြစ်ခဲ့ပေ။

ပိုကောင်းမည့် အရာတစ်ခုအတွက် အချိန်ကျလာချေပြီ။

…

ချင်ဖုန်းဂိုဏ်း စာကြည့်တိုက်…

စာကြည့်တိုက်ကြီးမှာ သုံးထပ်အမြင့်ရှိသော ဧရာမအဆောက်အအုံကြီးတစ်ခု ဖြစ်လေသည်။

နေရောင်ခြည်များ ဝင်ရောက်နိုင်စေရန် ပြတင်းပေါက်များကို ဖွင့်ဟထားပြီး လေထုထဲတွင် မင်နှင့် စက္ကူနံ့များ ပြည့်နှံ့နေသည်။

အထဲ၌ သိမ်းဆည်းထားသော စာလိပ်များနှင့် စာအုပ်များကို ဖုန်ခါနေသည့် တပည့်များကို ပြတင်းပေါက်များမှတစ်ဆင့် မြင်တွေ့နိုင်ပေသည်။

“မင်းတို့ ဘာလာလုပ်တာလဲ”

သူတို့ ချဉ်းကပ်သွားချိန်တွင် စာကြည့်တိုက်ကို စောင့်ကြပ်နေသော အဘိုးအိုတစ်ဦးက တားဆီးမေးမြန်းလိုက်သည်။

“ကျုပ်တို့ရဲ့ တာဝန်ဆုလာဘ်အနေနဲ့ သိုင်းကျမ်းတစ်ခု လာငှားတာပါ”

လင်းဖန်နှင့် ဟိုမင်တို့က အဘိုးအိုထံသို့ သူတို့၏ စာများကို ကမ်းပေးလိုက်ကြသည်။

အဘိုးအိုက စာများကို ဖတ်ရှုပြီးနောက် သူတို့အား ဝင်ခွင့်ပြုသည့်အနေဖြင့် လက်ဟန်ပြလိုက်သည်။

“အောက်ဆုံးထပ်မှာ လူ့သားအဆင့် ကျင့်စဉ်တွေ ရှိတယ်။ ဒုတိယထပ်မှာ ဝိညာဉ်အဆင့် ကျင့်စဉ်တွေရှိပြီး အပေါ်ဆုံးထပ်မှာတော့ နက်နဲအဆင့် ကျင့်စဉ်တွေကို သိမ်းဆည်းထားတယ်”

‘နက်နဲအဆင့်’

လင်းဖန်သည် အချိန်ဖြုန်းမနေတော့ဘဲ တတိယထပ်သို့ ချက်ချင်း တက်သွားလေတော့သည်။

သူက ထိုနေရာရှိ ရာနှင့်ချီသော စာလိပ်များနှင့် မှတ်တမ်းများကို လိုက်လံရှာဖွေကြည့်လိုက်သည်။

နှင်းပျံဓားသိုင်း…

မိုးကြိုးလှံသိုင်း…

တိမ်တိုက်တစ်ထောင် လက်ဝါးသိုင်း…

အများစုမှာ ဓားများနှင့် အခြားလူကြိုက်များသော လက်နက်များကို အသုံးပြုသည့် ကျင့်စဉ်အမျိုးမျိုးသာ ဖြစ်ကြသည်။

သံတူနှင့် ပတ်သက်သည့် ကျင့်စဉ်တစ်ခုကိုမျှ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် ဟိုမင် ရှာဖွေနေသည်အရာကို သွားရောက်စစ်ဆေးကြည့်ရန် သူ ဆုံးဖြတ်လိုက်လေသည်။

ဟိုမင်သည် သူလိုချင်သော မှတ်တမ်းအချို့ကို ရွေးထုတ်ကာ ရှေ့တွင် ချထားလေသည်။

သူသည် မည်သည့်အရာကို ရွေးချယ်ရမည်ကို ဆုံးဖြတ်ရန် အခက်တွေ့နေသည်။

လင်းဖန်က ၎င်းတို့ကို ကောက်ယူကာ အကြမ်းဖျင်း ဖတ်ကြည့်လိုက်သည်။

အများစုမှာ ဓားသိုင်းများဖြစ်သော်လည်း ချင်ဖုန်းဓားသိုင်းနှင့် အလွန်ဆင်တူနေကြပေသည်။

နောက်ဆုံး မှတ်တမ်းတစ်ခုသို့ ရောက်ရှိသွားချိန်တွင် သူ၏ မျှော်လင့်ချက်များ မြင့်တက်လာလေတော့သည်။

၎င်းမှာ ‘မိုးကြိုးပေါက်ကွဲခြင်းဓားသိုင်း’ ပင်ဖြစ်သည်။

ဓားကွက်များမှာ မြန်ဆန်ပြီး ပေါက်ကွဲအားကောင်းကာ ကြီးမားသော ပျက်စီးဆုံးရှုံးမှုဧရိယာကို အထူးပြုထားလေသည်။

