အခန်း ၁၀၅
Vol. 11 Ch. 105
အခန်း (၁၀၅) - စီမာအိမ်တော်
လင်းဖန်သည် ရှေးဦးစွာ ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်သို့ သွားရောက်လိုက်သည်။
ထိုနေရာတွင် စွန်းဟိုင်နှင့်တွေ့ဆုံခဲ့ပြီး သူ၏ ရည်ရွယ်ချက်များကို အသိပေးပြောကြားခဲ့သည်။
စွန်းဟိုင်မှာမူ လင်းဖန် အောင်မြင်ခဲ့သော တာဝန်များမှတဆင့် ရရှိလာသည့် အရင်းအမြစ်များကြောင့် ဝမ်းသာကြည်နူးနေဆဲဖြစ်ရာ လင်းဖန်အား သွားခွင့်ပြုလိုက်လေသည်။
လင်းဖန် ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်သို့ ဝင်ရောက်လာပြီးနောက် တာဝန်တစ်ခုပြီးတစ်ခု ယူကာ ထွက်ခွာခဲ့သောကြောင့် အရင်းအမြစ်ရှားပါးကျပ်တည်းမှုမှာ သိသိသာသာ လျော့ကျသွားခဲ့ချေပြီ။
ထို့ကြောင့် စွန်းဟိုင်၏ ခွင့်ပြုချက်နှင့်အတူ လင်းဖန်သည် စီမာမိသားစုအခြေစိုက်ရာ ဟုန်ဖုန်းမြို့သို့ ထွက်ခွာလာခဲ့တော့သည်။
မြင်းစီး၍ လာခဲ့သဖြင့် ဟုန်ဖုန်းမြို့သို့ရောက်ရန် အချိန်သိပ်မကြာလိုက်ပေ။
လင်းဖန်က ဟုန်ဖုန်းမြို့သို့ ဤမျှမြန်မြန် ပြန်ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားသော်လည်း ထိုနေရာသို့ ပြန်ရောက်နေခဲ့ပြီဖြစ်သည်။
မည်သည့်အရာမျှ သိပ်ပြောင်းလဲမသွားဘဲ လင်အိမ်တော်တွင် ဖြစ်ပွားခဲ့သော ကမောက်ကမကိစ္စကြီးမှာ သိပ်အရေးမပါသည့်ပုံပင်။
လင်းဖန်က ဘေးပတ်ဝန်းကျင်ကို စုံစမ်းမေးမြန်းကြည့်သောအခါ လမ်းသွားလမ်းလာအများစုက ဓားပြတချို့ကြောင့် လင်မိသားစုခေါင်းဆောင် အသတ်ခံလိုက်ရသည်ဟုသာ ဖြေကြားကြသည်။
မြို့စောင့်တပ်သားများအားလုံးမှာ တရားခံကို ရှာဖွေနေကြလေသည်။
၎င်းမှာ မြို့တော်အရာရှိ၏ ဖုံးကွယ်မှုတစ်ခုသာဖြစ်ကြောင်း လင်းဖန် နားလည်လိုက်သည်။
ကြာနက်ဂိုဏ်း ပြန်လည်အသက်ဝင်ကာ လှုပ်ရှားနေပြီဆိုသည်ကို သာမန်အရပ်သားများအား မသိစေလိုပေ။
…
နောက်ဆုံးတွင် လင်းဖန်သည် စီမာမိသားစု၏ အိမ်တော်ဆီသို့ ရောက်ရှိလာခဲ့တော့သည်။
ထိုအိမ်တော်မှာ ဟုန်ဖုန်းမြို့ အုပ်ချုပ်ရေးမှူးအိမ်တော်အနီးတွင် တည်ရှိလေသည်။
ပတ်ဝန်းကျင်မှာ လင်အိမ်တော်ရှိသောနေရာထက် ပို၍တိတ်ဆိတ်ကာ ခမ်းနားထည်ဝါနေပေသည်။
“ဘယ်သူလဲကွ”
လင်းဖန်က ကြီးကျယ်လှသော စီမာအိမ်တော်ကြီးဆီသို့ ချဉ်းကပ်သွားသောအခါ အရှေ့တံခါးမှ အစောင့်ဖြစ်သူက အော်ဟစ်လိုက်လေသည်။
လင်းဖန်သည် မြင်းပေါ်မှ ဆင်းလိုက်ပြီး ပြောလိုက်သည်။
“ကျုပ်က ချင်ဖုန်းဂိုဏ်းက လင်းဖန်ပါ။ စီမာလျန်ကို လာရှာတာ”
“စီမာလျန်”
အစောင့်ဖြစ်သူက မျက်မှောင်ကြုတ်သွားပြီး သူ၏ဘေးမှ အခြားအစောင့်တစ်ဦးကို ကြည့်လိုက်သည်။
