အခန်း ၁၀၆
Vol. 11 Ch. 106
အခန်း (၁၀၆) - လင်းဖန်လား
“လျှို့ဝှက်နယ်မြေ ဟုတ်လား”
“ဒါက စီမာမိသားစုရဲ့ဘိုးဘေးတွေ တောင်တန်းတွေထဲမှာ ဖန်တီးခဲ့တဲ့ လျှို့ဝှက်နေရာတစ်ခုပဲ”
“မကြာခင် အဲဒီနယ်မြေ ပွင့်လာတော့မယ်။ ပြီးရင် စီမာမိသားစုရဲ့ အမွေဆက်ခံသူတွေ အထဲကိုဝင်ပြီး သရဖူရတနာကိုရှာဖွေဖို့ ယှဉ်ပြိုင်ကြလိမ့်မယ်”
“အဲဒီရတနာက လက်နက်ဖန်တီးတဲ့နေရာမှာ အထောက်အကူပြုတဲ့ အဖိုးတန်မှော်ပစ္စည်းတစ်ခုလေ”
“သရဖူရတနာကို ရရှိတဲ့သူက နောက်ထပ် မိသားစုခေါင်းဆောင်ဖြစ်လာဖို့ အခွင့်အရေး ပိုများသွားလိမ့်မယ်”
“ကျုပ်တို့အများစုက မှော်လက်နက်ဖန်တီးတဲ့ ကျင့်ကြံသူတွေဖြစ်လို့ လူတိုင်းက အကူတစ်ယောက် ခေါ်သွားခွင့်ရှိတယ်”
“ကျုပ်က မင်းဆီက အကူအညီတောင်းချင်ခဲ့တာ။ ဒါပေမဲ့ မင်းက ရှိမနေခဲ့ဘူးလေ”
စီမာလျန်က လျှို့ဝှက်နယ်မြေနှင့် ပတ်သက်၍ ရှင်းပြလိုက်သည်။
သူက အလျင်အမြန်ပင် ဆက်ပြောလိုက်လေသည်။
“မင်းသာ သဘောတူမယ်ဆိုရင် အပြန်အလှန်အနေနဲ့ မင်းလိုအပ်တဲ့ ဘယ်အကူအညီကိုမဆို ကျုပ် ပေးပါ့မယ်”
“တကယ်တော့ ကျုပ် အကူအညီလိုတယ်”
လင်းဖန်သည် ရုတ်တရက် သူ၏ သံတူများကို လက်ထဲတွင် ဆုပ်ကိုင်လိုက်ပြီး စီမာလျန်အား ပြသလိုက်သည်။
ထို့နောက် သူက စီမာလျန်အား ပြသရင်း ဆက်ပြောလိုက်လေသည်။
“ဒီဟာကို ပြင်သင့်သလား၊ ဒါမှမဟုတ် အသစ်တစ်ခု ထပ်လုပ်သင့်သလား”
စီမာလျန်သည် သံတူများ၏ ပျက်စီးနေမှုကို စစ်ဆေးကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။
“ကျုပ်တို့ အသစ်တစ်ခု ဖန်တီးသင့်တယ်။ လျှို့ဝှက်နယ်မြေထဲက ရတနာတွေမှာ ကုန်ကြမ်းပစ္စည်းတွေ ပါနိုင်တယ်။ ပြီးတော့ ကျုပ်သာ သရဖူရတနာကိုရခဲ့ရင် အနည်းဆုံး ဝိညာဉ်အဆင့်ရှိတဲ့ ပစ္စည်းတစ်ခုခုဖန်တီးဖို့ ကူညီပေးနိုင်လိမ့်မယ်”
“ကောင်းတာပေါ့၊ လျှို့ဝှက်နယ်မြေက ဘယ်တော့စဖွင့်မှာလဲ။ ကျုပ် မစောင့်နိုင်တော့ဘူး”
လင်းဖန်က ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားသောအခါ စီမာလျန်၏မျက်လုံးများ ပြူးကျယ်သွားပြီး ပြောလိုက်လေသည်။