၎င်းက ချင်ဖုန်းဓားသိုင်း၏ တိကျသော တိုက်ခိုက်မှုများကို ကောင်းစွာ ဖြည့်ဆည်းပေးနိုင်မည်ပင်။

“ဟိုမင်... ဒါကို ယူလိုက်”

လင်းဖန်က ဟိုမင်အား ကျင့်စဉ်မှတ်တမ်းကိုကမ်းပေးရင်း သူ၏ အကြောင်းပြချက်ကို ရှင်းပြလိုက်သည်။

ဟိုမင်ကို နားချရန် အချိန်များများစားစား မယူလိုက်ရပေ။

“မင်းရော ဘယ်လိုလဲ”

လင်းဖန်၏လက်ထဲတွင် ဘာမှမရှိသည်ကို မြင်လိုက်ရသောအခါ ဟိုမင်က မေးလိုက်သည်။

“ငါ နည်းနည်းလောက် ထပ်ရှာကြည့်ရဦးမယ်။ ဒီနားမှာ တူသိုင်းနဲ့ပတ်သက်တာ ဘာမှရှာမတွေ့သေးဘူး”

လင်းဖန်ကပြောလိုက်စဉ် သူ၏ကျောကို တစ်စုံတစ်ယောက်က လာပုတ်လိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။

သူ လှည့်ကြည့်လိုက်ရာ စောစောက အဘိုးအိုကို မြင်လိုက်ရသည်။

အဘိုးအိုသည် တောက်ပစွာ ပြုံးလိုက်ပြီး စာအုပ်စင်များကြားရှိ တံခါးတစ်ချပ်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

“မင်း လိုချင်တာကို အဲဒီမှာ ရှာတွေ့လောက်တယ်။ ဒါပေမဲ့ သတိတော့ထားဦး”

အကူအညီပေးပြီးနောက် အဘိုးအိုသည် ထွက်ခွာသွားလေသည်။

လင်းဖန်မှာ ပခုံးတွန့်လိုက်ပြီး တံခါးရှိရာသို့ လျှောက်သွားလိုက်သည်။

မည်သို့ပင်ဖြစ်စေ စာကြည့်တိုက်တစ်ခုထဲ၌ မည်မျှ အန္တရာယ်များနိုင်မည်နည်း။

သူသည် တံခါးကိုဖွင့်ကာ မှောင်မည်းနေသောအခန်းထဲသို့ ခြေလှမ်းဝင်ရောက်သွားသည်။

ဘုန်း...

သူ၏အနောက်ရှိ တံခါးမှာ အလိုအလျောက် ပိတ်သွားချေပြီ။

သူ၏ ခြေသံများက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသဖြင့် လင်းဖန်သည် မှောင်မည်းနေသော အခန်းထဲတွင် မရှိတော့ကြောင်းကို ခံစားလိုက်ရလေသည်။

“မင်းက ဘယ်သူလဲ”

သူ၏ အရှေ့တွင် လူတစ်ယောက် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ လင်းဖန်က မေးလိုက်သည်။

ထိုသူမှာ စစ်သူကြီးဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ် ၁.၉ မီတာခန့် မြင့်မားကာ ကြွက်သားများ အပြည့်အမောက်နှင့် ဖြစ်သည်။ သူ၏လက်ထဲတွင် တူနှစ်လက်ကို ကိုင်ဆောင်ထားပြီး လင်းဖန်ကို ကြည့်ကာ လှောင်ပြုံး ပြုံးနေလေသည်။

လင်းဖန်မှာ အောက်သို့ ငုံ့ကြည့်လိုက်ရာ သူ၏လက်ထဲတွင်လည်း သူ၏တူများ ရှိနေသည်ကို တွေ့လိုက်ရသည်။

‘ဒါက စမ်းသပ်မှုတစ်မျိုးမျိုး ဖြစ်ရမယ်’

လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။

စနစ်က ယုတ်မာသော ရည်ရွယ်ချက်ရှိသည့်ဝိညာဉ်ကို သတိပေးချက် မထုတ်ပြန်ထားသည့်အပြင် သူ၏တူများမှာလည်း အက်ကွဲကြောင်း တစ်ခုမျှမရှိဘဲ အသစ်စက်စက်အတိုင်းဖြစ်နေသဖြင့် ဤအရာအားလုံးမှာ အစစ်အမှန် မဟုတ်လောက်ပေ။

အလွန်ကောင်းလေသည်။

သူ၏ တူများ ပျက်စီးသွားမည်ကို ပူပန်နေစရာမလိုဘဲ အစွမ်းကုန် တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။

စစ်သူကြီးမှာ စောင့်ဆိုင်းမနေတော့ဘဲ စတင်လှုပ်ရှားလာသည်။

လင်းဖန် အံ့ဩသွားစေသည့်အရာမှာ စစ်သူကြီးက သူ၏တူနှစ်လက်ကို အချင်းချင်း ရိုက်ခတ်လိုက်ခြင်းပင်။

ဒေါင်...