နှစ်ဦးသား အခိုက်အတန့်မျှ ငြိမ်သက်သွားပြီးနောက် ပြောလိုက်ကြသည်။
“သခင်လေးစီမာလျန်က အခုအိမ်တော်မှာ မရှိဘူး။ နောက်တစ်ပတ်နေမှ ပြန်လာခဲ့ပါ”
မည်သည့်အရာများ ဖြစ်ပျက်နေသည်ဆိုသည်ကို လင်းဖန် ရိပ်မိသွားချေပြီ။
သူက ခေါင်းညိတ်လိုက်ရုံသာ ခေါင်းညိတ်လိုက်ပြီး တောယုန်၏ အကြားအာရုံကို ဖွင့်လိုက်လေသည်။
ဒုတ်…
ပထမဆုံးအနေဖြင့် ဗုံတစ်လုံးကို တီးခတ်နေသကဲ့သို့ အစောင့်များ၏ စိုးရိမ်တကြီး နှလုံးခုန်သံများကို ကြားလိုက်ရသည်။
ထို့နောက် တစ်စုံတစ်ယောက် အပင်ရေလောင်းနေသည့် အသံကို ကြားလိုက်ရသည်။
အာရုံကို ပို၍ နက်နက်ရှိုင်းရှိုင်း ဖြန့်ကျက်လိုက်သောအခါ နောက်ဆုံးတွင် ရင်းနှီးနေသောအသံတစ်ခုကို ကြားလိုက်ရလေသည်။
“အမေ၊ ဥယျာဉ်ထဲမှာ အေးတယ်။ အခန်းထဲ ပြန်ဝင်ပါတော့”
စီမာလျန်က ပြောလိုက်သည်။
“အမေ တောင်းပန်ပါတယ် သားရယ်။ အမေ့ရဲ့ နိမ့်ကျတဲ့ နောက်ခံကြောင့်သာမဟုတ်ရင် သား ဒီလို နာကြည်းစရာတွေ ခံစားနေရမှာ မဟုတ်ဘူး”
အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။ စီမာလျန်၏ မိခင်ဖြစ်ဖို့ များပေသည်။
စီမာလျန် အထဲတွင် ရှိနေကြောင်း အတည်ပြုနိုင်သွားသောအခါ လင်းဖန်သည် အစောင့်များကိုကြည့်၍ မဲ့ပြုံး ပြုံးလိုက်သည်။
အစောင့်များမှာ သိပ်မကျေနပ်လှသော်လည်း ကျင့်ကြံသူတစ်ဦးကို မစော်ကားရဲသဖြင့် မည်သို့မျှ ထပ်မပြောရဲကြချေ။
ဘုန်း…
ချက်ချင်းဆိုသလိုပင် လင်းဖန်သည် အံ့ဖွယ်ခုန်ပျံခြင်းကိုအသုံးပြု၍ ဥယျာဉ်ထဲသို့ ခုန်ဝင်လိုက်လေသည်။
လင်းဖန် ရပ်နေခဲ့သောနေရာ၌ အုတ်ချပ်များ ကွဲအက်သွားပြီး အစအနများနှင့် ဖုန်မှုန့်များက အစောင့်များ၏ မျက်နှာပေါ်သို့ လွင့်စင်သွားတော့သည်။
“ကျူးကျော်သူ လာပြီ။ ကျူးကျော်သူ လာပြီဟေ့”
အစောင့်များက အော်ဟစ်ကာ လင်းဖန်နောက်သို့ ပြေးလိုက်ကြသည်။
အိမ်တော်အစောင့်များသည် လက်နက်များကို ဆွဲယူကာ အရှေ့တံခါးဆီသို့ ပြေးထွက်လာကြသည်။
မျက်နှာများတွင် ဖုန်မှုန့်များ ပေကျံနေသော အစောင့်နှစ်ဦးကို ဝင်တိုက်မိသောအခါ အသံထွက် မရယ်မိစေရန် အတော်လေး ထိန်းချုပ်လိုက်ရလေသည်။
“ဥယျာဉ်ဘက်ကို... ကျူးကျော်သူက ဥယျာဉ်ဘက်ကို သွားပြီ”
အစောင့်နှစ်ဦးက အော်ဟစ်လိုက်ကြသည်။
လင်အိမ်တော်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများအပြီးတွင် တစ်စုံတစ်ရာ ထပ်မံဖြစ်ပွားခဲ့ပါက သူတို့၏ ခေါင်းများ ပြုတ်သွားပေလိမ့်မည်။
အိမ်တော်အစောင့်များ ဥယျာဉ်ထဲသို့ ရောက်ရှိလာပြီး လင်းဖန်ကို မြင်လိုက်ရသောအခါ...