“ကျေးဇူးပဲ။ ရက်ပိုင်းအတွင်း စတင်လိမ့်မယ်။ ဒါပေမဲ့ အရင်ဆုံး မင်းအတွက် ကြိုဆိုတဲ့ စားပွဲတစ်ခု လုပ်ကြရအောင်”
ထို့နောက် စီမာလျန်က အစေခံများကို ညစာပြင်ဆင်ရန် ညွှန်ကြားလိုက်သည်။
၎င်းသည် ကြက်သား၊ သိုးသားနှင့် ပင်လယ်စာများပါဝင်သော ဟင်းလျာဆယ်မျိုးကျော်ရှိသည့် ခမ်းနားကြီးကျယ်လှသော စားသောက်ပွဲကြီးတစ်ခု ဖြစ်ပေသည်။
လင်းဖန်သည် စီမာလျန်၏ ရှားရှားပါးပါး မြင်တွေ့ရခဲသော အခြားတစ်ဖက်ကိုလည်း မြင်တွေ့ခဲ့ရလေသည်။
စီမာလျန်မှာ သူ၏ မိခင်ရှေ့တွင် အလွန်ဂရုစိုက်တတ်ပြီး လိမ္မာရေးခြားရှိသူ ဖြစ်သည်။
ညစာစားပွဲ ပြီးဆုံးသွားကာ လူတိုင်း အိပ်စက်အနားယူသွားကြချိန်တွင် လင်းဖန်သည် ကုတင်ပေါ်မှ ထလိုက်လေသည်။
သူသည် အပြင်ဘက်သို့ ထွက်ရပ်လိုက်ပြီး တောယုန်၏ အကြားအာရုံကို သက်ဝင်စေလိုက်သည်။
အစောပိုင်းတွင် စီမာယွင်၏ ထူးဆန်းသောအပြုအမူအရ တစ်ခုခု ကြံစည်နေသည်မှာ သေချာလှပေသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် လင်းဖန်သည် စီမာယွင်၏ အသံကို တိကျစွာ ထောက်လှမ်းနိုင်ခဲ့သည်။
“မင်းတို့ ယုံနိုင်ကြရဲ့လား။ စီမာလျန်က ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ဆီက အကူအညီ တောင်းနေတယ်လေ”
စီမာယွင်က ပြောလိုက်ရင်း ရယ်မောလိုက်လေသည်။
မရင်းနှီးသော အသံအချို့ကလည်း ရယ်မောလိုက်ကြသည်။
“အစ်ကိုဝမ်းကွဲ၊ အဲဒီအသုံးမကျတဲ့ကောင်က ချင်းယန်ဇီဆီက အကူအညီ ရလာရင်တောင် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး”
“ဟုတ်ပါတယ်။ စိတ်မပူပါနဲ့ အစ်ကိုဝမ်းကွဲ။ ကျွန်တော့်မှာ ရွှေအမြုတေအဆင့် အကူတစ်ယောက် ပါလာတယ်။ လျှို့ဝှက်နယ်မြေထဲ ရောက်တဲ့အခါ အစ်ကို့အတွက် သူတို့ကို ကျွန်တော် ရှင်းလင်းပေးပါ့မယ်”
“ဟမ့်၊ ကျွန်တော့်ရဲ့ အကူက တောင်ပိုင်းဒေသကလာတာ၊ သူ့ရဲ့ ကူကျင့်စဉ် နည်းလမ်းတွေနဲ့ဆို ပိုပြီး အကူအညီပေးနိုင်မှာ သေချာတယ်”
ထိုသူများသည် လင်းဖန်နှင့် စီမာလျန်တို့ကို နှိမ်နင်းရန် စီမာယွင်အား အကူအညီများ ကမ်းလှမ်းလိုက်ကြသည်။
သို့သော်ငြား စီမာယွင်မှာ အပြင်ပန်းကြည့်ရသလောက် ပေါ့ဆသူတစ်ယောက် မဟုတ်ချေ။