ထွက်ပေါ်လာသော အသံက လေထုထဲတွင် ပဲ့တင်ထပ်သွားပြီး လင်းဖန်ကို ခေါင်းကိုက်သွားစေလေသည်။

သူ၏ နားထင်ကို အင်အားတစ်ရပ်က ညှစ်ထားသကဲ့သို့ လင်းဖန် ခံစားလိုက်ရသည်။

သူသည် ခေါင်းကို ခါယမ်းကြည့်သော်လည်း ဘာမှထူးခြားမလာပေ။

စစ်သူကြီး၏ နောက်ထပ်တိုက်ကွက် ထွက်မလာမီမှာပင် လင်းဖန်က မြေပြင်ကို ဆောင့်နင်းလိုက်လေသည်။

မြေပြင်ကြီး တုန်ခါသွားကာ စစ်သူကြီးကို အငိုက်မိသွားစေသည်။

ဘုန်း...

လင်းဖန်က သူ၏ အံ့ဖွယ်ခုန်ပျံခြင်းကိုအသုံးပြု၍ စစ်သူကြီးထံသို့ ခုန်အုပ်လိုက်သည်။

ယင်ထိုးနှက်ချက်နှင့်အတူ စစ်သူကြီး၏ ဦးခေါင်းဆီသို့ ရေခဲစူးတစ်ချောင်းကို ထိုးသွင်းလိုက်လေသည်။

ခြေကုပ်မြဲသွားသော စစ်သူကြီးက တူတစ်လက်ကို ဝှေ့ယမ်းကာ ရေခဲစူးကို ရိုက်ချိုးလိုက်ရာ ရေခဲစအသေးလေးများအဖြစ် ကြေမွသွားတော့သည်။

ဝှစ်...

လင်းဖန်သည် စစ်သူကြီးကို တုံ့ပြန်ချိန်မပေးဘဲ ယန်ရိုက်ချက်ဖြင့် ဆက်တိုက် တိုက်ခိုက်လိုက်သည်။

စစ်သူကြီးမှာ နောက်သို့ခုန်ဆုတ်လိုက်ပြီး သူ့ကို ဝါးမျိုလာသည့် မီးတောက်များကို ရှောင်တိမ်းလိုက်သည်။

ထို့နောက် သူသည် နေရာတွင်ရပ်ကာ လင်းဖန်ကို အမူအရာကင်းမဲ့စွာဖြင့် စိုက်ကြည့်နေလေသည်။

စစ်သူကြီးက သူ၏တူများထဲသို့ ချီစွမ်းအင်များဖြည့်သွင်းလိုက်ရာ တူများအား ဖုံးလွှမ်းသွားသော ပူပြင်းသည့် အနီရောင်အလင်းတန်းများ ထွက်ပေါ်လာတော့သည်။

ထို့နောက် သူသည် တူများကိုအထက်သို့ ပင့်မြှောက်ကာ လင်းဖန်ထံသို့ လွှဲရိုက်လိုက်လေသည်။

ပူပြင်းသော အနီရောင်အလင်းတန်းများမှာ တူများဆီမှ ထွက်ခွာသွားပြီး တောက်ပနေသော မီးတောက်ဝံပုလွေတစ်ကောင်၏ ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားချေပြီ။

ထိုအရာမှာ ကိုယ်ပိုင်အသိဉာဏ်ရှိပုံရပြီး လင်းဖန်၏ ရိုက်ချက်ကို ရှောင်တိမ်းသွားလေသည်။

“ဂါး...”

မီးတောက်ဝံပုလွေက လင်းဖန်အရှေ့သို့ ရောက်လာသောအခါ လင်းဖန်၏ခါးကို ကိုက်ဖြတ်ရန် ကြိုးစားတော့သည်။

ဂျွတ်...

ထိုအရာသည် လင်းဖန်၏ မြေလွှာကြံ့ခိုင်မှုစွမ်းရည်ကို မဖောက်ထွင်းနိုင်ဘဲ မီးခိုးငွေ့များအလား ပျောက်ကွယ်သွားလေသည်။

စစ်သူကြီးမှာ စောင့်ဆိုင်းမနေတော့ဘဲ လင်းဖန်ထံသို့ ရေခဲအစွယ်ကျားဖြူတစ်ကောင်ကို စေလွှတ်လိုက်ပြန်သည်။

ဘုန်း...

All Chapters