၎င်းတို့သည် ဓားများကို ဆွဲထုတ်ကာ သူ့ထံသို့ ပြေးဝင်လာကြလေသည်။
“မင်းတို့က ဘယ်လောက်တောင် သတ္တိရှိလို့လဲ”
လင်းဖန်က လှည့်ကာ ၎င်းတို့အား စိုက်ကြည့်လိုက်သည်။
သူ့ရှေ့ရှိ အိမ်တော်စောင့်ရဲမက်များမှာ ခြေလှမ်းများ တုန့်ခနဲ ရပ်တန့်သွားကြသည်။
၎င်းတို့သည် ရုတ်တရက် လက်နက်များကို ချပစ်လိုက်ပြီး ဘေးသို့လှည့်ကာ တစ်ယောက်ကိုတစ်ယောက် ပါးရိုက်ကြလေတော့သည်။
ကျန်ရှိသော အိမ်တော်စောင့်များမှာမူ ၎င်းတို့ကို ကြည့်ရင်း ကြောင်အစွာ ရပ်ကြည့်မိနေကြသည်။
လင်းဖန်သည် သူ၏ အုပ်စုခေါင်းဆောင်စွမ်းရည်ကို အသုံးပြုလိုက်ခြင်း ဖြစ်ပေသည်။
လင်းဖန်အဖို့ လူတစ်ဆယ်ကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ရန် ပထမဆုံးအကြိမ် ကြိုးစားခြင်းလည်း ဖြစ်သည်။
ငါးစက္ကန့်ခန့် ကြာပြီးနောက် သူ၏ ခွန်အားများ ကုန်ခန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
စမ်းသပ်မှုမှာ ကျေနပ်ဖွယ်ရာ ရှိသဖြင့် လင်းဖန်သည် စွမ်းရည်ကိုပိတ်လိုက်ရာ ရဲမက်များမှာ ဖူးရောင်နေသော ပါးပြင်များကိုကိုင်ကာ ဖြစ်ပျက်သွားသည်တို့ကို မသိဘဲ တစ်ယောက်ကိုတစ်ယောက် ကြောင်ကြည့်နေကြလေသည်။
၎င်းတို့သည် မိစ္ဆာတစ်ကောင်ကောင် ဝင်ပူးသွားလေပြီဟု တွေးတောမိကာ နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားကြတော့သည်။
စီမာလျန်က တံခါးစောင့်ရဲမက်များကို လက်ညှိုးညွှန်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ငါ အိမ်တော်ထဲမှာ မရှိဘူးလို့ မင်းတို့က ဘယ်လိုသတ္တိနဲ့ လိမ်ရဲတာလဲ”
တံခါးစောင့်ရဲမက်နှစ်ဦးမှာ ခေါင်းငုံ့ထားကြပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့်သာ ပြောနိုင်တော့သည်။
“ကျွန်တော်တို့... ဟို...”
စီမာလျန်က ဆက်ပြောလိုက်သည်။
“ဒါ ငါ့အစ်ကို့ရဲ့ အမိန့်ဆိုတာ ငါ မသိဘူးလို့ မင်းတို့ ထင်နေတာလား”
စီမာလျန်သည် မိသားစုကို အုပ်ချုပ်ခွင့်ရရှိရန်အတွက် အစ်ကိုဖြစ်သူနှင့် အားပြိုင်နေရကြောင်းကို လင်းဖန် ပြလည်သတိရလိုက်မိသည်။
လင်းဖန် စိတ်ထဲမှ တွေးတောလိုက်သည်။
‘ဒါပေမဲ့ ဒီရဲမက်တွေက ဧည့်သည်တစ်ယောက်ကို ဘာလို့ ဒီလောက်တောင် သတိထားနေရတာလဲ’
ထိုအခိုက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လမ်းလျှောက်လာပြီး စီမာလျန်၏ ကျောကိုပုတ်ကာ ပြောလိုက်လေသည်။
“ညီလေး... မင်းက ဘာလို့ ဒီလောက်တောင် စိတ်တိုနေရတာလဲ”
စီမာလျန်က ပုခုံးကို ခါထုတ်လိုက်ပြီး လင်းဖန်၏ နံဘေးသို့ကပ်ကာ ရပ်လိုက်သည်။
၎င်း၏လက်မှာ လေထဲတွင် ကျန်ရစ်ခဲ့သော်လည်း ထိုလူလတ်ပိုင်းအမျိုးသားက ရဲမက်များဘက်သို့လှည့်ကာ ပြောလိုက်သည်။
“ကဲ... သွားကြတော့... ဒါ နားလည်မှုလွဲတာပဲ”
ရဲမက်များသည် လက်နက်များကို အလျင်အမြန်ကောက်ယူကာ ထွက်ပြေးသွားကြတော့သည်။