သူက ထိုသူများကို တားဆီးလိုက်ပြီး ပြောလိုက်သည်။
“ဒီလင်းဖန်ရဲ့ နောက်ကြောင်းကို စုံစမ်းဖို့ လူတစ်ယောက်ကို ငါ လွှတ်ထားပြီးပြီ။ ငါတို့ သတိဝီရှိရမယ်။ တကယ်လို့ သူသာ ဂရုစိုက်သင့်တဲ့သူ ဖြစ်လာခဲ့ရင် လျှို့ဝှက်နယ်မြေထဲမှာ သူ့အတွက် လူတွေ အသင့်ပြင်ထားလိုက်မယ်”
“အစ်ကိုဝမ်းကွဲ၊ အစ်ကိုက လျှို့ဝှက်နယ်မြေကို အခုကတည်းက ဝင်ခွင့်ရနေပြီလား”
မရင်းနှီးသော အသံများက ပြိုင်တူ မေးလိုက်ကြလေသည်။
“မဟုတ်ပါဘူး။ မိသားစုတာဝန်ခံအကြီးအကဲက ငါ့ဘက်မှာရှိနေတာ။ ဘာကိုမဆို ကြိုတင်စီစဉ်ထားလို့ ရနေတာပဲ”
“တွေ့လား၊ ဒါကြောင့် အစ်ကိုက အနာဂတ် မိသားစုခေါင်းဆောင် ဖြစ်လာမှာပေါ့”
သူတို့သည် ရယ်မောရင်း ဝိုင်များကို သောက်လိုက်ကြသည်။
လင်းဖန်သည် တောယုန်၏ အကြားအာရုံကို ရပ်တန့်လိုက်ပြီး ထိုကိစ္စအား တွေးတောလိုက်လေသည်။
သူ၏ ဖားပြုတ်ရုပ်တုငယ်ထဲတွင် ပစ္စည်းအားလုံး ရှိနေသေးရာ လိုအပ်လာပါက လျှို့ဝှက်နယ်မြေထဲ၌ သူနှင့် စီမာလျန်တို့ ပိုမိုကြာရှည်စွာ ရှင်သန်နိုင်ပေလိမ့်မည်။
ထို့ပြင် သူ၏လက်ထဲတွင် ကောင်းကင်မူလဆေးလုံးများလည်း ရှိနေသေးသည်။
သူလုပ်ရန်လိုအပ်သည်မှာ စီမာလျန်အား သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးများ ထပ်မံဖြည့်တင်းပေးရန် တောင်းဆိုရုံသာ။
သူရင်ဆိုင်ရမည့် အကူအညီပေးသူများနှင့်ပတ်သက်၍မူ အမြုတေတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူမှာ ပြဿနာမဖြစ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် သူသည် သားရဲစွမ်းရည် အဆင့်မမြှင့်တင်မီကပင် ထန်ယွမ်ကို အပြတ်ရှင်းနိုင်ခဲ့သောကြောင့် ဖြစ်သည်။
ယခုဆိုလျှင် သူ သေချာပေါက် ကိုင်တွယ်နိုင်စွမ်းရှိနေပြီဖြစ်သည်။
ကူကျင့်ကြံသူအတွက်မူ ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးသောကြောင့် သတိဝီရိယရှိနေရန် လိုအပ်ပေလိမ့်မည်။
…
ရက်အနည်းငယ် ကုန်လွန်သွားပြီးနောက် လျှို့ဝှက်နယ်မြေသို့ သွားရမည့်အချိန် ရောက်ရှိလာလေပြီ။