လူလတ်ပိုင်းအမျိုးသားက ခေါင်းခါယမ်းလိုက်ပြီး လင်းဖန်ဘက်သို့လှည့်ကာ ပြောလိုက်သည်။
“ညီလေး... ငါတို့ကြားမှာ နားလည်မှုလွဲတာတွေ ရှိနေပုံရတယ်... ငါက စီမာယွင်... စီမာလျန်ရဲ့ အစ်ကိုပါ... ဒါနဲ့ မင်းက ဘယ်သူလဲ”
လင်းဖန်က စကားသိပ်မပြောလိုသဖြင့် ခပ်တိုတိုသာ ပြန်ပြောလိုက်သည်။
“ကျုပ်က ချင်ဖုန်းဂိုဏ်းက လင်းဖန်ပါ”
စီမာယွင်က လင်းဖန်၏ နောက်ကြောင်းကို စုံစမ်းလိုဟန်ဖြင့် မေးလိုက်သည်။
“လင်းဖန်... ဒီနာမည်ကို တစ်ခါမှ မကြားဖူးပါဘူး... မင်းက ဓားတောင်ထွတ်ကလား”
အကယ်၍ လင်းဖန်သာ ဓားတောင်ထွတ်မှဖြစ်ပါက သူ သတိထားရပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ထိုတောင်ထွတ်မှ တပည့်များမှာ ချွမ်မင်းဆက်တွင် ကျော်ကြားသော တိုက်ခိုက်ရေးသမားများ ဖြစ်ကြသောကြောင့်ပင်။
လင်းဖန်က ပြန်ပြောလိုက်သည်။
“မဟုတ်ပါဘူး... ကျုပ်က ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်ကပါ”
လင်းဖန်က ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်မှဖြစ်သည်ကို ကြားလိုက်ရသောအခါ စီမာယွင်၏ မျက်နှာမှာ ဝင်းပသွားပြီး ပြုံးလိုက်လေသည်။
သူသည် လင်းဖန်ကို ခေါင်းညိတ်ပြကာ နှုတ်ဆက်ပြီး ထွက်ခွာသွားတော့သည်။
စီမာလျန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ပြောလိုက်သည်။
“တောင်းပန်ပါတယ်ကွာ... အထဲဝင်ပြီးမှ စကားပြောကြရအောင်... အပြင်မှာက မလုံခြုံဘူး”
စီမာလျန်၏ အခန်းထဲသို့ ရောက်ရှိလာသောအခါ သူသည် လင်းဖန်အား မိခင်ဖြစ်သူ သခင်မချူးနှင့် မိတ်ဆက်ပေးလိုက်သည်။
သခင်မချူးမှာ စကားများများမပြောဘဲ စီမာလျန်ကို စိုးရိမ်တကြီး ကြည့်နေရှာသည်။
စီမာလျန်က ပြောလိုက်သည်။
“စိတ်မပူပါနဲ့ အမေ... လင်းဖန်က လျှို့ဝှက်နယ်မြေထဲက ရတနာတွေကိုရအောင် ကူညီပေးပါလိမ့်မယ်”
သခင်မချူးက လင်းဖန်ကို ကြည့်ကာ စကားကို ဖြတ်လိုက်သည်။
“ဒါပေမဲ့ သူက...”
လင်းဖန်၏ အသက်မှာ စီမာလျန်နှင့် ရွယ်တူခန့်သာရှိသည်ကို တွေ့ရသဖြင့် သူမသည် သိပ်ပြီး မယုံကြည်နိုင် ဖြစ်နေပေသည်။
စီမာလျန်က သူ၏မိခင်ကို ယုံကြည်စေရန် ဖျောင်းဖျပြောဆိုလိုက်သည်။
“သူက ကြည့်ရတာထက် အများကြီးပိုပြီး အစွမ်းထက်တယ်ဆိုတာ သား အာမခံပါတယ်”
သခင်မချူးသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။
သူမမှာ ဒုတိယဇနီး ဖြစ်သည့်အတွက်ကြောင့် စီမာလျန်မှာ မိသားစုတစ်စုလုံးကို ဆန့်ကျင်ကာ မိမိကိုယ်ကိုယ် အမြဲ သက်သေပြနေရခြင်း ဖြစ်သည်။
သူမသည် တတ်နိုင်စွမ်းမရှိသဖြင့် လင်းဖန်မှ ကူညီနိုင်ပါစေရန် မျှော်လင့်နေရုံမှတစ်ပါး အခြားမရှိတော့ပေ။
လင်းဖန်သည် စီမာလျန်က လျှို့ဝှက်နယ်မြေအကြောင်း ပြောဆိုသည်ကို ကြားလိုက်ရသောအခါ အလွန် စိတ်ဝင်စားသွားလေသည်။
သူက မေးလိုက်သည်။
“လျှို့ဝှက်နယ်မြေ ဟုတ်လား... အဲဒါက ဘာအကြောင်းလဲ”