စီမာမိသားစုသည် အစေခံများ၊ အိမ်တော်စောင့်များနှင့်အတူ တောင်တန်းများဆီသို့ ခရီးထွက်ခဲ့ကြသည်။
ထိုခရီးစဉ်တွင် ဟုန်ဖုန်းမြို့စားနှင့် အခြားဧည့်သည်တော်များလည်း လိုက်ပါလာကြသည်။
စီမာမိသားစုသည် မြို့စားအတွက် မှော်လက်နက်ပစ္စည်းများကို ထောက်ပံ့ပေးနေသူများဖြစ်ရာ စီမာမိသားစု၏ နောက်ထပ်ဆက်ခံသူဖြစ်လာနိုင်မည့်သူကိုသိရှိရန် စိတ်ဝင်စားနေခဲ့သည်။
ဟုန်ဖုန်းမြို့၏ အနောက်မြောက်ဘက်ရှိ တောင်တန်းများဆီသို့ ရောက်ရန်အတွက် နှစ်ရက်ကြာ အချိန်ယူခဲ့ရလေသည်။
သူတို့ရောက်ရှိသွားချိန်တွင် မြေကွက်လပ်တစ်ခု၌ တဲများချကာ အစီအရင်များကို ပြင်ဆင်ထားပြီးဖြစ်နေသည်။
လျှို့ဝှက်နယ်မြေအတွင်းသို့ မဝင်ရောက်မီ ၎င်းတို့သည် တစ်ညတာ အနားယူခဲ့ကြသည်။
ညနက်ပိုင်းအချိန်တွင် စီမာယွင်သည် သူ၏တဲအတွင်း၌ စာတစ်စောင်ကို ကိုင်ထားလေသည်။
စာဖတ်ပြီးနောက် သူသည် ခေါင်းမော့လာကာ သူ့ရှေ့တွင် ရပ်နေသော အဘိုးအိုကို ပြုံးပြလိုက်သည်။
“အကြီးအကဲ၊ ကျွန်တော်တို့ စိတ်ပူစရာ ဘာမှမရှိပါဘူး”
“ဒီလင်းဖန်ဆိုတဲ့ကောင်က အစေခံတပည့်တစ်ယောက်ဖြစ်ခဲ့ပြီး မကြာသေးခင်ကမှ ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်ရဲ့ အတွင်းစည်းတပည့်အဖြစ် အဆင့်တိုးမြှင့်ခံထားရတာ”
“အဲဒါကလည်း ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်မှာ တပည့်တွေ တစ်ယောက်မှ မရှိတော့လို့တင်ပဲ”
ထိုသတင်းကောင်းကြောင့် စီမာယွင်နှင့် အကြီးအကဲတို့ နှစ်ဦးလုံး ရယ်မောလိုက်ကြလေသည်။
…
နောက်တစ်နေ့…
အားလုံး အဆင်သင့်ဖြစ်နေကြပြီဖြစ်ကာ မြို့စားနှင့် အခြားဧည့်သည်တော်များက စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေကြသည်။
ပြိုင်ပွဲဝင်မည့် အမွေဆက်ခံသူများသည် လင်းဖန်၊ စီမာလျန်တို့နှင့်အတူ အစီအရင်အတွင်း၌ရပ်ကာ စောင့်ဆိုင်းနေကြသည်။
မြို့စားလုသည် ပြိုင်ပွဲဝင်အမွေဆက်ခံသူများကို အကဲခတ်ကြည့်ရှုလိုက်ပြီး ပြောလိုက်သည်။
“စီမာမိသားစုရဲ့ အမွေဆက်ခံသူက ထက်မြက်ပြီး အရည်အချင်းရှိမယ့်ပုံပဲ။ ချွမ်မင်းဆက်ရဲ့ အနာဂတ်အတွက် အခုလို လူငယ်ပါရမီရှင်တွေ ပါဝင်အားဖြည့်ပေးနေတာက တကယ်ကို ကောင်းချီးတစ်ခုပဲ”
စီမာမိသားစုခေါင်းဆောင် စီမာလုံက ပြန်ပြောလိုက်သည်။
“မြို့စားမင်းနဲ့ ယှဉ်လိုက်ရင် သူတို့ရဲ့ ပြိုင်ပွဲက ပြောပလောက်စရာ မရှိပါဘူးဗျာ”
“အထင်ကြီးလွန်းနေပါပြီ။ ဒါနဲ့ အမွေဆက်ခံသူတွေထဲက ဘယ်သူက သရဖူရတနာကို ရရှိသွားမယ်လို့ ထင်လဲ”
စီမာလုံက စီမာယွင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
“ဟိုက ကျွန်တော့်ရဲ့ သားအကြီးဆုံး စီမာယွင်လေ။ သူပဲ ထိပ်ဆုံးကနေ ထွက်လာနိုင်လိမ့်မယ်လို့ ထင်ပါတယ်”
မြို့စားလုက မေးလိုက်သည်။
“ခင်ဗျားရဲ့ နောက်သားတစ်ယောက်ကရော”
စီမာလုံက သက်ပြင်းချလိုက်ပြီး ခေါင်းခါပြလိုက်သည်။
“စီမာလျန်ကတော့ ဖြစ်နိုင်ခြေနည်းပါတယ်။ သူ့ရဲ့အကူက သိပ်ပြီး အရည်အချင်းရှိတာမဟုတ်ဘူး”
“ဟုတ်ပါတယ်။ သူ့ရဲ့အကူက ချင်ဖုန်းဂိုဏ်းမှာ အစေခံတပည့်တစ်ယောက်ဖြစ်ခဲ့တာပါ။ ပြီးတော့ ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်မှာ တပည့်တွေ မရှိတော့တာကြောင့်သာ သူက အတွင်းစည်းတပည့် ဖြစ်လာရတာလေ”
အကြီးအကဲတစ်ယောက်က အမြန်ဝင်ပြောလိုက်လေသည်။
စီမာလုံသည် အနေခက်စွာဖြင့်သာ ရယ်မောလိုက်ရသည်။
သူ့စိတ်တွင်း၌မူ လင်းဖန်ကို အကူအညီတောင်းခဲ့သည့် စီမာလျန်အား ကျိန်ဆဲနေမိသည်။
“အစေခံတပည့်ဆိုလား။ အခုလို ပြောလိုက်တော့ ကျုပ်တောင် စိတ်ဝင်စားသွားပြီ။ အောက်ခြေကနေ ရုန်းကန်လာရတဲ့ ဇာတ်လမ်းမျိုးတွေကို ကျုပ်က အမြဲတမ်း သဘောကျတာလေ”
မြို့စားလုက မေးစေ့ကိုပွတ်သပ်လိုက်ရင်း အစီအရင်အတွင်း ရပ်နေကြသူများထဲမှ လင်းဖန်ကို ရှာဖွေကြည့်ရှုလိုက်သည်။
“ကောင်းပြီ၊ အားလုံးပဲ အဆင်သင့်ပြင်ထားကြ။ မင်းတို့ကို ပေးထားတဲ့ ကျောက်စိမ်းဆွဲပြားကို ခွဲလိုက်တာနဲ့ ဒီအပြင်ဘက်ကို ချက်ချင်း ပြန်ရောက်လာလိမ့်မယ်ဆိုတာ သတိရကြပါ”
အစီအရင်ကျင့်ကြံသူက အစီအရင်ကို စတင်လှုံ့ဆော်လိုက်ရင်း အော်ဟစ်လိုက်လေသည်။
လင်းဖန်က ပြိုင်ပွဲဝင်သူအားလုံးကို အကဲခတ်ကြည့်လိုက်ရင်း လှုပ်ရှားရန် အဆင်သင့်ပြင်လိုက်တော့သည်။